သခင့်ဆီပြညွှန်သောပုံပြင်လေးများ

LYDIA HAN

သင်ခန်းစာ ( ၉ )

🍃 နွေရာသီ နှင့် ပုရွတ်ဆိတ် 🐜

ကဲ….ဒီနေ့တော့ အရမ်းလှပတဲ့ နွေရာသီလေးရှီ အတူသွားကြပါစို့။

နွေရာသီ၏ နေရော​င်ခြည်သည် မြေကြီးကိုနွေး ထွေးစွာ အလင်းပေးနေသည်။

လယ်ကွင်းတစ်ခု၏ အစွန်မှာလဲ ပုရွတ်ဆိတ်လေးများသည် တိတ်တဆိတ် အလုပ်များနေကြသည်။

အချို့က ဂျုံစေ့လေးများကို သယ်ကြသည်။

အချို့က မြက်စေ့များကို စုကြသည်။

အချို့ကတော့ အစာများကို အသိုက်အတွင်း စနစ်တကျ စီထားကြသည်။

မည်သူကမှ အမိန့်မပေး။

မည်သူကမှ စောင့်ကြည့်မနေ။

မည်သူကမှ ဆုမပေး။

သို့သော် သူတို့သည် အချိန်မဖြုန်းကြ။

တစ်နေ့တွင် လိပ်ပြာတစ်ကောင်က ပျံသန်းလာပြီး မေးသည်။

"နွေရာသီက အခုမှ စတာပဲ။ ဒီလောက်အထိ အလုပ်များနေဖို့ လိုသေးလို့လား။"

ပုရွတ်ဆိတ်တစ်ကောင်က လိပ်ပြာကို ပြုံးသလိုဖြင့် ပြန်ကြည့်ပြီး အစာတွေကိုသာ ဆက်ပြီးသယ်ဆောင် သွားသည်။

ခဏအကြာတွင် နှံကောင်တစ်ကောင် ရောက်လာပြန်သည်။

"အခုလည်း အစာပေါတယ်။ မနက်ဖြန်လည်း ရှာလို့ရမှာပဲ။ ဒီနေ့တော့ နားလိုက်ပါဦး။"

သူ့စကားကို​ ပုရွတ်ဆိတ်များက မတုံ့ပြန်ကြပါ။

သူတို့ သိထားသည့်အရာတစ်ခုသာ ရှိသည်။

"နွေရာသီ ၏ ကာလသည် အမြဲမတည်မြဲ။"

အချိန်ရှိစဉ် မပြင်ဆင်လျှင်၊ အချိန်ကုန်သွားသောအခါ နောင်တရရုံသာ ကျန်မည်။

ထို့ကြောင့် သူတို့သည် နေပူခြင်းကို မကြောက်ကြ။

ပင်ပန်းခြင်းကို မငြီးငွေ့ကြ။

လူမမြင်သော နေရာ၌ပင် သစ္စာရှိစွာ အလုပ်လုပ်ကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ယနေ့၏ သက်သာခြင်းထက် မနက်ဖြန်၏ လုံခြုံခြင်းကို 

ပိုတန်ဖိုးထားသောကြောင့် ဖြစ်သည်။

ပုရွတ်ဆိတ်လေးများကို ကြည့်ရင်း ကျွန်ုပ်တို့၏ ဘဝကို ပြန်စဉ်းစားမိသည်။

လူတို့သည် အိမ်ဆောက်ရန် ပြင်ဆင်ကြသည်။

ပညာသင်ရန် ပြင်ဆင်ကြသည်။

အလုပ်အတွက် ပြင်ဆင်ကြသည်။

အနာဂတ်အတွက် ငွေစုကြသည်။

သို့သော်...

ထာဝရအသက်အတွက် 

ပြင်ဆင်ထားပြီးသားသူ မည်မျှရှိသနည်း။

မိုးမရွာခင် အမိုးကို ပြင်တတ်ကြသည်။

ခရီးမထွက်ခင် အိတ်ကို ပြင်တတ်ကြသည်။

စာမေးပွဲမတိုင်ခင် စာကျက်တတ်ကြသည်။

ဒါပေမယ့် ဘုရားရှေ့ ရပ်ရမယ့် နေ့အတွက်တော့ လူများစွာ မပြင်ဆင်ထားကြသေးပါ။

ပုရွတ်ဆိတ်သည် ဆောင်းရာသီမရောက်မီ ပြင်ဆင်တတ်သည်။

လူသားသည်လည်း ထာဝရကာလ မရောက်မီ ပြင်ဆင်ရမည်။

ဘုရားသခင်ကလည်း ကျွန်ုပ်တို့ကို ထာဝရကာလ မရောက်မီ အဆင်သင့်ဖြစ်စေလိုတော်မူသည်။

ဒါကြောင့်

အချိန်ရှိနေသေးစဉ်...

တံခါးဖွင့်နေသေးစဉ်...

ကျေးဇူးတော်ကို လက်ခံနိုင်သေးစဉ်...

သခင်ယေရှုထံသို့ လာကြပါစို့။

 

💡 သင်ခန်းစာ

ပုရွတ်ဆိတ်သည် ဆရာမရှိ၊ အုပ်ချုပ်သူမရှိသော်လည်း အချိန်ကို နားလည်ပြီး ကြိုတင်ပြင်ဆင်တတ်သည်။ 

ကျွန်ုပ်တို့သည် ပို၍ပင် ဉာဏ်ပညာရှိသော လူသားများဖြစ်လျက်၊ ထာဝရအသက်အတွက် မပြင်ဆင်ဘဲ "အချိန်တွေကို ရွှေ့ဆိုင်းနေမည်ဆိုလျှင် အလွန်ဝမ်းနည်းဖွယ် ဖြစ်သည်။

ယနေ့သည် ဘုရားသခင်ထံ ပြန်လာရမည့် အချိန်ဖြစ်သည်။ 

 

📖 ကျမ်းပိုဒ် 

သုတ္တံကျမ်း။  6:6-9 

 အချင်းလူပျင်း၊ ပုရွက်ဆိတ်ထံသို့သွား၍၊ သူ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။

ပုရွတ်ဆိတ်သည်ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိ စားစရာအစာကို ရှာဖွေသိုထားတတ်၏။

အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း။ အဘယ်သော အခါနိုးလိမ့်မည် နည်း။

 

 

 

32 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


STORIES POINTING TO JESUS - PART 9

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -