Eternal Value Bookstore

တန်ဖိုးမဖျက်နိုင်စာအုပ်ဆိုင်

 

မြေကြီးပေါ်အကြီးဆုံး၊ကောင်းကင်မှာအငယ်ဆုံး

 

ငါအမှန်ဆိုသည်ကား၊ မိန်းမမွေးသော သူတို့တွင် ဗတ္တိဇံဆရာယောဟန် ထက်ကြီးမြတ်သောသူ တယောက်မျှ မပေါ်ထွန်းသေး။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ ကြီးမြတ်၏။ ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင်ကောင်းကင် နိုင်ငံတော်ကိုအနိုင်အထက်ပြုကြ၏။ အနိုင်အထက်ပြုသော သူတို့သည်လည်း လုယူ ဝင်စားရကြ၏။ ယောဟန် မရောက်မှီတိုင်အောင် ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းရှိသမျှတို့သည် ဆုံးမဩဝါဒပေးကြ၏။ (မဿဲ ၁၁း၁၁-၁၃)

 

ယောဟန်အကြီးမြတ်ဆုံး

သခင်ယေရှုက မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက်ကြီးမြတ်သောသူ တယောက်မျှမရှိ၊ ဟုဆိုသည်။ ထို့ကြောင့်ယောဟန်သည် သူ့ကိုသတ်သောစော်ဘွားဟေရုဒ် ထက်လည်းကြီးမြတ်သည်။ ထိုစဉ်တွင် ဣသရေလလူမျိုးများကို အုပ်စိုးသောပိလတ်မင်းထက်လည်း ကြီးမြတ်သည်။ ရောမဘုရင်ကဲသာထက်လည်းကြီးမြတ်သည်။ ထိုမျှသာမက သူတို့အရင်အာဏာ တန်ခိုးကြီး ခဲ့ကြသော ဖါရောဘုရင်၊ နေဗုခဒ်နေဇာ၊ ကုရုမင်းတို့ထက်ကြီးမြတ်သည်။ ဣသရေလလူမျိုးများ၏ အလေးစားဆုံးဖြစ်သော မောရှေ၊ ဒါဝိဒ်မှစ၍ ပရောဖက်ရှာမွေလ၊ ဧလိယ၊ ဧလိရှဲ၊ ဟေရှာယ၊ ယေရမိ၊ ယေဇကျေလ၊ ဒံယေလတို့ထက်လည်း ကြီးမြတ်သည်။ အဘယ်ကြောင့် သခင်ယေရှုက ယောဟန်ကို အကြီးမြတ်ဆုံးဟုဆိုသနည်း။

 

ယောဟန်၏အဆင့်အတန်း

ဗတ္တိဇံယောဟန်သည်၊ အသက်ကြီးသော ယဇ်ပုရောဟိတ်ဇာခရိနှင့် ခလေးမရနိုင်သောဧလိရှဗက်တို့၏ အသက်ကြီး မှမွေးဖွားလာ သောသားဖြစ်သည်။ ယောဟန်သည် ကုလားအုပ်အမွှေးနှင့် ရက်သောအဝတ်ကိုဝတ်လျက်၊ ခါး၌သားရေခါးပန်းကိုစည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သော ပျားရည်ကိုစားလျက်နေ၏ (မဿဲ ၃း၄) ကုလားအုပ်အမွှေးသည်ကြမ်း၍ အထက်တန်းစားဝတ်သော အရာမဟုတ်။ ကျိုင်းကောင်နှင့်ပျားရည်စားခြင်းလည်း ဆင်းရဲခြင်းကိုပြသည်။ သူသည်မိဘများ အသက်ကြီးပြီးမှရသောသားဖြစ်သောကြောင့် သူအရွယ်ရောက်လာသောအခါ မိဘများကွယ်လွန်သွား ခြင်းကြောင့် ဆင်းရဲခြင်းဖြစ်နိုင်သည်။ သို့မဟုတ် ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မက်ဖွယ် သောနေ့ရက်ကြီး မရောက်မှီ၊ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။ (မာလခိ ၄း၅) ဟုဆိုသောကြောင့် ဧလိယကဲ့သို့ဝတ်ဆင်ခြင်းဖြစ်နိုင်သည်။

 

ယေရှုသည် ယောဟန်ကို အကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည် အဘယ်မည်သော အရာကို ကြည့်ရှုခြင်းငှါ တောသို့ ထွက်သွားကြ သနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ရှုခြင်းငှါ သွားသလော။ သို့မဟုတ် နူးညံ့သော အဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှါ သွားသလော။ နူးညံ့သော အဝတ်ကို ဝတ်ဆင်သော သူတို့သည် မင်းအိမ်၌ နေတတ်ကြ၏။ ပရောဖက်ကို ကြည့်ရှုခြင်းငှါ သွားသလော။ မှန်ပေ၏။ ပရောဖက်ထက် ကြီးမြတ်သောသူလည်း ဖြစ်သည်၊ ဟုငါဆို၏။(မဿဲ ၁၁း၇-၉) ခရစ်တော်၏စကားအရ နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူသည် မင်းအိမ်၌ရှိသည် ဟုဆိုသည်။ ယောဟန်သည် ကုလားအုပ်အမွှေးနှင့်ရက်သောအဝတ်ကို ဝတ်သောကြောင့် ဆင်းရဲသည် ဟုဆိုနိုင်သည်။ ထိုမျှသာမက ယောဟန်သည် တော၌နေ၍ ခရစ်တော်အတွက် နိုင်ငံတော်တည်ထောင် မည့်အကြောင်း မကြွေးကြော်မှီအထိ မထင်ရှားသောသူဖြစ်သည်။ သို့ဖြစ်လျှင် ခရစ်တော် ကသူ့ကို အဘယ်ကြောင့် မိန်းမဖွားသောသူတို့တွင် အကြီးမြတ်ဆုံး၊ ဟုဆိုသနည်း။

 

အကြီးမြတ်ဆုံးဘုရင်အတွက်အမှုဆောင်သောကြောင့်

ယောဟန်ကြီးမြတ်ခြင်းသည် အကြီးမြတ်ဆုံးသော ဘုရင်အတွက် ရှေ့တော်ပြေးအဖြစ် အမှုတော်ဆောင်သော ကြောင့်ဖြစ်သည်။ သူက၊ ကောင်းကင် နိုင်ငံတော်သည် တည်လုနီးပြီ။ ထိုကြောင့်နောင်တရကြလော့၊ ဟုယုဒတော၌ ဟောလေ၏ (မဿဲ ၃း၁-၂)။ နိုင်ငံတော်တည်ဘို့ရန် ဘုရင်ရှိဘို့လိုအပ်သည်။ ထိုဘုရင်နှင့်ပတ်သက်၍ ယောဟန်က၊ ငါသည် နောင်တအဖို့အလိုငှါ သင်တို့ကိုရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသောသူသည် ငါ့ထက်တတ်စွမ်းနိုင်၏။ ထိုသူ၏ ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှါငါမထိုက်၊ ဟုဆိုသည် (မဿဲ ၃း၁၁)။ သူ့နောက်ကြွလာသောသူသည် ခရစ်တော်ဖြစ်သည်။ ခရစ်တော်က ယောဟန်သည် အကြီးမြတ်ဆုံး၊ ဟုဆိုသကဲ့သို့ ယောဟန်ကလည်း ခရစ်တော်၏ ခြေနင်းတော်ကိုမျှ ငါမဆောင်ထိုက်၊ ဟုခရစ်တော်ကို အလွန်ချီးမြှောက်သည်။ ခရစ်တော်သည် သခင်တို့၏သခင်၊ ဘုရင်တို့၏ဘုရင် ဖြစ်တော်မူ၏၊ (ဗျာ ၁၇း၁၄။ ၁၉း၁၆) ဟုရေးထားသည်။ ထို့ကြောင့် ခရစ်တော်က ယောဟန်သည် အကြီးမြတ်ဆုံး၊ ဟုဆိုရာတွင် သူသည်အကြီးမြတ်ဆုံးဘုရင်ဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။

 

နေဟမိသည် ပေရသိရှင်ဘုရင်၏ ဖလားတော်ဝန်ဖြစ်သည်။ ဖလားတော်ဝန်သည် စားသောက်ဆိုင်၌စားပွဲထိုး သဘောမျိုးဖြစ်သည်။ စားပွဲထိုးအလုပ်သည် အရေးမကြီးချေ။ သို့သော်နေဟမိသည် အဘယ်ကြောင့်အရေးကြီးပြီး အာဏာရှိသနည်းဟူမူကား တန်ခိုးအာဏာကြီးသော အာတဇေရဇ်မင်းကြီး၏ ဖလားတော်ဝန်ဖြစ်သောကြောင့်ဖြစ်သည်။

 

 ယောဟန်သည်လည်း ဘုရင်တို့၏ဘုရင်အတွက် ရှေ့တော်ပြေးဖြစ်သောကြောင့် အကြီးမြတ်ဆုံး ဖြစ်သည်။ သင်သည်လည်း အမြင့်ဆုံးသော ဘုရားသခင်ယေရှုအတွက် အမှုတော်ဆောင်လျှင် ကြီးမြတ်သောသူဖြစ်ကြောင်း သိစေချင်သည်။ များစွာသောယုံကြည်သူများ အဘယ်ကြောင့် သခင်ယေရှုခိုင်းသော ဧဝံဂေလိကို မပြောချင်ကြသနည်း။ သခင်ယေရှုကို ကြီးမြတ်သည်ဟု မမြင် သောကြောင့်ဖြစ်သည်။ သင်သည်သခင်ယေရှုကို မည်ကဲ့သို့မြင်သနည်း။

 

ကောင်းကင်နိုင်ငံတော်တွင်အငယ်ဆုံး

အဘယ်ကြောင့် ခရစ်တော်က ယောဟန်သည် မြေကြီးပေါ်၌အကြီးဆုံး၊ ဟုဆိုသော်လည်း ကောင်းကင်နိုင်ငံတွင် အငယ်ဆုံး၊ ဟုဆိုသနည်း။ ကောင်းကင်နိုင်ငံသည် မြေကြီးပေါ်ထက် အလွန်ကြီးမြတ်ကြောင်း၊ ကောင်းကင်သားများလည်း အလွန်ကြီးမြတ်ကြောင်း သိစေလိုခြင်းဖြစ် သည်။ တောရွာ၌ အလှဆုံးသောအပျိုမသည် မြို့ပေါ်ရောက်သွားသောအခါ မည်သူကမျှ ဂရုမစိုက်တော့ချေ။ အကြောင်းမှာ မြို့ပေါ်၌ သူထက်လှသောအပျိုများစွာရှိ သောကြောင့်ဖြစ်သည်။ ခရစ်တော်က ကောင်းကင်နိုင်ငံတော်သည် မည်မျှခန်းနားကြီးကျယ်ပြီး နေထိုင်သောသူများလည်း မည်မျှကြီးမားကြကြောင်းကို သင်ပေးလိုခြင်းဖြစ်သည်။ သို့သော် လောကကိုသာသိသောလူသားများ အနေဖြင့် လောက၌သာကြီးမြတ်ချင်ပြီး ကောင်းကင်ကို မမျှော်မှန်းနိုင်ကြချေ။

 

ကောင်းကင်နိုင်ငံနှင့်အာဗြဟံ

အာဗြဟံသည် ကောင်းကင်ကြီးမြတ်ခြင်းကိုသိသောကြောင့် ဟေဗြဲရေးသောဆရာက၊ အာဗြဟံသည် အမွေခံရလတံ့သော ပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင် ခေါ်တော်မူသောအခါ၊ သူသည် အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင် မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။ သူတပါးပိုင်သော ပြည်၌ ဧည့်သည်နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သောပြည်၌၊ ယုံကြည်ခြင်းအားဖြင့် ဧည့်သည်ဖြစ်၍နေ၏။ ထိုဂတိတော်ကို အမွေခံရသော အဖေါ်အဘက်တည်းဟူ သော ဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲ၌နေလေ၏။ အကြောင်းမူကား ဘုရားသခင် တည်ထောင် ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ကို မြော်လင့်သတည်း (ဟေဗြဲ ၁၁း၈-၁၀) ဟုရေးသည်။ သမန်ကာရှံကာဖတ်လျှင် ဘုရားသခင်ကအာဗြဟံကို ခါနာန်ပြည်ကိုဂတိပေး၍ ခေါ်သည်ဟုတွေ့ရသည်။ သို့သော်ဟေဗြဲရေးသောသူက အာဗြဟံသည် ဘုရားသခင်တည်ထောင်ပြုစုတော်မူသော ခိုင်ခံ့မြဲမြံသောမြို့ကို မြော်လင့်သည်၊ ဟုဆိုသည်။ ထိုမြို့သည် ကောင်းကင်၌ရှိသည်။

 

ဟေဗြဲဆရာက အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်ပတ်သက်၍၊ ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည်၊ ဂတိတော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကိုမခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တကျွန်းသူတနိုင်ငံသား၊ ဧည့်သည်အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့်သေလွန်ကြ၏။ ထိုသို့ဝန်ခံသောသူတို့သည်၊ မိမိတို့အဘပြည်ကိုရှာကြသည်၊ ဟုအတည့်အလင်းပြောဆိုကြ၏။ ထိုသူတို့သည် အထက်က ထွက်သွားသောပြည်ကို၊ အောက်မေ့သည် မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသော အခွင့်ရှိကြ၏။ ထိုပြည်ကို မအောက်မေ့ဘဲ၊ ကောင်းကင်ပြည် တည်းဟူသော သာ၍ မြတ်သော ပြည်ကို၊ တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့၏ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကို ရှက်တော်မမူ၊ သူတို့နေစရာဘို့ မြို့ကို တည်ထောင်တော်မူပြီ (ဟေဗြဲ ၁၁း၁၃-၁၆) ဟုဆိုသည်။ သူတို့သည် သူတို့မူလပြည်တည်းဟူ သောဥရအရပ်သို့ ပြန်သွားနိုင်သည်။ အဘယ်ကြောင့်မပြန်သွားကြသနည်း။ သာ၍မြတ်သောကောင်း ကင်နိုင်ငံကို တောင့်တသောကြောင့် ဟုဆိုသည်။ သင်သည် ဤလောကကိုစွဲလမ်းသလော၊ ကောင်း ကင်ပြည်ကိုစွဲလမ်းသလော။ သင်၏အပြုအမူအနေထိုင်အားဖြင့် မည်သည့်နေရာကို စွဲလမ်းကြောင်း သက်သေပြနေသည်။

 

ကောင်းကင်နိုင်ငံအာဗြဟံရင်ခွင်

အာဗြဟံသည် အထက်၌ဖေါ်ပြသကဲ့သို့ ကောင်းကင်နိုင်ငံကို စွဲလမ်းသောကြောင့် ခရစ်တော်က ကောင်းကင်နိုင်ငံကို အာဗြဟံ၏ရင်ခွင် ဟုဤကဲ့သို့ဆိုသည်၊ လာဇရု အမည်ရှိသောသူ ဆင်းရဲတယောက်သည်၊ တကိုယ်လုံး၌ အနာစိမ်းပေါက်၍၊ သူဌေး၏ စားပွဲမှကျသော စားနုပ်စားပေါက်ကို စားပါရစေ၊ ဟုတောင့်တသော စိတ်နှင့် သူဌေးအိမ် တံခါးနားမှာ တုံးလုံးနေ၏။ ခွေးတို့သည် လာ၍ အနာစိမ်းများကို လျက်ကြ၏။ တနေ့သ၌ ထိုဆင်းရဲသားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ရင်ခွင်သို့ ပို့ဆောင်ကြ၏။ (လုကာ ၁၆း၂၀-၂၂)

 

တဖန်၊ ရောမတပ်မှူးက သခင်ယေရှုကို မှန်ကန်စွာမြင်၍ ယုံကြည်သောအခါ၊ ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့ (မဿဲ ၈း၁၁) ဟုဆိုသည်။

 

ရှေးယုံကြည်သူများ၏အမြင်

ဆက်၍၊ အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ခြည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်းကိုခံရကြ၏။ ကျောက်ခဲနှင့်ပစ်ခြင်း၊ လွှနှင့်အပိုင်းပိုင်း တိုက်ဖျက်ခြင်း၊ စုံစမ်းနှောင့်ယှက်ခြင်း၊ ဓါးလက်နက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ အလွန်ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံလျက်၊ သိုးရေ၊ ဆိတ်ရေကိုဝတ်၍ လှည့်လည်ရကြ၏။ ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်းထဲမှာ အပြောင်းပြောင်း အလည်လည် နေရကြ၏။ (ဟေဗြဲ ၁၁း၃၆-၃၈) ရှေးယုံကြည်သူများအမြင်၌ ဤလောကသည် သူတို့နှင့်မထိုက်မတန်၊ ဟုမြင်သည်။ သင့်အတွက် ဤလောကသည် နေဘို့ရန်အလွန်ထိုက်တန်ပါသလော။ စဉ်းစားမိဘူးပါသ လော။ မြန်မာပြည်တွင် နယ်မှနိုင်ငံခြားသွားမည့်သူများသည် မိမိအိမ်၌ အိမ်ကြီးအိမ်ကောင်းနှင့် နေနိုင်သော်လည်း နိုင်ငံခြားသွားချင်လွန်းသောအခါ ရန်ကုန်မြို့၌အိမ်ခန်းငယ်လေးမှစောင့်နိုင်သည်။ အကြောင်းမှာ နိုင်ငံခြားရောက်သောအခါ အတိုးချဇိမ်ခံနိုင်မည်၊ ဟုသိနေသောကြောင့်ဖြစ်သည်။

 

ပေါလု၏လောကအမြင်

ပေါလုကလည်း ထိုသခင်သည် ငါတို့အဘတည်းဟူသော ဘုရားသခင်၏ အလိုတော်နှင့်အညီ၊ ဆိုးညစ်သော ပစ္စုပ္ပန်ဘဝမှ ငါတို့ကို ကယ်နှုတ်ခြင်းငှါ၊ ငါတို့အပြစ်ကြောင့် ကိုယ်ကိုကိုယ် အပ်ပေးတော်မူ၏၊ (ဂလာတိ ၁း၄) ဟုရေးထားသည်။ ပေါလုက၊ ဤလောကကို ဆိုးညစ်သည်၊ ဟုမြင်သည်။ သင်သည် ဤလောကကို မည်ကဲ့သို့မြင်သနည်း။ သင်မြင်သည့်အတိုင်း အသက်ရှင်မည်။ ဤလောကသည်အလွန်ကောင်းသည်ဟုမြင်လျှင် ကောင်းကင်နိုင်ငံကို မျှော်လင့်နိုင်မည်မဟုတ်၊ ဤလောက၌အသားကုန်ချမ်းသာပြီးဇိမ်ခံပျော်ပါးချင်မည်။ ရှေးယုံကြည်သူများကဲ့သို့ ဤလောကသည် ဇိမ်ခံဘို့ရန်မထိုက်တန်ဟုမြင်လျှင် ကောင်းကင်ကိုမျှော်မှန်းပြီးအသက်ရှင်မည်။

 

နိုင်ငံတော်ကိုမြေကြီးပေါ်၌တည်ထောင်မည်

ယောဟန်နှင့် ခရစ်တော်ကြွေးကြော်သောနိုင်ငံတော်သည် မြေကြီးပေါ်၌ တည်ထောင်ဘို့ဖြစ်သည်။ ထိုတကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တပါးအမျိုးသားတို့ရှိရာသို့ မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့်။ ဣသရေလအမျိုး၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့။ သွားစဉ်တွင်၊ ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ၊ ဟုသတင်း ကြားပြောကြလော့၊ (မဿဲ ၁၀း၅-၇) ဟုဆိုသောကြောင့် နိုင်ငံတော်သည် တပါးအမျိုးသားများမပါဘဲ ဣသရေလလူမျိုးများနှင့်သာ ခါနာန်ပြည်၌တည်ထောင်ဘို့ဖြစ်သည်။

 

နိုင်ငံတော်၌မကျန်းမာသောသူမရှိရ

ဘုရင်ယေရှုတည်ထောင်မည့်နိုင်ငံ၌ အားလုံးကျန်းမာရမည့်အကြောင်း ဓမ္မဟောင်းကျမ်း၌ ဤကဲ့သို့ ဟောထားပြီးဖြစ်သည်၊ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့် လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆို ကြလိမ့်မည် (ဟေရှာယ ၃၅း၅-၆)။ ထိုသို့နှင့်အညီ တပည့်တော်တို့ထံ ဤသို့မှာခဲ့သည်၊ နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့ (မဿဲ ၁၀း၈)။ ထို့ကြောင့်ယောဟန် စေလွှတ်သောတပည့်နှစ်ယောက်ထံ ယေရှုကသင်တို့သည် ကြားရသမျှ မြင်ရသမျှ တို့ကိုသွား၍ ယောဟန်အား ကြားလျှောက်ကြလော့။ မျက်စိကန်းသော သူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသော သူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့ သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသော သူတို့သည် နားကြားရကြ၏။ သေသော သူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာ သတင်းကို ကြားရကြ၏ (မဿဲ ၁၁း၄-၅) ဟုသူလုပ်ဆောင်သောအရာအားဖြင့် သူသည်သူတို့ မျှော်လင့်သောသူဖြစ်ကြောင်းကို သက်သေပြ လိုက်သည်။

 

ခါနာန်အမျိုးသမီး၏အမြင်

ခါနာန်အမျိုးသမီးက သခင်ယေရှုကို ကျန်းမာစေနိုင်သော ရှင်ဘုရင်အဖြစ်မြင်ကြောင်း ကျမ်းစာ၌ ဤသို့တွေ့ရသည်၊ ခါနာန်အမျိုးဖြစ်သော မိန်းမတယောက်သည် ထိုနယ်စပ်မှထွက်လာ၍၊ ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်၊ ဟုဟစ်ကြော်သော်လည်း စကားတခွန်းမျှ ပြန်တော်မမူ (မဿဲ ၁၅း၂၂) အဘယ်ကြောင့် ခါနာန်အမျိုးသမီးက ယေရှုကို ဒါဝိဒ်၏သားတော်ရှင် ဟုခေါ်သနည်း။ သူ့ကိုရှင်ဘုရင်အဖြစ်မြင်၍ နတ်ဆိုးတို့ကိုနိုင်ကြောင်းသိသောကြောင့်ဖြစ်သည်။ အဘယ်ကြောင့် သခင်ယေရှုကသူ့ကို စကားတခွန်းမျှပြန်တော်မမူသနည်း။ ကိုယ်တော်ကလည်း၊ ဣသရေလ အမျိုးအဝင် ပျောက်လွင့်သော သိုးများမှတပါး အခြားသော အမျိုးရှိရာသို့ ငါ့ကို မစေမလွှတ်၊ ဟုမိန့်တော်မူ၏ (မဿဲ ၁၅း၂၄) သူသည်ဣသရေလအမျိုးအတွက်သာ လာသောကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ တပါးအမျိုးသားများအတွက် ခွဲတမ်းမရှိ၊ အကျိုးခံစားခွင့်မရှိ၊ ဟုဆိုလိုခြင်းဖြစ်သည်။

 

ထိုမိန်းမသည် ချဉ်းကပ်၍ ပြပ်ဝပ်လျက် ကျွန်မကို ကယ်မတော်မူပါ သခင်၊ ဟုလျှောက်ပြန်လျှင်၊ ကိုယ်တော်က၊ သား၏အစာကို ယူ၍ ခွေးအားမပေး၊ မချအပ်၊ ဟုပြန်ပြောတော်မူ၏။ မိန်းမကလည်း မှန်ပါ၏ သခင်၊ ခွေးမည်သည်ကား မိမိသခင်၏ စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏၊ ဟုလျှောက်ပြန်လျှင်၊ အိုမိန်းမ၊ သင်သည် ယုံကြည်အား ကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေ၊ ဟုမိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏ သမီးသည် ကျန်းမာပကတိ ဖြစ်လေ၏။ (မဿဲ ၁၅း၂၆-၂၈) အဘယ်ကြောင့် ခါနာန်အမျိုး သမီးက ဆက်၍တောင်းလျှောက်နေသနည်း။ သူလိုချင်သောအရာကို သခင်ယေရှုက ပေးနိုင်ကြောင်း ကောင်းစွာသိ သောကြောင့်ဖြစ်သည်။ သခင်ယေရှုက ခါနာန်အမျိုးသမီးကို ခွေးနှင့်နှိုင်းထားသည်။ သို့သော်ထိုအမျိုးသမီးသည် စိတ်ပျက်ပါသလော။ လုံးဝမပျက်ပါ။ သူ့ကိုခွေးနှင့်နှိုင်းသော်လည်း မရမကတောင်းသည်။ ထိုအခါ၊ သခင်ယေရှုပင်လျှင် အံ့ဩအရှုံးပေး၍ အိုမိန်းမ ဟုဆိုသည်။ နိုင်ငံတော်သားများဖြစ်ကြသော ဣသရေလအမျိုးများက သခင်ယေရှုကို သူဖြစ်သည့်အတိုင်းမမြင်နိုင်ချိန်တွင် ခါနာန်အမျိုးသမီးက ကောင်းစွာမြင်နိုင်ခြင်းသည် အံ့ဩစရာကောင်းသည်။ ထို့ကြောင့်ထိုအမျိုးသမီးသည် သူလိုချင်သောအရာကိုရရှိသည်။ သူ့သမီးထဲမှနတ်ဆိုးသည်ထွက်သွား၍ ပကတိကျန်းမာခြင်းသို့ရောက်သွားသည်။ သင်သည် ဣသရေလအမျိုးကဲ့သို့ဖြစ်သလော၊ သို့မဟုတ်ခါနာန်အမျိုးသမီးကဲ့သို့မြင် သောသူဖြစ်ပါသလော။ သင်၏အကျင့်အကြံအပြုအမူအားဖြင့် ထင်ရှားလိမ့်မည်။

 

အမှန်မှာ သခင်ယေရှုနှင့်ဒါဝိဒ်သည် နှစ်ပေါင်း တထောင်ကွာခြားပြီးသည်သာမက သခင်ယေရှုသည် လူ့အမြင်၌ လက်သမားဆင်းရဲသားဖြစ်သည်။ ထို့ကြောင့် လူအစုအဝေး အပေါင်းတို့သည် မိန်းမော တွေဝေ၍၊ ဤသူသည် ဒါဝိဒ်၏သားတော်ဖြစ်လိမ့်မည်လော၊ ဟုပြောဆိုကြ၏ (မဿဲ ၁၂း၂၃)။ သူ့လူမျိုးများက ထိုကဲ့သို့အထင်မကြီး၊ နားမလည်နိုင်ချိန်တွင် ခါနာန်အမျိုးသမီးက နားလည်သော ကြောင့် ဒါဝိဒ်၏သားတော်၊ ဟုခေါ်ပြီးအခွင့်အရေးကို မရမကယူခြင်းဖြစ်သည်။ ကျွန်ုပ်တို့လည်း ဣသရေလလူများကဲ့သို့ သခင်ယေရှုကို နားမလည်၊ အခွင့်အရေးကိုမယူတတ်သောသူများ ဖြစ်ကြ သလော၊ သို့မဟုတ် ခါနာန်အမျိုးသမီးကဲ့သို့ နားလည်ပြီးသူ့အမှုတော်ကိုဆောင်၍ ကောင်းကြီး ခံစားသောသူဖြစ်ကြသလော။

 

နိုင်ငံတော်သားဖြစ်ရန်နောင်တရရမည်

သခင်ယေရှုတည်ထောင်မည့်နိုင်ငံတော်၌ နိုင်ငံသားဖြစ်ဘို့ရန် နောင်တရဘို့လိုအပ်သည်။ ယောဟန်က၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။ ထိုကြောင့် နောင်တရကြလော့၊ ဟုယုဒတော၌ ဟောလေ၏၊ (မဿဲ ၃း၁-၂)။ ထိုအခါ ယေရုရှလင်မြို့မှစ၍ ယုဒပြည်သူပြည်သား၊ ယော်ဒန်မြစ်နားမှာ နေသောသူ အပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍၊ မိမိတို့အပြစ်များကို ဖော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံကိုခံကြ၏ (မဿဲ ၃း၅-၆) ယောဟန်က ယုဒပြည်သူပြည်သားတို့ကို နောင်တရခြင်း၏အမှတ်အသားအဖြစ် ရေ၌ဗတ္တိဇံပေးသည်။ ထို့ကြောင့် ထိုသူများသည် နိုင်ငံတော် သားများဖြစ်ကြသည်။

 

 သို့သော် ဖာရိရှဲနှင့် ဇဒ္ဒုကဲအများတို့သည် ဗတ္တိဇံကိုခံအံ့သောငှါ လာကြသည်ကို ယောဟန်သည်မြင် လျှင်၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသော ဘေးဒဏ်မှ ပြေးသွားစိမ့်သောငှါ၊ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။ နောင်တရခြင်းနှင့် ထိုက်တန်သော အကျင့်ကို ကျင့်ကြလော့(မဿဲ ၃း၇-၈) ဟုဆိုသည်။ အဘယ်ကြောင့် ယောဟန်က ဖာရိရှဲနှင့်ဇဒ္ဒုကဲများကို ဗတ္တိဇံမပေးသည်သာမက၊ အချင်းမြွေဆိုးအမျိုးဟု ဆိုသနည်း။ အကြောင်းမှာ အပြစ်များကိုမဖေါ်ပြ၊ နောင်တမရကြသော ကြောင့်ဖြစ်သည်။

 

အဘယ်ကြောင့်နောင်တမရကြသနည်း

ဖာရိရှဲနှင့်ဇဒ္ဒုကဲများတို့သည် ဘုရားဖက်၌စိတ်အားကြီးပြီး ကျမ်းတတ်ပုဂိုလ်များဖြစ်ကြသောကြောင့် နောင်တရစရာမလို၊ ဟုယူဆကြခြင်းဖြစ်မည်။ သူတို့၏စိတ်ထားကို ယောဟန်က ထိုးဖေါက်မြင်နိုင် သည်။ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကို ထုတ်ဖော် ဖန်ဆင်းနိုင်တော်မူသည်၊ ဟုငါအမှန်ဆို၏ (မဿဲ ၃း၉)။ သူတို့အနေဖြင့် အာဗြဟံသားဖြစ်သောကြောင့် အလိုအလျောက် နိုင်ငံတော်သားဖြစ်ကြပြီ၊ နောင်တရပြီး အပြစ်ဖေါ်ပြနေစရာမလို၊ ထင်ကြသည်။

 

ထို့ကြောင့် ယောဟန်က၊ သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍၊ ကောင်းသော အသီးမသီးသော အပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ချလိုက်ရ၏။ ငါသည်နောင်တအဖို့အလိုငှါ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသောသူသည် ငါ့ထက်တတ်စွမ်းနိုင်၏။ ထိုသူ၏ ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှါ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။ လက်တော်တွင်စံကောပါလျက်၊ မိမိကောက်နယ်တလင်းကို ရှင်းလင်းစေ သဖြင့်၊ မိမိဂျုံစပါးကို ကျီ၌စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့်ရှို့တော်မူလတံ့၊ ဟုယောဟန် ဟောပြော၏ (မဿဲ ၃း၁၀-၁၂)။ ဖာရိရှဲနှင့်ဇဒ္ဒုကဲများကို ယောဟန်က ဗတ္တိဇံပေးမည့် အစား တရားစီရင်ခြင်းခံရမည့်အကြောင်းကို ပြောလိုက်သည်။ သူတို့သည် သစ်ပင်ဖြစ်၍ ပုဆိန်က ခုတ်လှဲကာ မီးထဲသို့ချလိုက်သကဲ့သို့၊ သခင်ယေရှုက တရားစီရင်မည့်အကြောင်း ပြောလိုက်သည်။ သူတို့သည် စပါးအဖျင်းကဲ့သို့ဖြစ်၍ မငြိမ်းနိုင်သောမီးနှင့်ရှို့ခြင်းခံမည်၊ ဟုဆိုသည်။ သင်သည် အသီးမသီးသောအပင်ကဲ့သို့ ခုတ်လှဲခြင်းသော်၎င်း၊ စပါးအဖျင်းကဲ့သို့ မီးထဲရှို့ခြင်းကို၎င်း၊ ခံမည့်သူ ဖြစ်နေပါသလော။

 

သခင်ယေရှုဗတ္တိဇံခံ

ထိုအခါ ယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှါ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော်မူ၏။  ယောဟန်ကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကို ခံရမည်အကြောင်း ရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလော၊ ဟုယေရှုကို ဆီးတားလေ၏။ ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍၊ ယခုအခွင့်ပေးပါ၊ ဟုပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏ (မဿဲ ၃း၁၃-၁၅) ယောဟန်က ယုဒလူများကို ဗတ္တိဇံပေးခဲ့သည်။ ဖာရိရှဲနှင့်ဇဒ္ဒုကဲများကိုမူ ဗတ္တိဇံမပေးသည်သာမက၊ တရားစီရင်ခြင်းခံရမည့်အရာကို သတိပေးလိုက်သည်။ ထိုနေ့တွင် သခင်ယေရှုလည်း ဗတ္တိဇံခံဘို့ရန် ယောဟန်ထံသို့ ကြွတော်မူသည်။ အစ၌ယောဟန်က အားနာသောကြောင့် ငြင်းဆိုခဲ့သည်။ သို့သော်၊ သခင်ယေရှုက အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သောကြောင့် ခံပေးဘို့ပြောသောအခါ ခံပေးလိုက်သည်။ သခင်ယေရှုဗတ္တိဇံခံခြင်းသည် သူပြောသကဲ့သို့ အလုံးစုံသောတရားတို့ကို ကျင့်သင့် သောကြောင့်သာမက၊ သူသည် ဘုရားသားဖြစ်ကြောင်း ထင်ရှားဘို့ရန်ဖြစ်သည်။ ယေရှုသည် ဗတ္တိဇံကို ခံတော်မူပြီးလျှင်၊ ရေမှပေါ်ထစဉ်တွင် ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကိုမြင်ရ၍၊ ဤသူကားငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း၊ ဟုကောင်းကင်က အသံတော်ဖြစ်လေ၏ (မဿဲ ၃း၁၆-၁၇)။

 

ယောဟန်ကယေရှုကိုမသိခဲ့

ထိုအရာနှင့်ပတ်သက်၍ ယောဟန်ကဤသို့ဆိုသည်၊ အစကထိုသူကိုငါမသိ။ ရေ၌ဗတ္တိဇံကို ပေးစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူသောသူက၊ အကြင်သူ၏အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍ နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကား၊ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကို ပေးသောသူပေတည်း၊  ဟုမိန့်တော်မူသည်နှင့်အညီ၊ ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏  သားတော်ဖြစ်တော်မူကြောင်းကို၊ သက်သေခံသည်၊ ဟုယောဟန်ဆိုလေ၏ (ယော ၁း၃၃-၃၄)။ သခင်ယေရှုဗတ္တိဇံခံခြင်းအကြောင်းရင်းတခုသည် သူသည်ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို ထင်ရှားစေဘို့ဖြစ်သည်။ ယေရှုသည် ယုဒလူများကဲ့သို့ နောင်တရဘို့လိုသလော။ မလိုပါ။ ယောဟန်က သခင်ယေရှုကို ဗတ္တိဇံပေးဘို့ အစ၌ငြင်းခြင်းသည် ဖာရိရှဲနှင့်ဇဒ္ဒုကဲများကဲ့သို့ စိတ်နှလုံးမသန့်ရှင်းသော ကြောင့်လော။ မဟုတ်ပါ။ သူ့ကိုအားနာသောကြောင့်ဖြစ်သည်။ နောက်ပိုင်း၌သူ့ကိုဗတ္တိဇံပြန်ပေးလိုက် သည်။

 

ကောင်းကင်နိုင်ငံဝင်ခွင့်ဗီဆာ

ယောဟန်ကျေညာသော ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်၌မဟုတ်ဘဲ ယုဒပြည်၌တည်ထောင် မည်ဖြစ်သောကြောင့် ယနေ့ခရစ်ယာန်များ ဟောပြောသော ဒုတိယအကြိမ်မွေးဖွားခြင်းနှင့်မတူပါ။ ထို့ကြောင့် ဝင်ခွင့်ဗီဆာလည်း နောင်တရခြင်းဖြစ်သည်။ သို့ဖြစ်လျှင်မည်ကဲ့သို့သောအရာများကို နောင်တရရမည်နည်း။ လူအစုအဝေးကလည်း သို့ဖြစ်လျှင်၊ အကျွန်ုပ်တို့သည် အဘယ်သို့ ပြုရပါမည်နည်း၊ ဟုမေးလျှောက်ကြသော်၊ ယောဟန်က၊ အင်္ကျီနှစ်ထည် ရှိသောသူသည် အင်္ကျီမရှိသောသူအားမျှစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေ၊ ဟုပြန်ပြော၏။ အခွန်ခံသူတို့သည် ဗတ္တိဇံကိုခံခြင်းငှါလာ၍၊ ဆရာ၊ အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်း၊ ဟုမေးလျှောက်ကြလျှင်၊ သင်တို့သခင်သည် ခွဲဝေစီမံသည်ထက် သာ၍မခွဲမခံကြနှင့်၊ ဟုပြန်ပြော၏။ စစ်သူရဲတို့ကလည်း အကျွန်ုပ်တို့သည်၊ အဘယ်သို့ ပြုရပါမည်နည်း၊ ဟုမေးလျှောက်ကြလျှင်၊ သင်တို့သည် အဘယ်သူကိုမျှ၊ အနိုင်အထက်မပြုကြနှင့်။ အဘယ်သူကိုမျှမလျှပ်ကြနှင့်။ ကိုယ်ရသောအခနှင့် ရောင့်ရဲကြလော့၊ ဟုပြန်ပြော၏ (လု ၃း၁၀-၁၄)

 

ကောင်းကင်နိုင်ငံတော်ကိုအနိုင်အထက်ပြု

ဗတ္တိဇံဆရာယောဟန် လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက် ပြုကြ၏။ အနိုင်အထက်ပြုသော သူတို့သည်လည်း လုယူဝင်စားရကြ၏။ ယောဟန်မရောက်မှီတိုင် အောင် ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းရှိသမျှတို့သည် ဆုံးမဩဝါဒပေးကြ၏ (မဿဲ ၁၁း၁၂-၁၃)

 

ဗတ္တိဇံဆရာယောဟန် လက်ထက်မှစ၍ ယခုတိုင်အောင် ဟုဆိုရာတွင် အချိန်အနည်းငယ်သာဖြစ်သည်။ ယောဟန်သည် အေဒီ ၃၀ ပတ်ဝန်ကျင်တွင် စတင်၍ လပိုင်းသို့မဟုတ်တနှစ်လောက်သာ ခရစ်တော်အ တွက်အမှုတော်ဆောင်ခဲ့သည်။ အဘယ်ကြောင့် သခင်ယေရှုက ဗတ္တိဇံဆရာယောဟန် လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုကြ၏အနိုင်အထက်ပြုသော သူတို့သည် လည်း လုယူဝင်စားရကြ၏၊ ဟုဆိုသနည်း။ ကောင်းကင်နိုင်ငံတော် တည်ထောင်လုနီးပြီ၊ ဟုယောဟန် က ကျေညာသောအခါ၊ ယုဒလူများသာမက၊ ဖါရိရှဲများနှင့်ဇဒ္ဒုကဲများလည်း ဝင်ချင်လာကြသည်။

 

ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုကြ၏။ အနိုင်အထက်ပြုသော သူတို့သည်လည်း လုယူဝင်စားရကြ၏။ ကောင်းကင်နိုင်ငံတော်ကို မည်သူတို့က မည်သို့အနိုင်အထက်ပြုကြသနည်း။ အနိုင်အထက်ပြု သောသူတို့သည် မည်ကဲ့သို့လုယူဝင်စားရကြသနည်း။ ခရစ်တော်ဆိုလိုသော သူတို့သည် ဖာရိရှဲများနှင့်ဇဒ္ဒုကဲများဖြစ်သည်။ သူတို့လည်း ကောင်းကင်နိုင်ငံတော် ထဲသို့ဝင်ချင်သော်လည်း ယောဟန်နှင့်ခရစ်တော်ဟောပြောသကဲ့သို့ နောင်တရခြင်းမရှိ။ ငါတို့သည် အာဗြဟံသားများဖြစ်ကြသောကြောင့် အလိုအလျောက် ကောင်းကင်နိုင်ငံတော်သားများဖြစ်ကြသည်၊ ဟုယူဆကြသည်။ ထို့ကြောင့်ကောင်းကင်နိုင်ငံတော်ကို အုပ်စိုးမည့်ရှင်ဘုရင်ယေရှုနှင့် တချိန်လုံး ငြင်းခုံရန်တွေ့နေကြခြင်းဖြစ်သည်။

 

ယုဒဘုရင်ကိုဂရုမစိုက်

အရှေ့ပြည်မှ ပညာရှိများက၊ ယခုဖွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာရှိတော်မူသနည်း။ (မ ဿဲ ၂း၂) ဟုမေးသောအခါ၊ ထိုဆရာတို့ကလည်း၊ ပရောဖက်တဦး ရေးထားသော အချက်ဟူမူကား၊ အိုယုဒပြည် ဗက်လင်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်းမူကား၊ ငါ၏လူစု ဣသရေလအမျိုးကို အုပ်စိုးရသော သခင်သည် သင်၏အထဲမှာ ပေါ်ထွန်းလတံ့၊ ဟုကျမ်းလာရှိပါ၏။ ထိုကြောင့် ယုဒပြည် ဗက်လင်မြို့၌၊ ခရစ်တော်ကို ဖွားမြင်ရပါမည်၊ ဟုမင်းကြီးအား ပြန်ကြားလျှောက်ထားကြ၏ (မဿဲ ၂း၅-၆) ထိုသို့ ယုဒရှင်ဘုရင် မွေးမည့်နေရာကို ချက်ချင်းပြောနိုင်သော်လည်း ဖူးတွေ့ကိုးကွယ်ခြင်းငှါရှာကြသလော။ လုံးဝမရှာကြပါ။ အဘယ်ကြောင့်မရှာကြသနည်း။ ယေရှုကိုသူတို့၏ ရှင်ဘုရင်အဖြစ် လက်မခံကြသော ကြောင့်ဖြစ်သည်။ သင်သည်လည်းနှစ်စဉ်နှစ်တိုင်း ခရစ်တော်၏မွေးနေ့ ဟုလူများသတ်မှတ်သော ခရစ္စမတ်နေ့၌ ပွဲကျင်းပတတ်သော်လည်း သူ့ကိုသင်၏ရှင်ဘုရင်အဖြစ် လက်ခံပါသလား။ လက်ခံလျှင် သူ၏အလိုတော်ဆောင်ခြင်းသည် သင်၏အဓိကဦးစားပေးဖြစ်လိမ့်မည်။ သူခိုင်းသောအရာကို ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်မည်ဖြစ်သည်။

 

မုဆိုးမအိမ်လုယူသိမ်းစား

ဖာရိရှဲတို့သည် မည်ကဲ့သို့နိုင်ငံတော်ကို လုယူဝင်စားကြသနည်း။ ခရစ်တော်က၊ ဟန်ဆောင် သော ကျမ်းပြုဆရာ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုဆိုးမအိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထိုကြောင့် သာ၍ကြီးစွာသောဒဏ်ကို ခံရကြလတံ့ (မဿဲ ၂၃း၁၄)၊ ဟုဆိုသည်။ မုဆိုးမတို့က ဖာရိရှဲတို့ကို ဘုရားသခင်၏လူ၊ နိုင်ငံတော်၌လူကြီးများ ဟုယူဆသောကြောင့် သူတို့စုဆောင်းထားသော ဘဏ္ဍာများ ကိုရက်ရောစွာ ပေးလှူတတ်ကြသည်။ ဖာရိရှဲများက မုဆိုးမများကို မလုယူပါ၊ သူတို့ကိုယ်တိုင် ကျေနပ် စွာဖြင့် ပေးလှူကြသည်မဟုတ်ပါလော။ သို့ဖြစ်လျှင် အဘယ်ကြောင့် သခင်ယေရှုက မုဆိုးမအိမ်ကို လုယူသိမ်းစားသည် ဟုဆိုသနည်း။ အကြောင်းမှာ သူတို့သည် နိုင်ငံတော်သားများဖြစ်သော်လည်း နိုင်ငံ တော်ထဲ ဝင်ခွင့်မရသောသူများဖြစ်ကြသည်။ ခရစ်တော်က သူတို့နှင့်ပတ်သက်၍ ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင် နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့။ နိုင်ငံတော်သား တို့သည်လည်း ငိုကြွေးခြင်း၊ အံသွား ခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ နှင်ချခြင်းကို ခံရကြလတံ့ဟု နောက်တော်သို့ လိုက်သော သူတို့အား မိန့်တော်မူပြီး(မဿဲ ၈း၁၁-၁၂) ဟုဆိုခဲ့သည်။

 

နိုင်ငံတော်အုပ်ချုပ်မည့်ဘုရင်ကိုသတ်

ယဇ်ပုရောဟိတ်များ၊ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့သည် ဘာသာရေးခေါင်း ဆောင်များဖြစ်ကြသော်လည်း ဘုရင်ယေရှုကို လက်မခံကြပါ။ သို့သော် နိုင်ငံတော်၏အရေးပါသော အခန်းကဏ္ဍမှ ဘုရင်ခွင့်ပြုချက်မရဘဲ လှူပ်ရှားနေကြသည်။ နောက်ဆုံး၌ ပိလတ်မင်းက၊ ယုဒရှင်ဘုရင်၊ ဟုသင်တို့ ခေါ်ဝေါ်သောသူကို၊ အဘယ်သို့ ပြုရမည်နည်း၊ ဟုမေးပြန်သော်၊ ထိုသူအပေါင်းတို့က၊ သူ့ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ဟုဟစ်ကြ၏။ (မာကု ၁၅း၁၂-၁၃)။ တဖန်၊ ပိလတ်မင်းကလည်း၊ သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့၊ ဟုယုဒလူတို့အားပြောဆိုလျှင်၊ ထိုသူကိုထုတ်ပါ၊ ထုတ်ပါ၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ဟုလူများဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း သင်တို့၏ရှင်ဘုရင် ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားရမည်လော၊ ဟုမေးပြန်လျှင်၊ ယဇ်ပုရောဟိတ် အကြီးတို့က၊ အကျွန်ုပ်တို့၌ ကဲသာဘုရင်မှတပါး အဘယ်ရှင်ဘုရင်မျှမရှိပါ၊ ဟုပြန်ပြောကြ၏(ယော ၁၉း၁၄-၁၅) အမှန်မှာလူထုက သခင်ယေရှုကို ရှင်ဘုရင်အဖြစ်လက်ခံခဲ့သော်လည်း ဘာသာရေးခေါင်းဆောင်များ ကလက်မခံသောကြောင့် ဘိသိက်မပေးကြချေ။ သင်သည်ထိုဘာသာရေးခေါင်းဆောင်များကဲ့သို့ လူများက သခင်ယေရှုလက်ခံဘို့ကို ဟန့်တားနေသော အမှုတော်ဆောင်ဖြစ်နေပါသလော။ သို့မဟုတ် ဘာသာရေးခေါင်းဆောင်များ၏ လိမ်လည်လှည့်ဖျားမှုကို ယုံကြည်ပြီး သခင်ယေရှုကိုငြင်းပယ်သောသူ ဖြစ်ပါသလော။ သေချာစွာစဉ်းစားပါ။

 

သေခါနီးလူဆိုးနှစ်ယောက်

ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကို၎င်း၊ ငါတို့ကို၎င်း၊ ကယ်တင်လော့၊ ဟုကိုယ်တော်ကို ကဲ့ရဲ့၍ ဆိုလေ၏။ တယောက်မူကား၊ မိမိအဖေါ်ကို ဆုံးမ၍၊ သင်သည် ဤသူနည်းတူ အပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။ ငါတို့သည် ကိုယ်ပြုမိသော အပြစ်နှင့် အလျောက်ခံရသည် ဖြစ်၍၊ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊ သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ၊ ဟုယေရှုကို လျှောက်ဆို၏။ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်၊ ဟုမိန့်တော်မူ၏။ (လုကာ ၂၃း၃၉-၄၃)

 

ယေရှုခရစ်အသတ်ခံချိန်တွင် လက်ဝဲလက်ျာ၌ လူဆိုးနှစ်ယောက်လည်း အသတ်ခံကြသည်။ ထိုနှစ် ယောက်အထဲ၌တယောက်သည် သေခါနီးအထိ သခင်ယေရှုကို လက်မခံ ပျက်ရယ်ပြုခဲ့သည်။ ထိုလူဆိုး သည် သေသည်အထိ သခင်ယေရှုကို လက်မခံမည့်သူများကို ပုံဆောင်သည်။ သင်သည်၊ ထိုလူဆိုးကဲ့ သို့သောသူဖြစ်ပါသလော။ နောင်တရပါ။ လူဆိုးတယောက်သည် သေခါနီးမှ သခင်ယေရှုကို ယုံကြည် လက်ခံသည်သာမက နိုင်ငံတော်တည်ထောင်ဦးမည့်ရှင်ဘုရင်အဖြစ် ယုံကြည်လက်ခံသည်။ ထို့ကြောင့် ထိုနေ့တွင် သခင်ယေရှုက ကောင်းကင်ဝင်ခွင့်ဗီဆာကို ပေးလိုက်သည်။ ထိုလူဆိုးထံသခင်ယေရှုက၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်၊ ဟုဆိုသည်။ ထိုလူဆိုးသည် အသေသတ်ခြင်း ခံရလောက်အောင် အပြစ်ကြီးသော်လည်း မသေမှီ သခင်ယေရှုကို လက်ခံလိုက်သောကြောင့် ကိုယ်ခန္ဓာသေသော်လည်း ထိုနေ့တွင်ပင် ကောင်းကင်သို့ရောက်သွားသည်။ ထို့ကြောင့် အသက်ရှင်ရ ကျိုးနပ်သည်။ သင်လည်းထိုလူဆိုးကဲ့သို့ ယခုပင် သခင်ယေရှုကို ရှင်ဘုရင်အဖြစ်လက်ခံလိုက်ပါ။ ကောင်းကင်နိုင်ငံဝင်စားခွင့်ချက်ချင်းပေးပါလိမ့်မည်။

 

ဂလာတိ

၁။ ထိုကြောင့် ခရစ်တော်သည် ငါတို့ကို လွှတ်တော်မူသောလွှတ်ခြင်း အခွင့်၌တည်နေသဖြင့်၊ ကျွန်ခံရာထမ်းပိုးကိုထမ်း၍ ချည်နှောင်ခြင်းကို တဖန်မခံကြနှင့်။

ဤကျမ်းသည် အခန်း ၏ အဆက်ဖြစ်သည်။ အခန်း ၌ ယုံကြည်သူများသည် ကျွန်မဟာဂရ၏သား ဣရှမေလကဲ့သို့မဟုတ်၊ ကျွန်မ မဟုတ်သော စာရာ၏သား ဣဇက်ကဲ့သို့ လူလွတ်များ ဖြစ်သည်ဟု ဆိုခဲ့သည်။ ထိုသို့ဖြစ်ခြင်းသည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်ဖြစ်သည်။ ထိုသို့လူလွတ် ဖြစ်သောကြောင့် ကျွန်ခံရာထမ်းပိုးကိုထမ်း၍ ချည်နှောင်ခြင်းမခံဘို့ ပြောထားသည်။ ထမ်းပိုးသည် ဘာကိုဆိုလိုသနည်း။ ဖြောင့်မတ်ခြင်းသို့ ရောက်ဘို့ရန်ပညတ်တော် လိုက်လျှောက်ခြင်းကို ဆိုလိုသည်။ ချည်နှောင်ခြင်းသည်လည်း ထိုပညတ်တော် လိုက်လျှောက်ခြင်းကို ဆိုလိုသည်။ ပညတ်တော် လိုက်လျှောက်ခြင်းအားဖြင့် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်ဘို့ ကြိုးစားခြင်း သည် ချည်နှောင်ခြင်း ခံသောသူဖြစ်သည်။

မေးခွန်းများ

၁။ ယုံကြည်သူများသည် အာဗြဟံ၏သားနှစ်ယောက်ထဲက မည်သူနှင့်တူသနည်း။............................

၂။ ပေါလုက ကျွန်ခံရာထမ်းပိုးသည် မည်သည့်အရာကို ဆိုလိုသနည်း။........................................

၃။ ချည်နှောင်ခြင်းသည် ဘာကိုဆိုလိုသနည်း။......................................

၂။ ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင်၊ ခရစ်တော်အားဖြင့် အဘယ်အကျိုးကိုမျှမရနိုင်ကြ

ဣသရေလ ယောက်ျားတိုင်းသည် ယောက်ျားအင်္ဂါ၏ အရေဖျားကိုလှီးရသည်။ ထိုသို့လှီးခြင်းသည် ဘုရားသခင်က အာဗြဟံထံပညတ်ထားခြင်းဖြစ်၍၊ ဘုရားသခင်၏လူ၊ ဘုရားနှင့်ပဋိညာဥ်ပြုခြင်း၏ အမှတ်အသားဖြစ်သည် (ကမ္ဘာ ၁ရ:၁၀-၁၄)။    (အရေဖျားလှီးခြင်းနှင့်ပတ်သက်၍   ၂၀၂၄ နိုဝင်ဘာလထုတ် သတင်းကောင်းစာစောင်ကိုဖတ်ပါ) ဘုရားသခင်က ကိုယ်ခန္ဓာအရေဖျားလှီးခြင်းကို ခိုင်းသော်လည်း၊ ထိုအရာသည် အရိပ်ဖြစ်၍ စိတ်နှလုံးအရေဖျားလှီးကြဘို့ ဤသို့ခိုင်းထားသည်၊ "သင်၏နှလုံးအရေဖျားကို လှီးဖြတ်လော့။ နောက်တဖန် ခိုင်မာသော လည်ပင်းမရှိစေနှင့်။" (တရားဟော ၃၀:၆)။ စိတ်နှလုံးခိုင်မာခြင်းသည် အရေဖျားမလှီးခြင်း၏ လက္ခဏာဖြစ်သည်။ ယုံကြည်သူများ၊ ဒုတိယမွေးဘွားပြီးသောသူများသည် အရေဖျားလှီးပြီးဖြစ်ကြောင်း ပေါလုကဤသို့ ရေးထားသည်၊ "ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိအပြစ်၏ကိုယ်ကို ပယ်ရှင်း၍၊ လက်ဖြင့် မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊ ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကိုခံကြ၏။" (ကော ၂:၁၁-၁၂)။ သို့သော်စိတ်နှလုံးခိုင်မာ၍ ဘုရား စကားနားမထောင်လျှင်၊ အရေဖျားမလှီးသောသူနှင့်တူသည်။ ခရစ်တော်အသေခံပြီးနောက်ပိုင်းတွင် ခန္ဓာအရေဖျားလှီးခြင်းသည် အကျိုးမရှိတော့ပါ။ စိတ်နှလုံးအရေဖျားလှီးခြင်းသာလျှင် အကျိုးရှိသည်။

မေးခွန်းများ

၄။ အရေဖျားလှီးခြင်းသည် ဘာကိုဆိုလိုသနည်း။........................................

၅။ ကိုယ်ခန္ဓာအရေဖျားလှီးသည်သာမက ဘာအရေဖျားလှီးဘို့လိုသေးသနည်း။........................................

၆။ အရေဖျားမလှီးခြင်းသည် ဘာကိုဖေါ်ပြသနည်း။ ....................................................

၇။ ယခုခန္ဓာကိုယ်၌ အရေဖျားလှီးဘို့လိုသေးသလော။ .....................အဘယ်ကြောင့်နည်း။........................

၈။ ယခုအရေဖျားလှီးလျှင် အကျိုးရှိသေးသလော။.........................................

၃။ အရေဖျားလှီးခြင်းကို ခံသောသူအပေါင်းတို့အား ငါတဖန်သက်သေခံသည်ကား၊ ထိုသို့သော သူသည် ပညတ်တရားကို အကြွင်းမဲ့ကျင့်အံ့သောငှါ ကြွေးတင်သောသူဖြစ်၏။

ကိုယ်ခန္ဓာအရေဖျားလှီးသောသူတို့သည် အဘယ်ကြောင့်ပညတ်တရားကို အကြွင်းမဲ့ကျင့်ဘို့ရန် ကြွေးတင်သောသူဖြစ်သည်ဟုဆိုသနည်း။ အရေဖျားလှီးသောသူသည် အာဗြဟံသားဖြစ်၍ ပဋိညာဥ်တရားနှင့်ဆိုင်ကာ ပညတ်တော်လိုက်လျှောက်ဘို့ဖြစ်သည်။ ဂလာတိယုံကြည်သူများသည် အရေဖျားပြန်လှီးလျှင် ပညတ်တော်ကို အကုန်အစင်ပြန်လိုက်ဘို့ဖြစ်သည်။ ခရစ်တော်ကို ယုံကြည် သောသူသည် ပညတ်တရားလက်မှလွတ်သောသူဖြစ်သည်။ ပေါလုက၊ "သင်သည် ပညတ်တရားကို ကျင့်လျှင်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ၏။ ပညတ်တရားကိုလွန်ကျူးလျှင်၊ သင်၏ အရေဖျားလှီးခြင်းသည် အရေဖျားမလှီးဘဲဖြစ်ပြန်၏။" (ရော ၂:၂၅) ဟုရောမအသင်းတော်ထံ၌ စာရေးခဲ့သည်။

မေးခွန်းများ

၉။ အရေးဖျားလှီးသောသူတို့သည် ဘာအကြွေးတင်ကြသနည်း။.............................................

၁၀။ ပညတ်တရားလွန်ကျူးလျှင် အရေဖျားလှီးခြင်းသည် ဘာကဲ့သို့ဖြစ်သနည်း။.............................

၄။ ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သမျှသောသင်တို့သည် ခရစ်တော်နှင့်ကွာ၍ ကျေးဇူးတရား၌မတည်၊ ရွေ့လျော့ကြပြီ။

အဘယ်ကြောင့်ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သောသူတို့သည် ခရစ်တော်နှင့်ကွာ၍ ကျေးဇူးတရား၌ မတည်ရွေ့လျော့ပြီဟုဆိုသနည်း။ အမှန်မှာ ပညတ်တရားလိုက်လျှောက်ခြင်းအား ဖြင့် မည်သူမျှ ဘုရားသခင်ရှေ့၌ မဖြောင့်မတ်နိုင်ချေ (ရော ၃:၂၀)။ ဣသရေလလူများသည် ပညတ်တရားအားဖြင့် ဖြောင့်မတ်ဘို့ ကြိုးစားခဲ့သောကြောင့် ဖြောင့်မတ်ခြင်းမရနိုင်ဟုပေါလုက ဆိုခဲ့သည် (ရော ၉:၃၁-၃၂)။ ထို့ကြောင့်သင်သည်လည်း ပညတ်တရားလိုက်လျှောက်ခြင်းဖြင့် ဖြောင့်မတ်ဘို့ ကြိုးစားသေးလျှင် ခရစ်တော်နှင့်ကွာ၍ ကျေးဇူးတရား၌မတည် ရွေ့လျော့ပြီ။

မေးခွန်းများ

၁၁။ ပညတ်တရားလိုက်လျှောက်လျှင် ဘာနှင့်ကွာသနည်း။.....................

၁၂။ အဘယ်ကြောင့်နည်း။......................................

၅။ ငါတို့မူကား၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်မည်ဟုမြော်လင့်သော ကျေးဇူးတော်ကို ၀ိညာဥ်တော်အားဖြင့် ငံ့လင့်၍နေကြ၏။

ဣသရေလလူများက ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့်၊ ဖြောင့်မတ်ဘို့ ကြိုးစားကြသည်။ သို့  သော်ငါတို့မူကား လူ့အပိုင်းမှယုံကြည်ခြင်း၊ ဘုရားအပိုင်းမှကျေးဇူးတော်အားဖြင့် ဖြောင့်တ်ခြင်းကို ရမည်ဟု မြော်လင့်သည်ဟုဆိုသည်။ ထိုကျေးဇူးတော်သည် ၀ိညာဥ်တော်အားဖြင့်ဖြစ်သည်။

မေးခွန်းများ

၁၃။ သင်သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်မည်ဟုမြော်လင့်သောသူဖြစ်ပါသလော။...........................

၆။ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်း အကျိုးမရှိ။ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။

အဘယ်ကြောင့် ယေရှုခရစ်၌ အရေဖျားလှီးခြင်း အကျိုးမရှိသနည်း။ အရေဖျားလှီးခြင်းဖြင့် ဖြောင့်မတ်ခြင်း မရနိုင်သောကြောင့်ဖြစ်သည်။ အရေဖျားလှီးခြင်းသည် ဣသရေလလူများ နှင့်သာဆိုင်၍၊ ဘုရားနှင့်ပတ်သက်သောသူ ဖြစ်ကြောင်း အမှတ်အသားဖြစ်သည်။ ယေရှုကို ယုံကြည်သူများသည် စိတ်နှလုံးအရေဖျားလှီးပြီးသောကြောင့် ထိုအမှတ်အသား မလိုတော့ချေ။ ဘုရားနှင့်ဆိုင်သောသူ ဖြစ်ကြပြီ။


မေးခွန်းများ

၁၄။ အဘယ်ကြောင့် ယေရှုခရစ်၌ အရေဖျားလှီးခြင်း အကျိုးမရှိသနည်း။........................

၁၅။ ယေရှုကို ယုံကြည်သူများသည် ဘာအရေဖျားလှီးပြီးသူများဖြစ်သနည်း။.............................

 

ရ။ အထက်ကသင်တို့သည် ကောင်းမွန်စွာပြေးကြ၏။ သို့ဖြစ်၍ သမ္မာတရားကို နားမထောင်စေခြင်းငှါ အဘယ်သူ ဆီးတားသနည်း။

ယုံကြည်သူများကို အပြေးသမားနှင့်နှိုင်းယှဥ်ထားသည်။ ဂလာတိယုံကြည်သူများသည် အစ၌ ယုံကြည်ခြင်းအားဖြင့် သွားကြသည်။ သို့သော်ဤစာရေးချိန်တွင် ယုံကြည်ခြင်းအားဖြင့် မဟုတ်တော့ဘဲ ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် ဘုရားရှေ့၌ ဖြောင့်မတ်ဘို့ ကြိုးစား လာသောကြောင့် သမ္မာတရားကို နားမထောင်ဘဲ လမ်းလွဲခြင်းဖြစ်သည်။ ပေါလုကဂလာတိလူများ ထံ သမ္မာတရားကို နားမထောင်ခြင်းငှါ မည်သူကတားဆီးသနည်းဟုမေးခွန်းထုတ်သည်။

မေးခွန်းများ

၁၆။ ဂလာတိယုံကြည်သူများသည် အစ၌ ဘာအားဖြင့် သွားခဲ့ကြသနည်း............................................

၁၇။ ဂလာတိယုံကြည်သူများသည် ဘာအားဖြင့် ဖြောင့်မတ်ခြင်းရဘို့ ကြိုးစားလာကြသနည်း။.........

၈။ ယခုယူသောအယူကား၊ သင်တို့ကိုခေါ်တော်မူသောသူ၏ ဩ၀ါဒကိုအမှီပြု၍ ယူသောအယူ မဟုတ်။

အယူဆိုသည်မှာ အယူ၀ါဒ သို့မဟုတ် ခံယူချက်၊ ယုံကြည်ခြင်းကို ဆိုလိုသည်။ သူတို့သည် ပေါလုတို့ အစပြောခဲ့သည့်အတိုင်း မဟုတ်တော့ဘဲ၊ ပညတ်တရားလိုက်လျှောက်ဘို့ ပြောသောသူတို့၏ ဩ၀ါဒကို ခံယူကြသောကြောင့်၊ သူတို့ကို ခေါ်တော်မူသောဘုရား၏ ဩ၀ါဒမဟုတ်ဟုပေါလုက ဆိုခြင်းဖြစ်သည်။

မေးခွန်းများ

၁၈။ ဂလာတိယုံကြည်သူများသည် ပေါလုတို့သွန်သင်သကဲ့သို့ လိုက်လျှောက်ကြသေးသလား။...............

၁၉။ မည်သူတို့၏ သွန်သင်ခြင်းကိုလိုက်လျှောက်လာကြသနည်း။..........................................

၉။ အနည်းငယ်သော တဆေးသည် မုန့်စိမ်းတပုံလုံးကို ဖောင်းကြွစေတတ်၏။

တဆေးသည် မုန့်စိမ်းကိုဖောင်းကြွစေတတ်သကဲ့သို့ အယူ၀ါဒသည်လည်း လမ်းလွဲစေတတ်သည်။ ထို့ကြောင့် သမ္မာတရားနှင့်ခြားနားသော ဩ၀ါဒများကို ရှောင်ဘို့လိုသည်။ ဩ၀ါဒမှားခြင်းသည် အလွန် ကြောက်စရာကောင်းသည်။ လင်မယား၊ သားအမိသား အဖလည်းကွဲစေနိုင်သည်။ အသင်းတော်လည်း ကွဲစေနိုင်သည်။

မေးခွန်းများ

၂၀။ တဆေးသည် ဘာကဲ့သို့ဖြစ်သနည်း။...........................................

၂၁။ ဩဝါဒမှားခြင်းသည် ကြောက်စရာကောင်းပါသလား။..................အဘယ်ကြောင့်နည်း။.....................

၁၀။ သင်တို့သည် ကွဲပြားသော အယူရှိသမျှကို ပယ်လိမ့်မည်ဟု သခင်ဘုရားကို ငါအမှီပြု၍ စိတ်စွဲလမ်းခြင်းရှိ၏။ သင်တို့ကို နှောင့်ရှက်သောသူမည်သည်ကား၊ မိမိအပြစ်ဒဏ်ကို ခံရလိမ့်မည်။

ပေါလုကဂလာတိပြည် ရှိယုံကြည်သူများအယူ၀ါဒလွဲရာမှအမှန်သို့ ပြန်လာလိမ့်မည်ဟု ယုံကြည် မျှော်လင့်သည်။ ၀ိညာဥ်ဖခင်များ အတွက် သားသမီး များအယူ၀ါဒလွဲမှားလျှင် အလွန် ၀မ်းနည်းရသည်။ အယူ၀ါဒလွဲမှားလျှင် ၀ိညာဥ်ဖခင်များ ကိုလည်း အထင်လွဲကာပေါင်း၍ မရတော့ချေ။ ထို့ကြောင့်ပေါလုကသူတို့ကို လွဲမှားစေသော သူများသည် အပြစ် ဒဏ်ခံမည့် အကြောင်း ပြောခြင်း ဖြစ်သည်။

မေးခွန်းများ

၂၂။ ယုံကြည်သူများ အယူဝါးလွဲမှားလျှင် မည်သူတို့ဝမ်းနည်းရသနည်း။.........................

၂၃။ အယူဝါဒလွဲခြင်းဖြင့် ဘာဖြစ်နိုင်သနည်း။....................................

၁၁။ တဖန်တုံ၊ ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်း တရားကို ဟောပြောသေးသည်မှန်လျှင်၊ အဘယ်ကြောင့်ညှဥ်းဆဲခြင်းကို ခံရသေးသနည်း။ ထိုသို့ ဟောပြောလျှင်၊ လက်၀ါးကပ်တိုင်တော်ကို ထိမိ၍ လဲစရာ အကြောင်း ပယ်ရှင်းလျက်ရှိ၏။

ပေါလုသည် အရေဖျားလှီးမည့်တရားကို မဟောတော့ချေ။ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်မည့်အကြောင်း၊ ကျေးဇူးတော်တရားကိုသာလျှင် ဟောတော့သည်။ အကယ်၍ အရေဖျားလှီးခြင်း တရားဟောသေးလျှင် ယုဒလူများထံမှ ညှဥ်းဆဲခြင်းခံစရာမလိုချေ။ ထိုမျှသာမကအရေဖျားလှီးဘို့ ဟောပြောသေးလျှင် လက်၀ါးကပ်တိုင်တော် တရားဟောသောအခါ ထိမိ၍ လဲစရာ အကြောင်း မရှိချေ။ ယုဒလူများ ကလက်၀ါးကပ်တိုင်တော် အကြောင်းကို ကြားသောအခါ၊ ထိမိ၍လဲကြသည်။ ဆိုလိုသည် မှာစိတ်ဆိုးကြသည်။ အကြောင်းမှာ ခရစ်တော်ကို လက်၀ါးကပ်တိုင်၌ သူတို့ ရိုက်သတ်ကြောင်း အပြစ်တင်ခြင်းဖြစ်သည်။

မေးခွန်းများ

၂၄။ ပေါလုသည် ဘာတရားဟောသနည်း။...............................................

၂၅။ ဘာတရားဟောလျှင် ညှဉ်းဆဲခြင်းခံရမည်နည်း။..................................

၂၆။ ယုဒလူများက လက်ဝါးကပ်တိုင်တော် တရားကို အဘယ်ကြောင့် စိတ်ဆိုးကြသနည်း။................

၁၂။ သင်တို့ကို မှောက်မှားစေသော သူတို့ကို ပယ်ရှားနှင်ထုတ် စေခြင်းငှါ ငါအလိုရှိ၏။

ဂလာတိပြည်၍ အသင်းတော်များ၌ မှားယွင်းသော ဆရာများကအရေဖျားလှီးခြင်း ခံဘို့အကြောင်း ပြောကြသည်။ ထိုသူများသည် သူတို့ကို မှောက်မှားစေသောသူများ ဟုပေါလုကဆိုသည်။ ထိုဆရာများကို ပေါလုကပယ်ရှားနှင့် ထုတ်ဘို့အလိုရှိသည်။

မေးခွန်းများ

၂၇။ ပေါလုက မှားယွင်းစေသော ဆရာများကို မည်ကဲ့သို့လုပ်ချင်သနည်း။..........................................

 

၁၃။ ညီအစ်ကိုတို့၊ သင်တို့သည် လွတ်ခြင်းသို့ ခေါ်တော်မူခြင်းခံရကြ၏။ သို့ သော်လည်း ဇာတိပကတိအား အခွင့်ကို ပေး၍၊ ထိုလွတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့။

ခရစ်တော်ကိုရရှိသောသူ၊ ယုံကြည်သောသူသည် ပညတ်တရားလက်မှ၎င်း၊ အပြစ်ကျွန်မှ၎င်း၊ လွတ်သော သူများဖြစ်သည်။ သို့သော်ထိုသို့လွတ်ခြင်းသည် ကိုယ်နှစ်သက်သလိုကျင့်ဘို့ မဟုတ်ချေ။ ယုံကြည်သူသည် လွတ်ခြင်းကို ရသော်လည်း ဇာတိရှိသေးသည်။ ထိုဇာတိအလိုကို မလိုက်ဘဲ ဘုရား အလိုတော်ကို သာလျှင် လိုက်ဘို့ ဖြစ်သည်။ ယုံကြည်သူ အချင်းချင်း၏ အမှုကို ဆောင်ရွက်ခြင်း ဖြင့် ချစ်ခြင်း မေတ္တာကို အသုံးပြုဘို့ ဖြစ်သည်။

မေးခွန်းများ

၂၈။ ယုံကြည်သူများသည် လွတ်ခြင်းခံရကြပြီလော။……………………………………………..

၂၉။ ယုံကြည်သူများလွတ်ခြင်းသည် ကိုယ်ကြိုက်နှစ်သက်သကဲ့သို့ ကျင့်ဘို့ဟုတ်ပါသလော။……………………

၃၀။ ယုံကြည်သူများ လွတ်ခြင်းကို မည်ကဲ့သို့အသုံးပြုဘို့ဖြစ်သနည်း။……………………………………….

 

၁၄။ အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ပညတ်တပါးကိုကျင့်လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာရောက်၏။

ကိုယ်နှင့်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ခြင်းနှင့် ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်ခြင်းသည် အကြီးမား ဆုံးပညတ်ပြစ်၍၊ ပညတ်အားလုံး၏ အချုပ်ဖြစ်သည်ဟု သခင်ယေရှုကဆိုခဲ့ပြီ(မဿဲ ၂၂:၃ရ-၃၉)။ အကြောင်းမှာ သူတပါးကိုကိုယ်နှင့်အမျှချစ်လျှင် သူ့ကိုမပြစ်မှားသည်သာမက၊ သနားမည်၊ ကူညီမစမည်။ သို့သော်သူတပါးကို မချစ်နိုင်ခြင်းသည် ပြသနာဖြစ်သည်။ သူတပါးကိုချစ်နိုင်ဘို့ရန်မှာ သခင်ယေရှုကို အုပ်စိုးခိုင်းဘို့လိုသည်။ သူသည် ချစ်ခြင်းမေတ္တာဖြစ်သည် (၁ ယော ၄:၈)။ ဘုရားသခင်က ၀ိညာဥ်တော်အားဖြင့် ယုံကြည်သူများထံ သူ၏ချစ်ခြင်း မေတ္တာကိုပေးပြီ (ရော ၅း၅။ ၂ တိ ၁း၇)။ အသုံးပြုဘို့သာလျှင်လိုအပ်တော့သည်။ အသက်တာကို ဘုရား အုပ်စိုးစေလျှင်၊ သူမြင်သကဲ့သို့မြင်၍၊ သူကြိုက်နှစ်သကဲ့သို့ ကြိုက်နှစ်သက်မည်။ လူများကိုလည်း သူကသနား သကဲ့သို့ သနားလာမှာဖြစ်သည်။

မေးခွန်းများ

၃၁။ ပညတ်တော်ထဲ၌ အဘယ်ပညတ်သည် အကြီးဆုံးဖြစ်သနည်း။……………………………………….

၃၂။ ဘုရားသခင်က ယုံကြည်သူများထံ ဘာပေးသနည်း။……………………………………………

၃၃။ သူတပါးကိုချစ်နိုင်ဘို့ ဘာလုပ်ရမည်နည်း။………………………………………

၃၄။ သူတပါးကို ချစ်လျှင် မည်ကဲ့သို့ခံစားချက်ရှိမည်နည်း။…………………………….

၁၅။ သို့မဟုတ် အချင်းချင်းကိုက်စားလျှင် အချင်းချင်းဖျက်ဆီးမည်ဟု စိုးရိမ်၍ သတိရှိကြလော့။

အသက်တာကို ဇာတိတည်းဟူသော ကိုယ့်စိတ်ကအုပ်စိုးလျှင် အချင်းချင်းပင်လျှင် မချစ်နိုင်ပါ။ ကိုက်စား၍ ဖျက်ဆီးမှာသေချာသည်။ ထို့ကြောင့်အသက်တာ၌ ဘုရားကိုအစဥ်သဖြင့် အုပ်စိုးစေကြစို့။

မေးခွန်းများ

၃၅။ အချင်းချင်းကိုက်စားလျှင် ဘာဖြစ်မည်နည်း။………………………………………………

၁၆။ ငါပညတ်သည်ကား၊ ၀ိညာဥ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏ အလိုသို့ မလိုက်ဘဲ နေကြလိမ့်မည်။

လူသည် အလိုလိုဇာတိကအုပ်စိုးသည်။ ၀ိညာဥ်တော်ကို အုပ်စိုးစေမှသာလျှင် ၀ိညာဥ်တော်က အုပ်စိုးမှာဖြစ်သည်။ ၀ိညာဥ်တော်အုပ်စိုးခိုင်းလျှင် ဇာတိအလိုမလိုက်ဘဲနေနိုင်မည်။ စားပင်များသည် မကြည့်ရှုဘဲ မကောင်းနိုင်သော် လည်း၊ မြက်ပင်များမူကား မကြည့်ရှုသော်လည်း အလိုလိုကောင်းနေတတ်ကြသည်။ ထို့နည်းတူဇာတိသည် ကြိုးစားစရာမလိုဘဲ အလိုလိုဖြစ်လာတတ်သော်လည်း၊ ၀ိညာဥ်မူကားသတိမထား၊ ဂရုမစိုက်၊ အခွင့်မပေးလျှင် အလိုလိုမအုပ်စိုးတတ်ချေ။ ထို့ကြောင့်ဇာတိနှင့်မကျင့်ဘဲ ၀ိညာဥ်အားဖြင့် ကျင့်ဘို့သည်ကိုယ့်တာ၀န်ဖြစ်သည်။

မေးခွန်းများ

၃၆။ စားပင်များသည် အလိုလိုကောင်းတတ်ပါသလား။……………………မြက်ပင်များသည်အလိုလိုကောင်းတတ် ပါသလား။…………………………….

၃၇။ ဇာတိသည်ဘာနှင့်တူသနည်း။…………………………ဇာတိအလိုသည် ကြိုးစားစရာလိုပါသလော။……………….

၃၈။ ဝိညာဉ်အားဖြင့် အသက်ရှင်ဘို့သည် မည်သူ၏တာဝန်ဖြစ်သနည်း။…………………………………..

၁ရ။ အကြောင်းမူကား၊ ဇာတိပကတိနှင့် ၀ိညာဥ်ပကတိသည် တပါးနှင့်တပါးဆန့်ကျင်သော အလိုရှိကြ၏။ တပါးနှင့်တပါး ဆန့်ကျင့်ဘက်ဖြစ်၍၊ သင်တို့သည် ကျင့်ချင်သောအကျင့်ကို မကျင့်နိုင်ကြ။

ဇာတိအလိုနှင့်၀ိညာဥ်အလိုသည် ဆန့်ကျင်ဘက်ဖြစ်သည်။ ဇာတိကလောကကိုချစ်၍ အပြစ်ကိုကျူးလွန်ချင်သည်။ ၀ိညာဥ်ကဘုရားကိုချစ်၍ ဘုရားအလိုတော်ကိုသာလျှင် လုပ်ချင်သည်။ ထိုကြောင့်ဇာတိအလိုကို မလိုက်ဘဲ ၀ိညာဥ်အလိုကို လိုက်ဘို့သည်၊ ယုံကြည်သူ၏ တာ၀န်နှင့်ရွေးချယ်မှုဖြစ်သည်။ ဘုရားကယုံကြည်သူကို အတင်း အုပ်စိုးမည်မဟုတ်၊ ကိုယ်ကအုပ်စိုးခွင့်ပေးမှသာလျှင် အုပ်စိုးမှာဖြစ်သည်။

မေးခွန်းများ

၃၉။ ဇာတိအလိုနှင့် ဝိညာဉ်အလိုသည် မည်ကဲ့သို့ရှိသနည်း။……………………………………………….

၄၀။ ဇာတိကမည်သည့်အရာကိုချစ်သနည်း။………………….ဝိညာဉ်ကမည်သည့်အရာကိုချစ်သနည်း။…………………..

၄၁။ ဝိညာဉ်အလိုနှင့်လိုက်ဘို့သည် အလိုလိုဖြစ်ပါသလား။…………….မည်သူ၏တာဝန်ဖြစ်သနည်း။………………….

၁၈။သို့သော်လည်း ၀ိညာဥ်ပကတိအလိုသို့လိုက်လျှင် ပညတ်တရားနှင့်လွတ်ကြ၏။

၀ိညာဥ်အလိုလိုက်လျှင် ပညတ်တရားနှင့် လွတ်သည်ဟု ဆိုခြင်းသည် နားလည်လွဲနိုင်သည်။ ၀ိညာဥ်အလိုလိုက်လျှင် ဇာတိအလိုမလိုက်တော့သောကြောင့် ပညတ်နေစရာမလို၊ အလိုလိုဘုရား အလိုတော်ကို လိုက်သဖြင့် လွတ်လပ်သည်။ အပျိုမသည် သူ့ဟာသူထမင်းမချက်သောကြောင့် ခိုင်းဘို့၊ ပညတ်ဘို့လိုသည်။ အိမ်ထောင်ရှင်မသည် အလိုလိုထမင်းချက်သောကြောင့် ခိုင်းစရာမလို၊ အလိုလိုအသိစိတ်နှင့်ချက်သောကြောင့် ခိုင်းခြင်း မှလွတ်သည်။


မေးခွန်းများ

၄၂။ အပျိုမသည် အလိုလိုနှင့် ထမင်းချက်တတ်ပါသလား။……………………..

၄၃။ အိမ်ရှင်မသည် အလုပ်ခိုင်းစရာလိုပါသလား။………………………

၄၄။ အိမ်ရှင်မသည် မည်သည့်အရာမှလွတ်သနည်း။…………………………….

 

၁၉။ ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ၂၀ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကို ပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ ၂၁သူ့ အကျိုးကို ငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊၊ ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်း မှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သောအကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြဟု အထက်က ငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။

အထက် ပါဇာတိပကတိအကျင့်များသည် မကောင်းသော အကျင့်များဖြစ်သည်။ ထိုအရာများ သင်၌ကျင့်နေလျှင်၊ သို့မဟုတ် ကျင့်ချင်နေလျှင်ကိုယ့်ကိုယ်ကို သိ၍ဆုတောင်းပါ။ ထိုအကျင့်များသည် စိတ်နှလုံးမှထွက်လာ၍ (မဿဲ ၁၂:၃၄) ကောင်းကျိုးမပေးသောကြောင့် စွန့်ရမည်။ ထိုသို့စွန့်နိုင်ဘို့ရန်၊ ၀ိညာဥ်တော်အုပ်စိုးခိုင်းပါ။ ကျမ်းစာ မှန်မှန်ဖတ်ပါ။ ၀ိညာဥ်လူများနှင့်ပေါင်းသင်းပါ။ ကျမ်းစာသင်တန်းများ၌ မဖြစ်ဖြစ်အောင် ပါ၀င်ပါ။ ဇာတိလူများကို ရှောင်ပါ။ မကောင်းသော အတွေးများကို ဦးနှောက်ထဲမှဖယ်ရှားပါ။ လူများကို ကယ်တင်ခြင်းနှင့် သမ္မာတရားများကို ဝေငှပါ။ ဘုရားစကားနားထောင်ပါ။

မေးခွန်းများ

၄၅။ ဇာတိအကျင့်များသည် ကောင်းပါသလား။………………………….

၄၆။ ဇာတိအကျင့်များသည် ကြိုးစားစရာလိုပါသလား။………………

၄၇။ ဇာတိအကျင့်များသည် မည်သည့်နေရာမှထွက်လာကြသနည်း။……………………………………

၄၈။ ဇာတိအကျင့်မကျင့်ဘို့ အသက်တာကို ဘာကအုပ်စိုးခိုင်းမည်နည်း။……………………………….

၄၉။ ဝိညာဉ်လိုဖြစ်ဘို့ ဘာများလုပ်ရမည်နည်း။………………………

 

၂၂။ ၀ိညာဥ်တော်၏အသီးမူကား၊ ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ ၂၃နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ် တည်းခြင်းပေတည်း။ ထိုသို့သော အကျင့်ကို အဘယ်တရားမျှမမြစ်တား။

ဂရိတ်မူရင်းကျမ်း၌ ၀ိညာဥ်တော်၏ အသီးဟုဆိုသည်။ ၀ိညာဥ်တော်၏ အသီးများသည် သန့်ရှင်းသော ၀ိညာဥ်တော်အားဖြင့်ဖြစ်သည်။ ဇာတိအသီးနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ ၀ိညာဥ်အသီးများသီးဘို့ရန် တောင်း၍မရပါ။ ထိုအသီးသီးနိုင်ရန် ကိုယ်ကိုကိုယ်ငြင်းပယ်၍၊ သန့်ရှင်းသော၀ိညာဥ်တော်ကို အုပ်စိုးခိုင်းရမည်။ သန့်ရှင်းသောဝိညာဉ်တော်က အသက်တာကိုအုပ်စိုးလျှင် သူခိုင်းသောအရာကို ပြုလုပ်ရမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က အသက်တာကို အုပ်စိုးသောအခါ ကိုယ်ကိုယ်ကိုမအုပ်စိုးတော့ပါ။ ဝိညာဉ်တော်၏ အသီးထဲမှ ပဌမဆုံးသည် ချစ်ခြင်း၊ ဟုရေးထားသည်။ ချစ်ခြင်းသည် နှစ်မျိုးရှိသည်။ ဇာတိချစ်ခြင်းနှင့်ဝိညာဉ်ချစ် ခြင်းတို့ဖြစ်သည်။ ထိုနှစ်မျိုးစလုံးသည် မွေးရာပါဖြစ်သည်။ ခန္ဓာမွေးသောအခါ ဇာတိမေတ္တာပါပြီးသားဖြစ်သည်။ ဝိညာဉ်ပိုင်းမွေးသောအခါ ဝိညာဉ်ပိုင်းမေတ္တာပါလာသည်။ ဝိညာဉ်တော်ကအုပ်စိုးသောအခါ ဘုရား၏မေတ္တာအလိုလို သီးလာလိမ့်မည်။ ထို့နည်းတူ၊ ဝိညာဉ်တော်က အုပ်စိုးသောအခါ ဝမ်းမြောက်မှု၊ ငြိမ်သက်ခြင်းများလည်း ရှိလာပေ မည်။ ထို့ကြောင့် အသက်တာ၌ ဝိညာဉ်အသီးသီးဘို့ရန် သန့်ရှင်းသောဝိညာဉ်တော်ကို အုပ်စိုးစေဘို့ဖြစ်သည်။ ပေါလုက၊ လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍၊ ဝိညာဉ်တော်နှင့် ပြည့်၀လျက်ရှိကြလော့၊ (ဧဖက် ၅း၁၈)။ ဟုရေးထားသည်။


မေးခွန်းများ

၅၀။ ဝိညာဉ်အသီးများသီးဘို့ရန် ဆုတောင်းခြင်းဖြင့်ရသလား။……………………………………….

၅၁။ ဝိညာဉ်အသီးများသီးဘို့ရန် ဘာလုပ်ရမည်နည်း။………………………………………………..

 

၂၄။ ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို၎င်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကို၎င်း၊ လက်၀ါးကပ်တိုင်မှာရိုက်ထားထားကြပြီ။

ဇာတိစိတ်နှင့်အလိုဆန္ဒများသည် သေဘို့လိုသည်။ ထိုသို့သေနိုင်ရန်သခင်ယေရှု အသေခံခြင်း၌ ပါ၀င်ဘို့လိုသည်။ သခင်ယေရှုအသေခံသောအခါ၊ ကျွန်ုပ်တို့၏ဇာတိလည်း သေပြီဟုခံယူရသည်။ လက်ထပ်သောအခါ အပျိုဘ၀သေသောကြောင့် အပျိုကဲ့သို့မနေရတော့ပါ။ အအိုကဲ့သို့နေရသည်။ အကျင့်မပါသောကြောင့် အစပိုင်း၌ မနေတတ်သော်လည်း ကြာလာသောအခါ နေသားကျလာတတ်သည်။ ထို့နည်းတူယေရှုနှင့်အတူ ဇာတိသေခြင်းကို အသိဥာဏ်အားဖြင့်၀န်ခံ၍ ကြာလာသောအခါ အသက်တာဖြစ်လာပါလိမ့်မည်။

မေးခွန်းများ

၅၂။ ဇာတိစိတ်နှင့်အလိုဆန္ဒများသည် ဘာဖြစ်ဘို့လိုသနည်း။……………………………………………

၅၃။ ဇာတိစိတ်ကို မည်ကဲ့သို့ သေစေနိုင်မည်နည်း။…………………………………………………

၂၅။ သို့ဖြစ်၍ ငါတို့သည် ၀ိညာဥ်ပကတိကြောင့်အသက်ရှင်လျှင်၊ ၀ိညာဥ်ပကတိအတိုင်း ကျင့်ကြကုန်အံ့။ ၂၆။ အချည်းနှီးသော ကျော်စောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်းချုပ်ချယ် နှောင့်ရှက်ခြင်း၊ အချင်းချင်းငြူစူခြင်း တို့ကိုရှောင်၍ နေကြကုန်အံ့။

၀ိညာဥ်ပကတိတိုင်း အသက်ရှင်ခြင်းနှင့် ဇာတိပကတိတိုင်း အသက်ရှင်ခြင်းသည် ယုံကြည်သူ၏ ရွေးချယ်မှု အပေါ်မူတည်ကြောင်း ထင်ရှားသည်။ ဇာတိအတိုင်းအသက်ရှင်ခြင်းသည် ဆုတောင်းစရာမလို၊ မည်သူကိုမျှအားကိုး စရာမလို၊ ကိုယ်သဘောနှင့်အသက်ရှင်လိုက်ရုံသာဖြစ်သည်။ သို့သော်၀ိညာဥ်ပကတိအတိုင်း အသက်ရှင်ဘို့ရန်မူ ဘုရားအားကိုးဘို့လိုသည်။ ဆုတောင်းကျမ်းစာဖတ်ဘို့လိုသည်။ ဘုရား အားကိုးခြင်းသည် အမှန်မှာပို၍ လွယ်ကူသော အရာဖြစ်သည်။ ထို့ကြောင့်ပေါလုက ၀ိညာဥ်ပကတိအတိုင်း အသက်ရှင်ဘို့ တိုက်တွန်းနိုးဆော်ခြင်း ဖြစ်သည်။

မေးခွန်းများ

၅၄။ ဇာတိနှင့်အသက်ရှင်ခြင်း၊ ဝိညာဉ်နှင့်အသက်ရှင်ခြင်းသည် ကိုယ့်သဘောဟုတ်ပါသလား။……………………..

၅၅။ သင်သည် ဘာနှင့်အသက်ရှင်ခြင်းကို ရွေးချယ်ပါသနည်း။………………………………………

၅၆။ ဇာတိနှင့်အသက်ရှင်ဘို့ ကြိုးစားစရာလိုပါသလား။…………………….

၅၇။ ဝိညာဉ်နှင့်အသက်ရှင်ဘို့ ဘာလိုသနည်း။………………………………………….

၅၈။ ယခုမှစ၍ သင်သည် ဘာနှင့်အသက်ရှင်မည်နည်း။……………………………..

37 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


2026 FEB

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -