သခင့်ဆီပြညွှန်သောပုံပြင်လေးများ

LYDIA HAN

သင်ခန်းစာ ( ၇ )

🌧 မိုးကိုမစောင့်တဲ့ အဘိုးအို👴

ရွာငယ်လေးတစ်ရွာမှာ နွေရာသီရဲ့အပူက တိတ်တဆိတ်ပြင်းထန်နေခဲ့ပါတယ်။

မိုးတစ်စက်မှ မကျတာကြာပြီ။ မြေက ခြောက်သွေ့ပြီး ဖုန်မှုန့်တွေက လေတိုက်တိုင်း လှုပ်ရှားနေတယ်။

အဲဒီရွာထဲမှာ အဘိုးအိုတစ်ယောက်ရှိတယ်။ 

သူ့နာမည်က ဦးသာအေး။

သူ့လက်ထဲမှာ ပျိုးစေ့အိတ်လေးတစ်အိတ်ကို ကိုင်ထားတယ်။

တစ်နေ့မှာ သူက လယ်ကွင်းထဲကို တိတ်တဆိတ်ထွက်လာတယ်။ 

မိုးမရွာသေးဘူး။ မြေကလည်း ခြောက်နေတယ်။

ရွာသားတွေက သူ့ကိုမြင်တော့ အံ့သြကြတယ်။

အဘိုးကြီး မိုးမရွာသေးဘူး၊ 

ဘာလို့ပျိုးစေ့ချနေတာလဲ? 

အခုချရင် ဘာမှမဖြစ်ဘူးနော်

အချို့ကတော့ လှောင်ပြောင်တယ်။ သူကအချည်းနှီးလုပ်နေတာပဲ။ 

ဒီမြေက ဘာမှမပေါက်နိုင်ဘူးလို့ သူတို့ကပြောနေကြပေမဲ့ ဦးသာအေးကတော့ မကြားသလိုပဲ  ဟန်ဆောင်ကာ  လက်ထဲက ပျိုးစေ့တွေကို မြေထဲဖြန့်ကြဲနေခဲ့တယ် 

တစ်စေ့ပြီးတစ်စေ့ပေါ့။

မျှော်လင့်ချက်ရှိစွာနဲ့သူပြောတာတစ်ခုပဲရှိတယ်

“မိုးမရွာသေးတာနဲ့ မြေကသေသွားတာမဟုတ်ဘူး”တဲ့

ရက်တွေက လွန်သွားပြီးတဲ့နောက် မိုးကလည်း မလာသေးပါဘူး။

 လူတွေကလည်း အဘိုးအိုကို မေ့နေကြပြီ။ 

သူ့ရဲ့ပျိုးစေ့တွေကျဲထားတာကိုလည်း ဘယ်သူမှသတိမထားမိတော့ဘူး။

ဒါပေမယ့် တစ်ည ကောင်းကင်က မိုးတိမ်တွေစုလာတယ်။ မိုးစတင်ရွာလာတယ်။ 

ပထမတော့ နည်းနည်း၊ နောက်တော့ ပြင်းပြင်းထန်ထန်ပေါ့။

ရွာသားတွေက  အိမ်ထဲကနေကြည့်နေခဲ့ကြတယ်။

ဦးသာအေး ရဲ့လယ်ကွင်းထဲက အစိမ်းရောင်အပင်တွေ ပေါ်ထွက်လာတဲ့အခါမှာတော့ ရွာသားတွေဟာ  တိတ်ဆိတ်သွားကြတယ်။ 

အရင်ကသူ့ကိုလှောင်ပြောင်ခဲ့တဲ့သူတွေတောင် စကားမပြောနိုင်တော့ပါဘူး။ 

ဒီအချိန်မှာ အံ့သြသွားတဲ့ရွာသားတစ်ယောက်က ပြောတယ်။

မိုးမရွာခင်မှာ ပျိုးစေ့မကြဲသင့်ဘူးလို့ သူတို့ထင်ခဲ့တယ်။
 
ဒါပေမယ့် အခုတော့ မိုးမရွာခင်မှာ စိုက်ထားတဲ့အရာတွေကပဲ အသက်ရှင်​ ပေါ်ထွက်လာခဲ့တယ်။

ဦးသာအေးကတော့ တိတ်တဆိတ်ပြုံးပြီးပြောလိုက်တယ် 

“ငါစိုက်တာက ပျိုးစေ့မဟုတ်ဘူး ယုံကြည်ခြင်းပဲ”  လို့ပြောခဲ့တယ်။

ထိုအခါရွာသားတွေသဘောပေါက်သွားတယ်။

အချိန်မတန်သေးတာနဲ့မလုပ်သင့်တာမဟုတ်ဘူး ယုံကြည်မှုမရှိတာကသာ အခက်အခဲအကြီးဆုံးဆိုတာကိုနားလည်သွားကြတယ်။

အဘိုးအိုကလည်းအပင်တွေကြားထဲလျှောက်ပြီး စကားတစ်ခုထပ်ပြောခဲ့တယ်

အချိန်က ဘုရားလက်ထဲမှာရှိတယ် 

ငါတို့လက်ထဲမှာမဟုတ်ဘူး။ 

ငါတို့တာဝန်က စိုက်ဖို့ပဲ။ ပေါက်မပေါက်တာက သူ့အချိန်နဲ့သူပဲ။

အဲဒီစကားကိုကြားတဲ့ရွာသားတစ်ယောက်က တိတ်တဆိတ်ပြောတယ်

“ငါတို့က မိုးကိုစောင့်ပြီးမှ စတင်ဖို့ပဲ သိခဲ့တယ် 

ဒါပေမယ့် သူကတော့ မိုးမလာခင်တောင် 

ယုံကြည်ချက်နဲ့စခဲ့တာပဲ”

အဲဒီနေ့ကစပြီး ရွာထဲမှာအမြင်တစ်ခုပြောင်းသွားတယ်။

မမြင်ရသေးတဲ့အချိန်မှာတောင် စတင်ရဲတဲ့သူကပဲ အသီးအပွင့်ကို မြင်နိုင်တယ်ဆိုတာကို သူတို့သိရှိလာခဲ့ကြတယ်။

 

💡 သင်ခန်းစာ

ဘဝမှာလည်း အခြေအနေကောင်းမှ စမယ်လို့ စောင့်နေရင်အချိန်တွေကသာ ကုန်သွားတတ်တယ်။

ဒါပေမယ့် ယုံကြည်ခြင်းဆိုတာက မမြင်ရသေးတဲ့အချိန်မှာတောင် စတင်ရဲခြင်းဖြစ်တယ်။

ဘုရားသခင်က ကျွန်တော်တို့ကို အခြေအနေကောင်းမှ မစောင့်ဘဲ ယုံကြည်ခြင်းနဲ့ စတင်ဖို့ခေါ်နေတယ်။ 

အကြောင်းက သူ့အချိန်ဟာ အမြဲတိကျပါတယ်။

 

📖 ကျမ်းပိုဒ်

ဟေဗြဲဩဝါဒစာ။  11:1

 ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြု ခြင်းဖြစ်၏။

 မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။

 

 

 

26 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


STORIES POINTING TO JESUS - PART 7

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -