သင်ခန်းစာ ( ၂ )
✝ လေ၏အသံနှင့် ဘုရား၏အာဏာတော်✝

တစ်ခါက…. တောင်တန်းများဝန်းရံထားတဲ့ ရွာငယ်လေးတစ်ရွာတွင် နောဟန်ဆိုသော ကောင်လေးတစ်ယောက် နေထိုင်ခဲ့သည်။
နောဟန်သည် သဘာဝအရာများကို အလွန်စိတ်ဝင်စားသူဖြစ်ပြီး မနက်ခင်းတိုင်း အိမ်ရှေ့မှာထိုင်ကာ သစ်ရွက်များ လှုပ်ရှားနေသည်ကို ကြည့်တတ်သည်။
တစ်နေ့တွင် သူဟာ ဖခင်ကို မေးလိုက်တယ်။
ဖေဖေ လေဆိုတာ ဘာလဲဟင်။ ကျွန်တော် မမြင်ရဘူး။ ဒါပေမဲ့ သစ်ပင်တွေ လှုပ်တာ၊ အေးမြတာတွေ ကနေ လေရှိတယ်ဆိုတာ သိရတယ်နော်။
ဖခင်က ပြုံးပြီး ပြောတယ်။
သားရေ…… လေဟာ မမြင်ရပေမဲ့ သူ့ရဲ့အလုပ်တွေကို မြင်ရတယ်။
လေပြေညင်းလေးဆိုရင် လူတွေကို အေးချမ်းစေတယ်။ ဒါပေမဲ့ လေမုန်တိုင်းဖြစ်လာရင် လူတွေက သူ့ရဲ့အင်အားကို ကြောက်ရွံ့ကြတယ်။
ထိုနေ့ညတွင် မိုးကောင်းကင်က မှောင်မိုက်လာကာ လေပြင်းများ တိုက်ခတ်လာပြီး သစ်ပင်ကြီးများ လှုပ်ခါလာသည်။ထိုအခါ ရွာသားများကလဲ အိမ်များထဲဝင်ကာ ဘုရားသခင်ထံ ဆုတောင်းကြတော့သည်။ လူတွေဟာ မုန်တိုင်းလာတဲ့အချိန်မှာသာဘုရားကို သတိရတတ်ကြသည်။ မုန်တိုင်းမရှိတဲ့အချိန်မှာတော့ ကိုယ့်အစွမ်းကိုသာ ယုံကြည်ကြပြီး ဘုရားကို မေ့သွားတတ်ကြတယ်။
သားရေ…. လေပြင်းတိုက်မှ လေရှိတာ မဟုတ်သလို၊ အခက်အခဲရောက်မှ ဘုရားရှိတာ မဟုတ်ဘူး။ နေ့ရက်ကောင်းများမှာလည်း ဘုရားကို ကျေးဇူးတင်ရမယ်။
အဆင်ပြေနေတဲ့အချိန်မှာလည်း ကိုယ်တော်ကို ရိုသေရမယ်။ မုန်တိုင်းထဲမှာ ကယ်တင်ပေးသော အရှင်ကိုသာ ရှာပြီး၊ ငြိမ်သက်နေတဲ့နေ့တွေမှာ မေ့လျော့ကာ နေမယ်ဆိုရင် အဖေတို့ဟာ ဘုရားရဲ့မေတ္တာကို နားမလည်သေးလို့ပဲ……..လို့ဆိုကာ ဖခင်မှ ဆုံးမစကားပြောလိုက်ပါတော့သည်။
ထိုအခါ နောဟန်က လေမုန်တိုင်းကို ကြည့်ရင်း ကြောက်ရွံ့နေခဲ့သောကြောင့် ဖေဖေ ဒီလေကို ဘယ်သူရပ်တန့်နိုင်မှာလဲ?
ဖခင်က တိတ်တဆိတ် ပြောလိုက်တယ်။
သားရေ …..လူတွေ မထိန်းချုပ်နိုင်တဲ့အရာကို ဘုရားသခင်က ထိန်းချုပ်နိုင်တယ်။ လေကို ဖန်ဆင်းသူက လေထက် ကြီးမြတ်တယ်သားရဲ့
ထိုအခါ….. ဖခင်က ကျမ်းစာအုပ်ကိုဖွင့်ကာ တပည့်တော်များ ပင်လယ်ပြင်တွင် မုန်တိုင်း ကြားရောက် သောအခါ ယေရှုသည် ထ၍ လေနှင့် ပင်လယ်ကို အမိန့်ပေးတော်မူကြောင်းကို ပြောပြခဲ့သည်။
📖 ကျမ်းပိုဒ်
ရှင်မာကုခရစ်ဝင်။ 4:39
“ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာ နေဟု လေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည် ငြိမ်၍ အလွန်သာယာလေ၏။”
ထိုအခါ နောဟန်ကလည်း ထိုနေ့မှစ၍ အရာရာကိုအသစ်တစ်ဖန်နားလည်လာခဲ့သည်။ လေပြေညင်းတိုက်သောအခါ ဘုရား၏ နူးညံ့သောစောင့်ရှောက်ခြင်းကို သတိရတယ် လေမုန်တိုင်းတိုက်သောအခါ ဘုရား၏ကြီးမြတ်သောအာဏာတော်ကို သတိရတယ်။လေသည် မမြင်ရသော်လည်း အင်အားရှိသည်။ဘုရားသည် မျက်စိဖြင့် မမြင်ရသော်လည်း အရာခပ်သိမ်းကို အုပ်စိုးတော်မူတယ်ဆိုတာ သိလာခဲ့တယ်။
နောက်တစ်နေ့ မနက်တွင် နေမင်းကြီး ပြန်လည် ထွက်ပေါ်လာပြီး လေပြေညင်းလေးများ ပြန်လည်တိုက်ခတ်လာသည်။
နောဟန်သည် မနေ့ညက မုန်တိုင်းကို သတိရနေခဲ့သည်။
ဖခင်က သူ့ကို ကြည့်ပြီး ပြောလိုက်တယ်။
"သားရေ မနေ့ညက လူတိုင်း ဘုရားကို ခေါ်ကြတယ်မဟုတ်လား။ ဒါပေမဲ့ လေပြေငြိမ်သက်ပြီး အရာအားလုံး အဆင်ပြေနေတဲ့အချိန်မှာ ဘုရားကို မေ့သွားတတ်ကြတယ်။ဘုရားသခင်ဟာ မုန်တိုင်းထဲမှာပဲ ရှိတဲ့အရှင်မဟုတ်ဘူး။ နေ့ရက်ကောင်းတွေမှာလည်း အဖေတို့ကို စောင့်ရှောက်နေတဲ့အရှင်ဖြစ်တယ်။ လေကို မုန်တိုင်းဖြစ်မှ သတိရသလို ဘုရားကို ဒုက္ခရောက်မှသာ သတိရတဲ့သူ မဖြစ်သင့်ဘူးသားရေ။
နော်ဟန် သည် ထိုစကားကို နားထောင်ရင်း ဘုရား၏ကြီးမြတ်ခြင်းကို ပိုမိုနားလည်လာပါတော့တယ်။
💡 သင်ခန်းစာ
လူသည် လေကို မဖန်ဆင်းနိုင်သလို၊ ဘုရား၏တန်ခိုးကိုလည်း မတိုင်းတာနိုင်ပါ။ တစ်ခါတစ်ရံ ဘုရားသည် ကျွန်ုပ်တို့ဘဝတွင် လေပြေညင်းကဲ့သို့ ငြိမ်သက်ခြင်းပေးတော်မူသည်။ တစ်ခါတစ်ရံ မုန်တိုင်းကဲ့သို့ အခက်အခဲများမှတစ်ဆင့်
ကျွန်ုပ် တို့၏နှလုံးသားကို ပြုပြင်သတိပေးတော်မူသည်။ ထို့ကြောင့် ဘုရားကို လိုအပ်ချိန်တွင်သာ ရှာဖွေသူမဖြစ်ဘဲ၊ အမြဲတမ်း ကြောက်ရွံ့ရိုသေ၍ ယုံကြည်နာခံသောသူ ဖြစ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် လေကို အမိန့်ပေးနိုင်သောအရှင်သည် ကျွန်ုပ် တို့ဘဝ၏ မုန်တိုင်းများကိုလည်း ထိန်းချုပ်နိုင်သော ဘုရား ဖြစ်တော်မူသောကြောင့် ဖြစ်သည်။
