သင်ခန်းစာ ( ၁၄ )
မီးအိမ်ပေါင်းများစွာနှင့် နေမင်းတစ်စင်း🌞
တောင်တန်းကြီးတွေရဲ့ အနောက်ဘက်မှာ ရွာလေးတစ်ရွာ ရှိပါတယ်။
အဲဒီရွာဟာ တခြားရွာတွေနဲ့ မတူပါဘူး။
အိမ်တိုင်းမှာ မီးအိမ်တွေ ရှိကြတယ်။
တချို့အိမ်တွေမှာ ရှေးဟောင်းကျောက်မီးအိမ်တွေ ရှိကြတယ်။
တချို့မှာ ရွှေနဲ့အလှဆင်ထားတဲ့ မီးအိမ်တွေ ရှိကြတယ်။
တချို့မှာတော့ ဘိုးဘေးတွေလက်ထက်ကတည်းက လက်ဆင့်ကမ်းလာတဲ့ မီးအိမ်ဟောင်းလေးတွေ ရှိကြပါတယ်။
ရွာသားတွေဟာ နှစ်ပေါင်းများစွာ သူတို့နဲ့အတူ ရှိလာခဲ့တဲ့ ဒီမီးအိမ်တွေကို အလွန်တန်ဖိုးထားကြပါတယ်..
လူတစ်ယောက်က ပြောတယ်။
"ဒီမီးအိမ်က ငါတို့မိသားစုကို
ကာကွယ်ပေးခဲ့တာ။"
နောက်တစ်ယောက်ကလဲ ပြောတယ်။
"ဒီမီးအိမ်သာမရှိရင် ငါတို့ ဘယ်လိုနေမလဲ။"
တစ်ချို့ကတော့...
"ငါ့မီးအိမ်က အကောင်းဆုံးပါပဲ။"
လို့ ပြောကြတယ်။
ဒါပေမဲ့...
ဒီရွာက တစ်ခုတော့ ထူးဆန်းတယ်။
မီးအိမ်တွေရှိနေပေမဲ့ ရွာတစ်ရွာလုံးက ညတိုင်း အမှောင်ကျနေတယ် အလင်းမရှိဘူး။
ဒီအလင်းတွေမရှိနေပေမဲ့လည်….
လူတွေက မီးအိမ်တွေကို ပိုပြီး ဂရုစိုက်လာကြတယ်။
အပြစ်အနာအဆာရှိရင် ပြင်ကြတယ်။
ဖုန်တက်ရင် သုတ်ကြတယ်။
အလှဆင်ကြတယ်။
ဒါပေမဲ့...
ဘယ်သူမှ မေးခွန်းတစ်ခု မမေးကြပါဘူး။
"ဒီမီးအိမ်ထဲမှာက မီး ရှိရဲ့လား…”ဆိုတာပါပဲ
တစ်နေ့မှာ...
ရွာကို မုန်တိုင်းကြီး ဝင်လာခဲ့တယ်။
ကောင်းကင်က မည်းမှောင်သွားတယ်။
လေပြင်းတွေ တိုက်တယ်။
မိုးက သည်းထန်စွာ ရွာတယ်။
အဲဒီညမှာ လူတွေက ပထမဆုံးအကြိမ် ကြောက်လာကြတယ်။
သူတို့တန်ဖိုးထားတဲ့ မီးအိမ်တွေကို ယူပြီး ထွက်လာကြတယ်။
တစ်ယောက်က သူ့မီးအိမ်ကို မြှောက်ပြီး ပြောတယ်။
"ငါ့ကို ကယ်ပါ..."
ဒါပေမဲ့ မီးအိမ်က တိတ်ဆိတ်နေတယ်။
နောက် တစ်ယောက်က မီးအိမ်ကို ပွတ်ပြီး ပြောတယ်။
"နှစ်ပေါင်းများစွာ ငါ မင်းကို ယုံခဲ့တယ်..."
ငါ့ကို ဒီအမှောင်ထဲက ကူညီပါ ဒါပေမဲ့ အမှောင်က မပြောင်းလဲဘူး။
အဲဒီအချိန်မှာ လူတွေဟာ ပထမဆုံးအကြိမ် အသိစိတ်ဝင်လာခဲ့တယ်။
သူတို့မှာ မီးအိမ်တွေ အများကြီး ရှိပေမယ့်...
သူတို့လိုအပ်တဲ့အရာက မီးအိမ် မဟုတ်ဘူးဆိုတာကိုပါပဲ။
မုန်တိုင်းပြီးတဲ့ မနက်မှာတော့...
ရွာအနောက်ဘက်က တောင်ထိပ်ပေါ်မှာ အလင်းရောင်တစ်စင်း ပေါ်လာတယ်။
အဲဒါက နေမင်းကြီး ဖြစ်တယ်။
နှစ်ပေါင်းများစွာ အဲဒီနေမင်းကြီးဟာ သူတို့အပေါ်မှာ ထွန်းလင်းနေခဲ့ပါတယ်။
ဒါပေမဲ့...
သူတို့က မီးအိမ်တွေကိုပဲ ကြည့်နေခဲ့ကြလို့ နေမင်းကို မမြင်ခဲ့ကြဘူး။
နေခြည်က ရွာတစ်ရွာလုံးကို ဖြည်းဖြည်းချင်း လင်းပေးလိုက်တယ်။
လူတွေဟာ ငြိမ်သက်နေကြတယ်။
သူတို့ရဲ့ လက်ထဲမှာ မီးအိမ်တွေ ရှိနေတုန်းပေမဲ့ အဲဒီနေ့မှ သူတို့ သိလာကြတာက
တစ်သက်လုံး သူတို့ စောင့်ရှောက်ခဲ့တာ မီးအိမ် ဖြစ်ပြီး...
သူတို့ တကယ်လိုအပ်ခဲ့တာက အလင်း ဖြစ်တယ်ဆိုတာကိုပါပဲ။
ဒီနေ့လည်း လူများစွာဟာ ယုံကြည်မှုတစ်ခုခုကို ကိုင်ထားကြတယ်။
ဒါပေမဲ့ တစ်ခါတစ်ရံ...
ကိုယ်ကိုးကွယ်နေတဲ့အရာရဲ့ အဓိပ္ပာယ်ကို မသိဘဲ အလေ့အထနဲ့သာ လိုက်နေတတ်ကြတယ်။
အခက်အခဲရောက်တဲ့အခါ မှာလဲ ကိုယ်ယုံကြည်ထားတဲ့အရာထက် တခြားအရာ တွေကိုပါ အားကိုးရှာတတ်ကြပါသေး တယ်။
အဲဒီအခါ မေးရမယ့် မေးခွန်းက
"ငါ ကိုင်ထားတဲ့အရာက ငါ့ကို အမှန်တကယ် ကယ်တင်နိုင်သလား..."
ဆိုတာပါပဲ။ ဒါကြောင့်….
ယေရှုခရစ်တော်က မိန့်တော်မူတယ်။
📖 ကျမ်းပိုဒ်
ရှင်ယောဟန်ခရစ်ဝင်။ 8:12
ယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏အလင်းကိုရလိမ့်မည်ဟု မိန့်တော်မူ၏။
💡 သင်ခန်းစာ
မီးအိမ်များစွာ ရှိခြင်းက အရေးမကြီးပါဘူး။
အရေးကြီးတာက…..
အဲဒီမီးအိမ်ထဲမှာ အလင်း ရှိသလား ဆိုတာပါ။
လူ့အစဉ်အလာ၊ ကိုးကွယ်မှုပုံစံ၊ ကိုယ်တိုင်ကြိုးစားမှုတို့က နှလုံးသားကို အမှန်တကယ် ပြောင်းလဲပြီး ထာဝရအသက်ကို မပေးနိုင်ပါဘူး။
ကျမတို့လိုအပ်တာက မီးအိမ်ကို ကိုင်ထားခြင်း မဟုတ်ဘဲ အမှောင်ကို အနိုင်ယူနိုင်သော စစ်မှန်သော အလင်း ယေရှုခရစ်တော်ကို တွေ့ရှိခြင်း ဖြစ်ပါသည်။
