သခင့်ဆီပြညွှန်သောပုံပြင်လေးများ 

LYDIA HAN

သင်ခန်းစာ ( ၈ )

🚪မပိတ်သေးသော တံခါး🚪

ညတစ်ညတွင် လူငယ်လေးတစ်ယောက်သည် မထင်မှတ်သော အိပ်မက်တစ်ခုကို မြင်မက်ခဲ့သည်။

သူရောက်နေသောနေရာသည် အလွန်တိတ်ဆိတ်ပြီးကြောက်မက်ဖွယ် ကောင်းသော နေရာတစ်ခုဖြစ်သည်။ 

လေတိုက်သံပင် မကြားရ၊ လူသံလည်း မရှိ။ 

တိတ်ဆိတ်လွန်းသည့်အတွက် သူ့နှလုံးခုန်သံကိုပင် ကြားနေရသည်။

သူ့ရှေ့တွင် တံခါးနှစ်ပေါက် ရှိနေသည်။

တစ်ပေါက်မှာ အလင်းရောင်နှင့် ပြည့်ဝပြီး ငြိမ်သက်ခြင်း၊ မျှော်လင့်ခြင်းတို့ကို ပေးစွမ်းနေသည်။

အခြားတစ်ပေါက်မှာတော့ မှောင်မိုက်၍ အေးစက်လျက်၊ မျှော်လင့်ချက်ကင်းမဲ့သည့် အသွင်ရှိသည်။

ထိုအချိန်တွင် အသံတစ်သံထွက်ပေါ်လာသည်။

"မင်းဘဝတစ်လျှောက် ရွေးချယ်ခဲ့တဲ့အရာတွေက ဒီတံခါးကို ဆုံးဖြတ်ထားပြီးသားပဲ..."

လူငယ်လေးသည် တုန်လှုပ်သွားပြီး မေးလိုက်သည်။

"အခုမှ ရွေးချယ်လို့ မရတော့ဘူးလား..."

အသံက တည်ငြိမ်စွာ ပြန်ဖြေသည်။

"အသက်ရှင်နေစဉ်မှာသာ ရွေးချယ်ခွင့်ရှိတယ်။ သေပြီးနောက်မှာတော့ နောင်တရုံနဲ့ ပြန်ပြောင်းလို့ မရတော့ဘူး..."

ထိုစကားကို ကြားသည်နှင့် သူ့ဘဝတစ်ခုလုံးကို ပြန်မြင်လာသည်။

ဘုရားကို နောက်မှရှာမယ်...

တရားကို နောက်မှ နားထောင်မယ်...

နောင်တကို နောက်မှရမယ်...

"အချိန်ရှိသေးတယ်" ဟု အမြဲပြောခဲ့သော နေ့ရက်များကို သူပြန်သတိရလာသည်။

ဒါပေမယ့် "နောက်မှ" ဟူသော စကားသည် "အခု မရတော့ဘူး" ဆိုသော အချိန်သို့ ရောက်လာခဲ့ပြီ။

ထိုအခါ အသံက ထပ်ပြောသည်။

"လူတစ်ယောက် ယုံကြည်ရာက သူ့ရဲ့  ထာဝရခရီးဆုံးကို ဆုံးဖြတ်တတ်တယ်။

အိမ်ထောင်ဖက်ကို မှားရွေးရင် ဘဝတစ်လျှောက်အကျိုးသက်ရောက်နိုင်တယ်။

အလုပ်ကို မှားရွေးရင် နှစ်များစွာ နောင်တရနိုင်တယ်။

စကားတစ်ခွန်း မှားပြောရင် ဆက်ဆံရေးတစ်ခု ပျက်စီးနိုင်တယ်။

ဒါဆို... ထာဝရအသက်နဲ့ ဆိုင်တဲ့ ရွေးချယ်မှုကို မှားမိရင် ဘယ်လောက်ကြီးမားတဲ့ အကျိုးဆက် ရှိမလဲ..."

လူငယ်လေးသည် စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။

မျက်ရည်များသာ စီးကျလာသည်။

"ငါ... အချိန်ရှိတုန်း မရွေးချယ်ခဲ့တာပဲ..."

ထိုအချိန်တွင် အလင်းရောင်ထဲမှ လူတစ်ယောက် လျှောက်လာသည်။

သူ့မျက်နှာတွင် အပြစ်တင်ခြင်းမရှိ။

အမျက်ဒေါသလည်း မရှိ။

မေတ္တာ၊ ငြိမ်သက်ခြင်းနှင့် မျှော်လင့်ခြင်းသာ ရှိသည်။

ထိုသူမှာ ယေရှုခရစ်တော်ဖြစ်သည်။

ကိုယ်တော်က နူးညံ့စွာ မိန့်တော်မူသည်။

ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ 

သမ္မာတရားကိုလည်းဖြစ်၏။ 

အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ 

မပြုလျှင် အဘယ်သူမျှ 

ခမည်းတော်ထံသို့မရောက်ရ။

(ရှင်ယောဟန် ၁၄:၆)

လူငယ်လေးက မျက်ရည်များဖြင့် မေးလိုက်သည်။

"သခင်... အခုမှ ယုံကြည်ချင်ပါတယ်…နောက်ကျသွားပြီလား..."

ယေရှုက ဝမ်းနည်းသော မျက်လုံးဖြင့် ကြည့်ပြီး မိန့်တော်မူသည်။

" နှစ်သက်ဖွယ်သောအချိန်၌ သင်၏စကားကို ငါနားထောင်ပြီး။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန် ရှိ၏။ 

ယခုပင်ကယ်တင်ရာ နေ့ရက်ကာလရှိ၏။ " (၂ ကောရိန္သု ၆:၂)

ထို့နောက် ကိုယ်တော်က ဆက်လက်မိန့်တော်မူသည်။

"ငါသည် သင့်အတွက် ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီးသား။အပြစ်သားတွေ ပြန်လာနိုင်ဖို့ လမ်းကို ဖွင့်ထားပြီးသား။

ဒါပေမယ့် အဲဒီလမ်းကို လျှောက်မလားဆိုတာကတော့ သင်ကိုယ်တိုင် ရွေးချယ်ရမယ့်အရာပဲ..."

လူငယ်လေးသည် တံခါးနှစ်ပေါက်ကို ထပ်ကြည့်လိုက်သည်။

အလင်းတံခါးမှတစ်ဆင့် ယေရှုကို ယုံကြည်သောသူများသည် ဝမ်းမြောက်စွာ ဝင်သွားကြသည်။

မှောင်မိုက်သော တံခါးဆီသို့တော့ အလင်းကို ငြင်းပယ်ခဲ့သူများသည် ဝမ်းနည်းစွာ လျှောက်သွားကြသည်။

ယေရှုက နောက်ဆုံးအကြိမ် မိန့်တော်မူသည်။

"ငါ့ထံသို့လာသောသူကို ငါသည် အလျင်မပယ်။" (ရှင်ယောဟန် ၆:၃၇)

ထိုစကားကို ကြားနေစဉ်မှာပင် အိပ်မက်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

လူငယ်လေးသည် မျက်ရည်များဖြင့် အော်ခေါ်လိုက်သည်။

"သခင်... ကျွန်တော် ပြန်လာချင်ပါတယ်..."

ရုတ်တရက် သူ အိပ်ရာမှ နိုးလာသည်။

အသက်ရှူသံ မြန်နေသည်။

နှလုံးခုန်သံ ပြင်းနေသည်။

ဒါပေမယ့်...

သူ အသက်ရှင်နေသေးသည်။

တံခါး မပိတ်သေးပါ။

အခွင့်အရေး မဆုံးသေးပါ။

သူနောက်ဆုံး ကြားလိုက်ရသော 

အသံကတော့...

"အချိန်ရှိတုန်း... ငါ့ထံသို့ လာလော့…”


💡 သင်ခန်းစာ

ဘုရားသခင်က လူတိုင်းကို ကယ်တင်ခြင်းအတွက် ဖိတ်ခေါ်နေပါသည်။ 

သို့သော် ထိုဖိတ်ခေါ်မှုကို လက်ခံမလား၊ 

ငြင်းပယ်မလားဆိုသည်မှာ လူတစ်ဦးချင်းစီ၏ ရွေးချယ်မှုဖြစ်သည်။

"နောက်မှ" ဟူသော စကားသည် စာတန်အများဆုံး အသုံးပြုသော လှည့်ဖြားမှုများထဲမှ တစ်ခုဖြစ်သည်။ 

အနာဂတ်ကို မည်သူမျှ အာမမခံနိုင်ပါ။

ယေရှုခရစ်တော်သည် ကားတိုင်ပေါ်တွင် အသေခံခြင်းအားဖြင့် ကယ်တင်ခြင်းလမ်းကို ဖွင့်ပေးပြီးဖြစ်သည်။

ယုံကြည်ခြင်းဖြင့် ယနေ့ 

ကိုယ်တော်ထံ လာသူကို ကိုယ်တော် ဘယ်သောအခါမျှ မပယ်ရှားပါ။

တံခါးမပိတ်ခင် ယေရှုကို ရွေးချယ်ပါ။ 

အဘယ်ကြောင့်ဆိုသော် ယနေ့သည် ကယ်တင်ခြင်းရသောနေ့ ဖြစ်သောကြောင့်ဖြစ်သည်။



 

 

49 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


STORIES POINTING TO JESUS - PART 8

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -