သင်ခန်းစာ ( ၅ )
နွားစာခွက်ထဲက အလင်းရောင်
တစ်ခါတုန်းက…. စည်းကားလှပသော မြို့တော်ကြီး၏ အလယ်ဗဟိုတွင် ဗိုလ်ကြီး အာလန် ဆိုတဲ့ လူတစ်ယောက် နေထိုင်ခဲ့သည်။ ဗိုလ်ကြီးအာလန် ဟာ ငယ်စဉ်ကတည်းက အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပြီး စစ်ရေးမှာ ထူးချွန်ခဲ့သည်။ အချိန်ကြာလာတဲ့အခါ အာဏာ၊ ဂုဏ်သိက္ခာနဲ့ စည်းစိမ်ချမ်းသာတွေ ရရှိလာခဲ့သည်။
သူ့မှာ ကြီးမားတဲ့အိမ်ကြီးလည်းရှိပြီး သူ့နောက်မှာ သူ့စကားကို လိုက်နာရတဲ့ လူတွေလည်း အများကြီးရှိနေသည်။ မြို့ထဲက လူတွေက သူ့ကို လေးစားကြပြီး—
“ဗိုလ်ကြီးအာလန်လို အောင်မြင်တဲ့သူ ဖြစ်ချင်တယ်” လို့ ပြောကြတတ်ကြသည်။
ဒါပေမယ့် လူတွေမမြင်နိုင်တဲ့ အမှန်တရားတစ်ခု တော့ ရှိနေခဲ့တယ်။
လူတွေရဲ့မျက်စိထဲမှာ သူဟာ အောင်မြင်သူတစ်ယောက်ဖြစ်ပေမယ့် ဘုရားသခင်ရဲ့ရှေ့မှာတော့ သူ့နှလုံးသားဟာ အပြစ်တွေနဲ့ လေးလံနေခဲ့သူတစ်ယောက်ပေါ့။ အာဏာရှိလာတဲ့အခါ သူ့စိတ်နှလုံးက တဖြည်းဖြည်းမာကျောလာခဲ့တယ်။
အားနည်းသူတွေရဲ့ အသံကို မကြားချင်တော့ဘူး။ မိမိအကျိုးအတွက် တစ်ချို့သူတွေကို မတရားပြုခဲ့တယ်။ မိမိအာဏာကို အသုံးချပြီး လူတချို့ရဲ့ဘဝကို နာကျင်စေခဲ့တယ်။ လူတွေရှေ့မှာတော့ ပြုံးနေခဲ့ပေမယ့် ညအချိန် တစ်ယောက်တည်းရှိတဲ့အခါ သူ့အတိတ်တွေက သူ့ရှေ့မှာ ပြန်ပေါ်လာတတ်တယ်။

ငါလုပ်ခဲ့တာတွေကို ဘယ်သူမှ မသိဘူး။ ဒါပေမယ့် ဘုရားက သိနေတယ် လို့ သူ့စိတ်ထဲမှာ ခံစားလာခဲ့တယ်။
ဓမ္မရာဇဝင်ပဋ္ဌမစောင် 16:7
ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည် မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရား မူကား နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှမွေလအား မိန့်တော်မူ၏။
လူတွေကသူ့ရဲ့ဂုဏ်ကို မြင်ခဲ့ကြတယ်။ ဒါပေမယ့် ဘုရားသခင်က သူ့ရဲ့နှလုံးသားကို မြင်တော်မူခဲ့တယ်။
တစ်ညမှာ အာလန်ဟာ သူ့အိမ်ကြီးရဲ့ ပြတင်းပေါက်နားမှာ တစ်ယောက်တည်း ထိုင်နေခဲ့တယ်။ သူ့ရှေ့မှာ စည်းစိမ်တွေ အများကြီးရှိပေမယ့် သူ့နှလုံးသားထဲမှာတော့ ငြိမ်သက်ခြင်း ဆိုတာ မရှိခဲ့ဘူး။
သူက တိုးတိုးလေး ပြောလိုက်တယ်။
“ဘုရားသခင် ကျွန်တော်လို လူတစ်ယောက်ကို တကယ်ခွင့်လွှတ်နိုင်ပါ့မလား”….
ရက်အနည်းငယ်ကြာပြီးနောက် မြို့ထဲကို အသက်ကြီးတဲ့ ဆရာတော်တစ်ပါး ရောက်လာခဲ့တယ်။ ဗိုလ်ကြီးအာလန်ဟာ ဆရာကြီး ထံသွားပြီး မေးလိုက်တယ်။
ဆရာကြီး ကျွန်တော်ဟာ လူတွေထင်သလို ကောင်းတဲ့သူမဟုတ်ပါဘူး။ ကျွန်တော်မှာ ဖုံးကွယ်ထားတဲ့အပြစ်တွေ အများကြီးရှိပါတယ်။ ဘုရားဆီ ပြန်လာဖို့ အခွင့်ရှိသေးလား…..
ဆရာကြီးက နွေးထွေးစွာ ပြုံးပြီး ပြောလိုက်တယ်။
သားရေ……… ခရစ်တော်ဟာ အပြစ်မရှိသူတွေကို ရှာဖို့ လာခဲ့တာမဟုတ်ဘူး။ အပြစ်ရှိသူတွေကို ကယ်တင်ဖို့ လာခဲ့တာ သားရေ။ (ရှင်လုကာခရစ်ဝင်။ 5:31-32)
“ယေရှုကလည်း၊ ကျန်းမာသောသူတို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိ ကြ၏။ ဖြောင့်မတ်သောသူတို့သည် နောင်တသို့ ခေါ်ခြင်းငှါလာသည်မဟုတ်။ ဆိုးသောသူတို့ကိုခေါ်ခြင်းငှါ ငါလာသတည်းဟု မိန့်တော်မူ၏။”
ထို့နောက် ဆရာကြီး က မေးလိုက်တယ်။
“သား…. ယေရှုခရစ် ဘယ်လိုနေရာမှာ မွေးဖွားခဲ့တယ်ဆိုတာ သိလား”....
ဗိုလ်ကြီး က ပြန်ဖြေတယ်။
“ဗက်လင်မြို့မှာ မွေးတယ်ဆိုတာ သိပါတယ်”
ဆရာကြီးက ပြောလိုက်တယ် —
ဒါပေမယ့် သား ကမ္ဘာ့ဘုရင်ဖြစ်မယ့်သူဟာ နန်းတော်ထဲမှာ မမွေးခဲ့ဘူး။ နွားစာခွက်ထဲမှာ မွေးခဲ့တယ်။ ဒါဟာ အားနည်းသူတွေကို ပြောချင်တဲ့ ဘုရားရဲ့ သတင်းစကားတစ်ခုပါဘဲ…
မင်းရဲ့ မွေးရာနေရာက မင်းတန်ဖိုးကို မဆုံးဖြတ်ဘူး။မင်းရဲ့အတိတ်က မင်းရဲ့အနာဂတ်ကို မဆုံးဖြတ်ဘူး။ လူတွေက မင်းကို ပယ်ချနိုင်ပေမယ့် ဘုရားသခင်က မင်းကို ရှာဖွေတော်မူတယ်။
ဗိုလ်ကြီးဟာ မျက်ရည်တွေ နဲ့…..
နားထောင်ရင်း နားလည်လာတယ်။
ခရစ်တော်ဟာ လူတွေကို အပြစ်တင်ဖို့ လာခဲ့တာမဟုတ်ဘူး။ အပြစ်ရဲ့ချည်နှောင်ခြင်းကနေ လွတ်မြောက်စေဖို့ လာခဲ့တာဖြစ်တယ်။
ဆရာကြီးက ဆက်ပြောလိုက်တယ်။
“သား…..လူတော်တော်များများက ငရဲကိုလည်း ဘုရားက လူတွေအတွက် ပြင်ဆင်ထားတယ်လို့ ထင်ကြတယ်။ ဒါပေမယ့် သမ္မာကျမ်းစာမှာ ပြောတာက ငရဲဟာ စာတန်နဲ့ သူ့ရဲ့နောက်လိုက်တွေအတွက် ပြင်ဆင်ထားတာပါ။
ဒါ့အပြင် ဘုရားသခင်ရဲ့နှလုံးသားက လူတွေ ကိုပျက်စီးစေချင်တာမဟုတ်ဘဲ ကယ်တင်ခြင်း ရစေချင်တယ်ဆိုတာ—
ရှင်ပေတရုဩဝါဒစာဒုတိယစောင်။ 3:9
“လူအချို့တို့သည်၊နှေးခြင်းကို မှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင်အဘယ်သူမျှမပျက် စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကို သည်းခံ တော်မူ၏။” တဲ့..
ဒီကျမ်းပိုဒ်အရ ငရဲဟာ လူတွေအတွက် ဘုရားရဲ့ရည်ရွယ်ချက် မဟုတ်ဘူး။ ဘုရားသခင်က လူတွေကို ကယ်တင်ချင်တယ်။ဒါကြောင့် ယေရှုခရစ်ဟာ ကောင်းကင်ဘုန်းအသရေကို စွန့်ပြီး လောကထဲ ဆင်းလာခဲ့တယ်။
လက်ဝါးကပ်တိုင်ပေါ်မှာ မင်းရဲ့အပြစ်၊ ငါတို့အားလုံးရဲ့အပြစ်ကို ကိုယ်တော်တိုင် ခံယူပေးခဲ့တယ်။
ဗိုလ်ကြီးက မျက်ရည်များနဲ့ မေးလိုက်တယ်။
ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ…..
ဆရာကြီး က ပြန်ဖြေတယ်။
မင်းရဲ့အပြစ်ကို ဖုံးကွယ်မထားနဲ့။ ခရစ်တော်ထံ ယူလာပါ။
ရှင်ယောဟန်ဩဝါဒစာပဌမစောင်။ 1:9
“ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ဖြောင့်မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံတော်မူ၏။”
အဲဒီနေ့ကစပြီး ဗိုလ်ကြီးအာလန်ရဲ့ဘဝ ပြောင်းလဲသွားခဲ့တယ်။ သူဟာ အတိတ်ကို မပြောင်းနိုင်ပေမယ့် ခရစ်တော်ထဲမှာ အသစ်သောဘဝကို ရရှိခဲ့တယ်။သူ့အာဏာကို မိမိအတွက် မသုံးတော့ဘဲ လူတွေကို ကူညီဖို့ အသုံးပြုလာခဲ့တယ်။ဘာကြောင့်လဲဆိုတော့ သူသိသွားခဲ့ပြီ။သူ့အပြစ်ထက် ခရစ်တော်ရဲ့ကျေးဇူးက ပိုကြီးတယ်။ သူ့အတိတ်ထက် ဘုရားပေးတဲ့ အနာဂတ်က ပိုကောင်းတယ်။သူ့မျက်ရည်ထက် ခရစ်တော်ပေးတဲ့ မျှော်လင့်ခြင်းက ပိုတောက်ပတယ်။
💡 သင်ခန်းစာ
ယနေ့လည်း လူများစွာဟာ အပြင်မှာ ပြည့်စုံသလို ထင်ရပေမယ့် အတွင်းမှာ အပြစ်၊ နာကျင်မှုနဲ့ အထီးကျန်မှုတွေကို ဖုံးကွယ်ထားကြတယ်။ ဒါပေမယ့် နွားစာခွက်ထဲမှာ မွေးဖွားလာတဲ့ ကယ်တင်ရှင်က ယနေ့တိုင် ခေါ်နေဆဲပါ။ ငါ့ထံသို့ လာကြလော့။ ငါသည် သင်တို့ကို အနားပေးမည်။လူသားတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်၊ အမှောင်ထဲကနေ အလင်းဆီသို့ ခေါ်ဆောင်ပေးနိုင်သူ၊ အပြစ်ရဲ့ချည်နှောင်ခြင်းကနေ လွတ်မြောက်စေနိုင်သူမှာ ယေရှုခရစ်တော်တစ်ပါးတည်းသာ ဖြစ်တော်မူသည်။
