သင်ခန်းစာ ( ၅ )
🏜 ပျောက်ဆုံးသွားသော အိမ်ပြန်လမ်း🏃♀️
တောင်တန်းလေးတစ်ခုရဲ့ အနီးမှာ မောင်မင်းဆိုတဲ့ ကလေးတစ်ယောက် နေထိုင်တယ်။ သူ့မိဘတွေက သူ့ကို အရမ်းချစ်ကြတယ်။ အလုပ်ပင်ပန်းသလောက် သူ့အတွက် အကောင်းဆုံးကိုပဲ ပေးချင်ကြတယ်။
တစ်နေ့မှာတော့ မောင်မင်းက မိဘစကားကို နားမထောင်ဘဲ သူငယ်ချင်းတွေနောက်လိုက်ပြီး တောထဲကို ထွက်သွားတယ်။
အစပိုင်းမှာတော့ ပျော်စရာပဲ။ လွတ်လပ်သလို ခံစားရတယ်။
ဘယ်သူမှ မတားဘူး။
ဘယ်သူမှ မဆူဘူး။
ဒါပေမယ့် နေဝင်လာတဲ့အခါ လမ်းတွေက တစ်ပုံစံတည်း ဖြစ်နေတယ်။ ဘယ်ဘက်ကို သွားရမှန်း မသိတော့ဘူး။
ဗိုက်ဆာလာတယ်။
ရေငတ်လာတယ်။
အမှောင်ထဲမှာ ကြောက်ရွံ့ပြီး ငိုနေမိတယ်။
"အဖေ... အမေ... သားမှားသွားပါပြီ..."
ဒါပေမယ့် ပြန်ဖြေမယ့် အသံ မရှိခဲ့ဘူး။
အဲဒီအချိန်မှာ အဖေက ရွာသားတွေနဲ့အတူ မီးအိမ်ကို ကိုင်ပြီး တောတစ်လျှောက် လိုက်ရှာနေပြီဆိုတာ မောင်မင်း မသိခဲ့ပါဘူး။
"ငါ့သားကို မတွေ့မချင်း ငါမပြန်ဘူး" လို့ အဖေက ပြောထားတယ်။
အချိန်အတော်ကြာပြီးနောက် အဝေးကနေ မီးအိမ်အလင်းတစ်စင်း မြင်လိုက်ရတယ်။
"မောင်မင်း..."
အဖေ့အသံ ဖြစ်တယ်။
မောင်မင်းက ပြေးသွားပြီး အဖေ့ရင်ခွင်ထဲ ဝင်ငိုတယ်။
"အဖေ... သားမှားသွားပါပြီ။"
အဖေက ဒေါသမထွက်ဘူး။
"ပြန်တွေ့ရင် ရပြီ သားရေ။ အိမ်ပြန်ကြစို့။"
အဲဒီညမှာ မောင်မင်း နားလည်သွားတယ်။
သူပျောက်သွားလို့ မိဘက မေ့သွားတာ မဟုတ်ဘူး။ မိဘက သူ့ကို မတွေ့မချင်း လိုက်ရှာနေခဲ့တာ ဖြစ်ပါတယ်။
💡 သင်ခန်းစာ
ဒီပုံပြင်ထဲက မောင်မင်းလိုပဲ လူတိုင်းဟာ တစ်ချိန်ချိန်မှာ ဘုရားသခင်ထံကနေ ဝေးကွာသွားဖူးကြပါတယ်။ အပြစ်က ကျမတို့ကို အိမ်ပြန်လမ်း ပျောက်စေတယ်။
ဒါပေမယ့် ယေရှုခရစ်တော်ကတော့ ပျောက်ဆုံးနေတဲ့သူကို ရှာဖို့ ကြွလာတော်မူခဲ့ပါတယ်။ ကိုယ်တော်က ကျမတို့ကို စွန့်ပစ်ထားတာ မဟုတ်ဘဲ၊ "အိမ်ပြန်လာပါ" လို့ ယနေ့တိုင် ဖိတ်ခေါ်နေတော်မူပါတယ်။
ကျမတို့ ဘုရားထံ ပြန်လာတဲ့အခါ ကိုယ်တော်က အပြစ်ဟောင်းတွေကိုသာ မမြင်ဘဲ၊ ပြန်ရလာတဲ့ သားသမီးကို ဝမ်းမြောက်စွာ လက်ခံတော်မူပါတယ်။
📖 ကျမ်းပိုဒ်
ရှင်လုကာဝင် ၁၉:၁၀
"လူသားသည် ပျောက်သောသူတို့ကို ရှာ၍ ကယ်တင်ခြင်းငှာ ကြွလာသတည်း။"
🙏 ဆုတောင်းချက်
ဤစာကို ဖတ်ရှုရသူတိုင်းသည် ကယ်တင်ခြင်း၏ အမှန်တရားကို အပြည့်အဝ နားလည်နိုင်ပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို လက်ခံရရှိနိုင်ပါစေ။
အာမင်း🙏
