Eternal Value Bookstore

တန်ဖိုးမဖျက်နိုင်စာအုပ်ဆိုင်

ထာ၀ရတည်မည့်အရာ

 သင်သည်ထာ၀ရတည်မည့်အရာအတွက်အသက်ရှင်လှုပ်ရှားနေပါသလော၊ သို့မဟုတ်မတည်မြဲသောသင်္ခါရအတွက်အသက်ရှင်လှုပ်ရှားနေသလော။ ထာ၀ရကာလတိုင်မတည်မည့်အရာအတွက်၊ အချိန်၊ စွမ်းအား၊ ဘဏ္ဍာသုံးခြင်းသည်အကျိုးမရှိ၊ အလွန်နှမျောစရာကောင်းသည်။ ကိုယ်လုပ်သောအရာထာ၀ရတည်ဘို့ရန်၊ ကိုယ်ကိုယ်တိုင်ထာ၀ရတည်ဘို့လိုအပ်သေးသည်။ ကိုယ်ကိုယ်တိုင်ထာ၀ရမတည်ဘဲ၊ ငရဲမီးအိုင်ထဲသို့ရောက်ပါက၊ ကိုယ်စွမ်းအားစိုက်သောအရာများလည်း၊ ထာ၀ရပျက်စီးမှာသေချာသည်။ ထို့ကြောင့်ကိုယ်ကိုယ်တိုင်ထာ၀ရတည်မည်လော၊ မတည်မည်လောဟူသောသောအရာကိုအရင်စဉ်းစားစစ်ဆေးဘို့လိုအပ်သည်။ 

မြေကြီးမတည်နှုတ်ကပတ်တော်သာ

ခရစ်တော်က၊ "ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း၊ ငါ့စကားတည်လိမ့်မည်။"(မဿဲ ၂၄း၃၅) ဟုဆိုခဲ့သည်။ ပေတရုက၊ "သူခိုးသည်ညအခါလာသကဲ့သို့၊ ထာ၀ရဘုရား၏နေ့ရက်သည်လာလိမ့်မည်။ ထိုနေ့၌မိုးကောင်းကင်သည်ကြီးစွာသောအသံနှင့်တကပျောက်သွားလိမ့်မည်။ လောကဓါတ်တို့သည်ပူအားကြီး၍ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍မြေကြီးပေါ်မှာပြုလုပ်သမျှသောအရာတို့သည်ကျွမ်းလောင်ကြလိမ့်မည်။"(၂ ပေ ၃း၁၀) ဟုရေးထားသည်။ ယုံကြည်သူများသည်ခရစ်တော်နှင့်ပေတရုပြောသောအရာကိုမယုံကြည်ကြ၊ အလေးအနက်မထားကြချေ။ ထို့ကြောင့်မတည်မြဲမည့် ဤလောကအရာများတည်းဟူသော၊ ရွှေ ငွေ ရတနာများ၊ ဥစ္စာပစ္စည်းများ၊ အာဏာနှင့်တန်ခိုးများ၊ နာမည်ကျော်ကြားမှု၊ အပျော်အပါးများ၊ လောကီပညာရေး၊ လူမျိုးရေးများအတွက်အချိန်ကုန်၊ ငွေကုန်၊ စွမ်းအားကုန်သုံးစွဲကြခြင်းဖြစ်သည်။ ရှေးဘုရင်များ၊ ပညာရှင်ကြီးများ၊ ဥစ္စာချမ်းသာကြွယ်ဝသောသူများ၊ နာမည်ကြီးသောသူများတို့သည်ယခုမရှိကြတော့ချေ။ သူတို့၏လက်ရာ ခြေရာများမက၊ သူတို့၏နာမည်များပင်လျှင် မသိကြတော့ချေ။ သူတို့ခံစားခဲ့ကြသော ဘုန်းစည်းစိမ်များလည်း အစအနပင်မရှိတော့ချေ။ သို့သော်ထိုအရာကိုသိသောသူ၊ သင်္ခန်းစာယူသောသူ မရှိသလောက်အလွန်နည်းပါးသည်။ သင်သည်ထိုသူတို့နည်းတူ မတည်မြဲသောအရာများကို ကြိုးစား၍ရှာဖွေနေသေးသလော။ 

နှုတ်ကပတ်တော်

ထာ၀ရတည်မည့်အရာသည်၊ ဘုရားသခင်နှင့် သူ၏နှုတ်ကပတ်တော်ဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးတန်ဆာများသည် ဘုရားသခင်က၊ သူ၏နှုတ်ကပတ်တော်အားဖြင့် ဖန်ဆင်းသည်(ကမ္ဘာဦး ၁)။ ထို့ကြောင့်မြေကြီးနှင့် မြေကြီးပေါ်ရှိဥစ္စာပစ္စည်းများထက်၊ ဘုရား၏နှုတ်ကပတ်တော်သည် ခိုင်ခန့်တည်မြဲသည်။ ထို့ကြောင့်ခရစ်တော်က၊ "အကြင်သူသည် ငါဟောပြောသောဤစကားကိုကြား၍ နားထောင်၏၊ ထိုသူသည်ကျောက်ပေါ်မှာ အိမ်ဆောက်သောပညာရှိနှင့်တူကြောင်းကို ငါပုံပြမည်။ မိုးရွာ၍ရေစီးသည်နှင့် လေလာ၍ထိုအိမ်ကိုတိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာတည်သောကြောင့် မပြိုမလဲနေ၏။ အကြင်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားမထောင်ဘဲနေ၏၊ ထိုသူသည် သဲပေါ်မှာအိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကိုငါပုံပြမည်။ မိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်သောအခါ၊ ကြီးစွာသောပြိုလဲခြင်းသို့ရောက်လေသည်ဟု ဟောတော်မူ၏။"(မဿဲ ရး၂၄-၂ရ)

ခရစ်တော်၏စကားကျောက် 

ခရစ်တော်၏စကားသည်ကျောက်ဖြစ်သည်။ ကျောက်သည်ခိုင်ခန့်မြဲမြံသည်။ သို့သော်ကျောက်သည်တူးဘို့ရန်ခက်ခဲသည်။ ထို့ကြောင့် လူတိုင်းကကျောက်တည်းဟူသော၊ ခရစ်တော်၏စကားကိုမတူးချင်ကြချေ။ ဆိုလိုသည်မှာနားလည်ရခက်သည်။ အမှန်မှာခရစ်တော်၏စကားများသည်မြေကြီးအရာများအားဖြင့်ခိုင်းနှိုင်းသောကြောင့်နားလည်နိုင်သည်။ သို့သော်အဘယ်ကြောင့်နားမလည်နိုင်ကြသနည်း။ ဘုရားသခင်ကနားလည် စေမှသာလျှင်နားလည်နိုင်သည်။ ခရစ်တော်ကပေတရုထံ၊ "အသွေးအသားသည်ဤအကြောင်း အရာကိုသင့်အားဘော်ပြသည်မဟုတ်။ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည်ဘော်ပြတော်မူသတည်း။"(မဿဲ ၁၆း၁ရ) ဟုဆိုခဲ့သည်။ ထို့အပြင်တပည့်တော်များနှင့်ပတ်သက်၍၊ "ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဘော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အ​ကျွန်ုပ်ချီးမွမ်းပါ၏။"(မဿဲ ၁၁း၂၅) ဟုဆိုခဲ့သည်။ ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့သည်၊ ဖာရိရှဲကျမ်းတတ်များ၊ သူငယ်တို့သည် တမန်တော်များကိုဆိုလိုသည်။ အဘယ်ကြောင့်တမန်တော်များသည်ဘုရားသခင်၏အလိုတော်ကို သိနိုင်ကြသနည်းဟူမူကား၊ သူတို့၏အလုပ်များကို အဓိကမထားဘဲ၊ ကိုယ်တော်နောက်သို့လိုက်သောကြောင့်ဘုရားသခင်ကနားလည် စေခြင်းဖြစ်သည်။ ထို့ကြောင့်၊ "ထိုသူတို့သည်ပေတရုနှင့်ယောဟန်တို့၏ရဲရင့်သတ္တိကိုမြင်၍၊ လူတတ်မဟုတ်၊ လူသာမညသာ (စာမသင်သောသူ၊  ကျောင်းမတက်ဘူးသောသူ) ဖြစ်သည်ကိုသိမှတ်သဖြင့်အံ့ဩ၍နေကြ၏။"(တမန်တော် ၄း၁၃)။

ပေါလုကလည်း၊ "ဘုရားသခင်ကိုချစ်သောသူတို့အဘို့အလိုငှါ၊ ဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ကို၊ လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့်မကြံစည်သေး။ ထိုအရာတို့ကိုဘုရားသခင်သည်၊ မိမိဝိညာဉ်တော်အားဖြင့်၊ ငါတို့အားဘော်ပြတော်မူ၏။" (၁ ကော ၂း၉-၁၀) ဟုရေးသည်။ ထို့ကြောင်းဘုရား၏စကားသည်၊ ဘုရားသခင်ကသူ၏ဝိညာဉ်အားဖြင့်မဖေါ်ပြလျှင်မသိနိုင်ပါ။ အဘယ်ကြောင့်ဘုရားသခင်ကလူတိုင်းကို သူ၏စကားကိုနားမလည်စေသနည်း။ အကြောင်းမှာလူများကမလိုချင်မဆာငတ်သောကြောင့်ဖြစ်သည်။ 

3 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


GN 2023

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -