သခင့်ဆီပြညွှန်သောပုံပြင်လေးများ (၂)

LYDIA HAN

သင်ခန်းစာ ( ၁၄ ) 

အိုးတော်ကလုပ်၊ ဖုတ်ရင်းကမကျက်

ရှေးအခါက မြို့ငယ်လေးတစ်မြို့မှာ မာတင် ဆိုတဲ့ အိုးဖုတ်သမားတစ်ယောက် ရှိခဲ့တယ်။

မာတင် ဟာ အိုးလုပ်ရာမှာ အလွန်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး သူ့လက်ထဲက ထွက်လာတဲ့ အိုးတွေဟာ လှပသေသပ်တာကြောင့် လူအများကြားမှာ နာမည်ကြီးခဲ့တယ်။ သူလုပ်တဲ့အိုးတွေဟာ ပုံစံလှတယ်။ အရောင်အသွေးကောင်းတယ်။ လူတိုင်းမြင်ရင် ချီးကျူးရတဲ့အထိ လက်ရာမြောက်တယ်။

တစ်နေ့မှာ နိုင်ငံတော်ဘုရင်ကြီးဟာ သူတို့မြို့ကို လာရောက်မယ်ဆိုတဲ့ သတင်းကို နာသန် ကြားလိုက်ရတယ်။

ထိုအခါ နာသန်ရဲ့စိတ်ထဲမှာ အကြံတစ်ခု ပေါ်လာခဲ့တယ်။ ငါလုပ်တဲ့အိုးတွေထဲက အလှဆုံးအိုးတစ်လုံးကို ဘုရင်ကြီးဆီ ဆက်သလိုက်ရင် ဘုရင်ကြီးက ငါ့ကို သဘောကျမှာပဲ။ ငါ့ရဲ့အမည်လည်း တစ်နိုင်ငံလုံးကျော်ကြားလာမယ် လို့ တွေးခဲ့တယ်။ ဒါကြောင့် သူဟာ ဘုရင်ကြီးအတွက် အထူးအိုးတော်တစ်လုံး စတင်လုပ်ခဲ့တယ်။ အကောင်းဆုံး မြေသားကို ရွေးတယ်။ အိုးရဲ့ပုံစံကို ထူးခြားအောင် ပုံဖော်တယ်။ အပြင်ဘက်ကိုလည်း လှပတောက်ပအောင် အလှဆင်ခဲ့တယ်။

ဒါပေမဲ့ အိုးတစ်လုံးက အပြင်ပန်းလှရုံနဲ့ မပြီးသေးဘူးဆိုတာကို သူမေ့နေခဲ့တယ်။

အိုးကို အတွင်းသား ခြောက်သွေ့အောင် စောင့်ရမယ့်အချိန်ကို လျှော့လိုက်တယ်။ မီးဖိုထဲမှာလည်း ကောင်းစွာကျက်အောင် မဖုတ်တော့ဘူး။

အကြောင်းကတော့...

ဘုရင်ကြီးလာမယ့်အချိန် နီးလာပြီဖြစ်လို့ပဲ။

အပြင်က လှနေရင် ဘုရင်ကြီး သဘောကျမှာပဲ ဟု တွေးပြီး အိုးကို အမြန်ထုတ်ယူခဲ့တယ်။

အိုးကို ကြည့်လိုက်ရင်တော့ အလွန်လှပနေခဲ့တယ်။ အရောင်တောက်တယ်။ ပုံစံလှတယ်။ ဘယ်သူကြည့်ကြည့် ချီးကျူးရတဲ့အထိ ဖြစ်နေတယ်။ မာတင်လည်း ဂုဏ်ယူစွာနဲ့ အိုးကို ယူပြီး ဘုရင်ကြီးရှေ့ကို သွားခဲ့တယ်။

အရှင်မင်းကြီး... ကျွန်တော်ကိုယ်တိုင် ပြုလုပ်ထားတဲ့ အိုးတော်ကိုဆက်သပါရစေဟု ပြောပြီး ဂုဏ်ယူစွာ ဆက်သခဲ့တယ်။

ဘုရင်ကြီးက အိုးကို လက်ခံပြီး သေချာကြည့်ရှုခဲ့တယ်။

ထို့နောက် အိုးထဲကို ရေဖြည့်ကြည့်လိုက်တယ်။

ခဏအကြာမှာ...

ရေတွေ စိမ့်ထွက်လာခဲ့တယ်။

အိုးရဲ့အတွင်းမှာရှိတဲ့ အက်ကြောင်းတွေ ပေါ်လာပြီး နောက်ဆုံး အိုးဟာ ပျက်စီးသွားခဲ့တယ်။

နာသန်ဟာ မျက်နှာငယ်သွားခဲ့တယ်။

သူမြင်ခဲ့တာက အိုးရဲ့အလှပဲ ဖြစ်ပေမဲ့... 

ဘုရင်ကြီးမြင်ခဲ့တာက အိုးရဲ့အတွင်းအမှန်တရား ဖြစ်ခဲ့တယ်။

ဘုရင်ကြီးက ပြောလိုက်တယ်။

"အိုးတစ်လုံးရဲ့ တန်ဖိုးဟာ အပြင်ပန်းအလှမှာ မရှိဘူး။ မီးထဲမှာ ကောင်းစွာကျက်ပြီး ခိုင်မာမှသာ အသုံးဝင်တဲ့အိုး ဖြစ်နိုင်တယ်။"

ထိုစကားကို ကြားပြီး နာသန်ဟာ နားလည်သွားခဲ့တယ်။

သူဟာ ဘုရင်ကြီးဆီ မျက်နှာရဖို့  အလျင်လိုခဲ့တယ်။ လူတွေမြင်ရတဲ့အရာကိုသာ လှပအောင် ပြင်ဆင်ခဲ့တယ်။ ဒါပေမဲ့ အတွင်းပိုင်းပြည့်စုံဖို့ အရေးကြီးဆုံးအရာကို လျစ်လျူရှုခဲ့တယ်။

ဒီအိုးဖုတ်သမားရဲ့အဖြစ်ဟာ ကျွန်ုပ်တို့ရဲ့ဝိညာဉ်ရေးဘဝနဲ့လည်း ဆင်တူနေပါတယ်။ တချို့လူတွေဟာ ဘုရားရှေ့မှာ အိုးတော်တစ်လုံး ဆက်သသလို...အပြင်ပန်းကောင်းမှုတွေကို စုဆောင်းကြတယ်။

အလှူလုပ်တယ်။ ပူဇော်တယ်။ ကောင်းမှုတွေ ပြုလုပ်တယ်။ လူတွေဆီက ချီးကျူးမှုကို ရှာကြတယ်။

ဒါပေမဲ့.... မေးခွန်းတစ်ခုရှိပါတယ်။

ဘုရားရှေ့မှာ ငါ့နှလုံးသားကရော မီးထဲမှာ ကျက်ပြီးပြီလား လူတွေမမြင်နိုင်တဲ့ အတွင်းထဲမှာ...

မာနတွေ ရှိနေသေးလား။ မခွင့်လွှတ်နိုင်တဲ့စိတ် ရှိနေသေးလား။

အပြစ်ကို ဆုပ်ကိုင်ထားသေးလား။

ဘုရားထက် ကိုယ့်ကိုယ်ကို ပိုချစ်နေသေးလား။

ကျမ်းစာမှာ ဆိုထားသည်မှာ...

"လူသည် အပြင်အဆင်းကို ကြည့်တတ်၏။ 

ထာဝရဘုရားမူကား နှလုံးကို ကြည့်တော်မူ၏ 

(၁ ရှမွေလ ၁၆:၇)"

ဘုရားသခင်သည် ကျွန်ုပ်တို့ လူတွေမြင်တဲ့ အပြင်ပန်းကိုသာ မကြည့်ပါ။ ကိုယ်တော်သည် လူမမြင်နိုင်သော နှလုံးသားကို ကြည့်တော်မူသည်။

ယေရှုကလည်း ဖာရိရှဲများကို သတိပေးခဲ့သည်။

သင်တို့သည် အပြင်ဘက်ကို သန့်ရှင်းစေကြသော်လည်း အတွင်းဘက်၌ လောဘနှင့် မတရားမှုတို့နှင့် ပြည့်နေကြ၏  (မဿဲ ၂၃:၂၅)

အပြင်မှာ ဘယ်လောက်ကောင်းမြတ်နေပါစေ... 

အတွင်းမှာ ဘုရားမနှစ်သက်တဲ့အရာတွေ ရှိနေသေးရင် ထိုအရာအားလုံးသည် အချီးနှီး ဖြစ်နိုင်ပါတယ်။

အိုးဖုတ်သမားဟာ အလှဆုံးအိုးကို လုပ်ခဲ့ပေမဲ့ ဖုတ်ရင်းက မကျက်ခဲ့တဲ့အတွက် အသုံးမဝင်ခဲ့သလို...

လူတစ်ယောက်လည်း ကောင်းမှုများစွာ လုပ်နိုင်ပေမဲ့ ခရစ်တော်ထံမှာ နှလုံးသားမပြောင်းလဲဘူးဆိုရင် ထိုကောင်းမှုများသည် ကယ်တင်ခြင်းကို မပေးနိုင်ဘဲ အချီးနှီး ဖြစ်သွားနိုင်ပါတယ်။

သင်ခန်းစာ

တစ်ခါတလေ ကျွန်ုပ်တို့လည်း မာတင်လို ဖြစ်နေတတ်ပါတယ်။ လူတွေမြင်ဖို့အတွက် ကိုယ့်ဘဝအပြင်ပန်းကို အလှဆင်နေကြပေမဲ့... ဘုရားတစ်ပါးတည်းသာ မြင်နိုင်တဲ့ နှလုံးသားအတွင်းကိုတော့ မပြင်ဆင်မိကြဘူး။ ဒီနေ့ ကိုယ့်ကိုယ်ကို မေးကြည့်ရအောင်။

"ငါလုပ်နေတဲ့ကောင်းမှုတွေက ဘုရားကို ချစ်လို့လား၊ ဒါမှမဟုတ် လူတွေဆီက အသိအမှတ်ပြုမှုရဖို့လား။ ငါ့ရဲ့အပြင်ပန်းက လှပနေပေမဲ့ အတွင်းနှလုံးသားကရော ဘုရားရှေ့မှာ ခိုင်မာနေပြီလား။"

ဘုရားရှေ့မှာ တန်ဖိုးရှိတာက လှပတဲ့အိုးတစ်လုံး မဟုတ်ပါ။ မီးဖြင့်စမ်းသပ်ပြီး ခိုင်မာလာတဲ့အိုးကဲ့သို့... စမ်းသပ်မှုများကြားထဲမှာ ဘုရားအားဖြင့် ပြောင်းလဲပြီးသော နှလုံးသားသာ ဖြစ်ပါတယ်။ အပြင်ပန်းကောင်းမှုသည် လူတို့၏မျက်စိကို ဖမ်းစားနိုင်သည်။သို့သော် ပြောင်းလဲသောနှလုံးသားသာ ဘုရား၏နှလုံးသားကို ထိတွေ့စေသည်။ ဘုရားကို မျက်နှာရဖို့ အိုးတော်တစ်လုံး ဆက်နိုင်ပေမဲ့...ဘုရားလိုချင်တာက လက်ဆောင်မဟုတ်၊ ကိုယ်တော်နှင့်အတူ ပြောင်းလဲနေသော နှလုံးသားဖြစ်သည်။   

25 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


STORIES POINTING TO JESUS 2 - PART 14

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -