သခင့်ဆီပြညွှန်သောပုံပြင်လေးများ (၂)

LYDIA HAN

သင်ခန်းစာ ( ၃ ) 

 ✝ ဆားတစ်စေ့၏ တန်ဖိုး✝

ဟိုးရှေးရှေးတုန်းက တောင်ခြေရင်းရှိ ရွာငယ်လေးတစ်ရွာ၏ အစွန်တွင် အိမ်လေးတစ်လုံးရှိခဲ့သည်။

ထိုအိမ်လေးတွင် အဘိုးအိုတစ်ယောက်ဟာ တစ်ယောက်တည်း နေထိုင်ခဲ့သည်။ သို့သော် သူ၏အိမ်သည် ဘယ်တော့မှ အထီးကျန်မနေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လမ်းသွားလမ်းလာများ၊ ခရီးသွားများကို အမြဲကြိုဆိုပြီး နွေးထွေးစွာ ဧည့်ခံတတ်သောကြောင့် ဖြစ်သည်။

ထိုအိမ်လေးတွင်… 

ထူးခြားသောအရာတစ်ခုရှိသည်။ အဲ့ဒီ အရာမှာ အဟောင်းလေးဖြစ်နေသော်လည်း အဘိုးအို အလွန်တန်ဖိုးထားသော ဆားအိုးလေးတစ်လုံး ဖြစ်သည်။…..

တစ်နေ့တွင် မြို့မှ လူငယ်တစ်ယောက်က အဘိုးအို၏အိမ်သို့ ရောက်လာခဲ့သည်။

အဘိုး…. ဒီလောက်သေးပြီး ရိုးရိုးလေးဖြစ်တဲ့ ဆားအိုးလေးကို ဘာလို့ဒီလောက်တန်ဖိုးထားနေတာလဲ။ ဆားဆိုတာ ဝယ်ရလွယ်တဲ့အရာပဲ မဟုတ်လားဟု မေးလိုက်သည်။

အဘိုးအိုသည် ပြုံးပြီး ပြန်ပြောသည်။

​

လူကလေးရေ…..ဆားက သူ့ကိုယ်သူ ကြီးမြတ်တယ်လို့ မပြောပါဘူး။ ဒါပေမယ့် ဆားရှိတဲ့နေရာတိုင်းမှာ အရသာကို ပြောင်းလဲပေးနိုင်တယ်။ သေးငယ်ပေမဲ့လည်း တန်ဖိုးရှိတဲ့အရာ ဖြစ်နိုင်တယ်​ လူကလေးရေ….

လူငယ်လေးဟာ ထိုစကားကို စဉ်းစားနေခဲ့သည်…..

ထို့နောက် သူသည် အဘိုးအိုနဲ့အတူ နေထိုင်ရင်း ထူးခြားသောအရာတစ်ခုကို သတိထားမိလာသည်။အဘိုးအိုဟာနေ့တိုင်း မနက်ခင်းတွင် ဘုရားရှေ့၌ ဒူးထောက်ကာ နှိမ့်ချစွာ ဆုတောင်းတတ်သည်။

တစ်နေ့တွင်လူငယ်ကမေးလိုက်သည်။

“အဘိုး…ဘာလို့ ဘုရားကို ဒီလောက် အားကိုး နေရတာလဲ။လူတစ်ယောက်ရဲ့ဘဝက ကိုယ့်ကြိုးစားမှုနဲ့ပဲ တိုးတက်လာတာ 

မဟုတ်ဘူးလား”

အဘိုးအိုက နူးညံ့စွာ ပြုံးပြီး ပြန်ဖြေခဲ့သည်။

လူကလေးရေ….ရေငတ်တဲ့သူက ရေကို ရှာသလို၊ ဝိညာဉ်ဆာငတ်တဲ့သူက ဘုရားကို ရှာတယ်။ လူဟာ လောကအရာတွေနဲ့ ပြည့်စုံသလို ထင်ရပေမယ့် ဘုရားမရှိရင် နှလုံးသားထဲမှာ အမြဲလိုအပ်နေတဲ့အရာ ရှိနေတတ်တယ်။

ထို့နောက် အဘိုးအိုက ယေရှု၏စကားကို ပြောပြခဲ့တယ်။

“ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်၍ ငတ်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတံ့”။ (ရှင်မဿဲခရစ်ဝင် ၅:၆)

လူငယ်လေးသည် ထိုစကားကို နှလုံးသားထဲတွင် သိမ်းထားခဲ့သည်။

သူဟာ နှစ်ပေါင်းများစွာ ငွေကြေး၊ အောင်မြင်မှုနှင့် လူတို့၏ချီးမွမ်းခြင်းကိုသာ ရှာဖွေခဲ့ပြီး အရာအားလုံးရရှိလာ တဲ့အခါတွင်လည်းသူ၏နှလုံးသားထဲတွင် လွတ်ဟာနေဆဲဖြစ်သည်ကို သိလာခဲ့ရသည်။

တစ်နေ့တွင် အဘိုးအိုက သူ့ကို မေးခွန်း တစ်ခု မေးလိုက်သည်။

သား… ဒီအိမ်မှာ သားက အိမ်ရှင်လား၊ ဧည့်သည်လား။ 

ဧည့်သည်ပါ အဘိုး

ဒါဆို ဒီလောကမှာလည်း ငါတို့ဟာ ဧည့်သည်တွေချည်းပါပဲ။ ခဏတာလာရောက်နေထိုင်ပြီး တစ်နေ့ ပြန်သွားရမယ့်သူတွေပါ။ ဧည့်သည်တစ်ယောက်က အိမ်ရှင်ပိုင်အရာကို ကိုယ်ပိုင်သလို မယူဆသင့်ဘူး။

ထိုစကားများကြောင့် လူငယ်၏နှလုံးသား ပြောင်းလဲလာခဲ့သည်။

သူသည် မိမိကိုယ်ကိုသာ အားကိုးနေခြင်းမှ ရပ်တန့်ပြီး ဘုရား၏လမ်းကို လိုက်ရန် ဆုံးဖြတ်ခဲ့သည်။

အဘိုးအိုကထပ်မံပြောခဲ့သည်

“စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကားကောင်းကင်နိုင်ငံတော် သည် ထိုသူတို့၏နိုင်ငံဖြစ်၏။” (ရှင်မဿဲခရစ်ဝင် ၅:၃)

နှစ်များစွာကြာပြီးနောက် လူငယ်လေးသည် အဘိုးအို၏စကားများကို မမေ့ခဲ့ပေ။

တစ်ချိန်က သူထင်ခဲ့သလို လူ၏အကြီးမားဆုံးလိုအပ်ချက်သည် လောကပိုင်ဆိုင်မှုများ မဟုတ်ကြောင်း၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ခရစ်တော်အားဖြင့် ရရှိလာသော ကယ်တင်ခြင်းကသာအကြီးမားဆုံးလိုအပ်ချက်ဖြစ်ကြောင်း ကို နားလည်လာခဲ့သည်။

သူသည် ဆုတောင်း၍ ပြောခဲ့သည်မှာ

“အို ဘုရားသခင် ကျွန်ုပ်တို့သည် ကြီးမြတ်သောသူ မဟုတ်ပါ။ ဆားတစ်စေ့လေးသာ ဖြစ်ပါ၏။ သို့သော် ကိုယ်တော်၏လက်ထဲတွင် ရှိနေပါက အဓိပ္ပာယ်ရှိသော အသက်တာဖြစ်နိုင်ကြောင်း သိလာပါပြီ”

 

💡 သင်ခန်းစာ

ဤလောကသည် ကျွန်ုပ်တို့၏ အမြဲတမ်းအိမ်မဟုတ်ပါ။ ကျွန်ုပ်တို့သည်ခဏတာ လာရောက်နေထိုင်သော ဧည့်သည်များသာ ဖြစ်ကြသည်။လောက၏အရာများကိုသာ ဆာငတ်သူသည် ဘယ်သောအခါမှ အမှန်တကယ် မပြည့်စုံနိုင်ပါ။ သို့သော် ဘုရားသခင်ကို ဆာငတ်ပြီး နှိမ့်ချသောနှလုံးဖြင့် လိုက်လျှောက်သူသည် အမှန်သောအသက်တာကို ရရှိမည်ဖြစ်သည်။ ဆားတစ်စေ့သည် သေးငယ်သော်လည်း အရသာကို ပြောင်းလဲစေနိုင်သကဲ့သို့၊ ဘုရားကိုချစ်သောသူတစ်ယောက်၏အသက် တာသည်လည်း မိမိပတ်ဝန်းကျင်ကို ကောင်းသောအရာများအဖြစ် ပြောင်လဲစေနိုင်သည်။

သင်တို့သည် လောက၏ဆားဖြစ်ကြ၏။ (ရှင်မဿဲခရစ်ဝင် ၅:၁၃)

 

39 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


STORIES POINTING TO JESUS 2 - PART 3

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -