သခင့်ဆီပြညွှန်သောပုံပြင်လေးများ 

LYDIA HAN

သင်ခန်းစာ ( ၁၁ )

🦌 သမင်လေး နဲ့ အသက်စမ်းရေ 🏞

နွေရာသီရဲ့ နေက တောအုပ်ကြီးတစ်ခုလုံးကို ပူလောင်နေ ခဲ့တယ်။

စမ်းချောင်းတွေ ခြောက်သွေ့ကုန်ပြီ။

သစ်ရွက်စိမ်းတွေ ဝါရင့်ကုန်ပြီ။

တောထဲက တိရစ္ဆာန်တိုင်းဟာ ရေတစ်စက်အတွက် အသက်ရှင်ဖို့ ရုန်းကန်နေကြရတယ်။

တောရဲ့ အစွန်မှာတော့ သမင်မကြီးတစ်ကောင်နဲ့ သူ့ရဲ့ သမင်ကလေးတစ်ကောင် နေထိုင်ကြတယ်။

တစ်မနက်မှာ သမင်မကြီးက သားလေးရဲ့ ခေါင်းကို နူးနူးညံ့ညံ့ လျှာနဲ့သပ်ပေးရင်း ပြောတယ်။

"သားလေး... ရေငတ်လာရင် အလျင်စလို မပြေးနဲ့။ တောထဲမှာ ရေလိုထင်ရတဲ့အရာတွေ အများကြီးရှိတယ်။ တကယ့်စမ်းရေကို သိတဲ့ သိုးထိန်းကြီးကို တွေ့ရင် သူ့နောက်ကိုသာ လိုက်ပါ။"

သမင်ကလေးက ခေါင်းညိတ်လိုက်ပေမယ့် စိတ်ထဲမှာတော့...

"ငါလည်း ကြီးလာပြီပဲ။ ရေလေးရှာတာ ဘာခက်လို့လဲ..."

ရက်အနည်းငယ်ကြာတော့ ရေငတ်လာတယ်။

အမေ အစာရှာထွက်သွားချိန်မှာ သမင်ကလေးက တစ်ကောင်တည်း ထွက်လာခဲ့တယ်။

လမ်းမှာ လေတိုက်သံကြားလိုက်တိုင်း ရေစီးသံထင်ပြီး ပြေးလိုက်တယ်။

နေရောင်အောက်မှာ တလက်လက်တောက်နေတဲ့ သဲပြင်ကို မြင်တော့ ရေကန်ထင်ပြီး အားကုန်ပြေးသွားတယ်။

ရောက်မှ သိလိုက်ရတာ...

ရေမဟုတ်ဘူး။

နေပူကြောင့် မြင်ရတဲ့ အရိပ်ယောင်ပဲ။

"နောက်တစ်နေရာမှာတော့ ရှိမှာပါ..."

လို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ရင်း ထပ်လျှောက်တယ်။

ခြေထောက်ကို ဆူးတွေစူးတယ်။ 

ကျောက်တုံးတွေကြား ချော်ကျတယ်။ 

ဒါပေမယ့် ရေတော့ မတွေ့ဘူး။

ညနေစောင်းလာတော့ အားလည်း ကုန်ပြီ။ 

ရေငတ်လည်း ပိုလာပြီ။

အဲဒီအချိန်မှာ အဝေးက စမ်းရေစီးသံလိုလို ကြားလိုက်ရတယ်။

"ဒီတစ်ခါတော့ သေချာပေါက် ရေရှိတယ်!"

သမင်ကလေးက ကျန်တဲ့အားလုံးကို စုပြီး အသံကြားရာကို အပြေးသွားတယ်။

ရုတ်တရက်...

"ဖျတ်!"

ခြေထောက်တစ်ဖက်က ကြိုးကွင်းထဲ စွပ်မိသွားတယ်။

ခန္ဓာကိုယ်တစ်ခုလုံး မြေပေါ်ကို လဲကျသွားတယ်။

ရုန်းလိုက်တိုင်း ကြိုးက ပိုတင်းလာတယ်။

သွေးတွေ စိမ့်ထွက်လာတယ်။

နေရောင်က တဖြည်းဖြည်း ပျောက်သွားပြီး တောကြီးက မှောင်လာတယ်။

အဝေးမှာ ဝံပုလွေတွေရဲ့ အူသံတွေ ကြားလာရတယ်။

"သူ့ခေါင်းက ဖြည်းဖြည်းချင်း ငုံ့ကျသွားပါတော့တယ်။"

"သူ့အသက်ရှူသံက တဖြည်းဖြည်း အားနည်းလာတယ်။"

"အမေပြောခဲ့တဲ့ စကားတွေက နားထဲမှာ တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်ကြားနေရတယ်။"

"သူ့နှလုံးသားထဲမှာ နောင်တတစ်ခုတည်းသာ ကျန်တော့တယ်။"

"သူ ပထမဆုံးအကြိမ် သူ့ကိုယ်သူ အားကိုးလို့ မရတော့ဘူးဆိုတာ နားလည်သွားတယ်။"

"သူ မျက်လုံးကိုမှိတ်လိုက်တယ်။ ဒီလိုပဲ အဆုံးသတ်တော့မယ်လို့ ထင်ခဲ့တယ်။"

"အသံထွက်အော်ဖို့တောင် အားမကျန်တော့ဘူး။"

"တိတ်တိတ်လေး ခေါင်းငုံ့ပြီး စောင့်နေမိတယ်။”

အဲဒီအချိန်မှာ...

ခြေသံတစ်သံ နီးလာတယ်။

သမင်လေးက ထိတ်လန့်သွားတယ်။

"ဒီတစ်ခါတော့ မုဆိုးရောက်လာပြီ..."

ဒါပေမယ့် ရောက်လာတဲ့သူက မုဆိုးမဟုတ်ဘူး။

တောထဲက သိုးထိန်းတစ်ယောက်ပါ။

သူက သမင်လေးကို ကြည့်ပြီး သနားစိတ်နဲ့ ပြုံးတယ်။ 

သူဟာ ကြိုးကို အရင်မဖြတ်သေးဘူး။

သမင်ကလေး ကြောက်မသွားအောင် ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးတယ်။

"မကြောက်နဲ့... ငါရောက်လာပြီ။"

အဲဒီနောက် ကြိုးကို ဖြတ်ပေးတယ်။

ဒဏ်ရာကို ဆေးထည့်ပေးတယ်။

ရေဘူးထဲက ရေကို လက်ဖဝါးထဲ လောင်းထည့်ပြီး တိုက်တယ်။

သမင်ကလေးက ရေကို သောက်ရင်း အသက်ပြန်ဝင်လာတယ်။

ဒါပေမယ့် လမ်းမလျှောက်နိုင်တော့ဘူး။

"သိုးထိန်းကြီးက သမင်လေးကို ဘာမှမပြောတော့ဘဲ။

စမ်းရေရှိတဲ့နေရာအထိ ပွေ့ချီထားခဲ့တယ်။

အဲဒီအချိန်မှာ သမင်လေး နားလည်သွားတယ်။

အသက်ကို ကယ်တင်ခဲ့တာ စမ်းရေ မဟုတ်ဘူး... စမ်းရေဆီ အရောက်ခေါ်သွားတဲ့ လက်တစ်စုံပဲ။”

 

💡 သင်ခန်းစာ

ကျွန်ုပ်တို့လည်း ဘဝမှာ ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ပြည့်စုံမှုကို နေရာအမျိုးမျိုးမှာ ရှာဖွေတတ်ကြပါတယ်။

ဒါပေမယ့် မျှော်လင့်ထားတဲ့အရာတွေက မကြာခဏ အရိပ်ယောင်သာ ဖြစ်နေတတ်ပါတယ်။

အပြစ်တရားရဲ့ ထောင်ချောက်ထဲ ကျသွားတဲ့အခါလည်း ကိုယ့်အားနဲ့ ရုန်းထွက်ဖို့ မစွမ်းနိုင်တော့ပါဘူး။

ဒါပေမယ့် ယေရှုခရစ်တော်က ကျွန်ုပ်တို့ကို စွန့်ပစ်မထားခဲ့ပါဘူး။

ကိုယ်တော်သည် ပျောက်ဆုံးသောသူကို ရှာဖွေကယ်တင်ရန် ကြွလာခဲ့ပြီး၊ ကားတိုင်ပေါ်တွင် အသက်ပေးခြင်းအားဖြင့် အပြစ်၏ ကြိုးချည်နှောင်မှုမှ လွတ်မြောက်စေခဲ့တယ်။

ကိုယ်တော်တစ်ပါးတည်းသာ ကျွန်ုပ်တို့၏ ဝိညာဉ်ကို အမှန်တကယ် အသက်ရှင်စေသော "အသက်ရေ" ဖြစ်တော်မူသည်။

 

📖 ကျမ်းပိုဒ်

ဆာလံကျမ်း  42:1 

သမင် ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တသကဲ့သို့၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား။

 

 

 

33 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


STORIES POINTING TO JESUS - PART 11

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -