သခင့်ဆီပြညွှန်သောပုံပြင်လေးများ (၂)

LYDIA HAN

သင်ခန်းစာ ( ၁ ) 

 ✝ ပြည့်စုံခြင်းထဲမှာ ဘုရားကို မမေ့ပါနှင့် ✝

 

လူတစ်ယောက်ဟာ အခက်အခဲတွေကြားထဲမှာ ဘုရားကို ရှာတတ်ကြတယ်။ မျက်ရည်တွေကျတဲ့အခါ ဆုတောင်းတတ်ကြတယ်။ အကူအညီလိုတဲ့အခါ ဘုရားကို ခေါ်တတ်ကြတယ်။ ဒါပေမယ့် 

တစ်ခါတလေလူတစ်ယောက်ရဲ့ နှလုံးသားကို ဘုရားနဲ့ဝေးကွာစေတာက ဆင်းရဲခြင်းမဟုတ်ပါဘူး။ ကောင်းချီးများလာတဲ့အခါ ကောင်းချီးအရှင်ထက် ကောင်းချီးကို ပိုချစ်မိသွားခြင်းပါပဲ။

နီနီဟာတစ်ချိန်ကဘုရားကိုအလွန်ချစ်တဲ့သူ တစ်ယောက် ဖြစ်ခဲ့တယ်။

သူမဟာ ဘုရားကျောင်းတွေသွားတယ်။ အမြဲဆုတောင်းတယ်။ ရရှိသမျှအရာတိုင်းအတွက် ဘုရားကို ကျေးဇူးတင်တတ်တယ်။

ဒါပေမယ့် အချိန်ကြာလာတဲ့အခါ …..

သူမရဲ့ဘဝမှာ ကောင်းမွန်တဲ့အရာတွေ များလာခဲ့တယ်။အလုပ်အဆင်ပြေလာတယ်။ လိုချင်တဲ့အရာတွေလဲရလာတယ်။ ဘဝကလဲ သာယာလာခဲ့တယ်။

ဒီတော့……တဖြည်းဖြည်းနဲ့ သူမရဲ့ နှလုံးသားထဲမှာ ဘုရားအတွက် နေရာက နည်းလာခဲ့တယ်။အလုပ်များလို့ပါ အချိန်မရလို့ပါ 

ဒါ​ပေမဲ့လည်းအခု အားလုံးအဆင်ပြေနေတာပါပဲ ဆိုပြီး ဘုရားကို ရှာဖို့ မေ့လာခဲ့တယ်။


တစ်နေ့မှာ နီနီဟာ အဘိုးအိမ်ကို အလည်သွားခဲ့တယ်။…..

အဘိုးက သူမရဲ့အပြောင်းအလဲကို သတိထားမိပြီး မေးလိုက်တယ်။

မြေးရေ... အရင်တုန်းက ဘုရားအကြောင်းအမြဲပြောတတ်တဲ့ ငါ့ မြေးလေးက အခု ဘာလို့ တိတ်ဆိတ်သွားတာလဲ…..

နီနီက ပြုံးပြီး ပြန်ဖြေခဲ့တယ်။

“အဘိုးရေ…အခုလဲ ဘဝက အဆင်ပြေနေတာပဲလေ။အရင်လို့ ပူပန်စရာ တွေလဲ ဘာမှ သိပ်မရှိတော့ဘူး အဘိုးရဲ့”…

အဘိုးက နူးညံစွာပြောလိုက်တယ်။

မြေးရေ... လူအများစုက ဒုက္ခရောက်တဲ့အခါ ဘုရားကို ရှာကြတယ်။ ဒါပေမယ့် အကြီးမားဆုံးအန္တရာယ်က ဒုက္ခမဟုတ်ဘူး။ ကောင်းချီးတွေရတဲ့အချိန်မှာ ကောင်းချီးပေးတဲ့သူကို မေ့သွားတာပဲ။

