
သန့်ရှင်းသောဝိညာဉ်တော်
နိဒါန်း
ဤသန့်ရှင်းသော ဝိညာဉ်တော်နှင့် ပတ်သက်သော စာအုပ်ငယ်ကို ထုတ်ဝေပုံနှိပ်ခွင့်ပေးသော အဘ ဘုရားသခင်၏ ကျေးဇူးတော်ကို အထူးပင်ချီးမွမ်းမိပါသည်။ ရောက်လေရာနေရာတိုင်း၌ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပတ်သက်၍ ရှုပ်ထွေးမှုများ၊ လွဲမှားသော ခံယူချက်များတွေ့မြင်နေရသည်။ ကျမ်းစာသင်တန်း၌သင်ပေးရသော်လည်း အချိန်နည်းခြင်း၊ အားရအောင်မသင်ပေးနိုင်ခြင်း၊ လူ၏မှတ်မိဥာဏ်အားနည်းခြင်းများကြောင့် စာအုပ်နှင့်ထုတ်ဘို့ရန်လိုအပ်ကြောင်းတွေ့ရသည်။
အချိန်အနည်းငယ်အတွင်း၌ ရေးထားသောကြောင့် မပြည့်စုံနိုင်သော်လည်း မရှိသည်ထက် သာ၍အကျိုးရှိမည်ဟူသောခံယူချက်ဖြင့်ထုတ်ထားပါသည်။ ဤစာကိုဖတ်သောသူ၌ မူလခံယူချက်ရှိပြီးသားရှိပါလိမ့်မည်။ လူအများစု၌ပဌမမူလကြားသောသွန်သင်ချက်ကိုယုံကြည်တတ်ကြသည်။ ထို့ကြောင့်နောက်ပိုင်းကြားရသော သွန်သင်ချက်များကို လက်ခံဘို့ခက်ခဲတတ်သည်။ သို့သော်အမှားအမှန်ကိုကိုယ်ခံယူပြီးသော အရာနှင့်မတိုင်း၊ ကိုယ်ခံစားချက်နှင့်လည်းမချိန်ဘဲရိုးသားစွာ သမ္မာကျမ်းစာနှင့်စစ်ဆေးဘို့လိုပါသည်။ ထို့ကြောင့်ဤစာကို သမ္မာကျမ်းစာနှင့်ချိန်ကိုက်၍ဖတ်စေချင်သည်။
ဘုရားသခင်သည်ကောင်းကင်မှာရှိ၍ ဝိညာဉ်ဖြစ်သည်။ လူသည်မြေကြီးပေါ်၌နေ၍ ဘုရားသခင်၏အလိုတော်ကို သိဘို့ရန်မလွယ်ပါ။ ထိုကြောင့်ဘုရားသခင်ကသူ၏အကြံတော်ကိုသိနိုင်ရန်လူသားများကိုကျမ်းစာပေးထားသည်။ ထိုကြောင့်ယုံကြည်ခြင်းတည်ဆောက်သောအခါမိမိ၏ခံစားချက်နှင့်အတွေ့အကြုံထက်ကျမ်းစာအပေါ်၌တည်ဆောက်ရမည်။ အချို့သောသူများသည်ခံစားချက်နှင့်အတွေ့အကြုံကိုယုံကြည်၍ကျမ်းစာကိုထောက်ခံခိုင်းသည်။ သို့သော်ကျမ်းစာအပေါ်မှာယုံကြည်၍ခံစားချက်ကနောက်မှလိုက်ရမှာဖြစ်သည်။ စာဖတ်သူကိုဘုရားသခင်ကသူ၏သန့်ရှင်းသောဝိညာဉ်တော်နှင့်နှုတ်ကပတ်တော်အားဖြင့်နားလည်နိုင်သောအခွင့်ပေးတော်မူပါစေသော်။
အမှုတော်မြတ်၌
ဆရာမောဇက်ထောင်ကျုံး
မာတိကာ
သင်ခန်းစာ (၁)
မှားယွင်းသောဩဝါဒများ
ယနေ့မှားယွင်းသောဩဝါဒကို သွန်သင်သောသူတို့သည် ခရစ်ယာန်လောက၌ အလွန်ပင်များနေပြီ။ အမည်ခံခရစ်ယာန်များသာမက ကယ်တင်ခြင်းသို့ရောက်သော ခရစ်ယာန်များပါမကျန် ထိုမှားယွင်းသောဩဝါဒမှိုင်းမိ၍ လမ်းမှားနေကြသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသည်။ အထူးသဖြင့် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်၍ လွဲမှားစွာသွန်သင်ကြသည်။ သူတို့လုပ်သမျှသည် သန့်ရှင်းသောဝိညာဉ်တော်ကလုပ်သည်၊ ဟုဆိုသောကြောင့် လူများစွာတို့သည် ယုံကြည်လိုက်လျှောက်ကြသည်။ ထိုလမ်းလွဲဆရာများသည် မိမိတို့အလိုဆန္ဒအတိုင်း၊ စိတ်ထင်တိုင်းလူများကို လှည့်ဖြားနေကြသော်လည်း ဆီးတားမည့်သူမရှိ၊ သတိပေးသောသူမရှိ ဖြစ်နေကြသည်။
ဝိညာဉ်တော်ကိုပြစ်မှားခြင်း သခင်ယေရှုက၊ “ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ် အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည်ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည်မရနိုင်ကြ။ လူသားကိုနှုတ်ဖြင့် ပြစ်မှားသောသူ၏ အပြစ်ကိုလည်းလွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့်ပြစ်မှား သောသူ၏ အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” ဟုဆိုခဲ့သည် (မဿဲ ၁၂:၃၁-၃၂)။
အထက်ပါကျမ်းပိုဒ်ကို မှားယွင်းသောဆရာများက အသုံးပြု၍ ကျမ်းစာနားမလည်သောသူများကို ခြိမ်းခြောက်ကာ သူတို့လုပ်ချင်တိုင်း လုပ်နေကြသည်ကို ယနေ့အမြောက်အများ တွေ့မြင်နေရသည်။ ကျမ်းစာကိုမဖတ်သောကြောင့် သမ္မာတရားကို နားမလည်သောသူများသည် ထိုဆရာများ၏ လုပ်ဆောင်မှုများကို သံသယရှိခဲ့သော်လည်း အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်လျှင် သူတို့ပြောသကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားရာရောက်လိမ့်မည်၊ ဟုကြောက်၍ မဝေဖန်ရဲ၊ မကန့်ကွက်ရဲ၊ သူတို့လုပ်သမျှကို လက်ခံနေကြသည်ကို ဝမ်းနည်းစွာ တွေ့မြင်နေရသည်။ ထိုသူများသည် အစပိုင်း၌ ထိုဆရာအတုများ၏ လုပ်ဆောင်မှုများကို လက်မခံဟု သန္ဓိဌာန်ချကြသော်လည်း နောက်ပိုင်း၌ သူတို့ကိုယ်တိုင် လက်မခံခဲ့သောအရာများကို အလွန်အားရ နှစ်သက်လာတတ်ကြသည်။ အကြောင်းမှာ ထိုဆရာများသည် တန်ခိုးနှင့်အလုပ်လုပ်သောကြောင့်ဖြစ်သည်။ သို့သော် သူတို့အသုံးပြုသော တန်ခိုးသည် ဘုရားသခင်ထံတော်ပါးမှမဟုတ်၊ စာတန်ဝိညာဉ်ဆိုးများထံမှဖြစ်သည်။
သူတပါးကိုမစီရင်ရ
သခင်ယေရှုက၊ “သင်တို့သည်စစ်ကြောဆုံးဖြတ်ခြင်းနှင့်ကင်းလွတ်ရမည့်အကြောင်း သူတပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြ နှင့်။” ဟုဆိုသည် (မဿဲ ရး၁)။
အထက်ပါ ကျမ်းပိုဒ်ကိုလည်း အသုံးပြု၍ မှားယွင်းသော ဆရာများနှင့် မှားယွင်းသော သွန်သင်ခြင်းများကို၊ မစစ်ကြော မစုံစမ်းကြဘဲ နေကြသည်။ မှန်ပါသည်၊ သူတပါး၏ အားနည်းခြင်းနှင့် အပြစ်များကို စစ်ကြောခြင်းသည် တရားသူကြီး တည်းဟူသော ဘုရားသခင်၏ တာဝန် ဖြစ်သည်။ ဤနေရာ၌ ခွဲခြားသိတတ်ဘို့လိုသည်။ လူတယောက် အပြစ်လုပ်ခြင်းသည် သူနှင့်ဘုရားသခင်နှင့် ဆိုင်သည်။ သို့သော် မှားယွင်းသော သွန်သင်ခြင်းသည် မှားယွင်းသော ဆရာနှင့်သာဆိုင် သည်မဟုတ်။ သူ၏မှားယွင်းသော သွန်သင်ခြင်းသည် အများသောသူကို မှားယွင်းခြင်း လမ်းသို့ ပို့ဆောင်၍ အပြစ်သို့ ရောက်စေမည် ဖြစ်သောကြောင့် လူအများနှင့်ဆိုင်သည်။ ကိုယ်တိုင်လည်း ထိုသွန်သင်ချက်ကို လက်ခံလျှင် ကိုယ်ပါမှားယွင်းမည်ဖြစ်သည်။ ထိုသို့သော ဆရာများကို တရားမစီရင်နိုင်၊ မဟန့်တားနိုင်သော်လည်း တရားနာမည့်သူများကို သတိပေးဘို့ လိုအပ်သည်။ ထိုသို့ သတိပေးမှသာ လူအများ မှားယွင်းခြင်းမှ ကင်းဝေးနိုင်ပေမည်။ ထိုမျှသာမက လူများက သူတို့၏ တရားကိုမနာ၊ ထောက်မခံ၊ နောက်မလိုက်လျှင် ထိုဆရာများသည် သူတို့၏ မှားယွင်းသော ဩဝါဒများကို ဖြန့်နိုင်မည် မဟုတ်ချေ။ ထိုသို့သတိပေးခြင်းသည် ထိုဆရာများကို မနာလိုသောကြောင့် သော်၎င်း၊ မုန်းသောကြောင့်သော်၎င်း၊ မဟုတ်။ မေတ္တာနှင့် လမ်းလွဲသောသူကို သတိပေးဘို့လိုသည်။ ဝိညာဉ်ရေးရာ၌ လမ်းလွဲခြင်းသည် အလွန် ကြောက်စရာ ကောင်းသည်။ မိသားစုအတွင်း၌ဖြစ်စေ၊ အသင်းတော်အတွင်း၌ဖြစ်စေ၊ အသိုင်းအဝိုင်း၌ဖြစ်စေ ခံယူယုံကြည်ပုံ မတူညီလျှင် အကွဲကွဲအပြားပြား ဖြစ်နိုင်သည်။ ထိုမျှသာမက ဘုရားသခင်၏ အမျက်ဒေါသခံ၍ ထာဝရငရဲရောက်သည်အထိ ဖြစ်နိုင်သည်။
မည်သူမျှ ပြည့်စုံသူမရှိပါ
“ကိုယ်မျက်စိ၌ ရှိသောတံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကို မျက်စိ၌ ရှိသောငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။ ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၌ ရှိသောငြောင့်ငယ်ကို ထုတ်ပါရစေ၊ ဟုအဘယ်သို့ ဆိုသနည်း။ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ ရှိသောတံကျင်ကို ရှေးဦးစွာ ထုတ်ပစ်လော့။ နောက်မှ ညီအစ်ကို မျက်စိ၌ ရှိသောငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှာ ရှင်းလင်းစွာ မြင်လိမ့်မည်။” (မဿဲ ရး၃-၅)
ဤကျမ်းပိုဒ်ကို အသုံးပြု၍ သူတပါးကို မစစ်ကြောမည့်အကြောင်း၊ မည်သူမျှ ပြည့်စုံသောသူမရှိကြောင်း၊ ကိုယ်အားနည်းချက်ကိုလည်း သိဘို့လိုကြောင်း ပြောတတ်ကြသည်။ မှန်ပါသည်၊ မည်သူမျှ ပြည့်စုံခြင်း မရှိပါ။ သို့သော် အထက်ပါ ကျမ်းပိုဒ်များသည် ခရစ်တော်က ကိုယ့်အပြစ်ကို မမြင်ဘဲ သူတပါးကို စီရင်ခြင်းအတွက် ပြောသောစကားဖြစ်သည်။ မှားယွင်းသော ဩဝါဒသည် လူတိုင်းကို ထိခိုက်စေ၊ လမ်းမှားစေသည်။ မည်သူမျှ သမ္မာတရားကို အကုန်အစင် မသိနိုင်ပါ။ သို့သော်လည်း မှားယွင်းသော သွန်သင်မှုများကို စစ်ဆေးဘို့ သခင်ဘုရားနှင့် တမန်တော်များက သတိပေးခဲ့သည်။
အားလုံးပေါင်းသင်းနိုင်ရမည်
နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာ တခုသည် လူတိုင်းနှင့် ပေါင်းသင်းဆက်ဆံနိုင်ရမည်၊ ဟူသောခံယူချက်ဖြစ်သည်။ နိုင်ငံရေးလောက၌သော်၎င်း၊ ဘာသာရေးလောက၌သော်၎င်း၊ ကိုယ်နှင့်ခံယူချက် မတူညီသောသူများနှင့် ပေါင်းသင်းနိုင်ရမည်၊ ဟူ၍ဖြစ်သည်။ ခရစ်တော်လည်း အပြစ်သားများနှင့် ပေါင်းသင်းသည်၊ ဟုဆိုတတ်ကြသည်။ သို့သော်၊ ခရစ်တော်သည် အပြစ်သားများနည်းတူ မကျင့်ပါ။ သူတို့နည်းတူ မကြံပါ။ သူတို့ကို ကယ်တင်ဘို့ရန် ပေါင်းသင်းခြင်းဖြစ်သည်။ “မယုံကြည်သော သူတို့နှင့် တွဲဘက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။ ခရစ်တော်သည် ဗေလျာလနှင့် အဘယ်သို့ သင့်တင့်နိုင်မည်နည်း။ ယုံကြည်သောသူသည် မယုံကြည်သောသူနှင့်အတူ အဘယ်အကျိုးအပြစ်ကို ခံရမည်နည်း။” (၂ ကော ၆:၁၄-၁၅)
ဝိညာဉ်ဆုရရှိခြင်းမတူ
ယခုခေတ် ခံယူချက်တခုသည် လူတိုင်း၊ ဝိညာဉ်ဆုရရှိသောအရာ မတူညီကြပါ၊ ဟုအကြောင်း ပြတတ်ကြသည်။ မှန်ပါသည် ဝိညာဉ်ဆုရရှိသောအရာ မတူညီသောကြောင့် အမှုဆောင်ပုံခြင်း မတူညီနိုင်ပါ။ သို့သော် ဝိညာဉ်တော်သည် မှားယွင်းသော ဩဝါဒကို သွန်သင်ဘို့ရန် ဝိညာဉ်ဆုကျေးဇူးများကို ပေးသည်မဟုတ်။ ရှင်ပေါလုက၊ “ကောင်းသောအကျိုးအလိုငှါသာ ဝိညာဉ်တော်ကို လူအသီးသီးတို့အား ထင်ရှားစွာ ပေးတော်မူလျက်ရှိ၏။” (၁ ကော ၁၂:ရ) ဟုဆိုသည်။ ဝိညာဉ်ဆုကျေးဇူး မည်မျှပင်ကွဲပါစေ ရည်ရွယ်ချက်သည် တခုတည်းဖြစ်သည်။ ထိုအရာသည် ယုံကြည်သောသူများကို တည်ဆောက်ဘို့ရန်ဖြစ်သည်။
သင်ခန်းစာ (၁) မေးခွန်းများ
၁။ ယနေ့ခရစ်ယာန်လောက၌ မှားယွင်းသောဩဝါဒ သွန်သင်မှုများရှိနေပါသလား။...........
၂။ မည်သည့်အရာနှင့် ပတ်သက်၍ အများဆုံး မှားယွင်းနေကြပါသနည်း။...........
၃။ မှားယွင်းသောဩဝါဒ သွန်သင်သူများကို ဆီးတားသောသူရှိပါသလား။...........
၄။ အဘယ်ကျမ်းပိုဒ်နှင့် မှားယွင်းသောဆရာများသည် လူများကိုခြိမ်းခြောက်နေပါသနည်း။..........
၅။ အဘယ်ကြောင့် ယုံကြည်သူများသည် သူတို့သံသယရှိခဲ့သောအရာများကို ပြန်လက်ခံတတ်ကြသနည်း။............
၆။ အပြစ်စီရင်ခြင်းကို မည်သူကပြုလုပ်မည်နည်း။........... ........... ...........
ရ။ အဘယ်ကြောင့် မှားယွင်းသောသွန်သင်ခြင်းကို သတိပေးဘို့လိုသနည်း။........... ........... ...........
၈။ မဿဲ ရး၃-၅ ကြောင့် မှားယွင်းသောသွန်သင်ခြင်းများကို ငြိမ်၍လက်ခံရမည်လော။........... ........... ...........
၉။ လူတိုင်းနှင့်ပေါင်းသင်းနိုင်ရမည်၊ ဟူသောအရာသည် မှန်ပါသလား။........... ........... ...........
၁၀။ မှားယွင်းသောဩဝါဒ ခံယူသင်ပေးသူနှင့် ပေါင်းသင်းသင့်ပါသလား။........... ........... .......
၁၁။ ဝိညာဉ်ဆုကျေးဇူး ရရှိသောအရာ မတူညီသောကြောင့် မှားယွင်းသောဩဝါဒကို လက်ခံရမည်လော။...........
၁၂။ ဝိညာဉ်ဆုကျေးဇူးများ ကွဲပြားသော်လည်း ရည်ရွယ်ချက်တူညီပါသလား။........... ........... ........... .
သင်ခန်းစာ (၂)
စိတ်ဝိညာဉ်များစစ်ဆေးပါ
“ချစ်သူတို့၊ ခပ်သိမ်းသော စိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက် အများတို့သည် ဤလောကသို့ သွားကြပြီ။ ဘုရားသခင်၏ ဝိညာဉ်တော်ကို အဘယ်သို့သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို၊ ဝန်ခံသောဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့်စပ်ဆိုင်၏။ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို၊ ဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း၊ ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင်လာလျက်ရှိသော အန္တိခရစ်၏ဝိညာဉ်ဖြစ်၏။” (၁ ယောဟန် ၄:၁-၃)
တမန်တော်ယောဟန်က ခပ်သိမ်းသော စိတ်ဝိညာဉ်များကို၊ မယုံကြဘို့ အထက်ပါကဲ့သို့ သတိပေးခဲ့သည်။ အကြောင်းမူကား၊ ဝိညာဉ်တိုင်းသည် ဘုရားသခင် အထံတော်ပါးမှမဟုတ်၊ မိစ္ဆာပရောဖက် (ပရောဖက်တု)များလည်း အများရှိကြသည်ဟုဆိုသည်။ သူကလူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို၊ ဝန်ခံသောဝိညာဉ်သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်၊ ယေရှုခရစ်ကိုဝန်မခံသော ဝိညာဉ်သည်၊ ဘုရားသခင်နှင့် မဆိုင်ဟုဆိုသည်။ ထိုပေတံသည် ယခုခေတ်တွင် သုံး၍မရတော့ချေ။ အကြောင်းမူကား၊ ယခုခေတ်ဝိညာဉ်များသည် ခရစ်တော်၏နာမကို အလွန်အသုံးပြုကြသည်။ ထို့ကြောင့်ခရစ်တော်ကိုယ်တိုင် ပေးထားသောပေတံဖြင့် တိုင်းဘို့လိုသည်။
တောခွေးများ
“အတွင်း၌ကြမ်းတမ်းသော တောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို၊ သတိနှင့် ရှောင်ကြလော့။ ထိုသူတို့၏အကျင့်ကို ထောက်၍၊ သူတို့၏သဘောကို သိကြလိမ့်မည်။ ဆူးပင်၌ စပျစ်သီးကို ဆွတ်တတ်သလော။ ဆူးလေပင်၌ သင်္ဘောသဖန်းသီးကို ဆွတ်တတ်သလော။ ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ်၏။ ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင်။ ကောင်းသောအသီး မသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍၊ မီးထဲသို့ ချလိုက်တတ်၏။ သို့ဖြစ်လျှင်၊ ထိုပရောဖက်တို့၏ အကျင့်ကိုထောက်သော်၊ သူတို့၏သဘောကို သိရကြလိမ့်မည်။” (မဿဲ ရး၁၅-၁၉) ဟုသခင်ခရစ်တော်က သတိပေးခဲ့သည်။
အထက်ပါကျမ်းပိုဒ်များ၌ ခရစ်တော်က မိစ္ဆာပရောဖက် (ပရောဖက်အတု) များနှင့်ပတ်သက်၍ ဥပမာနှစ်မျိုးဖြင့် သတိပေးသွားသည်။ ပဌမဥပမာမှာ ထိုပရောဖက်အတုများသည်၊ သိုးရေခြုံတောခွေးများ၊ ဟုဆိုသည်။ တောခွေးသည် သိုးဖြစ်သည်မဟုတ်။ အဘယ်ကြောင့်သိုးရေခြုံထားသနည်း ဟူမူကား၊ သိုးများကို ကိုက်စားချင်သောကြောင့်ဖြစ်သည်။ သိုးရေခြုံမှသာ သိုးများကသိနိုင်မည်မဟုတ်။ လျှပ်တပျက်ကြည့်လျှင်၊ သိုးကဲ့သို့ဖြစ်သော်လည်း သိုးမဟုတ်၊ သိုးများကိုသတ်စားမည့် တောခွေးဖြစ်နေသည်။ သို့ဖြစ်လျှင် ပရောဖက်အတုများသည်၊ စစ်မှန်သောယုံကြည်သူများမဟုတ်၊ ယုံကြည်သူများကို ကိုက်စားမည့်၊ ဆရာအတုများဖြစ်နေသည်။
မည်ကဲ့သို့ယုံကြည်သူများကို ဖျက်ဆီးမည်နည်း။ ယုံကြည်ခြင်းလမ်းလွဲရန် သွန်သင်မည်။ ယုံကြည်သူများထံမှ ငွေနှင့်ဥစ္စာပစ္စည်းများကိုယူမည်။ ယုံကြည်သူများကလည်း အဟုတ်ထင်သောကြောင့်၊ ထိုပရောဖက်တုများကို လှိုက်လှိုက်လှဲလှဲကြိုဆို၍၊ ရှိသမျှကိုရက်ရောစွာလှူမည်။ မုသာတရားကို သွန်သင်၍၊ သမ္မာတရားကို လက်မခံရန် သွန်သင်မည်။ သမ္မာတရား သွန်သင်မည့်သူများကို လက်မခံ၊ သံသယရှိရန်ပြောင်းပြန် သွန်သင်၍၊ သန့်ရှင်းသော ဝိညာဉ်တော်ကို လက်မခံသောသူများ၊ ဟုခြောက်လှန့်မည်။
ထိုကဲ့သို့သော ဆရာတုများကို၊ ခရစ်တော်က သတိနှင့်ရှောင်ဘို့ သတိပေးသွားခဲ့သည်။ သို့သော် အလွန်ဝမ်းနည်းဘွယ်ကောင်းသည်မှာ၊ များစွာသောသူတို့သည် ခရစ်တော်သတိပေးသောအရာကို လုံးဝမသိကြ၊ သို့မဟုတ် ဂရုမစိုက်ကြသောကြောင့်၊ လမ်းမှားလိုက်နေကြသည်။ ပို၍ဆိုးသည်မှာ လမ်းမှားလိုက်နေမှန်းကိုပင်၊ မသိကြခြင်းဖြစ်သည်။
ခရစ်တော်ပေးသော ဒုတိယဥပမာမှာ၊ မိစ္ဆာပရောဖက်များကို သစ်ပင်နှင့်နှိုင်းထားသည်။ ကောင်းသောအပင်သည် ကောင်းသောအသီးကိုသီး၍၊ မကောင်းသောအပင်သည် မကောင်းသောအသီးကို၊ သီးသည်ဟုဆိုသည်။ သို့ဖြစ်လျှင် စစ်မှန်သောဆရာသည် ကောင်းသောအပင်နှင့်တူ၍၊ မှားယွင်းသောဆရာသည် မကောင်းသောအပင်နှင့်တူသည်။ အပင်သည်အသီးအားဖြင့် သိနိုင်သည်ဟုဆိုသည်။ သို့ဖြစ်လျှင်ဆရာများကို၊ မည်သည့်အရာအားဖြင့် သိနိုင်မည်နည်း။ ခရစ်တော်က သူတို့၏အကျင့်အားဖြင့် သိနိုင်သည်ဟုဆိုသည်။ သူတို့၏အကျင့်သည်တည၊ တပတ်အတွင်း၌ သိနိုင်သည်မဟုတ်။ အချိန်ယူဘို့လိုသည်။ ထို့ကြောင့်ဆရာများ၏ အကျင့်သိနိုင်ရန်မှာ၊ အချိန်စောင့်ဘို့လိုသည်။ သူတို့ပြောသမျှသောအရာကို မယုံရချေ။ ယခုမူသူတို့ပြောသမျှကို အလွန်အားရယုံကြည်တတ်ကြသည်။ မိစ္ဆာပရောဖက်များသည် ခေသူများမဟုတ်။ အပြောကောင်းသောသူများ၊ ဆီကဲ့သို့ချောအောင် ပြောတတ်သောသူများဖြစ်သည်။ ထို့ကြောင့် အပြောကောင်းလျှင် သတိထားဘို့လိုသည်။ သမ္မာတရားသိသောသူအတွက်၊ မှားယွင်းသောဆရာများကို သိနိုင်သော်လည်း၊ သမ္မာတရား နားမလည်သောသူများမူ၊ မည်သို့မျှနားမလည်နိုင်ကြချေ။
တန်ခိုးနိမိတ်လက္ခဏာများ
“သခင်၊ သခင်၊ ဟုငါ့ကိုလျှောက်သောသူတိုင်း၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသောငါ့ခမည်းတော်၏အလိုကို၊ ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒ ပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လော၊ ဟုအများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ၊ သင်တို့ကို ငါအလျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြ၊ ဟုထိုသူတို့အား အတည့်အလင်းငါပြောမည်။” (မဿဲ ရး၂၁-၂၃) ဟုခရစ်တော်က သတိပေးခဲ့သည်။
ခရစ်တော်က မှားယွင်းသောဆရာများသည်၊ သခင်၊ သခင် ဟုခရစ်တော်ကိုခေါ်သော်လည်း၊ ကောင်းကင်နိုင်ငံသို့ ရောက်မည်မဟုတ်ကြောင်းပြောထားသည်။ ထိုဆရာများက၊ ထိုနေ့တွင် သခင်၊ သခင်၊ အကျွန်ုပ်တို့သည်၊ ကိုယ်တော်အခွင့် နှင့်ဆုံးမဩဝါဒပေးပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့် နှင့်များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု၊ လျှောက်ကြလိမ့်မည်ဟုဆိုသည်။ (မြန်မာကျမ်းစာ၌ ကိုယ်တော် အခွင့်နှင့်ဟုဆိုသော်လည်း၊ အင်္ဂလိပ်ကျမ်းစာများ၌ ကိုယ်တော်နာမနှင့် ဟုဆိုထားသည်)။ မှားယွင်းသောဆရာများသည် ကိုယ်တော်၏နာမဖြင့် ဆုံးဩဝါဒပေးရုံသာမက၊ နတ်ဆိုးများကိုပင် နှင်ထုတ်၍ များစွာသောတန်ခိုးများကိုလည်း ပြနိုင်ကြသည်။ သို့သော်ထိုသူများကို ခရစ်တော်က၊ “အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြ၊ ဟုထိုသူတို့အား အတည့်အလင်းငါပြောမည်” ဟုဆိုသည်။ ထိုဆရာများကို ခရစ်တော်က၊ အဓမ္မအမှုကို ပြုသောသူများဟုဆိုသည်။ အဘယ်ကြောင့်နည်း။ သူတို့သည်ခရစ်တော်နှင့်မဆိုင်၊ ခရစ်တော်၏နာမကို အသုံးပြုသောဆရာအတု၊ ဆရာလိမ်များ ဖြစ်သောကြောင့်ဖြစ်သည်။ အဓမ္မအမှုကို အင်္ဂလိပ်ကျမ်းစာအုပ်များ၌ lawlessness ဟုဆိုထားသည်။ ဆိုလိုသည်မှာ စည်းကမ်းမဲ့၊ ပညတ်တော်အတိုင်းမဟုတ်၊ ဟုဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်၏ အလိုတော်အတိုင်းမဟုတ်၊ မိမိတို့အလိုဆန္ဒအတိုင်း၊ သို့မဟုတ်သူတို့ကို အသုံးပြုသော ဝိညာဉ်ဆိုးများ၏ အလိုအတိုင်း၊ ဟောပြောသွန်သင်ခြင်းကို ဆိုလိုသည်။ ထိုသူများသည် ကောင်းကင်နိုင်ငံသို့ မရောက်ဘဲ၊ ခရစ်တော်ထံမှ ဖယ်ခြင်းခံရမည့်သူများဖြစ်သည်။ ထို့ကြောင့်ခရစ်တော်၏နာမကို အသုံးပြုတိုင်းမယုံရပါ။ ထိုမျှသာမက၊ နိမိတ်လက္ခဏာ ပြုတိုင်းလည်း မယုံရပါ။ နတ်ဆိုးနှင်ထုတ်တိုင်းလည်း သန့်ရှင်းသောဝိညာဉ်တော် မဟုတ်ပါ။ သန့်ရှင်းသောဝိညာဉ်တော်ဟုတ်၊ မဟုတ်ကို သမ္မာကျမ်းစာအားဖြင့် သေချာစွာ စစ်ဆေးဘို့လိုအပ်သည်။
ပေါလုကလည်းသတိပေး
“ထိုကြောင့်သင်တို့သည် ကိုယ်ကိုသတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့်ဝယ်တော်မူသော အသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည်၊ သင်တို့ကို အအုပ်အချုပ်ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့်ကြည့်ရှုကြလော့။ အကြောင်းမူကား၊ ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကိုမသနားဘဲ သင်တို့အထဲသို့ ဝင်မည်ကို၎င်း၊ တပည့်တော်များကိုသွေးဆောင်ခြင်းငှါ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်ကို၎င်း၊ ငါသိ၏။” (တမန် ၂၀:၂၈-၃၀)
ရှင်ပေါလုကလည်း၊ သူမရှိသောနောက်ပိုင်းတွင်၊ ကြမ်းတမ်းသောတောခွေးတည်းဟူသော၊ စာတန်၏တမန်များ၊ မှားယွင်းသောသွန်သင်ပေးသူများ ပေါ်လာမည့်အကြောင်း၊ ဧဖက်အသင်းတော်၏ ခေါင်းဆောင်များထံ သတိပေးခဲ့သည်။ တောခွေးများသည် သိုးများကိုသနားမည်မဟုတ်။ ထို့နည်းတူ၊ မှားယွင်းသောဆရာများသည်၊ ယုံကြည်သူများကို သနားမည်မဟုတ်။ ယုံကြည်သူများလဲ၍ အပြစ်ကျူးလွန်လျှင်လည်း၊ ဂရုစိုက်မည်မဟုတ်။ သူတို့လိုချင်သောငွေရလျှင် ကျေနပ်ပြီ။ ယုံကြည်သူများ၏ ဝိညာဉ်ဆာငတ်နေမှုကို၊ လုံးဝဂရုစိုက်မည်မဟုတ်ချေ။ ထိုကဲ့သို့သော ဆရာအတုများသည်၊ အပြင်မှသာ ပေါ်ပေါက်မည်မဟုတ်၊ သူတို့အထဲမှလည်း ပေါ်ပေါက်မည်ဟုဆိုသည်။ ထို့ကြောင့်သင်ကိုယ်တိုင် ထိုသို့သောသူ မဖြစ်ဘို့သတိထားရမည်။
ဂလာတိနယ်ရှိ အသင်းတော်များထံ၌လည်း၊ ရှင်ပေါလုက ဤသို့ စာအားဖြင့် သတိပေးထားသည်၊ “သို့သော်လည်း သင်တို့အားငါဟောပြောသော ဧဝံဂေလိတရားမှတပါး၊ အခြားသောဧဝံဂေလိတရားကို ငါတို့သည်ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင် တမန်ပြောသော်၎င်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကိုခံစေ။” (ဂလာတိ ၁:၈) သမ္မာကျမ်းစာ၌ မပါသောဧဝံဂေလိတရားသည်၊ အခြားသောဧဝံဂေလိတရား ဖြစ်သောကြောင့်၊ ထိုတရားကို ဟောသောသူတို့သည် ကျိန်အပ်သောသူများဖြစ်သည်။
ရှင်ယောဟန်ကနှုတ်မဆက်ရဟုဆို
ရှင်ယောဟန်က သူ၏ဝိညာဉ်သားသမီးများထံ ဤသို့ စာရေးသည်၊ “လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို၊ ငြင်းပယ်လျက် လှည့်ဖြားသောသူအများတို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။ ငါတို့သည်ကိုယ်ပြုစုသောအရာ မပျောက်မပျက်၊ စုံလင်သောအကျိုးကို ရမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြု၍ စောင့်ရှောက်ကြလော့။ ခရစ်တော်၏ဒေသနာ၌ မတည်ဘဲ လွန်ကျူးသောသူမည်သည်ကား၊ ဘုရားသခင်ကိုမသိ။ ခရစ်တော်၏ဒေသနာ၌ တည်သောသူသည်၊ ခမည်းတော်နှင့် သားတော်ကိုသိ၏။ ထိုဒေသနာတော် မပါသောသူသည်၊ သင်တို့ထံသို့လာလျှင်၊ သူ့ကိုသင့်အိမ်၌လက်မခံနှင့်။ မင်္ဂလာရှိစေသော၊ ဟုနှုတ်မဆက်နှင့်။ မင်္ဂလာရှိစေသော၊ ဟုထိုသူကိုနှုတ်ဆက်လျှင်၊ သူ၏ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာသို့ရောက်၏။” (၂ ယော ၁းရ- ၁၁)
ဤနေရာ၌ ယောဟန်ပြောသော လှည့်ဖြားသောသူတို့သည်၊ ယေရှုခရစ်ကို ငြင်းပယ်သောသူများဖြစ်သည်။ ယခုခေတ် လှည့်ဖြားသောသူများသည် မဿဲ ရး၂၁-၂၂ ၌ဖေါ်ပြသော ခရစ်တော်နာမကို အသုံးပြုသောသူများဖြစ်သည်။ ထိုသူများသည် ခရစ်တော်၏ဒေသနာ၌ မတည်သောသူများဖြစ်သည်။ ယောဟန်က “ထိုဒေသနာတော် မပါသောသူသည် သင်တို့ထံသို့လာလျှင်၊ သူ့ကိုသင့်အိမ်၌ လက်မခံနှင့်။ မင်္ဂလာရှိစေသော၊ ဟုနှုတ်မဆက်နှင့်။ မင်္ဂလာရှိစေသော၊ ဟုထိုသူကို နှုတ်ဆက်လျှင်၊ သူ၏ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာသို့ရောက်၏။” ဟုအတည့်အလင်း ဆိုထားသည်။ .
သင်ခန်းစာ(၂)မေးခွန်းများ
၁။ ယောဟန်က အဘယ်ကြောင့် ခပ်သိမ်းသောဝိညာဉ်များကို မယုံဘို့ပြောသနည်း။.............
၂။ မည်ကဲ့သို့သောဝိညာဉ်များကို သာလက်ခံရမည်နည်း။...................
၃။ ယောဟန်သတိပေးခဲ့သော ပေတံဖြင့်ဝိညာဉ်များကို စစ်ဆေးနိုင်သေးသလော။................အဘယ်ကြောင့်နည်း။........
၄။ ခရစ်တော်က ပရောဖက်အတုများကို ဥပမာဘယ်နှစ်မျိုးဖြင့် ခိုင်းနှိုင်းသနည်း။..................
၅။ ပရောဖက်အတုများသည် အဘယ်ကြောင့် သိုးရေခြုံထားသနည်း။....................................
၆။ တောခွေးများသည် သိုးများကို ကိုက်စားသကဲ့သို့၊ ဆရာအတုများသည် ဘာလုပ်မည်နည်း။......................
ရ။ ဆရာအတုများက မည်ကဲ့သို့သွန်သင်မည်နည်း။.........................................
၈။ ယနေ့ခရစ်ယာန်များ ဆရာအတုများကို သိကြပါသလော။................................
၉။ ခရစ်တော်၏ဥပမာ၌ ဆရာအတုများကို ဘာနှင့်နှိုင်းထားသနည်း။...........................
၁၀။ ဆရာအတုများသည် ခရစ်တော်၏နာမကို အသုံးပြုကြပါသလော။.......................
၁၁။ ဆရာအတုများသည် မည်ကဲ့သို့သောအရာများ လုပ်နိုင်ကြမည်နည်း။.......................
၁၂။ ဆရာအတုများကို ခရစ်တော်က မည်ကဲ့သို့ပြန်ပြောမည်နည်း။........................................
၁၃။ ဆရာမှန်မမှန်ကို နိမိတ်လက္ခဏာပြနိုင်ခြင်းအားဖြင့် တိုင်းတာရမည်လော။...................
၁၄။ ဆရာတုများသည် ယုံကြည်သူများကို သနားပါမည်လော။...............................
၁၅။ ဆရာတုများ၏ အဓိကလိုချင်သောအရာသည် အဘယ်အရာနည်း။.............................
၁၆။ ယောဟန်က မှားယွင်းသောဆရာများကို မည်ကဲ့သို့ပြုရမည်၊ ဟုဆိုသနည်း။..................
၁ရ။ အဘယ်ကြောင့် မှားယွင်းသောဆရာများကို မင်္ဂလာရှိစေသော၊ ဟုမဆိုရသနည်း။..........
သင်ခန်းစာ (၃)
အဘယ်ကြောင့်နည်း
အဘယ်ကြောင့် ထိုကဲ့သို့မှားယွင်းသောဆရာများ ပေါ်ပေါက်ရသနည်း။ ထိုအရာကို သိရှိလျှင် ပို၍သတိထားနိုင်လိမ့်မည်။
ငွေတပ်မက်သောကြောင့်
ကျမ်းစာကဤသို့ဆိုထားသည်၊ “သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက် ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဌိအယူများကို ပရိယာယ်အားဖြင့်သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသောအရှင်ကို ငြင်းပယ်လျက်၊ မိမိတို့အပေါ်သို့ လျင်စွာသောဖျက်ဆီးခြင်းကို ရောက်စေသောမိစ္ဆာဆရာတို့သည် သင်တို့တွင်ရှိကြလိမ့်မည်။ သူတို့ ညစ်ညူးသော အကျင့်ဓလေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့်၊ သမ္မာတရားလမ်း အသရေသည် ပျက်စီးလိမ့်မည်။ သူတို့သည် လောဘလွန်ကျူးလျက်၊ ချော့မော့သောစကားနှင့် သင်တို့ကို ကုန်သွယ်ကြလိမ့်မည်။” (၂ ပေ ၂:၁-၃)
ရှင်ပေတရုက မိစ္ဆာဆရာ (မှားယွင်းသောဆရာ) တို့သည် လောဘလွန်ကျူး၍ ချော့မော့သောစကားနှင့် သင်တို့ကိုကုန်သွယ်ကြလိမ့်မည်၊ ဟုဆိုသောကြောင့်၊ လောကပစ္စည်းတည်းဟူသော ငွေတပ်မက်ခြင်းကြောင့်ဖြစ်သည်။ မှားယွင်းသောဆရာများ၏ အဓိကရည်ရွယ်ချက်မှာ၊ ငွေရရှိဘို့ ဖြစ်သည်။ ထိုဆရာများသည် ဝိညာဉ်များကိုချစ်၍အမှုဆောင်သည်မဟုတ်၊ ငွေတပ်မက်သောကြောင့် အမှုဆောင်ကြခြင်းဖြစ်သည်။ ထိုသူတို့သည် ညစ်ညူးသောအကျင့်ဓလေ့တို့ကိုကျင့်၍၊ လူအများစုသည် သူတို့ကို လိုက်သောအားဖြင့်၊ ပျက်စီးမည်ဟုဆိုသည်။ ထိုကြောင့်မိတ်ဆွေအနေဖြင့်၊ ထိုသူများနောက် မလိုက်ဘို့သတိထားရမည်။
တမန်တော်ပေါလုကလည်း၊ “ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒနှင့်၊ ဆန့်ကျင်ဘက်ဖြစ်သော သင်းခွဲခြင်း၊ မှားယွင်းခြင်းအကြောင်းကို ပြုတတ်သောသူတို့ကိုမှတ်၍၊ ရှောင်ကြလော့၊ ဟုငါသတိပေး၏။ အကြောင်းမူကား၊ ထိုသို့သောသူတို့သည်၊ ငါတို့သခင်ခရစ်တော်၏ အမှုကိုမဆောင်ရွက်ဘဲလျက်၊ မိမိတို့ဝမ်း၏အမှုကိုသာ ဆောင်ရွက်၍၊ လောကဝတ်စကားနှင့် ချော့မော့သော စကားအားဖြင့်၊ စိတ်ကောင်းသောသူတို့ကို လှည့်ဖြားတတ်ကြ၏။” (ရော ၁၆:၁ရ- ၁၈) ဟုရောမအသင်းတော်ကို သတိပေးခဲ့သည်။
မှားယွင်းသောဆရာများသည် ခရစ်တော်၏အမှုကို မဆောင်ရွက်ဘဲ၊ မိမိတို့ဝမ်း၏အမှုကို သာဆောင်ရွက်သည်။ လောကဝတ်စကား (အပြောကောင်းခြင်း)နှင့်၊ ချော့မော့သော စကားအားဖြင့် လူများကိုလှည့်ဖြားတတ်ကြသည်။ သူတို့၏နောက်ဆုံး ရည်ရွယ်ချက်သည်၊ ငွေရရှိရေးနှင့် နာမည်ကျော်ကြားရေးဖြစ်သည်။ ထိုသူများကိုမှတ်၍ ရှောင်ဘို့ ရေးထားသည်။
အဘယ်ကြောင့် လူများစွာတို့သည် မှားယွင်းသောဆရာများနောက်ကို လိုက်ကြသနည်း။
သမ္မာတရားမသိသောကြောင့်
ကျမ်းစာက၊ “နောင်ကာလ၌ လူတို့သည် စင်ကြယ်သောဩဝါဒကို နားမခံနိုင်ဘဲ၊ ယားတတ်သောနားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသောဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။ သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဍာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။” (၂ တိ ၄:၃-၄) ဟုဆိုသည်။
ကျမ်းစာကဖေါ်ပြသည့်အတိုင်း လူတို့သည် စင်ကြယ်သောဩဝါဒကို နားမခံနိုင်ချေ။ စင်ကြယ်သောဩဝါဒဆိုသည်မှာ သမ္မာတရားကိုဆိုလိုသည်။ လူအများစုသည်သမ္မာတရားကို နားမခံနိုင်ဘဲ၊ ယားတတ်သောနားရှိကြသည်။ ယားတတ်သောနားဆိုသည်မှာ နားအရသာခံခြင်း၊ မိမိလိုချင်သောအရာကိုသာ ကြားလိုခြင်းဖြစ်သည်။ ထိုသူများသည် သမ္မာတရားထက်၊ ဒဏ္ဍာရီစကားကို နားထောင်ချင်မည် ဟုဆိုသည်။ ဒဏ္ဍာရီစကား ဆိုသည်မှာ ပုံပြင်များ၊ စိတ်ကူးယဉ်သောအရာများကို ဆိုလိုသည်။ ဘုရားသခင်၏သမ္မာတရားထက်၊ လောက၌တိုးတက်မည့်အရာများ၊ ထူးဆန်းသောအရာများကိုသာလျှင် ကြားချင်သည်။ ထိုသို့လူများကြားချင်သည်ကို ဆရာများကလည်းသိ၍၊ လူ့အကြိုက်တရားများကိုဟောကြသည်။ ထို့ကြောင့်ဆရာများနှင့် တပည့်များသည်၊ အချင်းချင်း သဘောတူထောက်ခံကြသည်။ ထိုသို့လမ်းလွဲသောနေရာ၌ လူများတတ်သည်။ ထို့ကြောင့် လမ်းမှားလမ်းမှန်ကို လူဦးရေဖြင့် တိုင်းတာ၍မရချေ။ များသောအားဖြင့် လမ်းမှားကိုလိုက်သောသူသည် လူများတတ်သည်။ ကျမ်းစာကလည်း လမ်းလွဲသောသူတို့သည် များလိမ့်မည် ဟုဆိုသည်။ “ကျဉ်းသောတံခါးကို ဝင်ကြလော့။ ပျက်စီးခြင်းသို့ရောက်သောလမ်းနှင့် တံခါး သည်ကျယ်ဝန်းသည်ဖြစ်၍၊ ဝင်သောသူတို့သည်များကြ၏။ အသက်ရှင်ခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည်အ လွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သောသူတို့သည် နည်းကြ၏။” (မဿဲ ရး၁၃-၁၄)
ဩတ္တပ္ပစိတ်ပျက်စီးသောကြောင့်
ကျမ်းစာက၊ “ဝိညာဉ်တော်သည် အတည့်အလင်း ဗျာဒိတ်ထားတော်မူသည်ကား၊ နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသာစကားကိုပြောတတ်သောသူတို့၏ လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌၎င်း၊ နတ်ဘုရားတို့နှင့် စပ်ဆိုင်သောဩဝါဒတို့၌၎င်း၊ မှီဝဲဆည်းကပ်ကြလိမ့်မည်။” ဟုဆိုထားသည် (၁ တိမောသေ ၄:၁-၂)။
မှားယွင်းသောဆရာများ နောက်လိုက်ခြင်းအကြောင်းရင်း တခုမှာ၊ ဩတ္တပ္ပစိတ်တွင် သံပူခတ်ခြင်းခံသောကြောင့်ဖြစ်သည်။ ဩတ္တပ္ပစိတ်သည်၊ ကောင်းကျိုးဆိုးကျိုး သိနိုင်သောစိတ်ဖြစ်သည်။ ကိုယ်ကိုကိုယ်သိသောစိတ်နှလုံး ဟုကျမ်းစာ၌တွေ့ရသည်။ ထိုစိတ်သည်ယုံကြည်သူ၊ မယုံကြည်သူအားလုံး၌ရှိသည်။ ကျမ်းစာက၊ “သာသနာပလူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်အလိုအလျောက် တရားတော်ကိုကျင့်သောအခါ၊ သူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်ကျင့်တရားကို အမှီပြုသဖြင့်၎င်း၊ ကိုယ်ကိုကိုယ်သိသောစိတ်နှလုံး (Conscience) သည်သက်သေခံသဖြင့်၎င်း၊ အချင်းချင်းဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်၎င်း၊ မိမိတို့ စိတ်နှလုံးထဲ၌ မှတ်သားသောတရား၏ အကျိုးကိုထင်ရှားစွာပြကြ၏။” (ရောမ ၂:၁၄-၁၅) ဟုဆိုထားသည်။ ထို့ကြောင့် မယုံကြည်သူများလည်း၊ ဩတ္တပ္ပစိတ်ရှိကြသည်။ သံပူခတ်ခြင်းဆိုသည်မှာ၊ ပစ္စည်းတခုကိုသံပူနှင့်ခတ်လိုက်လျှင် ပျက်စီးသွားမည်ဖြစ်သည်။ ထို့ကြောင့်ဩတ္တပ္ပစိတ် သံပူခတ်ခြင်းဆိုသည်မှာ၊ ဩတ္တပ္ပစိတ်ပျက်စီးသွားခြင်းကို ဆိုလိုသည်။
ထိုသို့ဩတ္တပ္ပစိတ် ပျက်စီးသွားသောအခါ၊ ကိုယ်ကိုကိုယ် သိသောစိတ်မရှိ၊ ကောင်းကျိုးဆိုးကျိုးမသိတော့ချေ။ ရှက်ခြင်း၊ ကြောက်ခြင်းလည်း မရှိတော့ချေ။ အပြစ်လုပ်ဘို့ရန် တံခါးပွင့်သွားပြီဖြစ်သည်။ သူခိုးဝင်ဘို့ရန်လည်းလွယ်ကူသွားပြီ။ ထိုကြောင့် အပြစ်ကို စိတ်ပါစွာ ကျူးလွန်လာတတ်သည်။ ထိုကဲ့သို့ ဩတ္တပ္ပစိတ်ပျက်သွားသောသူများကို၊ မုသာပြောတတ်သောသူများက လှည့်စားသောအခါ၊ ပါသွား၍၊ ယုံကြည်ခြင်းကိုလည်း စွန့်ပယ်ကာ လှည့်ဖြားသောစိတ်ဝိညာဉ်တို့နှင့်၊ နတ်ဘုရားတို့နှင့်ဆိုင်သော သွန်သင်ခြင်းများ၌ပါ သွားခြင်းဖြစ်သည်။ ထိုအရာများကိုသန့်ရှင်းသောဝိညာဉ်တော် ဟုယုံကြည်လာကြသည်။
လူများ၏စိတ်ဖေါက်ပြန်သောကြောင့်
“နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည် ဟုသိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည်ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။” (၂ တိမောသေ ၃:၁-၅) အထက်ကျမ်းပိုဒ်၌ ရေးထားသကဲ့သို့၊ ယခုအချိန်သည် နောက်ဆုံးသောကာလဖြစ်သည်။ ထို့ကြောင့်ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ အားရနှစ်သက်ကြသည်။ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်ကြသည်။ ထို့ကြောင့် မှားယွင်းသောအယူဝါဒများကိုလည်း ယူကြသည်။
သင်ခန်းစာ (၃) မေးခွန်းများ
၁။ မှားယွင်းသောဆရာများသည် အဘယ်ကြောင့် ပေါ်ပေါက်ရသနည်း။............................
၂။ မှားယွင်းသောဆရာများသည် ဝိညာဉ်များကို ချစ်ကြသလော။................................
၃။ သူတို့သည် ခရစ်တော်၏အမှုကိုမဆောင်ဘဲ ဘာအမှုဆောင်ကြသနည်း။......................
၄။ သူတို့သည် မည်ကဲ့သို့သောစကားများကို သုံးကြသနည်း။...............................
၅။ စင်ကြယ်သော ဩဝါဒသည် ဘာကိုဆိုလိုသနည်း။...............................
၆။ လူများသည် မည်ကဲ့သို့သောနား ရှိကြသနည်း။...........................
ရ။ ဒဏ္ဍာရီစကားဆိုသည်မှာမှာ အဘယ်အရာနည်း။..........................
၈။ လမ်းလွဲဆရာများနှင့် လမ်းလွဲသူများ အကြိုက်တူပါသလား။.............ဘာကြိုက်ကြသနည်း။......
၉။ လမ်းလွဲသူနှင့် လမ်းမှန်သူ မည်သူက ပိုများတတ်သနည်း။..........................
၁၀။ ဩတ္တပ္ပစိတ်ဆိုသည်မှာ အဘယ်အရာနည်း။..................................
၁၁။ ဩတ္တပ္ပစိတ် သံပူခတ်ခြင်းဆိုသည်မှာ အဘယ်အရာနည်း။..............................
၁၂။ ဩတ္တပ္ပစိတ်ပျက်လျှင် မည်ကဲ့သို့ဖြစ်လာသနည်း။...........................
၁၃။ ယခုခေတ်တွင် ဘုရားသခင်ကိုချစ်သည်ထက် ဘာကိုချစ်ကြသနည်း။.........................
၁၄။ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍ ဘာကိုငြင်းပယ်ကြသနည်း။.......................
သင်ခန်းစာ (၄)
မည်သို့စစ်ဆေးရမည်နည်း
မှားယွင်းသောဆရာများ စစ်ဆေးနည်းကို သခင်ယေရှုက ဖေါ်ပြထားသည်မှာ အသီးအားဖြင့်သိရမည်ဟုဆိုသည်။ ယခုထပ်မံ၍ မည်ကဲ့သို့စစ်ဆေး သိရှိနိုင်ကြောင်းကို ဖေါ်ပြလိုပါသည်။
ကျမ်းစာ၌ရှိသလော
ဩဝါဒအသစ်ကြားလာလျှင် ပဌမဦးဆုံး ကျမ်းစာ၌ပါသလော မပါသလောဟူသောအရာကို စစ်ဆေးရမည်။ အကြောင်းမူကား ဝိညာဉ်ရေးရာသည် လူ့ ဦးနှောက်၊ အတွေးအခေါ်၊ ပညာ၊ ခံစားချက်ဖြင့် အမှားအမှန်မသိနိုင်ပါ။ ရှင်ပေါလုက၊ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ ဘုရားသခင်၏လူသည်စုံလင်သောသူ၊ ကောင်းသောအမှု အမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဖေါ်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်၏။” (၂ တိ ၃:၁၆-၁ရ) ဟုဆိုထားသည်။
တဖန်၊ “ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့်ခြင်ဆီကို၎င်း၊ ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ အစည်များကိုလည်း သိမြင်တတ်၏။” (ဟေ ၄:၁၂) ဟုဆိုသည်။
ထို့ကြောင့်သွန်သင်မှုမှန်သမျှသည် ကျမ်းစာအားဖြင့် စစ်ဆေးနိုင်ရမည်။ ကျမ်းစာအပြင်ဘက်မှဖြစ်လျှင်မှားယွင်းသော အယူဝါဒဖြစ်သည်။ မှားယွင်းသောဆရာများက ကျမ်းစာသည် မလုံလောက်ပါ၊ ဘုရားသခင်သည်အလွန်ကြီးမြတ်သောကြောင့် သူ၏လုပ်ဆောင်မှုများသည် ကျမ်းစာ၌အားလုံးမရေးပါ၊ ဟုဆိုကာကျမ်းစာကိုပရိယာယ်ဖြင့်ပယ်ကြသည်။ ကျမ်းစာကိုပယ်လျှင် သူတို့၏လုပ်ဆောင်ချက်ကို စစ်ဆေး၍မရတော့ချေ။ ထိုသို့ကျမ်းစာကိုပယ်ခြင်းသည် စာတန်၏နည်းဗျူဟာတခုဖြစ်သည်။
ခရစ်တော်ကလုပ်ဘူးသလော
ဩဝါဒကိုစစ်ဆေးနည်းတခုမှာ ခရစ်တော်ကိုယ်တိုင် လောက၌ အသက်ရှင်စဉ် ပြုလုပ်ဘူးသလော၊ ပြုလုပ်ဘို့ရန် တိုက်တွန်းဘူးသလော ဟူသောအရာဖြစ်သည်။ ခရစ်တော်ကိုယ်တော်တိုင်က မပြုလုပ်ဘူးသောအရာများသည် မှားယွင်းသည်။
တမန်တော်များကလုပ်ဘူးသလော
ခရစ်တော်ကိုယ်တိုင် မပြုလုပ်ဘူးလျှင်လည်း တမန်တော်များက ပြုလုပ်ဘူးသလော ဟူသောအရာအား ဖြင့်ဩဝါဒများကို စစ်ဆေးနိုင်သည်။ အကြောင်းမှာ ခရစ်တော်ကိုယ်တိုင်က၊ “ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကို ပြုလိမ့်မည်။ ထိုအမှုတို့ထက် သာ၍ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည်။” (ယော ၁၄:၁၂) ဟုဆိုခဲ့သည်။ ထို့ကြောင့်တမန်တော်များက ပြုဘူး၊ ကျင့်သုံးဘူးသလော၊ ဟုစစ်ဆေးနိုင်သည်။ ခရစ်တော်ကလည်းမကျင့်၊ တမန်တော်များကလည်းမကျင့်၊ မသုံးဘူးလျှင် ထိုအရာသည် ရှင်ပေါလုပြောသကဲ့သို့အခြားသော ဧဝံဂေလိတရားဖြစ်သည်။ အဝေးမှ ရှောင်ဘို့သာလျှင်ရှိသည်။
သင်ခန်းစာ (၄) မေးခွန်းများ
၁။ မှားယွင်းသောဩဝါဒကို မည်ကဲ့သို့စစ်ဆေးနိုင်သနည်း။..................................
၂။ ပေါလုက (၂ တိ ၃း၁၆-၁ရ) ၌ကျမ်းစာသည် ဘာလုပ်နိုင်သည် ဟုဆိုသနည်း။ ..........
၃။ မှားယွင်းသောဆရာများက ကျမ်းစာကိုမည်ကဲ့သို့ ပယ်သနည်း။..................................
၄။ ကျမ်းစာကိုပယ်ထားလျှင် မှားယွင်းမှုကို စစ်ဆေးနိုင်သေးသလော။..........................
၅။ မှားယွင်းသောဩဝါဒကို မည်သူက လုပ်ဘူးသလော ဟုစစ်ဆေးရမည်နည်း။....................
၆။ ခရစ်တော်က တမန်တော်များထံ မည်ကဲ့သို့ပြောဘူးသနည်း (ယော ၁၄း၁၂)...........
ရ။ နောက်ဆုံး မှားယွင်းသောဩဝါဒကို မည်ကဲ့သို့စစ်ဆေးမည်နည်း။..............................
သင်ခန်းစာ (၅)
ခေတ်ငါးခေတ်
ဤလောကနှင့်ပတ်သက်၍ သုံးပါးတဆူဘုရားသခင်သည် တပြိုင်တည်းအလုပ်မလုပ်ချေ။ တခါတရံသုံးပါးစလုံး ပြိုင်တူတွေ့ရသောအချိန်ရှိသော်လည်း များသောအားဖြင့် သူ့ခေတ်နှင့်သူ ခွဲခြား၍အလုပ်လုပ်ကြောင်းကိုကျမ်းစာထဲ၌တွေ့ရသည်။ ဓမ္မဟောင်းခေတ်၌ သားတော်နှင့်ဝိညာဉ်တော်၏ လှုပ်ရှားမှုနှင့် လုပ်ဆောင်မှုများတွေ့ရသော်လည်း အဓိကအားဖြင့် ခမည်းတော်ဘုရား၏ လှုပ်ရှားလုပ်ဆောင်မှု အများဆုံးတွေ့ရသည်။ ထိုနည်းတူ ဓမ္မသစ်ခေတ်၌ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ လှုပ်ရှားမှု၊ လုပ်ဆောင်မှုများ၊ များစွာတွေ့နိုင်သော်လည်း ခမည်းတော်၏ လှုပ်ရှားလုပ်ဆောင်မှုသည် မတွေ့ရသလောက်နည်းပါးသည်။
၁။ ခမည်းတော်ခေတ်
ဓမ္မဟောင်းကာလသည် ခမည်းတော်ဘုရား၏ ခေတ်ဖြစ်သည်။ ထို့ကြောင့်ဤလောကနှင့် ပတ်သက်၍ သူ၏ လှုပ်ရှားမှုနှင့် လုပ်ဆောင်မှု အများဆုံးတွေ့ရသည်။ ခမည်းတော်ခေတ် ဟုဆိုသော်လည်း ခမည်းတော်ကိုရုပ်အားဖြင့်မတွေ့ချေ။ သူ့ကိုမိုးတိမ်အားဖြင့်သာ တွေ့ရ၍အသံတော်အားဖြင့်သာ ကြားရသည်။
ခမည်းတော်ဘုရား၏အသံတော်ကြား
“ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်း ပေါင်းဘော်များထဲကထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့သွားလော့။” (ကမ္ဘာ ၁၂:၁) ဘုရားသခင်သည် အာဗြံကိုအသံအားဖြင့်ခေါ်၍စကားပြောသည်။
“ထိုနောက်၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ် ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအားထင်ရှားတော်မူ၍၊ ငါသည်အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာသွားလာ၍ စုံလင်ခြင်းရှိလော့။” (ကမ္ဘာဦး ၁ရး၁)ဟုလူလူချင်းပြောသကဲ့သို့ ဘုရားသခင်က အာဗြံကိုစကားပြောသည်။
“ဘုရားသခင်၏ ကောင်းကင်တမန်သည် ချုံထဲကထွက်သော မီးလျှံ၌ထင်ရှား၏။ မောရှေသည်ကြည့်သောအခါ၊ မီးလောင်၍ချုံမကျွမ်းဘဲ ရှိသည်ကိုမြင်လျှင်၊ အဘယ်ကြောင့် ချုံမကျွမ်းဘဲရှိသနည်း။ ဤထူးဆန်းသောရူပါရုံကို ငါသွား၍ကြည့်ရှုမည်ဟုဆို၏။ မောရှေသွား၍ကြည့်ရှုကြောင်းကို ထာဝရဘုရားမြင်တော်မူလျှင်၊ မောရှေ၊ မောရှေ ဟုချုံထဲကခေါ်တော်မူ၏။ မောရှေကလည်း၊ အကျွန်ုပ်ရှိပါ၏ ဟုလျှောက်လေ၏။ ဘုရားသခင်ကလည်း၊ မချဉ်းနှင့်။ သင်၏ခြေနင်းကိုချွတ်လော့။ သင်နင်းသောအရပ်ကား သန့်ရှင်းသောမြေဖြစ်သည် ဟူ၍၎င်း၊ ငါသည်သင့်အဘ၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည် ဟူ၍၎င်း၊ မိန့်တော်မူ၏။ မောရှေသည်ဘုရားသခင်ကို မကြည့်ဝံ့၊ မိမိမျက်နှာကို ဖုံးလျက်နေ၏။” (ထွက်မြောက်ရာ ၃:၂-၆) မောရှေသည် ဘုရားသခင်ကို ချုံထဲမှမီးလောင်ခြင်းအားဖြင့် တွေ့မြင်ရသော်လည်း ဘုရားသခင်ကိုယ်တော်တိုင်ကို မတွေ့မြင်ရချေ။ သို့သော်ဘုရားသခင်က သူ့ကိုအသံအားဖြင့် စကားပြောသည်။
“ထာဝရဘုရားသည် ပရိသတ်စည်းဝေးရာ တဲတော်ထဲကအသံကိုလွှင့်လျက် မောရှေကိုခေါ်တော်မူ၍၊ သင်သည် ဣသရေလ အမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊ သင်တို့တွင် တစုံတယောက်သောသူသည် ထာဝရဘုရားအားပူဇော်သက္ကာကို ပြုလိုလျှင်၊ ယဉ်သောတိရစ္ဆာန် တည်းဟူသောနွား၊ သိုး၊ ဆိတ်ကိုဆောင်ခဲ့၍ ဆက်ရမည်။” (ဝတ်ပြုရာ ၁:၁-၂) ထာဝရဘုရားသည် တဲတော်အထဲ၌ကျိန်းဝပ်သည်။ ထို့ကြောင့်တဲတော်အထဲမှ မောရှေကိုအသံလွှင့်၍ ခေါ်ခြင်းဖြစ်သည်။ အသံလွှင့်၍ ဟုဆိုခြင်းသည် အသံတိုးတိုးနှင့်မဟုတ်၊ ကျယ်လောင်စွာ ခေါ်ခြင်းကိုဆိုလိုသည်။
ဘုရား၏ဘုန်းတော်ထင်ရှား
“ပရိသတ်အပေါင်းတို့သည်၊ ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့်ပစ်စေခြင်းငှါ စီရင်ကြ၏။ ထိုအခါထာဝရဘုရား၏ ဘုန်းတော်သည် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ ပရိသတ်စည်းဝေးရာတဲတော်၌ ထင်ရှားလေ၏။” (တောလည်ရာ ၁၄:၁၀) ပရိသတ်အပေါင်းသည် ဘုရားသခင်၏ဘုန်းတော်ကို မျက်စိနှင့်မြင်ရသော်လည်း သူကိုယ်တိုင်ကိုမတွေ့ရချေ။
“ပရိသတ်အပေါင်းတို့သည် မောရှေနှင့်အာရုန်တဘက်၌ စုဝေးကြသောအခါ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့မြော်ကြည့်၍၊ မိုးတိမ်သည် တဲတော်ကိုလွှမ်းမိုး၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် ထင်ရှားလေ၏။” (တောလည်ရာ ၁၆:၄၂) ကောရ၊ ဒါသန်နှင့်အဘိရံတို့က မောရှေနှင့်အာရုန်တို့ကို ဆန့်ကျင်သောအခါ ဘုရားသခင်သည် သူတို့ကိုတရားစီရင်ဆုံးဖြတ်ဘို့ရန် တဲတော်၌ထင်ရှားသည်။ သူ၏ကိုယ်ခန္ဓာကို မတွေ့မြင်ရဘဲ ဘုန်းတော်ကိုသာလျှင် တွေ့မြင်ရသည်။
၂။ သားတော်ခေတ်ပဌမပိုင်း
သားတော်ဘုရား တည်းဟူသော ယေရှုခရစ် ဤလောကသို့ဆင်းကြွ၍၊ လူ့ဇာတိခံသောအချိန်သည် သားတော်ခေတ် ဟုဆိုနိုင်သည်။ ဤအရာသည် သားတော်ခေတ်၏ ပဌမပိုင်းဖြစ်၍၊ နှစ်ပေါင်း ၃၃ နှစ်သာလျှင်ရှိသည်။ ဤခေတ်၌သားတော်သည်၊ လူသားများနှင့်ပေါင်းဖေါ်၍ စကားပြောသည်၊ အမှုဆောင်သည်။ ခရစ်ဝင်ကျမ်းဖြစ်ကြသော မဿဲ၊ မာကု၊ လုကာနှင့်ယောဟန်တို့က၊ သားတော်၏လုပ်ဆောင်မှုများနှင့် လှုပ်ရှားမှုများကို မှတ်တမ်းတင်ထားကြသည်။
သားတော်ခေတ်အပြီးတွင် သန့်ရှင်းသောဝိညာဉ်တော် ပေးမည့်အကြောင်းကို ခရစ်တော်က ဤသို့ ဆိုထားသည်၊ “ထိုပွဲကိုခံ၍နောက်ဆုံးဖြစ်သောနေ့မြတ်၌ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင်ငါ့ထံသို့လာ၍သောက်လော့။ ငါ့ကိုယုံကြည်သောသူသည်၊ ကျမ်းစာလာသည်အတိုင်းအသက်ရေထွက်ရာစမ်းရေတွင်းဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည်ခံရလတံ့သောဝိညာဉ်တော်ကိုရည်မှတ်၍မိန့်တော်မူ၏။ ယေရှုသည်ဘုန်းပွင့်တော်မမူသေးသောကြောင့်သန့်ရှင်းသောဝိညာဉ်တော်ကိုပေးတော်မမူသေး။” (ယောဟန် ရး၃ရ- ၃၉)။
ဤနေရာ၌ထင်ရှားသောအရာသည်၊ သားတော်ခေတ်၌သန့်ရှင်းသောဝိညာဉ်တော်ကိုမပေးသေးခြင်းဖြစ်သည်။ ယေရှုသည်ဘုန်းပွင့်တော်မမူသေးသောကြောင့်သန့်ရှင်းသောဝိညာဉ်တော်ကိုပေးတော်မမူသေးဟုဆိုသည်။
တဖန်ခရစ်တော်က၊ “ငါ့ကို ချစ်လျှင်ငါပညတ်တို့ကိုစောင့်ရှောက်ကြလော့။ ငါသည်ခမည်းတော်ကိုတောင်း၍၊ ခမည်းတော်သည်သမ္မာတရားကိုပြသောဝိညာဉ်တော် တည်းဟူသော၊ တပါးသောဥပဇ္ဈာယ်ဆရာကိုသင်တို့နှင့်အတူအစဉ်မပြတ်တည်နေစေခြင်းငှါ၊ သင်တို့အားပေးတော်မူမည်။” ဟုဆိုသည် (ယောဟန် ၁၄:၁၅-၁၆)။
ဤနေရာ၌လည်း၊ ခရစ်တော်ကသန့်ရှင်းသောဝိညာဉ်တော်ကိုပေးမည့် အကြောင်းဖေါ်ပြထားသည်။ ထိုသို့ပေးသောအခါ၊ ဓမ္မဟောင်းကာလကဲ့သို့ခဏနေဘို့ရန် မဟုတ်ဘဲ၊ ယုံကြည်သူများနှင့်အစဉ်မပြတ်နေဘို့ရန်ပေးမည်ဖြစ်သည်။ ဆက်၍ခရစ်တော်က၊ “ခမည်းတော်သည်ငါ့အတွက်ကြောင့်စေလွှတ်တော်မူသောဥပဇ္ဈာယ်ဆရာတည်းဟူသောသန့်ရှင်းသောဝိညာဉ်တော်သည်၊ သင်တို့အားခပ် သိမ်းသောအရာတို့ကိုပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသောစကားတို့ကိုမှတ်မိသောဥာဏ်ကိုသင်တို့အားပေးတော်မူမည်။” ဟုဆိုသေးသည် (ယောဟန် ၁၄:၂၆)။
တပည့်တော်များသည်၊ သားတော်နှင့်ရှိစဉ်တွင်ခလေးကဲ့သို့ဖြစ်၍၊ မှတ်မိဥာဏ်များလည်းမရှိကြချေ။ ထို့ကြောင့်ခရစ်တော်ကသန့်ရှင်းသောဝိညာဉ်တော်ရောက်လာသောအခါ၊ ခပ်သိမ်းသောအရာတို့ကိုသွန်သင်သည်သာမက၊ မှတ်မိသောဥာဏ်ပေးမည် ဟုဆိုသည်။ သန့်ရှင်းသောဝိညာဉ်ရရှိသောအခါတမန်တော်များသည်၊ ယခင်ကဲ့သို့ မဟုတ်တော့ဘဲများစွာသိတတ်လာ၍၊ ခရစ်တော်ပြောသောအရာများကိုလည်းမှတ်မိကာကျမ်းစာ၌အသေးစိပ်ပြန်ရေးနိုင်ကြသည်။
ခရစ်တော်က၊ “ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင်သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင်ဥပဇ္ဈာယ်ဆရာသည်သင်တို့ဆီသို့မလာ။ ငါသွားလျှင်ထိုသူကိုသင်တို့ဆီသို့ ငါစေလွှတ်မည်။” ဟုဆိုသည် (ယောဟန် ၁၆:ရ)။ ခရစ်တော် ကသူရှိနေလျှင်၊ သန့်ရှင်းသောဝိညာဉ်တော်မလာနိုင်၊ သူသွားမှသာလျှင်လာနိုင်မည်ဟုဆိုသည်။ ထို့ကြောင့်သားတော်ခေတ်တွင်သန့်ရှင်းသောဝိညာဉ်တော်မပေးသေးကြောင်း ထင်ရှားသည်။
“ထိုတမန်တော်တို့သည်လည်းစုဝေး၍၊ ‘သခင်ဘုရား၊ ယခုအခါကိုယ်တော်သည် ဣသရေလအမျိုးသားတို့အားနိုင်ငံကိုပြန်ပေးတော်မူမည်လော’ ဟုမေးလျှောက်ကြလျှင်၊ သခင်ဘုရားက၊ ‘ခမည်းတော်၏တန်ခိုးအားဖြင့်စီရင်တော်မူသောအချိန်ကာလကို၊ သိရသောအခွင့်သည်သင်တို့၌မရှိ။ ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ၊ သင်တို့သည်တန်ခိုးကိုခံရ၍၊ ယေရုရှလင်မြို့မှစသောယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင်ငါ၏သက်သေဖြစ်ကြလိမ့်မည်။’ ဟုမိန့်တော်မူ၏။” (တမန် ၁:၆-၈)
ခရစ်တော်ကောင်းကင်မတက်မှီတွင်၊ တပည့်တော်များထံသူတို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်မည်ဟုဆိုခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်ရောက်သောအခါ၊ သူတို့သည်တန်ခိုးကိုရ၍ခရစ်တော်၏သက်သေဖြစ်လိမ့်မည်၊ ဟုဆိုသည်။ ဆိုလိုသည်မှာ၊ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးဖြင့်သက်သေခံမည်ဟုဆိုခြင်းဖြစ် သည်။ သန့်ရှင်းသောဝိညာဉ်ပေးရခြင်း၏အကြောင်းရင်းတခုသည်၊ တန်ခိုးဖြင့်သက် သေခံနိုင်ဘို့ရန်ဖြစ်သည်။ မျက်လှည့်သမားများက၊ ပိုက်ဆံရဘို့ရန်မျက်လှည့်ပြသကဲ့သို့ ပိုက်ဆံရဘို့ရန်သန့်ရှင်းသောဝိညာဉ်တော်ကိုပေးသည်မဟုတ်။
၃။ သန့်ရှင်းသောဝိညာဉ်တော်ခေတ်
“ပင်တေကုတ္တေပွဲနေ့ရောက်သောအခါထိုသူအပေါင်းတို့သည်တညီ တညွတ်တည်းစည်းဝေး၍နေကြ၏။ ထိုအခါလေပြင်းမုန်တိုင်းကဲ့သို့သောအသံသည်၊ တခဏခြင်းတွင်ကောင်းကင်မှလာ၍၊ ထိုသူတို့နေထိုင်သောအိမ်ကိုဖြည့်လေ၏။ ထိုခဏခြင်းတွင်ကွဲပြားသောလျှာတို့သည်မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးသီးတို့အပေါ်၌တည်နေကြ၏။ ထိုသူအပေါင်းတို့သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည်ဟောပြောသောအခွင့်ကိုပေးတော်မူသည်အတိုင်းအမျိုးမျိုးသောဘာသာစကားအားဖြင့်ဟောပြောကြ၏။” (တမန်တော် ၂:၁-၄)
“ဤအရာကားပရောဖက်ယောလဟောဘူးသောအရာဖြစ်သတည်း။ ဟောဘူးသောအချက်ကား၊ နောင်ကာလ၌လူမျိုးတကာတို့အပေါ်သို့ငါ၏ဝိညာဉ်တော်ကိုငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည်ပရောဖက်ဥာဏ်နှင့်ဟောပြောရကြလိမ့် မည်။ အသက်ငယ်သောသူတို့သည်ဗျာဒိတ်ရူပါရုံတို့ကိုမြင်ရကြလိမ့်မည်။ အသက် ကြီးသောသူတို့သည်လည်းနိမိတ်အိပ်မက်တို့ကိုမြင်မက်ရကြလိမ့်မည်။ ထိုကာလ၌ လည်းငါ၏အမှုကိုဆောင်ရွက်သောယောက်ျားမိန်းမတို့အပေါ်သို့၊ ငါ၏ဝိညာဉ်တော် ကိုငါသွန်းလောင်း၍၊ သူတို့သည်ပရောဖက်ဥာဏ်နှင့်ဟောပြောရကြလိမ့်မည်။”(တမန် ၂:၁၆-၁၈)။
ပင်တေကုတ္တေနေ့၌ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်ချိန်မှစ၍ သန့်ရှင်းသောဝိညာဉ်တော်ခေတ်စတင်လာသည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလာသောအခါ၊ တမန်တော်များသည်ယခင်ကဲ့သို့ ကြောက်စိတ်မရှိတော့ဘဲ၊ သတ္တိနှင့်တရားဟောလာနိုင်ကြသည်။ ခရစ်တော်ပြောသောစကားများကိုလည်း မှတ်မိ၍ကျမ်းစာပြန်ရေးလာနိုင်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးအားဖြင့် နှုတ်ကပတ်တော်ကိုရဲရင့်စွာ ဟောပြော၍၊ သခင်ယေရှု၏အကြောင်းကိုနိမိတ်လက္ခဏာများနှင့် သက်သေခံကြသည်။ သန့်ရှင်းသောဝိညာဉ်တော်ခေတ်သည်၊ ယုံကြည်သူများ ချီဆောင်ခြင်းသို့ရောက်သောနေ့၌ ကုန်ဆုံးမည်ဖြစ်သည်။
၄။ အန္တိခရစ်ခေတ်
သန့်ရှင်းသောဝိညာဉ်တော်ရုပ်သိမ်းချိန်မှစ၍၊ အန္တိခရစ်၏ခေတ်ရောက်ရှိလာမည်ဖြစ် သည်။ ထိုခေတ်သည် ဘေးဒဏ်ကြီးကာလဖြစ်၍၊ ခုနစ်နှစ်သာလျှင်ကြာမည်ဖြစ်သည်။ ဤလောကအနေဖြင့်အန္တိခရစ်၏ လှုပ်ရှားမှုနှင့်လုပ်ဆောင်မှုများကို အဓိကမြင်တွေ့မည်ဖြစ်သည်။ အန္တိဟူသောအရာသည် အတုအယောင် သို့မဟုတ် ဆန့်ကျင်ဟုအဓိပ္ပါယ်ရှိသည်။ ထို့ကြောင့်အန္တိခရစ်ဆိုသည်မှာ၊ ခရစ်တော်ကို ဆန့်ကျင်သောသူဖြစ်၍ ခရစ်တော်နှင့်ပတ်သက်သောအရာမှန်သမျှကို ဆန့်ကျင်ဖျက်ဆီးမည်ဖြစ်သည်။
၅။ သားတော်ခေတ်ဒုတိယပိုင်း
“အကြောင်းမူကား၊ ငါတို့အဘို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုသနားတော်မူ၏။ ထိုသူသည်အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကားအံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်။ ဒါဝိဒ်မင်း၏ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံတော်ကိုနောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်းဖြောင့်မတ်စွာစီရင်၍အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော်တိုးတက်ခြင်းနှင့်ငြိမ်သက်တော်မူခြင်းသည်နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည်အလိုတော်အားကြီး၍၊ ထိုအမှုကိုပြီးစီးစေတော်မူလိမ့်မည်။” (ဟေရှာယ ၉:၆ -ရ)
အထက်ပါကျမ်းပိုဒ်ကိုခရစ္စမတ်အချိန်၌ဖတ်တတ်၊ ဟောတတ်ကြသော်လည်းအမှန်မှာ၊ ပဌမစာကြောင်းသာလျှင်ယေရှု၏ဖွားမြင်ခြင်းအကြောင်းကိုဖေါ်ပြထားသည်။ ကျန်ရှိသောစာကြောင်းအားလုံးသည်၊ အနှစ်တစ်ထောင်ကာလ၌သားတော်သည်ရှင်ဘုရင်အဖြစ်အုပ်စိုးမည့်အရာများကိုသာဖေါ်ပြသွားသည်။ ဘေးဒဏ်ကြီးကာလအပြီး၊ ခရစ်တော်ဤလောကသို့ဒုတိယအကြိမ်ကြွရောက်လာချိန်မှစ၍၊ ဤကမ္ဘာလောကတခုလုံးကိုရှင်ဘုရင်အဖြစ်အုပ်စိုး၍၊ သားတော်ခေတ်ပြန်ဖြစ်လာမည်။ သားတော်ခေတ်သည်၊ အနှစ်တစ်ထောင်ကြာညောင်းမည်။ ထိုအချိန်တွင်စာတန်ကိုအနှစ်တစ်ထောင်လုံးလုံး၊ အနက်ဆုံးသောတွင်းထဲ၌ထောင်ချမည်ဖြစ်သောကြောင့်၊ ကမ္ဘာပေါ်၌အပြစ်လုပ်ဘို့ရန်သွေးဆောင်သောသူရှိမည်မဟုတ်။
သင်ခန်းစာ ၅ မေးခွန်းများ
၁။ ဤလောကနှင့်ပတ်သက်၍သုံးပါးတဆူဘုရားသည်တပြိုင်တည်းအလုပ်လုပ်တတ်ပါ သလော။......................................................
၂။ ဓမ္မဟောင်းကာလ၌မည်သူသည်အဓိကအလုပ်လုပ်သနည်း။................................
၃။ ခမည်းတော်ဘုရားသည်ရုပ်အားဖြင့်တွေ့ရသလော။ ...................မည်ကဲ့သို့လူများကိုဆက်ဆံသနည်း။.........................................................
၄။ ဘုရားသခင်ကအာဗြံကိုဘာအားဖြင့်စကားပြောသနည်း။………………….
၅။ ဘုရားသခင်ကမောရှေကိုဘာအားဖြင့်စကားပြောသနည်း။…………………
၆။ ဘုရားသခင်ကမောရှေကိုမည်သည့်အထဲမှခေါ်သနည်း။…………………….
ရ။ သားတော်ခေတ်ပဌမပိုင်း၌သားတော်သည်မည်ကဲ့သို့လူများနှင့်ပေါင်းဖေါ်သနည်း။……………….
၈။ သားတော်ခေတ်ပဌမပိုင်းအကြောင်းများကိုမည်သူတို့ကမှတ်တမ်းရေးထားသနည်း။……………..
၉။ သားတော်ခေတ်၌သန့်ရှင်းသောဝိညာဉ်တော်ကိုပေးပြီးပြီလော။…………………….
၁၀။ သန့်ရှင်းသောဝိညာဉ်တော်ပေးသောအခါခဏအတွက်လော၊ အမြဲအတွက်လော။……………………
၁၁။ သန့်ရှင်းသောဝိညာဉ်တော်ပေးသောအခါဘာလုပ်မည်နည်း။………………………..
၁၂။ တမန်တော်များသည်သန့်ရှင်းသောဝိညာဉ်တော်ရသောအခါဘာထူးခြားမှုရှိကြသနည်း။…………
၁၃။ သန့်ရှင်းသောဝိညာဉ်တော်သည်……………….ဖြစ်သည်။
၁၄။ သန့်ရှင်းသောဝိညာဉ်တော်ပေးရခြင်းအကြောင်းရင်းတခုသည်အဘယ်အရာနည်း။…………….
၁၅။ သန့်ရှင်းသောဝိညာဉ်တော်ခေတ်သည်မည်သည့်အချိန်မှစ၍မည်သည့်အချိန်၌ ဆုံးမည်နည်း။................................
၁၆။ အန္တိခရစ်ခေတ်သည်မည်သည့်အချိန်တွင်စတင်၍၊ မည်သည့်အချိန်၌ကုန်ဆုံးမည် နည်း။..................................................
၁ရ။ သားတော်ခေတ်ဒုတိယပိုင်းသည်မည်သည့်အချိန်တွင်ပြည့်စုံမည်နည်း။.........
၁၈။ သားတော်ခေတ်တွင်စာတန်ကိုမည်ကဲ့သို့ပြုလုပ်မည်နည်း။.........................
သင်ခန်းစာ (၆)
ဓမ္မဟောင်း၌သန့်ရှင်းသောဝိညာဉ်တော်အလုပ်
ဓမ္မဟောင်းကာလတွင်ဝိညာဉ်တော်ကိုလူတိုင်းထံသို့မပေးဘဲ၊ ဣသရေလခေါင်းဆောင် များနှင့်အထူးတာဝန်ပေးထားသောသူများထံ၌သာပေးသည်။ အကြောင်းမှာဓမ္မဟောင်းကာလသည်၊ ခမည်းတော်၏ခေတ်ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်ခေါင်းဆောင်များထံ၌သန့်ရှင်းသောဝိညာဉ်တော်ပေးသောအခါ၊ အကန့်အသတ်ရှိသည်။ သူတို့အပြစ်ကျူးလွန်သောအခါ၊ သန့်ရှင်းသောဝိညာဉ်တော်ကိုပြန်လည်ရုပ်သိမ်းသွားတတ်သည်။
ယောသပ်
“ထိုသို့ယောသပ်လျှောက်သောစကားကို၊ ဖါရောမင်းအစရှိသောကျွန်တော်မျိုးအပေါင်းတို့သည် နှစ်သက်ကြ၍၊ ဖါရောမင်းက၊ ဘုရားသခင်၏ဝိညာဉ်တော်ကိုရ၍၊ ဤကဲ့သို့သောသူကိုအ ဘယ်မှာ ရှာ၍တွေ့မည်နည်း၊ ဟုကျွန်တော်မျိုးတို့အားမိန့်တော်မူ၏။” (ကမ္ဘာ ၄၁:၃ရ- ၃၈) ဖါရောမင်းက ယောသပ်နှင့်ပတ်သက်၍၊ သူ၏အိပ်မက်ကိုအဓိပ္ပါယ်ဖေါ်ပြနိင်သောအခါပြောသောစကားဖြစ်သည်။ ယောသပ်သည်ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အိပ်မက်အနက်ကိုသိခြင်းဖြစ်သည်။
ဗေဇလေလ
“တဖန်ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူပြန်သည်ကား၊ နားထောင်လော့၊ ငါသည်ယုဒအမျိုး သားဟုရ၏သားဖြစ်သောဥရိ၏သားဗေဇလေလကိုအမည်ဖြင့်ခန့်ထား၏။ သူသည်ရွှေငွေကြေးဝါကို လုပ်သောအတတ်၊ ကျောက်ကိုသွေး၍စီသောအတတ်၊ သစ်သားကိုထုလုပ်သောအတတ်နှင့်အမျိုးမျိုး သောအလုပ်ကိုထူးဆန်းစွာလုပ်တတ်မည်အကြောင်း၊ ဥာဏ်ပညာနှင့်တကွသိပ္ပံအတတ်အမျိုးမျိုးတို့ကို ငါပေး၍၊ ဘုရားသခင်၏ဝိညာဉ်တော်နှင့်ပြည့်စုံစေ၏။” (ထွက် ၃၁:၁-၅) ဘုရားသခင်သည်တဲတော် ဆောက်နိင်ရန်၊ ဗေဇလေလကိုသန့်ရှင်းသောဝိညာဉ်တော်ပေး၍အုပ်စိုးခဲ့သည်။
မောရှေနှင့်အသက်ကြီးသူများ
“ဤလူအပေါင်းတို့ကိုအကျွန်ုပ်တယောက်တည်းသာမဆောင်ရွက်နိုင်ပါ။ ဆောင်ရွက်ရသောဝန်လည်း လေးလွန်းပါ၏။ ထိုသို့အကျွန်ုပ်၌ပြုတော်မူလျှင်၎င်း၊ စိတ်တွေ့တော်မူလျှင်၎င်း၊ အကျွန်ုပ်ကိုအလျင် အမြန်သေစေတော်မူပါ။ ကိုယ်ဆင်းရဲကိုကိုယ်မသိမမြင်ပါစေနှင့်၊ ဟုထာဝရဘုရားအားလျှောက်ဆို၏။ ထာဝရဘုရားကလည်း၊ သင်ကျွမ်းကျင်သောဣသရေလအမျိုးသားအသက်ကြီးသူခုနစ်ကျိပ်တို့ကို၊ ငါ့ရှေ့မှာစုဝေးစေပြီးလျှင်၊ ပရိသတ်စည်းဝေးရာတဲတော်သို့ခေါ်ခဲ့၍သင်နှင့်အတူရပ်နေကြစေလော့။ ငါသည်လည်းထိုအရပ်သို့ဆင်းသက်၍သင်နှင့်နှုတ်ဆက်မည်။ သင့်အပေါ်မှာကျိန်းဝပ်သောဝိညာဉ် အချို့ကိုငါယူ၍သူတို့အပေါ်မှာတင်မည်။ ဤလူတို့ကိုသင်တယောက်တည်းသာဆောင်ရွက်ရမည်မဟုတ်၊ ထိုအသက်ကြီးသူတို့သည်ဝိုင်းညီ၍ဆောင်ရွက်ရကြမည်။” (တောလည် ၁၁:၁၄-၁ရ) ဟုဆိုသည်။
မောရှေသည်သူ၏တာဝန်များလွန်းသောအခါ၊ ဘုရားသခင်ထံ၌ညည်းတွားခဲ့သည်။ သူတယောက် တည်းဦးဆောင်ခြင်းမတတ်နိုင်ဟုဆိုသောအခါ၊ ဘုရားသခင်ကဣသရေလအမျိုးသားအသက်ကြီးသူ ခုနစ်ကျိပ်ကိုရွေးချယ်ခိုင်း၍၊ မောရှေထံမှဝိညာဉ်အချို့ကိုယူ၍သူတို့အပေါ်၌တင်ထားသည်။
ယောရူ
“ထာဝရဘုရားကလည်း၊ ဝိညာဉ်တော်ကိုရသောနုန်၏သားယောရှုကိုခေါ်၍၊ သင်၏လက်ကိုသူ့အပေါ်မှာ တင်လော့။” (တောလည် ၂ရး၁၈)။ ဘုရားသခင်ကမောရှေအား၊ သူသေပြီးနောက်ဣသရေလလူတို့အား ဦးဆောင်မည့်သူအဖြစ်ယောရှုကိုလက်တင်၍ခေါင်းဆောင်ခန့်ဘို့ရန်ခိုင်းထားသည်။ ဘုရားသခင်က ယောရှုသည်ဝိညာဉ်တော်ရသောသူဟုဆိုသည်။
ရှံဆုန်
“ထိုအခါရှံဆုန်လက်၌တစုံတခုမျှမပါသော်လည်း၊ ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူသည်ဆိတ်သငယ်ကိုဆွဲဖြတ်သကဲ့သို့ထိုခြင်္သေ့ကိုဆွဲဖြတ်၏။” (သူကြီး ၁၄:၆) ရှံဆုန်သည်ဣသရေလများကိုဦးဆောင်နိုင်ရန်၊ ဘုရားသခင်ကသူ့ကိုသန့်ရှင်းသောဝိညာဉ်တော် ပေးခဲ့သည်။
ဒံယေလ
နေဗုခဒ်နဇောမင်းကြီးက၊ “နောက်မှငါကိုးကွယ်သောဘုရား၏နာမအားဖြင့်ဗေလတရှာဇာဟု ခေါ်သမုတ်၍၊ သန့်ရှင်းသောဘုရားသခင်၏ဝိညာဉ်တော်နှင့်ပြည်စုံသောဒံယေလသည်ငါ့ထံသို့ ဝင်လာလျှင်၊ အချင်းမာဂုဆရာချုပ်ဗေလတရှာဇာ၊ သင်သည်သန့်ရှင်းသောဘုရားသခင်၏ ဝိညာဉ်တော်နှင့်ပြည့်စုံသည်ကို၎င်း၊ နက်နဲသောအရာရှိသမျှတို့ကိုဖွင့်ပြနိုင်သည်ကို၎င်း၊ ငါသိ၏။” (ဒံယေလ ၄:၈-၉)
ဗေလရှာဇာမင်းကြီးက “သင်သည်ဘုရားသခင်၏ဝိညာဉ်နှင့်၎င်း၊ ထူးဆန်းသောပညာဥာဏ်သတ္တိနှင့်၎င်း ပြည့်စုံသည်ဟုသင်၏သိတင်းကိုငါကြား၏။” ဟုဆိုသည် (ဒံယေလ ၅:၁၄)။ ဒံယေလသည် သန့်ရှင်းသောဝိညာဉ်တော်ရရှိကြောင်းတပါးအမျိုးသားမင်းများဖြစ်သောနေဗုခဒ်နဇောမင်းကြီးနှင့် ဗေလရှာဇာမင်းကြီးများကပင်သိကြသည်။
ဒါဝိဒ်
ရှမွေလသည်လည်းဆီဘူးကိုယူ၍သူ၏အစ်ကိုစုထဲမှာသူ့ကိုဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ထာဝရဘုရား၏ဝိညာဉ်တော်သည်၊ ဒါဝိဒ်အပေါ်မှာသက်ရောက်လေ၏။ (၁ ဓမ္မရာ ၁၆:၁၃) ယဇ်ပုရောဟိတ်ရှမွေလကဒါဝိဒ်ကိုဘိသိက်ပေးသောအခါ၊ သန့်ရှင်းသောဝိညာဉ်တော်သည်သူ့အပေါ်၌သက်ရောက်သည်ဟုဆိုသည်။ ဓမ္မဟောင်းကာလ၌သန့်ရှင်းသောဝိညာဉ်တော်ကိုလူတိုင်းထံသို့မပေးဘဲ၊ လိုအပ်သောခေါင်းဆောင်များထံ၌သာလျှင်ပေးခဲ့ကြောင်းသိရပြီ။ ထိုခေါင်းဆောင်များသည်၊ အပြစ်ကျူးလွန်သောအခါ၊ သန့်ရှင်းသောဝိညာဉ်တော်ကိုပြန်လည်ရုပ်သိမ်းတတ်သည်။ ဓမ္မသစ်ကာလတွင်မူ၊ ယုံကြည်သူတိုင်းကိုသန့်ရှင်းသောဝိညာဉ်တော်ပေး၍၊ အပြစ်လုပ်လျှင်လည်းပြန်မရုပ်သိမ်းချေ။ ယုံကြည်သူအပြစ်လုပ်လျှင်၊ ဝိညာဉ်တော်ကိုစိတ်နာစေသည်ဟုဆိုသည်။ (ဧဖက် ၄:၃၀)။
ဓမ္မဟောင်းကာလ၌အပြစ်လုပ်သောကြောင့်သန့်ရှင်းသောဝိညာဉ်တော်ရုပ်သိမ်းခံသောသူများ ကြည့်ကြပါစို့။
ရှံဆုန်
“ဒေလိလသည်ရှံဆုန်ခေါင်းကိုမိမိဒူးပေါ်မှာတင်လျက်သူကိုအိပ်စေသဖြင့်၊ လူတယောက်ကိုခေါ်၍သူ၏ဆံပင်ခုနစ်စုတို့ကိုရိတ်စေပြီးမှ၊ သူကိုနှောင့်ရှက်စပြု၍သူ၏ခွန်အားသည် လျော့ပျောက်၏။ မိန်းမကလည်း၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည်သင့်ကိုတိုက်လာကြသည် ဟုဆိုသော်၊ ရှံဆုန်နိုး၍ထာဝရဘုရားစွန့်တော်မှုကြောင်းကိုမရိပ်မိသောကြောင့်၊ အရင်ကဲ့သို့ငါထွက်၍အားထုတ်မည်အကြံရှိသော်လည်း၊ ဖိလိတ္တိလူတို့သည်ဘမ်းဆီး၍သူမျက်စိကိုဖောက်ပြီးမှဂါဇမြို့သို့ယူသွားပြီးလျှင်ကြေးဝါကြိုးနှင့်ချည်နှောင်၍ထောင်အိမ်၌ ကြိတ်ဆုံနှင့်ကြိတ်စေကြ၏။” (တရားသူကြီး ၁၆:၁၉-၂၁) ရှံဆုန်သည်ဝိညာဉ်တော်အားဖြင့်ခွန်အားကြီးခဲ့သည်။ သို့သော်ဘုရား၏စကားကိုနားမထောင်ဘဲနာဇရိများစောင့်စည်းရသောစည်းကမ်းများတခုပြီးတခုချိုးဖေါက်သောအခါဝိညာဉ်တော်က သူ့ကိုစွန့်ပစ်ကြောင်းတွေ့ရသည်။
ရှောလု
ရှောလုသည်ထာဝရဘုရား၏အလိုတော်အတိုင်းမလုပ်သောအခါသူ့ထံမှဝိညာဉ်တော် ရုပ်သိမ်းကြောင်းဤသို့တွေ့ရသည်၊ “ထာဝရဘုရား၏ဝိညာဉ်တော်သည်ရှောလုမှထွက် သွား၍၊ ထာဝရဘုရားထံတော်ကဆိုးသောဝိညာဉ်သည်နှောင့်ရှက်တတ်၏။ ရှောလု၏ကျွန်တို့ကလည်း၊ ယခုမှာဘုရားသခင်ထံတော်ကဆိုးသောဝိညာဉ်သည်ကိုယ်တော်ကိုနှောင့်ရှက်တတ်ပါ၏။ ခစားသောကိုယ်တော်၏ကျွန်တို့သည်၊ သာယာစွာစောင်းတီးတတ်သောသူကိုရှာဖွေရမည်အကြောင်းအရှင်အမိန့်ရှိတော်မူပါ။ ဘုရားသခင့်ထံတော်ကဆိုးသောဝိညာဉ်လာသောအခါ၊ သူသည် စောင်းတီးသဖြင့်ကိုယ်တော်သည်ချမ်းသာရတော်မူမည်ဟုလျှောက်လျှင်၊ ရှောလုက၊ သာယာစွာတီးတတ်သောသူကိုငါ့အဘို့ရှာဖွေ၍ငါ့ထံသို့ခေါ်ခဲ့ကြ၊ ဟုကျွန်တို့အားမိန့်တော်မူသော်၊ ကျွန်တယောက်က၊ ကျွန်တော်တွေ့ဘူးသောဗက်လင်မြို့သားယေရှဲသားသည်၊ စောင်းတီးသောအတတ်၊ ရဲရင့်ခြင်းအစွမ်းသတ္တိနှင့်ပြည့်စုံ၍စစ်မှု၌၎င်း၊ ပညာစကား၌၎င်း၊ လေ့ကျက်ပါ၏။ အဆင်းလည်းလှပါ၏။ ထာဝရဘုရားသည်သူနှင့်အတူရှိတော်မူ၏ဟုလျှောက်သောကြောင့်၊ ရှောလုက၊ ယေရှဲရှိရာသို့လူကို စေလွှတ်၍၊ သိုးထိန်းဖြစ်သောသင်သားဒါဝိဒ်ကို၊ င့ါထံသို့စေလွှတ်ရမည်ဟုအမိန့်တော်ရှိ၏။ ယေရှဲသည်မုန့်တင်သောမြည်း၊ စပျစ်ရည်ဘူး၊ ဆိတ်သငယ်ကိုယူ၍မိမိသားဒါဝိဒ်တွင် ရှောလုထံသို့ပေးလိုက်လေ၏။ ဒါဝိဒ်သည်ရှောလုထံသို့ရောက်၍ခစားသဖြင့်၊ ရှောလုသည်အလွန် ချစ်၍လက်နက်တော်ဆောင်အရာ၌ခန့်ထား၏။ ရှောလုသည်လည်းယေရှဲရှိရာသို့လူကိုစေလွှတ်၍၊ ဒါဝိဒ်ကိုငါ့စိတ်နှင့်တွေ့သောကြောင့်ငါ့ထံ၌ခစားပါစေ၊ ဟုအခွင့်တောင်းလေ၏။ ဘုရားသခင့်ထံတော် ကဆိုးသောဝိညာဉ်သည်ရှောလုအပေါ်မှာရောက်သောအခါ၊ ဒါဝိဒ်သည်စောင်းကိုယူ၍တီးသဖြင့် ဆိုးသောဝိညာဉ်ထွက်သွား၍၊ ရှောလုသည်သက်သာလျက်ပကတိကျန်းမာလျက်ရှိတတ်၏။” (၁ ရာ ၁၆:၁၄-၂၃)
ဒါဝိဒ်
“အကျွန်ုပ်ကိုအထံတော်ထဲကနှင်ထုတ်တော်မမူပါနှင့်၊၊ သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်၊၊ ကယ်တင်တော်မူခြင်းနှင့်ယှဉ်သောဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ပေးသနားတော်မူပါ၊၊ ” (ဆာ ၅၁:၁၁-၁၂) ဒါဝိဒ်သည်ဗေသရှေဘနှင့်မှားယွင်းသောအခါ၊ အထက်ပါကဲ့သို့ဆုတောင်းခဲ့သည်။ သူ၏သခင်ရှောလုထံမှသန့်ရှင်းသောဝိညာဉ်တော်ရုပ်သိမ်းသောအခါ၊ ရှောလုသည်လုံးဝမနေတတ်မထိုင်တတ်၊ အလွန်ခံရခက်ကြောင်းကိုသူတွေ့မြင်သောကြောင့်၊ သူ့ကိုလည်းဝိညာဉ်တော်ကစွန့်မှာကိုအလွန် ကြောက်သောကြောင့်၊ ထိုကဲ့သို့ဆုတောင်းခြင်းဖြစ်သည်။ ဒါဝိဒ်ကထိုကဲ့သို့ဆုတောင်း သောကြောင့်၊ ယခုခေတ်ခရစ်ယာန်များကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်ပြန်လည်ရုပ်သိမ်းမည်ဟုစိုးရိမ်တတ်ကြသည်။ သို့သော်သန့်ရှင်းသောဝိညာဉ်တော်ခေတ်၌၊ အပြစ်လုပ်လျှင်ယုံကြည်သူထံမှမရုပ်သိမ်းသော်လည်း၊ သူ့ကိုစိတ်နာစေကြောင်းဤသို့တွေ့ရသည်၊ "ရွေးနှုတ်ခြင်းနေ့ရက်တိုင်အောင်သင်တို့ကိုတံဆိပ်ခတ်တော်မူသောဘုရားသခင် ၏သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ်မနာစေကြနှင့်။" (ဧ ၄:၃၀)။ ဤအကြောင်းကိုသန့်ရှင်းသောဝိညာဉ်တော်ကိုစိတ်နာစေခြင်းခေါင်းစဉ်၌ထပ်မံဖေါ်ပြထားပါသည်။
သင်ခန်းစာ ၆ မေးခွန်းများ
၁။ ဓမ္မဟောင်းကာလတွင်မည်သူများထံသန့်ရှင်းသောဝိညာဉ်တော်ပေးသနည်း။…………
၂။ ဓမ္မဟောင်းကာလတွင်မည်သည့်အချိန်၌သန့်ရှင်းသောဝိညာဉ်တော်ကိုပြန်ရုပ်သိမ်းတတ်သနည်း။……..
၃။ မည်သူကယောသပ်၌သန့်ရှင်းသောဝိညာဉ်တော်ရှိကြောင်းသိသနည်း။……………………
၄။ ဗေဇလေလသည်အဘယ်ကြောင့်တဲတော်ကိုဆောက်နိုင်သနည်း။…………………………
၅။ မောရှေထံမှဘာကိုအသက်ကြီးသူခုနစ်ကျိပ်တို့ထံပေးသနည်း။……………………………
၆။ မည်သူကယောရှုသည်ဝိညာဉ်တော်ရသောသူဟုဆိုသနည်း။…………………………..
ရ။ ရှံဆုန်သည်အဘယ်ကြောင့်ခြင်္သေ့ကိုသတ်နိုင်သနည်း။………………..
၈။ ဒံယေလသည်သန့်ရှင်းသောဝိညာဉ်တော်ရကြောင်းမည်သူများကသိကြသနည်း။………
၉။ ဒါဝိဒ်အပေါ်ဘာသက်ရောက်သနည်း။………………………….
၁၀။ အဘယ်ကြောင့်ရှံဆုန်ကိုသန့်ရှင်းသောဝိညာဉ်တော်ကစွန့်သနည်း။…………………..
၁၁။ ရှောလုမင်းကိုအဘယ်ကြောင့်ဝိညာဉ်ဆိုးကနှောင့်ရှက်နိုင်သနည်း။…… ………………
၁၂။ အဘယ်သို့ဒါဝိဒ်မင်းဆုတောင်းခဲ့သနည်း။…………………………………….
သင်ခန်းစာ (ရ)
ဓမ္မသစ်၌ သန့်ရှင်းသောဝိညာဉ်တော်
သန့်ရှင်းသော ဝိညာဉ်တော် ခေတ်မရောက်မှီ ဓမ္မသစ်ကျမ်းစာ၌ ဖေါ်ပြသော ခရစ်တော် မွေးဘွားချိန်မှစ၍ ပင်တေကုတ္တေနေ့မတိုင်မှီ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုများကို အောက်ပါပုဂ္ဂိုလ်များ အပေါ်တွေ့မြင်နိင်သည်။
မယ်တော်မာရိ
ခရစ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သည်။ ကျမ်းစာ၌၊ “ယေရှုခရစ်သည် ဘွားမြင်ခြင်းကို ခံတော်မူသော အကြောင်း အရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့် စေ့စပ်၍၊ မရှက်တင်မှီတွင် သန့်ရှင်းသော ဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။ သူ၏ ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊ မာရိအသရေကို မပျက်စေချင် သောကြောင့် တိတ်ဆိတ်စွာ စွန့်ပယ်မည်ဟု အကြံရှိ၏။ ထိုသို့ ကြံစည်၍ နေစဉ်တွင် အိပ်မက်ကို မြင်ရသည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသော ဝိညာဉ်တော်ကြောင့် ဖြစ်၏။သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည်သူ ဖြစ်သောကြောင့်၊ ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။” (မ ၁:၁၈-၂၁)။
“ကောင်းကင်တမန်ကလည်း သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော်မူ၍၊ အမြင့်ဆုံးသော ဘုရား၏ တန်ခိုး အာနုဘော် တော်သည် သင့်ကို လွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။” (လု ၁:၃၅)
ဧလိရှဗက်
“ထိုနှုတ်ဆက်ခြင်း စကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ ရှိသောသူငယ်သည် ခုန်၍၊ မိမိသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိ၏။ သင်၏ ဝမ်း၌ ရှိသောသူငယ်သည်လည်း မြတ်စွာသော မင်္လာရှိ၏။ အကျွန်ုပ်သခင်၏ မယ်တော်သည် အကျွန်ုပ်ဆီသို့ ကြွလာသော ကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။” (လု ၁:၄၁-၄၂) ဗတ္တိဇံဆရာယောဟန်၏ မိခင် ဧလိရှဗက်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသည် ဟုဆိုသည်။ သခင်ယေရှု၏ မိခင် မာရိက သူ့ထံသို့ လာ၍ နှုတ်ဆက်သောအခါ အထက်ပါကဲ့သို့ မာရိထံ၌ ပြောဆို ခဲ့သည်။
ဇာခရိ ယောဟန်၏ အဘ
“သူ၏အဘ ဇာခရိသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူ စေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်းသော မိမိသန့်ရှင်းသော ပရောဖက်တို့ နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့် အညီ၊ ငါတို့သည် ရန်သူဘေးနှင့် ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တသက်လုံး သန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကို ရဲရင့်စွာ ပြုရသော အခွင့်ကို ပေးမည်ဟု ငါတို့အဘ အာဗြဟံအား ကျိန်ဆိုခြင်း ဂတိတော် တည်းဟူသော သန့်ရှင်းသော ပဋိညာဉ်တရားကို အောက်မေ့တော်မူ သဖြင့်၎င်း၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူသော သနားခြင်း ကျေးဇူးကို ပြုတော်မူ သဖြင့်၎င်း၊ မိမိလူမျိုးကို အကြည့်အရှုကြွလာလျက် ရွေးနှုတ်ခြင်း ကျေးဇူးကို ပြုတော်မူ၍၊ ငါတို့ကို ရန်သူလက်မှ၎င်း၊ မုန်းသောသူရှိသမျှတို့ လက်မှ၎င်း၊ ကယ်လွှတ်မည်အကြောင်း၊ ကယ်လွှတ်ခြင်း ဦးချိုကို မိမိကျွန် ဒါဝိဒ်အမျိုးထဲ၌ ငါတို့အား ပေါ်ထွန်းစေတော်မူပြီ။ အချင်းသူငယ်၊ သင်သည်လည်း အမြင့်ဆုံးသော ဘုရား၏ ပရောဖက်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား၊ ငါတို့ ဘုရားသခင်၏ သနားတော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ် ဖြေ၍ ကယ်တင်ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင်၏ လူမျိုးအား ဘော်ပြသဖြင့်၊ ထာဝရဘုရား၏ လမ်းခရီးတော်ကို ပြင်ဆင်ခြင်းငှါ သင်သည် ရှေ့တော်၌ သွားရလိမ့်မည်။ ထိုသနားတော်မူခြင်း ကျေးဇူးတော် အားဖြင့်၊ ကောင်းကင်မှ နေအာရုဏ်သည် ငါတို့ အပေါ်သို့ တက်သဖြင့်၊ မှောင်မိုက်နှင့် သေမင်း၏ အရပ်ထဲတွင် ရှိနေသော သူတို့၌ အလင်းပေါ်ထွန်း၍၊ ငါတို့အား ငြိမ်သက်ခြင်း လမ်းကို ပြလျက် ရှိသည်ဟု ပရောဖက် ဥာဏ်နှင့် ဟောလေ၏။ (လု ၁:၆ရ-ရ၉) ဗတ္တဇံယောဟန်နှင့် ပတ်သက်၍ အဘဇာခရိက ဝိညာဉ်တော်နှင့် ပြည့်ဝသောအခါ ပြောသောစကား ဖြစ်သည်။
ခရစ်တော် အပေါ်၌
“ယေရှုသည်ဗတ္တိဇံကို ခံတော်မူပြီးလျှင်ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကိုမြင်ရ၍၊ ဤသူကားငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်ကအသံတော်ဖြစ်လေ၏။” (မဿဲ ၃:၁၆-၁ရ)
ခရစ်တော် အပေါ်သို့ ဆင်းသက်သောအရာသည် ချိုးငှက် မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် မမြင်နိုင်သောကြောင့် မြင်နိုင်ရန်ချိုးငှက်ကဲ့သို့ ဆင်းသက်သည် ဟုဆိုခြင်း ဖြစ်သည်။
ခရစ်တော်ကို သန့်ရှင်းသော ဝိညာဉ်တော်က စာတန်၏ စုံစမ်းခြင်း ခံဘို့ရန် ဦးဆောင်သည်၊ “ထိုအခါ မာရ်နတ်၏ စုံစမ်း သွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ်တော်သည် ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍၊ ယေရှုသည် အရက်လေးဆယ်ပတ်လုံးအစာအဟာရကို မသုံးဆောင်ဘဲ နေပြီးမှမွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။” (မဿဲ ၄:၁-၂)
သင်ခန်းစာ (ဂ)
ဝိညာဉ်တော်၏အလုပ်
ခရစ်တော်က သန့်ရှင်းသောဝိညာဉ်တော် ရောက်ရှိ လာသောအခါ ဘယ်အရာများ ပြုလုပ်မည်ဟူသော အရာများကို အောက်ပါကဲ့သို့ ကြိုတင် ဟောပြောခဲ့သည်။
၁။ သမ္မာတရားကို ဖေါ်ပြမည်
“ငါ့ကို ချစ်လျှင် ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကို တောင်း၍၊ ခမည်းတော်သည် သမ္မာတရားကို ပြသော ဝိညာဉ်တော် တည်းဟူသော တပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ် တည်နေစေခြင်းငှါ သင်တို့အား ပေးတော်မူမည်။” (ယောဟန် ၁၄:၁၅-၁၆) အထက်ပါ ခရစ်တော်၏ စကားအရ အောက်ပါအချက်များကို သိနိုင်သည်။
၁။ သန့်ရှင်းသောဝိညာဉ်တော် ပေးဘို့ရန် ခရစ်တော်က ခမည်းတော် ထံတောင်းသည်။
၂။ ဝိညာဉ်တော်သည် သမ္မာတရားကို ပြမည်။
၃။ သန့်ရှင်းသော ဝိညာဉ်တော်သည် ယုံကြည်သူများနှင့် အစဉ်မပြတ်နေမည်။
၄။ ခရစ်တော်က ထိုသို့ ဆိုချိန်အထိ သန့်ရှင်းသော ဝိညာဉ်တော်ကို မပေးသေးကြောင်း ထင်ရှားသည်။
၂။ ခပ်သိမ်းသောအရာ ဖေါ်ပြမည်၊ မှတ်မိဥာဏ်ပေးမည်
“ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာ တည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာ တို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသောစကား တို့ကို မှတ်မိသော ဥာဏ်ကို သင်တို့အား ပေးတော်မူမည်။” (ယော ၁၄:၂၆) တမန်တော်များသည် ခရစ်တော်နှင့် နေခဲ့စဉ်က အဘယ်အရာမဆို နားမလည် တတ်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသောအခါ ခပ်သိမ်းသောအရာကို သိကြသည်။ ထိုအပြင် ခရစ်တော် ပြောသမျှသောအရာ တို့ကိုလည်း ပြန်လည်မှတ်မိသောကြောင့် ကျမ်းစာ ပြန်ရေးနိုင် ကြသည်။
၃။ ဘုရားသခင်၏ နက်နဲသော အရာများ ဖေါ်ပြမည်
“ကျမ်းစာ လာသည်နှင့် အညီ၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့ အလိုငှါ၊ ဘုရားသခင် ပြင်ဆင်တော်မူသောအရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။ ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အားဖေါ်ပြတော်မူ၏။ ဝိညာဉ်တော်သည် ဘုရားသခင်၏ နက်နဲသောအရာ တိုင်အောင် ခပ်သိမ်းသောအရာ တို့ကို စစ်တော်မူ၏။” (၁ ကော ၂:၉-၁၀) ရှင်ပေါလုကလည်း ဘုရားသခင်က သူပြင်ဆင် ထားသောအရာများကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်ဖြင့်မကြံစည်သေးသောအရာတို့ကို ဝိညာဉ်တော်အားဖြင့် ယုံကြည်သူများကိုဖေါ်ပြသည် ဟုဆိုသည်။ ထို့ကြောင့် ယုံကြည်သူများသည် ဘုရားသခင်၏ နက်နဲသော အရာများကို သိရှိနားလည်နိုင်ခြင်းဖြစ်သည်။
၄။ ခရစ်တော်၏အကြောင်းသက်သေခံမည်
“ခမည်းတော်ထံမှ ထွက်လာ၍ သမ္မာတရားနှင့် ပြည့်စုံသော ဝိညာဉ်တော် တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါ စေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက် လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။” (ယော ၁၅:၂၆) ဟုဆိုသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်၏အကြောင်းကိုသက်သေခံမည်။
ခရစ်တော်ရှိနေလျှင်ဝိညာဉ်တော်မလာနိုင်
“ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့ အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့ မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါ စေလွှတ်မည်။” (ယော ၁၆:ရ) ဟုဆိုသည်။ ထို့ကြောင့် ခရစ်တော် ဤလောက၌ ရှိစဉ်တွင် သန့်ရှင်းသောဝိညာဉ်တော် ဤလောက၌ မရှိသေးကြောင်း ထင်ရှားသည်။ ခရစ်တော် ကောင်းကင် တက်မှ သူ့ကို ခရစ်တော်ကိုယ်စား စေလွှတ်ခြင်း ဖြစ်သည်။ ဥပဇ္ဈာယ်ဆရာသည် ကူညီသောသူ ဖြစ်သည်။ အင်္ဂလိပ်လို the Helper ဟုခေါ်သည်။
၅။ အပြစ်နှင့်ပတ်သက်၍ဖေါ်ပြမည်
“ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင် ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ် စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာ ဘော်ပြမည်။ ငါ့ကို မယုံကြည် ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည်။ ငါသည် ခမည်းတော်ထံသို့ သွားမည် ဖြစ်၍၊ သင်တို့သည် နောက်တဖန် ငါ့ကို မတွေ့မမြင်ရသောကြောင့်၊ အပြစ်ကင်းခြင်းကို ဘော်ပြမည်။ ဤလောကကို အစိုးရသော မင်းသည် အပြစ်စီရင်ခြင်းကို ခံရသောကြောင့် အပြစ် စီရင်ခြင်းကို ဘော်ပြမည်။” ဟု ခရစ်တော် ကဆိုခဲ့သည် (ယော ၁၆:၈-၁၁)။ သန့်ရှင်းသော ဝိညာဉ်တော်၏ အ လုပ်သည် ဆရာဝန်အလုပ်နှင့် တူသည်။ ဆရာဝန်ဆီ လာသောအခါ အခြားအရာများ မပြောပါ။ လူနာထံမှ ရောဂါကိုရှာ၍၊ မည်ကဲ့သို့ကုသမည်၊ မကုသလျှင် မည်ကဲ့သို့ဖြစ်မည်ဟူသော အရာများကိုသာ ပြောပြတတ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အဓိကအ လုပ်သည်လည်း လူများထံအပြစ်ရှိကြောင်း၊ အပြစ်ကင်းခြင်း (မည်ကဲ့သို့ အပြစ်ကင်းနိုင်မည်ဟူသောအကြောင်း) နှင့်အပြစ်စီရင်ခြင်းများကို ဖေါ်ပြခြင်းဖြစ်သည်။
ပင်တေကုတ္တေနေ့၌ သန့်ရှင်းသောဝိညာဉ်တော်ရောက်ရှိ လာသောအခါ တမန်တော် ပေတရုအားဖြင့် ဣသရေလ လူများ၏ အပြစ်ကို ဖေါ်ပြခဲ့သည်။ သူတို့၏ အပြစ်သည် သူတို့ အလွန် မျှော်လင့်သော ကယ်တင်ရှင် ( မေရှိယ)ကို မသိသောကြောင့် သတ်မိခြင်းဖြစ်သည်။ ပေတရုက၊ “ဣသရေလ လူတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့ သိကြသည် အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှု တို့ကို သင်တို့တွင် ပြုရသော အခွင့်နှင့် ဘုရားသခင် ပေးတော်မူသော သက်သေကို ရသောသူ ဖြစ်၍ ဘုရားသခင် ပြဌာန်းတော်မူသော အလိုတော်အားဖြင့်၎င်း အနာဂတံသဥာဏ်တော်အားဖြင့်၎င်း အပ်နှံခြင်းကို ခံသော ထိုယေရှုကို သင်တို့သည် ဖမ်းဆီး၍ မတရားသော သူတို့ လက်ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက်၍ ကွပ်မျက်ကြပြီ။” (တမန် ၂:၂၂-၂၃) ဟုသူတို့၏ အပြစ်ကို တိတိကျကျ ဖေါ်ပြသည်။ ပေတရုအတွက် ထိုသို့ လူများ၏အပြစ် ဖေါ်ပြခြင်းသည် အလွန်ကြောက်စရာကောင်းသည်။ အကြောင်းမှာ လူအုပ်ကြီးသည် ၃၀၀၀ ခန့် ဖြစ်၍ သူတို့သည် ၁၂၀ သာရှိသည်။ အကယ်၍ လူအုပ်ကြီးသည် သူတို့၏အပြစ်ကို ဖေါ်ပြသောအခါ စိတ်ဆိုးလျှင် သူတို့ကို ညက်ညက်ချေ အသေသတ်နိုင်သည်။ သို့သော် ထိုသို့ ပြောသောသူသည် ပေတရု မဟုတ်ပါ၊ သူ့အထဲမှ သန့်ရှင်းသောဝိညာဉ်တော် ကပြောခြင်းဖြစ်သည်။
“ထိုသူတို့သည် ကြားရလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍၊ ညီအစ်ကိုတို့၊ အဘယ်သို့ ပြုရပါမည်နည်းဟု ပေတရုမှစ၍ အခြားသော တမန်တော်တို့အား မေးမြန်းကြ၏။ ပေတရုကလည်း၊ သင်တို့၏ အပြစ်ကို လွှတ်စေခြင်းငှါ နောင်တရ၍ တယောက်မျှမကြွင်း၊ ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံကို ခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော် တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။” ဟုဆိုသည် (တမန် ၂:၃ရ-၃၈)။ ထိုသို့ သန့်ရှင်းသောဝိညာဉ်တော်သည် လူများကို ပေတရုအားဖြင့် အပြစ်ကင်းခြင်း၊ အပြစ်မှလွတ်နိုင်သောနည်းကို ဖေါ်ပြသည်။
“ထိုစကားကို အသင့်နှလုံးသွင်းမိသော သူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သော သူတို့သည် သင်းဝင်ကြ၏။ ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍နေကြ၏။” (တမန်တော် ၂:၄၁-၄၂) သခင်ယေရှုကို သတ်ခဲ့သောသူများသည် သူတို့၏ အပြစ်ကို သန့်ရှင်းသော ဝိညာဉ်တော်က ဖေါ်ပြသောအခါ စိတ်မဆိုးဘဲ နောင်တရ၍ ယေရှုခရစ်၏ နာမဖြင့် ဗတ္တိဇံကို ခံကြသည်။
၆။ သမ္မာတရားဖေါ်ပြမည်
“သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာ တို့ကိုလည်း သင်တို့အား ဖေါ်ပြလိမ့်မည်။ ထိုသူသည် ငါ့ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့် စပ်ဆိုင်သောအရာကို ယူ၍ သင်တို့အား ဖေါ်ပြလိမ့်မည်။ ခမည်းတော်နှင့် စပ်ဆိုင်သမျှသည် ငါနှင့် စပ်ဆိုင်၏။ ထို့ကြောင့် ငါနှင့် စပ်ဆိုင်သောအရာကို ယူ၍ သင်တို့အား ဖေါ်ပြလိမ့်မည်၊ ဟုငါပြော၏။” (ယော ၁၆:၁၃-၁၅) ခရစ်တော်က သန့်ရှင်းသောဝိညာဉ်တော် ရောက်လာသောအခါ
၁။ သမ္မာတရားကို ဖေါ်ပြမည်၊
၂။ နောင်လာလတံ့သောအရာ တို့ကိုလည်း ဖေါ်ပြမည်၊
၃။ ခရစ်တော်၏ ဘုန်းကိုလည်း ထင်ရှားစေမည်၊
၄။ ခရစ်တော်နှင့် စပ်ဆိုင်သောအရာ တို့ကို ဖေါ်ပြမည် ဟုဆိုသည်။
၇။ ယုံကြည်သူများအထဲမှ စကားပြောမည်
“ဧဝံဂေလိတရားကို ရှေ့ဦးစွာ လူမျိုးအပေါင်းတို့အား ဟောရလိမ့်မည်။ သင်တို့ကို အပ်နှံခြင်းငှါ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။ ရှေ့မဆွက မဆင်ခြင်ကြနှင့်။ ထိုခဏခြင်းတွင် သင်တို့ရသောစကားကိုသာ ပြောကြလော့။ အကြောင်းမူကား၊ သင်တို့ အလိုအလျောက်ပြောကြသည် မဟုတ်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ပြောတော်မူ၏။” ဟု ခရစ်တော် ကဆိုခဲ့သည် (မာကု ၁၃:၁၀-၁၁)။ သန့်ရှင်းသော ဝိညာဉ်တော်သည် ယုံကြည်သူများဒုက္ခ ရောက်သောအခါ သူတို့ အထဲမှ စကားပြောမည်။
ဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်း
“သင်တို့သည်လည်း ကယ်တင်တော်မူခြင်း အကြောင်းနှင့် ယှဉ်သော ဧဝံဂေလိတရား တည်းဟူသော သမ္မာတရားကို ကြားနာရ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့် ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရကြပြီ။” (ဧဖက် ၁:၁၃)
ကျွန်များနှင့် တိရစ္ဆာန်များကို သံပူနှင့် အရေပြားပေါ်၌ တံဆိပ်ခပ်တတ်သည်။ တံဆိပ်ခပ်ခြင်းသည် ပိုင်ဆိုင်မှုကို ဖေါ်ပြခြင်း ဖြစ်သည်။ လူတစ်ယောက်သည် ကယ်တင်ခြင်းနှင့် ယှဉ်သော ဧဝံဂေလိတရားကို ကြားနာ၍ ခရစ်တော်ကို ယုံကြည်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရသည်။ ထို့ကြောင့် ယုံကြည်သူသည် ဘုရားသခင်၏ ပိုင်ဆိုင်သောအရာ ဖြစ်ပြီ။ “ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။” (ဧဖက် ၄:၃၀)။ သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်းသည် ယုံကြည်ခြင်း နေ့မှရွေးနှုတ်ခြင်း နေ့ရက် တည်းဟူသော ကိုယ်ခန္ဓာ ချီဆောင်နေ့ရက်တိုင်အောင် ဖြစ်သည်။ ထိုကဲ့သို့ တံဆိပ်ခပ်ခြင်းသည် ဓမ္မသစ်ကာလ၏ ထူးခြားချက် ဖြစ်သည်။
ဝိညာဉ်တော်ကို စိတ်နာစေခြင်း
“ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။” (ဧဖက် ၄:၃၀)။ ဓမ္မဟောင်းကာလနှင့် ဓမ္မသစ်ကာလ သန့်ရှင်းသောဝိညာဉ်တော် ပေးပုံကွဲပြားကြောင်း သိဘို့လိုသည်။ ဓမ္မဟောင်းခေတ်၌ အပြစ်လုပ်သောအခါ ဝိညာဉ်တော် ပြန်ရုပ်သိမ်းသော်လည်း ဓမ္မသစ်ခေတ်မှာအပြစ် လုပ်သောအခါ ဝိညာဉ်တော် မရုပ်သိမ်းတော့ပါ။ သို့သော် ယုံကြည်သူ အပြစ်လုပ်လျှင် ဝိညာဉ်တော်ကို စိတ်နာစေသည်။ အချို့သော ယုံကြည်သူများအနေဖြင့် ဓမ္မာဟောင်းကာလ၌ ကဲ့သို့ ထင်သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ထပ်ခါထပ် ခါခေါ်ဘိတ်တတ်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် တံဆိပ်ခပ်သောကြောင့် ထပ်ခါထပ်ခါ ခေါ်စရာ မလိုတော့ပါ။ တခါရလျှင် တသက်စာ ဖြစ်သည်။
ထိုသို့ သန့်ရှင်းသောဝိညာဉ်တော် မရုပ်သိမ်းသော်လည်း သူ့ကို ဝမ်းနည်းစေလျှင် ယုံကြည်သူလည်း အသက်တာ၌ ဝမ်းမြောက်မှု မရှိနိုင်တော့ချေ။ သန့်ရှင်းသောဝိညာဉ်တော် စိတ်နာလျှင် ယုံကြည်သူကို မဦးဆောင်တော့ဘဲ အသက်တာ၌ ခမ်းခြောက်မှု ခံစားလာလိမ့်မည်။ ထိုအခါ ဘုရားကျောင်းလည်း မတက်ချင်၊ မိဿဟာယလည်း မဖွဲ့လို၊ ယုံကြည်သူများကိုလည်း အပြစ် မြင်၍ ရှောင်လာမည်။ ထိုသူကို အဘယ်ကြောင့်ဘုရားကျောင်းမလာသနည်းဟု မေးလျှင်၊ ‘မင်းတို့ ဘုရားကျောင်းလာမှသာ ဘုရားရှိခိုးသလား’ဟူ၍၎င်း၊ ‘ဆုမတောင်း၊ ကျမ်းစာ မဖတ်ဘူးထင်တယ်’ဟု ပြောလျှင်၊ ‘မင်းရှေ့မှာ ဆုတောင်း ကျမ်းစာဖတ်ပေးရမလား’ဟု ဖြေတတ်ကြသည်။ မိတ်ဆွေကိုယ်တိုင်ထို သို့ဖြစ်လျှင် အမြန်ဆုံး နောင်တရ၍ ဘုရား ထံအပြစ် ဝန်ချတောင်းပန်ပါ။
ဝိညာဉ်တော် စိတ်နာလျှင် ဩတ္တပ္ပစိတ်ကြည်လင်မည်မဟုတ်။ ဩတ္တပ္ပစိတ်မကြည်လင်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်က သတိပေးနေခြင်းဖြစ်သည်။ ယုံကြည်သူ အပြစ်လုပ်မည်ကြံသောအခါ သန့်ရှင်းသောဝိညာဉ်တော်က အပြစ်မလုပ်ဘို့ရန် သတိပေးသည်။ ဥပမာအရက်သောက်ဘို့ရန်သော်၎င်း၊ မတရားသောမေထုန်မှီဝဲဘို့ရန်သော်၎င်း၊ ကြံစည်သောအခါ ယုံကြည်သူသည် စိတ်ထဲ၌ မကောင်းကြောင်း သိနေသောကြောင့် မယုံကြည်သောသူကဲ့သို့ ပျော်ရွှင်စွာ အပြစ်လုပ်နိုင်မည်မဟုတ်။ ထိုအရာကို ဂရုမစိုက်ဘဲ အပြစ်ထပ်ခါထပ်ခါ ကျူးလွန်လျှင် နောက်ပိုင်း၌ ဝိညာဉ်တော်၏ သတိပေးခြင်းကို သိတော့မည်မဟုတ်။ ထိုအရာကို ဩတ္တပ္ပစိတ်ကို သံပူနှင့် ခတ်ခြင်းဟု ခေါ်သည်။ ရှင်ပေါလုက၊ “ဝိညာဉ်တော်သည် အတည့်အလင်း ဗျာဒိတ်ထားတော်မူသည်ကား၊ နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့် ခတ်ခြင်းကို ခံပြီးလျှင်၊ မုသာစကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌၎င်း၊ နတ်ဘုရားတို့နှင့် စပ်ဆိုင်သော ဩဝါဒတို့၌၎င်း၊ မှီဝဲဆည်းကပ်ကြလိမ့်မည်။” ဟုဆိုထားသည် (၁ တိမောသေ ၄:၁-၂)။
ဝိညာဉ်တော် စိတ်နာစေသောသူ၊ ဩတ္တပ္ပစိတ်သံပူခပ်ခြင်း ခံသော သူတို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌၎င်း၊ နတ်ဘုရားတို့နှင့် စပ်ဆိုင်သော ဩဝါဒတို့၌၎င်း၊ မှီဝဲဆည်းကပ်ကြလိမ့်မည်၊ ဟုဆိုသည်။ ထိုသို့ဖြစ်ခြင်းသည် အပြစ်လုပ်ခြင်းကြောင့် ဖြစ်သည်။ မည်သူမဆိုအပြစ် လုပ်နိုင်သည်။ သို့သော် ဝိညာဉ်တော်က သတိပေးခြင်း၊ ယုံကြည်သူများ၏ သတိပေးခြင်းကို နာခံ၍ နောင်တရဘို့လိုသည်။
ဝိညာဉ်တော်ဗတ္တိဇံ
“ငါသည် နောင်တ အဘို့ အလို့ငှါ သင်တို့ကို ရေနှင့် ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှါ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။ လက်တော်တွင် စံကောပါလျက်၊ မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ မိမိဂျုံစပါးကို ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလတံ့၊ ဟုယောဟန်ဟောပြော၏။” (မဿဲ ၃:၁၁-၁၂)
အထက်ပါ ကျမ်းပိုဒ်၌ ယောဟန်က ခရစ်တော်သည် လူများကို သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ မီးနှင့်၎င်း၊ ဗတ္တိဇံပေးမည်၊ ဟုဆိုသည်။ အချို့သောသူများက မီးဗတ္တိဇံသည် ဝိညာဉ်တော် ဗတ္တိဇံဟု ယူဆကြသည်။ သို့သော် ခရစ်တော်၏ စကားကို ဆက်ကြည့်ပါက မီးဗတ္တိဇံသည် မယုံကြည်သူများကို မီးငရဲအိုင်ထဲသို့ ချမည့်အရာ ဖြစ်နေသည်။ ယုံကြည်သူများကို ဂျုံစပါး၊ မယုံကြည်သူများကို အဖျင်း နှင့်နှိုင်းထားသည်။ အဖျင်းသည် စပါးနှင့် အလွန်တူသော်လည်း အထဲ၌ အဆန်မရှိချေ။ ထိုနည်းတူ ယုံကြည်သူအတု၊ အမည်ခံခရစ်ယာန်များသည် ယုံကြည်သူဟု ထင်ရသော်လည်း အဆန်မရှိသောကြောင့် တရားစီရင်သောနေ့၌ မီးငရဲအိုင်ထဲသို့ ချလိုက်မည်ဖြစ်သည်။ ထိုသို့ ငရဲသို့ချခြင်းကို မီးဗတ္တိဇံ ဟုဆိုလိုခြင်းဖြစ်သည်။
ယောဟန်က၊ “ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်၌ သင်တို့ကို ဗတ္တိဇံပေးမည်၊ ဟုဟောသတည်း။” (မာကု ၁:၈)
အထက်ပါ ကျမ်းပိုဒ်များ၌ ဗတ္တိဇံယောဟန်ကသခင်ယေရှုသည် ယုံကြည်သူများကို သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံပေးမည် ဟုဆိုသည်။ သို့သော် ခရစ်တော်သည် အသက်ရှင်စဉ်တွင် တပည့်တော်များကို ဝိညာဉ်တော်၌ ဗတ္တိဇံပေးခြင်း မတွေ့ရချေ။
သခင်ယေရှုက၊ “ဂတိတော် အချက်ဟူမူကား ယောဟန်သည် ရေ၌ဗတ္တိဇံကို ပေး၏။ သင်တို့သည် မကြာမမြင်မှီ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တမန် ၁:၅)
အထက်ပါ ကျမ်းပိုဒ်များ၌ ခရစ်တော်က ကောင်းကင် မတက်မှီတွင် တပည့်တော်များထံ သူတို့သည် မကြာမမြင့်မှီ သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။ ထို့ကြောင့် ထိုအချိန်ထိ တပည့်တော် များသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဗတ္တိဇံမခံသေးကြောင်း ထင်ရှားသည်။
သင်ခန်းစာ (၉)
ဝိညာဉ်တော်ဆင်းသက်ခြင်း
“ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည်တညီတညွတ်တည်း စည်းဝေး၍နေကြ၏။ ထိုအခါလေပြင်းမုန်တိုင်းကဲ့သို့သောအသံသည်တခဏခြင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့နေထိုင်သောအိမ်ကိုဖြည့်လေ၏။ ထိုခဏခြင်းတွင်ကွဲပြားသောလျှာတို့သည်မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးသီးတို့အပေါ်၌တည်နေကြ၏။ ထိုသူအပေါင်းတို့သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကိုပေးတော်မူသည်အတိုင်း၊ အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။” (တမန် ၂:၁-၄)
ပင်တေကုတ္တေနေ့၌ဖြစ်ပျက်သောအရာများသည်အောက်ပါအတိုင်းဖြစ်သည်။
၁။ ယုံကြည်သူများသည်တညီတညွတ်တည်းစည်းဝေး၍နေကြသည်။
၂။ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည်တခဏခြင်းတွင်ကောင်းကင်မှလာသည်။
၃။ ကွဲပြားသောလျှာတို့သည်မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးသီးတို့
အပေါ်၌တည်နေကြသည်။
၄။ ထိုသူအပေါင်းတို့သည်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍
၅။ ဝိညာဉ်တော်သည်ဟောပြောသောအခွင့်ပေးတော်မူသည်အတိုင်း၊ အမျိုးမျိုး
သော ဘာသာစကားအားဖြင့်ဟောပြောကြသည်။
အထက်ပါအဖြစ်အပျက်များသည်၊ လူသုံးထောင်ပြောင်းလဲသောအခါ မတွေ့ရတော့ချေ။ ထို့အပြင်နောက်ထပ် လူနှစ်ထောင်ပြောင်းလဲသောအခါ၊ ယုံကြည်သူများသည် လူငါးထောင်ရှိလာသည် (တမန် ၄:၄)။ ထိုလူနှစ်ထောင်တို့ယုံကြည်လာသောအခါ ၌လည်း အထက်ပါ အဖြစ်အပျက်များ မဖေါ်ပြ တော့ချေ။ ယနေ့ လူများ ယုံကြည် လာသောအခါ ၌လည်း လေပြင်းမုန်တိုင်း အသံ၊ ကွဲပြားသော မီးလျှာ၊ အမျိုးမျိုးသော ဘာသာစကားပြောခြင်းများ မတွေ့ရတော့ချေ။ ထို အမျိုးမျိုးသော ဘာသာစကား များသည် မသိနိင်သောစကား မဟုတ်၊ လူ့စကား ဖြစ်သည်။ ကျမ်းစာ၌၊ “ထိုကာလ အခါ၊ ကောင်းကင်အောက်တွင် ရှိလေသမျှသော လူမျိုးထဲကဘုရားကို ရိုသေသော ယုဒလူတို့သည် ယေရှုရှလင်မြို့၌ တည်းနေကြသတည်း။ ထိုအသံကို ကြားရသောအခါ၊ လူများတို့သည် စုဝေးလာကြလျှင်၊ အသီးသီး အခြားခြားသော မိမိတို့ ဘာသာစကားဖြင့် တမန်တော်တို့ ဟောပြောသည်ကို ကြားရ၍ မှိုင်တွေလျက် ရှိနေကြ၏။ ထိုလူ အပေါင်းတို့သည် အံ့ဩ မိန်းမောတွေဝေလျက် ရှိ၍၊ ယခုဟောပြောသောသူ အပေါင်းတို့သည် ဂါလိလဲလူ ဖြစ်ကြသည် မဟုတ်လော။ သို့ဟုတ်လျှင် ငါတို့သည် အသီးသီး မွေးဘွားရာ ဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့ နည်း။ ပါသိပြည် မှစ၍ မေဒိပြည်၊ ဧလံပြည်၊ မေသော ပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊ ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တု ပြည်၌ နေသောသူ၊ ကုရေနေမြို့နှင့် စပ်သော လိဗုကျေးလက်၌ နေသောသူ၊ ရောမမြို့မှလာသော ဧည့်သည်များ၊ ယုဒလူ ဖြစ်စေ၊ ဘာသာဝင် ဖြစ်စေ၊ ကရေတေပြည်သား၊ အရပ်ပြည်သား၊ အသီးသီး ဖြစ်ကြသော ငါတို့အား ဤသူများသည် ဘုရားသခင်၏ အံ့ဘွယ်သောအမှု တို့ကို ငါတို့ အမျိုးဘာသာစကားဖြင့် ဟောပြောကြသည်ကို ကြားရပါသည် တကားဟု အချင်းချင်း ပြောဆို ကြ၏။” (တမန် ၂:၅-၁၁)။
အဘယ်ကြောင့်ပင်တေကုတ္တေ နေ့၌ ထိုကဲ့သို့သော အဖြစ်အပျက်များ ဖြစ်ရသနည်း။ အကြောင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် ဤကမ္ဘာလောက၌ ရုံးစိုက်သောနေ့၊ အလုပ်တာဝန် ယူဘို့ရန် ဆင်းသက်သောနေ့ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုနေ့မတိုင်မှီတွင် တခါလေ ဤလောက၌ လူအချို့ထံတွင် ဆင်းသက်တတ်သော်လည်း အမြဲနေဘို့ရန် မဟုတ်။ ပင်တေကုတ္တေနေ့မှစ၍ အမြဲနေသွားဘို့ရန် ဆင်းသက်ခြင်း ဖြစ်သည်။ ထိုသို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ခြင်းကို သိနိင်ဘို့ရန် အသံ၊ မီးလျှာကဲ့သို့နှင့် အမျိုးမျိုးသော ဘာသာစကားဖြင့် သက်သေထူသည်။ ယနေ့ ထိုအရာသုံးမျိုးကို မတွေ့ရတော့ချေ။ တချို့သော နေရာ၌ တရားဟောသောအခါ အခြားလူမျိုးများက သူတို့ စကားနှင့် ကြားသည်ကို ရှား ရှားပါးပါး သက်သေခံတတ်ကြသည်။ လေပြင်းမုန်တိုင်း ကဲ့သို့နှင့် မီးလျှာကဲ့သို့သောအရာသည် မတွေ့ရတော့ချေ။ အဘယ်ကြောင့်နည်းဟူမူကား မလိုအပ်တော့သောကြောင့် ဖြစ်သည်။ ပင်တေကုတ္တေနေ့၌ ဖြစ်ပျက်သောအရာ သည်၊
၁။ ဝိညာဉ်တော် ဆင်းသက်ခြင်း
၂။ ဝိညာဉ်တော်၌ ဗတ္တိဇံခံခြင်း
၃။ ဝိညာဉ်တော်နှင့် ပြည့်ဝခြင်းဟု ခေါ်သည်။
ပင်တေကုတ္တေ နေ့၌ ဖြစ်ပျက်သော အရာများသည် ဝိညာဉ်တော် ဆင်းသက်ခြင်းနှင့် ဝိညာဉ်တော်၌ ဗတ္တိဇံခံခြင်း ဖြစ်ကြောင်းကို ရှင်ပေတရု၏ သက်သေခံခြင်းအားဖြင့် သိနိင်သည်။ ရှင်ပေတရုက၊ “ငါသည် ဟောပြောစပြုစဉ်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ရှေ့ဦးစွာ ငါတို့ အပေါ်သို့ သက်ရောက်တော်မူသည် နည်းတူ၊ ထို သူတို့ အပေါ်သို့လည်း သက်ရောက်တော်မူ၏။ ယောဟန်သည် ရေ၌ ဗတ္တိဇံကို ပေး၏။ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့်မည်ဟု သခင်ဘုရား မိန့်တော်မူသော စကားကို ထိုအခါ ငါအောက်မေ့၏။” ဟု သက်သေခံသည် (တမန် ၁၁:၁၅-၁၆)။ သူပြောသောအရာသည် ကောနေလိတို့ အိမ်၌ တရားဟောသောအခါ သူ တရားဟောနေစဉ် တပါးအမျိုးသားများအပေါ် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ခြင်းကို ပြောခြင်း ဖြစ်သည်။ ကောနေလိတို့ အပေါ် ဝိညာဉ်တော် ဆင်းသက်ခြင်းနှင့် ပင်တေကုတ္တေနေ့၌ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ခြင်းသည် တူညီ၍ ခရစ်တော် ပြောခဲ့သော သန့်ရှင်းသော ဝိညာဉ်တော်၏ ဗတ္တိဇံခံခြင်း ဖြစ်သည် ဟုဆိုလိုခြင်း ဖြစ်သည်။
ပင်တေကုတ္တေနေ့နှင့် ကောနေလိအိမ်တွင် ဝိညာဉ်တော် ဆင်းသက်သောအခါ အဘယ်ကြောင့် အမျိုးမျိုးသော ဘာသာစကားဖြင့် ပြောကြသနည်းဟူမူကား၊ ပင်တေကုတ္တေနေ့သည် ယုဒလူများ အပေါ် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောနေ့ဖြစ်၍ ကောနေလိအိမ်တွင် တပါးအမျိုးသားများအပေါ် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောနေ့ဖြစ်သည်။ ပင်တေကုတ္တေနေ့တွင် ပေတရုက တရားဟောသောအခါ လူသုံးထောင်ပြောင်းလဲ၍ ယေရှုကို ကယ်တင်ရှင် မေရှိယအဖြစ် လက်ခံကြသည်။ သူတို့သည် ယေရှုကို မေရှိယအဖြစ် လက်ခံကြောင်း သူ၏ နာမဖြင့် ရေဗတ္တိဇံခံကြသည်။ သို့သော်လည်း ယုံကြည်သူ ၁၂၀ အပေါ်၌ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သကဲ့သို့ လေပြင်းမုန်တိုင်းအသံ၊ မီးလျှာ၊ အမျိုးမျိုးသော ဘာသာစကားပြောခြင်းများမရှိတော့ချေ။ များမကြာမှီ ယုံကြည်သူများသည် လူသုံးထောင်မှငါးထောင်သို့ တိုးတက်လာသည်။ ထိုသို့နောက်ထပ် ယုံကြည်သူများပြောင်းလဲသောအခါ၌လည်း အထက်ပါ အချက်သုံးချက် မတွေ့ရတော့ချေ။ ထို့ကြောင့် လူတယောက် ခရစ်တော်ကို ယုံကြည်လာလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် တိတ်ဆိတ်စွာ ရရှိကြောင်း သိနိုင်သည်။
အချို့သောသူများက သန့်ရှင်းသောဝိညာဉ်တော် ရရှိသောအခါ အခြားသော ဘာသာစကားပြောရမည်၊ ဟုသတ်မှတ်ကာ သင်ပေးကြသည်။ အခြားသောဘာသာစကား မပြောလျှင် ဝိညာဉ်တော် မရရှိသေး၊ ဟုထင်ကြသည်။ အခြားသော ဘာသာစကားသည် ဝိညာဉ်ဆုကျေးဇူး ဖြစ်သည်။ ဝိညာဉ်ဆုကျေးဇူးသည် အားလုံး၌ ရရှိသော ဆုမတူညီကြချေ။ အကြောင်းမှာ ဝိညာဉ်တော်၏ အလိုအားဖြင့် ဖြစ်သောကြောင့်ဖြစ်သည်။ လက်ဆောင်ရသောသူများသည် ပေးသောသူ အပေါ်မူတည်သည်။ အားလုံး ရသောအရာ တူညီရမည်ဟု မဆိုနိုင်ချေ။
ယုံကြည်သောအခါ
ယနေ့ ယုံကြည်သူများသည် မည်သည့်အချိန်၌ သန့်ရှင်းသောဝိညာဉ်တော် ရရှိကြသနည်း။ ကျမ်းစာက၊ “သင်တို့သည်လည်း ကယ်တင်တော်မူခြင်း အကြောင်းနှင့် ယှဉ်သော ဧဝံဂေလိတရား တည်းဟူသော သမ္မာတရားကို ကြားနာရ၍ ထိုခရစ်တော်ကို ယုံကြည် ပြီးမှ၊ ဂတိတော်နှင့် ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရကြပြီ။” (ဧဖက် ၁:၁၃) ဟုဆိုသောကြောင့် ယုံကြည်သောအချိန် မှစ၍ ရရှိသည်။ ခရစ်တော်ကို ယုံကြည်ခြင်း ပင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဘော်ပြခြင်းကြောင့် ဖြစ်သည်။ သို့သော် ခရစ်တော် အကြောင်းကို သိရုံ၊ ဦးနှောက်နှင့် သိရုံဖြင့့် သန့်ရှင်းသောဝိညာဉ်တော် ရသည်ဟု မဆိုနိင်ချေ။ သန့်ရှင်းသောဝိညာဉ်တော် ရရှိလျှင် ဘုရားသား ဖြစ်ကြောင်း သိရှိရသည်။ ကျမ်းစာက၊ “ငါတို့သည် ဘုရားသခင်၏သား ဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။” (ရော ၈:၁၆) ဟုဆိုထားသည်။ အဘယ်ကြောင့် အချို့သောသူများသည် ဘုရားသား ဖြစ်ကြောင်း မသိကြ၊ စိတ်မချကြသနည်းဟူမူကား သူတို့၏ ဝိညာဉ်နှင့် ဝိညာဉ်တော် ကသက်သေမခံသောကြောင့် ဖြစ်သည်။ ဝိညာဉ်တော်နှင့် လူ၏ ဝိညာဉ်က သက်သေခံသောအခါ အနီးဆုံးသော စိတ်နှလုံး၌ ဘုရားသား ဖြစ်ကြောင်း သိရသည်။
သင်ခန်းစာ (၉) မေးခွန်းများ
၁။ ပင်တေကုတ္တေနေ့၌ယုံကြည်သူများထံဘာလာသနည်း။..................................................
၂။ ဝိညာဉ်တော်သည်မည်ကဲ့သို့လာသနည်း။......................................................
၃။ ယုံကြည်သူများအပေါ်၌ဘာထင်ရှားသနည်း။...............................................
၄။ ယုံကြည်သူများသည်ဘာနှင့်ပြည့်ကြသနည်း။..........................
၅။ ယုံကြည်သူများသည်မည်ကဲ့သို့သောဘာသာစကားဖြင့်ဟောကြသနည်း။.........
သင်ခန်းစာ (၁၀)
ဝိညာဉ်တော်နှင့်ပြည့်ဝခြင်း
ဝိညာဉ်တော်ရရှိသောသူတိုင်းသည် ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းမရှိပါ။ ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းသည်၊ ဝိညာဉ်တော်ကအုပ်စိုးခြင်းဖြစ်သည်။ ကျမ်းစာက၊ “လွန်ကျူးစေတတ်သောစပျစ်ရည်နှင့်ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော့။” (ဧဖက် ၅:၁၈) ဟုဆိုသည်။ စပျစ်ရည်နှင့်ယစ်မူသောအခါ မူလစိတ်သဘောပျောက်၍ စပျစ်ရည်ကလူကိုလွှမ်းမိုးသည်။ ထို့ကြောင့်အပြောအဆိုမှစ၍လှုပ်ရှားမှုများပြောင်းလဲကာ၊ မဖြစ်သင့်သောအရာများ၊ အပြစ်များပြုလုပ်တတ်သည်။ ထိုနည်းတူ၊ ဝိညာဉ်တော်နှင့်ပြည့်စုံသောအခါ မူလစိတ်ပျောက်၍စိတ်နှလုံးကိုဝိညာဉ်တော်ကအုပ်စိုးသောကြောင့် သတ္တိရှိသည်၊ လူအားဖြင့်မသိနိင်သောအရာများကိုလည်းသိရှိဖေါ်ပြနိင်သည်။ လူမလုပ်နိုင်သောအရာများကိုလည်းလုပ်နိုင်သည်။ ဝိညာဉ်တော်နှင့်ပြည့်ဝသောသူများ၏အသက်တာကိုကျမ်းစာထဲမှကြည့်ကြစို့။
ဗတ္တိဇံယောဟန်
ဗတ္တိဇံယောဟန်သည်အမိဝမ်းထဲမှာရှိစဉ်ပင်ဝိညာဉ်တော်နှင့်ပြည့်ဝလိမ့်မည်ဟု ကောင်းကင်တမန်ကဤသို့ဆိုသည် “အကြောင်းမူကား၊ ထိုသားသည်ထာဝရဘုရားရှေ့၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ စပျစ်ရည်နှင့်ယစ်မျိုးကိုမသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလိမ့်မည်။” (လုကာ ၁:၁၅)။ ထိုသို့ဗျာဒိတ်ပြုသည့်အတိုင်း သူ၏မိခင်ဧလိရှဗက်ကိုသခင်ယေရှု၏မယ်တော်မာရိကနှုတ်ဆက်သောအခါ၊ မိခင်ဝမ်းမှယောဟန်ကသခင်ယေရှုကိုနှုတ်ဆက်ကြောင်းဤသို့မှတ်တမ်းတင်ထားသည်၊ “ထိုနှုတ်ဆက်ခြင်းစကားကိုဧလိရှဗက်သည်ကြားစဉ်တွင်၊ မိမိဝမ်း၌ရှိသောသူငယ်သည် ခုန်၍၊ မိမိသည်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက်၊ သင်သည်မိန်းမတကာတို့ထက်မြတ်စွာသောမင်္ဂလာရှိ၏။” ဟုဆိုခဲ့သည် (လုကာ ၁:၄၁-၄၂)။ အဘယ်ကြောင့်ဧလိရှဗက်ဝမ်းထဲရှိသူငယ်ယောဟန်သည်ခုန်သနည်းဟူမူကား၊ ဝိညာဉ်တော်နှင့်ပြည့်ဝသောကြောင့် ဖြစ်သည်။ မိခင်ဧလိရှဗက်လည်းဝိညာဉ်တော်နှင့်ပြည့်ဝသောကြောင့်၊ သူ့ဝမ်းထဲမှခလေးသည်သခင်ယေရှုကိုနှုတ်ဆက်ကြောင်းသိနိုင်သည်။ ထိုအပြင်မာရိဝမ်းထဲ၌သခင်ယေရှုရှိကြောင်းကိုလည်း၊ ပြောပြစရာမလိုဘဲသိရှိနိုင်သည်။
ယောဟန်အဘဇာခရိ
ဗတ္တိဇံယောဟန်မွေးဘွားသောအခါဖခင်ဇာခရိသည်ဝိညာဉ်တော်နှင့်ပြည့်ဝ၍၊ ပရောဖက် ဥာဏ်ဖြင့်ဤကဲ့သို့ဟောပြောသည်၊ “သူ၏အဘဇာခရိသည်သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊ ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားသည်၊ မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ပေါ်ထွန်းသောမိမိသန့်ရှင်းသောပရောဖက်တို့ နှုတ်ဖြင့်ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့သည်ရန်သူဘေးနှင့်ကင်းလွတ်၍၊ ဘုရားသခင့်ရှေ့တော်၌တသက်လုံးသန့်ရှင်းဖြောင့်မတ်ခြင်းပါရမီအားဖြင့်၊ ဘုရားဝတ်ကိုရဲရင့်စွာပြုရသောအခွင့်ကိုပေးမည်၊ ဟုငါတို့အဘအာဗြဟံအားကျိန်ဆိုခြင်းဂတိတော်တည်းဟူသောသန့်ရှင်းသောပဋိညာဉ်တရားကိုအောက်မေ့တော်မူသဖြင့်၎င်း၊ ငါတို့ဘိုးဘေးများနှင့်ဝန်ခံတော်မူသောသနားခြင်းကျေးဇူးကိုပြုတော်မူသဖြင့်၎င်း၊ မိမိလူမျိုးကိုအကြည့်အရှုကြွလာလျက်ရွေးနှုတ်ခြင်းကျေးဇူးကိုပြုတော်မူ၍၊ ငါတို့ကို ရန်သူလက်မှ၎င်း၊ မုန်းသောသူရှိသမျှတို့လက်မှ၎င်း၊ ကယ်လွှတ်မည်အကြောင်း၊ ကယ်လွှတ်ခြင်းဦးချိုကိုမိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ငါတို့အားပေါ်ထွန်းစေတော်မူပြီ။ အချင်းသူငယ်၊ သင်သည်လည်းအမြင့်ဆုံးသောဘုရား၏ပရောဖက်ဟုခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။ အကြောင်းမူကား၊ ငါတို့ဘုရားသခင်၏သနားတော်မူခြင်း ကျေးဇူးတော်အားဖြင့်အပြစ်ဖြေ၍၊ ကယ်တင်ခြင်းသို့ရောက်နိုင်ကြောင်းကိုဘုရားသခင်၏လူမျိုးအားဘော်ပြသဖြင့်၊ ထာဝရဘုရား၏လမ်းခရီးတော်ကိုပြင်ဆင်ခြင်းငှါ သင်သည်ရှေ့တော်၌သွားရလိမ့်မည်။ ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့်၊ ကောင်းကင်မှနေအာရုဏ်သည်ငါတို့အပေါ်သို့တက်သဖြင့်၊ မှောင်မိုက်နှင့်သေမင်း၏ အရိပ်ထဲတွင်ရှိနေသောသူတို့၌အလင်းပေါ်ထွန်း၍၊ ငါတို့အားငြိမ်သက်ခြင်းလမ်းကိုပြလျက်ရှိသည်၊ ဟုပရောဖက်ဥာဏ်နှင့်ဟောလေ၏။” (လုကာ ၁:၆ရ-ရ၉)
ယုံကြည်သူများ
“ပင်တေကုတ္တေပွဲနေ့ရောက်သောအခါထိုသူအပေါင်းတို့သည်၊ တညီတညွတ်တည်း စည်းဝေး၍နေကြ၏။ ထိုအခါလေပြင်းမုန်တိုင်းကဲ့သို့သောအသံသည်၊ တခဏခြင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့နေထိုင်သောအိမ်ကိုဖြည့်လေ၏။ ထိုခဏခြင်းတွင်ကွဲပြားသောလျှာတို့သည်မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးသီးတို့အပေါ်၌တည်နေကြ၏။ ထိုသူအပေါင်းတို့သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကိုပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။” (တမန် ၂:၁-၄) ပင်တေကုတ္တေနေ့၌ယုံကြည်သူများသည်၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သောအခါ၊ ဝိညာဉ်တော်သည်ဟောပြောသောအခွင့်ကိုပေးတော်မူသည်အတိုင်း၊ လူမျိုး ၁၆ မျိုးစကားဖြင့်ဟောပြောကြသည်။
ပေတရု
“ထိုအခါပေတရုသည်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက်၊ လူများကိုအစိုးရသော မင်းတို့နှင့်ဣသရေလအမျိုးအကြီးအကဲတို့၊ အင်္ဂါချို့တဲ့သောသူကိုကျေးဇူးပြု၍၊ သူသည် အနာရောဂါနှင့်အဘယ်သို့ကင်းလွတ်သနည်း၊ ဟုငါတို့သည်ယနေ့အစစ်ခံရလျှင်၊ သင်တို့သည်လက်ဝါးကပ်တိုင်မှာကွပ်မျက်၍၊ ဘုရားသခင်သည်သေခြင်းမှထမြောက်စေတော်မူသော၊ နာဇရက်မြို့သားယေရှုခရစ်၏နာမတော်အားဖြင့်၊ ဤသူသည်သင်တို့ မျက်မှောက်၌ကျန်းမာလျက်ရှိသည်ကိုသင်တို့မှစ၍ ဣသရေလူအပေါင်းတို့သိမှတ်ကြလော့။” (တမန် ၄:၈-၁၀) ပေတရုသည်အင်္ဂါချို့တဲ့သောသူကျန်းမာခြင်းနှင့်ပတ်သက်၍ စစ်ဆေးခြင်းခံသောအခါ၊ လူများကိုအစိုးရသောမင်းတို့နှင့်ဣသရေလအမျိုးအကြီးအကဲတို့ကို၊ ကြောက်ရွံ့ခြင်းလုံးဝမရှိဘဲသူတို့၏အပြစ်များကိုဘော်ပြသည်။
ယုံကြည်သူများ
လူအကြီးအကဲမင်းအရာရှိများက၊ တမန်တော်များကိုယေရှုနာမဖြင့်ဟောပြောသွန်သင်ခြင်းကိုအလျှင်းမပြုဘို့ခြိမ်းခြောက်သောအခါ၊ အတူတကွဆုတောင်းကြသည်။ “ထိုသို့ ဆုတောင်းပဌနာပြုပြီးမှ၊ စုဝေးသောအရပ်သည်တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့်၊ ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို၊ ရဲရင့်စွာ ဟောပြောကြ၏။” (တမန် ၄:၃၁) ယုံကြည်သူများသည်၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောအခါ၊ ရဲရင့်စွာဟောပြောကြကြောင်း တွေ့ရသည်။
ပေါလု
ပေါလုနှင့်ဗာနဗတို့အဖွဲ့သည်ဧဝံဂေလိတရားဟော၍၊ ကုပရုကျွန်းသို့ရောက်ကြ၏။ “တကျွန်းလုံးကိုရှောက်၍ပါဖုမြို့သို့ရောက်လျှင်၊ ဗာယေရှုအမည်ရှိသောယုဒအမျိုးသားမိစ္ဆာပရောဖက်ဖြစ်သောနတ်ဝိဇ္ဇာအတတ်သမားကို၊ မြို့ဝန်မင်းသေရဂိပေါလုထံ၌တွေ့ကြ၏။ ထိုမြို့ဝန်သည်ပညာသတိရှိသဖြင့်၊ ဗာနဗနှင့်ရှောလုတို့ကိုခေါ်ပင့်၍၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုနာလိုသောစိတ်ရှိသော်၊ အနက်အားဖြင့်နတ်ဝိဇ္ဇာအတတ်သမားဟုဆိုလိုသော၊ ဧလုမအမည်ရှိသောသူသည်၊ မြို့ဝန်ကိုယုံကြည်ခြင်းမှလွှဲအံ့သောငှါ၊ တမန်တော်တို့ကိုဟန့်တားလေ၏။ ထိုအခါပေါလုဟုအမည်တွင်သောရှောလုသည်၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့်၊ ထိုနတ်ဝိဇ္ဇာအတတ်သမားကိုစေ့စေ့ကြည့်ရှုလျက်၊ လှည့်ဖြားခြင်းအကျိုးကိုဖျက်ခြင်းအမျိုးမျိုးနှင့်ပြည့်စုံသော မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်းတရား၏ရန်သူ၊ သင်သည်ထာဝရဘုရား၏ဖြောင့်မတ်သောလမ်းခရီးတို့ကို၊ မဖျက်ဆီးဘဲမနေနိုင်သလော။ ယခုပင်ထာဝရဘုရား၏လက်တော်သည်သင့်အပေါ်သို့ရောက်၍၊ နေကိုမျှမမြင်နိုင်အောင်အင်တန်ကာလပတ်လုံး၊ သင်၏မျက်စိကွယ်လိမ့်မည်၊ ဟု ပေါလုဆိုသောခဏခြင်းတွင်မျက်စိမြှေးရှက်၍မှောင်မိုက်အတိဖြစ်သဖြင့်၊ လက်ဆွဲပေးသောသူတို့ကိုရှာလျက်၊ တလည်လည်ရှိ၍နေ၏။ ထိုကြောင်းအရာကို မြင်လျှင်၊ မြို့ဝန်သည်ယုံကြည်ခြင်းသို့ရောက်၍၊ သခင်ဘုရား၏ဒေသနာတော်ကိုအလွန်အံ့ဩမိန်းမော၍နေ၏။” (တမန် ၁၃:၆-၁၂) သန့်ရှင်းသော ဝိညာဉ်တော်သည်၊ ပေါလုကိုအသုံးပြု၍ မိစ္ဆာပရောဖက်ဗာယေရှုကိုမျက်စိကွယ်စေခြင်းအားဖြင့်ဒဏ်ခတ်လိုက်သည်။ ထိုသူသည်မြို့ဝန်မင်းကသမ္မာတရားကို နားမထောင်စေခြင်းငှါ၊ ဟန့်တားသောကြောင့်ထိုသို့ ခံရခြင်းဖြစ်သည်။
တပည့်တော်များ
“ထိုအခါဘုရားကိုကိုးကွယ်၍အသရေရှိသောမိန်းမတို့နှင့်ထိုမြို့၌အကြီးအကဲဖြစ်သောသူများကိုယုဒလူတို့သည်နိုးဆော်၍၊ ပေါလုနှင့်ဗာနဗတို့ကိုညှဉ်းဆဲစေသဖြင့်၊ ထိုပြည်၏နယ်မှနှင်ထုတ်ကြ၏။ တမန်တော်တို့သည်မိမိတို့ခြေဘဝါး၌ကပ်သောမြေမှုန့်ကိုထိုသူတို့အားခါလိုက်ပြီးမှ၊ ဣကောနိမြို့သို့သွားကြ၏။ တပည့်တော်များတို့သည်ဝမ်းမြောက်ခြင်းနှင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊ ပြည့်စုံကြ၏။” (တမန် ၁၃:၅၀-၅၂) အထက်ပါအဖြစ်အပျက်များကိုကြည့်သောအခါ ဝိညာဉ်တော်နှင့် ပြည့်သောသူများသည် အမျိုးမျိုးသော ဘာသာစကားပြောခြင်း၊ ရဲရင့်စွာ တရားဟောခြင်း၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခြင်းများကို တွေ့ရသည်။
သင်ခန်းစာ(၁၀) မေးခွန်းများ
၁။ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝခြင်းသည်ဘာကိုဆိုလိုသနည်း။………………..
၂။ သန့်ရှင်းသောဝိညာဉ်တော်ကပြည်စုံသောအခါမည်ကဲ့သို့ခံစားသနည်း။……………………
၃။ ယောဟန်သည်မည်သည့်အချိန်မှစ၍သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သနည်း။………………….
၄။ ဧလိရှဗက်သည်မည်ကဲ့သို့မာရိဝမ်း၌ခရစ်တော်ရှိကြောင်းသိနိုင်သနည်း။………………………
၅။ ဇာခရိသည်အဘယ်ကြောင့်သားယောဟန်နှင့်ပတ်သက်၍ဗျာဒိတ်ပြုနိုင်သနည်း။………………..
၆။ ပင်တေကုတ္တေနေ့တွင်အဘယ်ကြောင့်အမျိုးမျိုးသောစကားဖြင့်ဟောပြောနိုင်ကြသနည်း။…………..
ရ။ အဘယ်ကြောင့်ပေတရုသည်မင်းအရာရှိများကိုမကြောက်သနည်း။…………………….
၈။ ယုံကြည်သူများဝိညာဉ်တော်နှင့်ပြည့်ဝသောအခါမည်ကဲ့သို့ဟောပြောကြသနည်း။………….
၉။ ပေါလုသည်ဝိညာဉ်တော်နှင့်ပြည့်သောအခါဗာယေရှုကိုမည်ကဲ့သို့ဖြစ်စေနိုင်သနည်း။………………………….
၁၀။ တပည့်တော်များသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သောအခါမည်ကဲ့သို့ခံစားကြသနည်း။………………………
သင်ခန်းစာ (၁၁)
ဝိညာဉ်၌လဲခြင်း
ယခုအခါခရစ်ယာန်များအထဲ၌ ဝိညာဉ်တော်၏အလုပ်၊ ဟုထင်မှတ်၍ ဝိညာဉ်၌လဲခြင်း အလွန်ခေတ်စားသည်ကိုတွေ့ရသည်။ ထိုသို့လဲသောသူများသည် ရှေ့သို့မလဲဘဲ နောက်သို့လဲကြကြောင်းတွေ့ရသည်။ ထိုကဲ့သို့သောအဖြစ်မျိုးကို ကျမ်းစာထဲ၌ မတွေ့ရသော်လည်း များစွာသောသူများက လက်ခံအားပေးကြသည်။ ကျမ်းစာ၌ ဘုရားသခင်ကို ကြောက်ရွံ့သော၊ ဘုရား၏လူများသည် နောက်သို့လဲခြင်း မတွေ့ရပါ။ ဘုရားကြောက်ရွံ့သောသူများသည် ရှေ့သို့ ပြပ်ဝပ်ကိုးကွယ်ကြသည်ကိုသာလျှင် တွေ့ရသည်။
အာဗြံ
“ထိုနောက်၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ် ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအား ထင်ရှားတော်မူ၍၊ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာသွားလာ၍ စုံလင်ခြင်းရှိလော့။ ငါ၏ပဋိညာဉ်ကိုသင်နှင့်ငါပြုမည်။ သင့်ကိုငါအလွန်များပြားစေမည်၊ ဟုမိန့်တော်မူ၏။ အာဗြံသည်လည်းပြပ်ဝပ်လျင်၊ (Then Abram fell on his face) ဘုရားသခင်က၊ ငါပြုသောပဋိညာဉ်သည်သင်၌ရှိ၏။” (ကမ္ဘာ ၁ရး၁-၄)။ အာဗြံသည် ဘုရားသခင်ကစကားပြောသောအခါ၊ ရှေ့သို့ပြပ်ဝပ်ကိုးကွယ်ကြောင်း တွေ့ရသည်။ နောက်သို့မလဲပါ။
ယောရူ
“ယောရှုသည် ယေရိခေါမြို့အနားမှာ ရှိနေစဉ်မြော်ကြည့်၍၊ လူတယောက်သည် ဓါးကိုဓါးအိမ်မှထုတ်ကိုင်လျက်၊ ကန့်လန့်ရပ်နေသည်ကိုမြင်လျှင်၊ သူ့ထံသို့သွား၍ သင်သည်ငါတို့ဘက်၌နေသောသူလော၊ ငါတို့ရန်သူဘက်၌ နေသောသူလောဟုမေးသော်၊ ထိုသူက ထိုသို့မဟုတ်၊ ထာဝရဘုရား၏ဗိုလ်ခြေကို အုပ်စိုးသောဗိုလ်မှူးဖြစ်၍ ယခုငါလာသည်၊ ဟုဆို၏။ ယောရှုသည်လည်း မြေပေါ်မှာ ပြပ်ဝပ်ကိုးကွယ်လျက်၊ (Joshua fell on his face to the earth and worshiped ) ကိုယ်တော်ကျွန်အား အဘယ်သို့မိန့်တော်မူမည်နည်း၊ ဟုမေးလျှောက်သော်၊ ထာဝရဘုရား၏ ဗိုလ်ခြေကို အုပ်စိုးသောဗိုလ်မှူးက၊ သင်၏ခြေနင်းကိုချွတ်လော့၊ သင်နင်းသောအရပ်ကား မြေမြတ်ဖြစ်သည် ဟုဆိုသည်အတိုင်း ယောရှုပြုလေ၏။ (ယောရှု ၅:၁၃-၁၅) ယောရှုသည် ယေရိခေါမြို့ထာဝရဘုရား၏ ဗိုလ်ခြေကို အုပ်စိုးသောသူနှင့် ရင်ဆိုင်သောအခါ ရှေ့သို့ ပြပ်ဝပ်ကိုးကွယ်ကြောင်း တွေ့ရသည်။ ယောရှုသည် နောက်သို့မလဲပါ။
ယေဇကျေလ
“ထိုသို့ ထွန်းတောက်သောအရောင်သည် မိုးရွာသောနေ့တွင် မိုးတိမ်ပေါ်၌ ပေါ်သောသက်တံ့၏ အရောင်ကဲ့သို့ဖြစ်၏။ ဤရွေ့ကား ထာဝရဘုရား၏ဘုန်းတော်၊ သဏ္ဍာန်အဆင်းအရောင် ဖြစ်သတည်း။ ထိုဗျာဒိတ်တော် ရူပါရုံကို ငါမြင်သောအခါ ပြပ်ဝပ်လျက်နေ၏ (And when I saw it, I fell on my face)။ တဦးသောသူကလည်း၊ အချင်းလူသား မတ်တပ်နေလော့။ သင့်အားငါပြောမည်၊ ဟုငါအား ဆိုသံကို ငါကြား၏။” (ယေဇ ၁:၂၈-၂:၁) ပရောဖက် ယေဇကျေလသည် ဘုရားသခင်၏ ဘုန်းတော်ကို တွေ့မြင်သောအခါ ပြပ်ဝပ်လျက်နေသည်၊ ဟုတွေ့ရသည်။ နောက်သို့လဲမသွားပါ။
“ထိုနောက်မှ အရှေ့ဘက်သို့ မျက်နှာပြုသောတခါးဝသို့ တဖန်ခေါ်သွား၏။ ဣသရေလအမျိုး၏ ဘုရားသခင့်ဘုန်းတော်သည် အရှေ့မျက်နှာမှလာ၍၊ အသံသည် သမုဒ္ဒရာကဲ့သို့ဖြစ်၏။ ရောင်ခြည်တော်အားဖြင့် မြေတပြင်လုံးလင်း၏။ ငါမြင်သောရူပါရုံသည် မြို့တော်ကိုဖျက်ဆီးခြင်းငှါ လာသောအခါ၊ ငါမြင်သောရူပါရုံနှင့်တူ၏။ ထင်ရှားသောအရာတို့သည် ခေဗာမြစ်နားမှာ ငါမြင်ဘူးသောအရာများကဲ့သို့ဖြစ်၍ ငါသည်ပြပ်ဝပ်လျက်နေ၏ (And I fell on my face) (ယေဇ ၄၃:၁-၃) ယေဇကျေလသည် ဘုရားသခင်၏ ဘုန်းတော်ကို ထပ်မြင်သောအခါ ပြပ်ဝပ်လျက်နေသည်ဟုဆိုသည်။ နောက်သို့လဲမသွားပါ။
တပည့်တော်များ
“ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသော မိုးတိမ်သည် ထိုသူတို့ကို လွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့၊ ဟုမိုးတိမ်ကအသံတော် ဖြစ်လေ၏။ တပည့်တော် တို့သည် ကြားရလျှင်၊ ပြပ်ဝပ်၍ ‘When the disciples heard this, they fell on their faces and were terrified’ အလွန်ကြောက်လန့်ခြင်းရှိကြ၏။” (မဿဲ ၁ရး၅-၆) တမန်တော်ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့သည် တောင်ပေါ်၌ ခရစ်တော်ကို မောရှေ၊ ဧလိယတို့နှင့် တွေ့မြင်သောအခါ နောက်သို့ လဲမသွားကြပါ။ အလွန်ကြောက်လန့်ကြ၍ ရှေ့သို့ ပြပ်ဝပ်လျက်ရှိကြသည်။
ကောင်းကင်တမန်အပေါင်း
“ပလ္လင်တော်မှစသော အသက်ကြီးသူတို့နှင့် သတ္တဝါလေးပါး၏ ပတ်ဝန်းကျင်၌ ရပ်နေသော ကောင်းကင်တမန် အပေါင်းတို့သည်၊ ပလ္လင်တော်ရှေ့မှာ ပြပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊ ‘And all the angels were standing around the throne and around the elders and the four living creatures, and they fell on their faces before the throne and worshiped God’ အာမင်။ ငါတို့၏ ဘုရားသခင်သည် ကမ္ဘာအဆက်ဆက်ကောင်းကြီးမင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုးသတ္တိရှိတော်မူစေသတည်း။ အာမင်ဟု ပြောဆိုကြ၏။” (ဗျာဒိတ် ရး၁၁-၁၂) ကောင်းကင်ဘုံ၌ ကောင်းကင်တမန်တို့သည် ဘုရားသခင်ကို ပြပ်ဝပ်လျက်ကိုးကွယ်ကြသည် ဟုဆိုသည်။ နောက်သို့ လဲမသွားကြပါ။
အသက်ကြီးသူနှစ်ဆယ်လေးပါးတို့
“ဘုရားသခင့်ရှေ့တော်၌ မိမိတို့ပလ္လင်ပေါ်မှာ ထိုင်သောအသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည် ပြပ်ဝပ်၍ ‘And the twenty-four elders who sit on their thrones before God fell on their faces and worshiped God’ ဘုရားသခင်ကို ကိုးကွယ်လျက်၊ (ဗျာဒိတ် ၁၁:၁၆)။ ကောင်းကင်ဘုံ၌ အသက်ကြီးသူ နှစ်ဆယ့်လေးပါးကလည်း ဘုရားသခင်ရှေ့၌ ပြပ်ဝပ်ကိုးကွယ်ကြောင်း တွေ့ရသည်။ နောက်သို့ မလဲသွားကြပါ။ ဘုရားသခင်၏ ရန်သူများသာလျှင် ဘုရားနှင့်တွေ့သောအခါ နောက်လန်လဲသွားကြကြောင်း တွေ့ရသည်။
ရှောလု
“ရှောလုသည်ကား၊ သခင်ဘုရား၏ တပည့်တော်တို့ တဘက်၌ ခြိမ်းခြောက်၍၊ အသေသတ်ခြင်းငှါ ပြင်စွာ အသက်ရှုသဖြင့်၊ ထိုဘာသာဝင်သော ယောက်ျားမိန်းမတို့ကိုတွေ့လျှင်၊ ချည်နှောင်၍ ယေရုရှလင်မြို့သို့ ပို့ဆောင်ရမည်အကြောင်း၊ ဒမာသက်မြို့၌ရှိသော တရားစရပ်မှူးတို့ထံသို့ မှာစာကိုပေးပါ၊ ဟုယဇ်ပုရောဟိတ်မင်းထံ၌ ဝင်၍ တောင်းပြီးမှသွား၍ ဒမာသက်မြို့အနီးသို့ရောက်သောအခါ၊ ကောင်းကင်ထဲကအလင်းသည် သူပတ်လည်၌ ရုတ်ကနဲထွန်းတောက်လေ၏။ ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ‘And falling to the ground he heard a voice saying to him, “Saul, Saul, why are you persecuting me?” ’ ရှောလု၊ ရှောလု၊ အဘယ်ကြောင့်ငါ့ကို ညှဉ်းဆဲသနည်း၊ ဟုမိမိအား ပြောသောစကားသံကို ကြားလျှင်၊ သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း၊ ဟုမေးလျှောက်၏။ သခင်ဘုရားကလည်း၊ ငါကားသင်ညှဉ်းဆဲသောယေရှု ဖြစ်သတည်း။” (တမန် ၉:၁-၅)
ရှောလုသည် အသင်းတော်ကို ညှဉ်းဆဲဘို့ရန် ဒမာသက်မြို့သို့သွားသောလမ်းတွင် ကောင်းကင်မှ အလင်းကထိုးသောအခါ မြေပေါ်သို့ လဲသွားသည်။ ထိုအရာကို ဝိညာဉ်၌ လဲသူများက သူတို့လဲရခြင်း၏ကြောင်း၊ ကျမ်းစာ အထောက်အထားဖြစ် ယူတတ်ကြသည်။ ထိုသို့မှန်လျှင် သူတို့သည် ခရစ်တော်၏ ရန်သူများ ဖြစ်ကြသည်။ အကြောင်းမှာ ရှောလုသည် ထိုအချိန်တွင် ခရစ်တော်၏ ရန်သူဖြစ်သည်။ ခရစ်တော်က သူ့ကို အဘယ်ကြောင့်ငါ့ကို ညှဉ်းဆဲသနည်း ဟုဆိုသည်။ ထိုကြောင့် ဝိညာဉ်၌ နောက်လန်လဲသွားသောသူများသည် ခရစ်တော်၏ ရန်သူများ ဖြစ်ကြသည်။ ထိုမျှသာမက ရှောလုကို အလင်းကလဲစေသည်။ ယခုခေတ် လဲသူများသည် ဆရာများကတွန်းသည်။ ထိုမျှသာမက လဲဘို့ရန် ပြင်ဆင်သောကြောင့် အနောက်မှလူများက ထူမဘို့ရန်စောင့်နေကြသည်။ ထိုအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မဖြစ်နိုင်ချေ။
ယေရူကိုဖမ်းမည့်သူများ
“ယေရှုသည်ကိုယ်၌ ဖြစ်လတံ့သမျှသော အမှုအရာတို့ကို သိတော်မူလျက်၊ လာသောသူတို့ဆီသို့သွား၍ အဘယ်သူကိုရှာကြသနည်း၊ ဟုမေးတော်မူ၏။ နာဇရက်မြို့သားယေရှုကို ရှာကြသည်ဟုဆိုလျှင်၊ ယေရှုက၊ ငါသည်ထိုသူဖြစ်၏၊ ဟုမိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည်လည်း ထိုသူတို့နှင့်အတူ ရပ်နေ၏။ ငါသည်ထိုသူဖြစ်၏၊ ဟုမိန့်တော်မူလျှင်၊ ထိုသူတို့သည် နောက်သို့လှန်၍ မြေပေါ်၌လဲကြ၏။” (ယော ၁၈:၄-၆) ဤနေရာ၌ ခရစ်တော်ကို ရန်သူများက ဖမ်းဘို့ရန်လာသောအခါ ခရစ်တော်က ငါသည်ခရစ်တော် ဖြစ်သည်၊ ဟုဆိုသောအခါ နောက်သို့လှန်၍ မြေပေါ်၌ လဲကြသည် ဟုဆိုသည်။ ထိုသူများသည် ခရစ်တော်ကို ယုံကြည်သူများ၊ ခရစ်တော်၏ ဖက်တော်သားများမဟုတ်ကြချေ။ ထို့ကြောင့် ဝိညာဉ်၌ နောက်သို့ လဲသောသူများသည် ခရစ်တော်၏ ဖက်တော်သားများမဟုတ်၊ ရန်သူများဖြစ်ကြသည်။
ဧလိ
“ဘုရားသခင်၏ သေတ္တာတော်သိတင်းကို ကြားသောအခါ၊ ဧလိသည် တံခါးနားမှာထိုင်သော ခုံပေါ်ကနောက်သို့လန်ကျသဖြင့်၊ လည်ပင်းကျိုး၍ သေလေ၏။ အသက်ကြီး၍ ကိုယ်လေးသောသူဖြစ်၏။ ထိုသူသည် ဣသရေလ အမျိုးကို အနှစ်လေးဆယ်အုပ်စိုးသတည်း။” (၁ ဓမ္မ ၄:၁၈) ယဇ်ပုရောဟိတ်ဧလိသည် ဘုရားသခင်၏ အမှုဆောင်ဖြစ်သည်။ သို့သော် သူ၏သားများကို ကောင်းစွာ မသွန်သင်နိုင်သောကြောင့် ဘုရားသခင်သည် သူ့အပေါ်၌ မကျေနပ်ချေ။ ဣသရေလလူများနှင့် ဖိလိတ္တိများ စစ်တိုက်ရာတွင်ဘုရားသခင်၏ သေတ္တာတော်ကို ရန်သူများက သိမ်းသွားကြောင်းသိသောအခါ ထိုင်ခုံပေါ်မှ နောက်လန်လဲကျသဖြင့် လည်ပင်းကျိုး၍ သေသွားကြောင်း တွေ့ရသည်။
သင်ခန်းစာ (၁၂)
မယိုင်မလဲခိုင်ခံ့စွာရပ်ရမည်
ဘုရားသခင်သည် ယုံကြည်သူများကို မယိုင်မလဲတည်ကြည်စွာရပ်နေကြဘို့ အလိုတော်ရှိကြောင်းကို ကျမ်းစာထဲ၌ ဤသို့ တွေ့မြင်နိုင်သည်။
ဣသရေလ လူများ
အဲဂုတ္တုစစ်သားများက ဣသရေလများကို လိုက်သောအခါ ဘုရားသခင်က ကြောက်ရွံ့ခြင်းမရှိဘဲ ငြိမ်ဝပ်စွာရပ်မည့်အကြောင်းကို ကျမ်းစ၌ ဤသို့တွေ့ရသည်၊ “မောရှေကလည်း မစိုးရိမ်ကြနှင့်။ ငြိမ်ဝပ်စွာရပ်နေကြ။ (Fear not, stand firm, and see the salvation of the LORD) ထာဝရဘုရားသည်၊ ယနေ့ပြတော်မူသော ကယ်တင်ခြင်းကို ကြည့်ရှုကြလော့။ သင်တို့သည် ယနေ့ မြင်သော အဲဂုတ္တုလူတို့ကို၊ နောက်တဖန် အလျှင်းမမြင်ရကြ။ သင်တို့ဘက်၌ ထာဝရဘုရားသည် စစ်တိုက်တော်မူလိမ့်မည်။ သင်တို့သည် ငြိမ်ဝပ်စွာ နေရကြမည်ဟု လူများတို့အားဆို၏။” (ထွက်မြောက်ရာ ၁၄:၁၃)
ယုဒပြည်သူ
“မောဘအမျိုးနှင့် အမ္မုန်အမျိုးသားတို့သည် ဧဒုန်အမျိုးသား အချို့နှင့်တကွ၊ ယောရှဖတ်ကို စစ်တိုက်မည်ဟု ချီလာကြ၏။ ထိုအခါ ပရိသတ်အလယ်၌ ရှိသော လေဝိအမျိုး၊ အာသပ်အနွယ်၊ မတ္တနိ၊ ယေယေလ၊ ဗေနာယ ဇာခရိတို့ မှဆင်းသက်သော ယဟာဇေလ အပေါ်သို့၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သက်ရောက်၍၊ ထိုသူက၊ အိုယောရှဖတ်မင်းကြီးနှင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား အပေါင်းတို့ နားထောင် ကြလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုအလုံးအရင်းကြီးကြောင့် မကြောက်ကြနှင့် စိတ်မပျက်ကြနှင့်။ စစ်မှုသည် သင်တို့တာမဟုတ်၊ ဘုရားသခင်တာဖြစ်၏။ နက်ဖြန်နေ့ သူတို့ ရှိရာသို့ ချီသွားကြလော့။ သူတို့သည် ဇိဇမြို့သို့ တက်ရာလမ်းဖြင့် လာကြစဉ်၊ ယေရွေလတောစနား၊ ချိုင့်ဝမှာသင်တို့ တွေ့ကြလိမ့်မည်။ သို့ရာတွင်၊ အိုယုဒပြည်သူ ယေရုရှမြို့သားတို့၊ သင်တို့သည် စစ်တိုက်စရာအကြောင်း မရှိသည်ဖြစ်၍၊ တည်ကြည်စွာ မတ်တပ်နေလျက်၊ ထာဝရဘုရားကယ်တင်တော်မူခြင်းကျေးဇူးကို ကြည့်ရှုကြလော့။ မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ နက်ဖြန်နေ့၌ ချီသွားကြလော့။ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်၊ ဟုမြွက်ဆို၏။ ယောရှဖတ်သည် မြေပေါ်မှာ ဦးချ၍၊ ယုဒပြည်သူ ယေရုရှလင်မြို့သား အပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ ပြပ်ဝပ်လျက်၊ ထာဝရဘုရားကို ကိုးကွယ်ကြ၏။ လေဝိအမျိုး၊ ကောဟတ်အနွယ်သားနှင့် ကောရအနွယ်သားတို့သည် ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကို ကျယ်သော အသံနှင့် ချီးမွမ်းခြင်းငှါ၊ ရပ်နေကြ၏။ (၂ ရာဇဝင်ချုပ် ၂၀:၁၊ ၁၄-၁၉)
ရန်သူများက ယုဒလူများကို စစ်တိုက်ဘို့ရန် စစ်ချီလာသောအခါ ထာဝရဘုရားက သူတို့အား တည်ကြည်စွာ မတ်တပ်ရပ်လျက်၊ ထာဝရဘုရား၏ ကယ်တော်မူခြင်းကို ကြည့်ရှုဘို့ပြောသည်။ ကျွန်ုပ်တို့လည်း ထာဝရဘုရားကို အားကိုးသောအခါ လဲဘို့မဟုတ်ဘဲ တည်ကြည်စွာ မတ်တပ်ရပ်ဘို့ဖြစ်သည်။
ရှင်ပေါလုအားဖြင့်
ဘုရားသခင်သည် ယုံကြည်သူများကို အသက်တာ၌ မလဲဘဲ ခိုင်ခန့်၍ တည်ကြဘို့ရန် ရှင်ပေါလုအားဖြင့် ဤသို့တိုက်တွန်းနိုးဆော်သည်။ “သင်တို့သည် သတိနှင့်စောင့် နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့။ယောက်ျားအစွမ်းသတ္တိနှင့်တကွ ခွန်အား စုံလင်လျက် နေကြလော့။” (၁ ကော ၁၆:၁၃) ဤကျမ်းပိုဒ်ကို အင်္ဂလိပ်ကျမ်းစာ၌ ဤသို့ ရှင်းလင်းစွာ တွေ့ရသည် “Be watchful, stand firm in the faith, act like men, be strong.” “ထိုကြောင့် ခရစ်တော်သည် ငါတို့ကို လွှတ်တော်မူသော လွှတ်ခြင်းအခွင့်၌ တည်နေသဖြင့်၊ ကျွန်ခံရာထမ်းဘိုးကို ထမ်း၍ ချည်နှောင်ခြင်းကို တဖန် မခံကြနှင့်။” (ဂလာ ၅:၁)။ “For freedom Christ has set us free; stand firm therefore, and do not submit again to a yoke of slavery.” “ကြွင်းသေးသောစကား ဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့်၎င်း တန်ခိုးတော် အရှိန်အားဖြင့်၎င်း ခိုင်ခန့်ခြင်းရှိကြလော့။” (ဧဖက် ၆:၁၀)။ “Finally, be strong in the Lord and in the strength of his might. ”
“ထိုကြောင့် ငါဝမ်းမြောက်ခြင်းအကြောင်း၊ ငါ့ဦးရစ်သရဖူတည်းဟူသော၊ ငါချစ်၍ အလွန်လွမ်းသော ညီအစ်ကိုတို့၊ ငါဆိုခဲ့ပြီးသည်အတိုင်း သခင်ဘုရား၌ တည်နေကြလော့၊ ငါ့ချစ်သူတို့။” (ဖိလိ ၄:၁) “Therefore, my brothers, whom I love and long for, my joy and crown, stand firm thus in the Lord, my beloved. ”
“ထိုကြောင့်၊ ညီအစ်ကိုတို့၊ ငါတို့ နှုတ်ထွက်စကားအားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ၊ သင်တို့သည် သင်ခဲ့ပြီးသော နည်းဥပဒေသများကို တည်ကြည်လျက်ကိုင်ယူစွဲလမ်းကြလော့။” (၂ သက် ၂:၁၅) “So then, brothers, stand firm and hold to the traditions that you were taught by us, either by our spoken word or by our letter.”
ရှင်ပေါလုကသူ၏ ဩဝါဒစာစောင်များ၌ ယုံကြည်သူများသည် မလဲဘဲ ခိုင်ခန့်စွာ ရပ်တည်ဘို့၊ တည်ကြည်ဘို့ကို မှာထားသည်။
သင်ခန်းစာ (၁၃)
အဘယ်ကြောင့်လဲကြသနည်း
အဘယ်ကြောင့်များစွာသောသူတို့သည်လဲကြသနည်း။ အကြောင်းအမျိုးမျိုးရှိကြသည်။ အချို့သောသူများသည်လဲခြင်းကိုတိုက်ခိုက်ကြသည်။ မယုံကြည်ကြ၊ သို့သော်နောက် ပိုင်း၌လဲသွားကြသည်။ ထိုအကြောင်းများကိုကြည့်ပါက၊
ထူးခြားသောခံစားချက်လိုချင်သောကြောင့်
အချို့သောသူများလဲခြင်းသည်အကြောင်းထူးထူးထွေထွေမရှိ။ ထူးခြားသောခံစားချက် ခံစားလိုသောကြောင့်ဖြစ်သည်။ ထိုသူများသည်လဲပြီးသောအခါ၌လည်းထူးခြားမှုမရှိချေ။
ဝိညာဉ်လူဖြစ်သည်ဟုထင်စေချင်သောကြောင့်
အချို့သောသူများလဲခြင်းသည်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သည်ဟုထင်မှတ်သောကြောင့်ဖြစ်သည်။ အမှန်မှာသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဘို့ရန်လဲရမည်ဟုကျမ်းစာ ၌လုံးဝမရှိပေ။ သန့်ရှင်းသောဝိညာဉ်တော်သည်ဘုရားဖြစ်၍သူ့စကားနားထောင်သောသူ၊ အလိုတော်အတိုင်းအသက်ရှင်မှအုပ်စိုးမည်ဖြစ်သည်။ ဖြတ်လမ်းနည်းဖြင့်မရပါ။ ဖြတ် လမ်းနည်းဖြင့်လိုချင်ပါကဝိညာဉ်ဆိုးများကအချိန်မရွေးအဖြေပေးမည်။
သူတပါးနှင့်မတူညီမှာစိုးသောကြောင့်
အချို့သောသူများသည်မလဲလျှင်သူတပါးနှင့်မတူညီမှာစိုးသောကြောင့်လဲဘို့ရန် ရည်ရွယ် ချက်ရှိပြီးသားဖြစ်သည်။ ယခုခေတ်သည်သူတပါးနှင့်မတူညီမှာကိုအလွန်စိုးရိမ်သောခေတ်ဖြစ်သည်။ ထို့ကြောင့်ပေါင်းသင်းသောသူများသတိထားရမည်။ သမ္မာတရားမသိ၊ ဂရုမစိုက်သောသူများနှင့်ပေါင်းသင်းလျှင်လမ်းမှားလိုက်ဘို့သေချာနေသည်။
ဝိညာဉ်ဆိုး၏ တန်ခိုးကြောင့်
အချို့သောသူများ၏လဲခြင်းသည်တွန်းသောကြောင့်မဟုတ်၊ တန်ခိုးကြောင့်ဖြစ်သည်။ သို့သော်ထိုတန်ခိုးသည်သန့်ရှင်းသောဝိညာဉ်တော်မဟုတ်။ ဝိညာဉ်၌လဲသောသူများသည် ဟိန္ဒိုဘာသာ၌လည်းရှိသည်။ သို့ဖြစ်လျှင်ဟိန္ဒိုဘာသာဝင်သည်သန့်ရှင်းသောဝိညာဉ်တော် ကလဲစေသလော။ အံဩဘွယ်နိမိတ်လက္ခဏာပြတိုင်းသည်ဘုရားထံမှမဟုတ်ကြောင်းကို ရှင်ပေါလုကဤသို့ရေးထားသည်၊ “ထိုသူတို့သည်မိစ္ဆာတမန်ဖြစ်ကြ၏။ ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင်၍လှည့်ဖြားတတ်သောအမှုစောင့်ဖြစ်ကြ၏။ ဤအမှုသည်အံ့ဩဘွယ်ဖြစ်သည်မဟုတ်။ စာတန်ပင်လျှင်လင်းသော ကောင်းကင်တမန်ဖြစ်ယောင်ဆောင်တတ်၏။ သို့ဖြစ်၍သူ၏ဆရာတို့သည်လည်း၊ ဖြောင့်မတ်ခြင်းတရားကိုဟောသောဆရာဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့သည်ကိုယ်ကျင့်သောအကျင့်အတိုင်းနောက်ဆုံး၌အကျိုးအပြစ်ကိုခံရကြလတံ့။” (၂ ကော ၁၁:၁၃-၁၅)။
တွန်းသောကြောင့်
အချို့သောသူများ၏လဲခြင်းသည်၊ သူတပါးကတွန်းသောကြောင့်ဖြစ်သည်။ မျက်စိမှိတ်လျက်ကြာကြာရပ်လျှင်အလိုလိုလဲချင်လာသည်။ ထိုအချိန်တွင်တယောက်ယောက်ကတွန်းလိုက်လျှင်လဲဘို့ရန်အလွန်လွယ်သည်။
သမ္မာတရား နူတ်ကပတ်တော် နားမလည်သောကြောင့်
သမ္မာတရား နှုတ်ကပတ်တော်ကို နားမလည် သောကြောင့် ဝိညာဉ်၌ လဲခြင်းသည် မှန်သည်ဟု ထင်မှတ် ကြသည်။ "ယေရှုကလည်း၊ သင်တို့သည်ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကိုမသိသောကြောင့် မှားသောအယူကိုယူကြ၏။” (မဿဲ ၂၂:၂၉) ဟုပြောခဲ့ဘူးသည်။ အထက်ပါစကားကိုခရစ်တော်ကရှင်ပြန်ထမြောက်ခြင်း အကြောင်းနှင့်ပတ်သက်၍ပြောခဲ့သည်။ သို့သော်ရှင်ပြန်ထမြောက်ခြင်းသာမကအခြားသောအရာများ၌လည်းကျမ်းစာကိုနားမလည်လျှင်အလွဲယူတတ်ကြသည်။ ထိုကြောင့် ယုံကြည်ခြင်းတခုစီတိုင်းသည် သမ္မာကျမ်းစာအားဖြင့်ချိန်ထိုး၍မှန်မမှန်ကိုပိုင်းခြားဘို့လိုသည်။
သမ္မာတရားထက်ခံစားချက်ကိုဦးစားပေးသောကြောင့်
သမ္မာတရားထက် မိမိခံစားချက်ကို ဦးစားပေးသောကြောင့်လဲကြသည််။ ကိုယ်ခန္ဓာနှင့် စိတ်၏ခံစားချက်ကို သမ္မာတရားထက် ဦးစားပေးဘို့မဟုတ်။ အကြောင်းမူကားစာတန်နှင့် ဝိညာဉ်ဆိုးများကလည်း ခံစားချက်ကိုပေးနိုင်သည်။
အတောမသတ်နိုင်အောင်ရယ်ခြင်း
ဝိညာဉ်ဆုကျေးဇူးကို အထူးဦးစားပေးသော အသင်းတော်အဖွဲ့အစည်းများ၌ ဝိညာဉ်၌လဲခြင်းသာမက၊ ဝိညာဉ်၌ရယ်ခြင်းများကိုလည်း ကျင့်သုံးကြသည်။ သူတို့သည်တရားဟောစဉ်တွင်ဖြစ်စေ၊ စကားပြောစဉ်တွင်ဖြစ်စေ၊ အတောမသတ်နိုင်အောင်ရယ်တတ်ကြသည်။ ထိုအရာသည်ကျမ်းစာ၌မရှိသော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးဟုယူဆကာ အလွန်အားရကျေနပ်ကြသည်။ ခရစ်တော်သည်ရယ်ဘူးသလော။ “ယေရှုသည် မျက်ရည်ကျတော်မူ၏။” (ယော ၁၁:၃၅) ဟူသောအရာသာလျှင် တွေ့ရသည်။ ရယ်ခြင်းအားဖြင့် မည်မျှပင်အကျိုးပေး အားရသည် ဟုဆိုရသော်လည်း ကျမ်းစာ၌ မဖေါ်ပြသောကြောင့် ဘုရားသခင်ထံတော်ပါးမှ မဟုတ်ကြောင်းသိရသည်။
တိရစ္ဆာန်ကဲ့သို့ အသံပြုခြင်း
တိရစ္ဆာန်ကဲ့သို့ အသံပြုခြင်းများလည်း သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဟု ထင်ကာ အားရစွာ အသုံးပြုသူများလည်းရှိသည်။ ခြင်္သေ့ကဲ့သို့ ဟောက်ခြင်း၊ ခွေးကဲ့သို့အူခြင်း၊ အမျိုးမျိုးအသံပြုခြင်းများကို ဝိညာဉ်တော် ဟုဆိုကြသည်။
ကိုယ်ခန္ဓာလှုပ်ခြင်း
ကိုယ်ခန္ဓာကို နတ်ပူးသကဲ့သို့ လှုပ်ရှားခြင်း၊ ခေါင်းကိုအထက်အောက်ခါခြင်း၊ လျှပ်တပြတ်ပြေးသွားခြင်း စသောအပြုအမူများလည်း သန့်ရှင်းသောဝိညာဉ်တော်၏ လှုပ်ရှားခြင်းဟု ယူဆကြသည်။ ကျမ်းစာထဲ၌ ထိုကဲ့သို့သောအဖြစ်မျိုး မတွေ့ရပါ။ ထို့ကြောင့် အမျိုးမျိုးသော ဝိညာဉ်လှုပ်ရှားမှု ရှိသောအခါ ကျမ်းစာအားဖြင့် စစ်ဆေးဘို့ လိုအပ်သည်။ ထိုသို့မစစ်ဆေးပါက မလိုလားအပ်သော အပြုအမူများရှိလာနိုင်သည်။
ချင်းပြည်နယ်၌ ၁၉၈၀ အတွင်း လင်မယားနှစ်ယောက်တို့သည် တောင်ယာသို့သွားကြသည်။ မိန်းမသည် ကိုယ်ဝန်အရင့်အမာနှင့် ဖြစ်သည်။ လမ်း၌ယောက်ျားက သူသည် ရောမစစ်သားဖြစ်မည်၊ သူမိန်းမသည် ခရစ်တော်ဖြစ်မည် ဟုဆိုကာ သူ့မိန်းမ၏ ဝမ်းဗိုက်ကို ခြေထောက်ဖြင့် နင်းလိုက်ကာ ခလေးပျက်ကျသွားကြောင်း ကြားသိရဘူးသည်။ လမ်းလွဲသော ယုံကြည်သူများသည် တစ်နှစ်ပတ်လုံး ညတိုင်း ဘုရားရှိခိုးနိုင်သည်။ အခြားသူများနှင့်လည်း လုံးဝမပေါင်းဖေါ်ဘဲ အချင်းချင်းကိုသာလျှင် ပေါင်းဖေါ် ကြသည်။ ခေါင်းဆောင်ဆရာကိုဘုရား၊ ဟုထင်မှတ်တတ်သည်။ ညအစည်းအဝေးတွင် မီးကိုမှိတ်၍ အမှောင်ထဲ၌ မှားယွင်းတတ်ကြသည်။ ထိုသို့မှားယွင်းရမှ ရသောခလေးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ခလေးဟု ယူဆကြသည်။ ခေါင်းဆောင်ဆရာကလည်း သူကြိုက်နှစ်သက်သော မိန်းခလေးနှင့် ဘုရားသခင်က ဧဝံဂေလိတရားဟောဘို့ ခရီးထွက်ရမည် ဟုဆိုလျှင် အသင်းသားများကလည်း လှိုက်လှဲစွာသဘောတူတတ်သည်။
၁၉၈၀ ပတ်ဝန်းကျင်၌ဖလမ်းမြို့နယ်တွင်ပရောဖက်မများ နေရာတိုင်း၌ ပေါ်ပေါက်ခဲ့သည်။ လက်ဖက်ရည်မုန့်ကိုလည်း ပွားများစေနိုင်ခဲ့သည်။ ဝိညာဉ်ဆိုးများသည် အမျိုးစုံ ပြုလုပ်ကြသည်။ ထိုဝိညာဉ်ဆိုးများ၏ အလုပ်ကြောင့် အချို့သောသူများသည် ဘဝပျက်ရသည်။ ထိုကြောင့် ဝိညာဉ်ဆိုးများ၏ မှိုင်းမမိဘို့ သတိထားရမည်။.
သင်ခန်းစာ (၁၄)
ဝိညာဉ်တော်၏အသီးများ
“ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း ပေတည်း။ ထိုသို့သောအကျင့်ကိုအဘယ်တရားမျှမမြစ်တား။” (ဂလာ ၅:၂၂-၂၃)
ဝိညာဉ်အသီးသို့မဟုတ်ဝိညာဉ်အကျိုးများသည် လူ၏အသီးမဟုတ်ဝိညာဉ်တော်၏ အသီးဖြစ်သည်။ ထိုအရာသည်ဝိညာဉ်ရေးရာ၌ရင့်ကျက်ခြင်းဖြင့်သီးပွင့်လာသောအရာ ဖြစ်သည်။ ဝိညာဉ်အသီးများသီးဘို့ရန်ဆုတောင်းစရာမလို၊ ဝိညာဉ်တော်ကိုအသက်တာ၌ အုပ်စိုးစေခြင်းအားဖြင့်သီးလာမည်ဖြစ်သည်။ ဝိညာဉ်တော်ကယုံကြည်သူ၏အသက်တာကိုအုပ်စိုးလျှင်ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စသည်ဖြင့်လိုအပ်သလိုသီးသွားမည်ဖြစ်သည်။ ဝိညာဉ်အသီးများသည်ယုံကြည်သူ၏အသက်တာကြီးထွားရင့်ကျက်မှုကို ဖေါ်ပြသည်။ ကိုယ်ခန္ဓာပိုင်း၌အသက်ငယ်စဉ်တွင်ခလေးမမွေးနိင်သော်လည်း၊ ကြီးထွားရင့်ကျက်လာသောအခါယောက်ျားယူ၍ခလေးမွေးဘွားလာနိုင်သည်။ ထို့ကြောင့်သန့်ရှင်းသောဝိညာဉ်တော်၏အုပ်စိုးခြင်းခံနိုင်ဘို့ရန်မှာဝိညာဉ်ရေးရာ၌ကြီးထွားရင့်ကျက်ဘို့လိုသည်။ များသောအားဖြင့်ယုံကြည်သူများသည်၊ ခလေးများသာလျှင်ဖြစ်ကြသည်။ ထိုကြောင့်ဝိညာဉ်အသီးများမသီးနိုင်ခြင်းဖြစ်သည်။
သင်ခန်းစာ (၁၅)
ဝိညာဉ်ဆုကျေးဇူးများ
သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူများကို အမှုတော်ဆောင်နိုင်ဘို့၊ ဘုရားသခင်၏အလိုတော်အတိုင်း လုပ်ဆောင်နိုင်ဘို့ရန် ဆုကျေးဇူးများပေးထားသည်။
သိဘို့လိုသည်
“ညီအစ်ကိုတို့၊ သင်တို့သည်ဝိညာဉ်ဆုကျေးဇူးအကြောင်းများကို မသိဘဲနေစေခြင်းငှါ၊ ငါအလိုမရှိ။” (၁ ကော ၁၂:၁) ရှင်ပေါလုက ကောရိန္တုအသင်းသားများထံ သူတို့သည် ဘုရားပေးထားသော ဝိညာဉ်ဆုကျေးဇူးများကို သိစေချင်သည်။ ထိုနည်းတူ၊ ယနေ့ယုံကြည်သူအားလုံးလည်း ထိုအရာကို သိထားဘို့လိုသည်။ ဝိညာဉ်ဆုကျေးဇူးများအကြောင်းမသိလျှင် ကောရိန္တုအသင်းသားများကဲ့သို့ရှုပ်ထွေးခြင်း၊ မှားယွင်းခြင်းများရှိနိုင်သည်။ ထို့အပြင်၊ ဝိညာဉ်ဆုများကို ဘုရားသခင်က ရည်ရွယ်ချက်ရှိ၍ပေးထားသည်။ ထိုအရာကိုမသိလျှင် အသုံးမပြုဘဲနေမည်။ အသုံးမပြုလျှင် အကျိုးမရှိပေ။ ထိုကြောင့်ကိုယ်ရသော ဝိညာဉ်ဆုကျေးဇူးများကို သိဘို့လိုသည်။
ယုံကြည်သူတိုင်းရသည်
ယုံကြည်သူတိုင်း ဝိညာဉ်ဆုကျေးဇူးရရှိကြောင်း ရှင်ပေတရုက ဤသို့ရေးထားသည်၊ “သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီးခံရကြသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူးအပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။” (၁ ပေ ၄:၁၀)။
သို့သော်အဘယ်သူမျှ ဆုကျေးဇူးအားလုံး မရရှိကြောင်းကျမ်းစာ၌ ဤသို့တွေ့ရပြန်သည်၊ “သင်းဝင်သူရှိသမျှတို့သည် တမန်တော်ဖြစ်ကြသလော။ ရှိသမျှတို့သည်ပရောဖက်ဖြစ်ကြသလော။ ရှိသမျှတို့သည် ဆရာဖြစ်ကြသလော။ ရှိသမျှတို့သည်တန်ခိုးကိုပြနိုင်ကြသလော။ ရှိသမျှတို့သည် အနာရောဂါကိုငြိမ်းစေနိုင်သောအခွင့် ရှိကြသလော။ ရှိသမျှတို့သည် အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်ကြသလော။ ရှိသမျှတို့သည် ထိုဘာသာစကား၏အနက်ကို ဖေါ်ပြနိုင်ကြသလော။” (၁ ကော ၁၂:၂၉-၃၀)
၀ိညာဉ်တော်တပါးတည်း
“ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော်တပါးတည်းရှိ၏။ ဓမ္မဆရာအမှု အထူးထူးအထွေထွေ ရှိငြားသော်လည်း သခင်တပါးတည်းရှိ၏။ ပြုပြင်ခြင်းအမှု အထူးထူးအထွေထွေ ရှိငြားသော်လည်း၊ ခပ်သိမ်းသောသူတို့၌ ပြုပြင်သမျှကို ပြုပြင်တော်မူသောဘုရားသခင် တပါးတည်းရှိ၏။ ကောင်းသောအကျိုးအလိုငှါသာ ဝိညာဉ်တော်ကို လူအသီးသီးတို့အားထင်ရှားစွာ ပေးတော်မူလျက်ရှိ၏။ အဘယ်သို့နည်းဟူမူကား၊ ဝိညာဉ်တော်အားဖြင့်တယောက်သောသူအား ပညာတရားကိုပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ထိုးထွင်းခြင်းတရားကိုပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ယုံကြည်ခြင်းကိုပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သောသူအား အနာရောဂါကိုငြိမ်းစေနိုင်သောအခွင့်ကို ပေးတော်မူ၏။ တယောက်သောသူအား၊ တန်ခိုးကိုပြနိုင်သောအခွင့်ကို၎င်း၊ တယောက်သောသူအား ပရောဖက်ပြုနိုင်သောအခွင့်ကို၎င်း၊ တယောက်သောသူအား စိတ်ဝိညာဉ်တို့ကို ပိုင်းခြား၍သိနိုင်သောအခွင့်ကို၎င်း၊ တယောက်သောသူအား အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်ကို၎င်း၊ တယောက်သောသူအား ထိုဘာသာစကား၏အနက်ကို ဖေါ်ပြနိုင်သောအခွင့်ကို၎င်း၊ ပေးတော်မူ၏။ ဤအခွင့်ရှိသမျှတို့ကို တပါးတည်းသော ဝိညာဉ်တော်သည် ပြုပြင်၍ လူအသီးသီးတို့အားအသီးသီးခံရသောအခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ပေးတော်မူ၏။” (၁ ကော ၁၂:၄-၁၁)
“သင်တို့သည် ခရစ်တော်၏ကိုယ်ဖြစ်ကြ၏။ အသီးအသီး အင်္ဂါတော်ဖြစ်ကြ၏။ ဘုရားသခင်သည် ပဌမအရာ၌ တမန်တော်တို့ကို၎င်း၊ ဒုတိယအရာ၌ ပရောဖက်တို့ကို၎င်း၊ တတိယအရာ၌ ဆရာတို့ကို၎င်း၊ ထိုနောက် တန်ခိုးပြသောသူတို့ကို၎င်း၊ ထိုနောက် အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့်ရှိသောသူတို့ကို၎င်း၊ သင်းထောက်တို့ကို၎င်း၊ စီရင်အုပ်စိုးသောသူတို့ကို၎င်း၊ အမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သောသူတို့ကို၎င်း၊ အသင်းတော်၌ခန့်ထားတော်မူ၏။” (၁ ကော ၁၂:၂ရ-၂၈)
“ကိုယ်တခု၌ အင်္ဂါအများရှိသည်ဖြစ်၍၊ ထိုအင်္ဂါများသည် ဆောင်ရွက်စရာအမှုတခုတည်း မရှိသကဲ့သို့၊ ထိုအတူ၊ အများဖြစ်သောငါတို့သည် ခရစ်တော်၌တကိုယ်တည်းဖြစ်၍၊ အသီးသီးအင်္ဂါချင်းဖြစ်ကြ၏။ ထိုသို့ပေးတော်မူသောကျေးဇူးတော်အတိုင်း ငါတို့သည် အသီးသီးအပြားပြားသောဆုများကို ခံရသည်ဖြစ်၍၊ ပရောဖက်အရာရှိလျှင်၊ ယုံကြည်ခြင်းပမာဏကိုရသည်အတိုင်း ပရောဖက်ပြုကြကုန်အံ့။ ဓမ္မဆရာအရာရှိလျှင်၊ ဓမ္မဆရာ၏အမှုကို ဆောင်ရွက်ကြကုန်အံ့။ ဆုံးမဩဝါဒပေးသောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကိုဆောင်ရွက်စေ။ အစွန့်အကြဲ ဝေငှသောသူသည် လျစ်လျူသောစိတ်နှင့်ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ မစသနားခြင်းအမှုကိုပြုသောသူသည် စေတနာစိတ်နှင့် ပြုစေ။” (ရော ၁၂:၄-၈)
“ခရစ်တော်၏ကိုယ်တော်ကို တည်ဆောက်၍၊ ဓမ္မဆရာ၏အမှုကို ပြုတတ်မည် အကြောင်း၊ သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့တို့ကို ပရောဖက်အရာ၌၎င်း၊ အချို့တို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။” (ဧဖက် ၄:၁၁-၁၂)
“သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီးခံရကြသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူးအပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။ ဘုရားသခင်သည် အရာရာ၌ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှားစေမည်အကြောင်း၊ ဟောပြောသောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်နှင့်အညီ ဟောပြောစေ။ အခြားသောအမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင်ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။” (၁ ပေ ၄:၁၀-၁၁)
ဝိညာဉ်ဆုကျေးဇူး ၉ မျိုး
“ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော်တပါးတည်းရှိ၏။ ဓမ္မဆရာအမှု အထူးထူးအထွေထွေ ရှိငြားသော်လည်း သခင်တပါးတည်းရှိ၏။ ပြုပြင်ခြင်းအမှု အထူးထူးအထွေထွေ ရှိငြားသော်လည်း၊ ခပ်သိမ်းသောသူတို့၌ ပြုပြင်သမျှကို ပြုပြင်တော်မူသော ဘုရားသခင်တပါးတည်းရှိ၏။ ကောင်းသောအကျိုးအလိုငှါသာ ဝိညာဉ်တော်ကို လူအသီးသီးတို့အား ထင်ရှားစွာ ပေးတော်မူလျက်ရှိ၏။ အဘယ်သို့နည်းဟူမူကား၊ ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ပညာတရားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ထိုးထွင်းခြင်းတရားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ယုံကြည်ခြင်းကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သောသူအား အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့်ကို ပေးတော်မူ၏။ တယောက်သောသူအား၊ တန်ခိုးကိုပြနိုင်သောအခွင့်ကို၎င်း၊ တယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကို၎င်း၊ တယောက်သောသူအား စိတ်ဝိညာဉ်တို့ကို ပိုင်းခြား၍ သိနိုင်သောအခွင့်ကို၎င်း၊ တယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်ကို၎င်း၊ တယောက်သောသူအား ထိုဘာသာစကား၏ အနက်ကို ဖေါ်ပြနိုင်သော အခွင့်ကို၎င်း၊ ပေးတော်မူ၏။ ဤအခွင့်ရှိသမျှတို့ကို တပါးတည်းသောဝိညာဉ်တော်သည် ပြုပြင်၍ လူအသီးသီးတို့အား အသီးသီးခံရသောအခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ပေးတော်မူ၏။” (၁ ကော ၁၂:၄-၁၁)
ရှင်ပေါလုက အထက်ပါ ကျမ်းပိုဒ်များ၌ ဝိညာဉ်တော်၏ ဆုကျေးဇူး ၉ မျိုးကို ဖေါ်ပြထားသည်။ ထိုအရာများမှာ၊
၁။ ပညာတရား
၂။ ထိုးထွင်းခြင်းတရား
၃။ ယုံကြည်ခြင်း
၄။ အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့်
၅။ တန်ခိုးကို ပြနိုင်သောအခွင့်
၆။ ပရောဖက် ပြုနိုင်သောအခွင့်
ရ။ စိတ်ဝိညာဉ်တို့ကို ပိုင်းခြား၍ သိနိုင်သောအခွင့်
၈။ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောအခွင့်
၉။ ထိုဘာသာစကား၏ အနက်ကို ဖေါ်ပြနိုင်သော အခွင့်တို့ ဖြစ်သည်။
ဤအခွင့်ရှိသမျှတို့ကို တပါးတည်းသော ဝိညာဉ်တော်သည် ပြုပြင်၍ လူအသီးသီးတို့အား အသီးသီးခံရသော အခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏၊ ဟုဆိုထားသည်။ သို့သော်၊ ယနေ့များစွာသော ယုံကြည်သူများသည် ဝိညာဉ်တော်၏ အလိုတော်အတိုင်း လက်မခံဘဲ မိမိတို့အလိုရှိသော အရာများကိုသာ တောင်းခံကြသည်။ ရရှိဘို့ရန်လည်း သင်ပေးကြသည်။ အထက်ပါ ဝိညာဉ်ဆုကျေးဇူးကိုးမျိုး၌ အမျိုးမျိုးသောဘာသာစကားကိုသာလျှင် ရရှိဘို့ရန်ပြော၍ သင်လည်း သင်ပေးကြသည်။ ထိုအရာမရလျှင် ဝိညာဉ်တော်နှင့်မပြည့်ဝ၊ သို့မဟုတ် ဝိညာဉ်တော်မရ၊ သို့မဟုတ်ဝိညာဉ်တော်အားဖြင့် ဗတ္တိဇံမခံ၊ ဟုယူဆကြသည်။
ဆုသည် ပေးသောသူ၏ အလိုဆန္ဒအရပေးသည်။ ရှင်ပေါလုကလည်း ဝိညာဉ်တော်သည် ပြုပြင်၍ လူအသီးသီးတို့အား အသီးသီးခံရသောအခွင့်ကို အလိုတော် ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏ ဟုဆိုထားသော်လည်း အဘယ်ကြောင့်ဆု တခုနှစ်ခုသာလျှင် အလိုရှိကြသနည်း။ ခလေးများလည်း လက်ဆောင်ပေးသောအခါ သူတို့ရသောအရာကို အလိုမရှိဘဲ သူတပါးရသောအရာကိုသာ မရမက တောင်းတတ်သည် မဟုတ်လော။ ထို့ကြောင့် ဝိညာဉ်ဆုကျေးဇူး များစွာထဲမှ တစ်ခုနှစ်ခုလောက်ကိုသာ အရေးထားလျှင် ဝိညာဉ်ပိုင်း၌ ခလေးဖြစ်သေးကြောင်း ထင်ရှားသည်။ အိမ်ဆောက်ရာတွင် လွှကိုသာအသုံးပြုလျှင် အကုန်လုံးပိုင်းဖြတ်၍ အိမ်ဖြစ်နိုင်မည်မဟုတ်။ လက်သမားအားလုံးက၊ တူကိုသာကိုင်လျှင် သစ်သား များသည် အစွန်းထွက်ကုန်၍ ရှုပ်ထွေးကုန်မည်။ ထိုကြောင့် အိမ်ဆောက်ရာတွင် ကရိယာအမျိုးမျိုး အသုံးပြုဘို့လိုသည်။
၁။ ပညာတရား (Wisdom)
ရှင်ပေါလုက ဤသို့ ရေးသား ခဲ့သည်၊ “သို့သော်လည်း၊ စုံလင်သောသူတို့အား ငါတို့သည် ပညာစကားကို ဟောပြော၏။ ထိုသို့ဆိုသော်၊ လောကီပညာကို မဆိုလို။ ပြယ်ပျောက်တတ်သော လောကီမင်းတို့၏ ပညာကို မဆိုလို။ ဤကမ္ဘာမတည်မရှိမှီ၊ ငါတို့၏ ဘုန်းအသရေ ဖြစ်စေခြင်းငှါ၊ ဘုရားသခင် စီရင်တော်မူသောပညာ၊ နက်နဲသောအရာ၌ ဝှက်ထားသော ဘုရားသခင်၏ပညာကို ငါတို့သည် ပြသကြ၏။” (၁ ကော ၂:၆ -ရ) စုံလင်သောသူသည် ရင့်ကျက်သောသူဖြစ်သည်။ ဝိညာဉ်ရေးရာ၌ ရင့်ကျက်သောသူတို့သည် ဝိညာဉ်ပိုင်းပညာရရှိနိုင်သည်။
၂။ ထိုးထွင်းခြင်းတရား (Knowledge)
အချို့သောသူများသည် သူတပါးထက် ထိုးထွင်းခြင်း တရားကို ရှိကြသည်။ ထိုတရားကိုရှိခြင်းသည် အသင်းတော်နှင့် ယုံကြည်သူများအတွက် အသုံးပြုရမည်။
၃။ ယုံကြည်ခြင်း (Faith)
ဤယုံကြည်ခြင်းသည် ကယ်တင်ခြင်းအတွက်မဟုတ်။ ကယ်တင်ခြင်းသို့ ရောက်ပြီးမှ သူတပါးထက် ဘုရားသခင်ကို ယုံကြည်ရဲသောဆုဖြစ်သည်။ ထိုယုံကြည်ခြင်းဖြင့် ကြီးမားသော၊ အံ့ဩဘွယ်ကောင်းသောအမှုများကို ပြုလုပ်နိုင်သည်။
၄။ အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့် (Healing)
ဤဆုကျေးဇူးရရှိသူသည် အခြားသောယုံကြည်သူများထက် သာ၍ကြိုးစားသောကြောင့်၊ သာ၍ကောင်းသောကြောင့်မဟုတ်၊ ဘုရားသခင်က ပေးချင်သောကြောင့် ပေးသည်။ ယုံကြည်သူတိုင်း ယုံကြည်ခြင်းဖြင့် အနာရောဂါပျောက်ကင်းဘို့ ဆုတောင်းနိုင်သော်လည်း အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့်ကို အထူးပေးထားသောသူရှိသည်။ ထိုသူသည် ကောင်းစွာ သူတပါးအကျိုးနှင့် ဘုရားဘုန်းတော်အတွက် အသုံးပြုရမည်။
၅။ တန်ခိုးကိုပြနိုင်သောအခွင့် (The Working of Miracles)
တန်ခိုးကို ပြနိုင်သောအခွင့်သည် မယုံကြည်သူများ ယုံကြည်လာဘို့ ဘုရားက အထူးပေးထားသော တန်ခိုးဖြစ်သည်။ အကြောင်းမှာ၊ ယုံကြည်သူများသည် တန်ခိုး နိမိတ်လက္ခဏာအားဖြင့်မဟုတ်၊ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရမည်။
၆။ ပရောဖက်ပြုနိုင်သောအခွင့် (Prophecy)
ဤဆုကျေးဇူးသည် ယခုခေတ်၌လည်းရှိနိုင်သည်။ သို့သော်၊ ကျမ်းစာနှင့် ကိုက်ညီမှု မရှိ၊ ပရောဖက်ပြုသည့်အတိုင်းမဖြစ်လျှင် စာတန်ထံမှဖြစ်သောကြောင့် သတိထားရမည်။ ရှင်ပေါလုတို့ခေတ်တွင် ဓမ္မသစ်ကျမ်းစာ မရှိသေးသောကြောင့် ပရောဖက် ပြုခြင်းများတွေ့ရသည်။
ရ။ စိတ်ဝိညာဉ်တို့ကို ပိုင်းခြား၍ သိနိုင်သောအခွင့် (The Ability to Distinguish Between Spirits)
လူတိုင်း၊ စိတ်ဝိညာဉ်များကို ပိုင်းခြားတတ်သည်မဟုတ်။ ဘုရားထံမှ လာသော ဝိညာဉ်တော်နှင့် စာတန်ထံမှလာသော ဝိညာဉ်ဆိုးများကို အလွယ်တကူခွဲခြားတတ်သောအခွင့်ဖြစ်သည်။
၈။ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောအခွင့် (Various Kinds of Tongues)
အမျိုးမျိုးသောဘာသာစကားနှင့် ပတ်သက်၍ ကျမ်းစာ၌ သုံးမျိုးတွေ့ရသည်။ တစ်ခုသည် ဆုတောင်းရာ၌ သုံးဘို့ဖြစ်၍ နှစ်ခုသည် တရားဟောရာ၌ သုံးဘို့ဖြစ်သည်။
(၁) လူဘာသာစကားဖြစ်၍ တရားဟောဘို့
ပင်တေကုတ္တေနေ့၌ တမန်တော်များသည် အမျိုးမျိုးသောဘာသာစကားဖြင့် ပြော ကြသည်။ သူတို့သည် မိမိတို့ဘာသာစကားဖြင့် ပြောသော်လည်း ကြားနာသောသူများက မိမိတို့စကားဖြင့် ကြားခြင်းဖြစ်သည်။ သူတို့အကြား၌ သန့်ရှင်းသောဝိညာဉ်တော် ကဘာသာပြန်ပေးခြင်းဖြစ်သည်။ ယခုခေတ်တွင် ဤကဲ့သို့သောအရာ အလွန်ရှားသည်။
(၂) ဆုတောင်းရာတွင်သုံးဘို့
ရှင်ပေါလုက၊ “အကြောင်းမူကား၊ အခြားသောဘာသာစကားအားဖြင့် ပြောသောသူသည် လူတို့အားမပြော၊ ဘုရားသခင်အားပြော၏။ သူ၏စကားကို အဘယ်သမျှ နားမလည်။ နက်နဲသောအရာတို့ကို ဝိညာဉ်တော်အားဖြင့်ပြော၏။” (၁ ကော ၁၄:၂) ဟုဆိုသည်။ ထိုကြောင့် ဤဆုကို ရရှိသောသူသည် ဘုရားသခင်ထံ၌ ဆုတောင်းဘို့ ဖြစ်သည်။ ယနေ့များစွာသောသူတို့သည် ဝိညာဉ်တော်ကပေးခြင်း မဟုတ်ဘဲ အချင်းချင်းသင်ပေး၍သော်၎င်း၊ အခြားသောဝိညာဉ်ထံမှသော်၎င်း၊ အသုံးပြုခြင်းအားဖြင့် ဤဆုကျေးဇူးသည် အလွန်ရှုပ်ထွေးစေသည်။ “အခြားသော ဘာသာစကားအားဖြင့် ပြောသောသူသည်ကိုယ်ကိုသာ တည်ဆောက်၏။” (၁ ကော ၁၄:၄) ဟုဆိုသည်။
(၃) တရားဟောရာတွင်သုံးဘို့
ဤဆုကျေးဇူးနှင့်ပတ်သက်၍ ရှင်ပေါလုက ဤသို့ရေးထားသည်၊ “ညီအစ်ကိုတို့၊ အဘယ်သို့နည်း၊ သင်တို့စည်းဝေးကြသောအခါ၊ ဆာလံသီချင်းကို ရသောသူ၊ ဆုံးမဩဝါဒစကားကို ရသောသူ၊ အခြားသောဘာသာစကားကို ရသောသူ၊ ဗျာဒိတ်တော်ကို ရသောသူ၊ အနက်ဖေါ်ပြရာကို ရသောသူ၊ အသီးအသီး ရှိကြသည်ဖြစ်၍၊ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်ခြင်းအလိုငှါ စီရင်ကြလော့။ အခြားသော ဘာသာစကားဖြင့် ဟောပြောသောသူရှိလျှင်၊ နှစ်ယောက်ဖြစ်စေ၊ အများဆုံးဆိုသော်သုံးယောက်ဖြစ်စေ၊ တယောက်နောက်တယောက်ပြော၍ တယောက်သောသူသည် အနက်ကိုဖေါ်ပြစေ။ စကားပြန်မရှိလျှင်၊ ဟောပြောသောသူသည် အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိအား၎င်း၊ ဘုရားသခင်အား၎င်း၊ ပြောစေ။ ပရောဖက် နှစ်ယောက်ဖြစ်စေ၊ သုံးယောက်ဖြစ်စေ၊ ဟောပြော၍ အခြားသော သူတို့သည် စစ်ကြောဆင်ခြင်ကြစေ။ ထိုင်လျက်နေသောသူအား တစုံတခုကို ဖွင့်ပြတော်မူလျှင်၊ အရင်ဟောပြောသောသူသည် တိတ်ဆိတ်စွာ နေစေ၏။” (၁ ကော ၁၄:၂၆-၃၀)
၉။ ထိုဘာသာစကား၏အနက်ကိုဖေါ်ပြနိုင်သောအခွင့် (The Interpretation of Tongues)
အခြားသောဘာသာစကားနှင့် တရားဟောသောသူရှိသောကြောင့် ထိုဘာသာစကားကို အနက်ပြန်နိုင်သောသူလည်း ဝိညာဉ်တော်ကပေးသည်။ ထိုအရာနှင့် ပတ်သက်၍ အထက်၌ ဖေါ်ပြခဲ့ပြီးပြီ။
အမှုဆောင်ဘို့ဆုကျေးဇူး
ရှင်ပေါလုက ဘုရားသခင်သည် အသင်းတော်၌ အမှုဆောင်နိုင်ဘို့ရန် ရာထူးအမျိုးမျိုး ပေးကြောင်းကို အောက်ပါကဲ့သို့ ရေးသားထားသည်။ “သင်တို့သည် ခရစ်တော်၏ကိုယ် ဖြစ်ကြ၏။ အသီးအသီး အင်္ဂါတော် ဖြစ်ကြ၏။ ဘုရားသခင်သည် ပဌမအရာ၌ တမန်တော်တို့ကို၎င်း၊ ဒုတိယအရာ၌ ပရောဖက်တို့ကို၎င်း၊ တတိယအရာ၌ ဆရာတို့ကို၎င်း၊ ထိုနောက် တန်ခိုးပြသောသူတို့ကို၎င်း၊ ထိုနောက် အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိသောသူတို့ကို၎င်း၊ သင်းထောက်တို့ကို၎င်း၊ စီရင်အုပ်စိုးသောသူတို့ကို၎င်း၊ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောသူတို့ကို၎င်း၊ အသင်းတော်၌ ခန့်ထားတော်မူ၏။” (၁ ကော ၁၂:၂ရ- ၂၈)
အထက်ပါ ရာထူးများမှာ၊
၁။ တမန်တော်
၂။ ပရောဖက်
၃။ ဆရာ
၄။ တန်ခိုးပြနိုင်သောသူ
၅။ အနာရောဂါငြိမ်းစေနိုင်သောသူ
၆။ သင်းထောက်
ရ။ စီရင်အုပ်စိုးသောသူ
၈။ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော သူတို့ ဖြစ်သည်။
အထက်ပါ ရာထူးနှင့်အလုပ်များသည် အသင်းတော်အတွက် ပေးထားသည်။
၁။ တမန်တော်
တမန်တော် (Apostles)သည် တိကျစွာပြောပါက ယခုခေတ်တွင် မရှိတော့ချေ။ အကြောင်းမူကား တမန်တော်ဖြစ်ဘို့ရန်မှာ ခရစ်တော်နောက်လိုက်ဘူးသူ သို့မဟုတ် ခရစ်တော်နောက်လိုက်သူများနှင့် ထိတွေ့သောသူဖြစ်ရမည်။ သို့သော် တမန်တော် အဓိပ္ပါယ်တခုသည် သတင်းသယ်သူ၊ သံတမန်ဖြစ်သည်။ ထိုကြောင့် ခရစ်တော်၏ အကြောင်းကို သယ်သူအားလုံးသည် တမန်တော်များဖြစ်သည် ဟုဆိုနိုင်သည်။ ကိုယ်တခု၌ အင်္ဂါအများရှိသည်ဖြစ်၍၊ ထိုအင်္ဂါများသည် ဆောင်ရွက်စရာအမှု တခုတည်း မရှိသကဲ့သို့၊ ထိုအတူ၊ အများဖြစ်သော ငါတို့သည် ခရစ်တော်၌ တကိုယ်တည်းဖြစ်၍၊ အသီးသီးအင်္ဂါချင်း ဖြစ်ကြ၏။ ထိုသို့ပေးတော်မူသော ကျေးဇူးတော်အတိုင်း ငါတို့သည် အသီးသီးအပြားပြားသော ဆုများကို ခံရသည်ဖြစ်၍၊ ပရောဖက်အရာရှိလျှင်၊ ယုံကြည်ခြင်းပမာဏကို ရသည်အတိုင်း ပရောဖက် ပြုကြကုန်အံ့။ ဓမ္မဆရာအရာရှိလျှင်၊ ဓမ္မဆရာ၏အမှုကို ဆောင်ရွက်ကြကုန်အံ့။ ဆုံးမဩဝါဒပေးသောသူသည် ထိုအမှုကိုဆောင်ရွက်စေ။ နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲ ဝေငှသောသူသည် လျစ်လျူသောစိတ်နှင့် ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ မစသနားခြင်းအမှုကို ပြုသောသူသည် စေတနာစိတ်နှင့်ပြုစေ။” (ရော ၁၂:၄-၈)
၂။ ပရောဖက်
ပရောဖက်နှင့် ပတ်သက်၍ အထက်၌ ဖေါ်ပြခဲ့ပြီးပြီ။
၃။ ဆရာ
ဤဆုကျေးဇူးသည် ကျမ်းစာကို သင်ပေးဘို့ရန်အတွက် ပေးထားသော ဆုကျေးဇူး ဖြစ်သည်။ ဤဆုရသောသူသည် သင်းအုပ်ဆရာ၊ ဧဝံဂေလိဆရာ ဖြစ်ရမည်ဟု မဆိုနိုင်ချေ။ ဆရာဆုရသောသူက သင်ပေးသောအခါ လူတိုင်းက နားလည်လွယ်မည်။ သင်းအုပ်နှင့် ဧဝံဂေလိဆရာ၊ သာသနာပြုဆရာများက ဆရာဆုကျေးဇူးရလျှင် အလွန် အကျိုးရှိသည်။
၄။ တန်ခိုးပြနိုင်သောသူ
ဤဆုကျေးဇူးရသောသူအကြောင်းလည်း ဖေါ်ပြခဲ့ပြီ။
၅။ အနာရောဂါငြိမ်းစေနိင်သောသူ
ဤဆုကျေးဇူးရသောသူအကြောင်းလည်း ဖေါ်ပြခဲ့ပြီ။
၆။ သင်းထောက်
ဤဆုကျေးဇူးသည် အသင်းတော်၌ သင်းအုပ်ဆရာများနှင့် လက်တွဲ၍ အသင်းတော် တည်ဆောက်ဘို့ရန် အလွန်လိုအပ်သောအရာဖြစ်သည်။ ဤဆုကျေးဇူးရလျှင် အောင်မြင်မှုများမည်။ ဤဆုကျေးဇူးမရလျှင်လည်း လိုအပ်သလိုလုပ်ရမည်။
ရ။ စီရင်အုပ်စိုးသောသူ
အုပ်ချုပ်ရေးသည် လူတိုင်းကလုပ်တတ်သည်မဟုတ်၊ စိတ်လည်းဝင်စားသည် မဟုတ်။ အုပ်ချုပ်ရေး ဆုကျေးဇူးရသောသူသည် လုပ်ရမည့်အရာများကို သိသည် သမက အောင်မြင်တတ်သည်။ ထို့ကြောင့် ဤဆုကျေးဇူးရသောသူအနေဖြင့် ကောင်းစွာ ပါဝင်လုပ်ဆောင်ရမည်။
၈။ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောသူ
ဤဆုကျေးဇူးရသောသူအကြောင်းလည်း ဖေါ်ပြခဲ့ပြီ။
ခရစ်တော်၏ကိုယ်တည်ဆောက်ဘို့
“ကိုယ်တခု၌ အင်္ဂါအများရှိသည်ဖြစ်၍၊ ထိုအင်္ဂါများသည် ဆောင်ရွက်စရာ အမှု တခုတည်း မရှိသကဲ့သို့၊ ထိုအတူ၊ အများဖြစ်သော ငါတို့သည် ခရစ်တော်၌ တကိုယ်တည်းဖြစ်၍၊ အသီးသီးအင်္ဂါချင်း ဖြစ်ကြ၏။ ထိုသို့ပေးတော်မူသော ကျေးဇူးတော်အတိုင်း ငါတို့သည် အသီးသီးအပြားပြားသော ဆုများကို ခံရသည်ဖြစ်၍၊ ပရောဖက်အရာရှိလျှင်၊ ယုံကြည်ခြင်းပမာဏကို ရသည်အတိုင်း ပရောဖက်ပြုကြကုန်အံ့။ ဓမ္မဆရာအရာရှိလျှင်၊ ဓမ္မဆရာ၏အမှုကို ဆောင်ရွက်ကြကုန်အံ့။ ဆုံးမဩဝါဒပေးသောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲ ဝေငှသောသူသည် လျစ်လျူသော စိတ်နှင့် ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ မစသနားခြင်း အမှုကို ပြုသောသူသည် စေတနာစိတ်နှင့် ပြုစေ။” (ရော ၁၂:၄-၈)
အထက်ပါစာ၌ ရှင်ပေါလုက အောက်ပါ ရာထူးများ အကြောင်းရေးသား ထားသည်။
၁။ ပရောဖက်
ဤဆုကျေးဇူးရသောသူအကြောင်းလည်း ဖေါ်ပြခဲ့ပြီ။
၂။ ဓမ္မဆရာ
ဤဆုကျေးဇူးရသောသူအကြောင်းကို ဆရာအရာ၌ ဖေါ်ပြခဲ့ပြီ။
၃။ ဆုံးမဩဝါဒပေးတတ်သူ
လူတိုင်း ဆုံးမဩဝါဒပေးတတ်သည်မဟုတ်။ သို့သော်၊ ဤဆုကျေးဇူးရှိသောသူများ ကဆုံးမလျှင် အပြစ်လုပ်သောသူသည် စိတ်မဆိုးဘဲကိုယ်အဖြစ်ကိုမြင်၍ အသက်တာပြုပြင်နိုင်သည်။
၄။ နှိုးဆော်သွေးဆောင်သောသူ (exhorts)
နှိုးဆော်သွေးဆောင်တတ်ခြင်းသည်လည်း အလွန်အရေးကြီး၍ လိုအပ်သည်။ ဤဆုကျေးဇူး ရရှိသူများက နှိုးဆော်လျှင် လူများအားတက်၍ အသင်းတော်လည်း တိုးတက်နိုင်သည်။ ဗာနဗသည် ထိုဆုကျေးဇူးကိုရသည်။
၅။ အစွန့်ကြဲဝေငှသောသူ
ဤဆုကျေးဇူးရရှိသောသူတို့သည် နှမျောခြင်းမရှိဘဲ ရှိသမျှကို စွန့်ကြဲနိုင်သည်။ စွန့်ကြဲတတ်သောသူသည် ချမ်းသာသောကြောင့်မဟုတ်၊ ဆင်းရဲလျှင်လည်းရှိသမျှနှင့် စွန့်ကြဲနိုင်သည်။
၆။ အုပ်ချုပ်သောသူ
ဤဆုကျေးဇူးရသောသူအကြောင်းလည်း ဖေါ်ပြခဲ့ပြီ။
ရ။ မစသနားခြင်းအမှုပြုသောသူ
ဤဆုရသောသူသည် စွန့်ကြဲသူနှင့် တူသော်လည်း စွန့်ကြဲသူသည် ဥစ္စာပစ္စည်းများကို စွန့်ကြဲခြင်းဖြစ်သည်။ မစနားခြင်းသည် လိုအပ်သောအရာများကို ကူညီဆောင်ရွက်ပေးခြင်းဖြစ်သည်။ လူတိုင်း ဤဆုကျေးဇူးမရသောကြောင့် ကူညီခြင်း၊ မစခြင်း၊ သနားခြင်း၊ မရှိကြချေ။ ဤဆုကျေးဇူးရသူတိုင်း လုပ်သင့်သည်။
“ခရစ်တော်၏ကိုယ်တော်ကို တည်ဆောက်၍၊ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊ သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့တို့ကို ပရောဖက်အရာ၌၎င်း၊ အချို့တို့ကိုသာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။” (ဧဖက် ၄:၁၁-၁၂)
အထက်ပါ ကျမ်းပိုဒ်၌လည်း ရှင်ပေါလုက ဝိညာဉ်ဆုကျေးဇူးများကို ဖေါ်ပြထားသည်။ ထူးခြားချက်တခုမှာ မြန်မာကျမ်းစာ၌ သာသနာပြု (Missionary)ဟု တွေ့ရသော်လည်း အင်္ဂလိပ်ကျမ်းစာအုပ်များ၌ သင်းအုပ် သို့မဟုတ် သိုးထိမ်းဟု တွေ့ရသည်။ အဘယ်ကြောင့် များစွာသော ယုံကြည်သူများသာသနာ ပြုသော်၎င်း သင်းအုပ်အရာကိုသော်၎င်း မလုပ်နိင်ကြသနည်းဟူမူကား ထိုဆုကျေးဇူး မရရှိသောကြောင့် ဖြစ်သည်။ ထိုကြောင့် ထိုဆုကျေးဇူး ရရှိသူများက ကြိုးစား၍ ကိုယ်ရသော ဆုကျေးဇူးကို သစ္စာရှိစွာ အသုံးပြုရမည်။
ထိုထက်၌ ဖေါ်ပြခဲ့ပြီးသည့်အတိုင်း ယုံကြည်သူများသည် ခလေးအရွယ်များ သောကြောင့် ကိုယ်ရသော ဆုကျေးဇူးကို အလိုမရှိကြ။ သို့မဟုတ် မသိကြ၊ ။ သို့မဟုတ် အသုံးမပြုကြ။ သူတပါးရသော ဆုကျေးဇူးများကို အားရ၍ လိုချင် တတ်ကြသည်။
၁၉၈၀ ပတ်ဝန်းကျင်တွင် မြန်မာပြည်၌ နိုးကြားမှု ရှိသောအခါ ဧဝံဂေလိ တရားဟောဆရာများ ပေါ်ပေါက်လာသည်။ လူငယ်ထဲမှ တရားဟောဆရာများ အသင်းတော် ဆုံးဖြတ်ချက်ကြောင့် မဟုတ်ဘဲ ဘုရားသခင်၏ နိုးဆော်မှုကြောင့် တရားဟောလာ ကြသည်။ အသင်းတော်များကတားမြစ်သော်လည်း မရရအောင် တရားဟော ကြသည်။ ထိုအချိန်၌ တရားဟောခြင်း သာလျှင် ခေတ်စား၍ ကျမ်းစာ သင်ပေးခြင်းကို လူများက မလိုချင် ကြချေ။ သို့သော် ကျွန်တော်သည် တရားမဟောတတ်၊ ကျမ်းစာ သင်ပေးခြင်းကိုသာ ပြုလုပ် တတ်သည်။ ကိုယ်ရထားသောအရာ သင်ကြားပေးခြင်း (ဆရာဆုကျေးဇူး)ကို သစ္စာရှိစွာ အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် တရားဟောခြင်းထက် သင်ပေးခြင်းကို လူများက နှစ်သက်လာ ကြသည်။ သင်ပေးခြင်း လက်ခံရသည့်အကြောင်းမှာ အပြန်အလှန်မေးမြန်းနိင်ခြင်း၊ ပို၍ လွတ်လပ်ခြင်း၊ ပို၍ ရှင်းလင်းခြင်း၊ သင်ပုန်းကြီးနှင့် စာရေးရုပ်ပုံများ ဆွဲနိင်ခြင်း စသည်တို့ကြောင့် အချိန်လည်း ကြာကြာပို နားထောင် နိင်သည်။ ထိုကြောင့် ကိုယ်ရသော ဆုကျေးဇူးကို သစ္စာရှိစွာ အသုံးပြုပါ။ ဆုကျေးဇူးများသည် နာမည်ကျော်ကြားဘို့၊ အလှူငွေရရှိဘို့၊ကိုယ် အားရကျေနပ် ဘို့ရန် မဟုတ်ဘဲ
၁။ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားဘို့
၂။ အသင်းတော် တည်းဟူသော ခရစ်တော်၏ကိုယ်ဆောက်ဘို့
၃။ မယုံကြည်သောသူများ ဘုရားသခင်ကို ယုံကြည်လာဘို့
၄။ ယုံကြည်သူများ ကြီးထွားရင့်ကျက်ဘို့
၅။ ဘုရား အမှုတော်ဆောင်နိင်ဘို့အတွက် ပေးထားခြင်း ဖြစ်သည်။
ထိုကြောင့် ကိုယ်ရသော ဆုကျေးဇူးကို သိ၍ ကြိုးစား အသုံးပြုပါ။ သူတပါးရသော ဆုများကိုအား မကျပါနှင့်။
သင်ခန်းစာ (၁၆)
အခြားသောဆုကျေးဇူးများ
“သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီး ခံရကြသည်နှင့် အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော် ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။ ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော် ထင်ရှားစေမည်အကြောင်း၊ ဟောပြောသောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်နှင့် အညီဟောပြောစေ။ အခြားသော အမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင် ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။” (၁ ပေ ၄:၁၀-၁၁)
ရှင်ပေတရုသည် ဝိညာဉ်ဆုကျေးဇူးများများ မရေးသော်လည်း ရှင်ပေါလုမရေးသောအရာကို ရေးကြောင်း တွေ့ရသည်။ ရှင်ပေါလုရေးသော ဆုကျေးဇူးမရသော်လည်း ရှင်ပေတရုက အခြားသော အမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင် ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ ဟုဆိုသည်။ မည်သူမဆို ဤအမည် မဖေါ်ပြသော ဆုကျေးဇူးကို တနည်းမဟုတ်တနည်း ရကြလိမ့်မည်။ ထိုကြောင့် ကိုယ်ရသော ဆုကို အသုံးပြုရမည်။
မည်ကဲ့သို့ သိရမည်နည်း
မည်ကဲ့သို့သော ဝိညာဉ်ဆုကျေးဇူးရရှိသည်ကို မည်ကဲ့သို့ သိရမည်နည်းဟု မေးတတ်ကြသည်။ မည်သည့်အရာမဆို သုံးကြည့်စမ်းကြည့်မှသိရသည်။ ဘော်လုံးကန်တတ်မကန်တတ်ကို ဘော်လုံးကွင်းမှာ ကစားကြည့်မှသိနိင်သည်။ ဘယ်သန်ညာသန်ကို လက်ကို အသုံးပြုကြည့်မှသိနိုင်သည်။ ထိုကြောင့် မည်သည့် ဝိညာဉ်ဆုရသည်ကို သိလိုလျှင် အားလုံး စမ်းကြည့်ပါ။ ကိုယ်ရသော ဆု ဖြစ်လျှင် လွယ်ကူမည်၊ အောင်မြင်မည်၊ ပင်ပန်းသည်ဟု မထင်၊ ဝန်မလေးလုပ်ဆောင်နိင်မည်။ ကိုယ်ရသော ဆုကို သူတပါးမရလျှင် မနာလိုခြင်း ဖြစ်စေ၊ စိတ်ဆိုးခြင်း ဖြစ်စေမဖြစ်ပါနှင့်။ သစ္စာရှိစွာ ဆက်လုပ်ပါ။ လုပ်လေလေအောင်မြင် လေလေ ဖြစ်မည်။ ခရစ်တော်က၊ “အကြင်သူသည် ရတတ်၏၊ ထိုသူ၌ ကြွယ်ဝ ပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည်။” (မဿဲ ၂၅:၂၉) ဟုဆိုသည်။
အဘယ်ကြောင့်ဘုရားက အသုံးမပြုသနည်း
ဘုရားသခင်က ယုံကြည်သူ တိုင်းကို အသုံးပြုချင်သည်။ ထိုကြောင့် ဝိညာဉ်ဆုကျေးဇူးများကိုလည်း ပေးထားသည်။ ခရစ်တော်က၊ “ဥပမာကား၊ လူတဦးသည် အခြားသော ပြည်သို့ သွားမည်ဟု အကြံရှိလျက်၊ မိမိငယ်သား တို့ကို ခေါ်၍ မိမိဥစ္စာများကို အပ်ပေး၏။ သူတို့သည် အသီးအသီး အစွမ်းသတ္တိရှိသည် အတိုင်း၊ တဦး၌ ငွေအခွက်ငါးဆယ်၊ တဦး၌ အခွက်နှစ်ဆယ်၊ တဦး၌ အခွက်တဆယ်ကို အပ်ပေးပြီးမှ ချက်ခြင်း သွားလေ၏။ အခွက်ငါးဆယ်ကို ခံသောသူသည် သွား၍ ကုန်သွယ်ခြင်းကို ပြုသဖြင့် အခြားသော အခွက်ငါးဆယ်ကို အမြတ်ရလေ၏။ ထိုနည်းတူ အခွက်နှစ်ဆယ်ကို ခံသောသူသည်လည်း၊ အခြားသော အခွက်နှစ်ဆယ်ကို အမြတ်ရလေ၏။ အခွက်တဆယ်ကို ခံသောသူမူကား၊ သွား၍ မြေ၌ တွင်းတူးပြီးလျှင် အရှင်၏ ငွေကို ဝှက်ထားလေ၏။” (မဿဲ ၂၅:၁၄-၁၈)
အထက်ပါ ဥပမာ၌ အခြားသော ပြည်သို့ သွားသောသူသည် ခရစ်တော်ကိုယ်တိုင် ဖြစ်သည်။ ငယ်သား တို့သည် ယုံကြည်သူများဖြစ်သည်။ ငွေခွက်များသည် ဝိညာဉ်ဆုကျေးဇူးများ ဖြစ်သည်။ ကုန်သွယ်ခြင်း ဆိုသည်မှာ ထိုဝိညာဉ်ဆုကျေးဇူးများကို အသုံးပြုခြင်း ဖြစ်သည်။ အမြတ်ရခြင်းသည် တိုးပွားခြင်း ဖြစ်သည်။ အခွက်တဆယ်ခံသောသူက သွား၍ မြေ၌ တွင်းတူးပြီးလျှင် အရှင်၏ ငွေကို ဝှက်ခြင်း ဆိုသည်မှာ ပေးထားသော ဝိညာဉ်ဆုကျေးဇူးကို အသုံးမပြုဘဲ နေခြင်း ဖြစ်သည်။
ထိုငယ်သား များ၏ အရှင်သည် ပြန် လာသောအခါ ရွှေခွက်တိုးပွားစေသူနှစ်ယောက်ထံ၊ “သာဓု သစ္စာရှိသော ငယ်သားကောင်း။ သင်သည် အမှုငယ်၌ သစ္စာ စောင့်လေပြီ။ များစွာသောအမှု အခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကို ဝင်စားလော့ဟု မိန့်တော်မူ၏။” (မဿဲ ၂၅:၂၃)။ ထိုအရှင်သည် မကြာမှီလာတော့မည်။ ကိုယ်ရထားသော ဝိညာဉ်ဆုကျေးဇူးများကို သုံးပြု၍ အမြန်ဆုံး အမှုဆောင်ရွက်ကြပါစို့။