Periodical: Good News October 2021

Home >   Periodicals > October 2021

gn102021

OCTOBER 2021

GOOD NEWS PERIODICAL

.

မာတိကာ

ထိရောက်စွာကိုးကွယ်ခြင်း

.

^

ကျမ်းတတ်ပုဂ္ဂိုလ် ဖြစ်ဘို့ မဟုတ်

ဘုရားသခင်၏ အလိုတော်မှာ၊ ယုံကြည်သူများသည် ကျမ်းတတ်ပုဂ္ဂိုလ် ဖြစ်ဘို့ မဟုတ်၊ သမ္မာကျမ်းစာကို မှန်ကန်စွာ ပိုင်းခြားတတ်ဘို့ ဖြစ်သည်။ ယေရှုက ရှင်ပြန်ထမြောက်ခြင်း မယုံကြည်သော ဇဒ္ဒုကဲများထံ၊ “သင်တို့သည် ကျမ်းစာကို နားမလည်၊ ဘုရားသခင်၏ တန်ခိုးတော်ကို မသိသောကြောင့် မှားသော အယူကို ယူကြ၏။” ဟုဆိုခဲ့သည် (မ ၂၂:၂၉)။ ပေါလုကသူ၏ ဝိညာဉ်သား တိမောသေထံ၊ “သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာ အကြောင်း မရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမား ဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှါ ကြိုးစားအား ထုတ်လော့။” ဟု စာရေးခဲ့သည် (၂ တိ ၂:၁၅)။ တဖန်၊ “လူ အပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင် အလိုတော် ရှိ၏။” ဟု ရေး ခဲ့သည် (၁ တိ ၂:၄)။ ယုံကြည်သူများသည် သမ္မာတရား သိရုံသာမက၊ သမ္မာတရား၌ ကျင်လည်ဘို့ လိုသေး ကြောင်း၊ တမန်တော် ယောဟန်က ဤသို့ ရေးထားသည်၊ “ငါ၏ သားသမီး တို့သည် သမ္မာတရား၌ ကျင်လည်သည်ကို ငါကြား၍ ဝမ်းမြောက်ခြင်းထက် သာ၍ ဝမ်းမြောက်ခြင်း မရှိ။” (၃ ယော ၁:၄)။ ထို့ကြောင့် ယုံကြည်သူများသည် သမ္မာတရား သိသည်သာမက၊ သမ္မာတရား အတိုင်း ကျင့်ဘို့ လိုသေးသည်။

ထို သမ္မာတရားကို အခြားသူများထံသို့ ဝေငှဘို့ ဖြစ်သည်။ အဘယ်ကြောင့် ခရစ်တော်က၊ ကျမ်းတတ် ပုဂ္ဂိုလ်များကို တပည့်တော် ဖြစ်ဘို့ မရွေးချယ်ဘဲ၊ တံငါသည်များ၊ အခွန်ခံများကို ရွေးသနည်း။ သခင်ဘုရားကိုယ်တိုင်၍ ဤသို့ ဆိုခဲ့သည်၊ “ထိုအခါ ယေရှုက၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသော အဘ၊ ကိုယ်တော်သည် ပညာ အလိမ္မာနှင့် ပြည့်စုံသော သူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဘော်ပြတော်မူသည် ဖြစ်၍၊ ကျေးဇူးတော်ကို အ​ကျွန်ုပ်ချီးမွမ်းပါ၏။ ၂၆ ထိုသို့ အလိုတော် ရှိသောကြောင့် မှန်ပါ၏ အဘ။” (မ ၁၁:၂၅-၂၆)။

အဘယ်ကြောင့် ဘုရားသခင်က ပညာအလိမ္မာနှင့် ပြည့်စုံသော သူတို့ကို ထိုအရာ တည်းဟူသော နက်နဲသော အရာများကို မဘော်ပြသနည်း။ သူတို့၏ ပညာများကို အမှီပြု၍ ဘုရား ပြသောအရာကို နားမထောင်ချင် ကြ သောကြောင့် ဖြစ်သည်။ သူငယ်တို့ ဆိုသည်မှာ ပညာမရှိသောသူများကို ဆိုလိုသည်။ ထို့ကြောင့် သင်လည်း ပညာ မာန်ရှိလျှင် ထိုအရာများကို သိနိုင်မည် မဟုတ်ချေ။

ရှင်ပေါလုက၊ “ညီအစ်ကိုတို့၊ သင်တို့ကို ခေါ်တော်မူခြင်း အကြောင်း အရာကို ဆင်ခြင်လော့။ ခေါ်တော်မူသော သူတို့ တွင်လောကီပညာရှိိအများ မပါ။ ထင်ရှားသော လူကြီး အများ မပါ။ မင်းမျိုးမင်းနွယ် ဖြစ်သောသူအများမပါ။ ၂ရ။ ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှါ၊ လောကီအရာ၌ မိုက်မဲသော သူတို့ကို ရွေး ကောက်တော်မူ၏။ အစွမ်းသတ္တိရှိသော သူတို့ကို ရှက်ကြောက်စေခြင်းငှါ၊ လောကီအရာ၌ အားနည်းသော သူတို့ကို ရွေးကောက်တော်မူ၏။ ၂၈။ မြတ်သောသူတိုု့ကို ရှက်ကြောက်စေခြင်း ငှါလောကီအရာ၌ ဆင်းရဲ သောသူ၊ မရေရသောသူ၊ ယုတ်သော သူတို့ကို ရွေးကောက်တော်မူ၏။” ဟု ရေးထားသည် (၁ ကော ၁:၂၆-၂၈)

ရှင်ပေါလုက ယုံကြည်သူများ၏ ခေါ်တော်မူခြင်း အကြောင်း အရာများကို ဆင်ခြင်ခိုင်းသည်။ ခေါ်တော်မူသော သူတို့ တွင်လောကီပညာရှိများ မပါ၊ ထင်ရှားသော လူကြီး အများ မပါ။ မင်းမျိုးမင်းနွယ် ဖြစ်သောသူအများ မပါ ဟုဆိုသည်။ ထိုသို့ မပါခြင်းသည် လည်း၊ ပညာရှိများ၊ အစွမ်းသတ္တိရှိသောသူများရှက်ကြောက်စေခြင်းငှါ ဖြစ်သည် ဟုဆိုသည်။

လူအကြီး အကဲတို့က၊ “ပေတရုနှင့် ယောဟန်တို့၏ ရဲရင့်သတ္တိကို မြင်၍၊ လူတတ် မဟုတ်၊ (uneducated) လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံံ့ဩ၍ နေကြ၏။” ဟု ရေးထားသည် (တမန် ၄:၁၃)။ ဤနေရာ၌ မြန်မာ ကျမ်းစာအုပ်တွင် ပေတရုနှင့် ယောဟန်တို့သည် လူတတ် မဟုတ်ဟု ရေးသောအခါ၊ နားလည်ဘို့ ခက်ခဲသည်။ အင်္လိပ်ကျမ်းစာ၌ စာတတ်များ မဟုတ် ဟုဆိုမှသာ သူတို့သည် စာမသင်ဘူးသောသူများ ဖြစ်ကြောင်း သိရသည်။ သူတို့သည် စာမသင်ဘူးသော်လည်း ရဲရင့်ခြင်း သတ္တိရှိခြင်းသည် ဝိညာဉ်တော်၏ တန်ခိုး၊ သူတို့ကိုယ်တိုင် ခရစ်တော် ရှင်ပြန်ထမြောက် ခြင်းကို မြင်ခြင်းကြောင့် ဖြစ်သည်။ ယနေ့ လူအများစုသည်လောကီပညာတတ်ခြင်းကို ပို၍ လိုချင် ကြသည်။ အမှန်မှာလောကီပညာမတတ်သော်လည်း၊ ဘုရား အသုံးပြုသောသူ ဖြစ်ခြင်းသည် သာ၍ လိုချင် သင့်သည်။

ယုဒလူအကြီး အကဲများသည် အထက်၌ ဘော်ပြ သကဲ့သို့၊ ပေတရုနှင့် ယောဟန်တို့၏ ရဲရင့်သတ္တိကို မြင်၍ အံ့ဩ ကြသည် ဟုဆိုသော်လည်း၊ စိတ်ပြောင်းလဲခြင်းရှိကြသလော။ “ထိုသူနှစ်ယောက်တို့သည် အထက်က ယေရှုနှင့်အတူ ရှိသည်ကို သတိရ၍၎င်း၊ ၁၄ အနာကင်းလွတ်သောသူသည် ထို သူတို့နှင့်အတူ ရှိနေသည်ကို မြင်၍၎င်း၊ ငြင်းခုံဆိုဘွယ်ရာမရှိမတွေ့ကြ။ ၁၅ တမန်တော်တို့ကို လွှတ်တော်မှ ထွက်သွားစေပြီးလျှင်၊ ဤ သူတို့ကို အဘယ်သို့ ပြုရမည်နည်း။ ၁၆ သူတို့သည် ထင်ရှားစွာသော နိမိတ်လက္ခဏာကို ပြပြီးသည်ကို ယေရုရှလင်မြို့၌ နေသောသူအ ပေါင်းတို့သည် သိမြင်ကြ၏။ ငါတို့သည်လည်း ငြင်းခုံခြင်းငှါ မတတ်နိုင် ပြီ။” (တမန် ၄:၁၃-၁၆)။ လူအကြီး အကဲ တို့သည် တမန်တော်များ၏ လုပ်ဆောင်သော အရာများကို လုံးဝ ငြင်းခုံ၍ မရကြချေ။ ဘုရားသခင်က သူတို့ကို အသုံးပြုကြောင်း နိမိတ်လက္ခဏာများ ပြကြောင်း သိကြသည်။

ထိုသို့ သိသော်လည်း၊ လက်ခံခြင်းရှိကြပါသလော။ “သို့သော်လည်း လူများ ထဲ၌ သာ၍ မနှံ့မပြားစေခြင်းငှါ၊ နောက်တဖန် ထိုနာမကို အမှီပြုလျက် အဘယ်သူကိုမျှ မဟော မပြောနှင့် ဟူ၍ သူတို့ကို ကျပ်တည်းစွာ ခြိမ်းချောက်ကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်ပြီးမှ၊ ၁၈ တမန်တော်တို့ကို ခေါ်၍၊ ယေရှု၏ နာမကို အမှီပြုလျှက် ဟောပြောသွန်သင်ခြင်းကို အလျှင်း မပြုနှင့်ဟု အမိန့်ရှိကြ၏။” (တမန် ၄:၁ရ- ၁၈)။ ယနေ့ ယုံကြည်သူများ၌လည်း၊ ဘုရားသခင်၏ လက်ရာတော်များကို တွေ့မြင် နေကြသော်လည်း၊ ယဇ်ပုရောဟိတ်မင်းများ၊ ဇဒ္ဒုကဲများ၊ ကျမ်း တတ်များ ကဲ့သို့ပင်စိတ်နှလုံးခိုင်မာစွာ ရှိကြသည်။

မင်းအရာရှိများ ကတားမြစ်ကြသောအခါ၊ “ပေတရုနှင့် ယောဟန်တို့ကလည်း၊ ဘုရားသခင်၏ စကားတော်ကို နားထောင်သည်ထက် သင်တို့၏ စကားကိုသာ၍ နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မ ကောင်းမည်ကို ဆင်ခြင်၍ စီရင်ကြလော့။ ငါတို့သည် ကြားလျက်၊ မြင်လျက် ရှိသောအရာ တို့ကို မဟော မပြောဘဲ မနေနိုင်ဟု ထို သူတို့အား ဆိုကြ၏။” (တမန် ၄:၁၉-၂၀) သင်သည်လည်း တမန်တော်များကဲ့သို့ ကြားမြင်သော အရာများကို မဟော မပြောဘဲ နေနိုင်သလော။ နေနိုင်လျှင် အံ့ဩစရာ ကောင်းသည်။

.

^

နေ့တိုင်း သက်သေခံဟောပြောကြပြီ

ယနေ့ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အချို့သော ယုံကြည်သူများသည် ကယ်တင်ခြင်း သတင်းကောင်းကို နေ့တိုင်း ဟောပြော နေကြပြီ။ ထိုသူများသည် ကျမ်းစာကျောင်းတက်၊ ကျမ်းတတ်ပုဂ္ဂိုလ်များ မဟုတ်၊ သာမန် ယုံကြည်သူများဖြစ်သည်။ တခါတလေပြောကြသည် မဟုတ်၊ လနှစ်နှင့် ချီဟောပြောလာကြပြီ။ မည်ကဲ့သို့ ပြောကြသနည်း။ ​ကျွန်တော် ရေးထားသော၊ ကယ်တင်ခြင်း သင်ခန်းစာများကို ဖတ်ပြခြင်း၊ ရှင်းပြခြင်းဖြင့် အောင်မြင်ခြင်းရရှိ နေကြခြင်း ဖြစ်သည်။ ထိုသို့ ဖတ်ပြ၊ ရှင်းပြသောအခါ နားထောင် သူသာမက ဦးဆောင် သူများလည်း အလွန် အားရကျေနပ် ကြသည်။ ထိုသင်ခန်းစာများ ကိုအသုံးပြုခြင်းအားဖြင့် ကယ်တင်ခြင်း စိတ်ချ သူ များစွာ ရှိလာ ကြသည်။ သင်ခန်းစာကို အသုံးပြုခြင်းအားဖြင့် အကြောင်း အရာများသည် ဆက်စပ်မှု ရှိ၍၊ ဆက်လက်သင်ကြားချင် စိတ်များ ဖြစ်ပေါ်စေသည်။ အချို့သောသူများသည် တစ်ခေါက်ဖတ်ပြီးရုံဖြင့်အား မရသောကြောင့် နှစ်ခေါက်ဖတ်သောသူများလည်းရှိသည်။ ထိုသင်ခန်းစာဖတ်ခြင်းဖြင့် ယုံကြည်ခြင်း အုတ်မြစ်ခိုင်မာစွာ ချနိုင် ကြသည်။

ကယ်တင်ခြင်း သင်ခန်းစာဖတ်သောအခါ၊ အစပိုင်း၌ စိတ်မဝင်စားကြချေ။ အချို့သောသူများသည် သင်ခန်းစာ ၃ မှစိတ်ဝင်စားသူ၊ အချို့သောသူများသည် သင်ခန်းစာ ရမှအချို့သင်ခန်းစာ ၁ရ မှရှင်းသွားသောသူဟူ၍ တယောက်နှင့် တယောက် မတူကြချေ။ မည်သို့ ပင် ဖြစ်ပါစေ၊ ဦးဆောင်သူကစိတ်ဓါတ်မကျဘဲ ဦးဆောင်သွားဘို့၊ လိုက်ဖတ်သူကလည်း စိတ်မပါလျှင်လည်း ဆက်ဖတ်သွားမှ အကျိုးရရှိမည် ဖြစ်သည်။ မေးခွန်းများကို ​ဖြေ ခြင်းအားဖြင့်လည်း များစွာ အထောက်အကူ ပေးသည်။ မေးခွန်းမရှိလျှင် သင်ခန်းစာများကို သိမသိ နားမလည် နိုင်ချေ။ မေးခွန်းများကို ​ဖြေမှသာလျှင်သင်ခန်းစာသိ မသိ၊ သိနိုင်သည် သမက၊ အ​ဖြေများကို မှန်ကန်စွာ ​ဖြေဆိုနိုင်လျှင် ဝမ်းမြောက်မှု ရှိစေသည်။ ထို့ကြောင့် မေးခွန်းများကို သေချာစွာ ​ဖြေစေချင်သည်။

သူတပါးကို ပြောပြဘို့ရန်၊ ဖုန်းအားဖြင့် ဖြစ်စေ၊ messenger အားဖြင့် ဖြစ်စေ၊ zoom အားဖြင့်ဖြစ်စေ ရှာဖွေ သင်ကြားပေးနိုင်သည်။ ယခု ရောဂါများ သောကြောင့် အပြင်ထွက်ဘို့ ခက်ခဲသော်လည်း၊ အိမ်မှသွားစရာ မလိုဘဲ ပြောပြနိုင်သည်။ ဆန္ဒရှိဘို့ သာလျှင် လိုအပ်သည်။ ယုံကြည်သူများထံ သန့်ရှင်းသောဝိညာဉ်တော် ပေးခြင်းသည်၊ သက်သေခံဘို့ရန် ဖြစ်ကြောင်း ခရစ်တော်က ဤသို့ ဆိုခဲ့သည်၊ “သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။” (တမန် ၁:၈)။ သန့်ရှင်းသော ဝိညာဉ်တော်သည် အမှုတော်ဆောင်များ ထံ၌ သာပေးသည် မဟုတ်၊ ယုံကြည်သူတိုင်း ထံပေးသည်။ လူတိုင်း အမှုတော်ဆောင်မ ဖြစ်နိုင်သော်လည်း၊ သက်သေခံ ဖြစ်နိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် တန်ခိုး ဖြစ်သည်။ ထိုတန်ခိုးအားဖြင့် ဟောပြော သက်သေခံနိုင်သည်။ ပေတရုကလည်း၊ “သင်တို့ မူကား မှောင်မိုက်ထဲမှ အံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုး ဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။” (၁ ပေ ၂:၉)ဟု ယုံကြည်သူများထံစာရေးခဲ့သည်။ ယုံကြည်သူများသည် ဘုရား၏ ဂုဏ်နှင့် ကျေးဇူးတော်များကို ဘော်ပြစေခြင်းငှါ ရွေးချယ်သော အမျိုး ဖြစ်ကြသည် ဟုဆိုသည်။

ထို့ကြောင့် သင်သည် ဘုရား၏ ဂုဏ်နှင့် ကျေးဇူးတော်ကို သူတပါးထံ၌ ဘော်ပြဘို့ တာဝန် ရှိသည်။ ယနေ့ ယုံ ကြည် သူများသည် ထိုတာဝန်ကို မထမ်းဆောင်ကြသောကြောင့် လောကကို ချစ်၍၊ ဝိညာဉ်လူမ ဖြစ်နိုင်ကြခြင်း ဖြစ်သည်။ ဘုရားကျောင်းထဲ၌သာ သက်သေခံတတ်ကြသည်။ သက်သေခံလျှင်လည်း ဇာတိပိုင်းဆိုင်ရာ ကောင်းကြီး ခံစားခြင်းများကို ပြော ကြသည်။ ဝိညာဉ်ပိုင်းများများ မပြောတတ်ကြချေ။ ပျောက်ဆုံးဝိညာဉ် များကယ်တင်ခြင်း အကြောင်း ပြော၍၊ ဝိညာဉ်များ ရရှိခြင်း အကြောင်းကို လုံးဝ ပြောစရာ မရှိကြချေ။ ထိုအ လုပ်သည် ဧဝံဂေလိ ဆရာများအတွက်သာ ဖြစ်သည်ဟု ယူဆကြသည်။ အမှန်မှာ ယုံကြည်သူ တိုင်း၏ အလုပ် ဖြစ်သည်။ ယနေ့ မှစ၍ သက်သေခံ သောသူ ဖြစ်နိုင် ပါစေ။

.

^

ထိရောက်စွာကိုးကွယ်ခြင်း

ခရစ်ယာန် အများစုသည် ဘုရားသခင်ကို ကိုးကွယ်ကြသော်လည်း၊ သဘော တရားသာကိုးကွယ် ကြသည်။ စိတ်ထက် သန်စွာကိုးကွယ်သောသူများလည်း၊ ဘုရား အလိုတော် မသိသောကြောင့်၊ မိမိစိတ်ကြိုက်ကိုးကွယ်သော်လည်း၊ အကျိုးမရှိချေ။ ဘုရားသခင်က၊ “သင်တို့ စောင့်သော ပွဲနေ့တို့ကို ငါမုန်း၏။ စက်ဆုပ်ရွံရှာ၏။ ချိုးခြံစွာ ကျင့်သော နေ့ရက်တို့၌ ငါမမွေ့လျော်၊ ၂၂ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာတို့ကို ဆက်ကပ်သော်လည်း ငါ လက်မခံ။ ဆူဝသော တိရစ္ဆာန်တို့ကို မိဿဟာယယဇ် ပူဇော်သော်လည်း ငါသည် ပမာဏမပြု။ ၂၃ သင်တို့ သီချင်းဆိုသံကို ပယ်ရှားကြလော့။ တယောထိုးသံကို ငါနားညီးလှ၏။” (အာမုတ် ၅:၂၁-၂၃) ဟုဆိုသော်လည်း ကျမ်းစာ မဖတ်သောကြောင့် ဘုရားသခင်က လက်မခံ၊ နားငြီးမှန်းလည်း မသိကြချေ။ ဘုရား ဖက်၌ စိတ်အားကြီး လျှင်တော် ပြီဟု ယူဆကြသည်။

ဟေရှာယအားဖြင့်လည်း ဤသို့ ဆိုသည်၊ “ထာဝရဘုရားကလည်း ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်း ကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏၊၊ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့ စီရင်သော ပညတ်တို့ကို အမှီပြု၍ ငါ့ကို ကြောက်ရွံ့ကြ၏။” (ဟေရှာယ ၂၉:၁၃)။ ထိုအရာကို သခင်ယေရှုက ဤသို့ကိုးကား၍ ဆိုခဲ့သည်၊ “လျှို့ဝှက်သော သူတို့၊ ဟေရှာယသည် သင်တို့ကို ရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ ၈၊ ၉ လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသပေးလျက် ပင် ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု နောက် ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍ မိန့်တော်မူ၏။” (မဿဲ ၁၅:ရ- ၉) ဟေရှာယလက်ထက်၌ ကဲ့သို့ပင်၊ သခင်ယေရှု လက်ထက် လူများကလည်း ဘုရားကို နှုတ်နှင့် ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ရိုသေ ကြသည်။ စိတ်နှလုံးမူကား ဘုရားနှင့် ဝေးလှသည်။ ဘုရားကို အချည်းနှီးကိုးကွယ် ကြသည်။ ယနေ့ ခရစ်ယာန် များလည်း နှုတ်အားဖြင့်သာကိုးကွယ်၍ စိတ်နှလုံးမပါကြသောကြောင့် အချည်းနှီးကိုးကွယ် ကြသည်။ ထို့ကြောင့် ဇာတိအလို ဆန္ဒအတိုင်း သာကိုးကွယ် ကြသည်။ သင်မည်ကဲ့သို့ ကိုးကွယ်သနည်း။ သင်၏ အသင်းတော် မည်ကဲ့သို့ ကိုးကွယ်သနည်း။ ဘုရားသခင်က သင်၏ ဝိညာဉ် မျက်စိဖွင့်ပေးခြင်းဖြင့် ဘုရားသခင်ကို မှန်ကန်စွာကိုးကွယ်၍၊ သူခိုင်းသောအရာကို လုပ်သောသူ ဖြစ်နိုင် ပါစေ။

^