အဘိုးက ဆက်ပြောခဲ့တယ်။

ကျမ်းစာထဲမှာ ဒီလိုလူတွေကို တွေ့ရတယ် မြေးရေ…. ပထမအနေနဲ့ ရှောလမုန်မင်းကြီး ဘုရားက သူ့ကို ဉာဏ်ပညာပေးခဲ့တယ်။ ချမ်းသာခြင်းနဲ့ ဂုဏ်အသရေကိုလည်း ပေးခဲ့တယ်။ဒါပေမယ့် အရာအားလုံးပြည့်စုံလာတဲ့အခါ သူ့နှလုံးသားက တဖြည်းဖြည်း ဘုရားဆီက ဝေးသွားခဲ့တယ်။ (၃ ဓမ္မရာဇဝင် ၁၁:၁-၄)

ဒုတိယအနေနဲ့ တကျိပ်သော နူနာသည်များ ယေရှုက သူတို့ဆယ်ယောက်လုံးကို ကုသပေးခဲ့တယ်။ ဒါပေမယ့် ကျေးဇူးတင်ဖို့ ပြန်လာသူက တစ်ယောက်တည်းပဲ ရှိခဲ့တယ်။ သူတို့ရဲ့ဒုက္ခကို မေ့မသွားပေမယ့် ကောင်းချီးပေးသူကိုတော့ မေ့သွားခဲ့ကြတယ်။ (လုကာ ၁၇:၁၁-၁၉)

တတိယအနေနဲ့ နေဗုခဒ်နေဇာမင်း သူဟာ ကြီးမားတဲ့အာဏာနဲ့ ဘုန်းအသရေကို ရခဲ့တယ်။ဒါပေမယ့် အဲဒီအရာတွေကြောင့် မာနကြီးလာပြီး အရာအားလုံးကို ကိုယ့်အစွမ်းအစလို့ ထင်ခဲ့တယ်။နောက်ဆုံး ဘုရားရှေ့မှာ နှိမ့်ချတတ်ဖို့ သင်ယူခဲ့ရတယ်။ (ဒံယေလ ၄:၂၈-၃၇)

အဘိုးက နီနီကို ကြည့်ပြီး ပြောလိုက်တယ်။

မြေးရေ... ဘုရားကို လိုအပ်တာ မျက်ရည်ကျတဲ့နေ့မှာပဲ မဟုတ်ဘူး။ ပျော်ရွှင်တဲ့နေ့မှာလည်း ဘုရားကိုလိုတယ်။ ဘာလို့လဲဆိုတော့ ကောင်းချီးတွေထက် ပိုအရေးကြီးတာက ကောင်းချီးပေးတဲ့ ဘုရားကို မမေ့ဖို့ပဲနီနီဟာ အဘိုးရဲ့စကားကို နှလုံးထဲမှာ သိမ်းထားလိုက်တယ်။

သူသိလိုက်ရတာဟာ...

ဘုရားကို အခက်အခဲရှိမှ ခေါ်တဲ့သူ မဖြစ်သင့်ဘူး။ ဘဝအဆင်ပြေနေတဲ့အချိန်၊ လိုအပ်တာတွေ ပြည့်စုံနေတဲ့အချိန်မှာလည်း ဘုရားကို သတိရပြီး ကျေးဇူးတင်ရမယ်ဆိုတာပါပဲ။

အကြောင်းမူကား... လူတစ်ယောက်ဟာ လိုအပ်တဲ့အရာတွေ ရရှိလာတဲ့အခါ အဲဒီအရာတွေကို ပေးသနားတဲ့ ဘုရားကို မေ့သွားနိုင်တယ်။ဒါကြောင့် ကျွန်မတို့ဟာ ရရှိထားတဲ့ကောင်းချီးတွေကိုသာ မကြည့်ဘဲ၊ အဲဒီကောင်းချီးတွေကို ပေးသနားတဲ့ ဘုရားကို အမြဲသတိရရမည်။

 

📖 ကျမ်းပိုဒ်

ဆာလံကျမ်း  103:2  

အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီး ပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။

 

💡 သင်ခန်းစာ 

ဘုရားကို ဒုက္ခထဲမှာသာ မရှာပါနဲ့။ ကောင်းချီးထဲမှာလည်း မမေ့ပါနဲ့။ ရရှိတဲ့အရာထက် ပေးသနားတဲ့သူကို ပိုတန်ဖိုးထားပါ ✝🙏

85 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


STORIES POINTING TO JESUS 2 - PART 1

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -