သခင့်ဆီပြညွှန်သောပုံပြင်လေးများ (၂)

LYDIA HAN

သင်ခန်းစာ ( ၉ ) 

သိသူမဖော်စား၊ မသိသူခေါ်သွား

ဒီနေ့ ကျမတို့ လူနှစ်ယောက်အကြောင်း ကို အတူတူ လေ့လာကြည့်ရအောင်။

တစ်ယောက်က ဘုရားအကြောင်းကို ငယ်ငယ်ကတည်းက သိလာသူ။ တစ်ယောက်ကတော့ ဘုရားအကြောင်းကို မကြားဖူးသလောက် မသိခဲ့သူ။

ဒါပေမယ့် ထူးဆန်းတာတစ်ခုရှိခဲ့တယ်။ ဘုရားကို နှစ်ပေါင်းများစွာ သိလာသူက ဘုရားအတွက် အသက်မရှင်ခဲ့ဘူး။

ဘုရားကို မသိခဲ့သူကတော့ ဘုရားကို တွေ့တဲ့နေ့ကစပြီး အသက်တာတစ်ခုလုံး ပေးအပ်ခဲ့တယ်။

ဒီအဖြစ်အပျက်က လူတိုင်းအတွက် ကိုယ့်နှလုံးသားကိုယ် ပြန်ကြည့်စေခဲ့တယ်။

ထက်အောင် ဟာ ခရစ်ယာန်မိသားစုက မွေးလာသူတစ်ယောက်ဖြစ်တယ်။ သူ့အတွက် ဘုရားကျောင်းဆိုတာ အသစ်အဆန်းမဟုတ်ဘူး။သီချင်းတွေသိတယ် ကျမ်းပိုဒ်တွေလည်း ကြားဖူးတယ်။ ယေရှုအကြောင်းလည်း သိတယ်။

တစ်ခါတစ်လေ သူ့သူငယ်ချင်းတွေကိုတောင် ပြောတတ်တယ်။ ကျွန်တော်က ခရစ်ယာန်ပါ။ ယေရှုကို ယုံကြည်သူတစ်ယောက်ပါ။ ဒါပေမယ့် သူ့အသက်တာကို ကြည့်လိုက်ရင် မတူညီတဲ့အရာတွေကို တွေ့ရတယ်။

ကျမ်းစာဖတ်ဖို့ အချိန်မပေးဘူး။ ဆုတောင်းဖို့ မေ့နေတယ်။ ဘုရားအလိုတော်ထက် ကိုယ့်စိတ်ကြိုက် အသက်ရှင်နေတယ်။အပြစ်ကို အလေးမထား တော့ဘူး။ သူ့စိတ်ထဲမှာတော့ ငါက ခရစ်ယာန်ပဲလေ။ ငါယုံကြည်ပြီးသားပဲဆိုပြီး 

ကျေနပ်နေခဲ့တယ်။

တစ်နေ့မှာ သူတို့မြို့ကို မင်းခန့် ဆိုတဲ့ လူငယ်တစ်ယောက် ​ပြောင်းလာခဲ့တယ်။ မင်းခန့်က အရင်က ဘုရားအကြောင်းကို မသိခဲ့သူပါ။ သူ့ဘဝမှာအပြစ်တွေရှိခဲ့တယ်။  အမှားတွေ များခဲ့တယ်။ကိုယ့်စိတ်ကြိုက် အသက်ရှင်ခဲ့တယ်။ စစ်မှန်တဲ့ဘုရားကို လည်းမရှာခဲ့ဘူး။

တစ်နေ့မှာ ယုံကြည်သူတစ်ယောက်က သူ့ကို ယေရှုအကြောင်း ပြောပြခဲ့တယ်။

“ဘုရားသခင်က မင်းကို ချစ်တယ်။ မင်းအပြစ်တွေအတွက် ယေရှုက လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံခဲ့တယ်။ မင်းဘဝကို အသစ်ပြန်စနိုင်တယ်”

အဲဒီစကားတွေကြားတဲ့အခါ  မင်းခန့်ရဲ့ နှလုံးသားထဲ တခုခုခံစားရတယ်။

သူက ပြောခဲ့တယ်။ကျွန်တော် ဘုရားကို မသိခဲ့ပါဘူး။ ဒါပေမယ့် အခုကစပြီး ဘုရားကို ကျွန်တော့်ကို သိခြင်တယ်။

ကျန်တဲ့အသက်တာကို ဘုရားအတွက် အသုံးချချင်တယ် ဘုရားအလိုတော် အတိုင်းအသက်ရှင်ချင်ပါတယ်။

အဲဒီနေ့ကစပြီး မင်းခန့်ရဲ့ဘဝမှာ နေ့တိုင်း ကျမ်းစာဖတ်တယ်။ ဆုတောင်းတယ်။ဘုရားအလိုတော်ကို ရှာတယ်။လူတွေကို ယေရှုအကြောင်း ပြောပြတယ်။ဝမ်းနည်းနေသူတွေကို အားပေးတယ်။အခက်အခဲရှိသူတွေကို ကူညီတယ်။

သူ့ဘဝရဲ့ ရည်ရွယ်ချက်က—

“ငါ့အသက်တာအားဖြင့် ဘုရားဘုန်း ထင်ရှားပါစေ” ဆိုတာ ဖြစ်လာခဲ့တယ်။

တစ်နေ့မှာ ထက်အောင်က မင်းခန့်ကို တွေ့တော့ အံသြသွားတယ်။

"မင်းက ယုံကြည်တာ မကြာသေးဘူး။ ဒါပေမယ့် ဘာလို့ ဘုရားအတွက် ဒီလောက် အားထုတ်နေတာလဲ?"

မင်းခန့်က ပြန်ပြောတယ်။

"အစ်ကိုရေ ကျွန်တော် ဘုရားကို မသိခဲ့တဲ့အချိန်မှာ အချိန်တွေ အများကြီး ဖြုန်းခဲ့ပါတယ်။ အခု ခရစ်တော်က ကျွန်တော့်ကို ကယ်တင်ခဲ့တာ သိလာတော့ ကျန်တဲ့အသက်တာကို ဘုရားအတွက် ပေးချင်ပါတယ်။"

အဲဒီစကားကို ကြားတဲ့အခါ ထက်အောင်ရဲ့နှလုံးသားထဲမှာ မေးခွန်းတစ်ခု ပေါ်လာခဲ့တယ်။

ငါက ဘုရားကို နှစ်ပေါင်းများစွာ သိခဲ့တယ်။

“ ဒါပေမယ့် ဘုရားအတွက် ဘာလုပ်ပေးခဲ့လဲ”

အဲဒီညမှာ ထက်အောင်က အိပ်မပျော်နိုင်ဘူး။ သူက ကျမ်းစာကို ဖွင့်ဖတ်လိုက်တယ်။ 

ရှင်ယာကုပ် ၁:၂၂ 

“ကိုယ်ကိုကိုယ်လှည့်ဖြား၍၊နှုတ်ကပတ်တရား ကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။”

ဘုရားအကြောင်း သိခြင်းတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ဘုရားကို သိပြီး ဘုရားအလိုတော်အတိုင်းအသက်ရှင်ရပါမယ်။

တစ်ခါတုန်းက လူတစ်ယောက်မှာ ရွှေအိတ်တစ်အိတ်ရှိတယ်။ သူက အဲဒီရွှေအိတ်ကို နှစ်ပေါင်းများစွာ သိမ်းထားတယ်။ငါ့မှာ ရွှေရှိတယ် လို့ လူတိုင်းကို ပြောတယ်။ဒါပေမယ့် သူက အိတ်ကို ဘယ်တော့မှ မဖွင့်ဘူး။အသုံးမချဘူး။

နောက်တစ်ယောက်ကတော့ ရွှေအိတ်ရလာတာ မကြာသေးပေမယ့် အဲဒီရွှေကို တန်ဖိုးထားပြီး မှန်ကန်စွာ အသုံးချတယ်။ဘယ်သူက ရွှေရဲ့တန်ဖိုးကို ပိုသိသလဲ။

ရှိတာကြာတဲ့သူမဟုတ်ဘူး။ တန်ဖိုးထားအသုံးချတဲ့သူပဲ ဖြစ်တယ်။

လူတွေပြောကြတဲ့ စကားပုံတစ်ခုရှိတယ်။

"မသိသူကျော်သွား၊ သိသူဖော်စားတဲ့။"

ဒါပေမယ့် ဝိညာဉ်ရေးမှာတော့ တစ်ခါတစ်လေ

"သိသူမဖော်စား၊မသိသူခေါ်သွား" ဆိုပြီးဖြစ်သွားတတ်တယ်။

ဘုရားကို မသိခဲ့တဲ့သူက ဘုရားကိုတွေ့တဲ့အခါ အားလုံး ပေးအပ်လိုက်တယ်။ဘုရားကို သိလာတာ ကြာတဲ့သူကတော့ သိပေမယ့် မလုပ်ဘူး၊ ကြားပေမယ့် မနာခံဘူးဆိုရင် ဘုရားပေးတဲ့အခွင့်အရေးကို ဆုံးရှုံးသွားတတ်တယ်။

ယေရှုက မဿဲ ၇:၂၁ မှာ ... “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” လို့ မိန့်တော်မူခဲ့တယ်။

ဒီနေ့ ကျွန်ုပ်တို့လည်း ကိုယ့်ကိုယ်ကို  ပြန်မေးကြပါစို့။ ငါ ယေရှုအကြောင်းပဲ သိနေတာလား? ဒါမှမဟုတ် ယေရှုကို တကယ်ချစ်ပြီး နောက်တော်သို့ လိုက်နေတာလား?ငါ့အသက်တာက ဘုရားအတွက် အသုံးဝင်နေပြီလား?

ချစ်သောယုံကြည်သူများ၊ ဘုရားကို သိလာတာ နှစ်ဘယ်လောက်ရှိပြီဆိုတာက အရေးကြီးဆုံးမဟုတ်ပါ။ ဘုရားကို သိလာသလောက် ဘုရားကို ပိုချစ်လာသလား။ပိုနာခံလာသလား။ ပိုအသုံးခံလာသလား။

ဆိုဒါကသာ အရေးကြီးပါတယ်။

ဘုရားရှေ့မှာ နှိမ့်ချပြီး "သခင်၊ ကျွန်ုပ်တို့ ကိုယ်တော်ကို သိခဲ့ပေမယ့် တန်ဖိုးမထားခဲ့ပါ။ ခွင့်လွှတ်ပါ။ အစကနေ ပြန်စပြီးကိုယ်တော်နောက် လိုက်ချင်ပါတယ်။" လို့ ဆုတောင်းရင်း ပြန်လာကြပါစို့။ဘုရားကို သိသူသာ မဖြစ်ဘဲ၊ ဘုရားကို ချစ်သူ၊ နာခံသူ၊ အသုံးခံသူ ဖြစ်ကြပါစို့။

ယောဟန်  14:15  ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ 

💡 သင်ခန်းစာ 

ချစ်သောသူတို့….. ဒီနေ့ ကိုယ့်ကိုယ်ကို မေးကြည့်ကြပါစို့။

ငါက ဘုရားအကြောင်းကို သိတဲ့သူလား။ ဒါမှမဟုတ် ဘုရားကို အမှန်တကယ် သိကျွမ်းပြီး ကိုယ်တော်အတွက် အသက်ရှင်နေတဲ့သူလား?

ဘုရားကို သိခြင်းက ဦးခေါင်းထဲမှာပဲ ရှိနေမယ်ဆိုရင် ဘဝကို မပြောင်းလဲနိုင်ပါဘူး။ 

နှလုံးသားထဲရောက်လာတဲ့အခါမှသာ ကျွန်ုပ်တို့ရဲ့ အကျင့်၊ အတွေးနဲ့ အသက်တာကို ပြောင်းလဲစေမှာ ဖြစ်ပါတယ်။

ဘုရားကို သိတာဟာ အခွင့်ထူးတစ်ခုပါ။

ဒါပေမယ့် သိပြီး မပြောင်းလဲဘူးဆိုရင် အဲဒီအခွင့်ထူးကို အလဟဿဖြစ်စေပါတယ်။

ဘုရားသခင်ထံ ပြန်လှည့်ပြီး "သခင်၊  ကျွန်ုပ်တို့ကို သိခြင်းထဲမှာပဲ မရပ်ဘဲ ကိုယ်တော်ကို ချစ်ပြီး နာခံတဲ့သူဖြစ်စေပါ" လို့ ဆုတောင်းကြပါစို့။

ဘုရားကို သိရုံသာမက၊ ဘုရားရဲ့နှလုံးသားကို သိပြီးကိုယ်တော် အတွက် အသုံးခံသော အသက်တာ ဖြစ်ကြပါစို့။

24 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


STORIES POINTING TO JESUS 2 - PART 9

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -