သင်ခန်းစာ ( ၁၃ )
ယုံကြည်ခြင်းနဲ့ တစ်လှမ်းပဲ လှမ်းခဲ့ပါ
သင်တို့ထဲမှာ ဘုရားအတွက် တစ်ခုခု လုပ်ချင်တဲ့ ဆန္ဒရှိပေမဲ့ ကိုယ့်ကိုယ်ကို မလုံလောက်ဘူးလို့ ခံစားဖူးတဲ့သူရှိပါသလား?
ကျွန်မလည်း တစ်ချိန်က အဲဒီလို ခံစားခဲ့ရဖူးပါတယ် ။ ကျွန်မဟာ ဘုရားအကြောင်းကို သူတစ်ပါးတို့ထံ ဝေမျှချင်တဲ့ ဆန္ဒရှိခဲ့ပေမဲ့ ကိုယ့်ကိုယ်ကို အားငယ်နေခဲ့တဲ့ သူတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။
"ငါက ဘယ်လောက်တော်လို့လဲ..?"
"ကျမ်းစာ ကျမ်းပိုဒ်တွေကိုလည်း အများကြီး အလွတ်မရဘူး….
"တချို့ကျမ်းပိုဒ်တွေဆို သိတောင်မသိသေးဘူး။
"ငါ့ထက် ကျမ်းစာနားလည်မှု ပိုကောင်းတဲ့ ဆရာတွေ လည်း အများကြီးရှိတယ်။
"ငါရေးတဲ့ Story တွေက တကယ်ပဲ လူတွေအတွက်ရော အကျိုးရှိပါ့မလား။" ဆိုတဲ့
မေးခွန်းတွေက ကျွန်မစိတ်ထဲမှာ အမြဲရှိနေခဲ့ပါတယ်။ တစ်ခါတလေဆို ကျွန်မရဲ့ မပြည့်စုံတဲ့ အသိပညာလေးနဲ့ ရေးထားတဲ့အရာတွေကို— တော်ပြီး ထက်မြက်တဲ့ ဆရာတွေ ဖတ်မိရင် ဘယ်လိုဖြစ်မလဲ သူတို့အတွက် အကျိုးမရှိဘဲ
အချိန်ဖြုန်းစရာတစ်ခု ဖြစ်သွားမလား..?
လူတွေက အားပေးမယ့်အစား ဝေဖန်ပြီး ပျက်ရယ်ပြုကြမလား…..?
ကျွန်မက ဘုရားအတွက် တကယ် အသုံးဝင်တဲ့သူ ဖြစ်နိုင်ပါ့မလား..?
ဆိုတဲ့ စိုးရိမ်မှုတွေက ကျွန်မကို နောက်ဆုတ်စေခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်မကိုအမြဲ သင်ပြပေးနေတဲ့ ဆရာတွေဆုံးမလေ့ရှိတဲ့ စကားတစ်ခွန်းကို ကျမ နှလုံးသားတဲ့အထိ သိမ်းထားတာရှိတယ်။
အဲ့ဒါက ဘုရားသခင်က လူတစ်ယောက်ကို အသုံးပြုတဲ့အခါ လူ့ရဲ့ ပြည့်စုံမှုကို မကြည့်ဘူး သူ့ရဲ့ နှလုံးသားနဲ့ ဘုရားအပေါ် ယုံကြည်ပြီး ဆပ်ကပ်လိုတဲ့စိတ်ကိုပဲ ကြည့်တော်မူပါတယ်။
ကျမ်းစာထဲမှာလည်း ဘုရားက အားနည်းသူတွေ၊ သာမန်လူတွေကို အသုံးပြုခဲ့တဲ့ အကြောင်းအရာများစွာ ရှိပါတယ်။ သခင်ယေရှု ခေါ်ယူခဲ့တဲ့ တပည့်တော်တွေထဲမှာ လူ့အမြင်နဲ့ကြည့်ရင် အထင်ကြီးစရာအဆင့်မြင့်သူတွေ
မဟုတ်ခဲ့ကြပါဘူး။
ပေတရုဟာ ပညာရှိဆရာကြီးတစ်ယောက် မဟုတ်ခဲ့ပါဘူး။ သူဟာ ရိုးရိုးငါးဖမ်းသမားတစ်ယောက်သာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ယေရှုက သူ့ကို ခေါ်တော်မူခဲ့သည်…(မဿဲ ၁၆:၁၈)
"သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်။ထိုအသင်းကို မရဏာ နိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။ လို့ မိန့်တော်မူခဲ့ပါတယ်။"
ပေတရုမှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ တစ်ချိန်မှာ ယေရှုကို သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အမှားတွေကြောင့် ဘုရားက သူ့ကို စွန့်ပစ်မထားခဲ့ပါဘူး။
နောင်မှာတော့ ဘုရား၏တန်ခိုးအားဖြင့် လူများစွာကို ယုံကြည်ခြင်းဆီ ခေါ်ဆောင်တဲ့သူ ဖြစ်လာခဲ့ပါတယ်။
နောက်တဖန် မဿဲဟာ အခွန်ခံတစ်ယောက် ဖြစ်ခဲ့ပါတယ်။ လူအများက မနှစ်သက်တဲ့သူတစ်ယောက် ဖြစ်ခဲ့ပေမဲ့ ယေရှုက သူ့ကို ခေါ်ယူခဲ့ပါတယ်။
ယေရှုက မဿဲကို ငါ့နောက်သို့လိုက်လော့… (မဿဲ ၉:၉) လို့ ခေါ်ခဲ့တဲ့အခါ မဿဲဟာ အားလုံးကို စွန့်ပြီး ယေရှုနောက်ကို လိုက်ခဲ့ပါတယ်။
လူတွေက ဒီလူမှာ ဘာကောင်းချက် ရှိလို့လဲလို့ မြင်နိုင်ပေမဲ့ ဘုရားကတော့ သူ့အတွင်းက အသုံးပြုနိုင်မယ့်အရာကိုမြင်တော်မူခဲ့ပါတယ်။
ပေါလု ကိုလည်း ကြည့်ပါ။ အစမှာ သူဟာ ခရစ်ယာန်များကို ဆန့်ကျင်နှိပ်စက်ခဲ့သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားရဲ့ထိတွေ့ခြင်းခံရပြီးနောက် ဧဝံဂေလိတရားကို ကမ္ဘာအနှံ့ ဖြန့်ဝေတဲ့ တမန်တော်ကြီးတစ်ပါး ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် ကျွန်မ နားလည်လာခဲ့ပါတယ်။
ဘုရားအတွက် အသုံးပြုခံရဖို့အတွက် အရင်ဆုံး ငါတော်မှ ဆိုတာ မလိုအပ်ပါဘူး။ ဘုရားကို ယုံကြည်ပြီး ကျွန်ုပ်ကို အသုံးပြုပါ ဆိုတဲ့ နှလုံးသားတစ်ခုသာ လိုအပ်ပါတယ်။
ကျမ်းစာမှာ…..(၂ ကောရိန္သု ၁၂:၉) ငါ့ကျေးဇူးသည် သင့်အဘို့လောက်ပေ၏။ ငါတန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တက်သည်ဟု မိန့်တော်မူထားပါတယ်။
ဒါကြောင့် ကျွန်မလည်း ကိုယ့်အားနည်းချက်တွေကို မကြည့်တော့ဘဲ ယုံကြည်ခြင်းနဲ့ တစ်လှမ်း လှမ်းခဲ့ပါတယ်။ ရေးတဲ့အခါတိုင်း ကျွန်မရဲ့ ဉာဏ်ပညာတစ်ခုတည်းကို မမှီခိုဘဲ ဘုရားထံ ဆုတောင်းခဲ့ပါတယ်။
တစ်ကြောင်းရေးပြီးတဲ့အခါ နောက်တစ်ကြောင်းကို ဘုရားက ဆက်လက်ပေးတော်မူသလို ခံစားခဲ့ရပါတယ်။
အဲဒီအချိန်မှာ ကျွန်မသိလာခဲ့တာက ဘုရားအတွက် အရေးကြီးတာက ကျွန်မရဲ့ အရည်အချင်းမဟုတ်ပါဘူး။ ကျွန်မရဲ့ လက်ထဲမှာရှိတဲ့ အနည်းငယ်ကို ဘုရားလက်ထဲ အပ်နှံခြင်းသာ ဖြစ်ပါတယ်။
💡 သင်ခန်းစာ
ချစ်သောမိတ်ဆွေတို့……
ဘုရားအတွက် တစ်ခုခုလုပ်ချင်ပေမဲ့ ငါမတတ်ဘူး၊ ငါမလုံလောက်ဘူး ဆိုပြီး နောက်ဆုတ်နေပါသလား။ သတိရပါ။ ဘုရားက ပြည့်စုံတဲ့သူတွေကိုသာ အသုံးပြုတာ မဟုတ်ပါဘူး။ အားနည်းသူကို အားပေးတော်မူပြီး၊ သာမန်လူတစ်ယောက်ရဲ့ အသက်တာကိုတောင် ထူးခြားတဲ့အရာအတွက် အသုံးပြုနိုင်တော်မူပါတယ်။
သင်မှာရှိတဲ့ အနည်းငယ်သော ယုံကြည်ခြင်း၊ အနည်းငယ်သော အချိန်၊ အနည်းငယ်သော အရည်အချင်းကို ဘုရားလက်ထဲ အပ်နှံလိုက်ပါ။ သင်မမြင်နိုင်တဲ့ နေရာမှာ ဘုရားက အလုပ်လုပ်နေပါလိမ့်မယ်။ ပြီးပြည့်စုံမှ စတင်ဖို့ မစောင့်ပါနဲ့။ ယုံကြည်ခြင်းနဲ့ တစ်လှမ်းပဲ လှမ်းကြည့်ပါ။ ကျန်တဲ့လမ်းကို ဘုရားရှင်က သင့်အတွက် ပြင်ဆင်ပေးတော်မူလိမ့်မယ်။
