သင်ခန်းစာ ( ၆ )
ခွဲစိတ်ခန်းထဲက အကြီးဆုံးအံ့ဖွယ်
မြို့ကြီးတစ်မြို့မှာ ဒေါက်တာအာရုန်ဆိုတဲ့ နာမည်ကြီး နှလုံးခွဲစိတ်ဆရာဝန်ကြီး တစ်ယောက် ရှိခဲ့တယ်။
သူ့ရဲ့ လက်တွေဟာ — လူတွေအတွက် အသက်ကယ်ပေးတဲ့ လက်တွေ ဖြစ်ခဲ့တယ်။ ရပ်တန့်လုနီးပါး ဖြစ်နေတဲ့ နှလုံးတွေကို ပြန်ခုန်လာအောင် လုပ်ပေးနိုင်တယ်။ သေခြင်းတံခါးနား ရောက်နေတဲ့ လူနာတွေကို အသက်ပြန်ရှင်လာအောင် ကယ်တင်နိုင်တယ်။ လူတွေက သူ့ကိုကြည့်ပြီး ဒီဆရာကြီးရဲ့ လက်တွေက ဘုရားပေးတဲ့ လက်တွေပါပဲလို့ ပြောကြတယ်။ ဒါပေမဲ့ ဒေါက်တာအာရုန်က အဲဒီစကားကို မကြိုက်ဘူး။ သူက အမြဲပြန်ပြောတတ်တယ်။
"ဘုရားကြောင့် မဟုတ်ပါဘူး။ ကျွန်တော် နှစ်ပေါင်းများစွာ ကြိုးစားခဲ့လို့ပါ။ ကျွန်တော့်ပညာ၊ကျွန်တော့်အရည်အချင်း ကြောင့်ပါ။"
ဒေါက်တာအာရုန်ဟာ လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ နှလုံးကို ကုသပေးနိုင်ပေမဲ့— သူ့ကိုယ်ပိုင် နှလုံးသားကတော့ တဖြည်းဖြည်း ကျောက်ခဲလို မာကြောလာခဲ့တယ်။
လူနာတစ်ယောက် အသက်ရှင်သွားရင် "ကျွန်တော် ကယ်လိုက်တာ။" လို့ ထင်တယ်။ အောင်မြင်မှုရလာရင် "ဒါ...ကျွန်တော့်ကြိုးစားမှုရဲ့ အကျိုးပါ။" လို့ ယုံကြည်တယ်။
သူ့အခန်းထဲမှာ ဆုတံဆိပ်တွေ၊ ဂုဏ်ပြုလက်မှတ်တွေ ပြည့်နေခဲ့တယ်။
ဒါပေမဲ့ဘုရားရှေ့မှာ ဒူးထောက်ဖို့ နေရာတစ်ခုတောင် မရှိခဲ့ဘူး။
တစ်ညမှာ သူ့အမေက သူ့ကို ပြောခဲ့တယ်။
"သားရေ လူတစ်ယောက် ဘယ်လောက်တော်ပါစေ၊ ဘုရားရဲ့ ကောင်းကြီးမပါရင် အရာအားလုံးဟာ အချည်းနှီးပါပဲ"
ဒါပေမဲ့ ဒေါက်တာအာရုန်က မိခင်ကို ပြန်ပြောခဲ့တယ်။
"အမေရေ ကျွန်တော် ကိုယ်တိုင် လုပ်နိုင်ပါတယ်။"
အဲဒီစကားဟာ သူ့ရဲ့ မာနပြည့်နေတဲ့ နှလုံးထဲက ထွက်လာတဲ့ စကားဖြစ်ခဲ့တယ်။
တစ်နေ့မှာ နိုင်ငံတစ်ဝန်းက လူတွေ အားကိုးရတဲ့ အရေးကြီးတဲ့ လူနာတစ်ယောက် ရောက်လာခဲ့တယ်။
သတင်းတွေမှာ— ဒေါက်တာအာရုန်ရဲ့ လက်ထဲရောက်ရင် အသက်ရှင်နိုင်မှာ သေချာတယ် လို့ ပြောကြတယ်။
ခွဲစိတ်ခန်းထဲ မဝင်ခင် ဒေါက်တာအာရုန်က ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်တယ်။
"ဒီခွဲစိတ်မှုကို ကျွန်တော် အောင်မြင်အောင် လုပ်နိုင်ပါတယ်။"
ဒါပေမဲ့…..
အဲဒီနေ့မှာ သူ့ဘဝတစ်လျှောက် မကြုံဖူးတဲ့ အခက်အခဲတစ်ခု ဖြစ်လာခဲ့တယ်။
သူ့ပညာကို အသုံးပြုတယ်။ သူ့အတွေ့အကြုံကို အသုံးပြုတယ်။ သူ့ကျွမ်းကျင်မှုအားလုံးကို အသုံးပြုတယ်။
ဒါပေမဲ့ လူနာရဲ့ နှလုံးက ပြန်မခုန်လာဘူး။
ပထမဆုံးအကြိမ် ဒေါက်တာအာရုန်ရဲ့ လက်တွေ တုန်လာခဲ့တယ်။
အဲဒီအချိန်မှာ သူနားလည်လာတယ်။
"ကျွန်တော်က နှလုံးကို ပြင်နိုင်ပေမဲ့ အသက်ကို မပေးနိုင်ဘူး။"
အဲဒီအချိန်မှာ သူ့မျက်လုံးရှေ့မှာ ကျမ်းစာစကားတစ်ခု ပေါ်လာသလို ခံစားလိုက်ရတယ်။
ယေဇကျေလအနာဂတ္တိကျမ်း။ 36:26
စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်း။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကို နှုတ်၍ အသားနှလုံးကို ပေးမည်။
သူသဘောပေါက်သွားခဲ့တယ်...။
ဘုရားက လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနှလုံးသားကို မကြည့်ဘူး။ မာန၊ ကိုယ့်ကိုယ်ကို အားကိုးခြင်း၊ ဘုရားကို မေ့လျော့ခြင်းတွေ ပြည့်နေတဲ့ ဝိညာဉ်နှလုံးသားကိုပဲ ပြုပြင်ချင်တော်မူတယ်။
ခွဲစိတ်ခန်းအပြင်မှာ……
နှစ်ပေါင်းများစွာ မလုပ်ခဲ့ဖူးတဲ့အရာတစ်ခုကို ဒေါက်တာအာရုန် လုပ်လိုက်တယ်။
သူ ဒူးထောက်လိုက်တယ်။ မျက်ရည်ကျရင်း ဆုတောင်းလိုက်တယ်။
“ကိုယ်တော်ရှင်ဘုရား…. ကျွန်တော် လူတွေရဲ့ နှလုံးကို ခွဲစိတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ ကျွန်တော့်ရဲ့ နှလုံးမာကြောမှုကိုတော့ မမြင်ခဲ့ပါဘူး။ ကျွန်တော် ထင်ခဲ့တာအားလုံးဟာ ကျွန်တော့်အစွမ်းအစလို့ပါ။ အခု သိပါပြီကျွန်တော့်လက်တွေကို အသုံးပြုခဲ့သူက ကိုယ်တော်ပါပဲ”—
အဲဒီအချိန်မှာ လူနာရဲ့ နှလုံးက ပြန်ခုန်လာခဲ့တယ်။
ဒါပေမဲ့ အဲဒီနေ့မှာ ပြန်ခုန်လာတာ လူနာရဲ့ နှလုံးတစ်ခုတည်း မဟုတ်ဘူး။
ဒေါက်တာအာရုန်ရဲ့ နှလုံးလည်း ပြန်အသက်ဝင်လာခဲ့တယ်။
ကျောက်ခဲလို မာကြောနေတဲ့ နှလုံးကို ဘုရားသခင်က ဖယ်ရှားပေးပြီး နှိမ့်ချခြင်း၊ ချစ်ခြင်း၊ ကျေးဇူးတရားကို သိတတ်ခြင်းရှိတဲ့ အသားနှလုံးအသစ်ကို ပေးခဲ့တယ်။
နှစ်များကြာပြီးနောက်—
သူ့ဆီမှာ လာသင်တဲ့ ဆရာဝန်ငယ်တွေကို သူ အမြဲပြောတတ်တဲ့ စကားတစ်ခွန်းရှိခဲ့တယ်။
"ပညာကို ကြိုးစားသင်ပါ။ ကျွမ်းကျင်မှုကို တိုးတက်အောင်လုပ်ပါ။ ဒါပေမဲ့ မမေ့ပါနဲ့။ လူ့လက်က ကုသပေးနိုင်ပေမဲ့ အသက်ကို ပေးနိုင်တာ ဘုရားသခင်တစ်ပါးတည်းသာ ဖြစ်ပါတယ်။
💡 သင်ခန်းစာ
လူတစ်ယောက်ရဲ့ ကြိုးစားမှုဟာ အရေးပါပါတယ်။ သို့သော် ကိုယ့်အောင်မြင်မှုအားလုံးကို ကိုယ့်အစွမ်းအစလို့ ထင်တဲ့အခါ မာနက နှလုံးသားကို ကျောက်ခဲကဲ့သို့ မာကျော စေတတ်ပါတယ်။ဘုရားသခင်ရှေ့မှာ နှိမ့်ချလာတဲ့အခါ ကျွန်ုပ်တို့ရဲ့ အပြစ်၊ မာနနဲ့ မာကျောမှုတွေကို ဖယ်ရှားပြီး အသစ်သော နှလုံးသားကို ဘုရားသခင်က ပေးတော်မူနိုင်ပါတယ်။
