သင်ခန်းစာ ( ၁၅ )
သံသယ၏နောက်ကွယ်မှ ရှာဖွေခြင်း
ရှေးအခါက ပင်လယ်ပြာကြီးကိုမျက်နှာမူ ထားသော မြို့ငယ်လေးတစ်မြို့တွင် ဘာသာရေးအကြောင်းကို စိတ်ဝင်စားသူများ စုဝေးကာ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။ ထိုနေရာတွင် လူမျိုးစုံ၊ အမြင်မျိုးစုံရှိသူများ လာရောက်ခဲ့ကြသည်။တချို့သည် အမှန်တရားကို သိလိုသော နှလုံးသားဖြင့် အလင်းကို ရှာဖွေသော မေးခွန်းများ ယူဆောင်လာကြသည်။တချို့ကတော့ တစ်ဖက်သားကို အနိုင်ယူလိုသောစိတ်ဖြင့် မေးခွန်းများ ထုတ်လာကြသည်။
သို့သော် မေးခွန်းများ၏ ရည်ရွယ်ချက် မည်သို့ပင်ဖြစ်စေ၊ အမှန်တရားသည် ရိုးသားစွာ ရှာဖွေသူတိုင်းကို ဖိတ်ခေါ်နေဆဲ ဖြစ်သည်။
ထိုနေ့တွင် ဆွေးနွေးခဲ့သော အကြောင်းအရာမှာ ဘုရား၊ လူသားနှင့် ကယ်တင်ခြင်းအကြောင်း ဖြစ်သည်။
လူအုပ်ထဲမှ တစ်ယောက်က ထရပ်ပြီး မေးလိုက်သည်။
"ခရစ်ယာန်ယုံကြည်ခြင်းမှာ လူတို့နားမလည်နိုင်တဲ့ အရာတွေ အများကြီးရှိပါတယ်။ ထိုအရာတွေကို ဘယ်လိုနားလည်ရမလဲ?"
ခရစ်ယာန်ဆရာက အေးဆေးစွာ ပြန်ဖြေလိုက်တယ်။
"ယုံကြည်ခြင်းဆိုတာ မေးခွန်းတွေကို ကြောက်တာမဟုတ်ပါဘူး။ အမှန်တရားကို ရှာဖွေဖို့ ဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်။ မေးခွန်းတွေရှိရင် ရိုးသားစွာ ဆွေးနွေးကြပါစို့။"
ထိုအခါ မေးခွန်းများစတင် ထွက်ပေါ်လာခဲ့သည်။
မေးခွန်း (၁) — အဖေရဲ့အပြစ်ကို သားက ဘာကြောင့် ခံရတာလဲ
လူတစ်ယောက်က မေးတယ်။
"အာဒံရဲ့အပြစ်ကြောင့် လူသားအားလုံး အပြစ်သားဖြစ်တယ်ဆိုရင် မမွေးသေးတဲ့ သူတစ်ယောက်ကဘာကြောင့်အဲဒီအကျိုး ဆက်ကိုခံရမှာလဲ။ဒါကတရားမျှတပါသလား?"
ဆရာက ပြန်ဖြေလိုက်တယ်။
"အာဒံရဲ့အပြစ်ဆိုတာ လူတစ်ယောက်ချင်းစီရဲ့ လုပ်ရပ်ကို တိုင်းတာပြီး အပြစ်ပေးခြင်းမျိုး မဟုတ်ပါဘူး။ အာဒံဟာ လူသားမျိုးနွယ်ရဲ့ ကိုယ်စားပြုသူ ဖြစ်ပါတယ်။
ဥပမာ — မိသားစုတစ်ခုမှာဖခင်ရဲ့ ဆုံးဖြတ်ချက်ကြောင့် သားသမီးတွေ အကျိုးဆက်ခံရသလိုပါပဲ။ သားသမီးတွေက အဲဒီဆုံးဖြတ်ချက်ကို မလုပ်ခဲ့ပေမယ့် အကျိုးဆက်တော့ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ
လူသားကို အပြစ်ထဲမှာပဲ မထားခဲ့ပါဘူး။ အာဒံ အားဖြင့် ကျဆုံးခြင်းရှိခဲ့သလို ခရစ်တော်အားဖြင့် ပြန်လည် အသက်ရှင်ခြင်း လမ်းကို ဖွင့်ပေးခဲ့ပါတယ်။ "
ထို့နောက် ဆရာက ကျမ်းစာကို ဖွင့်ပြသည်။
"အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍" (ရောမ ၅:၁၂)
"လူအပေါင်းတို့သည် အာဒံအားဖြင့်သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အား ဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။" (၁ ကောရိန္သု ၁၅:၂၂)
မေးခွန်း (၂) — *အပြစ်မရှိတဲ့သူက တခြားသူအပြစ်ကို ခံပေးတာ တရားမျှတသလား?
နောက်တစ်ယောက်က မေးသည်။
“ကိုယ်မလုပ်တဲ့အပြစ်ကို တခြားသူက ဝင်ခံပေးတာ တရားမျှတပါသလား”
ဆရာက ပြုံးပြီး ပြန်ဖြေတယ်။
"အတင်းအကျပ်ခံခိုင်းခြင်းဆိုရင်မတရားပါဘူး။ ဒါပေမဲ့ ချစ်ခြင်းကြောင့် ကိုယ်တိုင်ရွေးချယ်ပြီး ပေးဆပ်ခြင်းဆိုရင်တော့ အဲဒါဟာ မေတ္တာရဲ့ အမြင့်ဆုံးပုံစံ ဖြစ်ပါတယ်။ မိခင်တစ်ယောက်က သားသမီးကို ကယ်ဖို့ ကိုယ်တိုင်အန္တရာယ်ထဲ ဝင်သွားတာမျိုး၊ တစ်ယောက်ယောက်အသက်ရှင်ဖို့ ကိုယ်ကျိုးစွန့်ပေးဆပ်တာမျိုးနဲ့ တူပါတယ်။
ဓယေရှုခရစ်တော်ဟာ လူသားတွေရဲ့အပြစ်ကို အတင်းအကျပ် ခံခဲ့တာမဟုတ်ပါဘူး။ ကျွန်ုပ်တို့ လူသားတွေကို ကယ်တင်ဖို့ရန် အတွက် ချစ်ခြင်းဖြင့် ကိုယ်တိုင်ရွေးချယ်ခဲ့ပြီး လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံခဲ့ပါတယ်။ဓ (ယောဟန် ၁၅:၁၃)
ကိုယ်အဆွေတို့ အဘို့အလိုငှါ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက်သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။
မေးခွန်း (၃) — ပြည့်စုံသောဘုရားက ဘာကြောင့် မပြည့်စုံသောလူကို ဖန်ဆင်းသလဲ?
လူအုပ်ထဲမှ တစ်ယောက်က ထပ်မေးသည်။
"ဘုရားသခင်က ပြည့်စုံတယ်ဆိုရင် ဘာကြောင့် အမှားလုပ်နိုင်တဲ့ လူသားကို ဖန်ဆင်းခဲ့တာလဲ။"
ဆရာက ပြန်ဖြေတယ်။
"ပြည့်စုံခြင်းဆိုတာ အရာအားလုံးကို အတင်းအကျပ် ထိန်းချုပ်ထားခြင်း မဟုတ်ပါဘူး။ဘုရားသခင်ဟာ လူသားကို စက်ရုပ်လို မဖန်ဆင်းခဲ့ပါဘူး။
ချစ်ခြင်းဆိုတာ အတင်းအကျပ် ဖြစ်လာလို့ မရပါဘူး။ ရွေးချယ်ခွင့်ရှိမှသာလျှင် စစ်မှန်တဲ့ချစ်ခြင်း ဖြစ်လာနိုင်ပါတယ်။ ဘုရားသခင်ဟာ လူသားကို ချစ်နိုင်ဖို့၊ ကောင်းခြင်းနဲ့ မကောင်းခြင်းကို ရွေးချယ်နိုင်ဖို့ လွတ်လပ်သောဆန္ဒကို ပေးခဲ့ပါတယ် ။
(ကမ္ဘာဦးကျမ်း 1:27 ) ဘုရားသခင်သည် မိမိပုံသဏ္ဍန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။
(တရားဟောရာကျမ်း 30:19) “အသက်ရှင်ခြင်း၊သေခြင်း၊ကောင်းကြီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်”
မေးခွန်း (၄) —ဘုရားက ကြိုသိတယ်ဆိုရင် ဘာကြောင့် အပြစ်လုပ်မယ့်သူကို ဖန်ဆင်းသလဲ?
လူအုပ်ထဲမှ လူတစ်ယောက်က ထပ်မေးလိုက်သည်။
"ဘုရားသခင်က လူတွေ ဘာလုပ်မလဲဆိုတာ ကြိုသိတယ်ဆိုရင် အပြစ်လုပ်မယ့်သူကို ဘာကြောင့် ဖန်ဆင်းခဲ့တာလဲ။ မဖန်ဆင်းခဲ့ရင် အပြစ်လည်းဖြစ်လာမှာမဟုတ်ဘူးမဟုတ်လား။"
ဆရာက ခဏငြိမ်ပြီး ပြန်ဖြေသည်။
"သိခြင်းနဲ့ ဖြစ်စေခြင်းဟာ တူညီတဲ့အရာ မဟုတ်ပါဘူး။ ဥပမာ – ဆရာတစ်ယောက်က ကျောင်းသားတစ်ယောက် စာမကြိုးစားဘူး ဆိုရင် စာမေးပွဲကျနိုင်တယ်ဆိုတာ ကြိုသိနိုင်ပါတယ်။ ဒါပေမဲ့ ဆရာက သူ့ကို ကျအောင် ဖန်တီးခဲ့တာ မဟုတ်ဘူး။
"ထိုနည်းတူ ဘုရားသခင်ဟာ လူသားရဲ့ ရွေးချယ်မှုကို ကြိုသိတော်မူပေမဲ့ အပြစ်လုပ်ဖို့ အတင်းအကျပ် မခိုင်းစေခဲ့ပါဘူး။ ဘုရားသခင်သည် အပြစ်ကို ဖန်ဆင်းသူ မဟုတ်ပါ။ လူသားကို ချစ်ခြင်း နှင့် ကောင်းခြင်း ကို ရွေးချယ်နိုင်သောသူအဖြစ် ဖန်ဆင်းခဲ့ခြင်း ဖြစ်ပါတယ်
ထို့နောက် ဆရာက ကျမ်းစာကို ဖွင့်ပြသည်။
(ယာကုပ် ၁:၁၃) အပြစ်သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူသည်ဟုမပြောစေနှင့် ။မကောင်းသောအရာသည်ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း
အဘယ်သူကိုမျှအပြစ်သို့သွေးဆောင်တော်မမူ။
မေးခွန်း (၅) — ခဏတာဘဝအတွင်း အပြစ်လုပ်မှုအတွက် ထာဝရငရဲဆိုတာ တရားမျှတသလား?
နောက်တစ်ယောက်က မေးသည်။
"လူတစ်ယောက်ရဲ့ အသက်တာက နှစ်အနည်းငယ်ပဲရှိတာပါ။ ဒီအချိန်အတွင်း ပြုခဲ့တဲ့ အပြစ်အတွက် ထာဝရငရဲဆိုတာ တရားမျှတပါသလား?"
ဆရာက ခဏတိတ်ဆိတ်ပြီး ပြောသည်။
"ငရဲဆိုတာ အပြစ်လုပ်ခဲ့တဲ့ အချိန်အတိုင်းအတာကိုသာ တိုင်းတာခြင်း မဟုတ်ပါဘူး။ ဘုရားသခင်နဲ့ ထာဝရခွဲခွာခြင်းရဲ့ အကျိုးဆက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရားရဲ့နှလုံးသားက လူတွေကို ဖျက်ဆီးချင်တာ မဟုတ်ပါဘူး။ လူသားတွေ ပြန်လာနိုင်ဖို့ ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းလမ်းကို ဖွင့်ပေးခဲ့ပါတယ်။"
ထို့နောက် ဆရာက ပြောသည်။
(ယောဟန် 3:16 ) ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။
မေးခွန်း (၆) —ကျမ်းစာကို ကျမ်းစာနဲ့ပဲ သက်သေပြတာ ယုတ္တိရှိပါသလား ?
တစ်ယောက်က ထပ်မေးသည်။
"ကျမ်းစာကို ကျမ်းစာနဲ့ပဲ ပြန်သက်သေ ပြတာဟာ ကိုယ့်စာအုပ်ကို ကိုယ်ပြန် ထောက်ခံတာမျိုး မဖြစ်ဘူးလား။"
ဆရာက ပြန်ဖြေတယ်။
ဓအမှန်တရားကို ရှာဖွေရာမှာ သက်သေခံချက်တွေကို စစ်ဆေးဖို့ လိုပါတယ်။ကျမ်းစာကို လေ့လာတဲ့အခါ ကျမ်းစာအတွင်းမှာရှိတဲ့ သက်သေခံချက် တွေကို ကြည့်ခြင်းက သဘာဝကျပါတယ်။ ဒါပေမဲ့ ခရစ်ယာန်ယုံကြည်ခြင်းဟာ
စာအုပ်တစ်အုပ်ထဲမှာပဲ အခြေခံထားတာ မဟုတ်ပါဘူး။ ယေရှုခရစ်တော်ဟာ အမှန်တကယ် အသက်ရှင်ခဲ့ခြင်း၊ လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံခဲ့ခြင်း၊ ထမြောက်ခဲ့ခြင်းတို့အပေါ် အခြေခံထားတာ ဖြစ်ပါတယ်။"
ထို့နောက် ဆရာက ရှင်ပေါလု၏ စကားကို ဖတ်ပြသည်။
( ၁ ကောရိန္သု ၁၅:၁၄) ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။
မေးခွန်း (၇) —မေတ္တာရှင်ဘုရားက ဘာကြောင့် လူတွေကို ငရဲသွားခွင့်ပြုသလဲ…?
နောက်ဆုံးတွင် လူအုပ်ထဲမှ တစ်ယောက်က မေးလိုက်သည်။
"ဘုရားသခင်က မေတ္တာရှင်ဆိုရင် ဘာကြောင့် လူတွေကို ဒုက္ခခံရတဲ့ နေရာကို ရောက်ခွင့်ပြုရတာလဲ။ အားလုံးကို ခွင့်လွှတ်လိုက်လို့ မရဘူးလား?"
ထိုမေးခွန်းကို ကြားသောအခါ ဆရာက ပြုံးမိသွားသည်။
ထို့နောက် ဖြည်းညင်းစွာ ပြောလိုက်သည်။
"ဘုရားရဲ့ မေတ္တာကို နားလည်ဖို့ဆိုရင် အရင်ဆုံး အပြစ်ဆိုတာ ဘာလဲလို့ နားလည်ဖို့ လိုပါတယ်။မေတ္တာရှိတဲ့ ဖခင်တစ်ယောက်ဟာ သားသမီးကို ချစ်လို့ အန္တရာယ်ရှိတဲ့အရာကို အန္တရာယ်မရှိဘူးလို့ မပြောပါဘူး။ အမှားကို ချစ်ခြင်းနဲ့ ဖုံးကွယ်ထားခြင်းဟာ မေတ္တာအစစ် မဟုတ်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်ဟာ လူသားကို အပြစ်နဲ့ အတူ ပျက်စီးသွားစေဖို့ မရွေးချယ်ခဲ့ပါဘူး။ လူသားတွေ ပြန်လာနိုင်ဖို့ လမ်းတစ်လမ်း ဖွင့်ပေးခဲ့ပါတယ်။ "
