သခင့်ဆီပြညွှန်သောပုံပြင်လေးများ (၂)

LYDIA HAN

သင်ခန်းစာ ( ၄ ) 

 သမီးလေးရဲ့မျက်ရည်နှင့် ကယ်တင်ခြင်းလမ်း

တစ်ခါက… ရွာငယ်လေးတစ်ရွာမှာ မာရိ ဆိုတဲ့ သမီးလေးတစ်ယောက် နေထိုင်ခဲ့တယ်။ မာရိဟာ ငယ်စဉ်ကတည်းက အသင်းတော်မှာ ဘုရားသခင်ရဲ့ မေတ္တာတော်အကြောင်းကို ကြားနာခဲ့ပြီး သခင်ယေရှုခရစ်ကို ယုံကြည်သူတစ်ယောက် ဖြစ်လာခဲ့တယ်။ သူမရဲ့နှလုံးသားထဲမှာ ယေရှုရဲ့ ကယ်တင်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးကြီးတဲ့ ရတနာတစ်ခုလို သိမ်းဆည်းထားခဲ့တယ်။

ဒါပေမဲ့ မာရိရဲ့ မိသားစုကတော့ ယေရှုကို မသိသေးကြပါဘူး။

သူတို့ဟာ ရိုးရာယုံကြည်မှုတွေ၊ ရုပ်တုတွေနဲ့ နတ်တွေကိုသာ အားကိုးခဲ့ကြတယ်။ အခက်အခဲတွေကြုံလာတဲ့အခါ

“နတ်ကို ပူဇော်ရမယ်

ရုပ်တုရှေ့မှာ ဆုတောင်းရမယ်”

လို့ ပြောတတ်ကြတယ်။

အဲဒီစကားတွေကို ကြားရတိုင်း မာရိရဲ့နှလုံးသားဟာ နာကျင်လာခဲ့တယ်။

“သူမဟာ မိသားစုကို မချစ်လို့ မဟုတ်ဘူး။ ချစ်လွန်းလို့ပဲ နာကျင်ခဲ့တာ ဖြစ်တယ်။”

ညတိုင်း အိပ်ရာဝင်ခါနီးတိုင်း မာရိဟာ မျက်ရည်ဝဲပြီး ဆုတောင်းခဲ့တယ်။

“ကိုယ်တော်ရှင်ဘုရား…..သူတို့ကို သမီးအရမ်းချစ်ပါတယ်။ သူတို့ကိုလည်း ကိုယ်တော်ရဲ့ မေတ္တာကို သိစေချင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပြောရမလဲ…. သူတို့က သမီးစကားကို လက်ခံပါ့မလား လို့ ဆုတောင်းခဲ့တယ်။”

တစ်နေ့…. အသင်းတော်မှာ တရားဟောချက်တစ်ခုကို မာရိကြားခဲ့ရတယ်။

“ဧဝံဂလိတရားကို ပြောခြင်းဟာ တစ်ခါတလေ ခက်ခဲနိုင်ပါတယ်။ လူတွေက နားမလည်နိုင်ကြပါဘူး။ ဒါပေမဲ့ ကိုယ်ချစ်ရတဲ့သူတွေ ဘုရားကို မသိဘဲ ငရဲသို့သွားရမည်ကို ကြည့်နေရတာက ပို၍နာကျင်စရာ ဖြစ်ပါတယ်”

ဆိုတဲ့ စကားဟာ မာရိရဲ့နှလုံးသားထဲကို နက်ရှိုင်းစွာ ဝင်ရောက်သွားပါတော့တယ်။

အဲဒီအချိန်မှာ သူမဟာ သမ္မာကျမ်းစာထဲက စကားကို သတိရခဲ့တယ်။ (မာကု ၁၆:၁၅)

“သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။”

မာရိက စိတ်ထဲမှာ ဆုံးဖြတ်လိုက်တယ်။

သခင်ယေရှုက ကျွန်မကို ချစ်လို့ ကယ်တင်ခဲ့တယ်။ ဒါဆို ကျွန်မချစ်တဲ့ သူတွေကိုလည်း ဒီမေတ္တာကို မျှဝေရမယ်…

တစ်ညမှာတော့….. မိသားစုအားလုံး ထမင်းစားပြီးတဲ့အချိန် မာရိဟာ တိတ်တိတ်လေး ထိုင်နေခဲ့တယ်။

အဖေက သတိထားမိတော့ မေးလိုက်တယ်။

သမီး ဒီနေ့ ဘာလို့ငြိမ်နေတာလဲ

မာရိဟာ အသက်ပြင်းပြင်းရှူပြီး မျက်ရည်ကို ထိန်းရင်း ပြောလိုက်တယ်။

 

အဖေ… အမေ သမီးကို ခွင့်လွှတ်ပေးပါ။ သမီးရဲ့နှလုံးသားထဲမှာ အမြဲတွေးနေခဲ့တဲ့ အရာတစ်ခုရှိပါတယ်….. ထိုအချိန်တွင်

မိသားစုအားလုံးဟာ ငြိမ်သက်စွာ နားထောင်နေကြတယ်။

ဒီဘဝမှာ ငွေကြေး၊ ကျန်းမာရေး၊ အောင်မြင်မှုတွေက အရေးကြီးပါတယ်။ ဒါပေမဲ့ ဒီဘဝပြီးတဲ့နောက် သမီးတို့ ဘယ်ကိုသွားမလဲဆိုတာက ပိုအရေးကြီးတယ်မဟုတ်ဘူးလားဖေဖေ။

 ​ပြီးတော့…. ယေရှုခရစ်တော်က သမီးတို့လူသားတွေကို ချစ်တော်မူတဲ့အတွက် အပြစ်ငရဲကနေ ကယ်တင်ဖို့ လောကကို လာခဲ့တဲ့ အသက်ရှင်သော ဘုရားဖြစ်ပါတယ်။

အဖေဟာအနည်းငယ် စိတ်မသက်မသာဖြစ်ပြီး ပြောလိုက်တယ်။

“သမီးရယ် ငါတို့နှစ်ပေါင်းများစွာ ယုံကြည်လာတဲ့အရာတွေကို ဘာလို့ ပြောင်းရမှာလဲ…..”

မာရိရဲ့မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်လာခဲ့တယ်။

“ အဖေ သမီးက အဖေတို့ကို အပြစ်တင်တာ မဟုတ်ပါဘူး။ သမီးက အဖေတို့ကို ချစ်လို့ပဲ ပြောတာပါ။သခင်ယေရှုရဲ့ မေတ္တာကို သိစေချင်လို့ပါ။ သမီးချစ်တဲ့သူတွေ ဘုရားကို မသိဘဲ ပျောက်ဆုံးသွားမှာကို သမီးမကြည့်နိုင်လို့ပါ”……

အဲဒီနေ့ကစပြီး မာရိဟာ အငြင်းပွားခြင်းထက် မေတ္တာကို ရွေးချယ်ခဲ့တယ်။

သူမဟာ နေ့တိုင်း မိသားစုအတွက် ဆုတောင်းခဲ့တယ်။ မိဘတွေ နေမကောင်းတဲ့အခါ ပြုစုခဲ့တယ်။ အခက်အခဲတွေကြုံတဲ့အခါ အားပေးခဲ့တယ်။

သူမရဲ့စကားထက် သူမရဲ့အသက်တာက ယေရှုရဲ့မေတ္တာကို ပိုပြီးသက်သေခံနေခဲ့တယ်။

လများစွာကြာပြီးနောက် တစ်ညမှာ အဖေက မာရိကို ခေါ်လိုက်တယ်။

“သမီး..သမီးပြောတဲ့ ယေရှုအကြောင်းကို ငါတို့ နားလည်ချင်ပြီလို့ ပြောလိုက်တယ်။”

အဲဒီစကားကြားတဲ့အချိန်မှာ မာရိရဲ့မျက်လုံးထဲက မျက်ရည်တွေဟာ ဝမ်းနည်းခြင်းမဟုတ်တော့ဘဲ ဝမ်းမြောက်ခြင်းမျက်ရည်တွေ ဖြစ်သွားခဲ့တယ်။ သူမဟာ ဘုရားကို ကျေးဇူးတင်ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ မာရိရဲ့မိသားစုဟာ ယေရှုခရစ်ကို ယုံကြည်လာကြပြီး ဘုရားကို ချစ်သော မိသားစုတစ်ခု ဖြစ်လာခဲ့တယ်။

တစ်ချိန်က ရုပ်တုတွေနဲ့ နတ်တွေကို အားကိုးခဲ့တဲ့ အိမ်လေးဟာ…

ယခုတော့ ဘုရားကို ချီးမွမ်းသီချင်းဆိုတဲ့ အိမ်လေး ဖြစ်လာခဲ့တယ်။

မာရိက ကောင်းကင်ကို မော့ကြည့်ပြီး ပြောခဲ့တယ်။

“သခင် ဧဝံဂလိပြောရတာ ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ သမီးချစ်ရတဲ့ မိသားစုကို ကိုယ်တော်ဆီ ပြန်လာတာမြင်ရခြင်းက အရာအားလုံးထက် ပိုတန်ဖိုးရှိပါတယ်”

 

💡 သင်ခန်းစာ

“တစ်ခါတလေ လူတွေကို ဘုရားအကြောင်း ပြောဖို့ ကျွန်ုပ်တို့က ကြောက်ရွံ့နိုင်ပါတယ်။ လူတွေ နားမလည်မှာ၊ ငြင်းပယ်မှာကို စိုးရိမ်နိုင်ပါတယ်။ ဒါပေမဲ့ ချစ်ခြင်းမေတ္တာကြောင့် အမှန်တရားကို မျှဝေခြင်းဟာ အရေးကြီးပါတယ်။ ကျွန်ုပ်တို့ရဲ့တာဝန်က လူတွေရဲ့နှလုံးသားကို ပြောင်းလဲပေးခြင်း မဟုတ်ပါ။ ဘုရားရဲ့မေတ္တာကို သစ္စာရှိစွာ မျှဝေခြင်းသာ ဖြစ်ပါတယ်။”

 

📖 ကျမ်းပိုဒ် 

တမန်တော်ဝတ္ထု။  16:31  

“သခင်ယေရှုခရစ်ကို ယုံကြည်လော့။ယုံကြည်လျှင် သင်နှင့်သင်၏အိမ်သူ အိမ်သား တို့သည် ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။”

မေတ္တာနဲ့ ဆုတောင်းခြင်း၊ အသက်တာနဲ့ သက်သေခံခြင်းဟာ တစ်နေ့မှာ မိသားစုရဲ့နှလုံးသားကို ဘုရားထံ  ပြန်လည်ခေါ်ဆောင်နိုင်ပါတယ်။🙏🙏🙏

 

43 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


STORIES POINTING TO JESUS 2 - PART 4

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -