Periodical: Good News September 2021

Home >   Periodicals > September 2021

gn092021

SEPTEMBER 2021
GOOD NEWS PERIODICAL

.

မာတိကာ

.

^

၀န်လေး၍ ပင်ပန်းသောသူ အပေါင်းတို့

ခရစ်တော်က၊ “၀န်လေး၍ ပင်ပန်းသောသူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် နားရသော အခွင့်ကို ပေးမည်။  ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၍ နည်းခံကြလော့။ ငါသည် နူးညံ့ သိမ်မွေ့နှိမ့်ချသောစိတ်သဘော ရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။  အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏။” ဟု မိန့်တော်မူ၏။ (မဿဲ ၁၁:၂၈-၃၀)

ဤကျမ်းပိုဒ်သည် ခရစ်ယာန်လောက၌ လူသိအများဆုံး၊ အလွတ်ကျက်အများဆုံးကျမ်းပိုဒ် တခုဖြစ်သည်။ သို့သော်လက်တွေ့အသုံးမပြုသောကျမ်းပိုဒ်ဖြစ်သည်။ ခရစ်တော်က၊ ဝန်လေး၍ ပင်ပန်းသောသူအပေါင်းသူ့ထံသို့ လာဘို့ဘိတ်ခေါ်သည်။ ဘာလုပ်ဘို့ခေါ်သနည်း၊ နားရသောအခွင့်ပေးဘို့ ဖြစ်သည်။ သို့သော်ခရစ်ယာန်များ၊ လာကြသလား။ လာမလာအသက်တာအားဖြင့်သိနိုင်မည်။ ခရစ်တော်ထံသို့ အမှန်တကယ်လာလျှင် သင်၏ဝန်ပေါ့ပြီး၊ နားရပါလိမ့်မည်။ သင်သည် မနားဘဲ ဝန်လေးနေလျှင်၊ ခရစ်တော်ထံသို့ မလာသောကြောင့်ဖြစ်သည်။ အမှန်တကယ် ခရစ်တော်ထံသို့ လာသောသူသည် နားရသောအခွင့်ရသည်။

ခရစ်တော်က၊ ငါ့ထမ်းဘိုးကိုတင်၍ထမ်းကြလော့။ ငါ့ထမ်းဘိုးသည်ထမ်းလွယ်၏၊ ငါ့ဝန်လည်းပေါ့၏” ဟုဆိုသည်။ သို့သော် ယနေ့ ခရစ်ယာန်များ၏ အသက်တာသည်လောကသားများ၊ ခရစ်ယာန် မဟုတ်သောသူများနှင့် ခွဲခြား၍မရအောင် ဝန်လေးနေကြ၊ ပင်ပန်းနေကြသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်နေရသည်။ ခရစ်တော်ကသူ၏ထမ်းဘိုးသည် ပေါ့၍ ထမ်းရလွယ်သည်ဟုဆိုသော်လည်း၊ လုံးဝမထမ်းချင်ကြ၊ အလွန်လေးသည်၊ အလွန် ခက်သည်ဟု မြင်နေကြသည်။ ထို့ကြောင့် အလွန်လေးသောကိုယ့်ထမ်းဘိုးကို ဆက်ထမ်း နေကြသည်။ အလွန်သနားစရာကောင်းလှသည်။ ဘုရားအတွက်အသက်ရှင်ခြင်း၊ သူ့အမှုတော်ဆောင်ခြင်းကို အလွန်စွန့်စားသည်၊ ဆက်ကပ်သည်ဟု ထင်နေကြသည်။ အရာရှိ၊ သူဌေး၊ နာမည်ကျော်ကြားအောင်မြင်သူများကို အလွန်အားကျ၍ အထင်ကြီးကြသည်။ ဘုရားအမှုတော်ဆောင်ဖြစ်လျှင် သနားစရာကောင်းသောသူတောင်းစားကဲ့သို့ မြင်တတ်ကြသည်။ အမှန်မှာ ဘုရားသခင်၏ဝန်ကို ဘုရား၏ခွန်အားဖြင့်ထမ်းလျှင်၊ ခရစ်တော် ပြောသကဲ့သို့ အလွန်ပေါ့သည်။ မထမ်းသကဲ့သို့ဖြစ်သည်။ ထိုအရာကိုမသိကြသောကြောင့် မလိုအပ်ဘဲ မိမိဝန်ကို လေးလံစွာ ထမ်းနေကြဆဲဖြစ်သည်။

အာဏာရှင်များ၊ လူဆိုးများကလွှဲလျှင် သူတပါးကို သူတို့ စရိတ်နှင့် အလုပ်မလုပ်ခိုင်းတတ်ချေ။ သူတပါးကို အလုပ်လုပ်ခိုင်းလျှင် စရိတ်လုံလုံလောက်ပေးပြီး လုပ်ခိုင်းတတ်သည်။ ခရစ်တော်ကသူ၏ဝန်ကို ထမ်းခိုင်းသောအခါ၊ လူ့ခွန်အား၊ လူဥာဏ်နှင့် အစွမ်းအားဖြင့် မဟုတ်၊ သူ၏ခွန်အားနှင့်အစွမ်းအားဖြင့်ခိုင်းခြင်းဖြစ်သည်။ သူက ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏၊ ငါ့ဝန်လည်း ပေါ့၏ ဟုဆိုသော်လည်း ယုံကြည်သူများက ခရစ်တော်၏ ဝန်သည် အလွန်လေးသည်ဟုဆိုနေခြင်းသည် နားမလည်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ ဝန်ကို မထမ်းချင်ကြခြင်းဖြစ်သည်။ သိသွားသူများမူကား အလုအယက်ထမ်းချင်ကြသည်၊ အဘယ်အရာနှင့်မှမလဲချင်တော့ချေ။

.

^

ဦးမျိုးသိန်း သက်သေခံချက်

ဦးမျိုးသိန်းသည် အခြားသော ဘာသာကိုးကွယ်သောသူ ဖြစ်သည်။ သူ့အမျိုးသမီးသည် ထာဝရဘုရားကို ယုံကြည်ကိုးကွယ် သောသူ ဖြစ်သည်။ သူ့အမျိုးသမီးကို အနိုင်ကျင့်၍ သူမ မယုံကြည်သော ဘာသာကို အတင်းကိုးကွယ်ခိုင်းခဲ့သည်။ သို့နှင့် သူ့အမျိုးသမီးက သူ့ယောက်ျားကို ထာဝရဘုရားကပြောင်းလဲပေးဘို့ရန် ဆုတောင်း ပါတော့သည်။ သူတို့၌ သားသမီးများ များလာသောအခါ မိသားစုကျွေးမွေးဘို့ပင် ခက်ခဲလာသောကြောင့် သေကြောင်းလည်း ကြံစည်ခဲ့သည်။ သို့သော် ဘုရားသခင်က သေခွင့်မပေးခဲ့ပါ။ ဒုက္ခ ပြသနာ မ​ဖြေရှင်း နိုင်သောကြောင့် စိတ်ဓါတ်ကျနေချိန်အမျိုးသမီး၏ ဆွဲဆောင်မှုကြောင့် ခရစ်ယာန် ဘုရားကျောင်း၌ စိတ်မပါသော်လည်း လိုက်လာခဲ့သည်။ ဘုရားကျောင်း၌၊ ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည် (မဿဲ ၁၁:၂၈) ဟူသော စာတန်းကို မြင်သောအခါ စိတ်ထဲ၌ တမျိုးခံစားလိုက်သည်။ ထို့အပြင်ဘုရားကျောင်းတက်သူများ၊ အကြီးအငယ်အားလုံးက သူ့ကို ဂရုတစိုက်နှုတ်ဆက်သောအခါ၊ အလွန်အားရကျေနပ်မိသည်။ သူတသက်လုံး ထိုကဲ့သို့ ဂရုစိုက်နှုတ်ဆက် လက်ခံသောသူများမရှိခဲ့ဘူးပါ။ နောက်ပိုင်း၌လည်း ဘုရားကျောင်းတက်ချင် စိတ်ရှိသောကြောင့်တက်ဖြစ်လာသည်။ ထို့သို့ဖြင့် ခရစ်တော်၏ ကယ်တင်ခြင်းကို ယုံကြည် လက်ခံလိုက်သည်။

ထို့နောက်တွင် သူ့မိဘနှစ်ပါးကိုလည်း ခရစ်တော်ကို လက်ခံစေချင်သည်။ မိခင်ဖြစ်သူသည် တဖြည်းဖြည်းနှင့်လက်ခံလာပြီး ခရစ်တော်ကို ယုံကြည်လက်ခံလိုက်သည်။ သို့သော်မကြာခင်မှာခေါ်တော်မူခြင်းခံခဲ့ရသည်။ သူ့ဖခင်ကိုလည်း ခရစ်တော် လက်ခံယုံကြည်ဘို့ ပြောသော်လည်း ခေါင်းမာခဲ့သည်။ တနေ့ဖခင်ကို၊ အဖေအမေကို ချစ်တယ်မဟုတ်လား ဟု မေးသောအခါ၊ ဖခင်က၊ ငါချစ်လို့ဘဲမင်းတို့ တတွေလည်း မွေးဘွားလာကြတယ်လေ၊ဟု အဖြေပေးလိုက်သည်။ အမေကိုချစ်ရင် သူ့ကိုမတွေ့ချင်ဘူးလားဟုမေးပြန်သည်။ အဖေက နင့်အမေကသေသွားပြီလေ၊ ဘယ်လိုတွေ့နိုင်တော့မလဲဟုပြောသည်။ သူက၊ အမေကကောင်းကင်မှာနေတယ်၊ သူ့ကိုတွေ့ချင်ရင်၊ ခရစ်တော်ကိုယုံကြည်ရတယ်၊ အဖေ ခရစ်တော်ကို ယုံကြည်ချင်သလား ဟုပြန်မေးသောအခါ၊ အဖေက ယုံကြည်ချင်တယ်ဟု ပြောရာမှဘုရားကျောင်းသို့လိုက်လာသည်။ များမကြာမှီမှာဖခင်လည်း ခရစ်တော်ကို ယုံကြည်လက်ခံ၍ ရေဗတ္တိဇံကိုလည်း ခံလိုက်သည် ဟုဆိုသည်။

ဦးမျိုးသိန်းက သူ့အဖေသည် ခရစ်တော် လက်ခံပြီး နောက်များ မကြာမှီအမေတွေ့ဘို့ အမေ နောက်လိုက် သွားခဲ့ပြီဟု သက်သေခံသည်။ ဦးမျိုးသိန်းသည် ကျမ်းစာများစွာ တတ်သိ နားမလည်သော်လည်း သူနားလည်သောအရာကို မိဘများထံ ဝေငှခြင်းဖြင့် သူတို့ကို အသက်လမ်းသို့ ဦးဆောင်နိုင်ခဲ့သည်။ သူသည် မိဘများကို ပြောပြချင်သော ဆန္ဒရှိသည့်အတိုင်း ဘုရားကသူပြောမည့် စကားများကို သွန်သင်ပေးလိုက်သည်။ စာဖတ်သူလည်း ကယ်တင်ခြင်း အမှန်တကယ်ရလျှင်မိဘ၊ သားမယား၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုး၊ သူငယ်ချင်းများကို ပြောပြဘို့တာဝန်ရှိသည်။ ဘုရားသခင်က မည်ကဲ့သို့ပြောဆိုဝေငှရမည့်စကားများကို လိုအပ်သကဲ့သို့သွန်သင်ပေးပါလိမ့်မည်။ ဆန္ဒရှိဘို့သာလျှင်လိုအပ်ပါသည်။ ဘုရားသခင်က သင်၏ စိတ်နှလုံးကို ဤ သက်သေခံချက်အားဖြင့် တို့ထိပါစေသော်။

.

^

၂၀၂၁ သတင်းကောင်းပွဲတော် နှင့် မိဿဟာယ အစီအစဉ်များ

တကမ္ဘာလုံး ကပ်ရောဂါကြောင့် လူစုလူဝေး မလုပ်နိုင်သောအခါ၊ အမေရိကန်ပြည် ထောင်စုသတင်းကောင်း နှစ်ခြင်းအသင်းတော်၊ အသင်းချုပ်အနေဖြင့်၊ နှစ်နှစ်တစ်ကြိမ် ပြုလုပ်နေကျ သတင်းကောင်းပွဲတော်ကြီးကို စက်တင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ညစဉ်အရှေ့ပိုင်းစံတော် ချိန် (ရ) မှ (၉) နာရီ အထိ၊ zoom အားဖြင့်၊ ဘုရားသခင်၏ ကျေး ဇူးတော်ကြောင့် အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည်။ အဆိုပါပွဲတော်ကြီး၌ အမေရိကန်နိုင်ငံသာမက၊ မြန်မာပြည်၊ ဩစ​တြေးလျပြည်၊ မလေးရှားနိုင်ငံများမှ၊ ယုံကြည်သူများ ကင်မရာအလုံး ၃၀၀ နီးပါးအားဖြင့် ပါဝင်ကြပါသည်။

ထိုပွဲတော်၌ ပဌမညတွင် သဘာပတိအဖြစ် သိက္ခာတော်ရ ဆရာယောရှုက၎င်း၊ ဒုတိယညတွင် သိက္ခာတော်ရ ဆရာနော်ဂျာက၎င်း၊ တတိယညတွင် သိက္ခာတော်ရ ဆရာဇော်ဂျာက၎င်း၊ ဆောင်ရွက်သွားကြပါသည်။ သုံးညစလုံး ဆရာမောဇက်က တရားဟောခဲ့ပါသည်။ ညတိုင်း အမှုတော်ဆောင်များနှင့် ယုံကြည်သူအချို့က သက်သေခံကြပါသည်။ ညတိုင်းအ  ဖွင့်တွင် ဆရာစတီဗင်က သီချင်းသီဆိုခြင်းအားဖြင့် ဦးဆောင်ပါသည်။ (၉) နာရီ အစီအစဉ်ပြီး သွားသောအခါ၊ ယုံကြည်သူများဆက်လက်၍ ဘဝအတွေ့အကြုံများကို နောက်ထပ် နှစ်နာရီ အလုအယက် သက်သေခံကြပါသည်။ ဤပွဲတော်အားဖြင့် ဝိညာဉ် ခွန်အားများ ရရှိသည်သာမက၊ အချင်းချင်းလည်း ပို၍ သိရှိခင်မြင်ရင်းနှီး လာကြပါသည်။

ထိုပွဲတော်အားဖြင့် ဝိညာဉ်ရေးရာပိုင်း၌ အားမရသေးသောကြောင့် အပတ်စဉ် အောက်ပါအစီအစဉ်အတိုင်း မိဿဟာယဖွဲ့ကြရန် စီမံထားပါသည်။ အားလုံးကို ဖိတ်ကြားထားသည် သာမက ဂိုဏ်းဂဏမရွေး အားလုံး ပါဝင်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

အမေရိကန် ... အင်္ဂါနေ့နံနက်၊ ၉ မှ ၁၁ နာရီ (အရှေ့ပိုင်းစံတော်ချိန်)

မြန်မာပြည် ... အင်္ဂါနေ့ညပိုင်း ရး၃၀ မှ ၉:၃၀ နာရီ

မလေးရှား ... အင်္ဂါနေ့ညပိုင်း ၉ မှ ၁၁ နာရီ

ဩစ​တြေးလျ ... အင်္ဂါနေ့ညပိုင်း ၁၁ မှ နံနက် ၁ နာရီ

ZOOM နံပါတ်.... ၃၃၃ ရဝ၀ ၁၉ရ၅
Password.... မလိုပါ၊

*****ဂိုဏ်းဂဏမရွေး အားလုံး ပါဝင်နိုင်ပါသည်

^