GOODNEWS
  HOME  GOODNEWS  2025 JAN

ယခုလစာစောင်၌...

  • နှစ်သစ်မင်္ဂလာလော အမင်္ဂလာလော
  • ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့

နှစ်သစ်မင်္ဂလာလော အမင်္ဂလာလော

                      ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် နှစ်သစ်ထဲသို့ ကူးပြောင်းရသောအခွင့် ရရှိကြပြီ။ နှစ်သည်သစ် လာသော်လည်း၊ လူသည်ဟောင်းသွားရသည်။ ကောင်းကင်ရောက်မည့်သူများအတွက် ကောင်းကင် တက်ဘို့ တစ်နှစ်နီးသွားသောကြောင့် ဝမ်းမြောက်စရာဖြစ်သော်လည်း၊ ငရဲသွားမည့်သူများအတွက် တစ်နှစ်နီးသွားပြန်သည်။ သို့သော်၊ ငရဲသွားမည့်အရာကို မသိသောကြောင့်သော်၎င်း၊ သိလျှင်လည်း အလေးအနက်မထားသောကြောင့်၎င်း၊ ဝမ်းနည်းရမှန်းမသိ၊ ကြောက်ရမှန်းလည်းမသိသောကြောင့် လွတ်လမ်းကိုလည်းမရှာ၊ နဂိုလ်အတိုင်းဘဲ လောကအရာများကိုသာ ရှာဖွေရင်းဖြင့် မထူးခြားဘဲသွား လာ လုပ်ဆောင် အလုပ်များနေကြသည်ကို တွေ့မြင်နေရသည်။ သင်သည်၊ ကောင်းကင်သွားမည့်သူ လော၊ ငရဲဆင်းမည့်သူလော။ သေချာစွာစဉ်းစားပါ။ နောက်ကျသွားပါလိမ့်မည်။ 

ကယ်တင်ခြင်းသို့မရောက်ကြ

            လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ခြောက်ရာခန့်တွင် ပရောဖက်ယေရမိက သူ့လူမျိုးများ ကယ်တင်ခြင်းသို့မရောက်သောကြောင့် ဤကဲ့သို့ညီးတွားဘူးသည်၊ အသီးအနှံသိမ်းရာကာလလွန်ပြီ။ နွေကာလကုန်ပြီ။ ငါတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ။(ယေရမိ ၈း၂၀) ယခု ၂၀၂၅ နှစ်သစ်ထဲသို့ ရောက်သွားကြပြီ။ သို့သော် လူအများစုသည် ကယ်တင်ခြင်းသို့ မရောက်ရကြသေး။ နှစ်များမည်မျှပင် ပြောင်းလဲသော်လည်း၊ လူများကယ်တင်ခြင်းသို့မရောက်ကြသေး။ သင်မည်ကဲ့သို့ခံစားသနည်း။ သင့်အ တွက် Happy New Year ဖြစ်သလား။ လူများအဘယ်အရာအတွက် ဝမ်းမြောက်နေကြသနည်း။ 

            ပရောဖက်ယေရမိက၊ ငါ၏လူမျိုး သတို့သမီးသည်နာသောကြောင့်၊ ငါလည်းနာရ၏။ ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက်၊ မိန်းမောတွေဝေလျက်နေရ၏။ (ယေရမိ ၈း၂၁) ဟုသူ၏ခံ စားချက်ကို ရေးသားခဲ့သည်။ ယခုကျွန်ုပ်လည်း ယေရမိကဲ့သို့ပင် ကိုယ်နှင့်ပတ်သက်သောသူများ ကယ်တင်ခြင်းသို့မရောက်ကြသေးဘဲ လောကအရာများကိုသာ စိတ်ဝင်စားနေကြသေးသောကြောင့်၊ ဝမ်းမြောက်မှုမရှိနိုင်ချေ။ သူတို့အတွက် ဝမ်းနည်းကျေကွဲနေရသည်။ 

              တဖန်ပရောဖက်က၊ ဂိလဒ်ပြည်၌ ဗာလဇံပင် အစေးမရှိသလော။ ထိုပြည်၌ ဆေးသမား မရှိသလော။ ရှိလျက်ပင် ငါ၏လူမျိုးသတို့သမီး သည် အဘယ်ကြောင့် အနာမှ မထမြောက်သနည်း။ (ယေရမိ ၈း၂၂) ဂိလဒ်ပြည်၌ အနာပျောက်စေ တတ်သော ဗာလဇံပင်အစေးမ ရှိသလော၊ ဟုအားမလိုအားမရ ရေးခဲ့သည်။ ဗာလဇံအစေးသည် မည်သည့်အနာများ ပျောက်စေသည်ကို၎င်း၊ မည်ကဲ့သို့သောအရာဖြစ်သည်ကို၎င်း၊ မသိရသော်လည်း အနာပျောက်စေနိုင်ကြောင်း ပရောဖက်က‌ ရေးသွားသည်။ ဗာလဇံစေး ရှိသော်လည်း ယုဒလူများ၏ အနာမပျောက်စေသောကြောင့် ပရောဖက်ကမြည်တမ်းခြင်းဖြစ်သည်။ ဆေးသမားလည်း မရှိသလော၊ ဟုရေးခဲ့သည်။ 

           ကျွန်ုပ်လည်းပရောဖက်ကဲ့သို့ပင် ဘုရား၏ကယ်တင်ခြင်းသည် မရှိသလော၊ ဘုရားသခင်ကလူများကို ကောင်းကင်ဝင်ခွင့် မပေးသလော။ ထိုအခွင့်သည် ကျွန်ုပ်တို့မသိနိုင်အောင် လှို့ဝှက်ထားသလော။ ကယ်တင်ခြင်းသည် လူကောင်းများအတွက်သာလျှင် ဖြစ်သလော။ ဘုရားတရားကြိုးစားပြီး၊ အကျင့်ကောင်းသောသူများအတွက်သာ ဖြစ်သလော။ လူတိုင်းအတွက်ဖြစ်သည်မဟုတ်လော။ လူတိုင်းအတွက်ဖြစ်လျှင် အဘယ်ကြောင့်လူတိုင်းက မသိကြသနည်း။ အဘယ်ကြောင့် မလိုအပ်ဘဲ ဘေးဒဏ်ကြီး ကာလထဲသို့ဝင်၍ ဒုက္ခမျိုးစုံခံစားပြီးမှ ငရဲမီးအိုင်ထဲသို့ ဆင်းသွားရကြမည်နည်း။ အဘယ်ကြောင့် ကယ်တင်ခြင်းသတင်းကောင်း သိသောသူများ နှုတ်ဆိတ်နေကြသနည်း။ အဘယ်ကြောင့် ပြောပြသော်လည်း၊ မလိုချင်ကြသနည်း။

လူသည်မြက်ပင်

               လူသည်မိမိကိုယ်ကိုမသိသောကြောင့်၊ မာနထောင်လွှားတတ်သည်။ လောဘ၊ ဒေါသ၊ မောဟရှိတတ်ကြသည်။ ကျမ်းစာ၌၊ တဖန်ထိုအသံက၊ ဟစ်ကြော်လော့၊ ဟုဆိုလျှင် ငါက၊ အဘယ်အရာကို ဟစ်ကြော်ရမည်နည်း၊ ဟုမေးသော်၊ လူမျိုးရှိသမျှသည် မြက်ပင်ဖြစ်၏။  လူမျိုး၏ ဘုန်းရှိသမျှသည်လည်း တောအပွင့်ကဲ့သို့ ဖြစ်၏။ ၇။ ထာဝရဘုရား၏ လေတိုက်သောအခါ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်သည်လည်း ကြွေတတ်၏။ အကယ်စင်စစ် လူတို့သည် မြက်ပင်ဖြစ်ကြ၏။ ၈။  မြက်ပင်သည် ညှိုးနွမ်းသွေ့ ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပတ်တရားမှုကား၊ ကာလအစဉ်အမြဲတည်၏၊ ဟုဆိုသတည်း။ (ဟေရှာယ ၄၀း၆-၈)           

                   ဘုရားသခင်ပြောသကဲ့သို့ပင် လူသည်မြက်ပင်ကဲ့သို့ဖြစ်သည်။ မြက်ပင်များသည် တစ်နှစ်ပင်မခံ၊ တရာသီသာအသက်ရှင်သည်။ ထို့နည်းတူ လူ့သက်တန်းသည်လည်း အနှစ်တစ်ရာပင်မရှင် သေသွားရကြသည်။ ဆယ်ကျော်သက်အရွယ်တွင် အမြန်လူကြီးဖြစ်ချင်ကြသည်။ လူကြီးဖြစ်လာသောအခါ လိုချင်သမျှပြုလုပ်၍ မသေနိုင်တော့မည့်မျက်နှာဖြင့် လောဘလွန်ကျူးခြင်း၊ အပျော်ကျူးခြင်းများဖြင့် အချိန်ကိုလွန်စေတတ်ကြသည်။ သေခြင်းက အရွယ်စုံခေါ်သွားခြင်းကို ကိုယ်တိုင်မြင်တွေ့နေရသော်လည်း၊ ကိုယ့်အလှည့်ရောက်မည်၊ ဟုမစဉ်းစားတတ်ကြချေ။                                                   

              ဘုရားသခင်က လူ၏ဘုန်းတည်းဟူသော အောင်မြင်ခြင်း၊ ချမ်းသာခြင်း၊ ကျော်ကြားခြင်းများသည် မိမိအသက်မဆုံးမှီပင် မြက်ပွင့်ကဲ့သို့ ညှိးနွမ်းသွားတတ်ကြောင်း နှိုင်းယှဉ်သွားသည်။ အာဏာရှင်များလည်း အသက်ကြီးကြသောကြောင့် နှစ်အနည်းငယ်သာ အုပ်ချုပ်မည်ကို သတိမထားကြသောကြောင့် ကြမ်းတမ်းခက်ထန်စွာ အနိုင်ကျင့်တတ်ကြသည်။ သင်သည်အောင်မြင်မှုများအပေါ် ယစ်မူးလျက် မိုးမမြင်လေမမြင် ဖြစ်နေပါသလား။ ခဏသာတည်မည့် အရာများအပေါ် အာရုံပြုပြီး အချိန်၊ ဘဏ္ဍာ၊ စွမ်းအားများကို အကုန်မသုံးသင့်ချေ။  

ထာဝရတည်မည့်နှုတ်ကပတ်တော်

                   အဘယ့်ကြောင့်ဘုရားသခင်က၊ ထာဝရဘုရား၏ နှုတ်ကပတ်တရားမှုကား၊ ကာလအစဉ်အမြဲတည်၏၊ ဟုလူ၏ဘုန်းနှင့် နှိုင်းယှဉ်ပါသနည်း။ လူသည်ခဏသာတည်မည့် ဘုန်းအတွက် အစွမ်းကုန် အချိန်၊ ဘဏ္ဍာ၊ စွမ်းအားကို မသုံးဘဲ ထာဝရတည်မည့် သူ၏နှုတ်ကပတ်တော်အပေါ် အာရုံပြုဘို့ အကြံပေးလိုသောကြောင့်ဖြစ်သည်။ လောကပစ္စည်းများသည် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဖန်ဆင်းခြင်းဖြစ်သည် (ကမ္ဘာ ၁။ ယော ၁)။ ထိုအရာများကို ဘုရားသခင်က မီးနှင့်ပြန် ဖျက်ဆီးမည် (၂ ပေ ၃း၁၀)။ ပြာကျသွားမည့် လောကအရာများကို မစွဲလမ်းသင့်ချေ။ ထာဝရတည်မည့် နှုတ်ကပတ်တော်ကိုသာ စွဲကိုင်သင့်သည်။ ခရစ်တော်က၊ ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း၊ ငါ့စကားတည်လိမ့်မည်၊ ဟုဆိုခဲ့သည် (မဿဲ ၂၄း၃၅) ဟေရှာယကလည်း၊ ခပ်သိမ်းသော ကောင်းကင် တန်ဆာတို့သည် ပြုတ်၍၊ မိုးကောင်းကင်သည် စာလိပ်ကဲ့သို့ လိပ်လျက်ရှိလိမ့်မည်။ စပျစ်နွယ်ပင်မှ အရွက် ကျသကဲ့သို့၎င်း၊ သင်္ဘောသဖန်းပင်မှ အသီး ကျသကဲ့သို့၎င်း၊ ခပ်သိမ်းသော ကောင်းကင် တန်ဆာတို့သည် ကျကြလိမ့်မည်။(ဟေရှာယ ၃၄း၄) ဟုဆိုခဲ့သည်။ တဖန်၊ မိုးကောင်းကင်ကို မျှော်ကြည့်ကြလော့။ မြေကြီးကိုလည်းငုံ့၍ ကြည့်ကြလော့။ မိုးကောင်းကင်သည် မီးခိုးကဲ့သို့ကွယ်ပျောက်၍၊ မြေကြီးသည် အဝတ်ကဲ့သို့ ဟောင်းနွမ်းလိမ့်မည်။ မြေကြီးသားတို့သည် ခြင်ကောင်ကဲ့သို့ သေကြလိမ့်မည်။ ငါ့၏ကယ်တင်ခြင်းတရားမူကား၊ အစဉ်အမြဲတည်လိမ့်မည်။ ငါ့၏ ဖြောင့်မတ်ခြင်းတရားလည်း ပပျောက်ခြင်း မရှိနိုင်ရာ။ (ဟေရှာယ ၅၁း၆) ဟုဆိုသေးသည်။  ပရောဖက်မိက္ခာကလည်း၊ မီးရှေ့မှာ ဖယောင်းကဲ့သို့၎င်း၊ ချောက်ကြီးမှ ဆင်းသောရေကဲ့သို့၎င်း၊ ရှေ့တော်၌ တောင်တို့သည် အရည်ဖြစ်၍၊ ချိုင့်တို့သည်လည်း အက်ကွဲကြလိမ့်မည်။ (မိက္ခာ ၁း၄) ဟုဆိုသည်။ ပေတရုက၊ သူခိုးသည် ညအခါလာသကဲ့သို့၊ ထာဝရဘုရား၏နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုးကောင်းကင်သည် ကြီးစွာသော အသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာ ပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။ (၂ ပေ ၃း၁၀) ဟုဆိုသည်။ ထို့ကြောင့်၊ သူကဤသို့ အကြံပေးသွားသည်၊ သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ ၁၂။ မိုးကောင်းကင်သည် မီးနှင့်ပျက်၍၊ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသောနေ့တည်းဟူသော၊ ဘုရားသခင်၏နေ့ ရောက်လိမ့်မည်၊ ဟုသင်တို့သည် မျှော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူ ဖြစ်အပ်ကြသနည်း။ ၁၃။ ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း၊ ဖြောင့်မတ်ခြင်းတရား တည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို၊ ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။ (၂ ပေ ၃း၁၁-၁၃) သင်သည်၊ ပေတရုပြောသကဲ့သို့ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို မျှော်လင့်ပါသလား။ မျှော်လင့်ပါက သန့်ရှင်းသောအကျင့်ကိုကျင့်၍၊ ဘုရားဝတ်၌ မွေ့လျော်ပါလိမ့်မည်။ ထိုသို့မဟုတ်ပါက၊ သင်သည် ပါးစပ်သာ (hypocrite) ဖြစ်မည်။ နောက်ဆုံး၌ ကြေကွဲဝမ်းနည်းခြင်းနှင့် ရင်ဆိုင်ရမှာဖြစ်သည်။ 

            

ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့

                  ရှင်ပေါလုက ဧဖက်အသင်းတော်ရှိ မိန်းမများထံဤသို့စာရေးခဲ့သည်၊ အချင်းမိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ ၂၃။ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏ အပေါ်မှာ၊ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျားသည် မိမိခင်ပွန်း၏ အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း၊ မိမိကိုယ်ကို ကယ်တင်သောသူ ဖြစ်တော်မူ၏။ ၂၄။ အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို၊ အရာရာ၌ ဝန်ခံရကြမည်။(ဧဖက် ၅း၂၂-၂၄)

              အထက်ပါကျမ်းပိုဒ်များမှ သင်္ခန်းစာများကို သင်ကြစို့။ ရှင်ပေါလုက မိန်းမများအနေဖြင့် ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံဘို့ဖြစ်သည် ဟုဆိုသည်။ ထိုစကားကို မိန်းမတိုင်း လိုက်နာနိုင်ပါသလား။ အဘယ်ကြောင့် မိန်းမများက ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံရမည်နည်း။ 

(၁) သခင်ဘုရား၏အုပ်စိုးခြင်းကို ဝန်ခံသောကြောင့်ဖြစ်သည်။ ပေါလုတို့ခေတ်၌ အသင်းတော်နှင့် မိန်းမများသည် သခင်ဘုရား၏ အုပ်စိုးခြင်းကို ဝန်ခံကြသည်။ မိမိတို့အလိုဆန္ဒကို ပဌမဦးစားမပေးကြချေ။ သို့သော် ယခုခေတ်အသင်းတော်များနှင့် မိန်းမများသည် သခင်ဘုရား၏ အုပ်စိုးခြင်းကို ဝန်မခံကြတော့သောကြောင့် ရှင်ပေါလု၏ အကြံပေးသောအရာသည် အရာမရောက်တော့ချေ။ သခင်ဘုရား၏အုပ်စိုးခြင်းကို ဝန်မခံသောသူသည် ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံဘို့မလွယ်ကူချေ။ 

(၂) ပေါလုက၊ ခရစ်တော်သည် အသင်းတော်၏ခေါင်းဖြစ်သည်၊ ဟုဆိုသည်။ ယခုခေတ်အသင်း တော်များ၏ခေါင်းသည် ခရစ်တော်ဖြစ်သေးသလော။ အသင်းတော်အများစု၏ ခေါင်းသည် သင်းအုပ်ဆရာ၊ အသင်းတော်လူကြီးများ၊ အသင်းသားများဖြစ်ကြသည်မဟုတ်လော။ ခန္ဓာကိုယ်ကို ခေါင်းကဦးဆောင်အုပ်ချုပ်သည်။ ထို့နည်းတူ၊ အသင်းတော်သည်လည်း ခေါင်းဖြစ်သော ခရစ်တော်က အုပ်စိုးရမှာဖြစ်သည်။ ခရစ်တော်ကအုပ်စိုးလျှင် သူ့အလိုတော်ကို အသင်းတော်က သိအောင်သင်၍ လိုက်နာဘို့ဖြစ်သည်။ ယနေ့အသင်းတော်များသည် ခရစ်တော်၏ အလိုတော်ကို သိကြပါသလား။ ခရစ်တော်၏ အလိုတော်ကို လိုက်နာလုပ်ဆောင်ကြပါသလား။ 

             ခရစ်တော်၏အလိုတော်သည် လူတိုင်းကယ်တင်ပြီးပြီဖြစ်သောကြောင့် ထိုကယ်တင်ခြင်းကို အသင်းသားတိုင်းက လက်ခံရမှာဖြစ်သည်။ သို့သော်၊ ခရစ်တော်၏ကယ်တင်ခြင်းကိုလုံး ဝမသိသော အသင်းတော် များစွာရှိသည်။ ထိုကယ်တင်ခြင်းကို မသိသောကြောင့် ကယ်တင်ခြင်းအကြောင်းကိုလည်း မဟောမပြောကြချေ။ ထိုမျှသာမက ဟောပြောသူများကိုလည်း မလိုချင်ကြ၊ တားမြစ်ကြသည်။ ကယ်တင်ခြင်းလက်ခံသူများအနေဖြင့်လည်း၊ လက်ခံရုံသာပြု၍ ခရစ်တော်၏အုပ် စိုးခြင်းကို ဝန်မခံကြချေ။ ထို့ကြောင့်၊ လူ့အမြင်၊ လူ့အကြိုက်ဖြင့်သာ အသင်းတော်ကို ဦးဆောင်လုပ်ကိုင်ချင်ကြသည်။ ထို့ကဲ့သို့ အသင်းတော်များသည် ခရစ်တော်၏အုပ်စိုးခြင်းကို လက်မခံသောကြောင့် မိန်းမများအနေဖြင့် ပုံသက်သေကောင်းမမြင်ကြချေ။ ထို့ကြောင့်၊ ခင်ပွန်းသည်၏အုပ်စိုးခြင်းဝန်ခံဘို့သည် အလွန်ဝေး၍ လိုက်နာဘို့ရန်ခက်ခဲသောအရာဖြစ်သည်။ မိန်းမများအနေဖြင့် ခင်ပွန်းကို ခေါင်းအဖြစ်လက်ခံဘို့ရန် အောက်ပါအခြေအနေများ စဉ်းစားဘို့ရှိသည်။

(က) ယောက်ျားသည် အစစအရာရာ၌ မိန်းမထက် သာလွန်တတ်စွမ်းနိုင်လျှင် မိန်းမအနေဖြင့် ကိုယ်ယောက်ျားကို ခေါင်းအဖြစ်လက်ခံဘို့ အလွန်လွယ်ကူသည်။ ယောက်ျားသည် မိန်းမထက်သာဘို့လိုသည်။ ထို့ကြောင့် ယောက်ျားများအနေဖြင့် ကိုယ်ထက်သာသောမိန်းမကို မယူသင့်ချေ။ 

(ခ) ယောက်ျားနှင့်မိန်းမသည် မတိမ်းမယိမ်း ကိုယ်မသာ သူမသာဖြစ်လျှင် မိန်းမအနေဖြင့် ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံဘို့ရန်ခက်ခဲနေပေလိမ့်မည်။ တချိန်လုံးပြိုင်ပြီး ငြင်းခုံစကားများပေလိမ့်မည်။ သို့သော်၊ ကျမ်းစာက ယောက်ျားသည် အစစအရာရာ သာလွန်ပြီး ဦးဆောင်နိုင်မှ ဦးခေါင်းဖြစ်သည်၊ ဟုမဆိုပါ။ ထို့ကြောင့် မိန်းမများအနေဖြင့် ကိုယ်ခင်ပွန်းနှင့် မယှဉ်ပြိုင်ဘဲ နာခံဘို့ဖြစ်သည်။ သခင်ဘုရား၏ အုပ်စိုးခြင်းကိုခံလျှင် ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကိုလည်း ခံနိုင်ပါလိမ့်မည်။ ခရစ်တော်လည်း အစစအရာရာ တတ်နိုင်ပြီး၊ သူကိုယ်တိုင် ဘုရားဖြစ်သော်လည်း၊ သူ့ခမည်းတော်၏ စကားကို တသဝေမတိမ်း နားထောင်ခဲ့သည် (ယော ၅း၁၉။ ယော ၅း၃၀။ ဖိလိ ၂း၅-၉)။ ထို့ကြောင့် မိန်းမများအနေဖြင့် ယောက်ျားနှင့် ရင်ဘောင်တန်းနိုင်လျှင်လည်း ဘုရားစကားကို နားထောင် သောအားဖြင့် ယောက်ျားကို ဦးခေါင်းနေရာ၌ ရိုသေလေးစားသင့်သည်။ ယောက်ျားအနေဖြင့်လည်း၊ မိန်းမကို အနိုင်ကျင့်ခြင်း မလုပ်သင့်ချေ။ ခေါင်းသည် ကျန်သောကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဦးဆောင်သော်လည်း အနိုင်ကျင့် ညှဉ်းဆဲခြင်းများ မပြုလုပ်တတ်ပါ။ 

(ဂ) ယောက်ျားသည် မိန်းမထက် အစစအရာညံ့ပြီး မိန်းမကိုသာ အားကိုးနေရလျှင် မိန်းမအနေဖြင့် ယောက်ျား၏ အုပ်စိုးခြင်းဝန်ခံဘို့သည် လုံးဝမလွယ်ကူသောအရာဖြစ်သည်။ ထိုသို့သောအခြေအနေတွင် မိန်းမသည် ကိုယ့်ခင်ပွန်းကို အုပ်စိုးအနိုင်ကျင့်ခြင်းမဟုတ်ဘဲ၊ အကြံပေးခြင်း၊ နားလည်အောင်စိတ် ရှည်စွာရှင်းပြခြင်းများ ပြုလုပ်ဘို့လိုသည်။ ထိုသို့သည်းခံခြင်း၊ စိတ်ရှည်ခြင်းသည် ဇာတိအားဖြင့် လုံးဝမလွယ်ကူပါ။ သို့သော်၊ သခင်ဘုရား၏အုပ်စိုးခြင်း တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝပါက လုံးဝလွယ်ကူသောအရာဖြစ်သည်။ ထိုသို့သောအားဖြင့် ကိုယ့်ကိုကိုယ် ဝိညာဉ်လူလော၊ ဇာတိလူလော ဟူသောအရာကို တိုင်းတာနားလည်နိုင်သည်။

မိန်းမသည်ယောက်ျား၏နံရိုး

            ဘုရားသခင်က၊ ယောက်ျားကို မြေမှုန့်မှဖန်ဆင်းသော်လည်း၊ မိန်းမကိုယောက်ျားနံရိုးမှ ဖန်ဆင်းသည်၊ ဟုဆိုသည်။ ထိုအခါ ထာဝရအရှင် ဘုရားသခင်သည်၊ လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူသည်အိပ်ပျော်စဉ်၊ နံရိုးတချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင်၊ ထိုအရိုးအစား အသားကို စေ့စပ်စေတော်မူ၏။ ၂၂။ ထာဝရအရှင် ဘုရားသခင်သည်၊ လူထဲက ထုတ်သောနံရိုးဖြင့်၊ လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ ၂၃။ လူကလည်း၊ ယခုဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲက အသားဖြစ်၏။ လူထဲက ထုတ်သောကြောင့် သူ့ကိုလူမိန်းမ၊ ဟုခေါ်ဝေါ်အပ်သည်၊ ဟုဆိုလေ၏။ ၂၄။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ့်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။ (ကမ္ဘာ ၂း၂၁-၂၄)။ 

                အဘယ်ကြောင့် ဘုရားသခင်က၊ ယောက်ျားကို မြေမှုန့်မှဖန်ဆင်းသော်လည်း၊ မိန်းမကိုမြေမှုန့်မှ မဖန်ဆင်းဘဲ ယောက်ျား၏နံရိုးမှ ဖန်ဆင်းသနည်း။ အကြောင်းရင်းမှာ မိန်းမသည် ယောက်ျားနှင့် တသားတကိုယ်တည်း ဖြစ်စေချင်သောကြောင့်ဖြစ်သည်။ အကယ်၍ မိန်းမကို မြေမှုန့်မှသီးသန့်ဖန်ဆင်းလျှင် ယောက်ျားနှင့်သက်ဆိုင်မှု ရှိတော့မှာမဟုတ်ချေ။ ဧဝကို မိမိနံရိုးမှ ဖန်ဆင်းသောကြောင့် အာဒံက ဧဝသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲက အသားဖြစ်၏၊ ဟုဆိုသည်။ ထို့ကြောင့် ယောက်ျားများက ကိုယ့်မိန်းမကို ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသား၊ ဟုယခုမှ၍ သိမှတ်ဘို့လိုသည်။ ပေါလုက၊ ကိုယ်အသားကို မုန်းသောသူ တစ်ယောက်မျှမရှိ။ (ဧဖက် ၅း၂၉) ဟုဆိုသည်။ အဘယ်ကြောင့် ယောက်ျားများက ကိုယ့်မိန်းမကို ဆဲဆူရိုက်ပုတ်ကြသနည်း။ မိန်းမသည် ကိုယ်အသားဖြစ်မှန်းကိုမသိ သောကြောင့်ဖြစ်သည်။ ယခုမှစ၍ ယောက်ျားတိုင်း ကိုယ့်မိန်းမကို အခြားသူဟုမသိမမှတ်ဘဲ၊ ကိုယ့်အသားအရိုး ဟုမှတ်ကြစို့။ ကိုယ့်အသားကို ရိုက်လျှင်ကိုယ်ဘဲနာသည်။ ကိုယ့်အသားသည် မည်မျှပင်မလှသော်လည်း လှီးဖြတ်၍ လွှင့်ပစ်ချင်သောသူမရှိပါ။ ကိုယ့်ခန္ဓာအစိပ်အပိုင်းများသည် သူများ၏ခန္ဓာကဲ့သို့ အချိုးမကျ၊ မလှသော် လည်း မစွန့်ပစ်ချင်ကြပါ။ ထို့ထက်နာလျှင် ယုယကြသည်မဟုတ်လော။ ထို့ကြောင့် ယောက်ျားများအနေ ဖြင့် မိန်းမများကို ငါနှင့်မဆိုင်ဟု မမှတ်ဘဲ ငါ့အရိုးအသားဟု အာဒံကဲ့သို့ဆိုပြီး ယုယပြုစို့ကြပါစို့။ 

                ခန္ဓာအစိပ်အပိုင်းများလည်း မလှသည်သာမက၊ နာကျင်တတ်ကြသည်။ ထို့နည်းတူ မိန်းမများ အနေဖြင့်လည်း ငါသည်ယောက်ျား၏ အစိပ်အပိုင်း နံရုံးဖြစ်သည်၊ ဟုမမေ့ဘဲ ယောက်ျားကိုမခံနိုင်လောက် အောင် နှောင့်ယှက်သောသူ ကလိသောသူမဖြစ်ဘဲ၊ အထောက်အမဖြစ်ဘို့ ကြိုးစားကြပါစို့။ မိန်းမသည် နံရိုးနေရာမှာသာ နေသင့်သည်။ နံရိုးသည်ခေါင်းပေါ်တက်လာလျှင် တိရစ္ဆာန်၏ချိုကဲ့သို့ဖြစ်သည်ကို မိန်းမတိုင်း သတိထားကြပါစို့။ မိန်းမသည် မည်မျှပင်ယောက်ျားထက်တော်သော်လည်း ကိုယ့်ယောက်ျား အပေါ်မတက်ဘဲ၊ အထောက်အမနေရာ နံရိုး၌သစ္စာရှိစွာ နေကြစို့။ ကိုယ်ခန္ဓာအစိပ်အပိုင်းများသည် မလှလျှင်လည်း သူ့နေရာ၌နေသင့်သည်။ ယောက်ျားများသည် ခေါင်းဖြစ်သောကြောင့် မိန်းမက မိမိကျိုင်းအောက်၌ ညှပ်ထားလျှင် ကြောက်စရာ ကောင်းပေလိမ့်မည်။ 

                  အဘယ့်ကြောင့် မိန်းမကို အခြားအရိုးမှမဟုတ်၊ နံရုံးမှဖန်ဆင်းသနည်း။ အကြောင်းရင်းမှာ မိန်းမသည် အထောက်အမဖြစ်ဘို့ရန်ဖြစ်သည်။ ထိုမျှသာမက အာဒံသည် ခရစ်တော်ကို ပုံဆောင်၍ ဧဝသည် အသင်းတော်ကို ပုံဆောင်သည်။ အသင်းတော်သည် ခရစ်တော်နံဘေးမှ စီးထွက်သော အသွေးတော်အားဖြင့် ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ပေါလုက၊ အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို၊ အရာရာ၌ ဝန်ခံရကြမည်။ (ဧဖက် ၅း၂၄) ဟုဆိုရခြင်းဖြစ်သည်။ အသင်းတော်များလည်း ခရစ်တော်ကို ခေါင်းမှာ ထား၍ သူ၏အုပ်စိုးခြင်းကို ဝန်ခံကြစို့။

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG