သခင့်ဆီပြညွှန်သောပုံပြင်လေးများ

LYDIA HAN

သင်ခန်းစာ ( ၁၂ )

🕊ဘေးအိမ်မှ နူးညံ့သောအသံတစ်ခု🕊


တစ်ခါက "နန်းပြည့်" ဆိုတဲ့ မိန်းကလေးတစ်ယောက် ရှိခဲ့တယ်။

သူဟာ အဖွား၊ ညီမလေး၊ ဦးလေး၊ အဒေါ်တွေနဲ့အတူ နွေးထွေးတဲ့ မိသားစုဘဝထဲမှာ ကြီးပြင်းလာခဲ့သူပါ။ 

ငယ်စဉ်ကတည်းက ကိုးကွယ်ရာဘာသာရဲ့ အဆုံးအမတွေကို လိုက်နာခဲ့တယ်။ 

ဘုရားကျောင်းတွေသွားတယ်၊ တရားနာတယ်၊ ရုပ်တုတွေကို ရိုသေလေးစားစွာ ရှိခိုးတယ်။ 

သူ့စိတ်ထဲမှာတော့ "ဒီလိုပဲ ဘုရားကို ကိုးကွယ်ရတာ" လို့ ယုံကြည်ထားခဲ့တယ်။

ဒါပေမဲ့...

သူ မသိသေးတာတစ်ခု ရှိနေခဲ့တယ်။

တစ်နေ့မှာတော့ သူတို့အိမ်ဘေးကို အမတစ်ယောက် ပြောင်းလာခဲ့တယ်။ 

အဲဒီအမက နေ့တိုင်းလိုလို နန်းပြည့်နဲ့ စကားပြောဖြစ်တယ်။ အိမ်နီးချင်းအဖြစ်သာ မဟုတ်ဘဲ စိတ်ရင်းနဲ့ ချစ်ခင်ပြီး တကယ်အရေးကြီးတဲ့ အကြောင်းတစ်ခုကို ဝေမျှပေးခဲ့တယ်။

"အသက်ရှင်တဲ့ ဘုရားအကြောင်း..."

"ယေရှုခရစ်တော်ရဲ့ ကယ်တင်ခြင်းအကြောင်း..."

အစပိုင်းမှာ နန်းပြည့်အတွက် အရာအားလုံးက အသစ်ဖြစ်နေတယ်။

ဒါပေမဲ့ အမက သည်းခံပြီး ကျမ်းစာထဲက အမှန်တရားတွေကို တစ်နေ့ပြီးတစ်နေ့ ရှင်းပြပေးတယ်။

"လူဟာ ငရဲကို ကိုယ်လုပ်တဲ့ ဒုစရိုက်အပြစ်တွေကြောင့်ပဲ သွားရတာ မဟုတ်ဘူး။

အာဒံကနေ ဆင်းသက်လာတဲ့ မွေးရာပါအပြစ်ရှိတဲ့အတွက်ကြောင့် ဘုရားနဲ့ ကွာဝေးနေကြတာပါ။

ဒါကြောင့် လူတိုင်း ကယ်တင်ရှင်ကို လိုအပ်တယ်။"

ပြီးတော့ ယေရှုခရစ်တော်ဟာ လူသားတွေရဲ့ အပြစ်အတွက် ကားတိုင်ပေါ်မှာ အသေခံတော်မူခဲ့ပြီး၊ သင်္ဂြိုဟ်ခံရပြီးနောက် သုံးရက်မြောက်နေ့မှာ အောင်မြင်စွာ ရှင်ပြန်ထမြောက်တော်မူခဲ့ကြောင်းကိုလည်း ဆက်လက်ဝေမျှပေးခဲ့တယ်။

ဒီစကားတွေဟာ နန်းပြည့်ရဲ့ နားထဲကို ဝင်ခဲ့ယုံသာမကနှလုံးသားထဲအထိ တဖြည်းဖြည်း ရောက်လာခဲ့တယ်။

"ငါရှာနေတာ... ဒီအမှန်တရားများလား..."

သူဟာ အသက်ရှင်တဲ့ ဘုရားကို ကိုယ်တိုင် စတင်ရှာဖွေခဲ့တယ်။

နောက်ဆုံးမှာတော့ ယေရှုခရစ်တော်ကို သူ့ရဲ့ ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံခဲ့တယ်။

အဲဒီအချိန်က နန်းပြည့်မှာ ရင်ဘတ်အရေပြားအနာတစ်ခု ရှိနေခဲ့တယ်။ 

ညတိုင်း ယားယံလွန်းလို့ ကောင်းကောင်းအိပ်မရတဲ့ ညတွေ များခဲ့တယ်။

ဒါပေမဲ့ ယုံကြည်ခြင်းနဲ့ ပထမဆုံး ဆုတောင်းခဲ့တဲ့ ညမှာတော့ သူ့စိတ်ထဲမှာ ထူးခြားတဲ့ ငြိမ်သက်ခြင်းတစ်ခု ရလာတယ်။

အဲဒီည...

အရင်လို ယားယံမှုတွေ မနှောင့်ယှက်တော့ဘူး။

အချိန်အတော်ကြာပြီးမှ ပထမဆုံးအကြိမ်အဖြစ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်။

ရက်တွေကြာလာတာနဲ့အမျှ အနာဟာ တဖြည်းဖြည်း သက်သာလာတယ်။ 

နောက်ဆုံးမှာတော့ အမာရွတ်တောင် မကျန်တော့တဲ့အထိ ပြန်ကောင်းလာခဲ့တယ်။

ဒါပေမဲ့ နန်းပြည့်အတွက် အကြီးမားဆုံး အံ့ဖွယ်အမှုက အနာပျောက်သွားတာ မဟုတ်ဘူး။

သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းသွားတဲ့ ဘဝအသစ်ကို ရရှိခဲ့တာပဲ ဖြစ်တယ်။

အရင်က မသိခဲ့တဲ့ အမှန်တရားကို သိလာတယ်။

အရင်က မချဉ်းကပ်ဖူးတဲ့ ဘုရားနဲ့ နီးကပ်လာတယ်။

အရင်က လုပ်နေကျဖြစ်တဲ့ ဘုရားနှစ်သက်တော်မမူတဲ့ အရာတွေကိုလည်း တတ်နိုင်သမျှ ရှောင်ရှားပြီး ဘုရားနှစ်သက်တဲ့ အသက်တာကို လျှောက်လှမ်းဖို့ ကြိုးစားလာတယ်။

ဒီနေ့အထိ သူ့ရဲ့ ယုံကြည်ခြင်းဟာ မပြောင်းလဲသေးဘူး။

တစ်ချိန်က ကယ်တင်ခြင်းသတင်းကို နားထောင်ခဲ့တဲ့သူဟာ...

ဒီနေ့မှာတော့ အဲဒီသတင်းကောင်းကို သူငယ်ချင်းတွေ၊ ပတ်ဝန်းကျင်က လူတွေဆီ ပြန်လည်ဝေမျှပေးနေတဲ့သူ ဖြစ်လာခဲ့ပါပြီ။

 

💡 သင်ခန်းစာ

ဘုရားဟာ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲဖို့ ကြီးမားတဲ့စင်မြင့်တွေ မလိုအပ်ပါဘူး။

တစ်ခါတလေ...

အိမ်ဘေးကို ပြောင်းလာတဲ့ အိမ်နီးချင်းတစ်ယောက်ကိုပဲ အသုံးပြုတတ်ပါတယ်။

သင်က ဝေမျှလိုက်တဲ့ ဧဝံဂေလိစကားတစ်ခွန်းဟာ လူတစ်ယောက်ရဲ့ ထာဝရအသက်တာကို ပြောင်းလဲပေးနိုင်ပါတယ်။

 

 

 

20 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


STORIES POINTING TO JESUS - PART 12

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -