သင်ခန်းစာ ( ၁၂ )
အိပ်ပျော်နေတဲ့ ဆုတောင်းသူ
တစ်ခါက ရွာငယ်လေးတစ်ရွာမှာ ဖခင်တစ်ယောက်နဲ့ သားတစ်ယောက် နေထိုင်ကြတယ်။အဖေဖြစ်သူမှာ ဦးထူးဖြစ်ပြီး ဘုရားကို ချစ်ပြီး မိသားစုကိုလည်း ဘုရား၏လမ်းမှာ လျှောက်လှမ်းဖို့ သင်ပေးတတ်တဲ့သူတစ်ယောက် ဖြစ်တယ်။
သူဟာ သားဖြစ်သူ မာကုကို အမြဲပြောတတ်တယ်။
"သားရေ ဘဝမှာ အရေးကြီးဆုံးအရာက ဘုရားနဲ့ နီးကပ်တဲ့ အသက်တာရှိဖို့ပဲ..." လို့ သွန်သင်တတ်တယ်။
တစ်ညမှာ အဖေက သားကို ပြောလိုက်တယ်။
"သားရေ ဒီနေ့ကစပြီး အဖေ ဆုံးဖြတ်လိုက်ပြီ။ မနက်တိုင်း စောစောထပြီး ဘုရားနဲ့ အချိန်ပေးမယ်။ ဆုတောင်းမယ်။ ကျမ်းစာဖတ်မယ်……"
သားက ဝမ်းသာပြီး ပြောတယ်။
"အဖေ ဒါကောင်းပါတယ်။
“ ဒါပေမဲ့ အဖေ့အိပ်ရာက အဖေ့ကို
ခွင့်ပြုပါ့မလားတော့ မသိဘူးနော်…”
အဖေက ရယ်ပြီး ပြန်ပြောတယ်။
"သားရေ အဖေက အသက်ကြီးလာပြီဆိုပေမဲ့ အိပ်ရာထက်တော့ အားနည်းမှာ မဟုတ်ပါဘူး။"
နောက်နေ့ မနက်စောစောမှာ မာကု နိုးလာတယ်။အိမ်ထဲမှာ တိတ်ဆိတ်နေတယ်။
သူက အဖေ့အခန်းကို သွားကြည့်လိုက်တယ်။ အဖေက ဒူးထောက်နေတယ်။
မာကုက ဝမ်းသာသွားတယ်။
"အို… အဖေ တကယ်ဆုတောင်းနေပြီပဲ"
ဆိုပြီး အနားကို တိုးသွားလိုက်တဲ့အခါ အဖေရဲ့ လက်ထဲမှာ ကျမ်းစာရှိနေတယ်။ ဒူးကလည်း ထောက်ထားတယ်။ ဒါပေမဲ့ မျက်လုံးက ပိတ်ထားပြီး အသံကတော့
"ဟူး…… ဟူး….."
ဆိုပြီး….ထွက်နေတယ်။
မာကုက ခဏကြည့်ပြီး ပြုံးလိုက်တယ်။
"အဖေ အဖေရဲ့ ခန္ဓာကိုယ်က ဆုတောင်းနေတယ်။ ဒါပေမဲ့ အဖေရဲ့ စိတ်ဝိညာဉ်ကတော့ အိပ်ရာထဲ ပြန်သွားနေပြီထင်တယ်😃"
အဖေက နိုးလာပြီး ရှက်ရှက်နဲ့ ပြောတယ်။
"အဖေ ဆုတောင်းနေတာပါသားရယ်။"
မာကုက ပြုံးပြီး မေးလိုက်တယ်။
"ဒါဆို အဖေ ဘုရားကို ဘာတွေပြောခဲ့လဲ။"
အဖေက ခဏစဉ်းစားတယ်။
"အင်း... အဖေ ပြောတာတော့ မမှတ်မိဘူးသားရေ။ဓ
မာကုက မေးတယ်။
"ဘာဖြစ်လို့လဲ အဖေရဲ့။"
အဖေက ရယ်ပြီး ပြန်ပြောတယ်။
"အဖေက ဘုရားနဲ့ စကားပြောရင်း အိပ်ပျော်သွားတာထင်တယ်။ ဘုရားက အဖေ့ရဲ့ ဟောက်သံကိုပဲ နားထောင်နေရမှာ 😂"
အဲဒီနေ့မှာ မာကုက အဖေ့ကို မရယ်မောဘဲ ချစ်ခြင်းနဲ့ မေးလိုက်တယ်။
"အဖေ ဆုတောင်းရင်း အိပ်ပျော်သွားတာကို ဘုရား စိတ်ဆိုးမှာလား။"
အဖေက ပြုံးပြီး ပြောတယ်။
"မဟုတ်ပါဘူးသားရေ။ ဘုရားက အဖေ့ကို စိတ်ဆိုးမှာ မဟုတ်ဘူး။ဒါပေမဲ့ သားက ကိုယ် ချစ်တဲ့သူနဲ့ စကားပြောနေတုန်း အိပ်ပျော်သွားရင်သူပြောချင်တဲ့စကားကိုတော့ မကြားရတော့ဘူးမဟုတ်လား။"
အဲဒီအချိန်မှာ အဖေက ကိုယ်တိုင်လည်း နားလည်သွားခဲ့တယ်။
ဘုရားကို ချစ်တယ်လို့ ပြောရုံနဲ့ မလုံလောက်ဘူး။ဘုရားနဲ့ တွေ့ဆုံတဲ့အချိန်မှာ နှလုံးသားပါ နိုးကြားနေဖို့ လိုတယ်။
ဆုတောင်းခြင်းဆိုတာ ကိုယ့်လိုအပ်ချက်တွေကို ဘုရားဆီ တင်ပြပြီး အဆုံးသတ်သွားတာ မဟုတ်ဘူး။
ဘုရားရဲ့ အသံကို နားထောင်ခြင်း၊ ဘုရား၏အလိုတော်ကို သိရှိခြင်း ဖြစ်တယ်။
ယေရှုက တပည့်တော်များအား ဂေသရှေမန်ဥယျာဉ်တွင် စုံစမ်းနှောင့်ရှက်ခြင်းနှင့်ကင်းလွတ်မည် အကြောင်းဆုတောင်းလျက်စောင့်နေကြလော့။ စိတ်ဝိညာဉ် ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည် (မဿဲ ၂၆:၄၁) ဟု မိန့်တော်မူခဲ့သည်။
တပည့်တော်များသည် ယေရှုနှင့်အတူ နိုးနေရမည့်အချိန်တွင် အိပ်ပျော်ခဲ့ကြသကဲ့သို့ ယနေ့ခေတ်မှာလည်း လူများစွာသည် ဘုရားကို ရှာချင်စိတ်ရှိကြပေမဲ့ လောက၏ပင်ပန်းမှု၊ ပျင်းရိမှုများကြောင့် ဝိညာဉ်ရေးမှာ အိပ်ပျော်နေတတ်ကြသည်။
လူတစ်ယောက်ဟာ အလုပ်အတွက်ဆို အချိန်ပေးတတ်တယ်။ ချစ်သူနဲ့ စကားပြောဖို့ဆို အိပ်ချိန်တောင် လျှော့တတ်တယ်။ ဒါပေမဲ့ အသက်ပေးချစ်သော ဘုရားနဲ့ တွေ့ဆုံဖို့အချိန်မှာတော့ အိပ်ချင်စိတ်ကိုတောင် မကျော်လွှားနိုင်တတ်ကြဘူး။
မြန်မာစကားပုံလို—
“အိပ်သူမှာ အိပ်မက်သာရှိ၏၊ နိုးသူမှာ အခွင့်အရေးရှိ၏” ဟု ဆိုသကဲ့သို့
ဝိညာဉ်ရေးအသက်တာမှာလည်း နှလုံးသားနိုးကြားသူသာ ဘုရား၏အသံကို ကြားနိုင်သည်။
အဲဒီနေ့ကစပြီး အဖေဟာ ဆုတောင်းချိန်ကို မပြောင်းခဲ့ဘူး။ ဒါပေမဲ့ ဆုတောင်းတဲ့ပုံစံကို ပြောင်းခဲ့တယ်။ အရင်က ဘုရားဆီ စကားပြောဖို့သာ ကြိုးစားခဲ့ပေမဲ့ နောက်ပိုင်းမှာ ဘုရား၏အသံကို နားထောင်ဖို့ သင်ယူခဲ့တယ်။ သူသိလာခဲ့တာက ဘုရားသည် စကားအများကြီးပြောသောသူထပ် ဘုရား၏အသံကို နားထောင်ရန် နိုးကြားနေသော နှလုံးသားကို ရှာတော်မူသည်။
သင်ခန်းစာ
ဆုတောင်းခြင်းသည် ဘုရားထံမှ တစ်ခုခုရယူရန်သာ မဟုတ်ပါ။ ဘုရားကို သိကျွမ်းရန်၊ ဘုရားနှင့် ရင်းနှီးသောဆက်ဆံရေး တည်ဆောက်ရန် ဖြစ်သည်။မျက်လုံးဖွင့်ထားခြင်းထက် နှလုံးသားနိုးကြားနေခြင်းက ပိုအရေးကြီးသည်။
