GOODNEWS
🎨
  HOME  GOODNEWS  2025 JUL

ပြန်ပေးဆွဲခြင်းအဆင့်ဆင့်

အသင်းတော်ပြန်ပေးဆွဲခြင်းကို ရေးသားဟောပြောခဲ့ဘူးပြီ။ ယခုလူတဦးချင်း၊ အိမ်ထောင်၊ အသင်းတော်နှင့် တိုင်းနိုင်ငံများ ပြန်ပေးဆွဲခြင်းအကြောင်းကို ရေးသားဖေါ်ပြလိုပါသည်။

ပြန်ပေးဆွဲခြင်းဆိုသည်မှာ လေယဉ်ပျံ၊ ကားများကို လူဆိုးများက လက်နက်နှင့်သိမ်း၍ သွားမည့်နေရာ သို့မသွားဘဲ မသွားမည့်နေရာသို့ အတင်းသွားခိုင်းခြင်းဖြစ်သည်။ အထင်ရှားဆုံး လေယဉ်ပျံ ပြန်ပေးဆွဲ ခြင်းကို ၂၀၀၁ ခုနှစ် စက်တင်္ဘာလ ၁၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ တွေ့ခဲ့ရသည်။ မူစလင် အကြမ်းဖက်သမားများက လေယဉ်ပျံလေးစင်းကို ပြန်ပေးဆွဲ၍ နှစ်စင်းဖြင့် နယူးယောက်မြို့ရှိ အထပ် ၁၁၀ ရှိသောမိုးမျှော်တိုက် နှစ်လုံးကို တိုက်ကာ လူသုံးထောင်နီးပါးသေခဲ့ကြသည်။ လေယဉ်ပျံသည် လူသတ်ဘို့မဟုတ်ပါ။ လူဆိုးများက လူသတ်လက်နက်အဖြင့် အသုံးပြုလိုက်သည်။ ထိုလေယဉ်ပျံပေး ဆွဲခြင်းကို တကမ္ဘာလုံးကသိ၍ ယူကျုံးမရဖြစ်ခဲ့ကြသည်။ သို့သော်ထိုအရာထက် ဝမ်းနည်းစရာ ဖျက် ဆီးမှုကြီးမားသော ပြန်ပေးဆွဲမှုများကို မသိကြသောကြောင့် အားရဝမ်းမြောက်ဂုဏ်ယူနေကြသည်။ ထိုအရာများကိုလေ့လာကြပါစို့။

အာဒံနှင့်ဧဝ

ဘုရားသခင်က အာဒံနှင့်ဧဝကို မည်သည့်ရည်ရွယ်ချက်ဖြင့် ဖန်ဆင်းသည်ကို ကျမ်းစာ၌ ဤသို့ တွေ့ရသည်တဖန်ဘုရားသခင်က၊ ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍာန်တည်း လူကိုဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို၎င်း၊ မိုးကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့် တကွ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးစေ၊ ဟုအမိန့်တော်ရှိ၏။ ထိုသို့ဘုရားသခင်သည်၊ မိမိပုံသဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန် တော် နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်၊ အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုးကောင်းကင်ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးကြလော့၊ ဟုမိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီးပေးတော်မူ၏(ကမ္ဘာဦး ၁း၂၆-၂၈)

အထက်ပါကျမ်းပိုဒ်၌ ဘုရားကလူကိုဖန်ဆင်းခြင်းသည် မြေကြီးကိုအုပ်စိုးဘို့၊ များပြားစွာမွေး ဖွားဘို့၊ ဖြစ်သည်။ သို့သော် လူသည်မြေကြီးကို မအုပ်စိုးတော့ဘဲ စာတန်က အုပ်စိုးနေပြီဖြစ်ကြောင်း ခရစ်တော်က ဤသို့ဆိုသည်၊ ဤလောကကို အစိုးရသောမင်းသည် ပြင်သို့နှင်ထုတ်ခြင်းကို ခံရလိမ့်မည်(ယောဟန် ၁၂း၃၁) ဤလောကကို အစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌ အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။ (ယောဟန် ၁၄း၃၀) ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကို ခံရသောကြောင့် အပြစ်စီရင်ခြင်းကို ဖေါ်ပြမည်။ (ယောဟန် ၁၆း၁၁) ဤလောက ကိုအစိုးရသောမင်းသည် စာတန်ဖြစ်သည်။ 

စာတန်ကိုယ်တိုင် ခရစ်တော်ထံဤသို့ဆိုထားသည်၊ တဖန်မာရ်နတ်သည် ယေရှုကို မြင့်လှသော တောင်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန်၍၊ ဤဘုန်းတန်ခိုး အာနုဘော်ရှိသမျှကို ငါ၌အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူအား ပေးရသည်ဖြစ်၍၊ ကိုယ်တော်အားပေးပါမည်။ ငါ့ကိုကိုးကွယ်လျှင်၊ ဤအလုံးစုံတို့သည် ကိုယ်တော်၏ ဥစ္စာဖြစ်လိမ့်မည်၊ ဟုလျှောက်လေ၏။(‌လုကာ ၄း၅-၇) စာတန်က ခရစ်တော်ထံ ဤဘုန်းတန်ခိုး အာနုဘော်ရှိသမျှကို ငါ၌အပ်ခဲ့ပြီ၊ ဟုဆိုသောအခါ ခရစ်တော်က မငြင်းဆိုသောကြောင့် ဤလောကကို စာတန်ကအုပ်စိုးကြောင်းထင်ရှားသည်။

ပေါလုက ဧဖက်အသင်းတော်ထံ သူတို့၏မယုံကြည်မှီဘဝကို ဤသို့ရေးထားသည်၊ သင်တို့သည် အထက်က လောကီတရားသို့လိုက်၍၊ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသောမင်း၊ တည်းဟူသော ငြင်း ဆန်သောသူတို့၌ အလုပ်လုပ်သော ဝိညာဉ်၏ အလိုနှင့်အညီ၊ ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော သင်တို့ကိုပင်၊ ဘုရားသခင်သည် အသက်ရှင် စေတော်မူပြီ။ (ဧဖက် ၂း၁-၂) ထို့ကြောင့် ဤလောကသည် စာတန်က အုပ်စိုးကြောင်း ထင်ရှားသည်။ 

မိဘကသားအတွက် ကစားစရာအရုပ်ကိုဝယ်ပေးသော်လည်း၊ ထိုအရုပ်ကိုသားကမသုံးဘဲ မဆိုင်သောသူလက် ထဲရောက်သွားသကဲ့သို့၊ ဤလောကသည် ဘုရားသခင်က လူအတွက်ဖန်ဆင်းခဲ့သော်လည်း၊ သူ့ရန်သူ စာတန်လက်ထဲရောက်သွားပြီ။ ထိုကစားစရာအရုပ်ကို သားက ပြန်သုံးချင်သောအခါ မဆိုင်သောသူက စျေးကိုင်လျက် သူခိုင်းသောအရာကို လုပ်ပေးမှသုံးခွင့်ပေးသကဲ့သို့၊ လူလည်း ဤလောကို သုံးချင်သောအခါ စာတန်ကို ရှိခိုးမှသာလျှင် သုံးခွင့်ရတော့သည်။ လူသည် ဤလောကကို သုံးချင်အားကြီးသောကြောင့် ဘုရားသခင်ကိုပင် မမှုနိုင်တော့ဘဲ ဤလောကနောက် တကောက်ကောက်လိုက်ရင်း အသက်ကုန်ဆုံး သောအခါ ငရဲထဲသို့ဆင်းသွားရသည်။ ဘုရားသခင်က လူသားများအတွက် ရည်ရွယ်သောပန်းတိုင်ကို စာတန်က ပြောင်းပေးလိုက် ခြင်းအားဖြင့် ဘုရား၏ရည်ရွယ်ချက်သည် ပြန်ပေးဆွဲခံလိုက်ရသည်။ ပြန်ပေးဆွဲသောသူတို့သည် သေခြင်းနှင့်အဆုံးသတ်တတ်သကဲ့သို့ စာတန်သည်လည်း ထာဝရ မီးအိုင်သို့ဆင်းခြင်းဖြင့် အဆုံးသတ်မည်ဖြစ်သည်။ ပြန်ပေးဆွဲခြင်း၌ ပါသွားသောသူတို့သည်လည်း စာတန်နှင့်အတူ မီးအိုင်၌ဆင်းမည်။ ခရစ်တော်က၊ ထိုအခါ လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား မင်းကြီးက၊ ကျိန်ခြင်းကိုခံရသောသူတို့၊ မာရ်နတ်နှင့် သူ၏တမန်တို့အဖို့ ပြင်ဆင်သော ထာဝရမီးထဲသို့၊ ငါ့ထံမှ ခွာသွားကြလော့။ (မဿဲ ၂၅း၄၁) ဟုဆိုခဲ့သည်။

ဘုရားသခင်က အာဒံနှင့်ဧဝတို့ကို ဖန်ဆင်းပြီး ဤလောကကိုအုပ်စိုးခိုင်းသောအရာကို စာတန်ကပြန်ပေးဆွဲသွားခြင်းကို နားမလည်သောလူသားများက ဤလောကကို နိုင်ငံရေး၊ စီးပွါးရေး၊ ဘာသာရေး၊ ပညာရေး၊ စစ်အင်အားအမျိုးမျိုးဖြင့် ပြန်လည်အုပ်စိုးဘို့ကြိုးစားနေကြသည်။ လောကသားများသည် စာတန်၏လှည့်စားမှု မသိကြသောအခါ အစွမ်းကုန်ကြိုးစားကြသည်။ အော်သနားစရာကောင်းသော လူသားများပါလား။ သင်လည်းစာတန်ဦးဆောင်သောအရာထဲ၌ အလွန်ကြိုးစားသောသူဖြစ်ပါသလား။ ထိုစာတန်၏လှည့်စားမှုမှ လွတ်မြောက်နိုင်သောနည်းလမ်းသည် တလမ်းတည်းသာလျှင်ရှိသည်။ ခရစ်တော်က၊ ငါသည်လမ်းခရီးဖြစ်သည် (ယော ၁၄း၆) ဟုဆိုသည်။ တဖန်၊ သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည် (ယော ၈း၃၂)။ ဟု ဆိုသည်။ ထို့ကြောင့် စာတန်လှည့်ဖျားသော နည်းအမျိုးမျိုးမှလွတ်မြောက်၍ ဘုရားသခင်၏ အကြံ အစည်ထဲ၌ ပါဝင်ဘို့ ဘုရားသခင်က သင်၏ဝိညာဉ်မျက်စိ မြင်ရသောအခွင့် ပေးတော်မူပါစေသော်။

နောဧနှင့်သားစဉ်မြေးဆက်များ

ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သားတို့ကို ကောင်းကြီးပေးတော်မူ၍၊ သင်တို့သည် များပြားစွာ မွေးဖွားလျက် မြေကြီးကို ပြည့်စေကြလော့။ မြေတိရစ္ဆာန်၊ မိုးကောင်းကင် ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ် ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာ ကြောက်ရွံ့တုန်လှုပ်ခြင်းသဘော ရှိရကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို သင်တို့လက်၌ ငါအပ်၏။ (ကမ္ဘာ ၉း၁-၂) ဧဝနှင့်အာဒံတို့ ဆုံးရှုံးခဲ့ရသော အခွင့်အရေးကို ဘုရားသခင်က နောဧနှင့်သားများထံ များပြားစွာမွေးဖွား၍ မြေကြီးကိုပြည့်စေဘို့ တဖန်ပြန်အခွင့်ပေးခဲ့သည်။ သို့သော်၊ နောဧသားစဉ်မြေးဆက်များလည်း စာတန်၏လှည့်ဖျားမှုအားဖြင့် ပြန်ပေးဆွဲခံခြင်းကို အောက်ပါကဲ့သို့တွေ့ရသည်။

မြေကြီးသား အပေါင်းတို့သည် ဘာသာတစ်မျိုးတည်း၊ စကားတစ်မျိုးတည်း ရှိကြသည်ဖြစ်၍၊ အရှေ့မျက်နှာမှ ခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ်ကို တွေ့၍ နေရာချကြ၏။ သူတို့ကလည်း လာကြ၊ အုတ်လုပ်၍ ခိုင်မာစွာ ဖုတ်ကြကုန်အံ့ဟု တစ်ယောက်ကို တစ်ယောက်ပြောကြ၏။ ထိုသို့ ကျောက်အရာ၌ အုတ်ကို၎င်း၊ သရွတ်အရာ၌ ရေညှိတစ်မျိုးကို၎င်း ရပြီးလျှင်၊ လာကြ၊ မြေကြီးတပြင်လုံး၌ အရပ်ရပ် ကွဲပြားမည်ကို စိုးရိမ်၍ မြို့ကို၎င်း၊ မိုးကောင်းကင်သို့ မှီရသော ရဲတိုက်ကို၎င်း၊ တည်လုပ်သဖြင့်၊ ကျော်စောကိတ္တိ ရှိစေခြင်းငှါ၊ ပြုကြကုန်အံ့၊ ဟုပြောဆိုကြ၏။

ထိုသို့ လူသားတို့ တည်လုပ်သော မြို့နှင့်ရဲတိုက်ကို ကြည့်ရှုခြင်းငှါ၊ ထာဝရဘုရားသည် ဆင်းသက်တော်မူ၏။ထာဝရဘုရားက၊ ကြည့်ရှုလော့။ လူတစ်မျိုးတည်း၊ စကားတစ်မျိုးတည်း ရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။ လာကြ၊ ဆင်းသက်ကြကုန်အံ့၊ သူတို့သည် အချင်းချင်း နားမလည်စေခြင်းငှါ၊ သူတို့စကားကို ရှုတ်ထွေးကြကုန်အံ့၊ ဟုမိန့်တော်မူ၏။ ထိုသို့ ထာဝရဘုရားသည်၊ သူတို့ကို မြေကြီးတပြင်လုံး၌၊ အရပ်ရပ် ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့ကို မတည်ဘဲ နေကြ၏။ သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည်၊ မြေကြီးသား အပေါင်းတို့၏ စကားကို ရှုတ်ထွေး၍၊ သူတို့ကို မြေကြီးတပြင်လုံး၌၊ အရပ်ရပ် ကွဲပြားစေတော်မူသောကြောင့်၊ ထိုမြို့သည် ဗာဗုလုန်မြို့ ဟူ၍တွင်သတည်း(ကမ္ဘာ ၁၁း၁-၉)

နောဧမိသားစုသည် ဘုရားစကားနားထောင်၍ စာတန်၏ပြန်ပေးဆွဲခြင်းထဲမှ လွတ်မြောက် လာသော မျိုးကောင်းမျိုးသန့်များဖြစ်ခဲ့ကြသည်။ သို့သော် သူတို့၏သားစဉ်မြေးဆက်များလည်း ဘုရား၏ အကြံအစည်မှ အလျှင်အမြန် စာတန်၏ပြန်ပေးဆွဲခြင်းခံခဲ့ရသည်။ ဘုရားသခင်က များပြားစွာမွေးဖွား၍ မြေကြီးကိုပြည့်စေဘို့ ပြောသော်လည်း၊ ဗာဗုလုန်ရဲတိုက်ကို ဆောက်ခြင်းဖြင့် ဘုရား၏စကားကို နားမထောင်ခဲ့ကြချေ။ ထို့ကြောင့် သူတို့ကို စကားကွဲစေခြင်းအားဖြင့် အချင်းချင်း ပေါင်းဖေါ်၍ မရနိုင်အောင်ခွဲခြင်းကိုခံခဲ့ရကြသည်။ ထိုဒဏ်သည် ယနေ့လူအမျိုးမျိုး စကားအမျိုးမျိုး ပြော၍ အချင်းချင်းနားမလည်ခြင်းအားဖြင့် ခံစားနေရကြသည်။ ယနေ့အခြားလူမျိုးများ၏ စကားနား မလည်ခြင်းကြောင့် ပြသနာဒုက္ခခံစားခြင်းသည် နောဧသားစဉ်မြေးဆက်များကို စာတန်က ပြန်ပေးဆွဲ ခြင်းကြောင့်ဖြစ်သည်။

အာဗြဟံ

ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်း၊ ပေါက်ဖော်များထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့သွားလော့။ ငါသည်သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင်သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည်။ သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ထိုသို့ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်း လိုက်လေ၏။ အာဗြံသည် ခါရန်မြို့မှ ထွက်သွားသောအခါ၊ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။ အာဗြံသည် မယားစာရဲ၊ အစ်ကိုသားလောတနှင့် ဥစ္စာရတတ်သမျှကို၎င်း၊ ခါရန်မြို့၌ ရသောလူတို့ကို၎င်း၊ ယူပြီးလျှင် ခါနာန်ပြည်သို့ ရောက်ခြင်းငှါ ထွက်သွား၍၊ ထိုပြည်သို့ ရောက်ကြ၏။(ကမ္ဘာ ၁၂း၁-၅)

ပြန်ပေးဆွဲခြင်းခံရသော နောဧသားစဉ်မြေးဆက်ထဲမှ သူ၏အကြံအစည်ကို အကောင်အထည်ဖေါ်ဘို့ရန် ဘုရားသခင်သည် အာဗြံကိုအထက်ပါကဲ့သို့ ဆွဲနှုတ်ခဲ့သည်။ ဘုရားသခင်က လူမျိုးအပေါင်းတို့ကို အာဗြံအားဖြင့်ကောင်းကြီးပေးဘို့ဖြစ်သည်။ သို့သော်အာဗြံလည်း စာတန်၏ပြန်ပေး ဆွဲခြင်းခံခဲ့ရပြန်သည်။ အာဗြံခါနာန်ပြည်သို့ရောက်သောအခါ ခါနာန်ပြည်၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစာခေါင်းပါးသောကြောင့်၊ အာဗြံသည် အဲဂုတ္တုပြည်၌ တည်းခိုခြင်းငှါသွားလေ၏။ (ကမ္ဘာ ၁၂း၁၀)။ ထိုသို့အစာခေါင်းသောအခါ အဲဂုတ္တုပြည်သို့မဆင်းသွားဘဲ ဘုရားသခင်ထံချဉ်းကပ်ဘို့ဖြစ်သည်။ 

အာဗြံသည် အဲဂုတ္တုပြည်သို့ဆင်းသွားခြင်းအားဖြင့် သူ့မိန်းမစာရဲကို ရှုံးခါနီးဖြစ်သွားခဲ့သည်။ အာဗြံသည် အဲဂုတ္တုပြည်သို့ ရောက်သောအခါ၊ သူ၏မယားသည် အလွန်အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည် မြင်ကြ၏။ ဖါရောဘုရင်၏ မှူးတော်မတ်တော်တို့လည်းမြင်၍၊ ရှေ့တော်၌ ချီးမွမ်းပြီးလျှင်၊ နန်းတော်သို့သွင်းရကြ၏။(ကမ္ဘာ ၁၂း၁၄-၁၅) ဘုရားသခင်၏အကြံအစည်သည် အာဗြံ ကိုကောင်းကြီးပေးဘို့ဖြစ်သည်။ သို့သော်အဲဂုတ္တုပြည်သို့ဆင်းသွားခြင်းအားဖြင့် စာတန်က ပြန်ပေးဆွဲ ခံရသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် မိန်းမကိုပြန်ရပြီး ခါနာန်ပြည်သို့ ပြန်တက်လာခဲ့ကြ သည်။

အာဗြံသည် အဲဂုတ္တုပြည်ဆင်းခြင်းအားဖြင့် ကိစ္စမပြီးသေးချေ။ သူ့ဇနီးသည်အားဖြင့် အမွေခံ မည့်သူ သားမရနိုင်အောင် ဇနီးသည်စာရာထံမှ အကြံကိုစာတန်ကပေးပြန်သည်။ အာဗြံ၏မယား စာရဲ၌ သားဖွားခြင်းမရှိသဖြင့်၊ အဲဂုတ္တုပြည်သူ ဟာဂရ အမည်ရှိသော၊ ကျွန်မ တယောက်ရှိသည်ဖြစ်၍၊ စာရဲက၊ အကျွန်ုပ်အား သားဖွားရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူ။ အကျွန်ုပ်၏ ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည်တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်၊ ဟုအာဗြံအား ပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကို နားထောင်လေ၏။ (ကမ္ဘာ ၁၆း၁-၂) သို့သော် ဘုရားသခင် သည် စာတန်က အာဗြံကိုမည်မျှပင် ပြန်ပေးဆွဲသော်လည်း သူ့အကြံအစည်ကို မပြည်စုံဘဲမနေစေပါ။ သူ့ဇနီးသည် စာရာအားဖြင့် သားဣဇာက်ကို ပြန်ပေးခဲ့သည်။ 

ဣသရေလ

ဘုရားသခင်က ဣသရေလလူမျိုးကို ရွေးကောက်ခြင်းသည် သူ၏အကြံအစည် ကိုဖေါ်ဆောင်ဘို့ရန် ဖြစ်သည်။ သူတို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ နို့နှင့်ပျားရည် စီးတတ်သောပြည်သို့ ပို့ဆောင်ခြင်းငှာ ငါဆင်းလာပြီ(ထွက် ၃း၈) ဟုမောရှေထံပြောခဲ့သည်။ ဘုရားသခင်က ဣသရေလလူမျိုးကို အဲဂုတ္တု ကျွန်ခံရာမှ မဟာတန်ခိုးတော်နှင့် ကယ်တင်ခဲ့သည်။ သူကိုယ်တိုင် နေ့ခင်းပိုင်း၌ မိုးတိမ်တိုင်၊ ည၌မီးတိုင် အားဖြင့် ဦးဆောင်လမ်းပြခဲ့သည်။ ကောင်းကင်မန္နမုန့်နှင့် ကျောက်ထဲမှရေဖြင့် ကျွေးမွေးသည်။ ရန်သူ များကိုလည်းတိုက်ပေးသည်။ ပင်လယ်နီကိုလည်း တညတည်းတွင်ခွဲပြီးဖြတ်သန်းစေခဲ့သည်။ မောရှေက သူလူများထံ၊ လွန်ခဲ့ပြီးသော အနှစ်လေးဆယ် ပတ်လုံး သင်ဝတ်သော အဝတ်မဟောင်းမနွမ်း၊ သင့်ခြေလည်း မပွန်းမရောင်(တရားဟော ၈း၄) ဟုဆိုသည်။ သို့သော် စာတန် လှည့်ဖျားမှုကြောင့် နို့နှင့်ပျားရည်စီးသော ခါနာန်ပြည်သို့ လုံးဝမဝင်ချင်ကြချေ။ ခါနာန်ပြည်မဝင်ချင်သောကြောင့်၊ လူတစုံတယောက်ကို ချီးမြှောက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကြစို့၊ ဟုတယောက်ကို တယောက် ဆိုကြ၏။ (တောလည်ရာ ၁၄း၄)။ 

ဘုရားသခင်၏ ရည်ရွယ်ချက်မှာ၊ ဣသရေလတမျိုးလုံးသည် ယဇ်ပုရောဟိတ်ဖြစ်ဘို့ဖြစ်သည်။ ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက် လျှင်၊  အခြားသော လူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ရကြလိမ့် မည်။  မြေကြီးရှိသမျှသည် ငါ၏ဥစ္စာဖြစ်၏။ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည်၊ ဟူသော အမိန့်တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုလော့၊ ဟုမိန့်တော်မူ၏။(ထွက်မြောက်ရာ ၁၉း၅-၆) သို့သော်ဘုရားရည်ရွယ် ထားသည့်အတိုင်း ယဇ်ပုရောဟိတ်ဖြစ်ဘို့နေနေသာသာ၊ မောရှေသိနာတောင်ပေါ်တက်နေစဉ် ရုပ်တုလုပ်၍ ကိုးကွယ်ခဲ့ကြသည်။ (ထွက် ၂၄း၁-၆)။ သူတို့သည် လမ်းတလျှောက်လုံး ထာဝရဘုရားကို မယုံကြည်၊ မကိုးကွယ်၊ ရုပ်တုများကို ကိုးကွယ်၍ အမျက်တော်ကို နှိုးဆော်ခဲ့ကြသည်။

သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကိုအနည်းနည်းစုံစမ်း၍၊ ငါ၏အမှုတို့ကို မြင်ရသောတောတွင်၊ ငါ့ကိုဆန့်ကျင်ဘက်ပြု၍၊ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။ ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ ထိုသူတို့သည် စိတ်သဘော မှားယွင်းတတ်သော လူမျိုးဖြစ်ကြ၏။ ငါ၏အလေ့အလာတို့ကို နားမလည်ကြ၊ ဟုငါဆိုရ၏။ ထို့ကြောင့် သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆို၏(ဆာလံ ၉၅း၉-၁၁) 

ဘုရားသခင်၏ ဣသရေလလူမျိုးအပေါ်ရည်ရွယ်ချက်သည် သူတို့ကိုကိုယ်ခန္ဓာပိုင်း၌ ကောင်းစွာကျွေး မွေး၍ နို့နှင့်ပျားရည်စီးသော ခါနာန်ပြည်၌ ကောင်းကြီးခံစားဘို့ဖြစ်သည်။ သို့သော်၊ စာတန်၏ပြန်ပေး ဆွဲခြင်း၊ သူတို့ကိုယ်တိုင်၏ စိတ်နှလုံးခိုင်မာခြင်းကြောင့် ခါနာန်ပြည်သို့မရောက်ဘဲ လမ်းခရီး၌ သေကုန် ကြသည်။ ဝိညာဉ်ပိုင်း၌ သူတို့သည် ဘုရားသခင်၏ ယဇ်ပုရောဟိတ်များဖြစ်၍ တပါးအမျိုးသားများထံ ဘုရားသခင်၏ အကြောင်းကို ဟောပြောဘို့ဖြစ်သည်။ ထိုရိုက်အရာကိုလည်း မဖြစ်လာဘဲ၊ ဘုရားသခင်၏ ကျိန်ခြင်းကိုခံ၍ အတိုင်းတိုင်းအပြည်ပြည်၏ တိုက်ခိုက်သတ်ဖြတ်ခြင်း၊ စစ်သုပန်းအ ဖြစ်ဖမ်းဆီး နှိပ်စက်ခြင်းများကို ယနေ့တိုင်အောင် ခံကြရသည်။ သူတို့သည် ဖခင်က သားကို တရားဟောဆရာဖြစ်ဘို့ ကျမ်းစာကျောင်းသို့ ထားသော်လည်း သားသည် တရားဟောဆရာမဖြစ်လာ ဘဲ အရက်သမား ဘိမ်းစားဖြစ်သွားသကဲ့သို့ဖြစ်သည်။ စာတန်သည် ဘုရားမနိုင်သောအခါ ဘုရား၏လူ ဣသရေလကို ပြန်ပေးဆွဲသွားသည်။ ထိုအရာကို ဣသရေလလူမျိုးများ နားမလည်ကြသေးသော ကြောင့် ယနေ့တိုင် ဒုက္ခအကြီးအကျယ်ရောက်နေကြခြင်းဖြစ်သည်။ ထိုအရာကို ခရစ်ယာန်များ နားလည်သင့်သော်လည်း၊ ကျမ်းစာမဖတ်၊ ဖတ်လျှင်လည်း ဝိညာဉ်တော်ကမဖေါ်ပြသောကြောင့် ခရစ်ယာန်များလည်း သူတို့ကဲ့သို့ စာတန်၏ ပြန်ပေးဆွဲခြင်း ခံနေကြဆဲဖြစ်သည်။

အသင်းတော်

ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။ ကောင်းကင် နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အား ငါပေးမည်။ သင်သည် မြေကြီးပေါ်မှာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့်မည်။ (မဿဲ ၁၆း၁၈-၁၉)

ခရစ်တော်က သူ၏အသင်းတော်ကို တည်ထောင်ဘို့ ပြောခဲ့သည်။ သို့သော်၊ ယခုအခါ ကမ္ဘာ ပေါ်ရှိအသင်းတော်အများစုသည် ခရစ်တော်၏အသင်းတော် မဟုတ်တော့ဘဲ စာတန်ကပြန်ပြေးဆွဲ သွားခဲ့ပြီ။ အသင်းတော်အများစုသည် ဂိုဏ်းဂဏကပိုင်သောကြောင့် ဂိုဏ်းဂဏအလိုဆန္ဒအတိုင်း သွားနေကြသည်။ သင်းအုပ်ဆရာပိုင်သောအသင်းတော်များသည် သင်းအုပ်ဆရာ၏အလိုဆန္ဒအတိုင်း သွားနေကြသည်။ အသင်းတော်လူကြီးပိုင်သောအသင်းတော်များသည် အသင်းတော်လူကြီးများ၏ ဆုံးဖြတ်ချက်အတိုင်းသာ သွားနေကြသည်။ အသင်းသားပိုင်သောအသင်းတော်များသည် အသင်းသား များ၏ဆန္ဒအတိုင်းသွားနေကြသည်။ ခရစ်တော်၏အလိုဆန္ဒကို လုံးဝဂရုမစိုက်ကြချေ။ သင်၏အသင်း တော်သည် ခရစ်တော်ကပိုင်ပါသလော၊ မည်သူကပိုင်ပါသနည်း။ မည်သူ၏အလိုဆန္ဒအတိုင်း သွားနေပါသနည်း။ 

ခရစ်တော်က သူ၏အသင်းတော်ကို သူကိုယ်တိုင်တည်ဆောက်မည်ဟုဆိုသည်။ သို့သော်၊ ယနေ့အသင်းတော်များသည် ခရစ်တော်က ဆောက်ခွင့်မရချေ။ ခရစ်တော်၏အလိုတော်ကိုလည်းမသိ၊ သိချင်သောစိတ်လည်းမရှိ၊ ပြောလျှင်လည်းမကြိုက်ကြချေ။ အသင်းတော်ကို စာတန်ကပြန်ပြေးဆွဲ သောကြောင့်၊ သူပိုင်သော ငွေအင်အား၊ လောကီနည်းနှင့်သင်ပေးသောဓမ္မပညာ၊ လူအင်အားဖြင့် တည် ဆောက်နေကြသည်။ ထို့ကြောင့်၊ တခုခုလုပ်ဘို့ကြံစည်သောအခါ၊ ဆုတောင်း၍ဘုရားသခင်ကို အားကိုးသည်ထက် အစည်းအဝေးများစွာပြုလုပ်၍ ဘဏ္ဍာရှာဖွေကြသည်။ လူအများအင်အားကိုအသုံး ပြုကြသည်။ ထို့ကြောင့်၊ လူအင်အားများပြီး ငွေကျေးချမ်းသာကြွယ်ဝသောအသင်းတော်များအနေဖြင့်၊ ကျောင်းများ၊ ဆေးရုံများ၊ စက်ရုံအလုပ်ရုံများ တည်ထောင်ကြသည်။ အသင်းတော်သည် ခရစ်တော် ရည်ရွယ်သည့်အတိုင်း လူများကယ်တင်ခြင်းမဟော၊ ကောင်းကင်တံခါးသော့မဖွင့်၊ ငရဲတံခါးမပိတ်ဘဲ၊ ကောင်းကင်တံခါးများကို ပိတ်ပြီး၊ ငရဲတံခါးများကိုကျယ်သထက်ကျယ်အောင်ချဲ့နေကြသည်။ 

MORE GOODNEWS

2025 2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009



YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG