Periodical: Good News January 2022

Home >   Periodicals > January 2022

g0122

JANUARY 2022
GOOD NEWS PERIODICAL

ဘုရားထားပေးသောပန်းတိုင်များ

နှစ်သစ်ထဲသို့ ဝင်သောအခါ များစွာသောသူများသည် ပန်းတိုင်ထားကြမည် ဖြစ်သည်။ သို့သော် ပန်းတိုင်သည် ကိုယ်တိုင် ထားပါက၊ ကြည့်ရှု အားပေးသောသူ၊ ဆုပေးသောသူမရှိတတ်ချေ။ အဖွဲ့အစည်း၊ ကော်မီတီမှပန်းတိုင်ထားပေးသောအခါ၊ ဆုပေးခြင်း၊ အားပေးခြင်းရှိကာ၊ ဂုဏ်ယူခြင်း၊ နာမည်ကြီးခြင်းများဖြစ်နိုင်သည်။ လူသားများသည် ဘုရားသခင်က ဖန်ဆင်းသောကြောင့်၊ မိမိတို့ ကိုယ်တိုင် ပန်းတိုင်ထားသည်ထက် ဘုရား ထားပေးသော ပန်းတိုင်ကို သိ၍ လိုက်ပါက ယခုဘဝ၊ နောင်ဘဝ အကျိုးကြီး လှသည်။ သို့သော် လူသားများသည်၊ ကျမ်းစာ ကပြောသည့်အတိုင်း၊ “သိုးကဲ့သို့ လမ်းလွှဲလျက် ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြသည်၊ ” (ဟေရှာယ ၅၃:၆)။ ဘုရားသခင်က ကောင်းကင်မှ လူသားများကို ကြည့်ရှုသောအခါ၊ “လူ အပေါင်းတို့သည် လမ်းလွှဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြပြီ၊ ” ဟု မြင်သည် (ဆာလံ ၁၄:၂)။ လူသည် မိမိကိုယ်ကို ဗဟိုလ်ပြု၍ ကြံစည်လုပ်ဆောင်တတ်သည်။ ကိုယ့်ကို ကိုယ်ဗဟိုပြုလျှင် အစကတည်း ကမှားယွင်းနေပြီ ဖြစ်သည်။ ဘုရား ဗဟု ိပြု၍ လုပ်ဆောင်ရမည်။ ဘုရား ဗဟု ိပြုခြင်း ဆိုသည်မှာ၊ ဘုရား၏ အလိုတော်ကို သိ၍၊ ထိုအလိုတော်ကို လိုက်ရှောက်ခြင်း၊ လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့သော် လူသည် ဘုရား၏ အလိုတော်ကို မသိ၊ သိလည်း မသိချင်၊ မိမိဆန္ဒပြည့်ဘို့ သာလျှင် စိတ်ဝင်စားလုပ်ဆောင် တတ်ကြသည်။ မိမိဆန္ဒကို ဘုရားသခင်အား အတင်း ပြည့်စုံစေတတ်သည်။ ယခုနှစ်တွင် သင်၏ အလိုဆန္ဒထက်၊ ဘုရား၏ အလိုိတော်ကို သိရှိ၍ လုပ်ဆောင်သောသူ ဖြစ်နိုင် ပါစေ။

အာဗြဟံ
ဘုရားသည် အာဗြဟံအား ပဌမဦးဆုံး အကြိမ် ဤကဲ့သို့ ပန်းတိုင်ထားပေးခဲ့သည်၊ “ထာဝရဘုရားသည်လည်း အာဗြံကို ခေါ်တော်မူ၍၊ သင်၏ ပြည်နှင့် တကွ အမျိုးသားချင်း ပေါင်းဘော်များ ထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့ သွားလော့။ ၂ ငါသည် သင့်ကို လူမျိုးကြီး ဖြစ်စေမည်။ ငါကောင်းကြီး ပေး၍ သင်၏ နာမကိုကြီး မြတ်စေမည်။ သင်သည် ကောင်းကြီး ခံရသောသူ ဖြစ်လိမ့်မည်။ ၃ သင့်ကို ကောင်းကြီး ပေးသောသူကို ငါကောင်းကြီး ပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုး အပေါင်းတို့သည် ကောင်းကြီး မင်္လာကို ခံရ ကြလိမ့်မည်ဟု မိန့်တော်မူ၏။ ၆ အာဗြံသည် ထိုပြည်ကို ရှောက် သွား၍ ရှိခင်အရပ်၊ မောရေသပိတ်ပင်သို့ ရောက်လေ၏။ ထိုအခါ၊ ခါနာန်အမျိုးသားတို့သည် ထိုပြည်၌ ရှိကြ၏။ ၇ ထာဝရဘုရားသည် အာဗြံအား ထင်ရှား၍၊ ဤပြည်ကို သင်၏ အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော်မူ၏။”

(ကမ္ဘာ ၁၂:၁-၃၊ ၆ -ရ)။ ဘုရားသခင်က အာဗြဟံအတွက် ခါနန်ပြည်ကို ပန်းတိုင်အဖြစ် ထားပေးသည်။ သူသည် ဥဖရအရပ်၊ ကောင်းသော မြစ် ဝှမ်း၌ မွေးဘွားကြီး ပြင်းသူ ဖြစ်သည်။ ထိုပြည် မှဝေးလှသော ခါနာန်ပြည်သို့ သွား၍ မြေပေးဘို့ ဂတိပေးသည်။

တဖန်၊ “လောတသည် အာဗြံနှင့် ခွါ၍ သွားပြီးမှ၊ ထာဝရဘုရားသည် အာဗြံကို ခေါ်၍၊ သင်ရှိသော အရပ်က၊ တောင်၊ မြောက်၊ အရှေ့၊ အနောက်သို့ မြော်ကြည့်လော့။ ၁၅ သင်မြင်သော မြေတပြင်လုံးကို၊ သင်နှင့် သင်၏ အမျိုးအနွယ်အား၊ ငါသည် ကာလ အစဉ်အမြဲပေးမည်။” (က ၁၃:၁၄-၁၅) ဟုဆိုသည်။

ဆက်၍၊ “ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့် ပဋ္ဋိညာဉ်ပြုတော်မူလျက်၊ အဲဂုတ္တု မြစ်မှစ၍ မြစ်ကြီး တည်းဟူသော၊ ဥဖရတ်မြစ် တိုင်အောင်၊ ဤပြည်ကို၎င်း၊ ကေနိလူ၊ ကေနဇိလူ၊ ကာဒမောနိလူ၊ ၂၀ ဟိတ္တိလူ၊ ဖေရဇိလူ၊ ရေဖိမ်လူ၊ အာမောရိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ယေဗုသိလူတို့ကို၎င်း၊ သင်၏ အမျိုးအနွယ်အား ငါအပ်ပေးပြီဟု မိန့်တော်မူ၏။” (က ၁၅:၁၈-၂၀)ဟု ကတိပေးပြန်သည်။

ဣဇာက်
ဘုရားသခင်သည် အာဗြဟံထံ၌သာမက၊ သူ၏သား ဣဇက်ထံ၌လည်း အောက်ပါကဲ့သို့ ခါနန်ပြည်ကို အမွေပေးမည့် အကြောင်း တွေ့ရသည်၊ “အာဗြဟံလက်ထက် ထိုပြည်၌ ဖြစ်ဘူးသော အစာ ခေါင်းပါးခြင်းမှတပါး၊ နောက်တဖန် အစာ ခေါင်းပါးခြင်းရှိပြန်သည် ဖြစ်၍၊ ဣဇာက်သည် ဖိလိတ္တိမင်းကြီး အဘိမလက်နေရာ ဂေရာမြို့သို့ သွားလေ၏။ ၂ ထာဝရဘုရားသည်လည်း သူ့အား ထင်ရှား၍၊ သင်သည် အဲဂုတ္တု ပြည်သို့ မသွားနှင့်၊ ငါပြောလတံ့သော ပြည်၌ နေလော့။ ၃ ယခု ဤပြည်၌ တည်းခို၍ နေလော့။ သင့်ဘက်မှာငါနေ၍ ကောင်းကြီး ပေးမည်။ အကြောင်းမူကား၊ သင်နှင့် သင်၏ အမျိုးအနွယ်အား ဤပြည် ရှိသမျှတို့ကို ငါပေးမည်။ သင်၏ အဘအာဗြဟံအား ငါကျိန်ဆိုသော စကားရှိသည် အတိုင်း ငါပြုမည်။ ၄ သင်၏ အမျိုးအနွယ်ကို ကောင်းကင် ကြယ်ကဲ့သို့ များပြားစေမည်။ သင်၏ အမျိုးအနွယ်အား လည်း၊ ဤပြည် ရှိသမျှတို့ကို ငါပေးမည်။ သင်၏ အမျိုးအနွယ်အားဖြင့် လည်း၊ လူမျိုး အပေါင်းတို့သည် ကောင်းကြီး မင်္လာကို ခံရကြလိမ့်မည်။ ၅ အကြောင်းမူကား၊ အာဗြဟံသည် ငါ့စကားကို နားထောင်၍၊ ငါစီရင်မှာထားသော ပညတ်တရား အမျိုးမျိုးတို့ကို စောင့်ရှောက်သတည်းဟု မိန့်တော်မူ၏။” (က ၂၆:၁-၅)

ယာကုပ်
ဘုရားသခင်သည် အာဗြဟံ၊ ဣဇက်တို့ ထံ၌သာမက ယာကုပ်ထံ၌လည်း ဤသို့ မြေပေးဘို့ ပြောခဲ့သည်။ ယာကုပ်သည် သူ၏ အကို ဧသော ရန်မှကြောက်သောကြောင့် ပြေးသောအခါ၊ ဗေသေလအရပ်၌ ကျောက်ခဲကို ခေါင်းအုံးလုပ်၍ အိပ်သောအခါ၊ ဘုရားသခင်က ဤသို့ ဆိုသည်၊ “ထာဝရဘုရားသည် လှေခါးထက်၌ ရပ်တော်မူလျက်၊ ငါသည် သင်၏ အဘအာဗြဟံ၏ ဘုရား၊ ဣဇာက်၏ ဘုရား တည်းဟူသော ထာဝရဘုရား ဖြစ်၏။ သင်အိပ်သော မြေကို သင်နှင့် သင်၏ အမျိုးအနွယ်အား ငါပေးမည်။ ၁၄ သင်၏ အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာအရပ်တို့သို့ နှံ့ပြားကြလိမ့်မည်။ သင်နှင့် သင်၏ အမျိုးအနွယ်အားဖြင့် လူမျိုး အပေါင်းတို့သည် ကောင်းကြီး မင်္လာကို ခံရကြလိမ့်မည်။ ၁၅ ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာရာ၌ ငါစောင့်မမည်။ ဤပြည်သို့ တဖန် ဆောင်ခဲ့ဦးမည်။ ဂတိထားသည် အတိုင်း မပြည့်စုံမှီ၊ သင့်ကို ငါမ စွန့်ဟု မိန့်တော်မူ၏။” (က ၂၈:၁၃-၁၅)

ဘုရား ပေးသော ခါနန်ပြည်သည် လူ့အမြင်အားဖြင့် ကောင်းသောမြေ မဟုတ်ချေ။ အဲဂုတ္တု ပြည် မှပြန်လာသော အာဗြဟံက၊ တူလော တကို မြေရွေးခိုင်းသောအခါ၊ ခါနာန်ပြည်ကို မရွေးဘဲ၊ အရှေ့ဘက်ယောဒန်မြစ်ဝှမ်းကို ရွေးခဲ့သည်။ ဣသရေလ လူများလည်း အဂုတ္တု​ကျွန်မှလွတ် မြောက်သောအခါ၊ ခါနာန်ပြည်ကို လိုချင်သော စိတ်မရှိကြချေ။ ထိုပြည်ကို မထီမဲ့မြင် ပြုခဲ့ ကြသည်။

မောရှေ
ဣသရေလ လူများသည် အဲဂုတ္တု ပြည်၌ ​ကျွန်အဖြစ် ဆင်းရဲ ဒုက္ခ အလွန် ခံကြသောအခါ၊ ဘုရားသခင်က၊ မောရှေထံ သူတို့ကို ကယ် နှုတ်၍ ဘိုးဘေးတို့ ထံဂတိပေးခဲ့သော ခါနန်ပြည်သို့ နှုတ်ဆောင်တော့မည့် အကြောင်းကိုအား တက်သရော ဤကဲ့သို့ ပြောခဲ့သည်၊ “ထာဝရဘုရားကလည်း၊ အဲဂုတ္တု ပြည်၌ ရှိသော ငါ၏ လူတို့ ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကို စေခိုင်းသော သခင်တို့ကြောင့် သူတို့ မြည် တမ်းသော အသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့ နာကြည်းခြင်း ဝေဒနာကို ငါသိ၏။ ၈ သူတို့ကို အဲဂုတ္တု ပြည်၊ အဲဂုတ္တု လူတို့ လက်မှ ကယ်နှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ နေရာ၊ နို့နှင့် ပျားရည်စီတတ်သော ပြည်သို့ ပို့ဆောင်ခြင်းငှါ ငါဆင်းလာပြီ။ ၉ ယခုတွင်လည်း ဣသရေလ အမျိုးသားတို့ ငိုကြွေးသော အသံသည် ငါ့ထံသို့ တက်ရောက်၍၊ သူတို့ကို အဲဂုတ္တု လူတို့သည် ညှဉ်းဆဲခြင်း အမှု ကိုလည်း ငါမြင်ရပြီ။ ၁၀ ထိုကြောင့် ယခုသွားလော့။ သင်သည် ငါ၏ လူဣသရေလ အမျိုးသားတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်မည်အကြောင်း၊ သင့်ကို ဖါရောဘုရင်ထံသို့ ငါ စေလွှတ်မည်ဟု မိန့်တော်မူ၏။” (ထွက် ၃:ရ- ၁၀)။ ထာဝရဘုရား စိတ်လှုပ်ရှား သကဲ့သို့ မောရှေသည် စိတ်လှုပ်ရှား ခဲ့သလော။ မောရှေသည် သူ၏ လူမျိုးအတွက် စိတ်အားထက် သန်ခဲ့သော်လည်း၊ ဘုရားသခင်က သူတို့ကို ကယ်နှုတ်တော့မည့်အချိန် အတွင် စိတ်မလှုပ်ရှားတော့ကြောင်း၊ သူ့ကို ဘုရားသခင်က ဣသရေလ လူများထံလွှတ်သောအခါ၊ ဤသို့ တုံ့ပြန်ခဲ့သည်၊ “မောရှေကလည်း၊ အိုဘုရားရှင်၊ အ​ကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ အထက်ကလည်း မရှိပါ။ ကိုယ်တော် ​ကျွန်အား မိန့်တော်မူသောအခါ၌ ပင် မရှိပါ။ နှုတ်လေးသောသူ၊ စကား နှေးနှေးပြောတတ်သောသူ ဖြစ်ပါ၏ဟု ထာဝရဘုရားအား လျှောက်ဆို၏။ ၁၁ ထာဝရဘုရားကလည်း၊ လူ၏ နှုတ်ကို အဘယ်သူ ဖန်ဆင်းသနည်း။ စကား အသောသူ၊ နားပင်းသောသူ၊ မျက်စိမြင်သောသူ၊ မမြင်သော သူတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ငါထာဝရဘုရား ဖန်ဆင်းသည် မဟုတ်လော။ ၁၂သို့ဖြစ်၍ ယခုသွားလော့။ သင်၏ နှုတ်၌ ငါရှိ၍၊ သင်သည် အဘယ်သို့ ပြောရမည်ကို သွန်သင်မည်ဟု မိန့်တော်မူ၏။ ၁၃ မောရှေက လည်း၊ အိုဘုရားရှင်၊ အလိုတော် ရှိသောသူ၏ လက်တွင် ပေးလိုက်တော်မူပါဟု လျှောက်သော်၊ ” (ထွက် ၄:၁၀-၁၂) မောရှေသည် ဘုရား၏ ပန်းတိုင်၊ ခါနန်ပြည်ကို စိတ်မဝင်စားတော့ပါ။

ဣသရေလ လူများ
ဣသရေလ လူများလည်း ဘုရား၏ ပန်းတိုင်ခါနန်ပြည်ကို စိတ်မဝင်စားကြောင်း၊ ဤသို့ သူတို့ ပြောသော စကားအားဖြင့် သိရသည်၊ “အဲဂုတ္တု ပြည်၌ သင်္ချိုင်းမရှိသောကြောင့်၊ ဤတော၌ သေစေခြင်းငှါ ငါတို့ကို ဆောင်ခဲ့သလော။ ငါတို့ကို ဤသို့ ပြု၍၊ အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ ၁၂ ငါတို့သည် အဲဂုတ္တု လူတို့ ထံ၌ အစေ​ကျွန်ခံနေလျက် ရှိကြပါစေဟု အဲဂုတ္တု ပြည်၌ ငါတို့ ပြောရာတွင်၊ ဤအမှုကို ရည်ဆောင်၍ ပြောသည် မဟုတ်လော။ ငါတို့သည် ဤတော၌ သေရသည်ထက်၊ အဲဂုတ္တု လူတို့ ထံ၌ အစေ​ကျွန်ခံလျှင် သာ၍ ကောင်းသည် ဟုဆိုကြ၏။” (ထွက် ၁၄:၁၁-၁၂) သူတို့သည် အဲဂုတ္တု ပြည်ကို အလွန် စွဲလမ်း ကြသည်။ ခါနန်ပြည်ကို သွားချင် စိတ်မရှိကြ၊ စိတ်မလှုပ်ရှားကြချေ။ ဘုရားသခင်၏ မဟာတန်ခိုးများ မြောက် များစွာ မြင်ရုံသာ မဟုတ်၊ စားသောက်ခံစား ကြသည်။ ဘုရားကျွေးသော မန္နမုန့်စားပြီး၊ ကျောက်ထဲမှရေသောက် ကြသည်။ လူအားဖြင့် လုံးဝ မဖြစ်မနိုင်သော ပင်လယ်နီကို တညအတွင်းတွင် ခွဲပေးပြီး တဘက်ကမ်းသို့ ပို့ ဆောင်ခဲ့သည်။ သိနာတောင်၌လည်း ဘုရား၏ကြီး မြတ်ကြောက်မက်ဘွယ်ကောင်းကြောင်းများတွေ့မြင်ကြားသိကြသောကြောင့် အလွန် ကြောက်၍ မောရှေမှတဆင့်သာ သူတို့ကို စကားပြောဘို့ တောင်းပန် ကြသည်။ သို့သော် ခါနန်ပြည် ဝင်ခါနီး၌ ဘုရား၏ တန်ခိုးကို မသိတော့ဘဲ ခါနန်လူများကို ကြောက်သောကြောင့် တညလုံးငိုကြွေး၍ မောရှေကို အပြစ်တင် ကြသည်။ “ထိုအခါ ပရိသတ် အပေါင်းတို့သည် အသံကို လွှင့်၍ မြည်တမ်း သဖြင့်၊ တညဉ့်လုံးငိုကြွေးကြ၏။ ၂ ဣသရေလ အမျိုးသား ပရိသတ် အပေါင်းတို့သည်၊ မောရှေနှင့် အာရုန်ကို အပြစ်တင်သော စကားနှင့် မြည် တမ်းလျက်၊ ငါတို့သည် အဲဂုတ္တု ပြည်၌ မသေပါလေ။ ဤတော၌ မသေပါလေ။ ၃ ငါတို့သည် ထားဖြင့် သေ၍ သား မယားတို့သည် ရန်သူ လက်သို့ ရောက်စေခြင်းငှါ ထာဝရဘုရားသည် အဘယ်ကြောင့်ငါတို့ကို ဤအရပ်သို့ ဆောင်ခဲ့တော်မူ သနည်း။ အဲဂုတ္တု ပြည်သို့ ပြန်ကောင်းသည် မဟုတ်လောဟု မောရှေနှင့် အာရုန်အား ဆိုပြီးမှ၊ ၄ တဖန် လူတစုံတယောက်ကို ချီးမြှောက်၍၊ အဲဂုတ္တု ပြည်သို့ ပြန်ကြစို့ဟု တယောက်ကို တယောက် ဆို ကြ၏။” (တော ၁၄:၁-၄)

တဖန် ဒါသန်နှင့် အဘိရံတို့က၊ “သင်သည် ဤတော၌ ငါတို့ကို သတ်လိုလျှင် နို့နှင့် ပျားရည်စီးသော ပြည် မှဆောင်ခဲ့သော်လည်း၊ ငါတို့ အပေါ်၌ လုံးလုံးမင်းမပြုလျှင်၊ စိတ် မပြေသေးသည် တကား။ ၁၄ ထိုမှတပါးနို့နှင့် ပျားရည်စီးသော ပြည်သို့ ငါတို့ကို မဆောင်၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မပေးဘဲ၊ ဤလူတို့၏ မျက်စိကို ဖောက်ချင် သလော။” (တော ၁၆:၁၃-၁၄)ဟု မောရှေအား ဆိုခဲ့သည်။ အဘယ်ကြောင့် ဣသရေလ လူများသည် ဘုရား ပြင်ဆင် ပေးသော၊ ဂတိထားသော ခါနန်ပြည်ကို ထိုမျှလောက် မလိုချင် ကြသနည်း။ သူတို့ အမြင်၌ အဲဂုတ္တု ပြည်သည် အလွန် ကောင်းသည်ဟု မြင်သောကြောင့် ဖြစ်သည်။

ဘုရား၏ အကြံအစည်သည် အလွန် ကောင်းသည်။ သူတို့ လုပ်စရာ ဘာမျှမလိုချေ။ အဲဂုတ္တု ​ကျွန်မှဘုရား၏ တန်ခိုးအားဖြင့် လွတ် မြောက် ကြသည်။ တော၌လည်း ဘုရားကျွေးမွေးသော အရာများကိုသာ စားသောက် ကြသည်။ ကိုယ်ခန္ဓာလည်း ကျန်းမာ ကြသည်။ ရန်သူများကိုလည်း ဘုရား ကိုယ်တော်တိုင် တိုက်ပေးသည်။ ခါနန်ပြည်လည်း နို့နှင့် ပျားရည်စီးသော ပြည် ဖြစ်သည်။ သူတို့ တာဝန် များသည်၊ ထာဝရဘုရား၏ စကား နားထောင်၍ ပဋ္ဋိညာဉ်ကို စောင့်ရှောက်ဘို့ သာလျှင် ဖြစ်ကြောင်း ဤသို့ ရေးထားသည်၊ “ယခုတွင် သင်တို့သည် ငါ့စားကို အမှန် နားထောင်၍ ငါ့ပဋ္ဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသော လူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ရကြ လိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ ဥစ္စာ ဖြစ်၏။ ၆ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး ဖြစ်ရကြ လိမ့်မည် ဟူသော အမိန့်တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။ (ထွက် ၁၉:၅-၆) ထိုသို့ လိုက်ရှောက်နိုင် ရန်၊ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်ဘို့ ဖြစ်သည်။ ဘုရားသခင်က၊ “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်း သလ္လိရှိသမျှနှင့် ချစ်လော့။ ၆ ယနေ့ ငါမှာထားသော စကားကို နှလုံး သွင်းရမည်။ ၇ ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ ထိုင်လျက် နေသည် ဖြစ်စေ၊ ခရီး၌ သွားသည် ဖြစ်စေ။ အိပ်လျက်။ ထလျက် ရှိသည် ဖြစ်စေ၊ ထိုစကားကို ပြောရမည်။ ၈ ထိုစကား ကိုလည်း သင်၏ လက်၌ လက္ခဏာသက်သေဘို့ ရာ၎င်း၊ သင်၏ မျက်စိကြား မှာသင်းကျစ်ကဲ့သို့၎င်းချည်ထားရမည်။ ၉ အိမ်တံခါး၊ မြို့တံခါးတို့၌လည်းရေးထားရမည်။” ( တရားဟော ၆:၅-၈)

ဘုရားသခင်သည် ဣသရေလ လူများကို ဦးဆောင်သည်၊ ကျွေးမွေးသည်၊ စစ်တိုက်ပေးသည်၊ ကျန်းမာစေသည်။ သူတို့၌ အဘယ်အ ရာမျှလိုလေသေးမရှိ၊ ထောက်ပံ့သည်။ သို့သော် ဘုရားသခင်ကို မချစ်ကြ၊ မရိုသေကြ၊ စကား နားမထောင်ခဲ့ကြချေ။ ဘုရားသခင် ကိုယ်တော်တိုင် ဤသို့ ဆိုခဲ့သည်၊ “ထာဝရဘုရား မိန့်တော်မူသည် ဖြစ်၍၊ အိုကောင်းကင်၊ ကြားလော့၊ အိုမြေကြီး၊ နားထောင်လော့။ မိန့်တော်မူ ချက် ဟူမူကား၊ ငါ​ကျွေးမွေး ပြုစုသော သားသမီးတို့သည် ငါ့ကို ပုန်ကန်ကြပြီ၊၊ နွားသော်လည်း မိမိအရှင်ကို သိ၏၊၊ မြည်းသော်လည်း မိမိသခင်၏ မြင်း ဇောင်းကို သိ၏၊၊ ဣသရေလ အမျိုးသားတို့ မူကား ငါ့ကို မသိကြ၊၊ ငါ၏ လူမျိုးမူကား၊ မဆင်ချင် တတ်ပါတကား၊၊ ” (ဟေရှာယ ၁:၂-၃)။ ဆာလံ ဆရာအားဖြင့် လည်း၊ “ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ ၉ သင်တို့ အဘများသည် အနှစ်လေးဆယ်ပတ်လုံးငါ့ကို အနည်းနည်းစုံစမ်း၍၊ ငါ၏ အမှုတို့ကို မြင်ရသော တောတွင်၊ ငါ့ကို ဆန့်ကျင်ဘက်ပြု၍၊ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။ ၁၀ ထိုလူမျိုးကို ငါရွံသည် ဖြစ်၍၊ ထို သူတို့သည် စိတ်သဘော မှားယွင်းတတ်သော လူမျိုး ဖြစ်ကြ၏။ ငါ၏ အလေ့အလာတို့ကို နားမလည် ကြဟု ငါဆိုရ၏။ ၁၁ ထို့ကြောင့် သူတို့သည် ငါ၏ ချမ်းသာ ထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆို၏။” (ဆာ ၉၅:၈-၁၁)

ယနေ့ ခရစ်ယာန်များ
ယနေ့ ခရစ်ယာန် များလည်း ခရစ်တော် ကခါနန်ပြည်ထက် ကောင်းသော ကောင်းကင် ရွှေပြည်ကို ဂတိပေးထားသည်။ ခရစ်တော်က၊ “တဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည် ကြလော့။ ငါ့ကိုလည်း ယုံကြည် ကြလော့။ ငါ့အဘ၏ အိမ်တော်၌ နေစရာ အခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲ မနေ။ သင်တို့ နေစရာ အရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည် သွား၍ သင်တို့ နေစရာ အရပ်ကို ပြင်ဆင် ပြီးမှတဖန် လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်း ဆည်းမည်။” (ယော ၁၄:၁-၃) ဟုဆိုသည်။

ကောင်းကင်၌ သေခြင်း၊ နာခြင်း၊ ငိုခြင်း မရှိ၊ “ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။” (ဗျာ ၂၁:၄) သို့သော် ခရစ်ယာန် များသည် ဘုရားသခင်၏ ကောင်းကင်ကို စွဲလမ်းကြပါသလား။ ဤလောကကိုသာလျှင် အလွန် စွဲလမ်းကြသည် မဟုတ်လော။ ဘုရားသခင်ကလောကကို မချစ်ဘို့ ဤသို့ ပြောထားသည်၊ “လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာ တည်းဟူသော ကိုယ်ကာယတပ် မက်ခြင်း၊ မျက်စိ တပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့် လောကီတပ် မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီကျင့်သောသူမူကား၊ နိစ္စထာဝရ တည်၏။” (၁ ယော ၂:၁၅-၁ရ)။ လောက ချစ်သောသူသည် ဘုရားရန်သူ ဖြစ်သည်၊ “မတရားသော မေထုန်၌ မှီဝဲသော ယောကျ်ားမိန်းမတို့ (ဖောက်ပြန်သော သူတို့ (adulterers)၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင့်ဘက် ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူ ဖြစ်၏။” (ယာကုပ် ၄:၄)။ လောကကို မီးရှို့မည်၊ “သူခိုးသည် ညဉ့်အခါလာ သကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသော အသံနှင့် တကွပျောက်သွားလိမ့်မည်။ လောက ဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီး ကိုယ်မှစ၍၊ မြေကြီးပေါ်မှ ာ ပြုလုပ် သမျှသောအရာ တို့သည် ​ကျွမ်းလောင်ကြလိမ့်မည်။” (၂ ပေ ၃:၁၀) ဟုဆိုသော်လည်း ခရစ်ယာန် များသည် ဤလောကကိုသာလျှင် စွဲလမ်း ကြသည်။ ပေါလုအားဖြင့် ကောင်းကင် စွဲလမ်းဘို့ ဤသို့ ရေးထားသည်၊ “အထက် ဆိုခဲ့ပြီးသည် အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည် မှန်လျှင်၊ ဘုရားသခင်၏ လက်ျာတော် ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူရာ အရပ်၌ ရှိသော အထက် အရာတို့ကို ရှာကြလော့။ ၂ မြေကြီးပေါ်မှ ာ ရှိသောအရာ တို့ကို စွဲလမ်းသော စိတ် မရှိကြနှင့်။ အထက် အရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြလော့။ ၃ အကြောင်းမူကား၊ သင်တို့သည် သေသောသူ ဖြစ်၍ သင်တို့ အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက် ထားလျက် ရှိ၏။” (ကောလော ၃:၁-၃)

လောက၌ အသက်ရှင်စဉ်တွင် ဝန်ထုတ်ဝန်ပိုးများကိုလည်း ထမ်းပေးဘို့ ယေရှုက ဤသို့ ကမ်းလှမ်းသည်၊ “ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် နားရသော အခွင့်ကို ပေးမည်။ ၂၉ ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၍ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘော ရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။ ၃၀ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏။” (မဿဲ ၁၁:၂၈-၃၀) သို့သော် လေးလံလှသော မိမိဝန်ထုတ်ဝန်ပိုးများကို ထမ်းချင် နေကြသည်။ ဝန်ထုတ်ဝန်ပိုးကြောင့်ပင်ပန်းနွမ်းနယ်၍ ညည်းတွား နေကြသော်လည်း၊ လုံးဝ မချချင် ကြချေ။ သခင်ယေရှု ကထမ်းပေးမည့် အကြောင်း ကမ်းလှမ်းနေသော်လည်း၊ လုံးဝ ဂရုမစိုက်ကြချေ။ ပေါ့ပါးသော ဝန်ကို ထမ်းဘို့ သခင်ယေရှု ကပြောသော်လည်း၊ လုံးဝ မထမ်းလိုကြချေ။ ​‌ဪ...မသိတတ်ကြပါလား။ ယခုမှစ၍ မိမိဝန်ထုတ်ဝမ်းပိုးကို သခင်ယေရှု ထမ်းခိုင်းပြီး၊ သူ၏ ပေါ့ပါးသော ဝန်ကို ထမ်းကြစို့။

 

သက်သေခံခြင်း

              ရှေးဦးစွာအခုလိုသက်သေခံခွင့်ပေးတဲ့ ဘုရားရှင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်။ကျွန်တော်ရဲ့အသက်တာပြောင်းလဲခြင်းနဲ့၊ ကယ်တင်ခြင်းစိတ်ချမှုရရှိခြင်းကို၊ သက်သေခံချင်ပါတယ်။ ခရစ်ယာန်မိဘနှစ်ပါးကနေမွေးဖွားလာပြီး၊ မိရိုးဖလာခရစ်ယာန်တယောက်အနေနဲ့ ကြီးပြင်လာခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မိရိုးဖလာခရစ်ယာန်တယောက်အနေနဲ့ ကြီးပြင်:လာခဲ့တဲ့အတိုင်းပဲ၊ ငယ်ငယ်လေးကတည်းက ဘုရားကျောင်းသွားတယ်၊ အလှုငွေပေးတယ်၊ ကျမ်းစာဖတ်တယ်၊ ဆုတောင်းတယ်။ ခရစ်တော်ကိုလည်းသိကျွမ်းပြီး၊ သူ့ရဲ့အသေခံခြင်းကကျွန်တော်ရဲ့အပြစ်တွက်ဖြစ်တယ်ဆိုတာကို ငယ်ငယ်လေးကတည်းက၊ နားလည်သဘောပေါက်ခဲ့တယ်။ သိလည်းသိခဲ့တယ်။ ဒါပေမယ့်မထူးခြား၊ မပြောင်းလဲလာတာက၊ ကျွန်တော်ရဲ့အသက်တာပဲဖြစ်တယ်။ မယုံကြည်သူ၊ သူငယ်ချင်းတွေကြားထဲမှာ ခရစ်ယာန်တယောက်အနေနဲ့ သိကျွမ်း ကြသော်လည်း၊ ကျွန်တော့်ရဲ့ အကျင့်အကြံအပြုမူတွေက၊ မယုံကြည်သူနဲ့ ဘာမှမကွာဘူး။ တခါတလေမှာ သူတို့ထက်ပိုဆိုးတဲ့ အချိန်တွေရှိတယ်။

အသက် ၁၆ နှစ်မှာတက္ကသိုလ်ဝင်တန်းစာမေးပွဲကိုအောင်မြင်ပြီး၊ အဝေးသင်နဲ့ တက္ကသိုလ်တက်ဖို့စောင့်နေတုန်း၊ ရန်ကုန်ကိုဆင်းလာပြီး၊ ကျမ်းစာကျောင်းကိုမရည်ရွယ် ဘဲ ၄ နှစ်တက်ဖြစ်သွားပြီး၊ ဓမ္မဘွဲ့ BTh ကိုရရှိခဲ့တယ်။ ဘွဲ့ရပြီးနောက်တစ်နှစ်မှာဘဲ မလေးရှားကို၊ မိသားစုနဲ့အတူရောက်လာပြီး၊ လောကအလုပ်မလုပ်ဘဲ ဘုရားရဲ့အမှုတော် မြတ်ကို ၄ နှစ်ခွဲနီးပါးဆောင်ဖြစ်ခဲ့တယ်။ အသင်းတော်တပါးကိုလည်း၊ ကြည့်ရှုခဲ့တယ်။ မလေးရှားမှာ အမှုတော်ဆောင်ရင်းနဲ့ပဲ၊ ကျွန်တော့အသက်တာရဲ့ မပြောင်းလဲခြင်း၊ မစစ် မှန်ခြင်းတွေကို တခုပြီးတခုသတိထားမိလာတယ်။ ဒါပေမဲ့ဆရာတယောက် အနေနဲ့ ဘာသာရေးထဲမှာရပ်တည်နေရတဲ့အခါမှာ အတတ်နိုင်ဆုံးဖုံးကွယ်ထားခဲ့တယ်။ ဒီလိုနဲ့ မလေးရှားကနေ အမေရိကားကို ၂၀၁၅ မတ်လမှာ မိသားစုနဲ့အတူရောက်ရှိလာခဲ့ပြန်တယ်။

အမေရိကားကို ရောက်လာတဲ့အခါကျမှ၊ လောကအလုပ်ကို စလုပ်ဖြစ်ခဲ့တယ်။ စိတ်ထဲမှာတော့ အမှုတော်မြတ်အတွက်ပြန်ဆက်ကပ်ဖို့ ဆုံးဖြတ်ထားတယ်။ ဒီလိုနဲ့ ၂၀၁၆ နိုဝင်ဘာလမှာ ဆရာကြီးမောဇက်ထောက်ကျူံး နဲ့ Bowling Green , Kentucky မှာစတွေ့ ဖြစ်ရာကနေ ၂၀၁ရ မေလမှာအမှုတော်ပြန်ဆောင်ဖို့၊ လောကအလုပ်ကိုထားခဲ့လိုက်တယ်။ ဆရာကြီးဆီမှာတစ်လလုံးလုံးသင်တန်းတက်ရင်း၊ ကျွန်တော်ရဲ့ အသက် တာကို ဘုရားကစပြီးတော့ စစ်တော့တာပဲ။ ဆရာကြီးရဲ့ သမ္မာတရားနဲ့ သူ့ရဲ့လက်တွေ့ လုပ်ဆောင်ပြီး အသက်ရှင်တဲ့ အသက်တာ၊ ဆရာကြီးမွေးထုတ်ပေးတဲ့ အမှုတော်ဆောင် တွေရဲ့ စစ်မှန်တဲ့အသက်တာက ကျွန်တော့်ကို အရမ်းကျဥ်းကျပ်စေတယ်။ ဘာကြောင့် လဲဆိုတော့ဆရာကြီးမောဇက်နဲ့ မတွေ့ခင်၊ ကျွန်တော်ရဲ့အမှုတော်ဆောင်ခဲ့တဲ့ကာလတလျှောက်လုံးမှာဟန်ဆောင်မှု၊ လိမ်ညာမှုတွေနဲ့ ဘာသာရေးအောက်မှာဘဲ ရှိခဲ့တယ်ဆိုတာ၊ နောက်ပိုင်းမှကျွန်တော်ကိုယ်တိုင် ကောင်းကောင်းမြင်လာခဲ့တယ်။ ဆရာကြီးမောဇက်ရဲ့ ဦးဆောင်မှုအောက်မှာ အမှုတော်ဆောင်တာ ၅ လပဲခံပြီး၊ နောက်ဆုံးဘယ်လိုမှ အဆင်မပြေတော့တဲ့အခါမှာ၊ အိမ်ပြန်လာပြီး လောကအလုပ်ကိုပဲ ပြန်လုပ်ခဲ့တယ်။ ဒါပေမဲ့ထူးခြားတာကကြားခဲ့တဲ့၊ သင်ခဲ့တဲ့သမ္မာတရားတွေက၊ ကျွန်တော်ရဲ့ နှလုံး သားထဲမှာကျန်နေခဲ့တယ်။

ဒီလိုနဲ့  ၂၀၁၈ မှာဒုတိယအကြိမ်ပြန်ပြီးအမှုတော်ဆောင်ဖို့ လောကအလုပ်ကနေနားခဲ့ပြန်တယ်။ ဒုတိယအကြိမ်မှာလည်း အဆင်မပြေခဲ့ပြန်ဘူး။ ဒီလိုနဲ့ အမှုတော်မြတ် ထဲမှာဝင်လိုက်ထွက်လိုက်နဲ့၊ ကိုယ့်ကိုကိုယ်လည်းအရမ်းရှက်မိပြီးတော့ GBC နဲ့မပတ်သက်တော့ဘူးဆိုပြီး၊ ဆုံးဖြတ်ခဲ့မိသေးတယ်။ ဒါပေမဲ့ဘုရားရှင်ကအရမ်းကောင်းမြတ်ပြီး၊ အရမ်းတော်တယ်။ ဆရာစိုးထွန်းကို ကျွန်တော်နေတဲ့မြို့ကနေ တစ်နာရီလောက်ဝေး တဲ့ Owensboro, Kentucky မြို့မှာ ပို့ဆောင်ပေးပြီး၊ အဲဒီနေရာမှာ ဆရာစိုးထွန်းကို ကလေး လူငယ် အပိုင်းမှာ၊ အချိန်ပိုင်းနဲ့ ကူညီရင်း အမှုတော်မြတ်ထဲမှာပြန်လည်ပြီး အပြည့်အဝဆက်ကပ်ခွင့်ရခဲ့တယ်။ သောက်ြာနေ့  ညနေကနေ တနင်္ဂနွေနေ့အထိ ကလေး လူငယ်တွေကို ၃ နှစ်နီးပါး အလုပ်တဖက်နဲ့ အချိန်ပိုင်း လက်တွေ့ ကျမ်းစာသင်ကြား ပေးရာကနေ၊ ဘုရားရှင်ကကျွန်တော့်ရဲ့ အသက်တာကိုပြောင်းလဲပေးခဲ့ပြီး၊ စစ်မှန်သော ကယ်တင်ခြင်းသို့ ရောက်ရှိစေကာ လူသစ်ဖြစ်စေခဲ့တယ်။ ကျွန်တော်ဘယ်လိုမျိုး ကယ်တင်ခြင်းစိတ်ချမှုရသွားလဲလို့မေးရင် လက်တွေ့လုပ်ဆောင်ခြင်းကနေဖြစ် တယ်။ အရင်ကလည်းလက်တွေ့လုပ်ဆောင်ခဲ့တာပဲ၊ ဘာလို့ မပြောင်းလဲခဲ့တာလဲလို့ မေးရင်၊ အရင်ကလုပ်ခဲ့တဲ့ နေရာမှာ သမ္မတရားမရှိဘူး။ အသက်တာမပါဘူး။ ဘာသာရေးဘဲ။ ဒါပေမဲ့ဆရာကြီးမောဇက်ရဲ့ ဦးဆောင်မှုအောက်ကနေလက်တွေ့ နဲ့ရော၊ သမ္မာတရားနဲ့ပါ ဖြစ်လာတဲ့အခါမှာ၊ ကျွန်တော်အသက်တာကဘယ်လိုမှ မခံနိုင်တော့ဘူး။ ဘုရားရှင် ထံမှာ ကျွန်တော်ရဲ့ မစစ်မှန်ခြင်းတွေ၊ ဟန်ဆောင်ခြင်းတွေနဲ့ အပြစ်တွေကို ဖော်ပြဝန်ချ တောင်းပန်လိုက်တယ်။ အဲဒီအခါမှာ ဘုရားကကျွန်တော်ရဲ့အပြစ်တွအားလုံးကို လွှတ် တယ် ဆိုတဲ့ စိတ်ချမှုကို သန့်ရှင်းသောဝိညာဥ်တော်အားဖြင့်ပေးခဲ့တယ်။ "ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ် နှင့်အ တူ သက်သေခံတော်မူ၏။" (ရောမ ၈း၁၆)

တကယ်တော့ဘုရားရှင်ကကျွန်တော်ရဲ့အပြစ်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ် ထောင်ကျော်မှာလွှတ်ခဲ့ပြီးသားဖြစ်တယ်။ ကျွန်တော်ကပဲ ကိုယ့်ကိုကိုယ်လိမ်ညာပြီး၊ တပါးသူတွေရှေ့ မှာ ဟန်ဆောင်ပြီးအသက်ရှင်ခဲ့တာဖြစ်တယ်။ ဘာသာရေးထဲမှာ ဆရာဖြစ်ရတာကိုကျေနပ်ခဲ့တယ်။ ဒါပေမဲ့နောက်ဆုံးမှာ သမ္မာတရားကပဲ အနိုင်ယူပြီး ကျွန်တော်ရဲ့ အသက်တာကိုလွတ်မြောက်စေခဲ့တယ်။ "သမ္မာတရားကိုလည်း သိကြသ ဖြင့်၊ ထိုတရားသည်သင်တို့ကိုလွှတ်လိမ့်မည်ဟု၊ ယုံကြည်သောယုဒလူတို့အားမိန့်တော်မူ၏။" (ယောဟန် ၈း၃၂)

စစ်မှန်တဲ့ပြောင်းလဲခြင်းနောက်ပိုင်း မဿဲ ၁၁း၂၈-၃၀ ထဲမှာ ခရစ်တော်ပြောခဲ့တဲ့ ကျမ်းစကားကလည်း ကျွန်တော်ရဲ့ အသက်တာထဲမှာ တကယ်လက်တွေ့ ပြည့်စုံခဲ့တယ်။ "ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် အနားယူခွင့် ပေးမည်။ ငါ့ထမ်းဘိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည်နူးညံ့သိမ် မွေ့နှိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အ ကြောင်းမူကား၊ ငါ့ထမ်းဘိုးသည်ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏ဟု မိန့်တော်မူ၏။" (မဿဲ ၁၁း၂၈-၃၀)

အခုလက်ရှိအချိန်မှာ GBC, USA Convention လက်အောက်မှာ အချိန်အပြည့် သာသနာပြုအမှုတော်ဆောင်တယောက်အနေနဲ့ ဘုရားရဲ့အမှုတော်မြတ်ကို ဝမ်းမြောက် ပေါ့ပါးစွာ ထမ်းဆောင်နေပါတယ်။ ဘုရားတံခါးဖွင့်ပေးတဲ့ အချိန်မှာ Mission သွားဖို့ရန် လည်း စောင့်ဆိုင်းနေပါတယ်။ ဆုတောင်းခြင်းဖြင့် အမြဲသတိရပေးရန်ဒီနေကနေပဲတောင်းဆိုပါတယ်။ ပျောက်ဆုံးသောဝိညာဥ် (အထူးသဖြင့်) လူငယ်တွေကို ဘုရားရှင်က သူရဲ့ နိုင်ငံတော်ထဲမှာခေါ် ဆောင်နေတဲ့လုပ်ငန်းမှာလည်း တန်ဆာပလာအဖြစ် လက်တွေ့ အသုံးပြုနေသောကြောင့်ပြုတော်မှုသောထာဝရဘုရား၏နာမတော်သည်ကမ္ဘာအဆက်ဆက်ဘုန်းကြီး၍ မင်္ဂလာရှိပါစေသော်။ ဒီလောက်နဲ့ပဲ သက်သေခံချင်ပါတယ်။ ဤသက်သေခံခြင်းကိုဖတ်ရှုသူတိုင်းအပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေ။

ခရစ်တော်၏အမှုတော်မြတ်၌

( စတီဗင် အင်ပီး )