သင်ခန်းစာ ( ၆ )
✝ မဖိတ်ခေါ်ခံရသောသူ✝
မိုးအေးအေးကျနေတဲ့ ညနေတစ်ခုမှာ မိန်းကလေးတစ်ယောက် ပန်းခြံခုံလေးပေါ်မှာ တိတ်တိတ်လေး ထိုင်နေတယ်။
သူ့လက်ထဲမှာ ဖုန်းတစ်လုံးရှိပေမယ့် ဘယ်သူမှ မက်ဆေ့ချ်မပို့ဘူး။
သူ့မွေးနေ့ဆိုတာလည်း ဘယ်သူမှ မမှတ်မိဘူး။
သူနေမကောင်းတဲ့နေ့မှာ
"နေကောင်းရဲ့လား" လို့ မေးမယ့်သူ မရှိဘူး။
သူပျော်နေတဲ့အချိန်ကို ဝမ်းသာပေးမယ့်သူ မရှိသလို၊ သူငိုနေတဲ့အချိန်မှာလည်း မျက်ရည်ကို သုတ်ပေးမယ့်သူ မရှိဘူး။
သူ့ဘဝက လူတွေအလယ်မှာ ရှိနေပေမယ့် ဘယ်သူ့နှလုံးသားထဲမှာမှ မရှိသလို ခံစားရတယ်။
တစ်ခါတလေ သူ့ကိုယ်သူ မေးတယ်။
"ငါ့ကို တကယ်လိုအပ်တဲ့သူ တစ်ယောက်လောက်တောင် မရှိဘူးလား..."
"ငါက ချစ်ဖို့ မထိုက်တန်တဲ့သူလား..."
သူက အချစ်ကို နေရာတိုင်းမှာ ရှာခဲ့တယ်။
လူတွေဆီမှာ ရှာတယ်။
ငွေထဲမှာ ရှာတယ်။
အောင်မြင်မှုထဲမှာ ရှာတယ်။
အချစ်ရေးတစ်ခုပြီး တစ်ခုမှာ ရှာတယ်။
ဒါပေမယ့် ရလိုက်တဲ့ အချစ်တွေက အခြေအနေရှိမှ ရှိတယ်။ အကျိုးရှိမှ ရှိတယ်။
စိတ်ကြိုက်မဖြစ်တဲ့နေ့ ရုတ်တရက် ပျောက်ကွယ်သွားတယ်။
အဲဒီလိုနဲ့ သူက "ငါ့ကို ဘယ်သူမှ အဆုံးတိုင် မချစ်နိုင်ဘူး" လို့ ယုံကြည်လာခဲ့တယ်။
တစ်နေ့မှာတော့ မိုးရွာနေတဲ့ အတွက်ကြောင့် လမ်းဘေးအနီးမှာရှိတဲ့ဘုရားကျောင်းလေးထဲ ကို မိုးခိုဖို့ ဝင်လိုက်တယ်။
အထဲမှာ လူမရှိသလောက် တိတ်ဆိတ်နေတယ်။
နံရံပေါ်က ကားတိုင်ကို သူငေးကြည့်နေမိတယ်။
အဲဒီအချိန်မှာ သင်းအုပ်ဆရာတစ်ယောက် ပြောနေတဲ့ စကားတစ်ခွန်းကို ကြားလိုက်တယ်။
"လူတွေက 'မင်းကို မချစ်ထိုက်ဘူး' လို့ ပြောနိုင်တယ်။ ဒါပေမယ့် ကားတိုင်ကတော့ 'မင်း အပြစ်သားဖြစ်နေစဉ်မှာတောင် ငါ
မင်းကို ချစ်ခဲ့တယ်' လို့ ပြောနေပါတယ်။”
အဲဒီစကားက သူ့နှလုံးသားကို တိတ်တိတ်လေး ထိုးဝင်သွားတယ်။
သူ မျက်ရည်ကျလာတယ်။
သူ ရှာနေခဲ့တဲ့ အချစ်က လူတွေဆီမှာ မရှိခဲ့ဘူး။
အရင်ကတည်းက ကားတိုင်ပေါ်မှာ စောင့်နေခဲ့တာပဲ။
လူတွေက "မင်း မတန်ဘူး" လို့ ပြောခဲ့ပေမယ့် ယေရှုက "သင့်အတွက် ငါ့အသက်ကိုတောင် ပေးခဲ့တယ်" လို့ ပြောတော်မူခဲ့တယ်။
လူတွေက သူ့ကို မဖိတ်ခေါ်ခဲ့ပေမယ့်
ယေရှုက...
"ပင်ပန်း၍ ဝန်လေးသောသူအပေါင်းတို့၊
ငါ့ထံသို့ လာကြလော့" လို့
ဖိတ်ခေါ်တော်မူခဲ့တယ်။
အဲဒီနေ့မှာ ဘာမှ မပြောင်းလဲသေးပါဘူး။
သူ့ဖုန်းထဲမှာ မက်ဆေ့ချ်တွေ မဝင်လာသေးဘူး။
သူ့ကို ရုတ်တရက် လာချစ်တဲ့သူတွေလည်း မရှိသေးဘူး။
ဒါပေမယ့် သူ့နှလုံးသားထဲမှာတော့ အရာတစ်ခု ပြောင်းလဲသွားတယ်။
"ငါဟာ အချစ်ကံနည်းတဲ့သူ မဟုတ်ဘူး...
လူတွေ မပေးနိုင်တဲ့ အကြီးမားဆုံး မေတ္တာကို ရထားတဲ့သူပဲ..."
အဲဒီအချိန်ကစပြီး သူက တစ်ယောက်တည်း မဟုတ်တော့ဘူး။
အကြောင်းကတော့ ယေရှုခရစ်တော်က သူနဲ့အတူ လျှောက်လှမ်းနေပြီ ဖြစ်လို့ပဲ။
💡 သင်ခန်းစာ
တစ်ခါတလေ လူတွေဆီက မေတ္တာမရလို့ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူးလို့ ထင်မိတတ်ပါတယ်။
ဒါပေမယ့် ကျမတို့ရဲ့ တန်ဖိုးကို လူတွေရဲ့ လက်ခံမှုက မဆုံးဖြတ်ပါဘူး။
ကားတိုင်က ကျမတို့ကို တစ်ခုတည်းသော အမှန်တရားကို ပြောနေပါတယ်
"သင်သည် ချစ်ခြင်းခံထိုက်သောသူဖြစ်သောကြောင့် မဟုတ်ဘဲ၊ ဘုရားသခင်သည် သင့်ကို ချစ်တော်မူသောကြောင့် ယေရှုခရစ်တော်သည် သင့်အတွက် အသက်တော်ကို ပေးခဲ့ခြင်းဖြစ်သည်။"
လူတိုင်းက စွန့်ပစ်သွားနိုင်ပေမယ့် ယေရှုခရစ်တော်သည် သင့်ကို ဘယ်သောအခါမှ စွန့်ပစ်တော်မမူပါ။
📖 ကျမ်းပိုဒ်
“ရောမဩဝါဒစာ။ 5:8
ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို
ငါတို့အား ထင်ရှားစွာပြတော်မူ၏။”
🙏 ဆုတောင်းချက်
ချစ်တော်မူသော သခင်ယေရှု၊ လူတွေဆီမှာ မေတ္တာကို ရှာဖွေရင်း မောပန်းနေခဲ့သော ကျွန်ုပ်တို့ကို ကိုယ်တော်၏ ရင်ခွင်ထဲသို့ ခေါ်ဆောင်တော်မူပါ။
ကိုယ်တော်၏ မေတ္တာသည် အခြေအနေမရွေး၊ မပြောင်းလဲသော မေတ္တာဖြစ်ကြောင်း အကျွန်ုပ်သိပါ၏ နှလုံးသားကို သိမြင်စေတော်မူပါ။
လူတိုင်း မေ့သွားသည့်တိုင် ကိုယ်တော် မမေ့တော်မူကြောင်းကို ယုံကြည်စေပြီး၊ ကိုယ်တော်၏ မေတ္တာထဲတွင် ငြိမ်သက်ခြင်းကို တွေ့ရှိနိုင်ပါစေ။
ယေရှုခရစ်တော်၏ နာမတော်အားဖြင့် ဆုတောင်းပါ၏။
အာမင်🙏
