သင်ခန်းစာ ( ၈ )
နာမည်ကိုသိပေမဲ့ နှလုံးသားကိုမသိကြသူများ
ရွာတစ်ရွာမှာ မောင်မောင် ဆိုတဲ့ လူငယ်လေးတစ်ယောက် ရှိခဲ့တယ်။ မောင်မောင် ဟာ ဘုရားကို မငြင်းပယ်တဲ့သူပါ။ သူဟာ ငယ်ငယ်ကတည်းက ယေရှုအကြောင်း ကြားဖူးခဲ့ပါတယ်။
ယေရှုဟာ ရေကို စပျစ်ရည်ဖြစ်စေခဲ့တယ်။
မုန်တိုင်းကို ငြိမ်သက်စေခဲ့တယ်။
လူနာတွေကို ကုသပေးခဲ့တယ်။
လူသားတွေရဲ့အပြစ်အတွက် လက်ဝါးကပ်တိုင်မှာ အသေခံခဲ့တယ်။
ဒါတွေကို မောင်မောင် က သိတယ်။
တစ်ခါတလေ အသင်းတော်လည်းသွားတယ်။
ကျမ်းစာတချို့လည်း ဖတ်တယ်။
ဒါပေမဲ့ သူ့နှလုံးသားထဲမှာတော့ အမြဲတမ်း မေးခန်းတွေ ရှိနေခဲ့တယ်။
"လူတွေက ဘာကြောင့် ကယ်တင်ခြင်း လိုအပ်တာလဲ—"
"ယေရှုကငါ့အတွက် ဘာကြောင့် အသေခံခဲ့တာလဲ—"
"ငါက ဘုရားကို ယုံကြည်တယ်ဆိုရင် ဘာကြောင့် ငါ့အသက်တာက မပြောင်းလဲသေးတာလဲ—"
ဆိုတာတွေကို သူနားမလည်နိုင်ခဲ့ဘူး။
တစ်ခါတလေ သူက ကျမ်းစာဖတ်တယ်။ တရားဟောချက်တွေ နားထောင်တယ်။ ဒါပေမဲ့ စကားလုံးတွေကို ကြားပေမဲ့ အဓိပ္ပာယ်နက်နဲမှုကို မမြင်နိုင်ခဲ့ဘူး။ သူဟာ အမှောင်ထဲက လင်းနေတဲ့စာအုပ်တစ်အုပ်ကို ဖက်နေရသလိုဖြစ်နေတယ်။
တစ်နေ့မှာ မောင်မောင် ဟာ ရွာအပြင်ဘက်မှာရှိတဲ့ ဘုရားနှုတ်ကပတ်တော်ကို နက်နက်ရှိုင်းရှိုင်း နားလည်တဲ့ ဆရာကြီးတစ်ယောက်ဆီ သွားခဲ့တယ်။
မောင်မောင် ကမေးတယ်။
"ဆရာရေ ကျွန်တော် ယေရှုအကြောင်း သိပါတယ်။ ဒါပေမဲ့ ဘာကြောင့် ယေရှုကို တကယ်နားမလည်နိုင်သေးတာလဲ—"
ဆရာကြီးက မောင်မောင် ကို မြစ်ကမ်းဘေးသို့ ခေါ်သွားတယ်။ အဲဒီမှာ ရေငုပ်သမားတစ်ယောက် ရှိနေတယ်။
ဆရာကြီးက မေးတယ်။
"လူလေး….. ရေကို ကြည့်ဖူးလား—"
"ကြည့်ဖူးပါတယ်—"
"ရေထဲမှာ ပုလဲရှိတယ်ဆိုတာ သိလား—"
"သိပါတယ်—"
"ဒါဆို ပုလဲကို ရပြီလား—"
မောင်မောင် က ခေါင်းခါတယ်။
"မရသေးပါဘူး—"
ဆရာကြီးက ပြောတယ်။
"အဲဒါပဲ သားရေ….
ယေရှုအကြောင်း သိခြင်းဟာ ရေထဲမှာ ပုလဲရှိတယ်ဆိုတာ သိခြင်းနဲ့တူတယ်။ ဒါပေမဲ့ ယေရှုကို သိကျွမ်းခြင်းဆိုတာ အဲဒီပုလဲကို ကိုယ်တိုင် ရှာတွေ့ခြင်းနဲ့တူတယ်။"
ဆရာကြီးက ကျမ်းစာဖွင့်ပြီး ပြောတယ်။
"ရှင်ယောဟန်ခရစ်ဝင်။ 1:10 မှာ ထိုသူသည်ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်းဤလောကသည် ထိုသူကိုမသိ။
"သား….လူတွေဟာ ယေရှုကို မြင်ခဲ့ကြတယ်။ သူ့အမှုတော်တွေကိုလည်း မြင်ခဲ့ကြတယ်။ ဒါပေမဲ့ သူ့ကို မသိခဲ့ကြဘူး—"
မောင်မောင် က မေးတယ်။
"ဒါဆို ယေရှုကို မသိတာက ဘာကို ဆိုလိုတာလဲ?"
ဆရာကြီးက ပြောတယ်။
"သားရေ… ဆရာဝန်တစ်ယောက်ရဲ့ နာမည်ကို သိတာနဲ့ ကိုယ့်ရောဂါကို ကုသပြီးပြီလား—"
"မပြီးသေးပါဘူး—"
"အဲဒီလိုပဲ ယေရှုရဲ့နာမည်ကို သိတာနဲ့ ကယ်တင်ခြင်းကို ရပြီလို့ မဆိုနိုင်ဘူး—"
ဆရာကြီးက မှန်တစ်ချပ်ကို ယူလာတယ်။
"ဒီမှန်ကို ကြည့်ပါ—"
မောင်မောင် က ကြည့်လိုက်တယ်။
"မျက်နှာပေါ်မှာ အညစ်အကြေးရှိတာ မြင်လား"
"မြင်ပါတယ်—"
"ဒါပေမဲ့ မှန်က မင်းမျက်နှာကို မသန့်ရှင်းပေးနိုင်ဘူး။ မှန်က အခြေအနေကိုပဲ ပြပေးတယ်။ သန့်ရှင်းဖို့က ဆေးကြောရမယ်။
“ကျမ်းစာလည်း ဒီလိုပဲ။ ကျမ်းစာက ကိုယ့်အပြစ်ကို ပြပေးတယ်။ ယေရှုကသာ ခွင့်လွှတ်ပြီး သန့်ရှင်းပေးနိုင်တယ်”
"ရှင်ယာကုပ်ဩဝါဒစာ။ 1:23 မှာ တရားကိုမကျင့်ဘဲနာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သော သူနှင့်တူ၏။"
အဲဒီစကားတွေကြောင့် မောင်မောင် ရဲ့ နှလုံးသားထဲမှာအလင်းဝင်လာတယ်။ သူနားလည်လာတယ်။
"ငါဟာ ယေရှုအကြောင်း သိခဲ့တယ်။ ဒါပေမဲ့ ယေရှုရဲ့ချစ်ခြင်းကို ကိုယ်တိုင် မရှာသေးခဲ့ဘူး……"
ဆရာကြီးက နောက်ဆုံးစကားထပ်ပြောတယ်။
"သား... ယေရှုကို နားလည်ဖို့ဆို ဒီသုံးခုလိုတယ်—
၁။ ကိုယ့်အပြစ်ကို မြင်ရမယ်—
ရှင်ယောဟန်ဩဝါဒစာပဌမစောင်။ 1:8 မှာ ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌သစ္စာတရားမရှိ။ ဆိုလိုတာက ယေရှုကို နားလည်ဖို့ ပထမဆုံး ကိုယ့်အပြစ်ကို မြင်ရမယ်။ ကိုယ့်မှာ အပြစ်မရှိဘူးလို့ ထင်နေသူဟာ ကယ်တင်ရှင်လိုအပ်ကြောင်း မသိနိုင်ပါ။
၂။ လက်ဝါးကပ်တိုင်က ချစ်ခြင်းကို နားလည်ရမယ်
ရှင်ပေတရုဩဝါဒစာပဌမစောင်။ 2:22-23 မှာ ထိုသခင်သည် ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့၊ ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါခြိမ်းချောက်ခြင်းကိုမပြု။ တရားသဖြင့် စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ် အပ်နှံတော်မူ၏။ ဆိုလိုတာကအပြစ်မရှိသော ယေရှုသည် မိမိအတွက် မဟုတ်ဘဲ ကျွန်ုပ်တို့အတွက် အရှက်၊ နာကျင်မှုနှင့် လက်ဝါးကပ်တိုင်ကို ခံယူတော်မူခဲ့တယ်။ ထိုအရာသည် ကျွန်ုပ်တို့အပေါ် ထားသောချစ်ခြင်းမေတ္တာနှင့် အကြီးမားဆုံးသက်သေဖြစ်သည်။
၃။ ကျမ်းစာထဲမှာ ယေရှုကို ရှာရမယ်—
ရှင်လုကာခရစ်ဝင်။ 24:27 မှာ ထိုအခါ မောရှေ၏ ကျမ်းစာမှ စ၍ ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကို ရည်မှတ်၍ ရေးထား သမျှသော ကျမ်းစာချက် အနက်ကို ရှင်းလင်းစွာ ဘော်ပြတော်မူ၏။ (ကျမ်းစာသည် ယေရှုအကြောင်းကို ဖော်ပြသော ဘုရား၏နှုတ်ကပတ်တော် ဖြစ်သည်။ ထို့ကြောင့် ယေရှုကို အမှန်တကယ်သိကျွမ်းလိုသူသည် ကျမ်းစာထဲမှာ ယေရှုကို ရှာဖွေရမည်။)ဓ
အဲဒီနေ့ကစပြီးမောင်မောင် ဟာ ယေရှုအကြောင်းကို သိရုံနဲ့ မရပ်တော့ဘူး။
သူဆုတောင်းတယ်—
“သခင်ယေရှု ကိုယ်တော်အကြောင်း သိရုံမဟုတ်ဘဲ ကိုယ်တော်ကို အမှန်တကယ် သိကျွမ်းနိုင်အောင် ကျွန်တော့်မျက်စိကို ဖွင့်ပေးပါ”
အဲဒီနေ့ကစပြီး မောင်မောင်ရဲ့ ယုံကြည်ခြင်းဟာ နာမည်တစ်ခုကို သိခြင်းမဟုတ်တော့ဘဲ အသက်ရှင်သော ကယ်တင်ရှင်နဲ့ လျှောက်လှမ်းခြင်း ဖြစ်လာခဲ့တယ်။
💡သင်ခန်းစာ
လူတစ်ယောက်ဟာ ယေရှုရဲ့နာမည်ကို သိနိုင်တယ်။ ကျမ်းစာအကြောင်းလည်း သိနိုင်တယ်။ အသင်းတော်လည်း သွားနိုင်တယ်။ဒါပေမဲ့ အရေးကြီးဆုံး မေးခွန်းကငါ ယေရှုအကြောင်း သိသလား? မဟုတ်ဘူး။ငါ ယေရှုကို ကိုယ်တိုင်
သိကျွမ်းပြီလား? ဆိုတာပဲ ဖြစ်တယ်။
ယေရှုဟာ သမိုင်းထဲက လူတစ်ယောက်သာ မဟုတ်ပါဘူး။ ယနေ့လည်း လူတိုင်းကို ခေါ်နေတဲ့ ကယ်တင်ရှင်ဖြစ်တယ်။ သူ့အကြောင်းကို နားထောင်ရုံနဲ့ မရပ်ဘဲ ကိုယ့်နှလုံးသားကို ဖွင့်ပြီး သူ့ထံ လာကြပါစို့။
အကြောင်းမူကား—
"ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေ လွှတ်တော်မူသော ယေရှုခရစ်ကို၎င်း၊ သိကျွမ်းခြင်းတည်း။ (ရှင်ယောဟန်ခရစ်ဝင်။ 17:3)
