GOODNEWS
  HOME  GOODNEWS  2024 JAN
 


ယခုလစာစောင်တွင်

၁။ နှစ်သစ်မင်္ဂလာ

၂။ သင်သည် ပေတရုလော၊ ရှိမုန်လော

၃။ Midland Gospel Baptist အသင်းတော်သစ်ဖွင့်ခြင်း

၄။ Dallas GBC သုံးနှစ်မြောက် ကျေးဇူးတော်ချီးမွမ်းခြင်း

 

နှစ်သစ်မင်္ဂလာ


လူတိုင်းက နှစ်သစ်ကို မင်္ဂလာရှိသောနှစ်သစ် ဟုကြိုဆိုတတ်ကြသည်။ နှစ်သည်သစ်လာသော်လည်း၊ လူသည်ဟောင်းလာသည်၊ အိုလာသည်။ သို့သော်လူတိုင်း နှစ်သစ်မင်္ဂလာ၊ ဟုဝမ်းမြောက်ဝမ်းသာကြိုဆိုတတ် ကြသည်။ ကောင်းကင်သွားမည့်သူများအတွက် ကောင်းကင်ဝင်ဘို့ တနှစ်နီးလာသောကြောင့် ဝမ်းမြောက်စရာ ဖြစ်သော်လည်း၊ ငရဲဆင်းမည့်သူများအတွက်မူ၊ အလွန်ကြောက်လန့်စရာကောင်းသောအရာဖြစ်သည်။ ထိုသို့ နားမလည်သောကြောင့်၊ ငရဲသွားမည့်သူများလည်း ဝမ်းမြောက်နေကြခြင်းဖြစ်သည်။

အချို့သောသူများအတွက် နှစ်သစ်ဖြစ်ခြင်းသည် ဘာမျှထူးခြားမှုမရှိ၊ အရသာလည်းမခံစား၊ ဆုံးဖြတ် ချက်လည်းမလုပ်၊ နဂိုလ်အတိုင်းဖြစ်ကြသည်။ ထိုသူများသည် ရည်ရွယ်ချက်ပန်းတိုင် မရှိသောကြောင့်၊ အောင် မြင်ခြင်းလည်းမရှိ၊ တိုးတက်မှုမရှိသောသူများဖြစ်သည်။ သင်သည်ထိုသို့သောသူဖြစ်ပါသလား။ အချို့သောသူ များသည် နှစ်သစ်ဆုံးဖြတ်ချက်ချ၍၊ အသက်တာတိုးတက်သူများရှိသကဲ့သို့၊ ဆုံးဖြတ်ချက်ကိုအဆုံးတိုင်အောင် မလိုက်လျှောက်နိုင်သူများကြသည်။ အချို့သောသူများသည် ဆုံးဖြတ်ချက်ချ၍ပန်းတိုင်ရောက်ရှိ၊ အောင်မြင်သူ များလည်းရှိကြသည်။ သို့သော်ထိုအောင်မြင်မှုများသည် လောကနှင့်သာဆိုင်သောကြောင့်၊ ထာ၀ရကာလတိုင် မတည်၊ ပြန်လည်ပျက်စီးသွားမည့်အရာများဖြစ်သည်။

သို့ဖြစ်လျှင်မည်ကဲ့သို့သော နှစ်သစ်ဆုံးဖြတ်ချက်ချရမည်နည်း။ ထိုအရာမပြောမှီ၊ လူတိုင်းဘုရားအမြင် ၌လမ်းမှားလိုက်နေကြောင်း သိဘို့လိုသည်။ ဟေရှာယက၊ ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်း သို့ အသီးသီး လိုက်သွားကြသည်၊ ဟုဆိုသည် (ဟေရှာယ ၅၃း၆)။ ဆာလံဆရာကလည်း၊ နားလည်သောသူ ဘုရားသခင်ကို ရှာသောသူ တစုံတယောက် ရှိသည်မရှိသည်ကို သိမြင်ခြင်းငှါ ထာဝရဘုရားသည် ကောင်းကင် ပေါ်က လူသားတို့ကိုငုံ့၍ ကြည့်ရှုတော်မူ၏၊၊ လူအပေါင်းတို့သည် လမ်းလွဲကြပြီ၊၊ တညီတညွတ်တည်း ဆွေးမြေ့ ယိုယွင်းခြင်းရှိကြ၏၊၊ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ၊၊ တယောက်မျှမရှိ၊၊ (ဆာ ၁၄း၃)ဟုဆိုသည်။ အဘယ်ကြောင့် ဘုရားကလူသားများလမ်းမှားသည်၊ ဟုမြင်သနည်း။ ဘုရား၏လမ်းညွှန်မှုကိုမလိုက်ဘဲ ကိုယ့်လမ်းသို့လိုက်သောကြောင့်ဖြစ်သည်။  ဖန်ဆင်းရှင်ဘုရား၏ အလိုတော်ကိုမသိ၊ အလိုတော်အတိုင်း အသက်မရှင်၊ မိမိကြိုက်နှစ်သက်သောအသက်တာဖြင့်၊ မိမိပန်းတိုင်ရောက်ဘို့ကြိုးစား နေကြသောကြောင့်၊ လမ်းလွဲခြင်းဖြစ်သည်။ ထို့ကြောင့် ယခုနှစ်သစ်မှစ၍ မိမိအလိုဆန္ဒကို ငြင်းပယ်၍၊ ဘုရား၏ အလိုတော်ကို ဝန်ခံကြပါစို့။

အာဒံနှင့်ဧဝ

အားဒံနှင့်ဧ၀တို့အတွက် ဘုရားသခင်၏အလိုတော်သည်၊ အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုးကောင်းကင်ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးကြလော့၊ ဟုမိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီးပေးတော်မူ၏။ (ကမ္ဘာ ၁း၂၈)။ သူတို့သည် အလုပ်လုပ်စရာမလို။ ဘုရားစကားနားထောင်၍ မြေကြီး ကိုပြည့်စေ၍နိုင်ဘို့ရန်သာဖြစ်သည်။ သို့သော် ဘုရားစကားထက် မြွေစကားနားထောင်ခြင်းဖြင့် လမ်းလွဲသွားခဲ့ ကြသည်။

နောဧ

နောဧအတွက်ဘုရား၏အလိုတော်သည်၊ ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့်မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။ ၁၄ ဂေါဖရသစ်သားဖြင့်၊ သင်္ဘောကို ကိုယ်ဖို့တည်လုပ်လော့။ အထဲ၌လည်း အခန်းများကိုလုပ်လော့။ အတွင်း၊ အပြင်၊ ပတ်လည်ကို ထင်းရှုးစေးနှင့် သုတ်လော့။ (ကမ္ဘာ ၆း၁၃-၁၄)။ နောဧနှင့်မိသားစုသည် ဘုရား၏အလိုတော်အတိုင်း ဧရာမသင်္ဘောကြီးကိုနှစ် ပေါင်းများစွာ ဆောက်ခြင်းအားဖြင့် ပြည့်စုံစေခဲ့သည်။ ထိုသို့အလိုတော်ဆောင်ခြင်းဖြင့် သူတို့၏အသက်ကို ရေ လွှမ်းမိုးခြင်းမှ လွတ်မြောက်ခဲ့သည်။

အာဗြဟံ

ဘုရားက ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်း၊ ပေါက်ဖော်များထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့သွားလော့။ ၂ ငါသည်သင့်ကို လူမျိုးကြီး ဖြစ် စေမည်။ ငါကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင်သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့် မည်။ ၃ သင့်ကို ကောင်းကြီးပေးသော သူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၄ ထိုသို့ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်း လိုက်လေ၏။ အာဗြံသည် ခါရန်မြို့မှ ထွက်သွားသောအခါ၊ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။ (ကမ္ဘာ ၁၂း၁-၄)။

အာဗြံသည် မိမိလူမျိုးနှင့်ဒေသကို စွန့်၍ ဘုရားပေးသော ခါနန်ပြည်သို့သွားခဲ့သည်။ ဘုရားသခင်ကထို ပြည်၌ မက်မောစရာ ဘာမျှမထားပေးသည်သာမက၊ အစာငတ်မွတ်ခေါင်းပါးခြင်းဖြင့်ကြိုဆိုခဲ့သည်။ ထိုနောက်၊ ခါနာန်ပြည်၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစာ ခေါင်းပါးသောကြောင့်၊ အာဗြံသည် အဲဂုတ္တုပြည်၌ တည်း ခို ခြင်းငှါသွားလေ၏။(ကမ္ဘာ ၁၂း၁၀) သို့သော်ခါနာန်ပြည်သို့ပြန်လာသည် (ကမ္ဘာ ၁၃)။ ဟေဗြဲကျမ်းရေးသောသူ က၊ အာဗြဟံသည် အမွေခံရလတံ့သော ပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင် ခေါ်တော်မူသောအခါ၊ သူသည် အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွား လေ၏။ ၉ သူတပါးပိုင်သော ပြည်၌ ဧည့်သည်နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သောပြည်၌၊ ယုံကြည်ခြင်းအား ဖြင့် ဧည့်သည်ဖြစ်၍ နေ၏။ ထိုဂတိတော်ကို အမွေခံရသော အဖေါ်အဘက်တည်းဟူသော ဣဇက်၊ ယာကုပ်တို့ နှင့်အတူ တဲ၌နေလေ၏။ ၁၀ အကြောင်းမူကား ဘုရားသခင် တည်ထောင် ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသော မြို့ ကို မြော်လင့်သတည်း။ (ဟေဗြဲ ၁၁း၈-၁၀) ယခုဆိုခဲ့ပြီးသောသူ အပေါင်းတို့သည်၊ ဂတိတော်နှင့် စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးက မြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ် မှာ တကျွန်းသူတနိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည် ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့် သေ လွန်ကြ၏။ ၁၄ ထိုသို့ဝန်ခံသောသူတို့သည်၊ မိမိတို့အဘပြည်ကို ရှာကြသည်၊၊ ဟုအတည့်အလင်း ပြောဆိုကြ၏။
၁၅ ထိုသူတို့သည် အထက်က ထွက်သွားသောပြည်ကို၊ အောက်မေ့သည် မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသောအခွင့်ရှိ ကြ၏။ ၁၆ ထိုပြည်ကို မအောက်မေ့ဘဲ၊ ကောင်းကင်ပြည် တည်းဟူသော သာ၍ မြတ်သော ပြည်ကို၊ တောင့်တ ခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့၏ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကို ရှက်တော်မမူ၊ သူတို့နေစရာ ဘို့မြို့ကို တည်ထောင်တော်မူပြီ။(ဟေဗြဲ ၁၁း၁၃-၁၆)

ဘုရားသခင်က အာဗြဟံအတွက် ထားပေးသော ပန်းတိုင်သည် လူ့အမြင်အားဖြင့် ခါနာန်ပြည်ဖြစ်သည်။ သို့သော်ဟေဗြဲရေးသောသူက၊ ကောင်းကင်ပြည်ဟုဆိုသည်။ အာဗြဟံသည် ထိုကောင်းကင်ပြည်ကို ရောက်ဘို့ ရန် ခါနာန်ပြည်၌ ဧည့်သည်အဂန္တုကဲ့သို့နေရသည် ဟုဆိုသည်။ ထို့ကြောင့် ဘုရားသခင်က အာဗြဟံ၏ဘုရား ဟု ခေါ်ဝေါ်ခြင်းကိုမရှက်ဘူးဟုဆိုသည်။ သူသည်ဘုရားပေးထားသော ပန်းတိုင်ကိုသိ၍ အဆုံးတိုင်အောင်လိုက် သွားသည်။ သူသည်အသက်ရှင်ရကျိုးနပ်သည်။

ခရစ်တော်
ခရစ်တော်လည်း ခမည်းတော် ပေးထားသောပန်းတိုင်သို့ ပြေးသွားကြောင်း ဤသို့တွေ့နိုင်သည်။ ယေရှုက၊ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာဖြစ်၏။(ယော ၄း၃၄) သူဆုတောင်းသောအခါ၌လည်း၊ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်၏ ဘုန်းကို ထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက် စရာဘို့၊ အကျွန်ုပ်၌ အပ်ပေးတော်မူသောအမှုကို၊ အကျွန်ုပ် ဆောင်ရွက်၍ ပြီးပါပြီ။(ယော ၁ရး၄) ခရစ်တော်သည် သူ့ကိုပေးထားသော ပန်းတိုင်ကိုရောက်ဘို့ ကြောက်ခဲ့ သည်။ ထို့ကြောင့်ဤသို့ဆုတောင်းခဲ့သည်၊ ထိုမှ အနည်းငယ်လွန်ပြန်လျှင်၊ ပြပ်ဝပ်၍ အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ် အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော၊ ဟုဆုတောင်းတော်မူ၏။ (မဿဲ ၂၆း၃၉) သို့သော် သူ့အလိုတော်ကို ငြင်းပယ်၍ ခမည်းတော်၏အလိုတော်ကို ဝန်ခံခြင်းဖြင့် ပန်းဝင်ခဲ့သည်။ ကျွန်ုပ်တို့ လည်းခရစ်တော်နည်းတူ၊ ကိုယ့်အလိုဆန္ဒကို ငြင်းပယ်၍ ဘုရား၏အလိုတော်ကို ဝန်ခံဆောင်ရွက်ဘို့လိုသည်။

လူတိုင်းအတွက်ဘုရား၏အလိုတော်
ဘုရား၏အလိုတော်ကို ပေါလုကဤသို့ရေးထားသည်၊ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ၊ ဘုရားသခင် အလိုတော်ရှိ၏။ (၁ တိ ၂း၄) ထို့ကြောင့်သင့်အတွက် ဘုရား၏အလို တော်သည်၊ ကယ်တင်ခြင်းသို့ရောက်၍၊ သမ္မာတရားသိဘို့ရန်ဖြစ်သည်။ ကယ်တင်ခြင်းသို့ ရောက်ပြီးသောသူ များလည်း သမ္မာတရားသိဘို့လိုသည်။ သမ္မတရားသည် ခရစ်တော်ကိုယ်တိုင်ဖြစ်သည် (ယော ၁၄း၆)။ သန့်ရှင်း သောဝိညာဉ်တော်လည်းဖြစ်သည် (ယော ၁၅း၂၆)။ နှုတ်ကပတ်တော်လည်းဖြစ်သည် (ယော ၁ရး၁ရ)။ ထို့ကြောင့် သမ္မာတရားသည် ဘုရားနှင့်သူ၏အကြံအစည်တော်၊ အလိုတော်ဟုဆိုနိုင်သည်။ သမ္မာတရားသိရုံဖြင့် မပြီးသေး ပါ။ သမ္မာတရားအတိုင်း လိုက်လျှောက်ဘို့လိုသည်။ ယောဟန်က၊ သင်သည် သမ္မာတရား၌ ကျင်လည်သည် အတိုင်း၊ သင်၌ရှိသော သမ္မာတရား၏ အကြောင်းကို၊ ညီအစ်ကိုတို့ သည်လာ၍ သက်သေခံကြသောအခါ၊ ငါသည် အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ၄ ငါ၏သားသမီးတို့သည် သမ္မာတရား၌ ကျင်လည် သည်ကို၊ ငါကြား၍ ဝမ်းမြောက်ခြင်းထက်သာ၍ ဝမ်းမြောက်ခြင်းမရှိ။ (၃ ယော ၁း၃-၄)။ ထို့ကြောင့် သင်သည် ကယ်တင်ခြင်းသို့ ရောက်ရုံမျှသာမက၊ သမ္မာတရားကိုသိ၍၊ သမ္မာတရား၌ကျင်လည်ဘို့ ဘုရားသခင်၏အလို တော်ဖြစ်သည်။ သင်သည်ကယ်တင်ခြင်းသို့ရောက်ပြီလော။ ကယ်တင်ခြင်းသို့ရောက်ပြီးပါက၊ သမ္မာတရားကို သိပါသလော။ သမ္မာတရားသိရှိပါက၊ သမ္မာတရားအတိုင်း ကျင်လည်ပါသလော။

 

သင်သည် ပေတရုလော၊ ရှိမုန်လော


သခင်ယေရှုက တပည့်တော်များထံ သူသည် လူများကမည်သူဖြစ်သည် ဆိုကြသနည်းဟု ဤသို့မေး ခဲ့သည်၊  ယေရှုသည် ဖိလိပ္ပု ကဲသရိမြို့၏ ကျေးလက်သို့ ကြွတော်မူသောအခါ၊ လူများတို့သည် လူသားဖြစ် သော ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်း၊ ဟုတပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊ (မဿဲ ၁၆း၁၃)

တပည့်တော်များက၊  လူတချို့က ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန် ဖြစ်သည်ဟူ၍၎င်း၊ အချို့က ဧလိယ ဖြစ်သည် ဟူ၍၎င်း၊ အချို့က ယေရမိမှစ၍ ပရောဖက် တစ်ပါးပါး ဖြစ်သည်ဟူ၍၎င်း၊ ဆိုကြပါ၏၊ ဟုလျှောက် ကြသော်၊(မဿဲ ၁၆း၁၄)။ အဘယ်ကြောင့် လူအချို့က ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန် ဖြစ်သည်ဟုဆို ကြသနည်း။ ကျမ်းစာ၌ ဤသို့ရေးသားထားသည်၊ “ထိုအခါ စော်ဘွားဟေရုဒ်သည်  ယေရှု၏သတင်းတော်ကို ကြားလျှင်၊  ဤသူကား ဗတ္တိဇံဆရာ ယောဟန် ဖြစ်သည်။ သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများ ကို ပြနိုင်သည်၊ ဟုမိမိငယ်သားတို့ အားဆို၏။”(မဿဲ ၁၄း၁-၂)

အဘယ်ကြောင့် လူအချို့က ဧလိယဖြစ်သည်၊ ဟုဆိုကြသနည်း။ ဘုရားသခင်က၊ မာလခိအားဖြင့်၊

“ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မက်ဖွယ်သော နေ့ရက်ကြီး မရောက်မှီ၊ ပရောဖက် ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။” (မာလခိ ၄း၅) ဟုဆိုခဲ့သောကြောင့်ဖြစ်သည်။

အဘယ်ကြောင့် လူအချို့က ကိုယ်တော်သည် ယေရမိမှစ၍ ပရောဖက်တပါးပါးဖြစ်သည် ဟုဆိုကြသ နည်း။ မောရှေက၊ “သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏အမျိုးသားချင်းတို့ အထဲ၌ ငါနှင့်တူသော ပရောဖက်တစ်ပါးကို သင့်အဖို့ ပေါ် ထွန်းစေတော်မူမည်။ ထိုပရောဖက်၏ စကားကို နားထောင်ရမည်။” (တရားဟော ၁၈း၁၅) ဟုဆိုခဲ့သောကြောင့်ဖြစ်သည်။

ထိုအခါက၊ တပည်တော်တို့အား၊ သင်တို့လည်း ငါ့ကို အဘယ်သူ ဖြစ်သည် ဆိုကြသနည်း၊ ဟုမေးမြန်း တော်မူလျှင်၊ (မဿဲ ၁၆း၁၅)။ သခင်ယေရှုသည် တပည့်တော်များက သူ့ကို မည်ကဲ့သို့ဆိုသည်ကိုသိချင်သည်။ ထို့ကြောင့်၊ ထိုကဲ့သို့မေးရခြင်းဖြစ်သည်။ ထိုအခါ နှုတ်မြန်သော၊  ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော် တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်၊ ဟုလျှောက်လေ၏။ (မဿဲ ၁၆း၁၆)။ ရှိမုန်ပေတရုသည်၊ သခင်ယေရှုကို သူဖြစ်သည့်အတိုင်း မှန်ကန်စွာဖြေနိုင်သည်။ ထို့ကြောင့်၊  ယေရှုက လည်း၊ ယောနသားရှိမုန်၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အားဖော်ပြသည် မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဖော်ပြတော်မူသတည်း။ ဟုဆိုသည် (မဿဲ ၁၆း၁ရ)။

ဆက်လက်၍ သခင်ယေရှုက၊  ငါဆိုသည်ကား၊ သင်သည်ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။ ဟုဆိုသည်(မဿဲ ၁၆း၁၈)။ အဘယ်ကြောင့်၊ သခင်ယေရှုက ရှိမုန်ကို ပေတရုနာမည်ပေးလိုက်သနည်း။ ပေတရုဟူသောစကားသည် ဂရိတ် စကားဖြစ်၍ Πέτρος အင်္ဂလိပ်အသံထွက် Petros ဖြစ်သည်။ အဓိပ္ပါယ်မှာ ကျောက်တုံးကလေးဖြစ်သည်။ တဖန်၊ သခင်ယေရှုက၊ ဤကျောက်ပေါ်မှာ ငါ့အသင်း ငါတည်ဆောက်မည် ဟုဆိုသည်။ သခင်ယေရှုက ဤကျောက် ဟုဆိုသောအရာသည် ဂရိတ်လို πέτρᾳ အင်္ဂလိပ်အသံထွက် petra အဓိပ္ပါယ်မှာ၊ ကြီးမားသော ကျောက်ဆောင်ကြီးဖြစ်သည်။ ထိုကျောက်ဆောင်ကြီးသည် သခင်ယေရှုကိုယ်တိုင်ဖြစ်ကြောင်း ပေါလုက ဤသို့ရေးထားသည်၊ “ယေရှုခရစ်တည်းဟူသော၊ ချလျက်ရှိသောတိုက်မြစ်မှတပါး၊ အခြားသောတိုက်မြစ်ကို အဘယ်သူမျှ မချနိုင်။” (၁ ကော ၃း၁၁)။ ပေတရုကလည်း၊ “လူတို့ပယ်ထား၍ ဘုရားသခင် ရွေးချယ်တော်မူ သော၊ အသက်ကျောက် မြတ်တည်းဟူသော၊ ထိုသခင်ထံသို့ သင်တို့သည်ရောက်၍၊  အသက်ကျောက်များကဲ့သို့၊ အဆင့်ဆင့်အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့်၊ ဓမ္မတိုက်ဖြစ်ကြ၏။” (၁ ပေ ၂း၄-၅) ထို့ကြောင့် အသင်း တော်သည် သခင်ယေရှုတည်းဟူသော ကျောက်ပေါ်၌ တည်ဆောက်ရမှာဖြစ်သည်။ သို့သော် ယနေ့ အသင်း တော်အများစုသည်၊ သခင်ယေရှုတည်းဟူသော ကျောက်ပေါ်မှာ မတည်ဆောက်ဘဲ၊ သဲတည်းဟူသော လူများ အပေါ်၌တည်ဆောက်ကြသည်။ သခင်ယေရှုမဟုတ်သောအရာ မှန်သမျှသည် သဲဖြစ်သည်။ အသင်းတော်များ သည်၊ လူမျိုး၊ လူအုပ်၊ ဂိုဏ်းဂဏများအပေါ်၌ တည်ဆောက်ကြသည်။ သင်၏အသင်းတော်သည် မည်သည့် အပေါ်၌တည်ဆောက်သနည်း။

ခရစ်တော်က၊ ငါ့အသင်း ဟုဆိုသောကြောင့် အသင်းတော်သည် ခရစ်တော်က ပိုင်ရမှာဖြစ်သည်။ ထို့ အပြင် ငါတည်ဆောက်မည် ဟုဆိုပြန်သောကြောင့်၊ အသင်းတော်တည်ဆောက်သူသည် ခရစ်တော်ကိုယ်တိုင် ဖြစ်ရမည်။ သို့သော် ယနေ့အသင်းတော်များသည် ခရစ်တော်ကမပိုင်၊ အသင်းအုပ်ကပိုင်လျှင် သင်းအုပ်အလို ဆန္ဒအတိုင်းတည်ဆောက်ရသည်။ အသင်းတော်လူကြီးများကပိုင်လျှင် အသင်းတော်လူကြီးများ၏ အလိုဆန္ဒ အတိုင်းပြုလုပ်ရသည်။ အသင်းသားများကပိုင်လျှင် အသင်းသားများ၏အလိုဆန္ဒအတိုင်း သွားကြသည်။ သင်၏အသင်းတော်သည် မည်သူကပိုင်၍ မည်သူ၏အလိုဆန္ဒအတိုင်းသွားကြသနည်း။ သင်စဉ်းစားဘူးပါသလော။ သင်၏အသင်းတော်သည် ခရစ်တော်ကမပိုင်လျှင် ခရစ်တော်၏အလိုတော်သည် အရေးကြီးမည်မဟုတ်ချေ။ ခရစ်တော်သည် နာမည်သာခံ၍ သင်းအုပ်ဆရာ၊ အသင်းတော်လူကြီးများ၊ အသင်းသားများ၏အလိုဆန္ဒအတိုင်း ပြုလုပ်ကြမှာသေချာသည်။

ခရစ်တော်က၊ ငါ့အသင်းကို ငါတည်ဆောက်မည်ဟုဆိုသည်။ ရှင်ပေတရုက ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည် ရှိယုံကြည်သူများထံ၊ ဤသို့စာရေးသည်၊ “လူတို့ပယ်ထား၍ ဘုရားသခင် ရွေးချယ်တော်မူသော၊ အသက်ကျောက်မြတ် တည်းဟူသော၊ ထိုသခင်ထံသို့ သင်တို့သည်ရောက်၍၊ အသက်ကျောက်များကဲ့သို့၊ အဆင့်ဆင့်အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့်၊ ဓမ္မတိုက်ဖြစ်ကြ၏။” (၁ ပေ ၂း၄-၅)

လူတို့ပယ်ထား၍ ဘုရားရွေးချယ်တော်မူသော အသက်ကျောက်မြတ်တည်းဟူသော ထိုသခင်သည်၊ သခင်ယေရှုကို ဆိုလိုခြင်းဖြစ်သည်။ ခရစ်တော်သည် အသက်ရှင်သောကျောက်မြတ်ဖြစ်သည်။ ထိုအရာပေါ်မှာ အသက်ရှင်သောကျောက်များ တည်းဟူသော ယုံကြည်သူများအားဖြင့်၊ ဓမ္မတိုက်တည်းဟူသော ဝိညာဉ်အိမ် သို့မဟုတ် အသင်းတော်ကို တည်ဆောက်သည်။ ယုံကြည်သူများသည် အသက်ကျောက်များဖြစ်ကြောင်း ပေတရုကသာလျှင် ရေးထားသည်။ အကြောင်းမှာ သူ့ကို သခင်ယေရှုက ပေတရု တည်းဟူသော ကျောက်တုံးကလေး ဟုခေါ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်ပိုင်းအသက်ရှင်သော ယုံကြည်သူများလည်း အသက်ရှင် သောကျောက်တုံးကလေး သို့မဟုတ် ပေတရုများဖြစ်ကြသည်။ သင်သည် အသက်ရှင်သောကျောက်တုံးကလေး ဖြစ်သလော၊ သေနေသောကျောက်တုံးကလေးဖြစ်သလော။ အသက်ရှင်သော ကျောက်တုံးကလေးဖြစ်လျှင် အသက်ရှင်သော ဓမ္မတိုက်တည်းဟူသော အသင်းတော်ဆောက်ဘို့ရန် သင့်တော်သောသူဖြစ်သည်။ သင်သည် သေနေလျှင် ဓမ္မတိုက်ဆောက် ဘို့ရန်မသင့်တော်သောသူဖြစ်သည်။ အသင်းတော်သည် အသက်ရှင်သော ကျောက်အားဖြင့်သာလျှင် တည်ဆောက်ရမှာဖြစ်သည်။ (ဤနေရာ၌ ခရစ်တော်အသုံးပြုသော ပေတရု နှင့် ပေတရု အသုံးပြုသော ကျောက်တုံးကလေးသည် ဂရိတ်စကားလုံး၌ မတူညီကြပါ။ ခရစ်တော်က Πέτρος အင်္ဂလိပ်အသံထွက် Petros ကိုအသုံးပြု၍ ပေတရုက λίθοι အင်္ဂလိပ်အသံထွက် lithoi ကိုအသုံးပြုသည်။ သို့သော်ဆိုလိုရင်းမှာ အတူတူပင်ဖြစ်သည်၊ ဟုယူဆရသည်။)

ခရစ်တော်က ပေတရုကို မဿဲ ၁၆ ၌ကျောက်တုံးကလေး ဟုခေါ်သည်။ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အားငါပေးမည်။ သင်သည် မြေကြီးပေါ်မှာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက်ရှိလိမ့်မည်၊ (မဿဲ ၁၆း၁၉) ဟုဆိုသည်။

ခရစ်တော်က ပေတရုကို ကောင်းကင်နိုင်ငံတော်၏ သော့တို့ကို ပေးသည်။ ထိုသော့ဖြင့် လူသားများကို ကောင်းကင်နိုင်ငံသော့ ဖွင့်ပေးဘို့ဖြစ်သည်။ တနည်းအားဖြင့် ကောင်းကင်နိုင်ငံဝင်ခွင့် ဗီဆာပေးခွင့်ရှိသည်။ ထိုအခွင့်အရေးသည် ကမ္ဘာပေါ်၌ အရေးကြီးဆုံး အခွင့်အရေးနှင့်အလုပ်ဖြစ်သည်။ ပေတရုသည် ယုဒလူမျိုးများအတွက် ပင်တေကုတ္တေနေ့၌၎င်း(တမန် ၂)၊ ရှမာရိအမျိုးသားများအတွက် ရှမာရိမြို့၌၎င်း(တမန် ၈)၊ တပါးအမျိုးသားများအတွက် ကော်‌နေလိအိမ်၌၎င်း (တမန် ၁၀) ကောင်းကင်တံခါးသော့ကို ဖွင့်ပေးခဲ့သည်။ အဘယ်ကြောင့် ခရစ်တော်က ထိုအခွင့်အရေးကို ပေးသနည်းဟူမူကား၊ သူကခရစ်တော်သည် မည်သူဖြစ်သည်ကို ဖြေဆိုနိုင် သောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင် ခရစ်တော်ကို သိသောသူတိုင်းက ထိုအခွင့်အရေးကို ရရှိကြသည်။ ခရစ်တော်ကို သိရှိသူတိုင်းသည် တနည်းအားဖြင့် ပေတရု (အသက်ရှင်သောကျောက်တုံးကလေး) များဖြစ်သည်။ ကောင်းကင်တံခါးသော့ကိုလည်း ရရှိကြသည်။

အလုပ်ဟောင်းသို့ပြန်သွား

ပေတရုသည် ကောင်းကင်တံခါးသော့ ရရှိပြီးသော်လည်း၊ မူလအလုပ်ဟောင်းဖြစ်သော ငါးဖမ်းခြင်း၌ ပြန်သွားခဲ့ကြောင်း ဤသို့ရေးသားထားသည်၊ “ရှိမုန်ပေတရုနှင့် ဒိဒုမုဟုအမည်ရှိသောသောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားနှစ်ယောက်၊ အခြားသောတပည့်တော်နှစ်ယောက်တို့သည် အတူရှိ ကြ၏။ ရှိမုန်ပေတရုက၊ အကျွန်ုပ်သည် ငါးဖမ်းသွားမည်၊ ဟုဆိုလျှင်၊ ထိုသူတို့က၊ အကျွန်ုပ်တို့လည်းလိုက်မည်၊ ဟုပြောဆိုသည်နှင့်၊ ထွက်သွားကြ၏။ ချက်ခြင်း လှေထဲသို့ဝင်၍ ထိုညတွင် တကောင်ကိုမျှ မရကြ။”(ယော ၂၁း၂-၃)။ အဘယ်ကြောင့် ငါးမရကြသနည်း။ သခင်ယေရှုက ငါးများကိုမရရှိရန် ပြုလုပ်ခြင်းဖြစ်နိုင်သည်။ သခင်ယေရှု သည်၊ နောက်ဆုတ်သွားသော ပေတရုနှင့်တပည့်တော်များကို စိတ်မပျက်ဘဲ သူတို့ရှိရာအထိလိုက်၍ရှာသည်။ သူကိုယ်တိုင် တပည့်တော်များကို အပြစ်မတင်ဘဲ နံနက်စာအဖြစ် ငါးနှင့်မုန့်အားဖြင့် တည်ခင်းဧည့်ခံသည်။

ထိုသို့ဧည့်ခံအပြီး၊ “နံနက်စာကိုစားကြသည်နောက်၊ ယေရှုက၊ ယောန၏သားရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ၍ ချစ်သလော၊ ဟုရှိမုန်ပေတရုအား မိန့်တော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏၊ ဟုလျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့၊ ဟုမိန့်တော်မူ၏။”(ယော ၂၁း၁၅)

အဘယ့်ကြောင့် ယေရှုက ပေတရုကို ငါ့ကိုချစ်သလော၊ ဟုသုံးကြိမ်မေးသနည်း။ များသောအားဖြင့် ဤသို့ဖြေတတ်ကြသည်။ ပေတရုက၊ သုံးကြိမ်ငြင်းပယ်သောကြောင့်ဟူ၍၎င်း၊ သေချာအောင်ဟူ၍၎င်း၊ ဖြစ်သည်။ ယောဟန်က အကြောင်းရင်းမဖေါ်ပြသောကြောင့် အမျိုးမျိုးစဉ်းစားနိုင်သည်။ ယေရှုအသုံးပြုသော မေတ္တာစကားလုံးနှင့် ပေတရုအသုံးပြုသောမေတ္တာစကားလုံးသည် မတူညီကြပါ။ ယေရှုက အဂါပေမေတ္တာ (ဘုရား၏မေတ္တာ) ဖြင့်မေးခြင်းဖြစ်သည်။ ထိုမေတ္တာသည် ဘုရား၏မေတ္တာ၊ စွန့်လွှတ်သောမေတ္တာဖြစ်သည်။ ပေတရုက သူငယ်ချင်းချစ်ခြင်းမေတ္တာနှင့်ဖြေသည်။ ထို့ကြောင့်၊ သခင်ယေရှုသည် သူမေးသောအဖြေကို မရရှိဟုဆိုနိုင်သည်။ ဥပမာပေးပါက၊ မြန်မာစကား၌ ချစ်ခြင်းမေတ္တာ နှစ်မျိုးရှိသည်။ ၅၂၈ သည်မောင်နှမချစ်ခြင်း မေတ္တာဖြစ်၍၊ ၁၅၀၀ သည်သမီးရီးစားချစ်ခြင်းဖြစ်သည်။ လူပျိုကအပျိုကို ၁၅၀၀ မေတ္တာနှင့်ငါ့ကိုချစ်သလော ဟုမေးရာတွင် အပျိုက ၅၂၈ မေတ္တာဖြင့်ချစ်သည်ဟုဆိုလျှင် ထိုလူပျိုသည် သူလိုချင်သောအဖြေကို မရရှိချေ။ ထို့နည်းတူ၊ သခင်ယေရှုက ပေတရုကို ဘုရားမေတ္တာနှင့်သူ့ကိုချစ်သလော ဟုနှစ်ကြိမ်မေးရာတွင် ပေတရုက သူငယ်ချင်းအချစ်နှင့်ချစ်သည် ဟုဆိုနေသောကြောင့်၊ နောက်ဆုံး၌သခင်ယေရှုက သူငယ်ချင်းအချစ်နှင့်သူ့ကို ချစ်သလောဟု ပြန်မေးလိုက်သည်။ ပေတရုက သူ့သခင်ကို သူငယ်ချင်းအချစ်နှင့်သာချစ်နေသည်။  

အဘယ့်ကြောင့် ယေရှုကပေတရုကို သူပေးထားသောနာမည်ဖြင့် မခေါ်ဘဲ သူ့နာမည်ဟောင်းဖြစ်သော ယောန၏သားရှိမုန်၊ ဟုသုံးကြိမ်တိုင်အောင်ခေါ်သနည်း။ ကျမ်းစာကမဖေါ်ပြသောကြောင့် စဉ်းစားစရာဖြစ်သည်။ ဖြစ်နိုင်ချေမှာ၊ ပေတရုသည် သခင်ယေရှုပေးသောနာမည်ဖြစ်၍ ကောင်းကင်နိုင်ငံသော့ကို ပေးခြင်းခံ သောနာမည်ဖြစ်သည်။ သို့သော်၊ ပေတရုသည် ကောင်းကင်နိုင်ငံသော့ကို မသုံးဘဲ၊ နဂိုလ်မူလသူ့အလုပ် ငါးဖမ်းခြင်း၌ပြန် သွားသည်။ ဇာတိအလုပ်၌ ပြန်လှည့်သွားခြင်းဖြစ်သည်။ ထို့ကြောင့်၊ သခင်ယေရှုက ပေတရုဟုမခေါ် ဘဲ၊ သူ့ဇာတိနာမည်ဖြစ်သော ရှိမုန်အမည်ဖြင့်ခေါ်ခြင်းဖြစ်သည်။

အထက်၌ဖေါ်ပြခဲ့ပြီးသည့်အတိုင်း သခင်ယေရှုကို သူဖြစ်သည့်အတိုင်း ဘုရားအဖြစ်ယုံကြည်သူတိုင်းလည်း တနည်းအားဖြင့် ပေတရုသို့မဟုတ်အသက်ရှင်သော ကျောက်တုံးကလေးများဖြစ်ကြသည်။ ထိုယုံကြည်သူများကို သခင်ဘုရားက ကောင်းကင်တံခါးသော့ဖွင့်၍ လူတိုင်းကိုကောင်းကင်နိုင်ငံသို့ ခေါ်သွင်းဘို့ အလိုတော်ရှိသည်။ သို့သော် ယုံကြည်သူများသည် ထိုသော့ကိုလူများအတွက် ဖွင့်ပေးမည့်အစား၊ ပေတရုငါးဖမ်းသကဲ့သို့ လောကအလုပ်၌သာ လုပ်ဆောင်နေကြသည်။ ထို့ကြောင့်လူများကို ခရစ်တော်၏ကယ်တင်ခြင်းအကြောင်း မပြောသူတိုင်းသည် ရှိမုန်ဖြစ်၍၊ သူတပါးအတွက်ကောင်းကင်တံခါးသော့ ဖွင့်ပေးသူတိုင်းသည် ပေတရုဖြစ်သည် ဟုဆိုနိုင်သည်။ သို့ဖြစ်လျှင်၊ သင်သည်ရှိမုန်ဖြစ်ပါသလော၊ ပေတရုဖြစ်ပါသလော

 

Midland Gospel Baptist အသင်းတော်သစ်ဖွင့်ခြင်း

ဘုရားသခင်၏ ဦးဆောင်မှုနှင့် ကျေးဇူးတော်ကြောင့် အမေရိကန်ပြည်ထောင်စု သတင်းကောင်းနှစ်ခြင်း အသင်းချုပ် သာသနာပြုဌါနမှ  ၂၄ ပါးမြောက်သော အသင်းတော်သစ်ကို Taxas ပြည်နယ် Midland မြို့၌ ဇန္နဝါရီလ ၂၀ ရက်နေ့တွင် ဖွင့်လှစ်နိုင်ပါသည်။ ထိုအသင်းတော် ဖွင့်ပွဲသို့ တံခါးခေါက် သင်တန်းပေးခြင်း များကို ဇန္နဝါရီ လ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပြုလုပ်ခဲ့ကြပါသည်။ ထိုသို့တံခါးခေါက်ရာတွင် ဆရာဖိလိပ္ပု ဝင်းမောင်၊ Saya Philip Win Maung, Saya Lai Lian, Saya Michael Sang, U Cungte, Saya Epaphras Pehbu, Saya Abel Aung Nan, Saya John Ree, Saya Ah Sa တို့ပါဝင်ကြပါသည်။ ဆရာမဒေါ်ကာ က အစားအသောက်များကို အရသာရှိစွာ ကျန်းမာရေးနှင့်ကိုက်ညီ အောင်ချက်ကျွေးပေးပါသည်။ ဆရာမောဇက်က အိမ်ရှင်အသင်းသားများကို သင်တန်းပေးသည်။ အသင်းတော်ဖွင့်ပွဲတွင် ဆရာယောရှုဟန်ကိပ်ဇိုလ်က တရားဟော သည်။ ဆရာအောင်လင်းနှင့်ယောက်ဖ Saya Ci Thang မိသားစုလည်း ဖွင့်ပွဲနေ့၌ အချိန်မှီရောက်လာနိုင်ကြသည်။ ရာသီဥတုအလွန် အေးသောကြောင့် Buffalo GBC ဦးဆောင်သူ Saya Naw Nor သည်၊ လေယဉ်ခရီးစဉ် ပြောင်းလဲခြင်းကြောင့် ဖွင့်ပွဲနေ့မှသာ ရောက်ရှိနိုင်ပါသည်။ Maryland Rockville GBC မှ  Saya Aung Bik နှင့် Stella တို့လင်မယားလည်း ဖွင့်ပွဲအမှီရောက်ရှိလာကြပြီး Keyboard တီးပေးခြင်းအားဖြင့် ပို၍မြိုင်ဆိုင်စေကြပါသည်။ 

Midland Gospel Baptist အသင်းတော်ကို Saya John Walls ကဦးဆောင်၍ အသင်းသား ၁၉ ဦးဖြင့်စတင်ခြင်းဖြစ်ပါသည်။ အသင်းတော်ဖွင့်ပွဲကို Presbyterian အသင်းတော်၏ ဘုရားကျောင်းကို အသုံးပြုပါသည်။ အဆောက်အဦး အသုံးပြုခွင့်ပေးသော ထိုအသင်းတော်ကို ကျေးဇူးအထူးတင်ရှိပါသည်။ ဖွင့်ပွဲကိုဇန္နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ မှ ၁၂ အထိပြုလုပ်၍ ထို့နောက် Buffet restaurant ၌ နေ့လည်စာကို စားကြပြီးနောက်  Dallas GBC သုံးနှစ်မြောက် ကျေးဇူးတော်ချီးမွမ်းခြင်း ပြုလုပ်ဘို့ရန် ကားများဖြင့် Dallas မြို့သို့ထွက်ခွါ သွားကြပါသည်။ ‌အစစအရာရာ အောင်မြင်စွာပြုလုပ်ခွင့်ပေးသော အဘဘုရားသခင်သည် ထာ၀စဉ်ချီးမွမ်းခြင်း ရှိပါစေသော်။ 

      Midland Gospel Baptist အသင်းတော်ဖွင့်ပွဲ၌ပါဝင်သူများပုံ

 

Dallas GBC သုံးနှစ်မြောက် ကျေးဇူးတော်ချီးမွမ်းခြင်း

          ဇန္နဝါရီလ ၂၀ ရက်နေ့တွင် Dallas သတင်းကောင်းနှစ်ခြင်းအသင်းတော်၏ သုံးနှစ်မြောက် ကျေးဇူးတော်ချီးမွမ်းခြင်းကို အသင်းတော်ဘုရားကျောင်း၌ ပြုလုပ်နိုင်ခဲ့ ကြပါသည်။ အသင်းတော်ဖွင့်ပွဲ၌ Midland Gospel Baptist အသင်းတော်ဖွင့်ပွဲ၌ ပါဝင်ခဲ့ကြသော ဆရာများပါဝင်ကြပါသည်။ ရာသီဥတုအလွန် အေးပြီး အသင်းတော်၏ အပူပေးစက်လည်း အလုပ်မလုပ်သောကြောင့် အစီအစဉ်ကို အလွန်အေးသည့်ကြားမှ တသက်လုံးမမေ့ဘဲ အမှတ်ရနေဘို့ရန် မွန်းလွဲပိုင်း ၁ နာရီမှ ၄ နာရီအထိပြုလုပ်ကြပါသည်။ ထို့နောက်ညနေစာကို Buffet restaurant ၌စားပြပါသည်။ ထိုအသင်းတော်ကို ဆရာဖိလိပ္ပုဝင်းမောင်နှင့်ဇနီးဆရာမဒေါ်ကာ တို့ကဦးဆောင်၍ အသင်းသား ၃၄ ယောက်ပါဝင်လျက်ရှိပါသည်

 

 

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG