သင်ခန်းစာ ( ၇ )
ဆရာကြီး၏ မေးခွန်း ၃ ခု
ရွာလေးတစ်ရွာမှာ ဒံယေလနဲ့ ရှင်မုန်ဆိုတဲ့ လူငယ်နှစ်ယောက် နေထိုင်ခဲ့ကြတယ်။
သူတို့နှစ်ယောက်လုံးဟာ အသင်းတော်ကို ပုံမှန်တက်ပြီး ဘုရားသခင်အကြောင်းကို လေ့လာနေကြတဲ့သူတွေ ဖြစ်ကြတယ်။
ဒံယေလဟာ စိတ်ကောင်းရှိတဲ့ လူငယ်တစ်ယောက်ပါ။ သူက ဆင်းရဲတဲ့သူတွေကို ကူညီတတ်တယ်။ အသက်ကြီးသူတွေကို ရိုရိုသေသေ ဆက်ဆံတတ်တယ်။ သူများအပေါ် သည်းခံတတ်ပြီး စကားကိုလည်း ဂရုစိုက်ပြောတတ်တယ်။
ဒါပေမဲ့ ဒံယေလမှာ — အားနည်းချက်တစ်ခုရှိတယ်။
သူဟာ သူ့ရဲ့ကောင်းမှုတွေကို ကြည့်ပြီးကျွန်တော်က တခြားသူတွေထက် ပိုကောင်းတဲ့သူပါ။ ကျွန်တော်လို လူကောင်းတစ်ယောက်ကို ဘုရားသခင်လည်း လက်ခံမှာပါ လို့ တိတ်တိတ်လေး တွေးနေတတ်တယ်။…..
ရှင်မုန်ကတော့ ဒံယေလနဲ့ မတူဘူး။
ရှင်မုန်ဟာ ကိုယ့်အားနည်းချက်ကို သိတဲ့သူတစ်ယောက်ဖြစ်တယ်။ တစ်ခါတလေ စိတ်တိုတတ်တယ်။ အမှားတွေလည်း လုပ်ဖူးတယ်။ ဒါပေမဲ့ သူဟာ ကိုယ့်အမှားကို ဖုံးကွယ်မထားဘဲ ဘုရားရှေ့မှာ ဝန်ခံပြီး ပြောင်းလဲဖို့ ကြိုးစားတတ်တယ်။
တစ်နေ့မှာ အသင်းတော်ရဲ့ ဆရာကြီးက သူတို့နှစ်ယောက်ကို ခေါ်ပြီး မေးခွန်းတချို့ မေးခဲ့တယ်။
ဆရာကြီးက မေးတယ်။
"သားတို့…. လူတစ်ယောက်ဟာ ဘုရားသခင်ရှေ့မှာ ဘယ်လိုလူဖြစ်ရမယ်လို့ ထင်ကြသလဲ?"
ဒံယေလက ပြုံးပြီး ပြောတယ်။
"ဆရာကြီး၊ ကျွန်တော်ထင်တာတော့ လူကောင်းဖြစ်ရင် လုံလောက်ပါတယ်။ သူများကို မနာကျင်စေဘဲ ကူညီပေးရင် ဘုရားသခင်လည်း ကျေနပ်မှာပါ—"
ရှင်မုန်ကတော့ တိတ်တိတ်လေး နားထောင်နေတယ်။
ဆရာကြီးက ဆက်မေးတယ်။
"သားတို့ ဘဝမှာ တစ်ခါမှ မလိမ်ဖူးတဲ့သူ ရှိသလား?—"
ဒံယေလက အစမှာ စိတ်ထဲက ကျွန်တော်ကတော့ သိပ် မလိမ်ဖူးပါဘူး လို့ တွေးလိုက်တယ်။
ဒါပေမဲ့ ခဏစဉ်းစားလိုက်တဲ့အခါ— ငယ်ငယ်တုန်းက အမှားလုပ်ပြီး ဖုံးကွယ်ခဲ့တာတွေ၊ မိဘကို အမှန် မပြောခဲ့တာတွေကို သတိရလာတယ်။
ရှင်မုန်ကတော့ ခေါင်းငုံ့ပြီး ပြောတယ်။
"ဆရာကြီး၊ ကျွန်တော်လည်း လိမ်ဖူးပါတယ်။ အဲဒီအတွက် နောင်တရပါတယ်—"
ဆရာကြီးက ပြောတယ်။
"သားတို့ရေ….တစ်ခါမှ မလိမ်ဖူးဘူးလို့ ပြောနိုင်တဲ့သူ မရှိပါဘူး။ လူတိုင်းဟာ အပြစ်ရှိကြပါတယ်—"
ထို့နောက် ဆရာကြီးက ထပ်မေးတယ်။
"ခိုးဖူးတဲ့သူ ရှိသလာ? ခိုးတယ်ဆိုတာ သူများအိမ်က ပစ္စည်းယူတာတင် မဟုတ်ပါဘူး။ မိဘမသိဘဲ ပိုက်ဆံယူသုံးတာ၊ ကိုယ့်အတွက်မဟုတ်တဲ့အရာကို ခွင့်မတောင်းဘဲ ယူတာလည်း ပါပါတယ်။"
ဒီစကားကို ကြားတဲ့အခါ ဒံယေလ ဟာ ငယ်ငယ်တုန်းက မိဘပိုက်ဆံကို ခွင့်မတောင်းဘဲ ယူသုံးခဲ့တဲ့အဖြစ်ကို သတိရလာတယ်။
အဲဒီအချိန်မှာ မိဘတွေက ခွင့်လွှတ်ပေးခဲ့ပေမဲ့ အမှန်တရားအရတော့ ကျွန်တော်ဟာ အမှားလုပ်ခဲ့တာပဲ လို့ သူ့စိတ်ထဲမှာ တွေးမိတယ်။
ဆရာက ဆက်ပြောတယ်။
"ဘုရားသခင်ရဲ့ နာမတော်ကို အချည်းနှီး မသုံးရဘူးလို့ ပညတ်တော်မှာ ပြောထားပါတယ်။ ကျွန်တော်တို့ ဘုရားနာမကို မလေးမစားပြောခဲ့ဖူးသလား? "
"ဒါအပြင် ယေရှုက — ရှင်မဿဲခရစ်ဝင်။ 5:28 မှာ “ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကို ကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။” ဟု မိန့်တော်မူခဲ့သည်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အပြင်ပန်းလုပ်ရပ်သာမက နှလုံးသားထဲက အတွေးတွေကိုပါ ဘုရားသခင် ကသိမြင်တော်မူပါတယ်။"
ထိုအချိန်တွင် ဒံယေလ ဟာ သူ့ကိုယ်သူ လူကောင်းတစ်ယောက်လို့ ထင်ခဲ့တာ မှားနေကြောင်း သိလာတယ်။
ဆရာကြီးက ဆက်ပြောခဲ့တယ်—
"တစ်နေ့မှာ လူတိုင်း ဘုရားသခင်ရှေ့မှာ ရပ်ရမယ့်နေ့ ရှိပါတယ်။ ဘုရားသခင်ရဲ့ ပညတ်တော်တွေဟာ မှန်ကန်တဲ့ တိုင်းတာမှု စံနှုန်းတွေ ဖြစ်ပါတယ်….
"ဟေဗြဲဩဝါဒစာ။ 9:27 မှာ လူသည် တခါတည်းသေ၍ ထိုနောက်မှ တရား စီရင်တော်မူ ခြင်းကိုခံရသကဲ့သို့၊ လူသည် တစ်ကြိမ်သေရမည်၊ သေပြီးနောက် တရားစီရင်ခြင်းရှိသည်။
“ပညတ်တော်နဲ့ စစ်ဆေးမယ်ဆိုရင် ကျွန်တော်တို့ထဲမှာ ဘယ်သူမှ အပြစ်ကင်းသူ မရှိပါဘူး။
"ရောမဩဝါဒစာ။ 3:23 မှာ အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ဘုရားသခင်ရှေ့တော်၌ အသရေ ပျက်ကြပြီ။….."
ထိုအခါ ဒံယေလ ရဲ့ နှလုံးသားဟာ နာကျင်လာပါတော့တယ်။
"ဒါဆို ကျွန်တော်တို့အတွက် မျှော်လင့်ချက် ဆိုတာ မရှိတော့ဘူးလားဆရာကြီးရယ်…. အပြစ်ရှိသူအတွက် ပေးဆပ်ခဲ့သော ချစ်ခြင်း။"
ဆရာက ခေါင်းလေးပွတ်ပြီး ပြောလိုက်တယ်။
"ရှိပါတယ်သားတို့ရေ… ။ အဲဒီမျှော်လင့်ချက်က ယေရှုခရစ်တော်ပဲ ဖြစ်ပါတယ်—
"ဆရာကြီးတို့ သားတို့ ခံရမယ့် အပြစ်ဒဏ်ကို ယေရှုက ကိုယ်စားခံယူပေး ခဲ့ပါတယ်ကွယ်…
"ဟေရှာယအနာဂတ္တိကျမ်း။ 53:5 မှာ ထိုသူသည် ငါတို့ လွန်ကျူးခြင်းအပြစ်များ ကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။
"ကားတိုင်မတင်မီ ယေရှုခံရသော ဆင်းရဲဒုက္ခ ယေရှုကို ဖမ်းဆီးပြီးနောက် လူတွေက မတရားစွာ စစ်ဆေးခဲ့ကြတယ်။ ရိုက်နှက်ခြင်းခံခဲ့ရသည်။ (အပြစ်မရှိသူက အပြစ်ရှိသူများအတွက် ဒဏ်ကို ခံယူခြင်းကို ပြသသည်။)
"ဆူးရစ်သရဖူ ဆောင်းစေခဲ့သည် (လူသားတို့၏ မာန၊အပြစ်နှင့်ကျိန်ခြင်းကိုကိုယ်စားပြုသည်။)
"လှောင်ပြောင်ခြင်း၊ တံတွေးထွေးခြင်း ခံခဲ့ရသည် ။ (ဘုရား၏သားတော်သည် လူသားများ၏ အရှက်နှင့် အပြစ်ကို ခံယူခဲ့ခြင်းဖြစ်သည်။)
"ကားတိုင်ကို ထမ်းဆောင်ခဲ့ရသည်။ (လူသားတို့အတွက် မိမိအသက်ကို ပေးအပ်ရန် လမ်းကို လျှောက်ခဲ့ခြင်းဖြစ်သည်။)
"ကားတိုင်ပေါ်တွင် အသေခံခဲ့သည်။ (အပြစ်၏ အခကို ကိုယ်စားပေးဆပ်ခဲ့ခြင်း ဖြစ်သည်။)
"ရှင်ပေတရုဩဝါဒစာပဌမစောင်။ 2:24 မှာ ငါတို့သည်အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည် အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီး ဒဏ်ချက်တော်များ အားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏။—"
အဲဒီနေ့ကစပြီး ဒံယေလရဲ့ နှလုံးသား က ပြောင်းလဲသွားပါတော့တယ်။
သူက မပြောတော့ဘူး—
“ကျွန်တော်က လူကောင်းတစ်ယောက်ပါ”
သူပြောလာတယ်—
“ကျွန်တော်ဟာ အပြစ်ရှိသူတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော့်လို အပြစ်ရှိသူကို ချစ်ပြီး ကယ်တင်ဖို့ ယေရှုလာခဲ့ပါတယ်”......
ရှင်မုန်လည်း ဝမ်းမြောက်စွာ ပြောတယ်။
"ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ဟာ ကိုယ့်ကောင်းမှုမှာ မဟုတ်ဘူး။ ယေရှုရဲ့ ကျေးဇူးတော်မှာ ဖြစ်ပါတယ်။"
💡 သင်ခန်းစာ
ကျွန်တော်တို့ဟာ ကိုယ့်ကောင်းမှု၊ အလှူအတန်း၊ လူကောင်းဖြစ်ဖို့ ကြိုးစားမှုနဲ့ ကယ်တင်ခြင်းမရနိုင်ပါ။
"ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့
ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။ (ဧဖက်ဩဝါဒစာ။ 2:8-9)
ဒါကြောင့် ကျွန်နော်တိုမှာ လမ်းတစ်လမ်းတည်းသာ ရှိပါတယ်။ အဲဒါကမိမိအပြစ်ကို ဝန်ခံခြင်း၊ ဘုရားသခင်ထံ ပြန်လှည့်ခြင်း၊ ယေရှုခရစ်တော်ကို ယုံကြည်ခြင်း ဖြစ်ပါတယ်။ယေရှုသည် ကျွန်ုပ်တို့၏ အတိတ်အပြစ်၊ ယနေ့အပြစ်၊ အနာဂတ်အပြစ်အားလုံးအတွက် ပေးဆပ်ပြီး ထာဝရအသက်ကိုလည်း အခမဲ့ လက်ဆောင်ပေးတော်မူပါတယ်။
ကားတိုင်ဟာ အပြစ်ရှိသူများအတွက် အဆုံးမဟုတ်ပါ။ကားတိုင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့ရသော နေရာဖြစ်ပါသည်။
