သခင့်ဆီပြညွှန်သောပုံပြင်လေးများ (၂)

LYDIA HAN

သင်ခန်းစာ ( ၁၁ ) 

ခေါင်းတစ်လုံးနှင့် ရေအိုးနှစ်လုံးမရွက်နိုင်

တောင်တန်းများကြားမှာ တိတ်ဆိတ် ငြိမ်သက်တဲ့ ရွာငယ်လေးတစ်ရွာရှိခဲ့တယ်။ ထိုရွာမှာ နာသန်ဆိုတဲ့ လူငယ်တစ်ယောက် နေထိုင်ခဲ့သည်။

နာသန်ရဲ့အိမ်ထဲမှာ မနက်တိုင်း မြင်တွေ့ရတဲ့ မြင်ကွင်းတစ်ခုရှိတယ်။ အိမ်ထောင့်တစ်နေရာမှာ မိသားစုအဆက်ဆက် ထိန်းသိမ်းလာခဲ့သော ရုပ်တုများ ရှိနေခဲ့သည်။ သူ့မိဘများက ထိုအရာများရှေ့မှာ ဦးညွှတ်ပြီး မိသားစုအတွက် ကောင်းခြင်းများကို တောင်းလေ့ရှိကြသည်။

သို့သော် နာသန်ရဲ့ နှလုံးသားထဲမှာတော့ နာမည်တစ်ခု ထပ်မံနေရာယူလာခဲ့သည်။

ထိုနာမည်မှာ  ယေရှုခရစ်တော် ဖြစ်သည်။

သူသည် ယေရှုအကြောင်း ကြားဖူးခဲ့သည်။ လူသားများကို ချစ်ခြင်းကြောင့် အပြစ်မှ ကယ်တင်ရန် ကြွလာခဲ့သော ဘုရားသခင်၏ သားတော်အကြောင်း သိလာခဲ့သည်။

သို့သော် သူ့အတွင်းမှာ မေးခွန်းတစ်ခု ရှိနေခဲ့သည်။

"ယေရှုကိုယုံကြည်မယ်။ ဒါပေမယ့် ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းလာခဲ့တဲ့ အရာတွေကိုလည်း မစွန့်ချင်ဘူး။ အားလုံးကို လက်ခံထားရင် ပိုလုံခြုံမယ် မဟုတ်လား။”

နာသန်ဟာ ဘုရားသခင်ကို ရွေးချယ်ချင်ပေမယ့် ဘုရားသခင်မဟုတ်သောအရာများကိုလည်း လက်မလွှတ်နိုင်ခဲ့ပေ။

တစ်နေ့တွင် …..

ရွာအပြင်ဘက် လမ်းဟောင်းလေးပေါ်မှာ အသက်ကြီးသော ဆရာကြီးတစ်ဦးနှင့် တွေ့ခဲ့သည်။ဆရာကြီး၏ဘေးတွင် ရေအိုးကြီးနှစ်လုံး ရှိနေသည်။

ဆရာကြီးက နာသန်ကို မေးလိုက်သည်။

"သားရေ ဒီရေအိုးနှစ်လုံးကို ခေါင်းတစ်လုံးတည်းနဲ့ တစ်ပြိုင်နက် ရွက်နိုင်မလား။"

 နာသန်က ရယ်ပြီးပြောသည်။

"မရွက်နိုင်ပါဘူး ဆရာကြီး။ ခေါင်းတစ်လုံးနဲ့  ရေအိုးနှစ်လုံးဆိုတာ ဝန်အရမ်းများပါတယ်"

ဆရာကြီးက ပြုံးပြီး ပြန်ပြောလိုက်သည်။

"ဒါဆို သားရဲ့နှလုံးသားထဲမှာ ဘာကြောင့် သခင်နှစ်ပါးကို တစ်ပြိုင်နက်တည်း ထမ်းထားချင်တာလဲ။"

ထိုစကားကြားသောအခါ နာသန် တိတ်ဆိတ်သွားသည်။

ဆရာကြီးကရေအိုးတစ်လုံးကို လက်ညှိုးထိုးပြပြီး ပြောသည်။

"သားရေ ရေအိုးတစ်လုံးရဲ့တန်ဖိုးဟာ အိုးရဲ့အလှမှာ မရှိဘူး။ အထဲမှာ အသက်ပေးနိုင်တဲ့ရေ ရှိမရှိပေါ်မှာ မူတည်တယ်။ လူလုပ်ထားတဲ့အရာတွေဟာ ကြည့်ကောင်းနိုင်တယ်၊ ရိုးရာဖြစ်နိုင်တယ်၊ လူတွေရဲ့နှလုံးသားကို ဆွဲဆောင်နိုင်တယ်။ ဒါပေမယ့် အသက်မပေးနိုင်ဘူး။ လူတစ်ယောက်ဟာ လမ်းနှစ်လမ်းကို တစ်ပြိုင်နက်တည်း မလျှောက်နိုင်သလို၊ နှလုံးသားတစ်ခုမှာလည်း ပထမနေရာကို နှစ်ခုမပေးနိုင်ဘူး။"

နာသန်က စိတ်ဝင်စားစွာ နားထောင်နေခဲ့သည်။

ဆရာကြီးက ဆက်ပြောသည်။

"တချို့လူတွေက ဘုရားသခင်ကို ချစ်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် အခက်အခဲတွေကြုံလာတဲ့အခါ အသက်မပေးနိုင်တဲ့အရာတွေကိုပဲပြန်အားကိုး ကြတယ်။ ဒီလိုအရာတွေကိုဘုရားက မကြိုက်မနှစ်သက်ဘူး။ ဒါဟာမနာလိုလို့ မဟုတ်ဘူးသား။ ကိုယ်ချစ်တဲ့သူကို အန္တရာယ်ရှိတဲ့လမ်းပေါ် မသွားစေချင်တဲ့ မေတ္တာကြောင့် ဖြစ်တယ်...

"မိခင်တစ်ယောက်က မိမိကလေးကို အသက်လုံခြုံမှုမပေးနိုင်တဲ့ အရာတစ်ခုရဲ့လက်ထဲ အပ်ထားရတာကို မလိုချင်သလို၊ ဘုရားသခင်လည်း မိမိဖန်ဆင်းထားတဲ့ လူသားတွေကို အချည်းနှီးသောအရာတွေနောက် လိုက်သွားတာ မလိုချင်ဘူး ။"

ထို့နောက် ဆရာကြီးက ကျမ်းစာကို ဖွင့်ပြီး ဖတ်ပြသည်။

“ ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသောသင်၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်”။ (ထွက်မြောက်ရာ ၂၀:၂-၃)

"ဘုရားသခင်က ဒီလိုပြောတာဟာ ကိုယ်တော်ရဲ့အာဏာကို ပြသချင်လို့  မဟုတ်ဘူးသား။ အသက်ပေးသောအရှင်က အသက်မရှိသောအရာတွေနောက် မိမိသားသမီးတွေ ပျောက်ဆုံးမသွားစေချင်လို့ ဖြစ်တယ်။"

ထို့နောက် ဆရာကြီးက ထပ်မံပြောသည်။

"ယေရှုကလည်း — အဘယ်သူမျှ သခင်နှစ်ဦး၏အစေကို မခံနိုင်  (မဿဲ ၆:၂၄) လို့မိန့်တော်မူခဲ့တယ်။"

နာသန်ဟာ ထိုစကားများကို ကြားပြီးနောက် သူ့နှလုံးသားကို ပြန်ကြည့်ခဲ့သည်။ ငါစွန့်လွှတ်ရမည့်အရာမှာ ငါ့ဘဝထဲက ကောင်းမွန်သောအရာများ မဟုတ်ပါ။ အသက်မပေးနိုင်သောအရာများကို ဘုရားသခင်၏နေရာမှာ ထားခဲ့ခြင်းသာ 

ဖြစ်သည်။

ထိုနေ့မှစ၍ နာသန်သည် သူ့နှလုံးသားထဲမှာ နေရာယူထားသော အလွတ်ရေအိုးများကို လွှတ်ချခဲ့သည်။ ပြီးတော့ သူ့အသက်ကို ဖန်ဆင်းပြီး ကယ်တင်ပေးနိုင်သော ဘုရားသခင်ကိုသာ အပြည့်အဝ ရွေးချယ်ခဲ့သည်။အကြောင်းမှာ—

လူ၏လက်ဖြင့် ပြုလုပ်ထားသောအရာသည် လူ၏လက်ထဲမှာသာ ရှိနိုင်သော်လည်း၊ လူ၏အသက်ကို ဖန်ဆင်းသော ဘုရားသခင်သည်သာ လူ၏နှလုံးသားကို ပြည့်စုံစေနိုင်သောကြောင့် ဖြစ်သည်။

💡 သင်ခန်းစာ

ခေါင်းတစ်လုံးနှင့် ရေအိုးနှစ်လုံးကို မရွက်နိုင်သကဲ့သို့၊ နှလုံးသားတစ်ခုထဲမှာ သခင်နှစ်ပါးကို တစ်ပြိုင်နက်တည်း အစေမခံနိုင်ပါ။ဘုရားသခင်သည် ကျွန်ုပ်တို့၏ အနည်းငယ်သောအချိန်၊ အနည်းငယ်သောချစ်ခြင်းကို မလို​​​ခြင်ပါ။

ကိုယ်တော်သည် ကျွန်ုပ်တို့၏ နှလုံးသားတစ်ခုလုံးကို လိုချင်သော ဘုရားဖြစ်သည်။အသက်မရှိသောအရာကို လွှတ်ချခြင်းသည် ဆုံးရှုံးခြင်းမဟုတ်ပါ။ အသက်ပေးနိုင်သော ဘုရားသခင်ထံ ပြန်လည်ရောက်ရှိခြင်း ဖြစ်သည်။

16 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


STORIES POINTING TO JESUS 2 - PART 11

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -