သခင့်ဆီပြညွှန်သောပုံပြင်လေးများ 

LYDIA HAN

သင်ခန်းစာ ( ၄ )

 🌍မီးလင်းတဲ့မြို့နဲ့မပြောရသေးတဲ့သတင်း

တစ်ခါတုန်းက မြို့တစ်မြို့မှာ တစ်မြို့လုံး အရမ်းမှောင်နေတဲ့ညတစ်ညရှိခဲ့တယ်။

လမ်းမီးတွေလဲမရှိဘူး အိမ်တချို့ကလည်း မီးမရှိဘူး

လူတွေကလည်း လမ်းလျှောက်ရင်နဲ့ လဲကျတတ်တယ်၊ ထိခိုက်တတ်တယ်။

အဲဒီမြို့ထဲမှာ လူငယ်တစ်ယောက်ရှိတယ်။

တစ်နေ့မှာ သူက မြို့အပြင်ဘက်ကို သွားတဲ့အခါ တောင်ကုန်းပေါ်ကနေ မီးအလင်း တောက်ပပြီး လှပနေတဲ့မြို့တစ်မြို့ကိုမြင်လိုက်တယ်။

အဲဒီမြို့မှာ လမ်းမီးတွေရှိတယ် လူတွေက လုံခြုံစွာလျှောက်နေတယ် အမှောင်လဲမရှိဘူး။

သူအံ့ဩသွားတယ်။

ငါတို့မြို့မှာ ဒီလိုအလင်းရှိရင် ဘယ်လောက်ကောင်းမလဲလို့တွေးမိသွားတယ်။ထိုအခါ အဲဒီမြို့မှာ အလင်းပေးတဲ့လူတစ်ယောက်က သူ့ကို ပြောတယ်

ဒီအလင်းကို မင်းမြို့ကိုလည်း ယူသွားလို့ရပါတယ်။

ဒါပေမယ့် မင်းပြန်မပြောရင် ​သူတို့မသိနိုင်ဘူးလို့ပြောလိုက်တယ်။

သူ့စိတ်ထဲမှာ ခဏစဉ်းစားသွားတယ်။

ငါတစ်ယောက်တည်းအလင်းကိုမြင်တာနဲ့ လုံလောက်ပြီလား?

ဒါပေမယ့် သူမြို့ကိုပြန်ရောက်တဲ့အခါ လူတွေက အမှောင်ထဲမှာ လဲကျနေကြတယ်

လမ်းလဲမမြင်ဘူး ထိခိုက်နေကြတာကို သူမြင်တဲ့ အခါမှာ သူရပ်တန့်မနေနိုင်တော့ပါဘူး။

သူက အော်ပြောလိုက်တယ် အလင်းရှိတယ်! လမ်းရှိတယ်!

ငါတွေ့ခဲ့တယ်! မင်းတို့လည်း လာကြည့်ကြပါ! 

လို့ပြောလိုက်တယ်။

တချို့က သူ့ကို မယုံဘူး။

တချို့က လှောင်တယ်။

ဒါပေမယ့် တချို့ကတော့ သူ့စကားကိုယုံပြီး လိုက်လာတယ်။

အဲဒီလူတွေကတော့ အမှောင်ကနေ လွတ်မြောက်သွားခဲ့တယ်။

 

💡 သင်ခန်းစာ

သတင်းကောင်းဆိုတာလည်း ကိုယ့်အတွက် သက်သာမှု တစ်ခုမဟုတ်ပါဘူး ကိုယ့်နှလုံးသားထဲမှာ ပိတ်ထားလို့ရတဲ့ အရာလည်းမဟုတ်ပါဘူး။

အဲဒါက အမှောင်ထဲမှာရှိနေတဲ့ လူတွေကို အသက်ရဲ့ လမ်းကိုပြပေးတဲ့ အလင်း တစ်ခုဖြစ်ပါတယ်။

တစ်ယောက်ယောက်က ကယ်တင်ခြင်းကိုတွေ့လိုက်တဲ့အခါ အဲဒီအလင်းက သူ့အတွင်းမှာပဲ ရပ်မနေနိုင်ဘူး။ အဲဒါက သဘာဝအရ ထွက်လာရမယ်။

ဘာလို့လဲဆိုတော့ အမှန်တရားကို တွေ့ပြီးတဲ့နှလုံးသားက တိတ်ဆိတ်နေဖို့ မတတ်နိုင်တော့လို့ပဲ။

တကယ်တော့ မျှဝေခြင်းဆိုတာ တာဝန်တစ်ခုထက်ပိုတယ်။

အဲဒါက မေတ္တာရဲ့ အပြင်ထွက်လာခြင်းပဲဖြစ်တယ်။

ကျွန်မတို့ထဲက တစ်ယောက်ယောက်က လွတ်မြောက်ခြင်းကို အမှန်တကယ်ခံစားရပြီဆိုရင် အဲဒီလွတ်မြောက်ခြင်းကို မမြင်ရသေးတဲ့သူတွေဆီ မမျှဝေဘဲနဲ့ နေနိုင်တဲ့ အခြေအနေ မရှိတော့ပါဘူး။

ဘာလို့လဲဆိုတော့ အမှောင်ထဲမှာရှိနေတဲ့သူကိုမြင်ပြီး အလင်းကိုသိပြီးသားနှလုံးသားက မအေးစက်နိုင်တော့လို့ပါပဲ။

ဒါကြောင့် သတင်းကောင်းကို မျှဝေခြင်းဆိုတာ က အချက်အလက်ပေးခြင်း မဟုတ်ဘဲ တစ်စုံတစ်ယောက်ရဲ့  လွတ်မြောက်နိုင်တဲ့လမ်းကို ပြပေးခြင်းဖြစ်ပါတယ်။

 

📖 ကျမ်းပိုဒ်

ရှင်မဿဲခရစ်ဝင်။  5:14  

သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တမန်တော်ဝတ္ထု။  4:20 ငါတို့သည်ကြားလျက်၊ မြင်လျက်ရှိသောအရာ တို့ကိုမဟော မပြောဘဲမနေနိုင်ဟု ထိုသူတို့အား ဆိုကြ၏။

 

🙏 ဆုတောင်းစကား 

ဘုရားသခင်ကိုယ်တော်ပေးထားတဲ့ ကယ်တင်ခြင်းသတင်းကောင်းကို မိမိတစ်ယောက်တည်းမထားဘဲ အမှောင်ထဲမှာရှိတဲ့သူတွေဆီ မေတ္တာနဲ့မျှဝေနိုင်တဲ့နှလုံးသားပေးနိုင် ကြပါစေ။ 

အာမင် 🙏

 

 

 

 

54 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


STORIES POINTING TO JESUS - PART 4

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -