Periodical: Good News December 2022

Home >   Periodicals > December 2022

GN122022

December 2022
GOOD NEWS PERIODICAL

ခရစ်တော်၏မွေးနေ့

            ကမ္ဘာပေါ်၌အထင်ရှားဆုံး၊ လူသိအများဆုံး၊ ယနေ့တိုင်အောင်ကျင်းပသောမွေးနေ့သည်၊ ခရစ်တော်၏ မွေးနေ့ဖြစ်သည်။ သို့သော်အံ့ဩဘွယ်ရာသည်၊ ခရစ်တော်၏မွေးနေ့သည်မည်သူကမျှမသိပါ။ ထို့အပြင်သူ၏ မွေးနေ့ကိုနှစ်ရက်သတ်မှတ်ပေးကြ၍၊ ဒီဇင်္ဘာလ ၂၅ ရက်နေ့နှင့်ဇန္နဝါရီလ ၁ ရက်နေ့တို့ဖြစ်သည်။ ယခုကမ္ဘာ့ ပြက္ခဒိန်သည်ခရစ်တော်၏မွေးနေ့ကိုရေတွက်ခြင်းမှဖြစ်သည်။ ထို့ကြောင့်မြန်မာပြည်တွင်၊ ခရစ်သက္ကရာဇ်ဟုခေါ်သည်။ အင်္ဂလိပ်လိုအေဒီဟုခေါ်သည်။ ထိုအေဒီသည် AD (Anno Domini) လက်တင်ဘာသာဖြစ်၍၊ အဓိပ္ပါယ်သည်၊ ငါတို့သခင်နှစ်ဟူ၍ဖြစ်သည်။ ထို့ကြောင့်အေဒီဟုဆိုလျှင်ခရစ်တော်ကိုသခင်ဟုဝန်ခံခြင်းဖြစ်သောကြောင့်၊ ခရစ်တော်ကိုလက်မခံသောသူများကအေဒီဟုမခေါ်ချင်ကြဘဲ၊ CE စီအီးဟုခေါ်တတ်ကြသည်။ CE အဓိပ္ပါယ်သည်၊ Common Era သာမန်သို့မဟုတ်ဘုံခေတ်သို့မဟုတ် Christian Era ခရစ်ယာန်ခေတ်ဟူ၍ဖြစ်သည်။

ခရစ်တော်သည်လူသားအဖြစ်မွေးသော်လည်း၊ လူတိုင်းနှင့်လုံး၀မတူညီချက်ရှိသည်။ ထိုအရာမှာသူသည်လူတိုင်းကဲ့သို့၊ လူဖခင်မိခင်မရှိခြင်းဖြစ်သည်။ ဆိုလိုသည်မှာလူမျိုးစေ့အားဖြင့်မဟုတ်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ပဋိသန္ဓေယူခြင်းဖြစ်ကြောင်းယောသပ်ထံကောင်းကင်တမန်ကပြောခဲ့သည် (မဿဲ ၁း၂၀)။ ထို့ကြောင့်လူသားများကဲ့သို့အပြစ်မရှိခြင်းဖြစ်သည်။ သူသည်ဘုရားဇာတိမှလူ့ဇာတိခံယူခြင်းဖြစ်သည်။ ကောင်းကင်တမန်က၊ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားသည်မိမိလူတို့ကိုအပြစ်မှကယ် ချွတ်မည်သူဖြစ်သောကြောင့်၊ ယေရှုဟူသောအမည်ဖြင့်မှည့်ရမည်ဟုဆို၏(မဿဲ ၁း၂၁)

အပြစ်ယူဆောင်သွားပြီ

             ခရစ်တော်သည်သူကိုယ်တိုင်အပြစ်မရှိ၊ အပြစ်ကျူးလွန်ခြင်းလည်းမပြုသည်သာမက၊ လူသားများကိုသူတို့၏အပြစ်မှကယ်ချွတ်မည့်သူဖြစ်သည်။ မည်ကဲ့သို့ကယ်ချွတ်သနည်း။ ဤအကြောင်းအရာနားလည်ဘို့ရန်မှာ၊ ဣသရေလလူများနှစ်စဉ်၊ ထီးစရေးလ (သတင်းကျွတ်လ) တွင်အပြစ်ဖြေရာနေ့ပြုလုပ်ခြင်းအကြောင်းသိဘို့လို သည်။ ကျမ်းစာ၌၊ ထိုသို့သန့်ရှင်းရာဌာနတော်အဘို့၊ ပရိသတ်စည်းဝေးရာတဲတော်အဘို့၊ ယဇ်ပလ္လင်အဘို့အပြစ်ဖြေခြင်းကိုပြီးစီးပြီးမှ၊ အသက်ရှင်သောဆိတ်ကိုဆောင်ခဲ့ရမည်။၂၁ အာရုန်သည်အသက်ရှင်သောဆိတ်ခေါင်းပေါ်မှာလက်နှစ်ဘက်ကိုတင်လျက်၊ ဣသရေလအမျိုးသားတို့၏ဒုစရိုက်မှစ၍ပြစ်မှားသောအပြစ်အမျိုးမျိုးရှိသမျှတို့ကိုဘော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာတင်ထားပြီးလျှင်၊ တော်လျော်သောလူတွင်တောသို့စေလွှတ်ရမည်။၂၂ သူတို့အပြစ်ရှိသမျှကို၊ လူမနေသောအရပ်သို့ဆောင်သွားသောထိုဆိတ်ကိုတော၌လွှတ်လိုက်ရမည် (ဝတ်ပြုရာ ၁၆း၂၀-၂၂) ဆိုလိုသည်မှာဣသရေလလူများ၏အပြစ်ကိုအသက်ရှင်သောဆိတ်ကယူဆောင်သွား သည်။

ဣသရေလလူများ၏အပြစ်အားလုံးကိုယဇ်ပုရောဟိတ်အာရုန်ကဆိတ်ခေါင်းပေါ်တင်သကဲ့သို့၊ ကမ္ဘာပေါ်ရှိလူသားတိုင်း၏အပြစ်များကို၊ ခရစ်တော်အပေါ်၌တင်ခဲ့ပြီးကြောင်းဟေရှာယကဤသို့ရေးထားသည်၊ ငါတို့ရှိသမျှသည်သိုးကဲ့သို့လမ်းလွဲလျက်၊ ကိုယ့်လမ်းသို့အသီးသီးလိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည်ခပ်သိမ်းသောငါတို့၏အပြစ်များကိုသူ့အပေါ် တင်တော်မူ၏၊၊ (ဟေရှာယ ၅၃း၆)။ သူ့ဟူသောသူသည်ခရစ်တော်ကိုဆိုလိုခြင်းဖြစ်သည်။ ထိုအရာကိုနားလည်သောဗတ္တိဇံယောဟန်က၊ နက်ဖြန်နေ့၌ယေရှုကြွလာတော်မူသည်ကိုယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကိုဆောင်သွားသောဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့ (ယောဟန် ၁း၂၉) ဟုဆိုသည်။ တပါးအမျိုး သားများအတွက်ယောဟန်၏စကားသည်နားလည်ရခက်သော်လည်း၊ နှစ်တိုင်းအပြစ်ဖြေရာယဇ်ကိုပြုလုပ်တတ်သောဣသရေလလူများအတွက်သိရှိနားလည်နိုင်သည်။ သို့သော်သူတို့သည်ထိုအရာကိုနားလည်ကြသလော။ နားမလည်ကြသောကြောင့်ခရစ်တော်ကိုငြင်းပယ်၍သတ်လိုက်ကြခြင်းဖြစ်သည်။

ယနေ့ခရစ်ယာန်များလည်း၊ ခရစ္စမတ်ပွဲကျင်းပကြသော်လည်း၊ ခရစ်တော်ကအပြစ်ယူဆောင်သွားခြင်းကိုနားမလည်ဘဲ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့်သာအားတက်သရောလုပ်နေကြသည်။ အပြစ်ပြသနာမဖြေရှင်းဘဲ၊ ဇာတိအားဖြင့်ပျော်ပွဲလုပ်ခြင်းသည်၊ အဓိပ္ပါယ်မရှိ၊ အကျိုးမရှိပါ။ ခရစ်တော်ကအပြစ်ယူဆောင်သွားခြင်းထက်၊ စားသောက်ခြင်း၊ လက်ဆောင်ပေးခြင်း၊ ရရှိခြင်း၊ ဆွေမျိုးသားချင်းများနှင့်တွေ့ဆုံခြင်း၊ ပေါင်းဖေါ်ခြင်းများကိုသာလျှင်ဦးစားပေးနေကြသည်။ သို့သော်၊ သင်သည်ခရစ်တော်ကသင်၏အပြစ်ယူဆောင်သွားခြင်းကိုယုံကြည်လက်ခံသောသူဖြစ်ပါစေ။ သို့မှသာခရစ္စမတ်ကျင်းပခြင်းအဓိပ္ပါယ်ပြည့်စုံပေလိမ့်မည်။

အပြစ်ဆေးကြောပြီ

            ကျမ်းစာ၌၊ ပညတ်တရားအတိုင်းခပ်သိမ်းသောအရာတို့ကိုကုန်မတတ်အသွေးအားဖြင့်စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲအပြစ်လွှတ်ခြင်းမရှိ (ဟေဗြဲ ၉း၂၂) ညစ်ပတ်သောပန်းကန်များကိုဆပ်ပြာနှင့်ရေအားဖြင့်ဆေးကြောရသည်။ ထို့နည်းတူလူ၏အပြစ်များကို၊ အသွေးအားဖြင့်ဆေးကြောရမည်ဟုဆိုသည်။ ဘုရားသခင်ကဣသရေလလူများကိုတိရစ္ဆာန်အသွေးအားဖြင့်အပြစ်ဆေးကြောဘို့ပညတ်ထားသည် (ဝတ်ပြုရာ ၅)။ ထိုအရာများသည်အရိပ်ဖြစ်၍၊ အကောင်အထည်သည်ခရစ်တော်၏ အသွေးသွန်းသောအခါပြည့်စုံပြီးဖြစ် သည်။ ထို့ကြောင့်ယောဟန်က၊ ဘုရားသခင်၏သားတော်ယေရှုခရစ်၏အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကိုဆေးကြောတော်မူ၏ (၁ ယော ၁းရ)။ ထိုဆေးကြောခြင်းသည်လူ့အမြင်မှာမဟုတ်၊ ဘုရား၏အမြင်၌ဖြစ်သည်။ ခရစ်တော်အသွေးအားဖြင့်လူတိုင်း၏အပြစ်ဆေးကြောပြီးပြီ။ ထိုအရာကိုသိ၍ဝမ်း မြောက်သောအားဖြင့်ခရစ္စမတ်ကိုကျင်းပလျှင်အလွန်သင့်လျော်သည်။

အပြစ်၏အခသေခြင်းပေးဆပ်ပြီ

           ဘုရားသခင်က၊ အပြစ်၏အခကားသေခြင်းပေတည်း၊ ဟုဆိုသည် (ရောမ ၆း၂၃)။ ကျမ်းစာက၊ အပြစ်တရားအားဖြင့်သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည်အပြစ်ရှိသောကြောင့်၊ သေခြင်းသို့ရောက်ရကြ၏ ဟုဆိုသည်(ရောမ ၅း၁၂)။ လူသည်အပြစ်ရှိသောကြောင့်သေရမည်။ သို့သော်ခရစ်တော်သည်လူတိုင်းကိုယ်စားအသေခံခဲ့ပြီးသောကြောင့်၊ မည်သူမျှအပြစ်အတွက်သေစရာမလိုတော့ချေ။ ထိုအရာကိုယုံကြည်ခြင်းအားဖြင့်လက်ခံရမည်ဖြစ်သည်။

 

ထာ၀ရအသက်ပေးဘို့

ခရစ်တော်ဤလောကသို့ကြွလာခဲ့ခြင်း၏အကြောင်းရင်းတခုသည်၊ လူသားများကိုထာ၀ရအသက်ပေးဘို့ဖြစ်သည်။ ကျမ်းစာက၊ သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင်သည်၊ ငါတို့အားထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်းသားတော်၌ပါ၏။ ၁၂ သားတော်ကိုရသောသူသည်အသက်ကိုရ၏။ ဘုရားသခင်၏သားတော်မရသောသူမူကား၊ အသက်ကိုမရ။၁၃ ဘုရားသခင်၏သားတော်ကိုယုံကြည်သောသင်တို့သည်၊ ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟုသိစေခြင်းငှါ၊ ဤအရာများကို၊ သင်တို့အားငါရေး၍ပေး လိုက်၏ ( ၁ ယော ၅း၁၁-၁၃)

လူသည်ထာ၀ရအသက်ကိုမသိနားမလည်သောကြောင့်တန်ဘိုးမထား၊ မလိုချင်ကြချေ။ သင်္ခါရအသက်တည်းဟူသောကိုယ်ခန္ဓာအသက်ကိုမူအလွန်တန်ဘိုးထားကြသည်။ ခန္ဓာကိုယ်အသက်ရှင်ရေးအတွက်၊ ပင်ပင်ပန်းပန်းအလုပ်လုပ်ကြသည်။ နေမကောင်းသောအခါ၌လည်း၊ ငွေကုန်ကျေးကျများစွာဖြင့်ဆေးကုသကြသည်။ ကိုယ်ခန္ဓာအသက်ရှည်ရေးအတွက်ကျန်းမာရေးလိုက်စားကြသည်။ မည်မျှပင်ဂရုစိုက်ပြုစုကျွေးမွေးသော်လည်း ကိုယ်ခန္ဓာအသက်သည်၊ နှစ်ခုနစ်ဆယ်၊ ရှစ်ဆယ်ကျော်ဘို့ရန်ခက်ခဲသည်။ မောရှေက၊ အကျွန်ုပ်တို့၏အသက်အရွယ်သည်အနှစ်ခုနစ်ဆယ်အတိုင်းအရှည်ရှိပါ၏။ အားကြီး၍အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည်ပင်ပန်းခြင်းနှင့်ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်းမြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည်စုတေ့ကြပါ၏(ဆာလံ ၉၀း၁၀) ဟုရေးထားသည်။ သို့သော်လူအများစုသည်ထိုအရာကိုနားမလည်သောကြောင့်၊ မမြဲသောသင်္ခါရအသက်အတွက်သာ၊ ဂရုစိုက်လုပ်ဆောင်ကြသည်။

ထာ၀ရအသက်ဆိုသည်မှာဘုရားသခင်၏အမြင်၊ ရှုဒေါင့်မှပြောခြင်းဖြစ်သည်။ ထာ၀ရဘုရားနှင့်အတူမနေသော၊ မဆက်သောအသက်သည်ထာ၀ရသေခြင်းဖြစ်သည်။ ငရဲမီးအိုင်ထဲတွင်လူ၏ဝိညာဉ်များသည်ထာ၀ရအသက်ရှင်နေမည်ဖြစ်သည်။ သို့သော်ထာ၀ရဘုရားနှင့်ကွဲကွာသောကြောင့်ငရဲမီးအိုင်ထဲ၌ထာ၀ရအသက်ရှင်ခြင်းကိုကျမ်းစာက၊ ထာ၀ရသေခြင်းဟုခေါ်သည်။ လူသည်အပြစ်ကြောင့်ထာ၀ရသေခြင်းတည်းဟူသော၊ ဘုရားသခင်နှင့်အဆက်ပြတ်ပြီးသားနှင့်မွေးဘွားကြသည်။ ကိုယ်ခန္ဓာအသက်ရှင်စဉ်ထာ၀ရအသက်၊ ဘုရား၏အသက်မရရှိပါက၊ ထာ၀ရငရဲမီးအိုင်ထဲဆင်းဘို့ဖြစ်သည်။ ထိုအရာကိုမသိသောကြောင့်၊ အခမဲ့ဘုရားပေးသောထာ၀ရအသက်ကိုမလိုချင်ကြ၊ ယူရမှန်း၊ လက်ခံရမှန်းမသိရခြင်းဖြစ်သည်။

            ခရစ်တော်က၊ ငါသည်အသက်ဖြစ်၏(ယော ၁၄း၆) ဟုဆိုရာတွင်သူကိုယ်တိုင်အတွက်ပြောသည်မဟုတ်။ လူသားများအတွက်ဖြစ်သည်။ ပေါလုက၊ ငါတို့အသက်တည်းဟူသောခရစ်တော် ဟုဆိုသည် (ကောလောသဲ ၃း၄)။ ထိုခရစ်တော်ရမှသာလျှင်သင်၏ဝိညာဉ်ထ၀ရအသက်ရှင်မှာဖြစ်သည်။ ထိုထာ၀ရအသက်ကိုပေးဘို့ရန်ခရစ်တော်ကြွလာခြင်းဖြစ်သည်။ ထို့ကြောင့်ခရစ်တော်ကိုစိတ်နှလုံးထဲ၌ခေါ်ဘိတ်လက်ခံဘို့လိုသည်။ ခရစ်တော်က၊ ငါသည်တံခါးရှေ့မှာရပ်၍ခေါက်လျက်နေ၏။ အကြင်သူသည်ငါ၏အသံကိုကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍သူနှင့်အတူစားသောက်မည်။ သူသည်လည်းငါနှင့်အတူ၊ စားသောက်ရလိမ့်မည်(ဗျာဒိတ် ၃း၂၀) ဟုသင်၏စိတ်နှလုံးတံခါးကိုခေါက်နေပါသည်။ ဝင်ခွင့်ပေးမည်လား၊ ငြင်းပယ်မည်လား။ ခရစ်တော်ထက်၊ ခရစ္စမတ်လက်ဆောင်၊ အစားအစာ၊ သီချင်းသီဆိုခြင်း၊ အခြားသူများနှင့်ပေါင်းဖေါ်ခြင်း၊ ဟာသနှင့်ပေါက်ကရစကားများပြောခြင်းများဖြင့်အချိန်မဖြုန်းပါနှင့်။ ယခုနှစ်ခရစ္စမတ်အချိန်တွင်ထာ၀ရအသက်၊ ခရစ်တော်ကိုစိတ်နှလုံးထဲ၌လက်ခံပါ။ ဆုတောင်းခြင်းဖြင့်လက်ခံနိုင်သည်။ ဤသို့ဆုတောင်းပါ၊ ကျွန်ုပ်၏ထာ၀ရအသက်ဖြစ်တော်မူသောသခင်ခရစ်တော်ဘုရား၊ ကျွန်ုပ်စိတ်နှလုံးတံခါးဖွင့်ထားပါပြီ။ ကတိတော်အတိုင်းဝင်တော်မူပါ။ ကျွန်ုပ်၏ အရှင်နှင့်ဘုရားဖြစ်တော်မူပါ။ အာမင်။ ထိုသို့စိတ်နှလုံးအကြွင်းမဲ့ခေါ်ဘိတ်ပါက၊ ခရစ်တော်သေချာပေါက်ဝင်ပါလိမ့်မည်။ ခရစ်တော်ဝင်လျှင်သင်သည်ထာ၀ရအသက်ရရှိပါပြီ။ မည်ကဲ့သို့သူဝင်ကြောင်းသိနိုင်မည်နည်း။ သူ့က၊ ဝင်မည်ဟုဆိုသောစကားကိုယုံကြည်ရမည်။ သူသည်မုသာမပြောတတ်ပါ။ ဝင်မည်ဟုပြောသောကြောင့်ဝင်ပြီဟုစိတ်ချပါ။ ကိုယ်ခန္ဓာနှင့်စိတ်၏ခံစားချက်ဖြင့်သိဘို့မကြိုးစားပါနှင့်။ ကတိတော်ကိုရိုးရိုးလေးစိတ်ချလိုက်ရုံသာဖြစ်သည်။