Eternal Value Bookstore

တန်ဖိုးမဖျက်နိုင်စာအုပ်ဆိုင်

မာတိကာ

  • နှစ်သစ်ဆုံးဖြတ်ချက်
  • ဂလာတိ ၄

 

နှစ်သစ်ဆုံးဖြတ်ချက်

ယခုအခါနှစ်သစ်ပဌမဦးဆုံးလ၏ အလယ်ရောက်ပြီဖြစ်သော်လည်း နှစ်သစ်ဆုံးဖြတ်ချက် ချပြီးသူများ၊ မချသေးသောသူများအတွက် စဉ်းစားဘို့ရန် ဤစာကိုရေးရခြင်းဖြစ်ပါသည်။ သားသမီး များမွေးဖွားသောအခါ မိဘများက အစစအရာရာကို စီမံဆုံးဖြတ်ပေးတတ်ကြသည်။ သားသမီးများ ကလည်း ငယ်ရွယ်စဉ်တွင် မိဘများ၏စီမံခွဲခန့်သည့်အတိုင်း နေထိုင်တတ်ကြသည်။ မိဘများနှင့်အတူ အပြင်ထွက်လျှင်လည်း လိုက်လိုကြသည်။ မေးခွန်းများလည်း မြောက်များစွာမေးတတ်ကြသည်။

သို့သော် တိုးတက်သောနိုင်ငံများတွင် သားသမီးများသည် ဆယ်ကျော်သက်ရောက်လာသောအခါ မိဘများနှင့် မစည်းကပ်တော့ဘဲ သူငယ်ချင်းများနှင့်ပေါင်းလျှင်ပေါင်း၊ မပေါင်းလျှင်လည်း အခန်းထဲ၌ တယောက် တည်းနေလာတတ်ကြသည်။ သူတို့သည်အီလက်ထောနစ်ကရိယာများနှင့် တကမ္ဘာလုံး ပတ်၍ မကြည့်သင့်၊ နားမထောင်သင့်သောအရာများနှင့် ပျော်မွေ့တတ်ကြသည်။ မိဘများ၏အလို ဆန္ဒသည် သားသမီးများကျောင်းကောင်းကောင်းတက်၍ ဘွဲ့ထူးဂုဏ်ထူးများရကာ အလုပ် ကောင်းကောင်းရ၊ အိမ်ထောင်ပြု၊ သားသမီးများရစေချင်ကြသည်။ သို့သော်၊ ထိုမိဘများ၏ရည်ရွယ် ချက်ကို သားသမီးအများစုက မပြည့်စုံစေဘဲ၊ ဘဝပျက်သွားသောသူများပြားလှသည်။ မိဘများ လည်း ဘာမျှမတတ်နိုင်ဘဲ သားသမီးများကို လက်ပိုက်ကြည့်၊ သက်ပြင်းရှူ၊ အရှုံးပေး၊ ရင်မောရ ကြသည်

 

ဘုရားသခင်လည်းခံစား

ဘုရားသခင်လည်း ဣသရေလလူမျိုးများကို အဲဂုတ္တုကျွန်မှကယ်နှုတ်၍ နို့နှင့်ပျားရည်စီးသော ပြည်သို့ ပို့ဆောင်ဘို့ရန်ရည်ရွယ်ပေးသည်။ ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကိုစေခိုင်းသော သခင်တို့ကြောင့် သူတို့ မြည်တမ်းသော အသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။ သူတို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ခြင်းငှာ ငါဆင်းလာပြီ။ (ထွက် ၃း၇-) ဟု မောရှေထံ အားတက်သရောပြောပြခဲ့သည်။

သို့သော်၊ ဣသရေလလူမျိုးများက ဘုရားသခင်၏ ကြံစည်ပေးသောအရာကို စိတ်ဝင်စား၊ လက်ခံကြပါသလား။ ဖါရောစစ်သားများကလိုက်လာ သောအခါ မောရှေထံ ဤသို့ဆိုခဲ့ကြသည်၊ အဲဂုတ္တုပြည်၌ သင်္ချိုင်းမရှိသောကြောင့်၊ ဤတော၌ သေစေခြင်းငှါ ငါတို့ကို ဆောင်ခဲ့သလော။ ငါတို့ကိုဤသို့ပြု၍၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ ငါတို့သည် အဲဂုတ္တုလူတို့ထံ၌ အစေကျွန်ခံနေလျက်ရှိကြပါစေ၊ ဟုအဲဂုတ္တုပြည်၌ ငါတို့ပြောရာတွင်၊ ဤအမှုကိုရည်ဆောင်၍ ပြောသည်မဟုတ်လော။ ငါတို့သည် ဤတော၌ သေရသည်ထက်၊ အဲဂုတ္တုလူတို့ထံ၌ အစေကျွန်ခံလျှင် သာ၍ကောင်းသည်၊ ဟုဆိုကြ၏။ (ထွက်မြောက် ၁၄း၁၁-၁၂) သို့ဖြစ်လျှင်အဘယ်ကြောင့် အဲဂုတ္တုပြည်မှ ထွက်ခဲ့ကြသနည်း။ ကျွန်မဖြစ် ချင်သောကြောင့်သာလျှင်ထွက်ကြခြင်းဖြစ်သည်။

 နောက်ထပ်နှစ်နှစ်အကြာ ခါနာန်ပြည်ဝင်မည့်ဆဲဆဲတွင်လည်း၊ ဂတိပေးသောပြည်သို့မဝင်ချင်ကြောင်း ဒါသန်နှင့်အဘိရံတို့က မောရှေထံ ဤသို့ဆိုခဲ့ကြသည်၊ သင်သည်ဤတော၌ ငါတို့ကိုသတ်လိုလျှင် နို့နှင့်ပျားရည်စီးသောပြည်မှဆောင်ခဲ့သော်လည်း၊ ငါတို့အပေါ်၌ လုံးလုံးမင်းမပြုလျှင်၊ စိတ်မပြေသေးသည်တကား။ ထိုမှတပါး နို့နှင့်ပျားရည်စီးသောပြည်သို့ ငါတို့ကိုမဆောင်၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များကိုမပေးဘဲ၊ ဤလူတို့၏မျက်စိကို ဖောက်ချင်သလော။ ငါတို့သည် သင့်ထံသို့မလာ၊ ဟုပြန်ဆို၏ (တောလည်ရာ ၁၆း၁၃-၁၄) ဘုရားသခင်သည် သူ့အကြံအစည်ကို လက်မခံသောသူ့လူမျိုးတော်အပေါ် ဤသို့ကျိန်ဆိုခဲ့သည်၊ ငါသည်ဤမည်သောပြည်၌ သင်တို့ကို နေရာချမည်၊ ဟုငါကျိန်ဆို၏။ ထိုပြည်သို့ယေဖုန္နာ၏သားကာလက်၊ နုန်၏သားယောရှုမှတပါး အဘယ်သူမျှမရောက်ရ။ ရန်သူလုယူရာဖြစ်လိမ့်မည်၊ ဟုသင်တို့ဆိုသောသူငယ်တို့ကို ငါဆောင်သွင်း၍ သင်တို့ပယ်သောပြည်ကို သူတို့သည်သိရကြလိမ့်မည်။ သင်တို့မူကား၊ ဤတော၌ သေ၍ အသေကောင်ဖြစ်လျက် နေရစ်ရကြလိမ့်မည်။ (တောလည်ရာ ၁၄း၃၀-၃၂)

အဘယ်ကြောင့် ဣသရေလလူများသည် ဂတိပေးသောပြည်သို့မရောက်ဘဲ တော၌သေကျေပျက်စီးကုန်ကြသနည်း။ ဘုရားစီမံပေးသောအရာကိုမလိုချင်၊ အဲဂုတ္တုပြည်ကိုသာစွဲလမ်းသောကြောင့်ဖြစ်သည်။ ဘုရားသခင် ကိုမယုံကြည်၊ သူ၏အကြံအစည်ကိုလက်မခံခြင်းသည် သေခြင်းအကြောင်းဖြစ်သည်။

 

ဘုရားသခင်၏အကြံအစည်

ဘုရားသခင်သည် ကမ္ဘာပေါ်ရှိလူသားတိုင်း၊ သင်အပါအဝင် သေခြင်း၊ နာခြင်း၊ အိုခြင်း၊ ဒုက္ခဆင်းရဲဝေဒနာခံစားစရာမလိုသော ကောင်းကင်ရွှေပြည်သို့ ကြိုးစားစရာမလို၊ အခမဲ့ဝင်ခွင့်ပေး သည်။ အမေရိကန်ပြည်ထောင်စု၌ ဝင်ခွင့်ပေးလျှင် လူအများစုက အလွန်ဝမ်းမြောက်ကြလိမ့်မည်။ ထိုမျှသာမက နိုင်ငံသားပေးလျှင် သာ၍ဂုဏ်ယူဝမ်းမြောက်၊ စိတ်ချကြလိမ့်မည်။ သို့သော် ဘုရားသခင်က အခမဲ့ကောင်းကင်ဝင်ခွင့်နှင့် နိုင်ငံသားပေးသောအရာကို လုံးဝဂရုမစိုက်ကြချေ။ ဣသရေလလူများက ခါနာန်ပြည်ဝင်ဘို့ အကြိမ်ကြိမ်ငြင်းဆိုခဲ့သကဲ့သို့ လူအများစုသည် အခမဲ့ကောင်းကင်ပြည်ဝင်ခွင့်ကို ငြင်းဆိုနေကြသည်။

သင်သည်ကောင်းကင်ပြည်ဝင်ခွင့်မရသေး၊ သို့မဟုတ်မသေချာသေးလျှင် ယခုနှစ် နှစ်သစ်ဆုံးဖြတ်ချက်၌ ဘုရားပေးသော အခွင့်ကို ယုံကြည်ခြင်းနှင့် လက်ခံဘို့ရန် အကြံပေးလိုပါသည်။ ထိုအရာသည် ကမ္ဘာပေါ်ရှိအခွင့်အရေးအကောင်းဆုံးထက် နှိုင်း၍မရအောင် အရေးကြီးဆုံးနှင့်အကောင်းဆုံးသောအရာဖြစ်သည်။ ဣသရေလလူများကဲ့သို့ ဘုရားပေးသောထိုအခွင့်ကို သင်ဂရုမစိုက် ငြင်းပယ်လျှင်၊ ဣသရေလလူများ တော၌သေကျေပျက်စီးကုန်ကြသကဲ့သို့ သင်လည်းမလိုအပ်ဘဲ အပြစ်ငရဲထဲသို့ ထာဝရဆင်းရဲဒုက္ခခံ ရမည်ကို မေတ္တာအားဖြင့် သတိပေးလိုပါသည်။

 သို့ဖြစ်လျှင် ကောင်းကင်နိုင်ငံဝင်ခွင့်ကို မည်ကဲ့သို့ ရနိုင်မည်နည်း။ ကောင်းကင်နိုင်ငံသည် အလွန်သန့် ရှင်းပြီး လူသားများသည် အလွန်အပြစ်ကြီးသောကြောင့် ကိုယ့်အစွမ်းနှင့်ကြိုးစားမှုဖြင့် လုံးဝဝင်ခွင့်မ ရနိုင်ပါ။ သို့သော်ဘုရား၏ မဟာမေတ္တာတော်ကြောင့် သူ့သားတော် ယေရှုခရစ်အားဖြင့် အခမဲ့လူတိုင်း ကိုဝင်ခွင့်ပေးသည်။ လူအမြင်မှာ၊ အကျင့်ကောင်းမှ၊ ပညတ်တော်လိုက်လျှောက်နိုင်မှ၊ ဘုရားသခင်၏ အလိုတော်အတိုင်း နေနိုင်မှ၊ ကုသိုလ်ကောင်းမှုပြုလုပ်နိုင်မှ၊ တရားဆုံးဖြတ်သောနေ့တွင် ကိုယ်လုပ်ခဲ့ သော ကောင်းမှုကုသိုလ်နှင့် အပြစ်ကိုချိန်ခွင်တွင်ချိန်၍ ကောင်းမှုကုသိုလ်ကနိုင်မှ၊ သို့မဟုတ်ဘုရားသ ခင်က သနားမှဝင်နိုင်မည်၊ ဟုယူဆကြသည်။ သို့သော်၊ ထိုအရာမမှန်ကြောင်း ကျမ်းစာကဤသို့ရေး ထားသည်၊ ယုံကြည်သောအားဖြင့်၊ ကျေးဇူးတော်ကြောင့်၊ ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလို အလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။(ဧဖက် ၂း၈-)

ထို့ကြောင့် ကယ်တင်ခြင်းတည်းဟူသော ကောင်းကင်နိုင်ငံဝင်ခွင့်သည် ဘုရားသခင်၏သနား တော်မူခြင်းကို ယုံကြည်ခြင်းအားဖြင့်လက်ခံဘို့ဖြစ်သည်။ သင်သည် ဘုရားသခင်က ကယ်တင်ခြင်း ပေးပြီးကြောင်းကို ယုံကြည်လက်ခံလိုပါသလား။

 သခင်ယေရှုက၊ ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ် ၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။ (ယော ၁၄း၆) ဟုဆိုသည်။ သခင်ယေရှုက သူသည် ကောင်းကင်နိုင်ငံသွားသော လမ်းခရီးဖြစ်ကြောင်း ပြောသွားသည်။ သူ့အား ဖြင့်သွားလျှင် ကောင်းကင်နိုင်ငံရောက်နိုင်သည်။ သူက အသက်လည်းဖြစ်သည်၊ ဟုဆိုသည်။ ထိုအ သက်သည် သူ့အတွက်ပြောသည်မဟုတ်၊ လူသားများအတွက်ပြောခြင်းဖြစ်သည်။ သူ့ကိုလက်ခံလျှင် ထာဝရအသက်ရနိုင်သည်။

တမန်တော်ယောဟန်ကလည်း၊ သက်သေခံတော်မူချက် ဟူမူကား၊ ဘုရားသခင်သည်၊ ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကို ရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကိုမရ( ယော ၅း၁၁-၁၂) ဟုရေးသည်။ ထာဝရအသက်ရလိုလျှင် သား တော်တည်းဟူသော သခင်ယေရှုကို လက်ခံရရှိဘို့လိုသည်။

သခင်ယေရှုက၊ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ၊ စားသောက်ရလိမ့်မည်(ဗျာဒိတ် ၃း၂၀) ဟုသင့်စိတ်နှလုံးတံခါးကို ခေါက်နေသည်။ သင်ဝင်ခွင့်ပေးမည်လော။ ပေးလျှင်သူဝင်၍ ထာဝရအသက် ရရှိမည်။

သခင်ယေရှုကို လက်ခံခြင်းသည် သင်၏ဘဝတွင် အကြီးမားဆုံးသော အမြတ်ဖြစ်သည်။ သခင်ယေရှုခရစ်ကို စိတ်နှလုံးအရင်းဖြင့် ဤသို့လက်ခံနိုင်သည်။ သခင်ယေရှုဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်၏ဘုရား၊ အသက်အဖြစ် လက်ခံပါသည်။ ကျွန်ုပ်၏စိတ်နှလုံးထဲ၌ ဝင်တော်မူပါ။ အလိုတော်ရှိ သည့်အတိုင်း ကျွန်ုပ်၏အသက်တာကို အုပ်စိုးတော်မူပါ။ အာမင်။ အမှန်တကယ် စိတ်ရင်းဖြင့်သင် ဖိတ်ခေါ်လျှင် သူသည်ဂတိတော်အတိုင်း ဝင်ပါလိမ့်မည်။ သူဝင်လျှင်ထာဝရအသက်ကိုလည်း သင်ရရှိပြီ။ သို့သော် ထိုအရာသည် အစသာလျှင်ဖြစ်သည်။ ခလေးမွေးသကဲ့သို့ဖြစ်၍ ဆက်လက်ကြီးထွားကျန်းမာဘို့ရန် ကျွေးမွေးပြုစုစောင့်ရှောက်ဘို့လိုသေးသည်။ ထို့ကြောင့်ကယ်တင်ခြင်းသင်ခန်းစာများကို ဖတ်ရှုလေ့ လာဘို့အကြံပေးလိုပါသည်။

 

 ဘုရားသခင်ကသူ့ကိုအားကိုးစေလိုသည်

ဘုရားသခင်က လူသားများအတွက် ကောင်းကင်ဝင်ခွင့်ပေးသောအရာကို လက်ခံဘို့အထက်ကဖေါ် ပြခဲ့ပြီ။ ထိုအရာကိုလက်ခံခြင်းသည် နောင်ဘဝသေပြီးမှ ခံစားရမည့်အရာဖြစ်သည်။ ဤလောက၌ ကိုယ်ခန္ဓာနှင့်အသက်ရှင်စဉ် ယခုဘဝမှစ၍ သူကိုတိုင်က လူသားများကို ကျွေးမွေးပြုစုသွန်သင်ချင် သည်။ သူ့ကိုအစစအရာရာ၌ အားကိုးစေချင်သည်။ ဘုရားသခင်က သူ့ကိုအားမကိုးလျှင် ကျိန်ခြင်းခံ မည့်အကြောင်းကို ပရောဖက်အားဖြင့် ဤသို့သတိပေးထားသည်၊ ထာဝရဘုရား မိန့်တော်မူသည် ကား၊ လူကိုကိုးစား၍ လူသတ္တဝါကိုအမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွား သောသူသည် ကျိန်အပ်သောသူဖြစ်၏။ ထိုသူသည် သဲကန္တာရ၌ ရှိသောချုံပင်ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကိုမသိရ။ အဘယ်သူမျှ မနေသောဆားမြေ၊ သွေ့ခြောက်သော လွင်ပြင်၌နေရလိမ့်မည်။ (ယေရမိ ၁၇း၅-)

ပဌမဦးစွာ လူတည်းဟူသော ကိုယ့်အစွမ်းအစကိုသော်၎င်း၊ အခြားသူကိုသော်၎င်း၊ ကိုးစား၍ ထာဝရ ဘုရားကို စိတ်နှလုံးထဲ၌ စွန့်သောသူသည် လောလောဆယ်အဆင်ပြေနေစဉ်ပင် ကျိန်အပ်သောသူဖြစ်သည်၊ ဟုဆိုသည်။ အဘယ်ကြောင့်နည်း၊ များမကြာမှီ ဒုက္ခဆင်းရဲကြုံတွေ့နိုင်သည်။ ဤဘဝကိုယ် ခန္ဓာအသက်ရှင်စဉ် အဆင်ပြေနေလျှင် ပို၍ဝမ်းနည်းစရာကောင်းသည်။ အကြောင်းမှာ ကိုယ်ခန္ဓာအ သက်ကုန်ဆုံးသောအခါ ထာဝရမီးအိုင်ထဲဆင်းသွားမည်ဖြစ်သောကြောင့်ဖြစ်သည်။

သင်သည် ထာဝရ ဘုရားကို ဂရုမစိုက် အားမကိုးသောကြောင့် ဒုက္ခပြသနာမဖြေရှင်းနိုင်အောင်ဖြစ်နေလျှင် အမြန်ဆုံး ဘုရားထံနောင်တရ အရှုံးပေးပြီးအညံ့ခံအားကိုးပါ။ ခရစ်တော်က၊ ငါ့ထံသို့ လာသောသူကို ငါသည် အလျှင်းမပယ်။ ဟုဆိုသည် (ယော ၆း၃၇) ထိုမျှမက သင့်ကိုဤသို့ ခေါ်ဖိတ်နေသည်၊ ၀န်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် နားရသောအခွင့်ကို ပေးမည်။ (မဿဲ ၁၁း၂၈)

ဓမ္မဟောင်းကာလ၌လည်း ထာဝရဘုရားကို ကိုးစားဘို့ဤကဲ့သို့ရေးထားသည်၊ ထာဝရ ဘုရားကို ခိုလှုံ၍ ကောင်းသော အကျင့်ကိုကျင့်လော့။ ပြည်တော်၌နေ၍ သမ္မာတရားကို ကျက်စား လော့။ ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။ ကိုယ်အမှုအရာကို ထာဝရဘုရား၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။ သို့ ပြုလျှင် စီရင်တော်မူမည်။ သင်၏ဖြောင့်မတ်ခြင်း အကြောင်းကို အလင်းကဲ့သို့၎င်း၊ တရားသဖြင့် ပြုခြင်းအရာကို မွန်းတည့် ရောင်ခြည်ကဲ့သို့၎င်း၊ ဖေါ်ပြတော်မူမည်။ ထာဝရဘုရား ရှေ့မှာ ငြိမ်ဝပ်စွာနေ၍ ကိုယ်တော်ကို ငံ့လင့်လော့။ မိမိအမှု၌ အောင်တတ်သောသူ၊ မကောင်းသော အကြံအစည်တို့ကို ပြီးစီးစေသောသူ၏ အကြောင်းကြောင့် စိတ်မပူနှင့်။ အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ်လော့။ ပြစ်မှားစေခြင်းငှါ တိုက်တွန်းတတ်သော စိတ်မရှိစေနှင့်။ ပြစ်မှားသော သူတို့သည် ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ ထာဝရဘုရားကို မြော်လင့်သော သူတို့မူကား၊ ပြည်တော်ကို အမွေခံရကြလိမ့်မည်။ (ဆာလံ ၃၇း၃-)

ထို့ကြောင့် ယခုနှစ်သစ်မှစ၍ မည်သည့်အ ခြေအနေမျိုးတွင်မဆို ထာဝရဘုရားကို အားကိုးဘို့ ဆုံးဖြတ်အကောင်အထည်ဖေါ်စေချင်သည်။ ထာဝရဘုရားကို အားကိုးခြင်းသည် သူ၏အလိုတော်ကို သိဘို့ရန် ကျမ်းစာကိုနေ့စဉ်ဖတ်ရွတ်ရမည်။ ဆုတောင်းရမည်။ နာခံရမည်။

ဘုရားကိုအားမကိုးသောသူသည် သဲကန္တာရ၌ရှိသောချုံပင်နှင့်တူသည် ဟုဆိုသည်။ သဲကန္တာရသည် သွေ့ခြောက်၍ အပင်ရှားပါးသည်။ သွေ့ခြောက်သောကြောင့် ချုံပင်သည် ရေမရဘဲ ညှိုးနွမ်းနေမည်။ ထို့နည်းတူ၊ ဘုရားအားမကိုးသော သူသည် အသက်တာခမ်းခြောက်၍ စိတ်ပျက်စရာ၊ ဝမ်းနည်းကျေကွဲစရာများကြောင့် အသက်ရှင်ရ ကျိုးနပ်မည်မဟုတ်ချေ။ ဘုရားအားမကိုးသောသူများသည် ပြသနာတခုပြီးတခုရင်ဆိုင်နေရသော်လည်း ဘုရားထံတော်သို့ မချဉ်းကပ်တတ်ကြ‌ချေ။ ထိုသူများကို မည်မျှပင်ကူညီသော်လည်း အဆင်မပြေနိုင်ချေ။ ဒုက္ခဆင်းရဲခြင်းက ဘုရားထံချဉ်းကပ်ဘို့ တွန်းပို့နေခြင်းဖြစ်သည်။

မိတ်ဆွေ၊ သင်သည် ထိုကဲ့သို့ ဒုက္ခပြသနာပေါင်းစုံရင်ဆိုင်နေသောသူဖြစ်ပါသလား။ ထာဝရဘုရားထံ စိတ်နှလုံးအကြွင်းမဲ့ ချဉ်းကပ်ပါ။

ဘုရားသခင်က သူ့ကိုအားကိုးလျှင် မင်္ဂလာရှိသောသူဖြစ်မည့်အကြောင်း ဤသို့ဆက်၍ ပြောထား သည်၊ ထာဝရဘုရားကိုကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာအကြောင်း ဖြစ်စေသောသူ သည် ကောင်းကြီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏။ ထိုသူသည်ကား၊ ရေရှိသောအရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန် ရောက်ကြောင်းကိုမသိ၊ အရွက်မညှိုးနွမ်း၊ မိုးခေါင်သော ကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲအသီးကို သီးတတ်သော အပင်နှင့်တူ၏(ယေရမိ ၁၇း၇-)

ထာဝရဘုရားကို အားကိုးသောသူသည် မြစ်နားမှာပေါက်သော အပင်နှင့်တူသည်၊ ဟုဆိုသည်။ မြစ် သည်မခမ်းခြောက်တတ်သကဲ့သို့ ထာဝရဘုရားသခင်လည်း မခမ်းခြောက်နိုင်ချေ။ အပင်သည်အမြစ် မှရေရရှိနေလျှင် နေပူရှိန်ကို လုံးဝမမှုချေ။ ထို့နည်းတူ၊ လူသည်ထာဝရဘုရားကို အားကိုးနေလျှင် ဒုက္ခ ပြသနာကို လုံးဝကြောက်စရာမလိုချေ။  မိုးခေါင်သောကာလသည် ကျန်းမာရေးမကောင်း၊ အလုပ် လက်မဲ့ဖြစ်ချိန်၊ အစစအရာရာပြသနာရင်ဆိုင်ချိန်များကို ပုံဆောင်သည်။ အရွက်မညှိုးနွမ်း ဆိုသည်မှာ အပြုံးမပျက် ငြိမ်သက်နေခြင်းကို ဆိုလိုသည်။ အစဉ်အမြဲအသီးသီးခြင်းဆိုသည်မှာ အောင်မြင်မှုရရှိ ခြင်းကိုဆိုလိုသည်။

ယခုနှစ်သင်၏ဆုံးဖြတ်ချက်သည် ထာဝရအသက်ရရှိပြီးသူဖြစ်လျှင် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားသောသူဖြစ်ဘို့ အကြံပေးလိုပါသည်။ ကိုယ့်ကိုကိုယ်၎င်း၊ အခြားလူနှင့် အစိုးရသော်၎င်း၊ ဘုရားထက်အားမကိုးပါနှင့်။ မင်းများမှစ၍ ကယ်တင်နိုင်သောလူသား ကို မကိုးစားကြနှင့် (ဆာလံ ၁၄၆း၃) ဘုရားသခင်က ကျမ်းစာအားဖြင့်သတိပေးပါသည်။ တဖန်၊  နှာခေါင်းနှင့်အသက်ရှုတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သောသူကို အဘယ်သို့ ပမာဏပြုစရာရှိသနည်း(ဟေရှာယ ၂း၂၂) ဟုဆိုသေးသည်။

 

ဘုရား၌စိတ်အားကြီးသူ

ဘုရားအားမကိုးဘဲစွန့်ခြင်းသည် ဘုရားမဲ့တရားမဲ့ ဒုစရိုက်ပြုသူများသာထင်မှတ်တတ်ကြသည်။ ဘုရားတရား၌ အလွန်စိတ်အားကြီးသောသူများလည်း ဘုရားစွန့်နိုင်ကြောင်း ကျမ်းစာအားဖြင့်သိနိုင်သည်။ ထာဝရဘုရား မိန့်တော်မူသည်ဖြစ်၍၊ အိုကောင်းကင်၊ ကြားလော့၊ အိုမြေကြီး၊ နားထောင်လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည်၊ ငါ့ကို ပုန်ကန်ကြပြီ။ နွားသော်လည်း မိမိအရှင်ကိုသိ၏။ မြည်းသော်လည်း မိမိသခင်၏ မြည်းဇောင်းကို သိ၏။ ဣသရေလ အမျိုးသားတို့မူကား ငါ့ကိုမသိကြ။ ငါ၏လူမျိုးမူကား၊ မဆင်ခြင်တတ်ပါတ ကား။ ဆိုးယုတ်သောအမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက်သောလူစု၊ မတရားသဖြင့် ပြုသောအနွယ်၊ ဖောက်ပြန်သော သားသမီးပါတကား။ ထာဝရဘုရားကို စွန့်ကြပြီ။ ဣသရေလ အမျိုး၏ သန့်ရှင်းသောဘုရားကို မရိုမသေပြု၍ ပယ်ကြပြီ။ ကျောခိုင်း၍ ခွာသွားကြပြီ (ဟေရှာယ ၁း၂-)

ထိုကဲ့သို့ ဘုရားသခင်က သူ့ကိုစွန့်သွားကြပြီ၊ ဟုဆိုသော်လည်း ဣသရေလလူများသည် ဘုရား ကိုးကွယ်ပူဇော်ကြောင်း၊ ဘုရားသခင်ကိုယ်တော်တိုင်က ဤသို့ဆက်၍ဆိုသွားသည်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ပူဇော်သောယဇ်အများကို၊ ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့၏ ဆီဥနှင့်ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ်တို့၏အသွေးကို ငါမနှစ်သက်။ သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြသောအခါ၊ ငါ့တန်တိုင်းတော်ကို ကျော်နင်းသောသင်တို့၌၊ ထိုသို့သောဝတ်ကို အဘယ်သူတောင်းသနည်း။ အချည်းနှီးသော ပူဇော်သက္ကာကို နောက်တဖန် မဆောင်ခဲ့ကြနှင့်။ သင်တို့မီးရှို့သော နံ့သာပေါင်းကို ငါရွံရှာ၏။ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေးသော နေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့် ရောနှောသော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။ ငါ့ဝိညာဉ်သည် သင်တို့ လဆန်းနေ့များနှင့် သင်တို့ပွဲများကိုမုန်း၏။ ငါ့ကိုနှောင့်ယှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏ (ဟေရှာယ ၁း၁၁-၁၄)

ပေါလုကလည်း၊ ညီအစ်ကိုတို့၊ ဣသရေလလူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှါ၊ ငါ၏စေတနာအလိုရှိ၍ ဘုရားသခင်ကို ဆုတောင်းလေ့ရှိ၏။ ထိုသူတို့သည် မှန်သောပညာ မရှိသော်လည်း၊ ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်၊ ဟုသူ တို့အဘို့ ငါသက်သေခံ၏။ ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကိုမသိဘဲ၊ ကိုယ်ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို ဝန်မခံကြ(ရော ၁၀း၁-)

ဣသရေလလူတို့သည် ဘုရားဖက်၌စိတ်အားကြီးသော်လည်း ကယ်တင်ခြင်းသို့ရောက်သလော။ မရောက်သောကြောင့် ပေါလုကဆုတောင်းပေးနေသည် မဟုတ်လော။ ထို့ကြောင့်၊ သင်သည် ဘုရား၌ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ချီးမွမ်းခြင်းအားဖြင့် စိတ်အားကြီးသောသူဖြစ်နိုင်သည်။ သို့သော် မှန်သောပညာ တည်းဟူသော ဘုရားစီစဉ်ပေးသော ဖြောင့်မတ်ခြင်းကို နားမလည်လက်မခံသောသူဖြစ်လျှင် သင်၏စိတ်အားကြီးခြင်းသည် အကျိုးမပေး၊ ကယ်တင်ခြင်းသို့မရောက်ဖြစ်နိုင်သည်။ ထို့ကြောင့်ယခုနှစ်သစ်၌ မှန်သောပညာတည်းဟူသော သမ္မာတရားကို သိရှိနားလည်ဘို့ ရှာဖွေလေ့လာ စေချင်သည်။

 

ဘုရား၏ဘုန်းထင်ရှားစေသူ

ယုံကြည်သူများသည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားသိရုံဖြစ်လျှင် ဘုရား၏အလိုတော်သည် မပြည့်စုံသေးပါ၊ ဘုရား၏ဘုန်းကိုထင်ရှားစေသူဖြစ်ဘို့ ပေတရုကဤသို့ရေးခဲ့ပါသည်၊ သင်တို့မူကား မှောင်မိုက်ထဲမှ အံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသော သူ၏၊ ဂုဏ်ကျေးဇူးများကို ဖေါ်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏  ( ပေ ၂း၉)

ဘုရားဂုဏ်ကျေးဇူးတော်များ ဟုဆိုသောအခါ လောကအမြင်အားဖြင့်သာလျှင် မြင်တတ်ကြသည်။ လောကလူ့အမြင်၌ ဘုရား၏ဂုဏ်သည် ကြီးမားသော်လည်း ထို့ထက်ဝိညာဉ်ပိုင်းဆိုင်ရာ ကောင်းကင်၌ရှိသော ဂုဏ်သည် နှိုင်းယှဉ်၍မရလောက်အောင် ကြီးမြတ်ပါသည်။ ထိုသို့ဖြစ်လျှင်ယုံကြည်သူများက ဘုရား၏ဂုဏ်ကို မည်ကဲ့သို့ဖေါ်ပြမည်နည်း။ လူများကို ဘုရားသခင်နှင့်မိတ်ဆက်၍ ဆက်သွယ်စေခြင်းအားဖြင့် ပြုလုပ်နိုင်သည်။ လူသည်အပြစ်ကြောင့် သန့်ရှင်းသောဘုရား၊ ဘုန်းတန်ခိုးနှင့်ပြည့်စုံသောဘုရားနှင့် မိဿဟာယမဖွဲ့နိုင်ပါ။ သို့သော်၊ ထိုအရာကို ခရစ်တော်အသေခံခြင်းအားဖြင့် ဆီးတားသောမဟာ တံတိုင်းကြီးကို ဖြိုဖျက်နိုင်ပါပြီ။

ယခုနှစ်တွင်သင်သည် အနည်းဆုံးလူတယောက်ကို ဘုရားသခင်၏ ကယ်တင်ခြင်းအကြောင်း ပြောပြသောသူဖြစ်နိုင်ဘို့ ဆုတောင်းဆုံးဖြတ်စေချင်သည်။ အခြားသူထံ မပြောပြနိုင်လျှင်လည်း၊ ကိုယ့်ခင်ပွန်း၊ သားသမီး၊ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်းများထံပြောပြပါ။ ဘုရားသခင်က ထင်ရှားစွာကောင်းကြီးပေးပါလိမ့်မည်။

 

ဂလာတိ ၄
 

၁။ တဖန်တုံ၊ အမွေခံမည်သည်ကား၊ ဥစ္စာရှိသမျှကို ပိုင်ထိုက်သောသူ ဖြစ်သော်လည်း၊ အရွယ်မရောက်မှီ ကာလပတ်လုံး အစေအပါကျွန်နှင့်တူ၏။ ၂။ အဘစီရင်နှင့်သောအချိန် ကာလမရောက်မှီတိုင်အောင် အစောင့်အထိန်းအအုပ်အချုပ်တို့ လက်၌ရှိ၏။

သားသမီးများသည် မိဘ၏အမွေခံမည့်သူများ ဖြစ်ကြသော်လည်း၊ အရွယ်မရောက်မှီသူတို့ပိုင်သော ဥစ္စာများကို ကြိုက်သလိုသုံးစွဲ၍မရ၊ အစေခံများ၊ သူတို့ကို အုပ်ထိန်းသောသူများ၏ စီမံထားသည့်အတိုင်း နေရသည်။ နို့နှင့်မုန့်များကို ခလေးထိန်းထံ၌ မိဘကအပ်နှံထား၍၊ အထိန်းကပေးသမျှသာ ခလေးကစားသောက်ရသည်။

မေးခွန်းများ

၁။ အဘယ်ကြောင့် သားသမီးများသည် အမွေခံမည့်သူဖြစ်သော်လည်း အစေအပါကျွန်ကဲ့သို့ဖြစ်သနည်း။.............................

၃။ ထိုနည်းတူငါတို့သည် အရွယ်မရောက်မှီ လောကီတရားနုလက်၌ ကျွန်ခံရကြ၏။

ထို့နည်းတူယုံကြည်သူများသည် ဘုရား၏အမွေခံများ ဖြစ်ကြသော်လည်း၊ အရွယ်မရောက်သေးခင်အထိ လောကီတရားနုလက်၌ ကျွန်ခံရသည်ဟုဆိုသည်။ လောကီတရားနုဆိုသည်မှာ၊ လောကီစည်းကမ်းသွန်သင်မှုကို ဆိုလိုသည်။ လောကီတရားနုလက်၌ ကျွန်ခံသည် ဆိုသည်မှာ လောကီစည်းကမ်းကို လိုက်နာခြင်းဖြစ်သည်။ အရွယ်ရောက်ခြင်းသည် မည်သည့်အချိန်ဖြစ်မည်နည်း။ အရွယ်ရောက်ခြင်းသည် ဝိညာဉ်၌ဒုတိယအကြိမ် မွေးဖွားသည့်အချိန် ဖြစ်နိုင်သည်။ လူသည်ဝိညာဉ်ပိုင်းဒုတိယအကြိမ် မမွေးမီအထိ လောကီတရားနုတည်းဟူသော ပညတ်တော် သို့မဟုတ် စည်းကမ်းကအုပ်ချုပ်ဘို့လိုသည်။ ဒုတိယအရွယ်ရောက်ခြင်းသည် ဝိညာဉ်ပိုင်း ဒုတိယမွေးဖွားပြီး ကြီးထွားရင့်ကျက်သောအချိန်ကို ဆိုလိုသည်။ ဝိညာဉ်ပိုင်း၌အရွယ်မရောက်လျှင် ဇာတိအလိုအားဖြင့်အသက်ရှင်နေသောကြောင့် လောကီတရားနု သို့မဟုတ်ပညတ်တော်အားဖြင့် ထိန်းကျောင်းဘို့လိုနေသည်။ ဒုတိယမမွေးသောသူနှင့် ဝိညာဉ်ပိုင်း ခလေးများသည် ကယ်တင်ခြင်း၌ ကွာခြားသော်လည်း၊ အလိုဆန္ဒနှင့်အကျင့်၌ အတူတူပင်ဖြစ်သည်။ ဝိညာဉ်ခလေးများအသက်တာကို ‌ပေါလုက၊ ညီအစ်ကိုတို့၊ အထက်က ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့၊ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိလူတို့အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။ ယခုတိုင်အောင် သင်တို့သည် ခဲဘွယ်စားဘွယ်ကို မ​ကြေနိုင်သောကြောင့် ငါမ​ကျွေးရ။ နို့ကိုသာတိုက်ရ၏။ ယခုပင်လည်း၊ သင်တို့သည် မ​ကြေနိုင်သေး။ ယခုပင်လည်း၊ ဇာတိလူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်း ကွဲပြားခြင်း ရှိသည်ဖြစ်၍၊ သင်တို့သည် ဇာတိလူ ဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။(၁ ကော ၃း၁-၃) ဟုကောရိန္သုအသင်းသားများထံ၌ ရေးခဲ့သည်။ သူတို့သည် ဒုတိယမွေးသော်လည်း ခလေးဖြစ်ကြသောကြောင့် ဇာတိအတိုင်းအသက်ရှင်နေကြသည်။ သင်သည်ပညတ်တော်သို့မဟုတ် လောကီတရားနု၏ အုပ်ထိန်းမှုအောက်၌ ရှိသေးပါသလား။

မေးခွန်းများ

၂။ လောကီတရားနုဆိုသည်မှာ အဘယ်အရာနည်း။ .......................

၃။ အဘယ်ကြောင့် ယုံကြည်သူများသည် လောကီတရားနုအောက်၌ ကျွန်ခံရကြသနည်း။...................

၄။ အရွယ်ရောက်ခြင်းသည် ဘာကိုဆိုလိုသနည်း။................................

၅။ ကောရိန္သုအသင်းသားများသည်အရွယ်ရောက်ကြပါသလား။...............................အဘယ်သို့သိနိုင်သနည်း။................................

 

၄။ အချိန်ကာလစေ့သောအခါ၊ ငါတို့သည် သား၏အခွင့်အရာကို ခံရမည်အကြောင်း၊ ၅။ ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနှုတ်စေခြင်းငှါ၊ မိန်းမ၀မ်း၌ပဋိသေန္ဓယူ၍ ပညတ်တရားအောက်၌ ဘွားမြင်ရသောသားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။

လောကီတရားနုကို ဤနေရာ၌ ပညတ်တရားဟုဆိုသည်။ ငါတို့ကို ပညတ်တရား၏ လက်မှရွေးနှုတ်ဘို့ရန် ဘုရားသခင်က ကြိုတင်စီမံထားခဲ့ကြောင်းကို ပေတရုကဤသို့ရေးထားသည်၊ ထိုခရစ်တော်ကား ဤကမ္ဘာမတည်မရှိမှီခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်သောသင်တို့အဘို့၊ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။ (၁ ပေ ၁း၂၀)။ အချိန်စေ့သောအခါ ပညတ်တရားလက်၌ ကျွန်ခံနေသောငါတို့ကို ရွေးနှုတ်ဘို့ရန် ဘုရားသခင်သည် သူ၏သားကို ဤလောကသို့စေလွှတ်သည်။ ထိုသားသည် လူသားများနှင့်တူညီရန် မိန်းမ၀မ်း၌ ပဋိသေန္ဓယူ၍ လူကဲ့သို့ဘွားမြင်သည်။ အဘယ်ကြောင့် ပညတ်တော်အောက်၌ ဘွားမြင်သောသား ဟုဆိုသနည်းဟူမူကား၊ ခရစ်တော်သည် ပညတ်တော်အုပ်စိုးသောကာလ၌ မွေးဖွားသောကြောင့်ဖြစ်သည်။ 

မေးခွန်းများ

၆။ ပေါလုက လောကီတရားနုစကားလုံးအစား မည်သည့်စကားလုံးကိုသုံးသနည်း။...................................

၇။ ဘုရားသခင်က သားတော်ကို မည်သူတို့ကိုရွေးနှုတ်ဘို့ စေလွှတ်သနည်း။........................................

၈။ သားတော်သည် မည်သူတို့ကို မည်သည့်လက်အောက်မှ ရွေးနှုတ်သနည်း။......................................

 

၆။ ထိုသို့သင်တို့သည်သားဖြစ်သောကြောင့် အဗ္ဗအဘဟုခေါ်တတ်သော သားတော်၏ ၀ိညာဥ်တော်ကို သင်တို့ စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ၏။

ဤနေရာ၌ ယုံကြည်သူများကို ဘုရား၏သားဟု ခေါ်လိုက်သည်။ ဘုရား၏သားများက ခမည်းတော်ဘုရားကို အဗ္ဗအဘဟုခေါ်ရသည်။ အဗ္ဗဟူသောစကားလုံးသည် အာရမိတ်စကားဖြစ်၍ အဘ ဟုအဓိပ္ပါယ်ရသည်။ အထူးသဖြင့် ခလေးကသူ၏အဖေကို ခေါ်သောစကားဖြစ်သည်။ ထိုသို့ခေါ်နိုင်ရန် ဘုရားသခင်က သန့်ရှင်းသော၀ိညာဥ်တော်ကို ယုံကြည်သူ၏ စိတ်နှလုံးထဲ၌ စေလွှတ်သည်။ ထို့ကြောင့် သန့်ရှင်းသော၀ိညာဥ်တော် ရရှိသူတိုင်းက ဘုရားသခင်ကို အဘ ဟုခေါ်နိုင်သည်၊ ခေါ်သင့်သည်။

မေးခွန်းများ

၉။ အဗ္ဗဟူသောစကားလုံးသည် မည်သည့်စကားဖြစ်သနည်း။.......................ဘာကိုဆိုလိုသနည်း။........

၁၀။ မည်သူတို့သည် ဘုရား၏သားဖြစ်ကြသနည်း။..........................................

၁၁။ သင်၏အဘသည် မည်သူနည်း။.........................

 

ရ။ သို့ဖြစ်၍ သင်တို့သည် နောက်တဖန် အစေအပါကျွန်မဖြစ်၊ သားပင်ဖြစ်ကြ၏။ သားဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင်၏ အမွေခံလည်းဖြစ်ကြ၏။

ယုံကြည်သူများသည် ပညတ်တရား၏ကျွန် မဟုတ်တော့ချေ၊ ဘုရား၏သား အမွေခံများ ဖြစ်ကြပြီ။ ပေါလုက ရောမအသင်းတော်ထံ၌ ဤသို့စာရေးသည်၊ ငါတို့သည် ဘုရားသခင်၏ သားဖြစ်ကြသည်၊ ဟုဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ၊ သက်သေခံတော်မူ၏။ သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ (ရောမ ၈း၁၆-၁၇) ထိုသို့ဘုရား၏သားဖြစ်ရသောကြောင့်၊ ဘုရား၏သားများကဲ့သို့ အသက်ရှင်ရမည်။ ကျွန်စိတ်မထားတော့ဘဲ သားစိတ်ထား၍၊ အဘမျက်နှာ မပျက်ရလေအောင် အသက်ရှင်ရမည်။ ငါတို့၏အမွေလည်း သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်း မဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ သိုထားပေးသည်။ ပေါလုက ဧဖက်အသင်းသားများထံ ထိုအမွေတော်မည်မျှကြီးသည်ကို သိနိုင်မည့်အကြောင်း ဤသို့စာရေးခဲ့သည်၊ ခေါ်တော်မူသောကြောင့် မျှော်လင့်ရသောအရာကား၊ အဘယ်အရာဖြစ်သည်ကို၎င်း၊ သန့်ရှင်းသူတို့သည် ခံရသောအမွေတော်၏ ဘုန်းစည်းစိမ်ကား၊ အဘယ်မျှလောက်ကြီးသည်ကို၎င်း၊ ယုံကြည်သောငါတို့၌ ပြတော်မူသော၊ အလွန်ကြီးလှစွာသော တန်ခိုးတော်ကား၊ အဘယ်မျှလောက် ကြီးသည်ကို၎င်း၊ သင်တို့သည် သိစေခြင်းငှါ၊ သင်တို့၏ ဥာဏ်မျက်စိကို လင်းစေပါမည်အကြောင်း၊ ဆုတောင်းပဌနာပြု၏။(ဧဖက် ၁း၁၈-၁၉) သို့သော်၊ လွဲမှားသောအမှုတော်ဆောင်များက ဘုရားပေးမည့်အမွေကို ဤလောက၌ရရှိဘို့ ဟောပြောသွန်သင်နေကြသည်ကို ဝမ်းနည်းဖွယ် ကြားမြင်နေရသည်။ အမွေသည် မိဘသေမှရမည့်အရာဖြစ် သည်။ မိဘမသေမှီ အမွေလိုချင်သောအရာကို ခရစ်တော်က ပျောက်သောသား ဥပမာအားဖြင့် လုကာ ၁၅း၁၁-၂၄ ၌ဟောပြောခဲ့သည်။ သင်သည်၊ ဘုရား၏သားသမီးဖြစ်ပြီးလား။ သားသမီးဖြစ်လျှင် အမွေခံရမည်ကို သိပါသလား။ ထိုအမွေကိုမြေကြီးပေါ်၌ ရရှိခံစားလိုပါသလား။ မည်သည့်နေရာ၌ ခံစား လိုပါသနည်း။ အဘယ်ကြောင့်နည်း။ 

မေးခွန်းများ

၁၂။ သင်သည်ဘုရားသခင်၏ သားဖြစ်လျှင် ဘာကိုရရှိမည်နည်း။..................................

၁၃။ သင်၏အမွေတော်ကို မြေကြီးပေါ်မှာရရှိလိုပါသလော။....................အဘယ်ကြောင့်နည်း။...............

၁၄။ မည်သူတို့က အမွေကိုမြေကြီးပေါ်မှာ ရရှိဘို့သွန်သင်သနည်း။...................................

 

၈။ သို့သော်လည်း အထက်ကသင်တို့သည် ဘုရားသခင်ကိုမသိသောအခါ၊ ဇာတိအားဖြင့် ဘုရားမဟုတ်သောသူတို့၏ အမှုကိုဆောင်ရွက်ကြ၏။

အထက်ကဟူသောအရာသည် ယခင်ဘုရားမသိခင်ဘ၀ကိုဆိုလိုသည်။ ယုံကြည်သူများသည် ဘုရားမသိသောအခါ၊ ဘုရားမဟုတ်သောသူတို့၏အမှုကို ဆောင်ရွက်သည်ဟု ဆိုခြင်းသည်၊ လောကီအမှုဆောင်ရွက်ခြင်း၊ အခြားဘုရားများ၏ အမှုကို ဆောင်ရွက်ခြင်းဖြစ်သည်။ 

မေးခွန်းများ

၁၅။ ဘုရားမသိသောသူများသည် ဘာအမှုကိုဆောင်ရွက်ကြသနည်း။...............................

 

၉။ ယခုမူကား သင်တို့သည် ဘုရားသခင်ကို သိပြီးမှဟူ၍မဆို၊ ဘုရားသခင်သည် သင်တို့ကို သိတော်မူပြီးမှ၊ အားမရှိ၊ ချမ်းသာမပေးနိုင်သော တရားနုဘက်သို့ အဘယ်ကြောင့် တဖန်ပြောင်းလဲကြသနည်း။ ထိုလောကီတရား၌ တဖန်ကျွန်ခံခြင်းငှါ အလိုရှိကြပြီတကား။

လူကဘုရားကို အရင်သိခြင်း မဟုတ်ဘဲ ဘုရားကလူကိုသိသည်။ အမှန်မှာ ဘုရားသည် လူတိုင်းကိုသိသည်။ သို့သော်ဤသိခြင်းသည် အသိအမှတ်ပြုခြင်းကို ဆိုလိုခြင်းဖြစ်သည်။ တရားနုတည်းဟူသော ပညတ်တရားသည်၊ အားမရှိ၊ ချမ်းသာမပေးနိုင်ဟုဆိုသည်။ ဂလာတိယုံကြည်သူများသည် ပေါလုတို့ဟောသော ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းတရားကို ကြားချိန်မှစ၍ ထိုတရားကို ယုံကြည်ပြီးမှ ပညတ်တရား စောင့်ရှောက်ခြင်းဘက်၌ ပြန်လှည့်သွားကြသောကြောင့် ပေါလုကအပြစ်တင်ခြင်းဖြစ်သည်။ ဤနေရာ၌ ကောင်းကောင်းရှင်းလင်းဘို့လိုသည်။ ပေါလုဆိုလိုသည်မှာ၊ ကယ်တင်ခြင်း၊ ဘုရားသားဖြစ်ခြင်း တို့သည် ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့်မဟုတ်၊ ကျေးဇူးတော်ကို ယုံကြည်ခြင်းအားဖြင့်ဖြစ်သည်။ ထိုသို့ယုံကြည်ပြီးသောသူသည် ပညတ်တရားအတိုင်း အသက်ရှင်ရမှာ ဖြစ်သော်လည်း၊ ထိုတရားလိုက်နာခြင်းအားဖြင့် ကယ်တင်ခြင်း၊ ဘုရားသားဖြစ်ဘို့ ကြိုးစားခြင်းကို မပြုလုပ် သင့်ကြောင်း ရှင်းပြနေခြင်းဖြစ်သည်။

မေးခွန်းများ

၁၆။ ဘုရားကလူကိုသိခြင်းသည် ဘာကိုဆိုလိုသနည်း။.............................................

၁၇။ တရားနုတည်းဟူသော ပညတ်တရားသည် ချမ်းသာပေးနိုင်ပါသလား။.....................................

၁၈။ ဂလာတိအသင်းသားများသည် မည်သည့်နေရာမှမည်သည့်နေရာသို့ ပြောင်းသွားကြသနည်း။......

၁၉။ ကယ်တင်ခြင်းသို့ရောက်ဘို့ရန် ပညတ်တော်လိုက်လျှောက်ရမည်လော။.......................   အဘယ်ကြောင့်နည်း။.......................

၂၀။ ကယ်တင်ခြင်းသို့ရောက်ပြီးသောသူသည် ပညတ်တော်လိုက်လျှောက်ရမည်လော။....................အဘယ်ကြောင့်နည်း။....................................

 

၁၀။ နှစ်၊ လ၊ နေ့ရက်၊ အချိန် ကာလများကို စောင့်ကြပြီတကား။

ဘုရားသခင်က ဣသရေလလူများကို နှစ်လနေ့ရက်များ စောင့်ဘို့ ပြောထားသည် (၀တ်ပြုရာ ၂၃)။ ဥပုသ်နေ့၊ လဆန်းနေ့၊ ပွဲနေ့များကိုဆိုလိုသည်။ ထိုအရာများသည် အရိပ်များဖြစ်သည်။ ခရစ်တော်ကအသက်တာအားဖြင့် ပြည့်စုံစေခဲ့ပြီဖြစ်ကြောင်း ပေါလုက ဤသို့ရေးထားသည်၊ ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင်သင်တို့ကို အဘယ်သူမျှ မစစ်ကြော မစီရင်စေနှင့်။ ထိုအရာတို့သည် နောက်ဖြစ်လတံ့သောအရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏။ (ကောလောသဲ ၂:၁၆-၁ရ)။ သို့သော်ခရစ်ယာန်များက အရိပ်လည်းမမြင်၊ အကောင်လည်းမမြင် ဖြစ်နေကြသည်ကို ၀မ်းနည်းဖွယ်ဖြစ်သည်။ ခရစ်ယာန်များသည် ဘုရားမခိုင်းသောခရစ္စမတ်ပွဲ၊ နှစ်သစ်ကူးပွဲ၊ ရှင်ပြန်ထမြောက်ခြင်းပွဲ၊ ကျေးဇူးတော် ချီးမွမ်းပွဲများပြုလုပ်နေကြသည်။ ဂလာတိယုံကြည်သူများသည် ယေရှုကိုယုံကြည် လက်ခံပြီးသော်လည်း၊ ဣသရေလလူများကဲ့သို့ နှစ်လနေ့ရက်များ စောင့်ခြင်းဖြင့် ဖြောင့်မတ်မည်၊ ကယ်တင်ခြင်းသို့ရောက်မည်၊ ဘုရားကလက်ခံမည်ဟု ယူဆခြင်းကို ပေါလုကအပြစ်တင်ခြင်းဖြစ်သည်။

မေးခွန်းများ

၂၁။ နှစ်လရက်များစောင့်ခြင်းကို မည်သူကခိုင်းခဲ့သနည်း။………………………………………….

၂၂။ နှစ်လရက်များစောင့်ခြင်းသည် ဘာဖြစ်သနည်း။…………………………….

၂၃။ နှစ်လရက်များကို မည်သူကပြည့်စုံစေခဲ့သနည်း။…………………………

၂၄။ ခရစ်ယာန်များက မည်သည့်ပွဲများကို စောင့်ကြသနည်း။……………………………………………….

၂၅။ ဘုရားသခင်က ခရစ်ယာန်များကို ပွဲများလုပ်ခိုင်းသလော။…………….အဘယ်ကြောင့်လုပ်ကြသနည်း။…………………………………………

 

၁၁။ ငါသည်သင်တို့ဆီမှာ အချည်းနှီးကြိုးစားအားထုတ်သည်ဟု သင်တို့၏အကြောင်းကြောင့် စိုးရိမ်လျက်ရှိ၏။

ပေါလုက ဂလာတိပြည်၌ရှိသောယုံကြည်သူများ၊ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားသိရှိဘို့ရန်၊ သန့်ရှင်းသော၀ိညာဥ်တော်ရရှိဘို့ရန်၊ အလွန်ကြိုးစားသွန်သင်ပေးခဲ့သည်။ သူရှိစဥ်၌ သူတို့သည် ယုံကြည်ကြသော်လည်း၊ သူမရှိသောနောက်ပိုင်း၌ မှားယွင်းသောသွန်သင်မှုများကြောင့်၊ သူ၏ကြိုးစားမှုများသည် အကျိုးမရှိဘဲ အချည်းနှီးဖြစ်မည်၊ ဟုသူစိုးရိမ်ခြင်းကို ရေးခြင်းဖြစ်သည်။ ဝိညာဉ်သားသမီးများသည် မိဘမရှိသောအခါ အမျိုးမျိုးသော သွန်သင်ခြင်းခံကြသဖြင့် မှားယွင်းသော ဩဝါဒများကို လက်ခံတတ်ကြသည်။ ပေါလုအနေဖြင့် ဂလာတိပြည်ရှိ ဝိညာဉ်သားသမီးများထံ အမြဲနေ၍ မသွန်သင်ပေးနိုင်သောကြောင့် စာအားဖြင့် ယခုကဲ့သို့ စိုးရိမ်စာရေးခြင်းဖြစ်သည်။ ဝိညာဉ်မိခင်ဖခင်များသည် ကိုယ့်သားသမီးများကို ပေါလုကဲ့သို့ ဂရုစိုက်ဘို့လိုသည်။

မေးခွန်းများ

၂၆။ ပေါလုသည် သူ၏ဝိညာဉ်သားသမီးများ မှားယွင်းသောဩဝါဒ လိုက်သွားမည့်အရာကို စိုးရိမ်ပါသလော။……………………..

၂၇။ ယနေ့ဝိညာဉ်များအဘယ်ကြောင့် မှားယွင်းသောသွန်သင်မှုများနောက် လိုက်သွားတတ်ကြသနည်း။……………………………….

 

၁၂။ ညီအစ်ကိုတို့၊ သင်တို့ကဲ့သို့ငါဖြစ်၏။ ငါကဲ့သို့ သင်တို့ ဖြစ်ကြလော့ဟု ငါတောင်းပန်၏။ သင်တို့သည် ငါ့ကိုအလျှင်းမပြစ်မှားကြ။

ပေါလုကသူသည် သူတို့ကဲ့သို့ လူသားဖြစ်၍ အခြေအနေတူသည်။ ထို့ကြောင့် သူကဲ့သို့ ဘုရားသခင်ကို ယုံကြည်သောသူဖြစ်ဘို့ ပြောနေခြင်းဖြစ်သည်။ သူတို့သည် ပေါလုအပေါ်မ ဖြစ်မှားသော်လည်း၊ လွဲမှားသောအယူ၀ါဒကို လက်ခံကြသောကြောင့် ပေါလု၏ စိတ်ထိခိုက်ခြင်း ဖြစ်သည်။

မေးခွန်းများ

၂၈။ ပေါလုက အဘယ်ကြောင့် ဂလာတိယုံကြည်သူများထံ ငါကဲ့သို့ဖြစ်ကြလော့၊ ဟုဆိုရာတွင် ဘာကို ဆိုလိုသနည်း။…………………………

 

၁၃။ ငါသည်ကိုယ်နာခြင်း ရောဂါနှင့်တကွ၊ ဧ၀ံဂေလိတရားကို သင်တို့အားအထက် ကဟောပြော ကြောင်းကို သင်တို့သိကြ၏။

ပေါလုသည် ဂလာတိလူတို့ထံ တရားဟောသောအခါ၊ ကိုယ်ခန္ဓာမကျန်းမာခဲ့ကြောင်း သူကိုယ်တိုင်က ရေးသားထားသည်။ ထိုအရာကို ဂလာတိယုံကြည်သူများကသိကြသည်။ မည်ကဲ့သို့ သောရောဂါခံစား သည်ကို မေဖေါ်ပြသောကြောင့်မသိရပါ။ ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန်တရာထူးဆန်း သော တန်ခိုးများကို ပြတော်မူသည်ဖြစ်၍၊ ပေါလုသုံးသော ပုဝါ၊ ခါးပန်းတခုခုကို အနာရောဂါရှိသော သူတို့ဆီသို့၊ ပေးလိုက်၍၊ သူတို့သည် အနာရောဂါနှင့် ကင်းလွတ်ကြ၏။ နတ်ဆိုးတို့လည်း ထွက်သွား ကြ၏။(တမန် ၁၉း၁၁-၁၂) ပေါလုသည် လုတ္တရမြို့၌  အမိဝမ်းတွင်းကပင် ခြေမစွမ်းသဖြင့်၊ တခါမျှ မသွားဘူးသော လူတယောက်ကိုလည်း ကျန်းမာစေခဲ့သည် (တမန် ၁၄း၈-၁၁)။ သို့သော် သူကိုယ်တိုင် ကိုယ်ခန္ဓာ၌ မကျန်းမာကြောင်း တွေ့ရသည်။ အကြောင်းမှာ ဤလောကသည် ကောင်းကင်နိုင်ငံမ ဟုတ်သေး၊ ဒုက္ခဆင်းရဲခံစားရသောနေရာဖြစ်ကြောင်း သိဘို့ရန်ဖြစ်သည်။ 

မေးခွန်းများ

၂၉။ ပေါလုသည် သူတပါးကို သခင်ဘုရားနာမအားဖြင့် ကျန်းမာစေတတ်သော်လည်း သူကိုယ်တိုင် ကျန်းမာပါသလော။…………………အဘယ်ကြောင့်နည်း။……………………………………………………..

 

၁၄။ ကိုယ်ကာယ၌ ငါခံရသော စုံးစမ်းခြင်းကို သင်တို့သည် မထီမဲ့မြင်မပြု၊ ငါ့ကိုမပယ်၊ ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့၎င်း၊ ယေရှုခရစ်ကဲ့သို့၎င်း၊ လက်ခံကြ၏။

ပေါလုက၊ ကိုယ်ခန္ဓာကျန်းမာခြင်းမရှိဘဲ၊ တရားဟောသော်လည်း ဂလာတိလူများက သူ့ကိုမထီမဲ့မြင် ပြုခြင်းမရှိ၊ သူ့ကိုမပယ်ဘဲ ကောင်းကင်တမန်ကဲ့သို့၎င်း၊ ယေရှုခရစ်ကဲ့သို့၎င်း၊ လက်ခံကြသည်ဟု ဆိုသည်။ စစ်မှန်သော ကယ်တင်ခြင်းသို့ ရောက်သောသူတိုင်းက၊ သူတို့၏ ၀ိညာဥ်ဖခင်များကို အလွန် ချစ်တတ်ကြသည်။ ထို၀ိညာဥ်ပိုင်းမေတ္တာဖြင့် ကိုယ်ကာယပိုင်းချစ်ခြင်း အဖြစ်သို့ လွန်သွားမှာကို သတိထားဘို့လိုသည်။ သို့မဟုတ်၊ ကိုယ်ကာယပိုင်းလွန်ကျူးစွာချစ်ခြင်းဖြင့် အမှားမှားအယွင်းယွင်း ဖြစ်နိုင်သည်။

မေးခွန်းများ

၃၀။ ပေါလုသည် မကျန်းမာသော်လည်း ဂလာတိပြည်ရှိ ယုံကြည်သူများက သူ့ကိုမထီမဲ့မြင်ပြုကြပါ သလား။……………………..

၃၁။ ဂလာတိယုံကြည်သူများက ပေါလုကို မည်ကဲ့သို့ လက်ခံကြသနည်း။…………………………………..

 

၁၅။ သို့ဖြစ်လျှင် သင်တို့ခံရသော မင်္ဂလာကား အဘယ်မင်္ဂလာနည်း။ အထက်ကကိုယ်မျက်စိကို ထုတ်၍ ငါ့အားပေးနိုင်လျှင်၊ ပေးခြင်းငှါ သင်တို့အလိုရှိသည်ဟု ငါသက်သေခံ၏။

ဂလာတိယုံကြည်သူများကပေါလုကို ချစ်ခြင်းသည်၊ မည်မျှကြီးသနည်းဟူမူကား မျက်စိကိုထုတ်၍ သူ့အားပေးနိုင်လျှင် ပေးချင်လောက်အောင်ချစ်ကြသည်။ ထိုအရာသည် ယနေ့ဧ၀ံဂေလိတရားဟော သောသူများထံ တရားနာသောသူများ ကချစ်ခြင်း၌ တွေ့မြင်ရတတ်သည်။ ထိုကဲ့သို့သောမေတ္တာသည် သတိထားဘို့လိုအပ်သည်။ မလိုအပ်သော မှားယွင်းမှုများ ကျူးလွန်တတ်သည်။

မေးခွန်းများ

၃၁။ ဂလာတိအသင်းတော်များက ပေါလုကိုချစ်ကြပါသလား။...................မည်မျှလောက်ချစ်ကြသ နည်း။................................

၃၂။ သင်သည်တရားဟောဆရာများကို ချစ်နိုင်ပါသလား။...................................

၃၃။ တရားဟောဆရာများကို တရားနာသောသူများက ချစ်သောအခါ မည်သည့်အရာကို သတိထားဘို့ လိုသနည်း။......................

၁၆။ ယခုမူကား၊ ငါသည်သမ္မာတရားကို သင်တို့အား ဟောပြောသောကြောင့် သင်တို့၏ရန်သူ ဖြစ်သလော။

ပေါလုက သမ္မာတရားဟောသောအခါ၊ ဂလာတိယုံကြည်သူများ၏ အပြစ်ဖေါ်ပြသကဲ့သို့ဖြစ်သည်။ ထိုသို့သမ္မာတရားဟောခြင်းသည် သူတို့၏ရန်သူဖြစ်ခြင်းကြောင့်လော၊ မဟုတ်ပါ။ သူတို့ကို ချစ်သောကြောင့် သာလျှင်ဖြစ်သည်။ ထိုအရာကို တရားနာသောသူများက နားလည်ဘို့လိုသည်။ ဝိညာဉ်ရေးပိုင်၌ ခလေးဖြစ်လျှင် နားလည်ဘို့ခက်နေပေလိမ့်မည်။

မေးခွန်းများ

၃၄။ သမ္မာတရားဟောသောအခါ မည်ကဲ့သို့ခံစားနိုင်သနည်း။..............................

၃၅။ သင်သည် သမ္မာတရားဟောသောအခါ စိတ်ဆိုးဘူးပါသလား။...............................

၁ရ။ သူတထူးတို့သည် သင်တို့ကို အလွန်ချစ်ကြသည် မှန်စေတော့။ လျောက်ပတ်စွာ ချစ်ကြသည် မဟုတ်။ သင်တို့သည် သူတို့ကို အလွန်ချစ်မည်အကြောင်း၊ သူတို့သည် သင်တို့ကို ပယ်ခြင်းငှါ အလိုရှိကြ၏။

မှားယွင်းသောဆရာ သို့မဟုတ် လူတို့သည် ယုံကြည်သူများကို အမှန်ချစ်ကြသည်မဟုတ်။ သူတို့ကို ဖျက်ဆီးဘို့ ရန်ကြံရွယ်သော သူများရှိကြသည်။ သို့သော် ၀ိညာဥ်ပိုင်းနုနယ်သော သူများအတွက် ထိုအကြံသမားများကိုယုံ၍၊ သူတို့၏၀ိညာဥ်ဖခင်များကို အထင်လွဲတတ်သည်။

မေးခွန်းများ

၃၆။ မှားယွင်းသောဆရာများက ယုံကြည်သူများကို မည်ကဲ့သို့ အထင်လွဲအောင်ပြုလုပ်တတ်သ နည်း။.........................................

၃၇။ သင်သည် မှားယွင်းသောဆရာများကို သိနိုင်ပါသလား။..................................................

၁၈။ သို့သော်လည်း သင်တို့နှင့်အတူ ငါရှိစဥ်တွင်သာ ကောင်းသောအရာကို အလွန်ချစ်အပ်သည် မဟုတ်။ အစဥ်မပြတ် အလွန်ချစ်အပ်၏။

ပေါလုကကောင်းသော အရာဟုဆိုခြင်းသည်၊ သမ္မာတရားကို ဆိုလိုခြင်းဖြစ်မည်။ ထိုအရာကို သူရှိစဥ်သာလျှင် မဟုတ်ဘဲ၊ သူမရှိလျှင်လည်း အစဥ်မပြတ် ချစ်အပ်သည်ဟု ဆိုသည်။ များစွာသော ၀ိညာဥ်ခလေးများသည် တရားဟောဆရာရှိစဥ်တွင်သာလျှင် တက်ကြွ၍၊ ဆရာမရှိလျှင် လျော့ရဲသွားတတ်ကြသည်။

မေးခွန်းများ

၃၈။ တရားဟောဆရာများရှိစဉ်သာ ကောင်းသောအရာကို ချစ်အပ်သလော။.......................................

၃၉။ အဘယ်ကြောင့် တရားဟောဆရာများရှိစဉ်တွင်သာ တက်ကြွတတ်ကြသနည်း။...........................

 

၁၉။ ခရစ်တော်သည် သင်တို့အထဲ၌ တည်လျက်ရှိတော်မူသည်တိုင်အောင် သင်တို့အဘို့ သားဘွားခြင်း ဝေဒနာကို ငါခံရသော ငါ့ချစ်သားတို့၊

ပေါလုကဂလာတိယုံကြည်သူများ ခရစ်တော်၌ ဒုတိယမွေးဘွားခြင်းခံရန် ကိုယ်၀န်ဆောင်မိန်းမက သားဘွားခြင်း ဝေဒနာခံသကဲ့သို့ တင်စား၍ ရေးခြင်းဖြစ်သည်။ မှန်ပါသည်၊ ၀ိညာဥ်ဖခင်များသည် ၀ိညာဥ်သားသမီးများမွေးဘွားဘို့ရန်အတွက် ဆုတောင်းပေးခြင်း၊ သင်ပေးခြင်း၊ ပင်ပန်းခံခြင်းများပြု လုပ်ကြသည်။ ထို့ကြောင့်၀ိညာဥ်သားသမီးများကို ချစ်ကြ၍၊ သူတို့လဲမှာဖေါက်ပြန်မှာကို စိုးရိမ်တတ် ကြသည်။ ခရစ်တော်ကဤသို့ဆိုသည်၊ ငါသည် ကောင်းသော သိုးထိန်းလည်းဖြစ်၏။ ကောင်းသော သိုးထိန်းသည်၊ သိုးတို့အဖို့အလိုငှါ မိမိအသက်ကို စွန့်တတ်၏။ သိုးများကို ပိုင်သော သိုးထိန်းမဟုတ်၊ သူငှါးဖြစ်သော သူမူကား၊ တောခွေးလာသည်ကို မြင်လျှင်၊ သိုးတို့ကို ပြစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း သိုးတို့ကို လုယက်၍ ကွဲလွင့်စေ၏။ သူငှါးသည် သူငှါးဖြစ်၍ သိုးတို့၏ အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ်၏။ ငါသည် ကောင်းသော သိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့၊ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည် လည်း ငါ့ကိုသိကြ၏။ ငါသည် ကိုယ်အသက်ကို သိုးတို့အဖို့အလိုငှါ စွန့်၏။ (ယော ၁၀း၁၁-၁၅)

မေးခွန်းများ

၄၀။ ဝိညာဉ်ဖခင်များသည် ဝိညာဉ်သားသမီးများ ကိုချစ်ကြပါသလား။....................................

၄၁။ ဝိညာဉ်ဖခင်များသည် ဝိညာဉ်သားသမီးများ မွေးဘွားဘို့ရန် ခံစားချက်ရှိပါသလား။.......................

၄၂။ ခရစ်တော်သည် မည်ကဲ့သို့သောသိုးထိန်းဖြစ်သနည်း။..............................အဘယ်ကြောင့်နည်း။.......... ... ...... .........................................................

 

၂၀။ သင်တို့ကို ငါယုံမှားခြင်း ရှိသောကြောင့်၊ ယခုသင်တို့ကို ကိုယ်တိုင်တွေ့၍၊ ထူးခြားသော စကားကို ပြောခြင်းငှါ အလိုရှိ၏။

ပေါလုက ဂလာတိပြည်ရှိ ယုံကြည်သူများကို ယုံမှားကြောင်း သံသယရှိကြောင်းကို စာရေးသည်။ ထို့ ကြောင့် သူကိုယ်တိုင် သူတို့ကိုတွေ့၍ စကားပြောချင်သည်။ တခါတရံ သူများအကြောင်းကို ကြား သောအရာနှင့် တကယ့်ဖြစ်ပျက်သောအရာသည် အလွန်ကွာခြားတတ်သည်။ ထို့ကြောင့် ကြားသမျှမ ယုံသင့်ချေ။ ပြသနာများကိုလည်း အဝေးမှစာအားဖြင့်သော်၎င်း၊ တဆင့်ခံခြင်းအားဖြင့်၎င်း၊ မဖြေရှင်း ဘဲ လူကိုယ်တိုင်တွေ့ဆုံးပြီး ဖြေရှင်းသင့်သည်။ ထူးခြားသောစကား ဆိုသည်မှာ စကားပြောသောလေ သံကို ဆိုလိုခြင်းဖြစ်သည်။ 

မေးခွန်းများ

၄၃။ ပေါလုက ဂလာတိယုံကြည်သူများကို အဘယ်ကြောင့် တွေ့လိုသနည်း။.............................................

၄၄။ ကျွန်ုပ်တို့လည်း ပေါလုစာအားဖြင့် မည်သည့်သင်ခန်းစာ ရနိုင်သနည်း။………………………………….

 

၂၁။ ပညတ်တရားအောက်၌ နေချင်သောသူတို့၊ သင်တို့သည် ပညတ်တရားကို နားမလည်ကြသလော။

ဂလာတိယုံကြည်သူ များသည် ပညတ်တရားအောက်၌ နေချင်သည်ဟု ပေါလုကဆိုသည်။ ပညတ် တရားအောက်၌ နေခြင်းဆိုသည်မှာ၊ ပညတ်တော်လိုက် ရှောက်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်၊ ဖြောင့်မတ်မည်ဟု ဆိုခြင်းဖြစ်သည်။ သူတို့သည် ပညတ်တော်၏အကြောင်း ပညတ် တော်၏ လုပ်ဆောင်ချက်များကို သိကြပါသလော။ မသိသောကြောင့် ပညတ်တော်အောက်၌ နေချင် ကြခြင်းဖြစ်မည်။

မေးခွန်းများ

၄၅။ ဂလာတိယုံကြည်သူများသည် ပညတ်တော်အကြောင်းကို သိကြသလော။……………………..

၄၆။ အဘယ်ကြောင့် ပညတ်တော်အောက်၌ ပြန်နေချင်ကြသနည်း။….…………………………………

 

၂၂။ ပညတ္တိကျမ်းစာ၌ လာသည်ကား၊ အာဗြဟံ၌သား နှစ်ယောက်ရှိ၏။ သားတယောက်ကား၊ ကျွန်မ၏သားဖြစ်၏ တယောက်ကား ကျွန်မမဟုတ်သော မိန်းမ၏သား ဖြစ်၏ဟု လာသတည်း။

အာဗြဟံ၏သား နှစ်ယောက်သည်၊ ဣရှမေလနှင့် ဣဇက်ဖြစ်သည်။ ဣရှမေလသည် ကျွန်မ၏သား ဖြစ်၍ ဣဇက်သည် ကျွန်မမဟုတ်သော မိန်းမသားဖြစ်သည်။ ဓမ္မဟောင်း၌ ဖြစ်ပျက်သမျှသည် အရိပ် ဖြစ်၍ ဓမ္မသစ်သည် ပြည့်စုံခြင်း သို့မဟုတ် အကောင်ဖြစ်သည်။ သမ္မာတရားနားလည်နိုင်ရန် အရိပ် ဖြစ်သော ဓမ္မဟောင်းကို ဖတ်ရှုနားလည်၍ ဓမ္မသစ်၌ အဖြေရှာဘို့ဖြစ်သည်။ 

မေးခွန်းများ

၄၇။ အဘယ်ကြောင့် ပေါလုက အာဗြဟံ၏ သားနှစ်ယောက်အကြောင်းကို ပြောရသနည်း။…………….

၄၈။ မည်သည့်ကျမ်းသည် အရိပ်ဖြစ်၍ မည်သည်ကျမ်းသည် အကောင်ဖြစ်သနည်း။……………………

 

၂၃။ ကျွန်မ၏သားသည် ဇာတိပကတိအားဖြင့် ဘွားသောသားဖြစ်၏။ ကျွန်မ မဟုတ်သော မိန်းမ၏ သားသည် ဂတိတော်အားဖြင့် ဘွားသောသားဖြစ်၏။

ကျွန်မ၏သားဖြစ်သော ဣရှမေလသည် ဘုရား၏ဂတိတော်အားဖြင့် မဟုတ်ဘဲ၊ လူ့အကြံ အစည် အားဖြင့် ဘွားသောသားဖြစ်သည်။ အာဗြဟံနှင့်ဇနီးစာရာတို့သည် အသက်ကြီးပြီ ဖြစ်သောကြောင့် သားဘွားနိုင်တော့မည် မဟုတ်ဟု စိုးရိမ်ပြီး စာရာကအာဗြဟံကို ကျွန်မဟာဂရနှင့် ပေးစားရာမှ မွေးဘွားသောကြောင့် ဇတိပကတိအား ဖြင့် ဘွားသောသားဟု ဆိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့လည်း ဘုရားကို မစောင့်နိုင်သောအခါ ဇာတိအားဖြင့် ကြံစည်ဆုံးဖြတ်ကြသောကြောင့် နောက်ပိုင်း၌ ဒုက္ခပြသနာ ရင်ဆိုင်တတ်ကြသည်။ ဣဇက်သည် ဘုရားဂတိတော်အားဖြင့် ဇနီးစာရာမှ မွေးဘွား သောသားဖြစ်သည်။

မေးခွန်းများ

၄၉။ ဇာတိအားဖြင့်ဘွားသောသား ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။………………………………………..

၅၀။ ဂတိတော်အားဖြင့် ဘွားသောသားဆိုသည်မှာ ဘာကိုဆိုလိုသနည်း။………………………………….

၅၁။ ဇာတိနှင့်ဂတိတော်၌ အဘယ်အရာသည် အရင်ဖြစ်တတ်သနည်း။……………………………..

၂၄။ ထိုအကြောင်းအရာကို ပုံပမာအားဖြင့်ဆိုသော်၊ ထိုမိန်းမနှစ်ယောက်ကား၊ ပဋိညာဥ်တရားနှစ်ပါး ကို ဆိုလိုသတည်း။ ဟာဂရအမည်ရှိသောမိန်းမ တည်းဟူသော ပဋိညာဥ်တရားတပါးသည် သိနာတောင်ပေါ်မှာစီရင်၍၊ ကျွန်များကိုဘွားတတ်သောတရားဖြစ်၏။

ကျွန်မဟာဂရသည် သိနာတောင်ပေါ်မှာ စီရင်သော ပဋိညာဥ်တရားဟောင်းနှင့် နှိုင်းယှဥ်ထားသည်။ ထိုပဋိညာဥ်တရားသည် ပညတ်တော်ဖြစ်၍၊ လူများကို ပညတ်တော်၏ကျွန် ဖြစ်စေသည်။ များစွာ သော ခရစ်ယာန်များနှင့် ဂျူးလူမျိုးများသည် ပညတ်တော်၏ ကျွန်ဖြစ်ကြ၍၊ ကောင်းကင် နိုင်ငံရောက်ဘို့ရန် ပညတ်တော်လိုက်လျှောက်ရမည်၊ ဟုခံယူကြွေးကြော်နေကြသည်။ သို့ သော်သူတို့သည် ကျွန်ဖြစ်မှန်းပင်မသိဘဲ ကျွန်ဖြစ်နေကြသည်။

မေးခွန်းများ

၅၂။ ကျွန်မဟာဂရသည် ဘာနှင့်နှိုင်းယှဉ်ထားသနည်း။…………………………………………….

၅၃။ ပဋိညာဉ်တရားသည် ဘာကိုဆိုလိုသနည်း။…………………………………..

၅၄။ အဘယ်ကြောင့် ဂျူးလူမျိုးများနှင့် ခရစ်ယာန်များသည် ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံရောက်မည်၊ ဟုထင်ကြသနည်း။………………………

၂၅။ အကြောင်းမူကား၊ ဟာဂရသည် အာရပ်ပြည်၌ရှိသော သိနာတောင်ဖြစ်၏။ ယခုရှိသော ယေရုရှလင်မြို့ နှင့်တူ၏၊ မိမိသားများနှင့် တကွကျွန်ခံရ၏။

ဟာဂရသည် အဲဂုတ္တုပြည်မှခေါ်လာသော၊ အာဗြဟံနှင့်စာရာတို့၏ ကျွန်ဖြစ်သည်။ စာရာသည် သားမရနိုင်သောအခါ သူ၏ယောက်ျားကို ကျွန်မဟာဂရနှင့်ယူခိုင်း၍ ဣရှမေလကိုရရှိခဲ့သည်။ စာရာ၏အကြံသည် ဇာတိကိုပုံဆောင်သည်။ ဣရှမေလသည် အာဗြဟံ၏သားဖြစ်သော်လည်း၊ အငယ် ၃၀ ၌ အမေနှင့် အတူနှင်ထုတ်ခြင်းခံရ သည်။ ဟာဂရသည် ပညတ်တော် ပေးသော သိနာတောင်နှင့်၎င်း၊ မြေကြီးပေါ်၌ရှိသော ယေရုရှလင်မြို့နှင့်၎င်း၊ ခိုင်းနှိုင်းထားသည်။ ယေရုရှလင်မြို့သားများသည်၊ ဇာတိအားဖြင့် အာဗြဟံ၏သားများ ဖြစ်ကြသော်လည်း၊ ဘုရား၏ ဂတိတော်ကို လက်မခံကြသောကြောင့်၊ ပညတ်တော်၏ ကျွန်များဖြစ်ကြသည်။

မေးခွန်းများ

၅၅။ ဟာဂရသည် မည်သူနည်း။………………………………………………….

၅၆။ အဘယ်ကြောင့်စာရာက သူ့ယောက်ျားကို ကျွန်မနှင့်ယူခိုင်းသနည်း။……………………………….

၅၇။ စာရာ၏အကြံသည် ဘယ်အရာကိုပုံဆောင်သနည်း။…………………………….

၅၈။ ဟာဂရသည် ဘယ်အရာများကိုပုံဆောင်သနည်း။…………………………………………

၅၉။ ယေရုရှလင်မြို့သားများသည် အဘယ်ကြောင့် ပညတ်တော်၏ကျွန်ဖြစ်ကြသနည်း။………………...

 

၂၆။ အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသောငါတို့၏ အမိတည်းဟူသော ကျွန်မ မဟုတ်သော မိန်းမဖြစ်သတည်း။

ကောင်းကင်၌ရှိသော ယေရုရှလင်မြို့သည်၊ ကျွန်မမဟုတ်သောစာရာနှင့် ခိုင်းနှိုင်းထားသည်။ အဓိကဆိုလိုရင်းမှာ ကျွန်မဟုတ်ကြောင်းကို ဖေါ်ပြလိုခြင်းဖြစ်သည်။ ကောင်းကင်ယေရုရှလင်မြို့ နှင့်ပတ်သက်၍ ဤသို့ရေးထားသည်၊ "သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ်သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ " (ဗျာ ၂၁:၂) ကောင်းကင် ယေရုရှလင်မြို့သည် ကျွန်မဟုတ်သည်သာမက ခင်ပွန်းသည် သို့မဟုတ် မင်္ဂလာဆောင်သတို့သမီး နှင့်ခိုင်းနှိုင်းထားသည်။ ကောင်းကင်၌ ကျွန်မရှိတော့ချေ။ 

မေးခွန်းများ

၆၀။ ကောင်းကင်ယေရုရှလင်မြို့ကို မည်သူနှင့်ခိုင်းနှိုင်းသနည်း။…………………………………………

၆၁။ ကောင်းကင်ယေရုရှလင်မြို့၏ အဓိကဆိုလိုရင်သည် အဘယ်အရာနည်း။……………………………

၆၂။ မြေကြီးနှင့်ကောင်းကင်ယေရုရှလင်မြို့၏ အဓိက ကွာခြားချက်ဖေါ်ပြပါ။……………………………..

၂ရ။ ကျမ်းစာလာသည်ကား၊ သားမဘွားသောအမြုံမ၊ ၀မ်းမြောက်လော့။ သားဘွားခြင်း ဝေဒနာကိုမခံသေးသောမိန်းမ၊ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသော မိန်းမသည် လင်ရှိသော မိန်းမထက်သာ၍များသောသားတို့ကို ဘွားမြင်ပြီဟု လာသတည်း။ (ဟေရှာ ၅၄:၁)

စာရာသည် အာဗြဟံ၏မိန်းမဖြစ်သော်လည်း နှစ်ပေါင်းများစွာမြုံခဲ့သည်။ ကျွန်မဟာဂရမူကား ချက်ချင်းသားဘွားသောကြောင့်၊ သူ၏သခင်မကို မထီမဲ့မြင်ပြုခဲ့သည် (ကမ္ဘာ ၁၆:၄)။ ဇာတိအားဖြင့် လုပ်သောအရာများသည် ချက်ချင်းအကောင်အထည်ဖေါ်တတ်သည်။ ဝိညာဉ်အားဖြင့်လုပ်သောအ ရာများသည် နှေးကွေး၍ စောင့်ရခက်သည်။ လူတိုင်းအာဗြဟံတို့လင်မယားကဲ့သို့ ဘုရားကိုမစောင့် နိုင်ဘဲ ဇာတိအားဖြင့်ဆုံးဖြတ်လုပ်ဆောင်တတ်ကြသည်။ သို့သော်ဘုရား၏ တန်ခိုးတော်အားဖြင့်၊ စာရာသည်သားပြန်ရကာ များစွာသောဇာသားစဥ်မြေးဆက်များ ပွားများခဲ့သည်။ ဇာတိအားဖြင့် ဣသရေလများ၊ ဝိညာဉ်အားဖြင့် ခရစ်ယာန်များသည် စာရာ၏သားများဖြစ်သည်။ ယုံကြည်ခြင်း ရှိသောသူသည် အာဗြဟံ၏သားဖြစ်သည်၊ ဟုအမှန်သိမှတ်ကြလော့။ (ဂလာ ၃း၇) ဟုရေးခဲ့သည် မဟုတ်လော။

မေးခွန်းများ

၆၃။ အမြုံမသည် မည်သူကိုဆိုလိုသနည်း။…………………………

၆၄။ ဇာတိနှင့်ဝိညာဉ်၌မည်သည့်အရာသည် ပို၍မြန်တတ်သနည်း။………………………….

၆၅။ စာရာသည် ပို၍များသောသားများမွေးဘွားသလော။………………မည်သူတို့နည်း။……………………

၆၆။ သင်သည် ဘုရားကိုစောင့်နိုင်သလော။………………ဇာတိအားဖြင့်လုပ်တတ်ပါသလော။…………

 

၂၈။ ညီအစ်ကိုတို့၊ ငါတို့သည် ဣဇာက်ကဲ့သို့ ဂတိတော်နှင့်စပ်ဆိုင်သောသား ဖြစ်ကြ၏။

ယုံကြည်သူ များသည် ဇာတိအားဖြင့် မွေးဘွားသော ဣရှမေလကဲ့သို့မဟုတ်၊ ဂတိတော်အားဖြင့် မွေးဘွားသော ဣဇက်ကဲ့သို့ ဖြစ်ကြသည်၊ ဟုဆိုသည်။ ဂတိတော်နှင့်စပ်ဆိုင်သောသားများဖြစ်လျှင်၊ ဘုရား၏စိတ်တော်တွေ့သောသူ၊ ကောင်းကြီးခံစားသောသူ၊ အမွေခံစားမည့်သူများဖြစ်ကြသည်။ 

မေးခွန်းများ

၆၇။ ယုံကြည်သူများသည် မည်သူကဲ့သို့ မွေးဘွားသောသူများဖြစ်ကြသနည်း။………………………..

၆၈။ ဂတိတော်နှင့်မွေးသောသူများ၏အကျိုးသည်အဘယ်အရာနည်း။……………………………………….

၂၉။ ထိုအခါ ဇာတိပကတိအားဖြင့် ဘွားသောသားသည် ၀ိညာဥ်တော်အားဖြင့် ဘွားသောသားကို ညှဥ်းဆဲကဲ့သို့၊ ထိုနည်းတူယခုပင်ဖြစ်၏။

ဣရှမေလကဣဇက်ကို ဆဲခဲ့ကြောင်း ဤသို့တွေ့ရသည်၊ "အဲဂုတ္တု အမျိုးသား ဟာဂရတွင် အာဗြဟံရသောသားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင်၊ ဤကျွန်မနှင့်သူ၏သားကို နှင်ထုတ် ပါလော့။ ဤကျွန်မသားသည် အကျွန်ုပ်၏သားဣဇက်နှင့်အတူ အမွေမခံရဟု၊ အာဗြဟံအား ဆိုလေ၏။ " (ကမ္ဘာ ၂၁:၉-၁၀)။ ယုံကြည်သူများ၌ လူဟောင်းကလူသစ်ကို ညှဥ်းဆဲတတ်သည်။ ဆိုလိုသည်မှာ လူသစ်ကြိုက်သောအရာကို မလိုက်ဘို့ရန် လူဟောင်းကကန့်ကွက်တတ်သည်။ လူသစ်ကဘုရား အလိုတော်ကိုလိုက်ချင်သော်လည်း လူဟောင်းကမလိုက်ချင်၊ ဇာတိအလို လိုက်ချင် သည်။ ထို့ကြောင့် ယုံကြည်သူများသည် ဆုတောင်းချင်တိုင်းတောင်း၍မရ၊ ကျမ်းစာဖတ်ချင်တိုင်း ဖတ်၍မရ၊ ဘုရားအလိုတော်အတိုင်း အသက်ရှင်သော်လည်း ဇာတိကတားမြစ်နေတတ်သည်။ 

မေးခွန်းများ

၆၉။ ဣရှမေလကဣဇက်ကို မည်ကဲ့သို့ဆက်ဆံသနည်း။…………………………………

၇၀။ လူဟောင်းက လူသစ်ကိုမည်ကဲ့သို့ နှောင့်ယှက်သနည်း။……………………………………..

၃၀။ သို့သော်လည်း အဘယ်သို့ကျမ်းစာလာသနည်းဟူမူကား၊ ကျွန်မနှင့်သူ၏သားကို နှင်ထုတ်လော့။ ကျွန်မ၏သားသည် ကျွန်မမဟုတ်သော မိန်းမ၏သားနှင့်အတူ အမွေမခံရဟု လာသတည်း။

အာဗြဟံသည် မိမိသားဖြစ်သောကြောင့်၊ ဣရှမေလနှင်ထုတ်ဘို့သည် သူ့အတွက်အလွန်ခက်သည်။ သို့သော် ဘုရားသခင်က နှင်ထုတ်ခိုင်းသည်။ အကြောင်းမှာ ဣဇက်၌သာ အမျိုးတည်မည်ဟု ဆိုသည်။ (ကမ္ဘာ ၂၁:၁၁-၁၂)။ ယုံကြည်သူလည်း လူဟောင်းကိုနှင်ထုတ်၍ လူသစ်သာလျှင် ဘုရား၏ အမွေခံဖြစ်မည်ကို ပုံဆောင်ခြင်းဖြစ်သည်။ အာဗြဟံကသား ဣရှမေလနှင်ထုတ် ဘို့ ခက်ခဲ သကဲ့သို့၊ ယုံကြည်သူများလည်း၊ ဇာတိ၏အလိုဆန္ဒများငြင်းဘို့သည် အလွန်ခက်ခဲတတ်သည်။

မေးခွန်းများ

၇၁။ အဘယ်ကြောင့် အာဗြဟံသည် ကျွန်မသားကို နှင်ထုတ်ဘို့ခက်ခဲနေသနည်း။………………………

၇၂။ အဘယ်ကြောင့် ကျွန်မ၏သားသည် နှင်ထုတ်ဘို့လိုသနည်း။……………………………………….

၇၃။ ဇာတိ၏အလိုဆန္ဒများကို ငြင်းဘို့ခက်ခဲပါသလား။……………………………

 

၃၁။ ယခုတွင်ညီအစ်ကိုတို့၊ ငါတို့သည်ကျွန်မ၏သားမဟုတ်၊ ကျွန်မမဟုတ်သောမိန်းမ၏သား ဖြစ်ကြ၏။

ယုံကြည်သူများသည် အာဗြဟံသားများ ဖြစ်ကြသော်လည်း၊ ကျွန်မ၏သား ဣရှမေလကဲ့သို့မဟုတ်၊ ကျွန်မမဟုတ်သော စာရာ၏သား ဣဇက်ကဲ့သို့ ဖြစ်ကြသည်။ ထို့ကြောင့် အမွေးစားအမွေခံများ ဖြစ်ကြ၍ နှင်ထုတ်ခြင်း ခံမည့်သူများ မဟုတ်ချေ။

မေးခွန်းများ

၇၄။ ယုံကြည်သူများသည် ကျွန်မ၏သားကဲ့သို့လော၊ ကျွန်မမဟုတ်သောမိန်းမ၏သားကဲ့သို့လော။….............................................

၇၅။ ဣဇက်ကဲ့သို့သောသားဖြစ်ခြင်းသည် ဘာအကျိုးရှိသနည်း။……………………………

41 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


2026 JAN

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -