Eternal Value Bookstore

တန်ဖိုးမဖျက်နိုင်စာအုပ်ဆိုင်

ဂလာတိ ဩဝါဒစာ

အခန်းကြီး ၁

ပေါလုမှ ဂလာတိပြည်ရှိ အသင်းတော်များ ထံနှုတ်ဆက်

ဂလာတိသည်မြို့မဟုတ်ပါ၊ ပြည်ဖြစ်သည်။ ပေါလုက ဂလာတိပြည်ရှိအသင်းတော်များထံ စာရေးသည်။ ဂလာတိပြည်သည် အနောက်ဖက်တွင် အာရှိပြည်၊ ဘိသုနိပြည်၊ တောင်ဖက်တွင် ပမ်ဖုလိပြည်နှင့် ကိလိကိပြည်၊ အရှေ့ဖက်တွင် ကပ္ပဒေါကိပြည်နှင့် မြောက်ဖက်တွင် ဘိသုနိပြည်တို့ရှိသည်။ ယခုခေတ် တူရကီနိုင်ငံ၏ အလယ်ဗဟိုဖြစ်သည်။

၁။ လူနှင့်မစပ်ဆိုင်၊ လူ၏အခွင့်မရှိဘဲလျက်၊ ယေရှုခရစ်၏အခွင့်နှင့်၎င်း၊ ထိုသခင်ကို သေခြင်းမှထမြောက် စေတော်မူသော ခမည်းတော် ဘုရားသခင်၏ အခွင့်နှင့်၎င်း၊ တမန်တော်ဖြစ်သောငါပေါလုမှစ၍၊

ပေါလုက၊ သူသည်လူ့အခွင့်နှင့်မဟုတ်၊ ခရစ်တော်နှင့်ခမည်းတော်ဘုရားသခင်၏ အခွင့်အားဖြင့် တမန်တော်ဖြစ်ကြောင်းကို ရေးထားသည်။ အကြောင်းမှာ လူအားဖြင့်တမန်တော်ဖြစ်သောသူများ ရှိသော ကြောင့်ဖြစ်နိုင်သည်။ ယခုခေတ်တွင် ဘုရား၏အခွင့်အားဖြင့်မဟုတ်ဘဲ၊ လူ့အားဖြင့် ဘုရားအမှုတော်ဆောင် များစွာရှိသည်။ ထိုသူများသည် ဘုရား၏အလိုတော်ကို မဆောင်ကြဘဲ၊ လူ့အကြိုက် အမှုဆောင်နေကြသော ကြောင့်၊ လူများကို ကယ်တင်ခြင်းအကြောင်း မပြောကြချေ။ ဘုရားအလိုတော် ဆောင်သောသူများကသာလျှင်၊ ဘုရား၏အလိုတော်တည်းဟူသော၊ လူများကောင်းကင်ရောက်ရှိရေးကို အဓိကထား ဟောပြောကြလိမ့်မည်။


၂။ ငါ့ထံမှာရှိသော ညီအစ်ကိုအပေါင်းတို့သည်၊ ဂလာတိပြည်၌ရှိသော အသင်းတော်များကို ကြားလိုက်ပါ၏။

ပေါလုသည် စာရေးသောအခါ သူတယောက်တည်းကိုသာ မဖေါ်ပြဘဲ၊ သူ၏လုပ်ဖေါ်ဆောင်ဖက် များကိုလည်း အမြဲဖေါ်ပြတတ်သည်။ သူတယောက်ကသာ နာမည်ကောင်းမရဘဲ၊ သူ့အဖေါ်များကိုလည်း ရေတွက်ဝင်စေခြင်းအားဖြင့်၊ သူတပါးကိုလည်း ဂရုစိုက်သည်။ ထိုအကျင့်ကောင်းကို ကျွန်ုပ်တို့လည်း အတုယူသင့်သည်။ အထက်၌ဖေါ်ပြခဲ့ပြီးသကဲ့သို့ ဂလာတိသည် မြို့မဟုတ်ဘဲ၊ ပြည်ဖြစ်၍ ထိုပြည်ရှိ အသင်းတော်များကို စာရေးခြင်းဖြစ်သည်။ သူတို့ခေတ်၌ ယခုခေတ်ကဲ့သို့ စာရေးစက္ကူနှင့် စာရေးကရိယာများ မကောင်းသောကြောင့်၊ အသင်းတော်တပါးစီ သီးခြားစာမရေးနိုင်ခြင်းဖြစ်မည်။ ထိုစာတစောင်ကို အသင်းတော်တိုင်း၌ လှည့်လည်၍ ဖတ်ခိုင်းခြင်းဖြစ်မည်။ 

၃။ သခင်ယေရှုခရစ်နှင့် ခမည်းတော်ဘုရားထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ သင်တို့၌ ရှိပါစေသော။

ပေါလုစာရေးသောအခါ သခင်ယေရှုခရစ်နှင့် ခမည်းတော်ဘုရားထံတော်က၊ ကျေးဇူးတော်နှင့် ငြိမ်သက်ရှိခြင်းဘို့ အမြဲရေးတတ်သည်။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် ဘုရားထံတော်မှသာလာသည်။


၄။ ထိုသခင်သည် ငါတို့အဘတည်းဟူသော ဘုရားသခင်၏ အလိုတော်နှင့်အညီ၊ ဆိုးညစ်သော ပစ္စုပ္ပန် (ယခု) ဘဝမှ ငါတို့ကို ကယ်နှုတ်ခြင်းငှာ၊ ငါတို့အပြစ်ကြောင့် ကိုယ်ကိုကိုယ် အပ်ပေးတော်မူ၏။

သခင်ယေရှုခရစ်သည် ခမည်းတော်ဘုရားသခင်၏ အလိုတော်အားဖြင့် ငါတို့ကိုကယ်တင်ရန် ကိုယ့်ကိုကိုယ်အပ်နှံသည်၊ ဟုဆိုသည်။ ပေါက်ကရ သူ့သဘောဖြင့် အပ်နှံသည်မဟုတ်။ ပေါလုက ပစ္စုပ္ပန်(ယခု)ဘဝကို ဆိုးညစ်သည်၊ ဟုဆိုသည်။ သို့သော်ကျွန်ုပ်တို့က ပစ္စုပ္ပန်တည်းဟူသော ယခုဘဝကို ဆိုးညစ်သည်၊ ဟုမမြင်ကြချေ။ ယခုဘဝကို အလွန်ခုံမြင် နှစ်သက်ကြသည်မဟုတ်လော။ အဘယ့်ကြောင့်ပေါလုက ယခုဘဝကိုဆိုးညစ်သည်၊ ဟုဆိုသနည်း။ ဘုရားအမြင်၊ ဝိညာဉ်မျက်စိဖြင့် ကြည့်မြင်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့မူကား လူ့အမြင်၊ ဇာတိမျက်စိအားဖြင့် ကြည့်ကြသောကြောင့်၊ အလွန်တပ်မက် စွဲလမ်းနေကြခြင်းဖြစ်သည်။ လူကချေးကို အလွန်ရွံရှာသော်လည်း၊ လောက်ကောင်အတွက်မူ အလွန်သွားရေယိုသော အစာဖြစ်နေသည်။ ထိုလောက်ကောင်များကို အိမ်သာထဲမှ ကယ်နှုတ်ပါက ဝမ်းမြောက်ကြမည်မဟုတ်ချေ။ ထို့နည်းတူ၊ ဆိုးညစ်သောပစ္စုပ္ပန်(ယခု)ဘဝမှ အပြစ်သားများကို ကယ်တင်ရာတွင်၊ လူသားများအနေဖြင့် နားမလည်နိုင်၊ အလွန်တပ်မက် စွဲလမ်းနေသော အပြစ်ထဲမှ ကယ်နှုတ်ခြင်းကို မခံလိုကြသောကြောင့်၊ ထိုသတင်းစကား ပြောသောသူများကိုပင် မုန်းပြီး မတွေ့မြင်လိုကြခြင်းဖြစ်သည်။ သင်သည် ဤပစ္စုပ္ပန်ဘဝကို မည်ကဲ့သို့မြင်ပါသနည်း။ ဘုရားသခင်က ခရစ်တော်အားဖြင့် ကယ်တင်ခြင်းကို လက်ခံလိုပါသလား။

၅။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။

ဆိုးညစ်သောပစ္စုပ္ပန်(ယခု)ဘဝမှ ကယ်တင်တော်မူသောဘုရားသခင်ကို ရှင်ပေါလုက ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူ စေသတည်း၊ ဟုဘုရားသခင်ကိုချီးမွမ်းသွားသည်။ သင်သည်အာမင်ဟုဆိုနိုင်ပါသလော။ အာမင်၏အဓိပ္ပါယ်သည်၊ သဘောတူပါသည်၊ ဟုဆိုခြင်းဖြစ်သည်။

မေးခွန်းများ

ဂလာတိ ၁း၁-၅

၁။ ဂလာတိသည်မြို့ဖြစ်သလော၊ ပြည်ဖြစ်သလော။………………………………………….

၂။ ဂလာတိပြည်၏ နယ်နိမိတ်ဆက်သော ပြည်များရေးပါ။……………………………………………

၃။ ဂလာတိပြည်သည် ယခုခေတ်တွင် ဘယ်နိုင်ငံ၌ရှိသနည်း။…………………………………………….

၄။ ပေါလုသည် မည်သူ၏အခွင့်အားဖြင့် တမန်တော်ဖြစ်ရသနည်း။………………………………………………

၅။ ယခုခေတ်တွင် ဘုရားအခွင့်မရှိဘဲ အမှုတော်ဆောင်သူများရှိပါသလား။………………ထိုသူများသည် မည်သူ၏ အလိုကိုဆောင်ကြသနည်း။………………………..

၆။ လူ၏အလိုဆောင်သူများသည် မည်သူ့အကြိုက် တရားဟောကြသနည်း။…………………………………

ရ။ ဘုရားအလိုတော် ဆောင်သူများသည် ဘာတရားဟောကြသနည်း။………………………………………………………..

၈။ ပေါလုသည် အဘယ်ကြောင့် သူစာရေးသောအခါ သူ့အဖေါ်များအကြောင်းကိုလည်း ဖေါ်ပြတတ်သနည်း။ ……………………………………….

၉။ ပေါလုထံမှ မည်ကဲ့သို့သော အကျင့်ကောင်းကို သင်ယူသင့်သနည်း။………………………………………….

၁၀။ ပေါလုခေတ်၌ စာရေးကရိယာများ ယခုခေတ်ကဲ့သို့ အဆင်ပြေပါသလား။……………

၁၁။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် မည်သူ့ထံမှသာ ရရှိနိုင်သနည်း။…………………………….

၁၂။ ပစ္စုပ္ပန်(ယခု)ဘဝသည် ကောင်းပါသလား။……………………..မည်ကဲ့သို့ဖြစ်သနည်း။………………………………

၁၃။ သင့်အတွက် ပစ္စုပ္ပန်(ယခု) ဘဝသည် ကောင်းပါသလား။……………………..

၁၄။ အဘယ်ကြောင့် ပစ္စုပ္ပန်(ယခု) ဘဝကို လူများက စွဲလမ်းကြသနည်း။………………………………………….

၁၅။ အဘယ်ကြောင့် လူများပစ္စုပ္ပန်ဘဝမှ ကယ်တင်ခြင်းကို မကြားချင်ကြသနည်း။…………………………….

၁၆။ သင်သည် ပစ္စုပ္ပန်(ယခု)ဘဝကို စွဲလမ်းပါသလော။………………………….

၁ရ။ ပစ္စုပ္ပန်(ယခု)ဘဝမှ ကယ်တင်သူ ဘုရားသခင်ကို ပေါလုကမည်ကဲ့သို့ဆိုသနည်း။……………………………………..  

       သင်သည်အာမင်၊ ဟုပြောနိုင်ပါသလား။………………………..


၆။ ခရစ်တော်၏ ကျေးဇူးအားဖြင့်၊ သင်တို့ကို ခေါ်တော်မူသောသူနှင့်၊ ဤမျှလောက် မြန်မြန်ခွာ၍ သင်တို့သည်၊ အခြားသော ဧဝံဂေလိတရားကို ခံယူကြသောကြောင့်၊ ငါသည်အံ့ဩခြင်းရှိ၏။

ဂလာတိပြည်ရှိအသင်းတော်များသည် ခရစ်တော်၏ကျေးဇူးတော်ကို လက်ခံယုံကြည်သောသူများ ဖြစ်ခဲ့သည်။ သို့သော်ပေါလုက စာရေးသောအချိန်တွင် ထိုကျေးဇူးတော်တရားကိုစွန့်၍ အခြားသောဧဝံဂေလိကို ခံယူနေကြပြီဖြစ်သည်။ ထို့ကြောင့်ရှင်ပေါလုအနေဖြင့် အလွန်အံ့ဩရခြင်းဖြစ်သည်။ အခြားသောဧဝံဂေလိ ဆိုသည်မှာ အခြားဘုရားကိုးကွယ်ခြင်းမဟုတ်၊ ဘုရားသခင်ကို အကျင့်နှင့်ကောင်းမှုကုသိုလ်အားဖြင့် ကိုးကွယ်ခြင်းဖြစ်သည်။ ရှင်ပေါလုသည် ရောမအသင်းတော်ထံ၌လည်း ဤသို့စာရေးခဲ့သည်၊ ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သောသင်းခွဲခြင်း၊ မှားယွင်းခြင်းအကြောင်းကို ပြုတတ်သောသူတို့ကိုမှတ်၍၊ ရှောင်ကြလော့ဟု ငါသတိပေး၏။ (ရော ၁၆း၁ရ) ကောရိန္သုအသင်းတော်ထံ၌လည်း၊ သင်တို့ရှိရာသို့ ရောက်လာသောသူသည်၊ ငါတို့မဟောမပြောသေးသော ယေရှုတပါးကို ဟောပြောသော်၎င်း၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တပါးကို ခံရသော်၎င်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်၎င်း၊ ထိုသူကိုသည်းခံကောင်း၏။ (၂ ကော ၁၁း၄) ဟုရေးခဲ့သည်။ တဖန်သူ၏ဝိညာဉ်သား တိမောသေထံ၊ ခြားနားသောအယူဝါဒသစ်ကို မသွန်သင်ကြနှင့် ဟူ၍၎င်း၊ ဒဏ္ဍာရီစကားကို နားမထောင်ကြနှင့်ဟူ၍၎င်း၊ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ သာသနာတော်ကို ပြုစုသည်ထက်၊ အချင်းချင်း ငြင်းခုံခြင်းကိုသာ၍ ပြုစုတတ်သော၊ ပြင်ဆင်၍မကုန်နိုင်သော၊ ဆွေစဉ်မျိုးဆက် စာရင်းများကို ပမာဏမပြုကြနှင့်ဟူ၍၎င်း၊ သင်သည် အချို့သောသူတို့ကို ပညတ်ထား၍၊ (၁ တိ ၁း၃) ဟုစာရေးခဲ့သည်။ တဖန်၊ ခြားနားသောဩဝါဒကို သင်ပေး၍၊ ငါတို့သခင် ယေရှုခရစ်၏စကား တည်းဟူသော စင်ကြယ်သောစကားကို၎င်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သောဩဝါဒကို၎င်း၊ ဝန်မခံသောသူမည်သည်ကား၊  မာနနှင့်ယစ်မူး၍ အလျှင်းနားမလည်ဘဲ၊ ပုစ္ဆာအမေးကိုဆွေး​နွေး၍ စကားကြောင့်သာ ငြင်းခုံသောအားဖြင့်၊ စိတ်ပေါ့သောသူဖြစ်၏။ (၁ တိ ၆း၃-၄)


၇။ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကိုနှောင့်ယှက်၍၊ ခရစ်တော်၏ ဧဝံဂေလိတရားကို၊ မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။

ရှင်ပေါလုက အခြားသောဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်၊ ဟုဆိုသည်။ ဧဝံဂေလိဟူသော စကားသည် ဂရိတ်စကားဖြစ်၍၊ သတင်းကောင်းဖြစ်သည်။ ဘုရားသခင်က လူသားများကို သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းသည် သတင်းကောင်း ဧဝံဂေလိတရားဖြစ်သည်။ ခရစ်တော်၏ ကယ်တင်ခြင်းကို အဓိကမဟောမပြော၊ ကိုယ်ခန္ဓာပိုင်း ကောင်းစားရေး၊ လောက၌ချမ်းသာကြွယ်ဝရေး၊ ကိုယ်ခန္ဓာကျန်းမာရေးများကိုသာ ပြောသောတရားများသည် အခြားသောဧဝံဂေလိတရားဖြစ်သည်။ အဘယ်ကြောင့်ထိုအရာများကိုသာ ဟောပြောသနည်းဟူမူကား၊ ယုံကြည်သူများကို မှောက်လှန်ချင်သောကြောင့်ဖြစ်သည်။  ယခုအခါ ထိုအခြားသော ဧဝံဂေလိတရားကို အွန်လိုင်းမှသော်၎င်း၊ လူကိုယ်တိုင်အားဖြင့်သော်၎င်း၊ နေရာတိုင်း၌ ဟောပြောနေကြသည်။ ထိုသူများက လူများ၏ယုံကြည်ခြင်းကို ဖျက်ဆီးနေကြသည်။ သို့သော်ဝိညာဉ်မျက်စိ ကန်းကြသောကြောင့် နားမလည်ကြဘဲ အလွန်ကြိုက်နှစ်သက်ကြသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်နေရသည်။

၈။ သို့သော်လည်း သင်တို့အား ငါဟောပြောသော ဧဝံဂေလိတရားမှတပါး၊ အခြားသော ဧဝံဂေလိတရားကို၊ ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ဟောပြောသော်၎င်း၊ ဟောပြောသောသူသည်၊ ကျိန်တော်မူခြင်းကိုခံစေ။

အခြားဧဝံဂေလိတရား ဟောပြောသောသူများသည် လူဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ ကျိန်ခြင်းခံစေ၊ ဟုဆိုသည်။ အကြောင်းမှာ ထိုတရားသည် အလွန်ကြောက်စရာကောင်း၍၊ လူကိုအကျိုးမပေးသောကြောင့်ဖြစ်သည်။ သင်သည်မှန်သော ဧဝံဂေလိတရားနှင့် အခြားသော ဧဝံဂေလိတရားကို ခွဲခြားတတ်ပါသလော။ မခွဲခြားတတ်လျှင် အလိမ်ခံရမည်သာဖြစ်သည်။ ခြားနားသောဧဝံဂေလိတရားသည် အခြားမှလာမည်မဟုတ်၊ ကျမ်းစာထဲမှ သူတို့လိုချင်သောအရာများကိုစွဲယူ၍ သူတို့ဇာတိအလိုဆန္ဒနှင့် ကိုယ်ညီအောင် ဟောပြောမည်ဖြစ်သည်။ ထို့ကြောင့်၊ သမ္မာတရား ကောင်းစွာမပိုင်းခြားတတ်သောသူများ အလိမ်ခံဘို့အလွန်လွယ်ကူသည်။ ပေါလုကတိမောသေထံ ဤသို့မှာခဲ့သည်၊ သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှာ၊ ကြိုးစား အားထုတ်လော့။ (၂ တိ ၂း၁၅)


၉။ တဖန်တုံ၊ သင်တို့ခံယူပြီးသော ဧဝံဂေလိတရားမှတပါး၊ အခြားသော ဧဝံဂေလိတရားကို တစ်စုံတစ်ယောက် သောသူ ဟောပြောလျှင်၊ ထိုသူသည် ကျိန်တော်မူခြင်းကိုခံစေ၊ ဟုငါတို့ဆိုခဲ့ပြီးသည်အတိုင်း၊ ယခုငါထပ်၍ဆို သေး၏။

သင်သည်မှန်သောဧဝံဂေလိတရားကို မကြားဘူးလျှင် မှန်သောဧဝံဂေလိတရားနှင့် မှားသောဧဝံဂေလိတရားကို မည်သို့မျှခွဲခြားသိနိုင်မည် မဟုတ်ချေ။ ခရစ်ယာန်အများစုသည်၊ မှန်သောဧဝံဂေလိတရားကို မကြားကြသောကြောင့်၊ မှားသောဧဝံဂေလိတရားကိုလည်း မသိကြချေ။ ထို့ကြောင့်အခြားသော ဧဝံဂေလိ၏ ကြောက်မက်စရာကောင်းကြောင်းကိုလည်း မသိကြသောကြောင့် အလေးမထား၊ မကြောက်ကြခြင်းဖြစ်သည်။ ပေါလုက အခြားသောဧဝံဂေလိတရား ဟောသောသူသည် ကျိန်တော် မူခြင်းကိုခံစေ၊ ဟုဒုတိယအကြိမ် အလေးထား၍ရေးသည်။ အကြောင်းမှာ အလွန်အရေးကြီးသောကြောင့်ဖြစ်သည်။

မေးခွန်းများ

ဂလာတိ ၁း၆-၉

၁။ ပေါလုသည် အဘယ်ကြောင့် ဂလာတိအသင်းတော်များနှင့်ပတ်သက်၍ အံ့ဩသနည်း။………………………

၂။ ဂလာတိအသင်းတော်များသည် ပေါလုတို့ဟောသော ဧဝံဂေလိတရားကို လက်ခံခဲ့ဘူးပါသလော။…………………

၃။ အခြားသော ဧဝံဂေလိတရားသည် အဘယ်အရာဖြစ်သနည်း။……………………………

၄။ အခြားသော ဧဝံဂေလိတရားသည် ဧဝံဂေလိတရား ဟုတ်ပါသလော။……………………………..

၅။ ဧဝံဂေလိ ၏အဓိပ္ပါယ်သည် အဘယ်အရာဖြစ်သနည်း။………………………..

၆။ အဘယ်ကြောင့် အခြားသောဧဝံဂေလိတရားကို လူအများက ကြိုက်နှစ်သက်ကြသနည်း။………………

ရ။ အခြားသောဧဝံဂေလိတရားကို သင်ကြိုက်နှစ်သက်ပါသလော။…………………….

၈။ အခြားသောဧဝံဂေလိတရား ဟောသောသူကို ပေါလုကဘာခံစေ ဟုဆိုသနည်း။…………အဘယ်ကြောင့်နည်း။ ……………………

၉။ ပေါလုက တိမောသေကို ဘာဖြစ်စေချင်သနည်း။…………………………………………

၁၀။ မှားသောဧဝံဂေလိတရား သိနိုင်ရန် ဘာအရင်သိရမည်နည်း။………………………………..

၁၁။ ပေါလုက အဘယ်ကြောင့် အခြားသောဧဝံဂေလိတရား ဟောသောသူများကို ကျိန်ခြင်းခံစေသတည်း၊ ဟုထပ် ၍ဆိုသနည်း။……………………………….

၁၀။ အကြောင်းမူကား၊ ယခုတွင်ငါသည် လူ၏အလိုသို့လိုက်သလော၊ ဘုရားသခင်၏အလိုတော်သို့ လိုက်သလော၊ လူတို့စိတ်ကို နူးညွတ်စေခြင်းငှါ ရှာကြံသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံ​ကျွန်မဟုတ်ပြီ။

ရှင်ပေါလုကသူသည် လူ၏အလိုကိုလိုက်၍ လူတို့စိတ်ကိုနူးညွတ်စေခြင်းငှါရှာကြံလျှင် ခရစ်တော်၏စေခံ ကျွန်မဟုတ်၊ ဟုဆိုသည်။ ယနေ့များစွာသော အမှုတော်ဆောင်များသည်၊ လူ၏အလို၊ လူ့အကြိုက်တရားများကို အဘယ်ကြောင့် ဟောကြသနည်းဟူမူကား၊ လူအများကလက်ခံခြင်းကို နှစ်သက်၍ ကျော်ကြားချင်သောကြောင့်၎င်း၊ အလှူငွေရချင်သောကြောင့်၎င်း၊ ဖြစ်သည်။ ထိုသူများသည် ခရစ်တော်၏ အစေခံကျွန်များမဟုတ်ချေ။ ထိုသူများသည် ခရစ်တော်၏ကျွန် မဖြစ်သည်ကိုမသိ၊ သို့မဟုတ် ဂရုမစိုက်ကြချေ။ သင်သည် ခရစ်တော်၏ကျွန် ဖြစ်ပါသလော။

၁၁။ ညီအစ်ကိုတို့၊ ငါဟောပြောသော ဧဝံဂေလိတရားသည်၊ လူတို့၏တရားမဟုတ်။

ပေါလုကသူဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်၊ ဟုဆိုသည်။ ဆိုလိုသည်မှာ လူထံမှမဟုတ်၊ လူ့အကြိုက်မဟုတ်၊ ဘုရားထံမှ ဘုရားအလိုတော်အားဖြင့် ဖြစ်ကြောင်းကို ဆိုလိုသည်။ လူ့အကြိုက်၊ လူ့ထံမှတရားများသည် ပေါလုခေတ်မှစ၍ ယနေ့တိုင်အောင်ရှိနေသည်။ လူအများစုသည် ထိုတရားများကို ကြိုက်နှစ်သက်ကြသည်။ သင်သည်လူ့တရားများကို ကြိုက်နှစ်သက်ပါသလော။ သို့မဟုတ် ထိုအရာများကို ဂရုမစိုက်၊ မသိနားမလည်ဘဲ ရှိနေပါသလော။

၁၂။ လူထံမှာငါခံရသည်မဟုတ်။ ယေရှုခရစ်၏ ဗျာဒိတ်တော်မှတပါး၊ အခြားသော ဥပဒေသကို ငါမခံသည်အကြောင်းကို၊ သင်တို့အား ငါကြားလိုက်၏။

ပေါလုက သူသည် လူထံမှမဟုတ် ယေရှုခရစ်၏ ဗျာဒိတ်တော် တည်းဟူသော စကားတော်ကိုသာခံ၍ ဟောပြောကြောင်းထပ်မံ၍ ရေးလိုက်သည်။ အကြောင်းမှာ ပို၍သေချာရန်ဖြစ်သည်။

၁၃။ အဘယ်သို့နည်းဟူမူကား၊ အထက်ကယုဒဘာသာ၌နေ၍၊ ငါကျင့်သောအကျင့်တည်းဟူသော၊ ဘုရားသခင်၏ အသင်းတော်ကို အတိုင်းထက်အလွန်၊ ညှဉ်းဆဲဖျက်ဆီးကြောင်းကို၎င်း၊

ပေါလုသည် အရင်တုန်းက ယုဒဘာသာ၌နေခဲ့စဉ်တွင် အသင်းတော်ကို အလွန်ညှဉ်းဆဲခဲ့ကြောင်း သူကိုယ်တိုင်ဝန်ခံ၍ ရေးသားခြင်းဖြစ်သည်။ သူသည်အသင်းတော်ကို နှိပ်စက်ကြောင်း ဤသို့တွေ့ရသည်၊ “ရှောလုသည် အသင်းတော်ကို ဖျက်ဆီးလေ၏။ အိမ်များသို့ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍၊ ထောင်ထဲ၌ လှောင်ထားတတ်၏။” (တမန် ၈း၃) “သင်တို့ရှိသမျှသည် ယနေ့တိုင်အောင်၊ ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်နည်းတူ၊ အ​ကျွန်ုပ်လည်း စိတ်အားကြီးသဖြင့်၊ ယောက်ျားမိန်းမတို့ကို ချည်နှောင်၍၊ ထောင်ထဲမှာ လှောင်ထားလျက်၊ အသေသတ်ခြင်းသို့တိုင်အောင်၊ ထိုဘာသာကို ညှဉ်းဆဲပါပြီ။”(တမန် ၂၂း၃-၄) မပြောင်းလဲခင်ပေါလု၏ နာမည်သည် ရှောလုဖြစ်သည်။

 
၁၄။ ဘိုးဘေးတို့၏လက်မှ ငါခံရသော နည်းဥပဒေသဖက်၌၊ အထူးသဖြင့် စိတ်အားသန်လျက်၊ ငါ၏လူမျိုးထဲတွင် ငါ့ရွယ်တူချင်း အများတို့ထက်၊ ယုဒဘာသာကို ကျင်လည်လေ့ကျက်ကြောင်းကို၎င်း၊ သင်တို့ကြားသိရကြပြီ။

ပေါလုသည်သူတို့၏ ဘိုးဘေးများထံမှ ဆက်ခံသော နည်းဥပဒေသ တည်းဟူသော ယုဒဘာသာသွန်သင်မှု၌ သူ့ရွယ်တူများထက် စိတ်အားထက်သန်စွာ သင်ခဲ့ကြောင်း၊ တပါးအမျိုးသားများဖြစ်ကြသော ဂလာတိပြည်ရှိ အသင်းသားများက သိသည်ဟုဆိုသည်။ ပေါလုသည် နာမည်ခံယုဒဘာသာဝင်မဟုတ်ဘဲ အထူးကြိုးစားအားထုတ်သော ယုဒဘာသာဝင်ဖြစ်ကြောင်း သူ၏စာအားဖြင့် သိနိုင်သည်။ 


၁၅။ သို့သော်လည်း၊ ငါ့ကိုအမိဝမ်းထဲကပင် ရွေးချယ်ခွဲထား၍၊ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရားသခင်သည်၊

ပေါလုက သူ့ကိုဘုရားသခင်က အမိဝမ်းထဲကပင် ရွေးချယ်ခွဲခန့်ထားကြောင်း ရေးသားသွားသည်။ ဘုရားသခင်သည် လူကိုအမိဝမ်းထဲ၌ ပဋိသန္ဓေ မယူခင်ကပင် ရွေးချယ်နိုင်သည်။ ရှံဆုန်ကို အမိဝမ်း၌ ပဋိသန္ဓေ မယူမှီ သူ့ဖခင်ထံ၌ ဤသို့ပြောခဲ့သည်၊  ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထိုမိန်းမအား ကိုယ်ထင်ရှား၍၊ သင်သည် မြုံသောကြောင့် သားမဖွားသော်လည်း၊ ယခုပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ သို့ဖြစ်၍ သတိပြုလော့။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သော အစာကိုမစားနှင့်။ အကြောင်းမူကား၊ ပဋိသန္ဓေယူ၍ ဖွားမြင်လတံ့သော သားယောက်ျားသည် ဆံပင်ရိတ်ခြင်းကို မခံဘဲ၊ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိလူ ဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလလ္လိလူတို့လက်မှ ကယ်နှုတ်စပြုလိမ့်မည်ဟုဆို၏။ (တရားသူ ၁၃း၃-၅) ဘုရားသခင်က၊ ယေရမိထံ၊ သင့်ကိုအမိဝမ်းထဲ၌ ငါမဖန်ဆင်းမှီ သင့်ကိုငါသိပြီ။ မဖွားမှီကပင်သင့်ကို ငါသန့်ရှင်းစေ၍၊ လူအမျိုးမျိုးတို့အဘို့၊ ပရောဖက်အရာ၌ ခန့်ထားပြီ၊ ဟုမိန့်တော်မူ၏။ (ယေရမိ ၁း၅) ဗတ္တဇံယောဟန်ကိုလည်း အမိဝမ်း၌ ပဋိသန္ဓေမယူမှီ သူ့ဖခင်ထံ၌ ဤသို့ပြောခဲ့သည်၊  ကောင်းကင်တမန်ကလည်း၊ ဇာခရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်ပြုသောပဌနာကို နာခံတော်မူပြီ။ သင်၏ ခင်ပွန်းဧလိရှဗက်သည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရမည်။ သင်သည် ဝမ်းသာရွှင်မြူးခြင်းရှိလိမ့်မည်။ ထိုသားကိုဖွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက်ခြင်းသို့ ရောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုသားသည် ထာဝရဘုရားရှေ့၌၊ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့်ယစ်မျိုးကို မသောက်ဘဲနေ၍၊ အမိဝမ်းထဲကပင် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလိမ့် မည်။(လုကာ ၁း၁၃-၁၅) 

မေးခွန်းများ

ဂလာတိ ၁း၁၀-၁၅

၁။ ရှင်ပေါလုသည် မည်သူ၏ကျွန်ဖြစ်ချင်သနည်း။……………………………

၂။ လူ၏စိတ်ကို နူးညွတ်စေလိုသောသူသည် ဘုရား၏အလိုတော်ကို လိုက်သလော။…………………….

၃။ သင်သည် ဘုရား၏ကျွန်ဖြစ်ပါသလော။…………………

၄။ ပေါလုကသူဟောပြောသော ဧဝံဂေလိတရားသည် လူတို့၏တရားမဟုတ်၊ ဟုဆိုခြင်းသည် ဘာကိုဆိုလို သနည်း။…………………………..

၅။ လူ့အကြိုက်တရားများသည် ယခုခေတ်မှစတင်သလော။………………အဘယ်အချိန်မှ စတင်သနည်း။…………………………

၆။ လူ့အကြိုက်တရားများကို သင်ကြိုက်နှစ်သက်ပါသလော။………………….

ရ။ ပေါလုက အသင်းတော်ကို ညှဉ်းဆဲခဲ့ကြောင်း ဝန်ခံပါသလော။……………………

၈။ ပေါလုသည် ယုဒဘာသာ၌ သူ၏ရွယ်တူများထက် သာ၍ကြိုးစားပါသလော။………………….

၉။ ဘုရားသခင်က ပေါလုကို မည်သည့်အချိန်မှစ၍ ရွေးသနည်း။…………………………….

၁၀။ ဘုရားက မမွေးခင်ရွေးသောသူများသည် မည်သူတို့ဖြစ်သနည်း။……………………………………..


၁၆။ သားတော်၏ ဧဝံဂေလိတရားကို၊ တပါးအမျိုးသားတို့၌ ဟောပြောစေမည်အကြောင်း၊ မိမိအလိုတော်နှင့်အညီ သားတော်ကို ငါ့အားပြတော်မူသောအခါ၊ ငါသည် အသွေးအသားနှင့် တိုင်ပင်ခြင်းကိုမပြု၊

“ဧဝံဂေလိ” ဟူသောစကားလုံးသည် ဂရိတ်စကား εὐαγγελίζω အင်္ဂလိပ်အသံထွက် euaggelizó ဖြစ်၍ “သတင်းကောင်း” ဖြစ်သည်။ ပေါလုသည် ရှောလုဖြစ်ခဲ့စဉ် ယေရုရှလင်မြို့မှ ဒမသက်မြို့ရှိ အသင်းတော်ကို ဖျက်ဆီးဘို့သွားစဉ်တွင် ဒမသက်မြို့အဝင်၌ အလင်းအားဖြင့်ထိုးခြင်းခံခဲ့ရသည်။ ထိုအခါ မျက်စိကန်းသွား၍ အာနနိထံ၊ သခင်ဘုရားကလည်း၊ ထိုသူကား တပါးအမျိုးသားတို့နှင့် ရှင်ဘုရင်ထံသို့၎င်း၊ ဣသရေလအမျိုးသားတို့ ရှိရာသို့၎င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှာ၊ ငါရွေးကောက်သော တန်ဆာဖြစ်၏။ (တမန် ၉း၁၅) ဟုပြောခဲ့သည်။ ထို့ကြောင့်ပေါလုသည် တပါးအမျိုးသားတို့၏ တမန်တော်ဖြစ်သည်။


၁၇။ ငါ့အရင် တမန်တော်ဖြစ်နှင့်သောသူတို့ရှိရာ၊ ယေရုရှလင်မြို့သို့လည်းမသွား၊ အာရပ်ပြည်သို့ ချက်ခြင်းသွား၍၊ တဖန်ဒမာသက်မြို့သို့ ပြန်လေ၏။

ပေါလုသည်အဘယ်ကြောင့် သူ့အရင်မန်တော်ဖြစ်သောသူတို့ ရှိရာသို့မသွားသနည်း။ သူကိုယ်တိုင်အသေးစိပ် မပြောသောကြောင့် မသိရပါ။ သခင်ယေရှုက သွားခိုင်းခြင်းဖြစ်နိုင်သည်။ အာရပ်ပြည် နှင့်ပတ်သက်၍ ပေါလုက ဤကဲ့သို့ရေးသားသေးသည်၊ ဟာဂရသည် အာရပ်ပြည်၌ရှိသော သိနာတောင်ဖြစ်၏။ ယခုရှိသော ယေရုရှလင်မြို့နှင့်တူ၏။ မိမိသားများနှင့်တကွ​ ကျွန်ခံရ၏။ (ဂလာ ၄း၂၅)။ ပေါလုသည် အာရပ်ပြည်သို့  ဘယ်အရာလုပ်ဘို့သွားသနည်း။ ထိုနေရာ၌ ခရစ်တော်ကိုယုံကြည်သူများ၊ တမန်တော်များ၊ မရှိပါ။ သို့ဖြစ်လျှင် မည့်သည့်အရာလုပ်သနည်း။ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်းဖြစ်နိုင်သည်။ လူသည် လူလူချင်းမိဿဟာယ များလွန်းလျှင် ဘုရားသခင်နှင့် မိဿဟာယမဖွဲ့နိုင်ချေ။ ထို့ကြောင့်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့လိုသော သူသည် လူနှင့်မိဿဟာယ များလွန်းစွာမဖွဲ့သင့်ချေ။ 


၁၈။ ထိုနောက်သုံးနှစ်လွန်ပြီးမှ ပေတရုကို အ​ကျွမ်းဝင်လိုသောငှါ၊ ယေရုရှလင်မြို့သို့သွား၍ သူနှင့်အတူ တစ်ဆယ့်ငါးရက်နေ၏။ ၁၉။ သူနှင့် သခင်ဘုရား၏ ညီတော်ယာကုပ်မှတပါး၊ အခြားသောတမန်တော် တစ်ယောက်ကိုမျှ ငါမတွေ့မမြင်။

ပေါလုသည် သခင်ဘုရားနှင့်ပေါင်းဖေါ်ပြီးမှသာ တမန်တော်များထံသွားသည်။ ယေရုရှလင်မြို့၌ သူသွားသောအခါ အခြားတမန်တော်များ မရှိကြတော့ချေ။ သခင်ဘုရားခိုင်းသည့်အတိုင်း ဧဝံဂေလိတရား ဟောဘို့ရန် အရပ်ရပ်သို့သွားကြခြင်းဖြစ်မည်။ ပေတရုသည် သခင်ဘုရားနှင့် သုံးနှစ်လုံးလုံး နောက်လိုက် သောကြောင့် ပေါလုကပေါင်းဖေါ်ခြင်းဖြစ်မည်။ သို့သော်နောက်ပိုင်းတွင် ပေါလုက ပေတရုကို အပြစ်တင် ကြောင်း တွေ့ရသည် (ဂလာ ၂း၁၁-၁၄)။ အဘယ်ကြောင့်ပေါလုသည် ပေတရုထက် သမ္မာတရားသိနိုင်သနည်း။ ပေါလုသည် ဓမ္မဟောင်းကျမ်းကြေ၍ သခင်ဘုရားနှင့်လည်း ပေါင်းဖေါ်သောကြောင့်၊ ဘုရားသခင်၏ဆိုလိုရင်းကို နားလည်ခြင်းဖြစ်မည်။ ပေတရုသည် ပေါလု၏အပြစ်တင်ခြင်းခံသော်လည်း၊ ပေါလုအပေါ်စိတ်မနာကြောင်း၊ သူ၏စာထဲ၌ ဤသို့တွေ့ရ သည်၊ ငါတို့ချစ်သောညီပေါလုသည်၊ မိမိခံရသော ဥာဏ်ပညာအတိုင်း သင်တို့အား ရေး၍ပေးလိုက်သောစာ၌၎င်း၊ သူသည် ဤအရာများကိုပြော၍ စီရင်သောဩဝါဒစာ ရှိသမျှတို့၌၎င်း၊ ပါသည်နှင့်အညီ၊ ငါတို့သခင်ဘုရား သည်းခံတော်မူခြင်းသည်၊ ကယ်တင်မည်အကြောင်း ဖြစ်သည်ဟုမှတ်ကြ လော့။  (၂ ပေ ၃း၁၅)

ပေါလုသည် သခင်ဘုရား၏ညီ ယာကုပ်ကိုလည်းတွေ့ရသည်။ ယာကုပ်နှင့်သခင်ဘုရားသည် လူ့အမြင်၌ အမေတူအဖေကွဲ ဖြစ်ကြသည်။ သို့သော်၊ ခရစ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ တည်သောကြောင့် ညီတော်ယာကုပ်နှင့် မည်သို့မျှ မပတ်သက်ချေ။ ယာကုပ်သည် အစ်ကိုယေရှုကို သက်တော်ရှင်ခဲ့စဉ်က မယုံခဲ့ကြောင်း ဤသို့တွေ့ရသည်၊ ညီတော်တို့က၊ သင်ပြုသောအမှုတို့ကို တပည့်များတို့သည် မြင်စေခြင်းငှါ၊ ဤအရပ်မှထွက်၍ ယုဒပြည်သို့ကြွပါ။ ကျော်စောကိတ္တိကို အလိုရှိသောသူ မည်သည်ကား၊ မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှ မပြုတတ်။ ဤအမှုတို့ကို သင်သည်ပြုလျှင်၊ ဤလောက၌ ကိုယ်ကိုထင်ရှားစွာပြပါ၊ ဟုမယုံကြည်သောကြောင့် ယေရှုအားဆိုကြ၏။ (ယော ရး၃-၅)။ သို့သော် နောက်ပိုင်းတွင် သူအစ်ကိုကို ပြန်လည်ယုံကြည်ကြောင်း ဤသို့စာပြန်ရေးသည်၊ ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ကျွန် ငါယာကုပ် (James) သည်  အရပ်ရပ်တို့၌ ကွဲပြားသော တဆယ်နှစ်ပါးသော အမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။ (ယာကုပ် ၁း၁) သူ့ကိုသူ အရှင်ယေရှု၏ကျွန်၊ ဟုပြန်ရေးသည်။ 

 

၂၀။ ဤသို့သင်တို့အား ငါရေး၍ ကြားလိုက်သည်တွင်၊ မုသာစကားကို ငါမပြောမသုံး၊ ဟုဘုရားသခင့် ရှေ့တော်၌ ငါဆို၏။

ပေါလုက အဘယ်ကြောင့် ငါသည်မုသာစကားကိုမသုံး၊ ဘုရားသခင့်ရှေ့တော်၌ ငါဆိုသည်ဟုဆိုသနည်း။ အကြောင်းမှာ လူသည်မုသာသုံး တတ်ကြသောကြောင့်၊ သူသည်ဘုရားနာမအားဖြင့် သူ၏စကားကို တည်စေသည်။ 


၂၁။ ထိုနောက်ရှုရိပြည် (Syria)၊ ကိလိကိပြည် (Cilicia) သို့ ငါသွား၍၊

              ပေါလုသည် ယေရုရှလင်မြို့သို့သွားပြီးမှ ရှုရိပြည်နှင့်ကိလိကိပြည်သို့သွားသည်။ တပါးအမျိုးသား ယုံကြည်သူများ အရေဖျားလှီးခြင်းကိစ္စကြောင့်၊ ယေရုရှလင်မြို့၌ ဆွေးနွေးပွဲအပြီးတွင် ထိုဆွေးနွေးပွဲ၏ဆုံး ဖြတ်ချက်ကို အကြောင်းကြားဘို့ သွားကြောင်း ဤသို့လုကာကရေးထားသည်၊ အသင်းတော်များကို မြဲမြံခိုင်ခန့်စေလျက်၊ ရှုရိပြည်၊ ကိလိကိပြည်တို့ကို လျှောက်သွားလေ၏။(တမန် ၁၅း၄၁)


၂၂။ ယုဒပြည်၌ ခရစ်တော်၏ ဘာသာကို ခံယူသောသင်းဝင်တို့သည်၊ ငါ့မျက်နှာကိုမျှ မသိမမှတ်ဘဲနေ၍ ၂၃။ ငါတို့ကို ညှဉ်းဆဲဘူးသောသူသည်၊ အထက်ကမိမိဖျက်ဆီးသော ယုံကြည်ခြင်းတရားကို၊ ယခုမိမိဟောပြော သည်၊ ဟုသူတို့ကြားရုံရှိကာမျှနှင့်၊ ၂၄။ ငါ့အကြောင်းကြောင့် ဘုရားသခင်ကို ချီးမွမ်းကြ၏။

ယုဒပြည်ရှိအသင်းတော်များသည် ပေါလုကိုမတွေ့မမြင်၊ သူ့မျက်နှာကို မမှတ်မိကြသော်လည်း သူတို့ကို ညှဉ်းဆဲဘူးသောကြောင့် သူ့ကိုသိနေကြသည်။ သူ့ကိုအလွန်ကြောက်ကြ မည်ဖြစ်သည်။ သို့သော်၊ ပေါလုသည် ပြောင်းလဲသွားသည်သာမက၊ သူကိုယ်တိုင် ဖျက်ဆီးတိုက်ခိုက်သော ယုံကြည်ခြင်းတရားကို သူကိုယ်တိုင်ကပြန် ဟောနေသည်၊ ဟုကြားကြသောအခါ၊ အလွန်အားရပြီး ဘုရားသခင်ကိုချီးမွမ်းကြသည်။ ယနေ့လည်း ထိုကဲ့သို့ သော အဖြစ်မျိုးကို ဧဝံဂေလိတရားဟောသောသူများက မကြာခဏတွေ့ ကြုံခံစားတတ်ကြသည်။ ထိုကဲ့သို့ ဧဝံဂေလိတရားကို ဆီးတားသောသူများ ပြောင်းလဲသောအခါ ယုံကြည်သူများသာမက ကောင်းကင်သားများ လည်း အလွန်ဝမ်းမြောက်ကြောင်း၊ ခရစ်တော်က ဤကဲ့သို့ပြောခဲ့ဘူးသည်၊  ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်း မရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌၊ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်း ရှိသည်ထက်၊ နောင်တရသော လူဆိုးတယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်၊ ဟုငါဆို၏။ (လုကာ ၁၅းရ)။ လူပြောင်းလဲခြင်းကို မလိုချင်သောသူသည် စာတန်နှင့်သူ၏လူများသာလျှင်ဖြစ်သည်။ သင်သည်လူများပြောင်းလဲခြင်းကို ဝမ်းမြောက်ပါသလော။

မေးခွန်းများ

ဂလာတိ ၁း၁၆-၂၄

၁။ ဘုရားသခင်က ပေါလုကို မည်သည့်နေရာ၌ ပြောင်းလဲစေသနည်း။………………………..

၂။ ပေါလုသည် မည်သူတို့၏ တမန်တော်ဖြစ်သနည်း။………………………

၃။ ပေါလုသည် အာရပ်ပြည်သို့ အဘယ်ကြောင့် သွားသနည်း။……………………..

၄။ လူနှင့် မိဿဟာယ များလွန်းလျှင် ဘုရားသခင်နှင့် မိဿဟာယဖွဲ့နိုင်ပါသလော။…………..

၅။ ပေါလုသည် ပေတရုထက် ဘုရား၏အလိုတော်ကို သိပါသလော။……….အဘယ့်ကြောင့်ဖြစ်နိုင်သနည်း။…..

၆။ ပေါလုကပေတရုကို အပြစ်ဖေါ်ပြသောလည်း ပေတရုသည်ပေါလုအပေါ်စိတ်ဆိုးပါသလော။………

ရ။ ယာကုပ်သည် အစ်ကိုယေရှုကို အသက်တော်ရှင်ခဲ့စဉ် ယုံကြည်ပါသလော။……………………နောက်ပိုင်း၌ ပြန် ယုံကြည်ပါသလော။…………………………………..

၈။ ယုဒပြည်ရှိယုံကြည်သူများက ပေါလုကိုမမြင်ဘူးသော်လည်း အဘယ်ကြောင့်သိကြသနည်း။………………………

၉။ ယုဒပြည်ရှိယုံကြည်သူများသည် ပေါလုနှင့်ပတ်သက်၍ အဘယ်ကြောင့် ကျေးဇူးတော်ချီးမွမ်းကြသနည်း။ 

     ……...............................................

၁၀။ ဧဝံဂေလိတရား ဆီးတားသောသူများ ပြောင်းလဲသောအခါ မည်သူတို့ ဝမ်းမြောက်တတ်သနည်း။……………..

ဂလာတိ ဩဝါဒစာ

အခန်းကြီး ၂

၁။ ထို့နောက် တဆယ့်လေးနှစ်လွန်ပြီးမှ၊ ငါသည် တိတု(Titus)ကိုခေါ်၍ ဗာနဗ(Barnabas)နှင့်အတူ၊ ယေရုရှလင်မြို့သို့ တဖန်သွားလေ၏။ 

ပေါလုသည် ဒမသက်မြို့၌ ပြောင်းလဲသောနောက်၊ အားတိုးပွားသဖြင့်၊ ဒမာသက်မြို့၌ နေသော ယုဒလူတို့သည် ပြောသမျှသော စကားကို ချေ၍၊ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ထင်ရှားစွာပြ၏။ ကာလကြာမြင့်ပြီးမှ ရှောလုကို သတ်အံ့သောငှာ၊ ယုဒလူတို့သည် အချင်းချင်း တိုင်ပင်ကြ၏။ ထိုအကြံအစည်ကို ရှောလုသည်သိ၏။ သူ့ကို သတ်အံ့သောငှာ မြို့တံခါးတို့ကို နေ့ညမပြတ် စောင့်ကြသောကြောင့်၊ တပည့်တော်တို့သည် ညအခါ သူ့ကိုယူ၍၊ တောင်း၌ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျော့ချကြ၏။ ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ တပည့်တော်တို့နှင့် ပေါင်းဖော်မည်ပြုသော်၊ သူသည် တပည့်တော်ဖြစ်ကြောင်းကို၊ တပည့်တော်အပေါင်းတို့သည် မယုံသဖြင့်၊ သူ့ကိုကြောက်ရွံ့ကြ၏။ (တမန် ၉း၂၂-၂၆) ထိုအကြိမ်ယေရုရှလင်မြို့သို့ ရောက်ရှိခြင်း သည် ပဌမအကြိမ်ဖြစ်နိုင်သည်။ ထိုအရာကို ကောရိန္သုအသင်းတော်ထံ ဤကဲ့သို့သူရေးသွားသည်၊  ဒမာသက်မြို့၌ အရေတမင်းကြီး ခန့်ထားသော မြို့ဝန်သည်၊ ငါ့ကိုဖမ်းဆီးခြင်းငှါ အလိုရှိ၍၊ ဒမာသက်မြို့ကို စောင့်စဉ်တွင်၊ တပည့်တော်တို့သည်၊ ငါ့ကိုတောင်း၌ ထည့်ပြီးလျှင်၊ ပြတင်းပေါက်မှ ထုတ်၍၊ မြို့ရိုးအပေါ်က လျှော့ချသဖြင့် ထိုမြို့ဝန်လက်မှ ငါပြေး၍လွတ်ရ၏။ (၂ ကော ၁၁း၃၂-၃၃)။ ပေါလုသည် အထက်ပါကျမ်းပိုဒ်များအရ ယေရုရှလင်မြို့သို့ ပဌမအကြိမ် သွားရောက်ခဲ့သည်။ 

ထိုနောက် သုံးနှစ်လွန်ပြီးမှ ပေတရုကို အ​ကျွမ်းဝင်လိုသောငှာ၊ ယေရုရှလင်မြို့သို့သွား၍  သူနှင့်အတူ တစ်ဆယ့်ငါးရက်နေ၏။(ဂလာတိ ၁း၁၈) ပဌမဧဝံဂေလိခရီးစဉ်အပြီးတွင် အန္တိအုတ်မြို့၌ တပါးအမျိုးသားများသည် ယုံကြည်လာကြသောအခါ အရေဖျားလှီးဘို့လိုမလိုကိစ္စနှင့်ပတ်သက်၍ ငြင်းခုံကြသောကြောင့် ထိုကိစ္စကိုဆွေးနွေးဘို့ရန် ဗာနဗနှင့်အတူယေရုရှလင်မြို့သို့ သွားခဲ့ကြသည်။ (တမန် ၁၅း၁-၄)

၂။ ဗျာဒိတ်တော် အတိုင်းပင်သွားသည်ဖြစ်၍၊ တပါးအမျိုးသားတို့၌ ဟောပြောသော ဧဝံဂေလိတရား ကို၊ ထိုအခါ ငါကြားပြောလေ၏။ ထိုသို့ဆိုသော် ငါဆောင်ရွက်ခဲ့ပြီးသောအမှုနှင့်၊ နောက်၌ ဆောင်ရွက် လတံ့သောအမှုကို၊ အချည်းနှီးမဖြစ်စေခြင်းငှါ၊ အသရေထင်ရှားသော သူတို့အားသာ၊ တိတ်ဆိတ်စွာ ကြားပြော၏။

ဗျာဒိတ်တော်အတိုင်းပင် သွားသည်ဖြစ်၍” ပေါလုသည် သူ့သဘောနှင့်ယေရုရှလင်မြို့သို့ သွားသည် မဟုတ်။ ဗျာဒိတ်တော်အတိုင်းသွားသည်၊ ဟုဆိုသည်။ ဗျာဒိတ်တော်သည် ဘုရားစေခိုင်းခြင်းကို ဆိုလို သည်။ ထို့ကြောင့်လူ့အကြံအစည်မပါချေ။ 

တပါးအမျိုးသားတို့၌ ဟောပြောသော ဧဝံဂေလိတရားကို၊ ထိုအခါ ငါကြားပြောလေ၏။”

ယေရုရှလင်မြို့သို့သွားရာတွင် သူ၏ပဌမခရီးစဉ်၌ တပါးအမျိုးသားများထံ ဧဝံဂေလိတရားဟောသော အရာများကို ကြားပြောသည်ဟုဆိုသည်။ ပဌမခရီးစဉ်အသေးစိပ်ကို တမန်တော် ၁၃ နှင့် ၁၄ ၌ရေးထား သည်။ 

ထိုသို့ဆိုသော် ငါဆောင်ရွက်ခဲ့ပြီးသောအမှုနှင့်၊ နောက်၌ဆောင်ရွက်လတံ့သောအမှုကို၊ အချည်းနှီး မဖြစ်စေခြင်းငှါ၊

ဧဝံဂေလိတရားဟောပြောရာတွင် အောင်မြင်မှုများနှင့် ခက်ခဲမှုများကို အခြားသူများထံ၌ အလွန်ပြော ချင်တတ်ကြသည်။ အထူးသဖြင့် ကိုယ့်ကိုအားပေးသူများထံ၌ အောင်မြင်မှုများကို အလွန်ပြောချင်ကြ သည်။ ထို့အပြင်၊ ဆက်လက်လုပ်ဆောင်မည့်အရာများကိုလည်း၊ အားရပါးရပြောဆိုတတ်ကြသည်။ သို့သော်၊ တခါတရံ အောင်မြင်မှုများနှင့်စီမံကိန်းများကို ကြိုတင်ပြောပြသောအခါ အတားအဆီး၊ အနှောက်အယှက်များရှိတတ်သည်။ ထို့ကြောင့်၊ ချင့်ချိန်ဘို့လိုအပ်သည်။ တွေ့ကြုံသမျှကို လူတိုင်းထံ မပြောသင့်ချေ။ ရန်သူများက ကိုယ့်အကြံအစည်ကို သိသွားသောအခါ အတားအဆီးများပြုလုပ်နိုင် သည်။ 

အသရေထင်ရှားသောသူတို့အားသာ၊ တိတ်ဆိတ်စွာကြားပြော၏။”                                                 အသရေထင်ရှားသောသူတို့သည် တမန်တော်များ၊ အသင်းတော်၏ခေါင်းဆောင်များဖြစ်မည်။ ထိုသူတို့ သည် ခရစ်တော်က မရွေးကောက်မှီတွင် တံငါသည်များ၊ အခွန်ခံများဖြစ်ကြသည်။ သို့သော်၊ ဘုရားသ ခင်ကြောင့် အသရေထင်ရှားသောသူများ၊ ဟုပေါလုကရေးသားသည်။ သင်လည်း၊ ဘုရားသခင်ကရွေး ကောက်ပြီး၊ သူခိုင်းသောအရာကိုလုပ်လျှင် အသရေထင်ရှားသောသူဖြစ်နိုင်သည်။ 

၃။ သို့သော်လည်း ငါနှင့်အတူပါသော ဟေလသ(ဂရိတ်)အမျိုးတိတု(Titus)ကို၊ အရေဖျားလှီးခြင်းကို မခံစေကြ။

တိတုသည် ဟေလသ(ဂရိတ်) လူမျိုးဖြစ်သည်။ တပါးအမျိုးသားဖြစ်သောကြောင့် သူသည်အရေဖျားမ လှီးခဲ့ချေ။ အရေဖျားလှီးခြင်းသည် ဘုရား၏လူဟု၊ သတ်မှတ်ခြင်းဖြစ်သည်။ အရေဖျားလှီးခြင်းကို ဘုရားသခင်က အာဗြဟံထံ ဤကဲ့သို့ ခိုင်းခြင်းဖြစ်သည်၊ သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုး အနွယ်သည်၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် ယောကျ်ားတိုင်း အရေဖျားလှီးခြင်းကို ခံရမည်။ အရေဖျားလှီးခြင်းသည်၊ ငါနှင့်သင်တို့ပြုသောပဋိညာဉ်၏ လက္ခဏာ သက်သေ ဖြစ်ရလိမ့်မည်။ (ကမ္ဘာ ၁၇း၁၀-၁၁) ထို့ကြောင့် အရေဖျားလှီးခြင်းသည် ဘုရားသခင်နှင့် ပဋိညာဉ်ပြုခြင်းဖြစ်၍ ဘုရားနှင့်သက်ဆိုင်ခြင်းကိုဆိုလိုသည်။ တပါးအမျိုးသားများသည် အာဗြဟံ နှင့်မပတ်သက်သောကြောင့် အရေဖျားမလှီးကြခြင်းဖြစ်သည်။ တိတုသည်ဟေလသတည်းဟူသော ဂရိတ်လူမျိုးဖြစ်သောကြောင့် အရေဖျားမလှီးချေ။ သူသည် ခရစ်တော်ကို လက်ခံသောကြောင့် ခရစ်ယာန်ဖြစ်သည်။ သို့သော်၊ ပေါလုက သူ့ကိုအရေဖျားမလှီးစေကြ၊ ဟုဆိုသည်။ အရေဖျားလှီးခြင်း နှင့်ပတ်သက်၍၊ ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင်၊ ခရစ်တော်အားဖြင့် အဘယ်အကျိုးကိုမျှ မရနိုင်ကြ။ အရေဖျားလှီးခြင်းကို ခံသောသူအပေါင်းတို့အား၊ ငါတဖန်သက်သေခံ သည်ကား၊ ထိုသို့သောသူသည်၊ ပညတ်တရားကို အကြွင်းမဲ့ ကျင့်အံ့သောငှါ၊ ကြွေးတင်သောသူဖြစ်၏။ (ဂလာတိ ၅း၂-၃) ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ် သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။ (ဂလာတိ ၅း၆) ဟုရေးထားသည်။

ယေရှုမပေါ်မှီတွင် အရေဖျားလှီးခြင်းသည် အလွန်အရေးကြီးသော်လည်း သခင်ယေရှုပေါ်ပြီးနောက် ပိုင်း၌ အထက်၌ ရေးသကဲ့သို့ အရေးမကြီးတော့ချေ။

၄။ ယေရှုခရစ်အားဖြင့် ငါတို့ခံစားသော၊ လွတ်ခြင်းအခွင့်ကို ချောင်းကြည့်၍၊ ငါတို့ကို ကျွန်ခံစေမည် အကြံနှင့်၊ ပရိယာယ်အားဖြင့် သူတပါးသွင်း၍၊ ငါတို့အထဲသို့ဝင်သော ညီအစ်ကို၏အယောင်ကို ဆောင်သောသူတို့၊ အကြောင်းကြောင့် ထိုသို့ပြုကြ၏။

ယေရှုခရစ်အားဖြင့် ငါတို့ခံစားသော၊ လွတ်ခြင်းအခွင့်ကို ချောင်းကြည့်၍၊” ယေရှုခရစ်အားဖြင့် ခံစားသောလွတ်ခြင်းအခွင့်သည် အဘယ်အရာကိုဆိုလိုသနည်း။ ပေတရုက ယေရုရှလင်ကောင်စီ၌ ယုံကြည်သူတပါးအမျိုးသားများ အရေဖျားလှီးခြင်းနှင့်ပတ်သက်၍ ဤကဲ့သို့ဆွေးနွေးသွားသည်၊ စိတ်နှလုံးကို သိတော်မူသော ဘုရားသခင်သည်၊ သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အားပေးသည် နည်းတူ၊ သူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။ ယုံကြည်ခြင်းအားဖြင့်လည်း၊ သူတို့၏စိတ်နှလုံးကို စင်ကြယ်စေ၍၊ ငါတို့ကို ခြားနားစေတော်မမူ။ သို့ဖြစ်လျှင်၊ ငါတို့နှင့် ငါတို့ဘိုးဘေးများ မထမ်းနိုင်သောထမ်းပိုးကို တပည့်တော်တို့၏ လည်ပင်းပေါ်၌ တင်စေခြင်းငှါ၊ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း။ သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ၊ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည်နည်းတူ၊ ငါတို့သည်လည်း ရောက်ရမည်ကို၊ ငါတို့သည်ယုံကြ၏။ (တမန်တော် ၁၅း၈-၁၁) ပေါလုက လည်း၊ အရေဖျားလှီးခြင်းကို ခံသောသူ အပေါင်းတို့သည် ပညတ်တရားကို အကြွင်းမဲ့ ကျင့်အံ့သောငှါ၊ ကြွေးတင်သောသူဖြစ်၏။ (ဂလာတိ ၅း၃) ဟုရေးထားသည်။ ထို့ကြောင့် ယုံကြည်သူများသည် ကယ်တင်ခြင်းသို့ရောက်ဘို့ရန်၊ ဖြောင့်မတ်ဘို့ရန်၊ ပညတ်တော်လိုက်လျှောက်ဘို့ ကြွေးတင်ရာမှ လွတ်ခြင်းအခွင့် ရသူများဖြစ်သည်။ (မှတ်ချက်၊ ကယ်တင်ခြင်းသို့ရောက်ဘို့ရန် ပညတ်တော်လိုက်လျှောက်စရာ မလိုသော်လည်း၊ ကယ်တင်ခြင်းသို့ရောက်ပြီးသောသူများသည် အသက်တာ၌ ပညတ်တော်အတိုင်း လိုက်လျှောက် ရသည်)

ငါတို့ကိုကျွန်ခံစေမည်အကြံနှင့်” လွတ်ခြင်းအခွင့်ရပြီးသော ယုံကြည်သူများကို ပညတ်တော်လိုက် ဘို့ ထမ်းပိုးပြန်တင်ခြင်းကို ကျွန်ခံစေမည့်အကြံ၊ ဟုဆိုခြင်းဖြစ်သည်။ 

ပရိယာယ်အားဖြင့် သူတပါးသွင်း၍၊ ငါတို့အထဲသို့ဝင်သော ညီအစ်ကို၏ အယောင်ကို ဆောင်သောသူ တို့၊ ထိုသို့ပြုကြ၏။” ညီအစ်ကိုယောင်ဆောင်သောသူဆိုသည်မှာ ခရစ်တော်ကိုယုံကြည်လက်ခံဟန် ဆောင်ခြင်းကို ဆိုလိုသည်။ ထိုသူများက ယုံကြည်ဟန်ဆောင်ပြီး ယုံကြည်သူများကို ပညတ်တော်လိုက် လျှောက်ခြင်းအားဖြင့် ကယ်တင်ခြင်းနှင့်ဖြောင့်မတ်ခြင်းသို့ ရောက်ရှိဘို့ သွေးဆောင်နေကြသည်။ 

၅။ မှန်သော ဧဝံဂေလိတရားသည်၊ သင်တို့၌ တည်နေမည်အကြောင်း၊ ငါတို့သည် ထိုသူတို့ စီရင်ခြင်းကို၊ ခဏမျှဝန်မခံကြ။

မှန်သော ဧဝံဂေလိတရားသည်၊ သင်တို့၌ တည်နေမည်အကြောင်း၊” ဧဝံဂေလိသည် ဂရိတ်စကားဖြစ် ၍ အဓိပ္ပါယ်သည် သတင်းကောင်းဖြစ်သည်။ မှန်သောသောသတင်းကောင်းသည် ပညတ်တော်လိုက် လျှောက်ခြင်းအားဖြင့်မဟုတ်ဘဲ၊ ယေရှုခရစ်၏ကယ်တင်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်း၊ ကယ်တင်ခြင်း သို့ ရောက်ခြင်းဖြစ်သည်။ ထိုချက်၌ ဂလာတိပြည်ရှိ အသင်းတော်များ သို့မဟုတ် ယုံကြည်သူများသည် တည်နေရမည်။ 

ငါတို့သည် ထိုသူတို့စီရင်ခြင်းကို၊ ခဏမျှဝန်မခံကြ။” ထိုသူတို့ ဆိုသည်မှာ အထက်က ညီအစ်ကို သို့မဟုတ် ယုံကြည်သူ ဟန်ဆောင်သောသူများကို ဆိုလိုသည်။ ထိုသူတို့က ယုံကြည်သူများကို ပညတ် တော်ပြန်လိုက်လျှောက်ဘို့ စီရင်ခြင်းကို ပေါလုတို့က ခဏမျှဝန်မခံ ဆိုသည်မှာ၊ ချက်ချင်းခြေပရှင်း လင်းခြင်းကို ဆိုလိုသည်။ 

၆။ အသရေထင်ရှားသောသူတို့သည်၊ အထက်က အဘယ်သို့သောသူ ဖြစ်ကြသည်ကိုငါမဆိုင်။ ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။ ထိုသူတို့နှင့် ငါသည် ပေါင်းဖေါ်၍၊ ထူးခြားသော အရာကို မခံရသည်သာမက၊

အသရေထင်ရှားသောသူများသည် အငယ် ၂ ၌တမန်တော်များ၊ အသင်းတော်ခေါင်းဆောင်များကို ဆိုလို ခြင်းဖြစ်မည်၊ ဟုဆိုခဲ့ပြီးပြီ။ ပေါလုက ထိုသူများသည် အထက်က အဘယ်သို့သောသူဖြစ်ကြသည်ကို ငါမဆိုင်၊ ဟုဆိုသည်။ သူတို့သည် ခရစ်တော်ကို သုံးနှစ်ခွဲလုံးလုံးလိုက်သော်လည်း သမ္မာတရားကို မသိ၊ လမ်းလွဲလျှင် လှစ်လျိုရှု၍မရ၊ ထောက်ပြရမည် ဟုဆိုခြင်းဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် လူမျက်နှာကို မထောက်ဟုဆိုသည်။ ပေါလုသည် ထိုတမန်တော်များ အသင်းတော်ခေါင်းဆောင်များနှင့် ပေါင်းဖေါ်သော်လည်း ထူးခြားမှုမခံစားရ၊ ဟုဆိုသည်။ အကြောင်းမှာ ပေါလုသည် သခင်ဘုရား၏ လုပ်ဆောင်ချက်၊ သမ္မာတရားကို သိနေသောကြောင့်ဖြစ်သည်။ ပေါလုသည် အဘယ်ကြောင့် သမ္မာ တရားကိုသိနိုင်သနည်း။ ဓမ္မဟောင်းကျမ်း အရိပ်ကိုသိသည်သာမက သခင်ယေရှုကိုယ်တိုင်နှင့် တွေ့ သောကြောင့်ဖြစ်မည်။ 

၇။ အရေဖျားလှီးခြင်းကို ခံသောသူတို့တွင် ပေတရုကို တမန်တော် ဖြစ်စေခြင်းငှါ၊ ပေတရု၌ ပြုပြင်တော်မူသောသူသည်၊ တပါးအမျိုးသားတို့တွင်၊ ငါ့ကို တမန်တော်ဖြစ်စေခြင်းငှါ၊ ငါ၌လည်း ပြုပြင်တော်မူသည်ဖြစ်၍၊ ၈။ အရေဖျားလှီးခြင်းနှင့်စပ်ဆိုင်သော ဧဝံဂေလိတရားကို၊ ပေတရု၌ အပ်တော်မူသည်နည်းတူ၊ အရေဖျားလှီးခြင်းနှင့် မစပ်ဆိုင်သော ဧဝံဂေလိတရားကို၊ ငါ၌အပ်တော်မူ ကြောင်းကို သူတို့သည် သိမြင်ကြ၍၊

တမန်တော်ဆိုသည်မှာ သတင်းသယ်ဆောင်သူဖြစ်သည်။ ပေတရုသည် သခင်ယေရှုက အရေဖျားလှီး ခြင်းကို ခံသောသူတို့ထံ သတင်းကောင်း သယ်ဆောင်သူအဖြစ် သခင်ယေရှုက တဝန်ပေးထားသည်။ ပေါလုကိုမူ တပါးအမျိုးသားများထံ သတင်းကောင်းသယ်ဆောင်သူအဖြစ် သခင်ယေရှုက တာဝန်ပေး ထားသည်။ ပေါလုကို ထိုတာဝန်ပေးခြင်းနှင့် ပတ်သက်၍ လုကာက ဤသို့ရေးထားသည်၊ သခင်ဘုရား ကလည်း၊ ထိုသူကားတပါးအမျိုးသားတို့နှင့် ရှင်ဘုရင်ထံသို့၎င်း၊ ဣသရေလ အမျိုးသားတို့ ရှိရာသို့၎င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှာ၊ ငါရွေးကောက်သော တန်ဆာဖြစ်၏။ (တမန်တော် ၉း၁၅)

၉။ အမှီတကဲ၊ ဟုယူဆရသော ယာကုပ်(James)၊ ကေဖ (Cephas ပေတရု)၊ ယောဟန်တို့သည် လည်း၊ ငါရသောကျေးဇူးတော်ကို သိကြသောအခါ၊ မိမိတို့သည် အရေဖျားလှီးခြင်းကို ခံရသော သူတို့ဆီသို့သွားမည် အကြောင်းနှင့်၊ ငါတို့သည် တပါးအမျိုးသားတို့ ဆီသို့သွားမည်အကြောင်း၊  လက်ျာ လက်ခံခြင်းကို ဗာနဗနှင့်ငါ့အား ပေးကြ၏။

အမှီတကဲ ဆိုသည်မှာ အမာခံ ပင်မ ကိုဆိုလိုခြင်းဖြစ်သည်။ သခင်ယေရှု၏ ညီတော်ယာကုပ်၊ တမန်တော်များ၏ ခေါင်းဆောင်ကေဖတည်းဟူသောပေတရု၊ ပေတရုနှင့်အမြဲတွဲတတ်သော ယာကုပ်၏ညီ ယောဟန်တို့သည် အသင်းတော်၏ အမာခံများဖြစ်ကြသည်။ ထိုခေါင်းဆောင်တို့က ပေါလုနှင့်အဖွဲ့သည် တပါးအမျိုးသားများဆီသွားဘို့ သခင်ယေရှုက ခွဲခန့်မှတ်သားကြောင်းကို သိကြသည်။ လက်ျာလက်ခံခြင်းဆိုသည်မှာ လက်တွဲခြင်းကိုဆိုလိုသည်။ 

၁၀။ ငါတို့သည် ဆင်းရဲသောသူများကို၊ အောက်မေ့စေခြင်းငှါ၊ သူတို့အလိုတခုတည်းရှိ၏။ ထိုအမှုသည် ငါအလွန်လုပ်ချင်သောအရာဖြစ်သည်။ 
ယေရုရှလင်အသင်းတော်၏ အမာခံခေါင်းဆောင်များက ပေါလုနှင့်ဗာနဗတို့ကို ယုံကြည်ခြင်း၊ သွန်သင်ခြင်းနှင့်ပတ်သက်၍ မှာစရာ၊ ပြင်စရာမရှိချေ။ အကြောင်းမှာ ပေါလုတို့သည် သမ္မာတရားကို ကောင်းစွာသိသောကြောင့်ဖြစ်သည်။ သူတို့မှာစရာသည် တခုတည်းရှိ၍ ဆင်းရဲသူများကို အောက်မေ့ဘို့ဖြစ်သည်။ ထိုဆင်းရဲသူများသည် ဆင်းရဲသားတိုင်းမဟုတ်၊ ယေရုရှလင်အသင်းတော်ရှိ ယုံကြည်သူ ဆင်းရဲသားများဖြစ်သည်။ လုကာက၊ အာဂဗုအမည်ရှိသော သူတယောက်သည်ထ၍၊ မြေတပြင်လုံး၌ အစာအာဟာရ အလွန်ခေါင်းပါးခြင်းဖြစ်လတံ့ဟု ဝိညာဉ်တော်အားဖြင့်ဖေါ်ပြ၏။ ထိုခေါင်းပါးခြင်းသည် ကဲသာဘုရင် ကလောဒိလက်ထက်၌ ဖြစ်သတည်း။ ထိုအခါ တပည့်တော်တို့ သည်၊ အသီးသီးတတ်နိုင်ကြသည်အတိုင်း၊ ယုဒပြည်၌နေသော ညီအစ်ကိုတို့အား အကူအမပေးလိုက် မည်၊  ဟုစီရင်ကြသည်နှင့်အညီ ဗာနဗနှင့်ရှောလုတို့တွင်၊ သင်းအုပ်တို့ထံသို့ ပေးလိုက်ကြ၏။ (တမန် ၁၁း၂၈-၃၀) ဟုရေးထားသည်။ ယခုခေတ်အသင်းတော်များသည် မိခင်အသင်းတော်မှ သာသနာပြုအ သင်းတော်များကို ထောက်ပံ့တတ်ကြသည်။ တမန်တော်များခေတ်၌ သာသနာပြုအသင်းတော်များက မိခင်ယေရုရှလင်အသင်းတော်ကို ထောက်ပံ့ကြသည်။ ပေါလုက၊ ‌သန့်ရှင်းသူတို့အဖို့လှူဒါန်း၍ စုထားခြင်းအမှုမှာ၊ ဂလာတိပြည်၌ အသင်းတော်များကို ငါမှာထားသည်အတိုင်း သင်တို့ပြုကြလော့။ ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှါ၊ ခုနစ်ရက်တွင် ပထမနေ့ရက်၌ အသီးသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ ဥစ္စာတစ်ဖို့ကို ထုတ်၍စုထားကြလော့။ ငါရောက်လာသောအခါ၊ သင်တို့အလိုရှိသောသူတို့ကို ငါသည်လက်မှတ်စာပေး၍၊ သင်တို့လှူသောအလှူကို ယေရုရှလင်မြို့သို့ ပို့စိမ့်သောငှါ စေလွှတ်မည်။(၁ ကော ၁၆း၁-၃) ဟုစာရေးခဲ့သည်။

၁၁။ ထို့နောက်ပေတရုသည် အန္တိအုတ်မြို့သို့ ရောက်လာသောအခါ၊ သူ၌အပြစ်တင်စရာ အခွင့်ရှိသော ကြောင့်၊ သူ့ကိုယ်တိုင်ကို ငါငြင်း၍ဆီးတားရ၏။

ပေါလုက သူ့အရင်တမန်တော်ဖြစ်သော၊ ခရစ်တော်နောက် သုံးနှစ်ခွဲလိုက်ခဲ့ပြီးသော ယေရုရှလင်အ သင်းတော်၏ အမာခံဖြစ်သော ပေတရုကို အန္တိအုတ်မြို့၌ အပြစ်တင်သည်။ အဘယ်အရာအတွက် အပြစ်တင်သည်ကို အောက်၌ ဆက်ရေးသွားသည်။ 

၁၂။ အကြောင်းမူကား၊ လူအချို့တို့သည် ယာကုပ်ထံက မရောက်မလာမှီ၊ ပေတရုသည် တပါးအမျိုး သားတို့နှင့် အတူစား၏။ သူတို့ရောက်လာသောနောက်၊ ပေတရုသည် အရေဖျားလှီးခြင်းကို ခံရသော သူတို့၏ မျက်နှာကိုထောက်၍၊ တပါးအမျိုးသားတို့နှင့် မပေါင်းဝံ့၊ တယောက်တခြားစီနေ၏။

ပေါလု၏ စာအားဖြင့် ယာကုပ်သည် မည်ကဲ့သို့သောသူဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ ဤယာကုပ်သည် သခင်ယေရှု၏ညီဖြစ်နိုင်သည်။ ပေါလုက၊ ထိုနောက် သုံးနှစ်လွန်ပြီးမှ ပေတရုကို အ​ကျွမ်းဝင်လိုသော ငှာ၊ ယေရုရှလင်မြို့သို့သွား၍ သူနှင့်အတူ တဆယ့်ငါးရက်နေ၏။ သူနှင့်သခင်ဘုရား၏ ညီတော်ယာကုပ် မှတပါး၊ အခြားသောတမန်တော် တယောက်ကိုမျှ ငါမတွေ့မမြင်။ (ဂလာ ၁း၁၈-၁၉) ဟုရေးသည်။ ထို ယာကုပ်သည် ယာကုပ်ဩဝါဒစာကို ရေးသောသူဖြစ်နိုင်သည်။ ယာကုပ်သည် အရေဖျားလှီးခြင်းကို တန်ဘိုးထားသောသူ ယုဒနှင့်တပါးအမျိုးသားများ ခွဲခြားသောသူဖြစ်ကြောင်းထင်ရှားသည်။ သူကိုယ် တိုင်ပင်မဟုတ်၊ သူ့လူများအန္တိအုတ်မြို့သို့ မရောက်မှီတွင် ပေတရုသည် တပါးအမျိုးသားများနှင့် အတူ စားသောက်ခြင်းဖြင့် ပေါင်းဖေါ်ခဲ့သည်။ သို့သော်၊ သူ့လူများရောက်လာသောအခါ ပေတရုသည် သူတို့ ၏မျက်နှာကို ထောက်၍ တပါးအမျိုးသားများနှင့် မပေါင်းဖေါ်ဝံ့တော့ချေ။ 

၁၃။ ကြွင်းသော ယုဒလူတို့သည် ပေတရုနှင့်အတူ၊ ဟန်ဆောင်ခြင်းအားဖြင့် ဗာနဗသည်လည်း၊ သူတို့ဘက်သို့ ပါသွား၏။

ပေတရုသာမက ဗာနဗနှင့်အခြားယုံကြည်သူများလည်း လူမျိုးခွဲခြားခြင်း လုပ်လာကြသည်။ ပေတရု သည် ခရစ်တော်ကို သုံးနှစ်ခွဲလုံးလုံးနောက်လိုက်ခဲ့သော်လည်း အဘယ်ကြောင့်ထိုကဲ့သို့ လူမျိုးခွဲခြား ခြင်းကိုပြုလုပ်သနည်း။ သမ္မာတရားကို ကောင်းစွာမမြင်သေးသောကြောင့်ဖြစ်သည်။ ဗာနဗ သည်ပေါလုနှင့်အတူ ပဌမအကြိမ်သာသနာပြုခရီးစဉ်တွင် ဘုရားသခင်၏ ဦးဆောင်ခြင်းကို လက်တွေ့ မြင်တွေ့ခဲ့သော်လည်း၊ အဘယ်ကြောင့် ယုဒထုံးစံသို့ပြန်လိုက်သွားသနည်း။ သမ္မတရား၌ အခြေမခိုင် သောကြောင့်ဖြစ်သည်။ သင်လည်း သမ္မာတရားကို ကောင်းစွာမပိုင်းခြားတတ်လျှင် သူတို့ကဲ့သို့ပင် ရိုးရာနှင့်အစဉ်အလာ၌ စွဲလမ်းနေမှာဖြစ်သည်။ ယနေ့ဒုတိယမွေးဖွားသည်သာမက သမ္မာတရားဟော ပြောနေသူများပင်လျှင် ရိုးရာဝတ်စုံများ၊ ယဇ်ပုရောဟိတ်ဝတ်ရုံများ၊ ဘွဲ့ဝတ်စုံများနှင့် ဂုဏ်ယူစွာ ဝတ်ဆင်နေကြသည်ကို ဝမ်းနည်းဘွယ် တွေ့မြင်နေရပြီဖြစ်သည်။ 

၁၄။ သူတို့သည် မှန်သောဧဝံဂေလိတရားနှင့်အညီ​၊ ဖြောင့်မတ်စွာ မကျင့်ကြောင်းကို ငါသည်မြင်လျှင်၊ ထိုသူအပေါင်းတို့ရှေ့မှာ ပေတရုအား ငါဆိုသည်ကား၊ သင်သည် ယုဒလူဖြစ်လျက်ပင်၊ ယုဒထုံးစံအတိုင်းမကျင့်ဘဲ၊ တပါးအမျိုး၏ ထုံးစံအတိုင်းကျင့်လျှင်၊ တပါးအမျိုးသားတို့သည်၊ ယုဒထုံးစံအတိုင်း ကျင့်စေခြင်းငှါ၊ အဘယ်ကြောင့် သူတို့ကို အနိုင်အထက် ပြုသနည်း။
ပေါလုက သူ့ထက်အသက်ကြီးပြီး ခရစ်တော်နောက်လိုက်သောပေတရုကို မျက်နှာမထောက်ဘဲ အဘယ်ကြောင့် သူ၏အားနည်းချက်ကို လူများရှေ့၌ ပြောရဲသနည်း။ သမ္မာတရားကို ကောင်းစွာသိ သောကြောင့်ဖြစ်သည်။ သင်လည်းသမ္မာတရားကို ကောင်းစွာသိလျှင် သတ္တိရှိလာမှာဖြစ်သည်။ ပေတရု ၏အားနည်းချက်သည် တပါးအမျိုးသားများကို ယုဒထုံးစံအတိုင်း ကျင့်စေခြင်းဖြစ်သည်။ ယုဒထုံးစံအ တိုင်း သူတို့ကို အရေဖျားလှီးစေပြီး ပညတ်တော်လိုက်လျှောက်စေခြင်းဖြစ်သည်။ ပေါလုသည် ထိုအရာ များမမှန်ကြောင်း ကောင်းစွာသိသောကြောင့် ရဲရင့်စွာ ပေတရုကို ပြောရဲခြင်းဖြစ်သည်။ 

၁၅။ လူတို့သည် ပညတ်တရား၏ အကျင့်အားဖြင့်​၊ ဖြောင့်မတ်ရာသို့မရောက်၊ ၁၆။ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ဖြောင့်မတ်ရာသို့ ရောက်ကြသည်ကို၊ အပြစ်ထင်ရှားသော တပါးအမျိုးသား မဟုတ်ဘဲ၊ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သော ငါတို့သည်၊ အမှန်သိသည်နှင့်အညီ၊ ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်၊ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ၊ ငါတို့ပင် ယေရှုခရစ်ကို ယုံကြည်ကြပြီ။ အကြောင်းမူကား၊ ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ။

ပေါလုက လူသည်ပညတ်တရား၏အကျင့်အားဖြင့်မဟုတ်၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြောင်းကို သိသည်သာမက ရဲရင့်ပြတ်သားစွာပြောဆိုသည်။ တပါးအမျိုးသား ဖြစ်စေ၊ ယုဒလူဖြစ်စေ ပညတ်လိုက်လျှောက်ခြင်းအားဖြင့်မဟုတ်ဘဲ၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအား ဖြင့်သာ ဖြောင့်မတ်ရာသို့ရောက်နိုင်သည်၊ ဟုပြတ်သားစွာရေးသောကြောင့် ယနေ့ကျွန်ုပ်တို့လည်း အကျိုးခံစားရသည်။ ပေါလုကသာ သမ္မာတရားကို ပြတ်ပြတ်သားသားမရေး၊ မကာကွယ်ခဲ့လျှင် အကျင့်အားဖြင့်၊ လူမျိုးအားဖြင့်၊ ကယ်တင်ခြင်းသို့ရောက်မည်၊ ဟုအလွဲယူကြမှာဖြစ်သည်။ သင်သည် ထိုသမ္မာတရားကိုသိလျှင် ပေါလုကဲ့သို့ ပြတ်သားစွာ ရပ်တည်ပြောဆိုဘို့လိုသည်။ 

၁၇။ ခရစ်တော်အားဖြင့်၊ ​ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ၊ ငါတို့သည် ကြိုးစားလျက်ပင်၊ အပြစ်ထင် ရှားသောသူ ဖြစ်သေးသည်မှန်လျှင်၊ ခရစ်တော်သည် အပြစ်တရားကို ပြုစုသောသူ ဖြစ်သလော။ ထိုသို့မဖြစ်နိုင်ရာ။

လူသည်ပညတ်တရားလိုက်လျှောက်ခြင်းအားဖြင့်၊ အကျင့်ကောင်းကျင့်ခြင်းအားဖြင့်၊ ဖြောင့်မတ်ဘို့  ကြိုးစားတတ်ကြသည်။ သို့သော်ပေါလုက၊ ငါတို့သည် ခရစ်တော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ဘို့ ကြိုးစားလျက်ပင် အပြစ်ထင်ရှားသေးသည်၊ ဟုဆိုသည်။ ဆိုလိုသည်မှာ ဖြောင့်မတ်ခြင်းသည် အပြစ် ကင်းသောကြောင့် ရရှိသည်မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာရရှိသည်။ အပြစ်ရှိစဉ် ပင် ဖြောင့်မတ်သည်၊ ဟုဘုရားကသတ်မှတ်သည်။ သို့ဖြစ်လျှင် ခရစ်တော်သည် အပြစ်တရားပြုစုသော သူဖြစ်သလော၊ ဟုသူကိုယ်တိုင်က မေးခွန်းထုတ်ထားသည်။ သူကိုယ်တိုင်က ထိုသို့မဖြစ်နိုင်ရာ၊ ဟုပြန် ဖြေသည်။

၁၈။ အထက်က ငါဖြိုဖျက်သောအရာကို နောက်တဖန်ငါတည်ဆောက်ပြန်လျှင်၊ ကိုယ်အပြစ်ရှိသည် ကို ကိုယ်ထင်ရှားစွာပြ၏။

အထက်က ပေါလုဖြိုဖျက်သောအရာသည် အဘယ်အရာနည်း။ အရေဖျားလှီး၍ ပညတ်တော်လိုက် လျှောက်ခြင်း၊ ယုဒထုံးစံအတိုင်း ကျင့်ကြံခြင်းတို့ဖြစ်သည်။ ထိုအရာများကို သခင်ယေရှုနှင့်တွေ့သော အခါ မဟုတ်မမှန်ကြောင်းကို နေရာအနှံအပြား၌ ဟောပြောခဲ့ပြီ။ ထိုယုဒထုံစံများကို ပြန်တည်ဆောက် လျှင် သူသည် အပြစ်ရှိသည်ကို ထင်ရှားစွာပြသည်၊ ဟုဆိုသည်။ ယနေ့ခရစ်ယာန်များလည်း ဘိုးဘေး တို့က ရိုးရာထုံးစံနှင့် ကိုးကွယ်သောဘာသာတို့ကို မိဘအသိုင်းအဝိုင်းနှင့် အမျိုးတို့၏ ဆန့်ကျင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရန်ပြုခြင်းတို့ကြားမှ အသက်ပေးပြီး စွန့်ခဲ့သောအရာကိုမသိဘဲ၊ ဘိုးဘေးတို့၏ ထုံးစံများကို လက်ခံရုံသာမက၊ ဘုရားကျောင်းထဲ၊ ပလ္လင်ပေါ်တွင် ဂုဏ်ယူစွာဖြင့် ဝတ်ဆင်ကာ၊ ကခုံနေ ကြသည်ကို ဝမ်းနည်းစွာ တွေ့မြင်နေရသည်။ သင်သည် ထိုသို့သောသူဖြစ်နေပါသလား။ အဘယ်သူကို အဘယ်ကဲ့သို့ ငါယုံကြည်သည်၊ ဟုသင်သိပါသလား။ 

၁၉။ ထိုမှတပါး၊ ငါသည် ဘုရားသခင်နှင့် ဆိုင်သောအရာ၌၊ အသက်ရှင်မည်အကြောင်း၊ ပညတ်တရား နှင့် ဆိုင်သောအရာ၌၊ ပညတ်တရားအားဖြင့် သေလျက်နေ၏။

ပေါလုက သူသည် ဘုရားသခင်နှင့်ဆိုင်သောအရာ၌ အသက်ရှင်မည့်အကြောင်း ပညတ်တရားနှင့်ဆိုင် သောအရာ၌ သေနေသည်၊ ဟုဆိုသည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်နှင့်ပတ်သက်လာလျှင် အသက်ရှင် သောကြောင့် သူလုပ်သင့်လုပ်ထိုက်သောအရာများကို လုပ်သည်။ ယနေ့ခရစ်ယာန်အတုများသည် ဘုရားသခင်နှင့်ပတ်သက်လာလျှင် သေနေကြသည်။ ကျမ်းစာဖတ်ဖို့သိသော်လည်း လုံးဝမဖတ်၊ သေနေကြသည်။ ဆုတောင်းဘို့သိသော်လည်း၊ ကြာကြာဆုမတောင်းနိုင်ကြချေ။ ဘုရားအကြောင်း မသိသေးသူများထံ ပြောဘို့ရှိလျှင် လုံးဝမပြောနိုင်၊ မပြောလိုကြချေ။ ဘုရားနှင့်ပတ်သက်လာလျှင် အသေများ ဖြစ်ကြသည်။ လူများအကြောင်း အတင်းပြောဘို့ဖြစ်လျှင် အဆက်မပြတ်ပြောနိုင်ကြသည်။ သူများပြောသောအရာကိုလည်း အားရစွာနားထောင်ချင်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်လာလျှင် ကြာလွန်းသည်၊ များလွန်းသည်၊ ပြင်းထန်လွန်းသည်၊ လွန်လွန်းသည်၊ အဘယ်သူခံနိုင်မည်နည်း၊ ဟုဆိုသည်။ ဇာတိအရာဖြစ်လျှင် အလွန်တက်ကြွစွာ ပါဝင်၍ အားရနေတတ်ကြသည်မဟုတ်လော။ သင်သည် ဘုရားသခင်နှင့်ပတ်သက်လာလျှင် အသက်ရှင်သလော၊ သေနေသလော။ 

၂၀။ ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သော အသက်သည်၊ ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည်၏။ သားတော်သည် ငါ့ကိုချစ် ၍၊ ငါ့အဘို့ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။

ခရစ်တော်လက်ဝါးကပ်တိုင်မှာ အသေခံသောအခါ ပေါလုသည် ယုံကြည်သူမဟုတ်သေးချေ။ သို့သော် အဘယ်ကြောင့် သူသည်ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်းမှာ အသေခံပြီ၊ ဟုဆိုသနည်း။ သူသည် ကိုယ်ခန္ဓာအားဖြင့်သေခြင်းကို ဆိုလိုသည်မဟုတ်၊ ဝိညာဉ်ပိုင်းအားဖြင့်သေခြင်းကိုဆိုလိုသည်။ လူသည် ဇာတိကိုယ်ခန္ဓာအားဖြင့် မွေးသောအခါ လူဟောင်းဖြစ်၍ အာဒံ၌ဖြစ်သည်။ ဘုရားအမြင်၌ လူနှစ်မျိုး သာရှိသည်။ သူက၊ လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်း တို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။ (၁ ကော ၁၅း၂၂) ဤနေရာ၌ လူနှစ် ယောက်အကြောင်းရေးထားသည်။ အာဒံနှင့်ခရစ်တော်တို့ဖြစ်သည်။ လူသည် မွေးဖွားသောအခါ အာဒံ ၌ရှိ၍ လူဟောင်းဖြစ်ကာ ဘုရားသခင်နှင့်မဆိုင်၊ စာတန်နှင့်ဆိုင်သည်။ လူဟောင်းသည် ဘုရားစကားကို နားမထောင်နိုင်ချေ။ လူဟောင်းသည် ပညတ်တော်များကိုလည်း မလိုက်နိုင်ချေ။ လူဟောင်းကို မည်သို့မျှဆုံးမ၍မရသောကြောင့် ဘုရားသခင်က ယေရှုခရစ်အထဲ၌ ထည့်လိုက်ကာ လက်ဝါးကပ်တိုင် ၌ ယေရှုအထဲမှ အဆုံးစီရင်လိုက်သည်။ သေဆုံးသွားသော လူဟောင်းကို ယေရှုနှင့်အတူ သင်္ချိုင်း၌ မြှုပ်နှံလိုက်သည်။ ထိုသို့မြှုပ်နှံခြင်းကို ဗတ္တိဇံဟုခေါ်သည်။ သခင်ယေရှုသင်္ချိုင်းမှ ထမြောက်သောအခါ လူဟောင်းသည် မထမြောက်တော့ဘဲ၊ လူသစ်သာလျှင်ထသည်။ ထိုအရာကို ပေါလုက စပါးစေ့နှင့် နှိုင်းယှဉ်ထားသည်။ ထိုမှတပါး မျိုးစေ့ကို စိုက်သောအခါ၊ နောက်ဖြစ်လတံ့သော ကိုယ်ကိုမစိုက်။ ဂျုံစပါးဖြစ်စေ၊ အခြားသောစပါးဖြစ်စေ၊ အစေ့သက်သက်ကို စိုက်တတ်၏။ ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ကိုယ်ကိုပေးတော်မူ၏။ မျိုးစေ့အသီးအသီးတို့အားလည်း၊ မိမိတို့အမျိုး အတိုင်း ကိုယ်ကိုပေးတော်မူ၏။ (၁ ကော ၁၅း၃၇-၃၈)။ စပါးစေ့စိုက်သော်လည်း၊ အစေ့အတိုင်း မပေါက်လာဘဲ စိမ်းစိုသောအပင်လေးနှင့်ပေါက်လာသည်။ ထို့နည်းတူ၊ လူဟောင်းကိုသတ်၍ ယေရှုနှင့်အတူ မြှုပ်နှံပြီးနောက် လူသစ်ထမြောက်လာသည်။ ထိုအရာကို ပေါလုက၊ ငါကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏၊ ဟုဆိုသည်။ 

ကိုယ်ခန္ဓာ၌ ယခုငါရှင်သောအသက်သည်၊ ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည် ၏။ လူသစ်သည်လူဟောင်းနှင့်မတူတော့ချေ။ လူသစ်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သည်။ လူဟောင်းသည် ခူယားကောင်နှင့်တူ၍ လူကိုအကျိုးမပေးချေ။ ခူယားကောင်သည် အမွှေးအားဖြင့်လူကို ယားစေ၍၊ သစ်ရွက်များစားခြင်းအားဖြင့် သစ်ပင်ကိုဖျက်ဆီးသည်။ သို့သော် ခူယားကောင်သည် ပိုးတုံးလုံးဖြစ်သွားပြီး၊ ထိုမှတဆင့် လိပ်ပြာဖြစ်လာသောအခါ လှပပြီး လူကိုဒုက္ခမ ပေးတော့ချေ။ အစာလည်းသစ်ရွက်မစားတော့ဘဲ ပန်းဝတ်ရည်ကိုသာ စုပ်တော့သည်။ ဝတ်မှုံများကို ကူးဆက်စေခြင်းဖြင့် အပင်ကိုအကျိုးပြုသည်။ ထို့နည်းတူ၊ လူသစ်သည် ဘုရားသခင်နှင့်ဆိုင်၍ လူများ ကိုသော်၎င်း၊ ကိုယ့်ကိုကိုယ်သော်၎င်း၊ မဖျက်ဆီးတော့ဘဲ အကျိုးပြုလာသည်။ သို့သော် လူသစ်သည် ခလေးလေးကဲ့သို့ဖြစ်၍ အရွယ်ရောက်သောလူကြီးကဲ့သို့ ချက်ချင်းမလုပ်ဆောင်နိုင်ချေ။ ထိုအရာကို မသိသောသူများက လူသစ်ဖြစ်သော်လည်း အပြစ်လုပ်သေးသည်၊ ဇာတိအားဖြင့်အသက်ရှင်သေး သည်၊ ဟုအပြစ်မြင်တတ်ကြသည်။ လူသစ်သည် အရွယ်ရောက်ဘို့ရန် ဝိညာဉ်အစာများမှန်မှန်စား၍ ကြည့်ရှုပြုစုဘို့လိုသည်။

သားတော်သည် ငါ့ကိုချစ်၍၊ ငါ့အဘို့ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။

အဘယ်ကြောင့် သားတော်တည်းဟူသော ခရစ်တော်သည် ငါ့အဘို့ ကိုယ်ကိုကိုယ်စွန့်တော်မူသနည်း။ ငါသည်အပြစ်ကင်း၍ နှမြောစရာကောင်းသောကြောင့်လော၊ မဟုတ်ပါ။ ငါ့ကိုချစ်သောကြောင့်သာ လျှင်ဖြစ်သည်။ မွေးကင်းစခလေးများသည် မလှပါ။ အထူးသဖြင့် ကျန်းမာရေးခြိုချာသောခလေး၊ တချိန်လုံးကျီကျသောခလေးသည် စိတ်ပျက်စရာကောင်းသည်။ သို့သော်၊ မိဘများသည် ထိုကဲ့သို့သော ခလေးကို သနား၍ အိပ်ရေးအပျက်ခံ၊ ပင်ပန်းသော်လည်း စိတ်ရှည်လက်ရှည် ကြည့်ရှုတတ်သည်။ 

၂၁။ ဘုရားသခင်၏ ကျေးဇူးတော်ကို ငါမပယ်။ ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက် နိုင်လျှင်၊ ခရစ်တော်သည် အချည်းနှီး အသေခံတော်မူပြီ။

ပေါလုက ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်နိုင်လျှင် ခရစ်တော်သည် အချည်းနှီးအသေခံတော်မူပြီ၊ ဟုဆိုသည်။ ခရစ်တော်သည် အချည်းနှီးအသေခံပါမည်လော။ သူအသေခံခြင်းဖြင့် လူသည် ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့မရောက်နိုင်ကြောင်း ထင်ရှားစေသည်။ သင်သည် ပညတ်တော် ကိုလိုက်လျှောက်ခြင်းဖြင့် ဖြောင့်မတ်ဘို့ကြိုးစားနေပါသလား။ ပညတ်တော်နှင့်ပတ်သက်၍ အခန်း ၃ ၌ ပြန်သင်ကြပါစို့။ 

ဂလာတိ ဩဝါဒစာ

အခန်းကြီး ၃

၁။ ပညာမဲ့သော ဂလာတိလူတို့၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ယေရှုခရစ်တော်ကို၊ သင်တို့မျက်မှောက်၌ ထင်ရှားစွာ ပြပြီးသည်ဖြစ်၍၊ သမ္မာတရားကို နားမထောင်စေခြင်းငှါ၊ သင်တို့ကို အဘယ်သူ ပြုစားသနည်း။

ပေါလု၏စာအရ ဂလာတိပြည်ရှိ ယုံကြည်သူများသည် လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ယေရှုခရစ်တော်ကို သူတို့မျက်မှောက်၌ ထင်ရှားစွာပြပြီး ဖြစ်သောကြောင့် ထိုအရာကို ယုံကြည်ပြီးသောသူများဖြစ်ကြသည်။ ထိုအရာသည် သမ္မာတရားဖြစ်သည်။ သို့သော်၊ ပေါလုတို့မရှိသောနောက်ပိုင်းတွင် ထိုသမ္မာတရားကို နားမထောင်တော့သောကြောင့် ပေါလုက၊ ပညာမဲ့သော ဂလာတိလူတို့၊ သင်တို့ကို အဘယ်သူပြုစားသနည်း၊ ဟုဆိုရခြင်းဖြစ်သည်။  ပေါလုက၊  ခရစ်တော်၏ ကျေးဇူးအားဖြင့်၊ သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက် မြန်မြန်ခွာ၍ သင်တို့သည်၊ အခြားသော ဧဝံဂေလိတရားကိုခံယူကြသောကြောင့်၊ ငါသည် အံ့ဩခြင်းရှိ၏၊ ဟု (ဂလာ ၁း၆) ၌အပြစ်တင်ခဲ့ပြီးပြီ။  

၂။ ပညတ်တရား၏ အကျင့်အားဖြင့် ဝိညာဉ်တော်ကို ခံရကြသလော။ သို့မဟုတ် ယုံကြည်ခြင်းတရားကို ကြားနာခြင်းအားဖြင့်၊ ခံရကြသလော ဟူသောအရာတခုကိုသာ သင်တို့၌ ငါသိလို၏။

ဂလာတိပြည်ရှိ ယုံကြည်သူများသည် ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ ခံရကြသည်၊ ပညတ်တရား၏ အကျင့်အားဖြင့် ရကြသည်မဟုတ်။ သို့ဖြစ်လျှင် အဘယ်ကြောင့် ပေါလုက သူတို့ကိုအထက်ပါကဲ့သို့ မေးခွန်းထုတ်သနည်း။ အကြောင်းမှာ ယုံကြည်ခြင်းအားဖြင့် ဝိညာဉ်တော်ရရှိပြီးမှ ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် သင်ပေးခြင်းကို လက်ခံကြသောကြောင့်ဖြစ်သည်။

 

၃။ ဤမျှလောက် ပညာမဲ့ကြသလော။ ဝိညာဉ်တော်ကို အမှီပြု၍ လုပ်စရှိပြီးမှ၊ ဇာတိကိုအမှီပြု၍ ပြီးစေကြသလော။

ပေါလုက ဂလာတိပြည်ရှိယုံကြည်သူများကို အပြင်းထန်ဆုံးစကားအားဖြင့် အပြစ်တင်သည်။ ဤမျှလောက် ပညာမဲ့သလော ဟူသောစကားသည် အလွန်နာစရာဖြစ်သည်။ ဝိညာဉ်တော်ကို အမှီပြုပြီးမှ ဇာတိအမှီပြုခြင်း ဆိုသည်မှာ ယုံကြည်ခြင်းအားဖြင့်သွားပြီးမှ ပညတ်တော်အကျင့်ကို အမှီပြုခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ယနေ့ယုံကြည်သူများလည်း သူတို့နည်းတူ၊ ဝိညာဉ်တော်အားဖြင့် အသက်တာသွားပြီးမှ ဇာတိအားဖြင့် ပြန်သွားတတ်ကြသည်။

၄။ ဤမျှလောက်သော ဆင်းရဲခြင်းကို အချည်းနှီးခံကြပြီလော။ အချည်းနှီးသက်သက် ဖြစ်ရမည်လော။

ပေါလုက၊ ဤမျှလောက်သောဆင်းရဲခြင်းကို အချည်းနှီးခံကြပြီလော၊ ဟူသောအရာသည် ဘာကိုဆိုလိုသနည်း။ သူတို့ခေတ်တွင် ခရစ်တော်ကို ယုံကြည်လက်ခံဘို့သည် လွယ်ကူသောအရာ မဟုတ်ချေ။ အသင်းတော်သည် အစပြုချိန်မှစ၍ ညှဉ်းဆဲခြင်းခံရကြောင်း တမန် ၁၇း၅-၉ တွင်တွေ့နိုင်သည်။ တမန်တော်များလည်း ယုဒမင်းအရာရှိများ၏ ညှဉ်းဆဲခြင်းခံရကြောင်း ဤသို့တွေ့ ရသည်၊ ထိုစကားကို နားထောင်သဖြင့်၊ တမန်တော်တို့ကို ခေါ်၍ ရိုက်နှက်ပြီးမှ၊ ယေရှု၏နာမကို အမှီပြုလျက် မဟောမပြောမည်အကြောင်း မြစ်တား၍လွှတ်ကြ၏။ တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမတော်ကြောင့်၊ မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက်ကြသည်၊ ဟုမှတ်တော်မူ သောကြောင့်၊ ဝမ်းမြောက်သော စိတ်ရှိ၍ လွှတ်တော်မှ ထွက်သွားကြ၏။ (တမန် ၅း၄၀-၄၁) ပေါလုကသက်သာလောနိတ်အသင်းတော်ထံ၊ သင်တို့သည် ကြီးစွာသော ဆင်းရဲကို ခံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သော ဝမ်းမြောက်ခြင်းနှင့်တကွ၊ နှုတ်ကပတ်တရားတော်ကို ခံယူ၍၊ ငါတို့ကဲ့သို့သောသူ၊ သခင်ဘုရား ကဲ့သို့သောသူ ဖြစ်ကြ၏။ (၁ သက် ၁း၆) ဟုရေးခဲ့သည်။ ထို့ကြောင့် ဂလာတိပြည်ရှိအသင်းတော်များလည်း ခရစ်တော်ယုံကြည်ဘို့ရန် ညှဉ်းဆဲနှိပ်စက်ခြင်း၊ ပင်ပန်းခြင်းများ ခံစားရပုံရှိသည်။ 

၅။ ထိုမှတပါး ဝိညာဉ်တော်ကို သင်တို့အားပေး၍၊ သင်တို့၌ တန်ခိုးများကို ပြသောသူသည်၊ ပညတ်တရား၏ အကျင့်အားဖြင့် ပြသလော။ ယုံကြည်ခြင်းတရားကို နာခြင်းအားဖြင့် ပြသလော။

ယုံကြည်သူများထံ ဘုရားသခင်က ဝိညာဉ်တော်ကိုပေး၍ တန်ခိုးများကိုပြသည်။ ဝိညာဉ်တော်အားဖြင့် တန်ခိုးပြခြင်းကို ဖိလိပ္ပုအသက်တာ၌ ဤသို့တွေ့ရသည်၊  “ဖိလိပ္ပုသည်လည်း၊ ရှမာရိမြို့သို့သွား၍ ခရစ်တော်၏ အကြောင်းကို ဟောလေ၏။ လူအစုအဝေးတို့သည် ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင်သောအခါ၊ သူ၏စကားကို တညီတညွတ်တည်း နားထောင်ကြ၏။ အကြောင်းမူကား၊ နတ်ဆိုးစွဲသော သူများတို့၏ အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာသော အသံနှင့် အော်ဟစ်လျက် ထွက်သွားကြ၏။ ကိုယ်မလှုပ်နိုင်သောသူ၊ ​ခြေမစွမ်းသောသူ အများတို့သည်လည်း ပကတိအဖြစ်သို့ ရောက်ကြ၏။ ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက်ခြင်း ရှိကြ၏။” (တမန် ၈း၅-၈) ဖိလိပ္ပုသည် ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် မဟုတ်၊ ဝိညာဉ်တော်တန်ခိုးအားဖြင့် အထက်ပါကဲ့သို့ နိမိတ်လက္ခဏာများပြသွားခြင်းဖြစ်သည်။ ဂလာတိအသင်းတော်များ၌လည်း ဝိညာဉ်တော်က နိမိတ်လက္ခဏာများပြခဲ့ကြောင်း ပေါလုစာအရသိနိုင်သည်။

၆။ ထိုနည်းတူ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။ 

ယုဒလူများက သူတို့၏ဖခင်ကြီး အာဗြဟံကို အလွန်လေးစား ကြည်ညိုကြသည်။ အာဗြဟံပင်လျှင် အကျင့်အားဖြင့် ဖြောင့်မတ်သည်မဟုတ်၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းရရှိသည် ဟုဆိုသည်။ အာဗြဟံသည် မည်ကဲ့သို့ ဘုရားကို ယုံကြည်သနည်း။ သူသည် အသက်ကြီး၍ အရွယ်လွန်မှ ကောင်းကင်ကြယ်နှင့်အမျှ များပြားသောသားတို့ ကိုပေးမည်၊ ဟုဘုရားသခင်က ဂတိပြုသောအခါ ယုံကြည်သောကြောင့် ဘုရားသခင်က သူ့ကိုဖြောင့်မတ်သောသူ၊ ဟုသတ်မှတ်လိုက်သည် (ကမ္ဘာ ၁၅း၆)။ ပေါလုက ရောမအသင်းတော်ထံ၌လည်း၊ “အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မှန်လျှင်၊ ဝါကြွားစရာအကြောင်းရှိ၏။ ဘုရားသခင့်ရှေ့တော်၌ ထိုသို့မဟုတ်။ ကျမ်းစာ၌ အဘယ်သို့ လာသနည်း။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။” (ရောမ ၄း၂-၃) ဟုရေးသွားသည်။  

၇။ ယုံကြည်ခြင်း ရှိသောသူသည် အာဗြဟံ၏သားဖြစ်သည်၊ ဟုအမှန်သိမှတ်ကြလော့။ 

ယုဒလူများသည် အာဗြဟံအမျိုးဖြစ်ကြသည်ကို အလွန်ဂုဏ်ယူကြောင်း ဤသို့တွေ့ရသည်၊ ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံအမျိုးဖြစ်ကြ၏။ အဘယ်သူထံ၌ တရံတခါမျှ ကျွန်မခံကြ။ (ယော ၈း၃၃) ဟူ၍၎င်း၊  အာဗြဟံသည် ငါတို့အဘဖြစ်၏၊ ဟူ၍၎င်း၊ ဆိုကြ၏။ ယေရှုကလည်း၊ သင်တို့သည် အာဗြဟံ၏သားမှန်လျှင် အာဗြဟံ၏အကျင့်ကို ကျင့်ကြလိမ့်မည်။ (ယော ၈း၃၉) ဟုပြန်ဖြေသည်။ ဗတ္တဇံဆရာယောဟန်ကလည်း၊ ဖာရိရှဲနှင့်ဇဒ္ဒုကဲများထံ၊ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကို ထုတ်ဖော် ဖန်ဆင်းနိုင်တော်မူသည်၊ ဟုငါအမှန်ဆို၏။ (မဿဲ ၃း၉) ဟုဆိုခဲ့သည်။

အာဗြဟံသားဖြစ်ရခြင်းသည် အဘယ်အကျိုးရှိသနည်း။ အာဗြဟံသားဖြစ်ခြင်းသည် အလွန်အကျိုးရှိပါသည်။ ဘုရားသခင်ကိုယ်တော်တိုင်က၊ သင့်ကိုကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကိုကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။ (ကမ္ဘာ ၁၂း၃) ထို့အပြင် ဘုရားသခင်က အာဗြဟံထံ သူနှင့်ပတ်သက်သောသူတိုင်း အရေဖျားလှီးခိုင်းသည်။ အရေဖျားလှီးခြင်းသည်၊ ငါနှင့်သင်တို့ပြုသောပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်ရလိမ့်မည်။ (ကမ္ဘာ ၁၇း၁၁) ထို့ကြောင့် အာဗြဟံသားဖြစ်ခြင်းသည် ဘုရားသခင်နှင့် ပဋိညာဉ်ပြုသောသူ၊ ဘုရားသခင်၏လူ၊ ဟုအဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် ယုဒလူများက အာဗြဟံသားဖြစ်ခြင်းကို အလွန်ဂုဏ်ယူဝါကြွား ကြခြင်းဖြစ်သည်။

တပါးအမျိုးသားများသည် ဇာတိအားဖြင့် အာဗြဟံသားများ လုံးဝဖြစ်နိုင်စရာအကြောင်းမရှိပါ။ သို့သော်၊ ယုံကြည်ခြင်းအားဖြင့် အာဗြဟံသားများဖြစ်နိုင်ခွင့် ရရှိကြသည်။ အာဗြဟံသားများဖြစ်လျှင် ဘုရားသခင်နှင့်ဆိုင်၍၊ ဘုရားသခင်က အာဗြဟံထံ ဂတိပေးထားသော ကောင်းကြီးမင်္ဂလာများ ခံစားခွင့်ရရှိကြပြီဖြစ်သည်။ သို့သော် နားမလည်သောသူများအနေဖြင့် အာဗြဟံသားဖြစ်ခြင်းကို တန်ဘိုးထား၊ ဂုဏ်ယူကြမည်မဟုတ်ချေ။ သင်သည် အာဗြဟံသားဖြစ်သလော။ အာဗြဟံသားဖြစ်ခြင်း ကို ဂရုစိုက်ပါသလော။ 

၈။ ဘုရားသခင်သည် ယုံကြည်ခြင်းကိုထောက်၍၊ တပါးအမျိုးသားတို့ကို ဖြောင့်မတ်ရာ၌ တည်စေတော်မူမည်၊ ဟုကျမ်းစာသည် မြော်မြင်လျက်၊ အာဗြဟံအားအမိန့်ရှိ၍၊ သင့်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်၊ ဟုဧဝံဂေလိတရားကို ဟောနှင့်လေ၏။

အချို့သောသူများက ဘုရားသခင်အပေါ် အာဗြဟံနှင့်သူ့သားစဉ်မြေးဆက်များ ရွေးကောက်ခြင်းကို အထင်လွဲတတ်ကြသည်။ ဘုရားသခင်သည် ခွဲခြားခြင်းရှိသည်၊ ဣသရေလလူမျိုးများသာလျှင်ချစ်သည်၊ ဟုမြင်ကြသည်။ ထိုသို့မဟုတ်ပါ။ ဣသရေလလူမျိုးမရှိမှီ သူတို့၏ဖခင်ကြီး အာဗြဟံထံ၌ ယုံကြည်ခြင်းအားဖြင့် တပါးအမျိုးသားများလည်း ဖြောင့်မတ်စေမည်ကို ကြိုပြောခဲ့ပြီ။ အာဗြဟံအားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးခံစားမည်၊ ဟုပြောခဲ့ပြီ။ သို့ဖြစ်လျှင် အဘယ်ကြောင့် အာဗြဟံနှင့်အမျိုးကို ရွေးသေးသနည်း၊ ဟုမေးစရာရှိသည်။ သူတို့ကိုရွေး ခြင်းသည် သူတို့ကိုသာချစ်၍ ကောင်းကြီးပေးချင်သောကြောင့် မဟုတ်ပါ။ သူတို့သည် တပါးအမျိုးသားများအတွက် ပုံသက်သေဖြစ်ဘို့၊ ဘုရားသခင်အကြောင်းကို သင်ပေးသော ယဇ်ပုရောဟိတ်များဖြစ်ဘို့ ရွေးခြင်းဖြစ် သည်။ ဘုရား သခင်ကိုယ်တိုင်က၊ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်း သောလူမျိုး ဖြစ်ရကြလိမ့်မည်၊ (ထွက်မြောက်ရာ ၁၉း၆) ဟုပြောခဲ့သည်။ ယဇ်ပုရောဟိတ်သည် ဘာလုပ်ရမည်နည်း။ ယဇ်ပုရောဟိတ် နှုတ်ခမ်းသည် ပညာကိုစောင့်ရမည်။ သူ၏နှုတ်၌ လူတို့သည် တရားတော်ကိုရှာရကြမည်။ အကြောင်းမူကား၊ သူသည် ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား စေလွှတ်တော်မူသော တမန်ဖြစ်၏။ (မာလခိ ၂း၇) ဟုကျမ်းစာက ပြောထားသည်။ ထို့ကြောင့် ဣသရေလလူများသည် တပါးအမျိုးသားများထံ ဘုရား၏အကြောင်းကို ပြောပြဘို့ဖြစ် သည်။

၉။ သို့ဖြစ်၍ ယုံကြည်ခြင်း ရှိသောသူတို့သည်၊ ယုံကြည်သော အာဗြဟံနှင့်အတူ ကောင်းကြီးမင်္ဂလာကို ခံရကြ၏။

ဘုရားသခင်က အာဗြဟံထံ ကောင်းကြီးပေးဘို့ ဂတိပေးထားသည်။ သို့သော်၊ မည်သူမဆို ယုံကြည်သောသူတိုင်း အာဗြဟံနှင့်အတူ ကောင်းကြီးမင်္ဂလာကို ခံရကြ၏၊ ဟုပေါလုက ရေးသားထားသည်။ အကယ်၍ သင်သည် ကောင်း ကြီးမင်္ဂလာကို မခံစားရလျှင် ဘုရားသခင်ကို မယုံကြည်သောကြောင့်ဖြစ်သည်။

၁၀။ ပညတ်တရား၏ အကျင့်ကို အမှီပြုသောသူ ရှိသမျှတို့သည်၊ အကျိန်နှင့်စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတ္တိကျမ်းစာ၌ ပါသမျှသောစကားတို့ကို၊ အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်း၊ ဟုကျမ်းစာလာ၏။

အံ့ဩဘွယ်ကောင်းသည်မှာ လူသည် ပညတ်တော် လိုက်လျှောက်မှ ကောင်းကြီးခံစားမည်၊ ဖြောင့်မတ်မည်၊ ဘုရားသခင်ကလက်ခံမည်၊ ကောင်းကင်ရောက်မည်၊ ဟုသင်ပေးစရာမလိုဘဲ ယုံကြည်ကြသည်။ သို့သော်၊ ထိုသို့ ယုံကြည်သောသူအများစုသည် အမှန်တကယ် ပညတ်တော်ကို လိုက်လျှောက်ဘို့ ကြိုးစားသောသူများမဟုတ်ကြချေ။ လိုက်လျှောက်ရမည်၊ ဟုလေထဲတိုက်အိမ်ဆောက် သောသူများဖြစ်ကြသည်။  ပေါလုက ထိုကဲ့သို့ ပညတ်တရား၏ အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့်စပ်ဆိုင်သည်၊ ဟုအောက်ပါကျမ်းကို ကိုးကား၍ ရေးထားသည်၊  ဤပညတ်တရား စကားတို့ကို အမြဲမကျင့်သောသူသည် အမင်္ဂလာ ရှိစေသတည်း၊ ဟုကျိန်လျှင်၊ လူအပေါင်းတို့က အာမင်၊ ဟုဝန်ခံရကြမည်။ (တရားဟော ၂၇း၂၆) ပညတ်တော်လိုက်လျှောက်ခြင်းသည် အလွန်ကောင်းပါသည်။ သို့သော် ပညတ်အားလုံးကို အမြဲကျင့်ဘို့လိုသည်။ မည်သူကမျှ ပညတ်တော်အားလုံးကို အမြဲမကျင့်နိုင်ပါ။ ယာကုပ်ကလည်း၊ ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစုံတခု၌ မှားမိလျှင်၊ ပညတ်တရားအလုံးစုံကို လွန်ကျူးသော အပြစ်ရှိ၏။ (ယာကုပ် ၂း၁၀) ဟုဆိုသည်။

အဘယ်ကြောင့် ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် ဖြောင့်မတ်မည်၊ ကယ်တင်ခြင်းသို့ရောက်မည်၊ ဟုဆိုကြသနည်း။ ထိုသို့ခံယူပြောဆိုသောသူသည် ကိုယ်တိုင် ပညတ်တော်ကို မလိုက်လျှောက်ဘူးသောကြောင့်ဖြစ်သည်။ သခင်ဘုရားကိုယ်တော်တိုင်က၊ မောရှေသည် ပညတ်တရားကို သင်တို့အားပေးသည် မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစုံတယောက်မျှမကျင့်။ (ယောဟန် ရး၁၉) ဟုဆိုသည်။ ဆာလံဆရာကလည်း၊ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တယောက်မျှမရှိ။ (ဆာလံ ၁၄း၃။ ဆာလံ ၅၃း၃) ဟုရေးထားသည်။ ပေါလုကလည်း ထိုအရာကိုကိုးကား၍၊ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူ ဖြစ်ကြပြီ။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ၊ တယောက်မျှမရှိ။ (ရောမ ၃း၁၂)။ ဟုရေးသည်။ ထိုသို့ပညတ်တော်သည် လိုက်လျှောက် ၍မရသောကြောင့် လိုက်လျှောက်ဘို့ကြိုးစားသောသူသည် ကျိန်ခြင်းခံရခြင်းဖြစ်သည်။ သင်သည် ပညတ်တော်များ ကိုလိုက်လျှောက်ဘို့ ကြိုးစားဘူးပါသလော။ 

၁၁။ တဖန်တုံ၊ ​ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ 

ဤကျမ်းပိုဒ်သည်၊ စိတ်မြင့်သောသူသည် သဘောမ​ဖြောင့်။ ​ဖြောင့်မတ်သော သူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ ဟဗက္ကုတ် ၂း၄ ကိုကိုးကားခြင်းဖြစ်သည်။ ဤကျမ်းပိုဒ် အားဖြင့် မာတင်လူသာကို ပြောင်းလဲစေခဲ့သည်။ 

၁၂။ ပညတ်တရားမူကား ယုံကြည်ခြင်းနှင့်မစပ်ဆိုင်။ ထိုအကျင့်ကိုကျင့်သောသူသည်၊ ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်၊ ဟုဆိုသတည်း။

ပေါလုက၊ ပညတ်တရားစောင့်လျှောက်ခြင်းနှင့် ယုံကြည်ခြင်းသည် ရောစပ်၍မရကြောင်းကို ဤကဲ့သို့ရေးသွားသည်၊ အကျင့်ရှိသောသူမည်သည်ကား၊ ကျေးဇူးအားဖြင့် အကျိုးကိုခံရသည်မဟုတ်။ ခံထိုက်သောအားဖြင့်ခံရ၏။ အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကို ဖြေသောသူကိုယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။ (ရောမ ၄း၄-၅) ဥပမာ၊ သင်သည်အလုပ်လုပ်သောအခါ သူဌေးကပိုက်ဆံကို သနားသောကြောင့် သင်အားပေးသည်မဟုတ်၊ သင်၏လုပ်အားခအတွက်ပေးခြင်းဖြစ်သည်။ သို့သော်၊ သင်သည် နေမကောင်းသောကြောင့် အလုပ်မလုပ်နိုင်သော်လည်း၊ သူဌေးကပိုက်ဆံကို ပုံမှန်ပေးလျှင် သင့်ကိုသနားသောကြောင့် ပေးခြင်းဖြစ်သည်။ လုပ်အားခနှင့်သနားခြင်းသည် ရော၍မရပါ။ 

 

၁၃။ ထိုကြောင့်၊ ဘုရားသခင့်ရှေ့တော်၌၊ ပညတ်တရားအားဖြင့် အဘယ်သူမျှ ​ဖြောင့်မတ်ရာသို့မရောက်နိုင်၊ ဟုထင်ရှားလျက်ရှိ၏။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူတိုင်း၊ ကျိန်ခြင်းကို ခံရသောသူဖြစ်သည်၊ ဟုကျမ်းစာလာသည်နှင့်အညီ၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့်၊ ကျိန်ခြင်းကို ခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ၊ ရွေးနှုတ်တော်မူပြီ။

လူရှေ့၌ ပညတ်တရားအားဖြင့် ဖြောင့်မတ်နိုင်သည်။ အကြောင်းမှာ လူသည် ပြင်ပန်းသဏ္ဍာန်ကို ကြည့်သည်။ သို့သော်၊ ဘုရားသခင်သည် စိတ်နှလုံးကို ကြည့်ရှုသည် (၁ ဓမ္မ ၁၆း၇)။ ခရစ်တော်က၊ လူအသက်ကိုမသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌ အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ်၌ မီးရှို့ခြင်းကို ခံထိုက်ပေ၏။ (မဿဲ ၅း၂၁-၂၂)ဟုဆိုသည်။ ခရစ်တော်အမြင်၌ အမျက်ထွက်သောသူ၊ ညီအစ်ကိုကို ကဲ့ရဲ့သောသူ၊ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် လူ့အသက်ကို သတ်သောသူနှင့်တူသည်။ ယောဟန်ကလည်း၊ မိမိညီအစ်ကိုကို မုန်းသောသူ မည်သည်ကား၊ လူအသက်ကို သတ်သောသူဖြစ်၏။ (၁ ယော ၃း၁၅) ဟုရေးသည်။ သင်သည် ကိုယ်ထိလက်ရောက် လူမသတ်သော်လည်း ညီအစ်ကိုအပေါ် အမျက်ထွက်ဘူးလျှင်၊ ကဲ့ရဲ့ဘူးလျှင်၊ ကျိန်ဆဲဘူးလျှင်၊ မုန်းဘူးလျှင်၊ ဘုရားအမြင်၌ လူအသက်ကိုသတ်ဘူးပြီ။ 

တဖန်ခရစ်တော်က၊ သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ ငါ့ပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကို ကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။ (မဿဲ ၅း၂၇-၂၈) ဟုဆိုသည်။ ကိလေသာစိတ်နှင့် သူ့မယားကို မကြည့်ဘူးသောသူရှိမည်မထင်ပါ။ လူ့အမြင်၌ သူ့မယားနှင့်မပြစ်မှားသော်လည်း၊ ဘုရားအမြင်၌ ပြစ်မှားကြပြီ။ မိန်းမများလည်း၊ သူ့လင်ကို ကိလေသာစိတ်နှင့်ကြည့်ရှုဘူးလျှင် သူ့လင်နှင့်ပြစ်မှားဘူးပြီ။ ထို့ကြောင့်၊ ဘုရားအမြင်၌ ပညတ်တော်လိုက်လျှောက်နိုင်ဘို့သည် လုံးဝမဖြစ်နိုင်ပါ။ 

ဘုရားသခင်က မောရှေအားဖြင့်၊ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသောသူဖြစ်၏။ (တရားဟော ၂၁း၂၃) ဟုဆိုသည်။ လူသားတိုင်းသည် ပညတ်တော်မလိုက်လျှောက်နိုင်သောကြောင့် ကျိန်ခြင်းခံရ သောသူများဖြစ်ကြသည်။ သို့သော်၊ ကျမ်းစာကိုနားမလည်သောကြောင့်၊ ကျိန်ခြင်းခံနေရမှန်းလည်းမသိကြချေ။ ဥပဒေချိုးဖေါက်နေမှန်းမသိလျှင် ကြောက်စိတ်မရှိချေ။ ထို့ကြောင့်လွတ်လမ်းလည်းမရှာချေ။ ထို့နည်းတူ၊ ပညတ်တော်မလိုက်လျှောက်နိုင်မှန်း မသိသောကြောင့် ကျိန်ခြင်းခံနေမှန်းလည်းမသိ၊ ပူပင်သောကမရောက်၊ ကြောက်ရမှန်းလည်းမသိကြချေ။ ထို့ကြောင့်လွတ်လမ်းလည်းမရှာ၊ လွတ်လမ်းပြောလျှင်လည်း ဂရုမစိုက်ကြခြင်းဖြစ်သည်။ 

ကျိန်ခြင်းခံသောသူသည် သစ်တိုင်မှာဆွဲရမည်၊ ဟုကျမ်းစာလာသည်။ လူသားတိုင်းသည် အာဒံသားသမီးများဖြစ်သောကြောင့် မွေးကတည်းက ကျိန်ခြင်းခံရသောသူများဖြစ်ကြသည်။ ထို့အပြင်၊ ပညတ်တော်ကို မလိုက်လျှောက်နိုင်သောကြောင့် ကျိန်ခြင်းခံရကြသည်။ ကျိန်ခြင်းခံသောကြောင့် သစ်တိုင်ပေါ်၌ဆွဲရမည့်သူများဖြစ်ကြသည်။ သို့သော်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့်၊ ကျိန်ခြင်းကို ခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ၊ ရွေးနှုတ်တော်မူပြီ။ မည်မျှဝမ်းသာ စရာကောင်းသနည်း။ ထိုသို့ခရစ်တော်က ငါတို့ကိုယ်စား ကျိန်ခြင်းခံခြင်းဖြင့် ပညတ်တရားမလိုက်လျှောက်နိုင်ခြင်းမှ၎င်း၊ ကျိန်ခြင်းမှ၎င်း၊ ကယ်တင်ခြင်းကို ယုံကြည်လက်ခံဘို့သာရှိသည်။ 

၁၄။ အကြောင်းမူကား၊ အာဗြဟံခံရသော ကောင်းကြီးမင်္ဂလာသည်၊ ယေရှုခရစ်အားဖြင့် တပါးအမျိုးသားတို့၌၊ သက်ရောက်သည်ဖြစ်၍၊ ငါတို့သည် ဂတိတော်နှင့်ယှဉ်သော ဝိညာဉ်တော်ကို၊ ယုံကြည်ခြင်းအားဖြင့် ခံရကြမည် အကြောင်းတည်း။ 

ဘုရားသခင်က ကောင်းကြီးမင်္ဂလာကို အာဗြဟံအပေါ်ပေးသည်သာမက၊ ယေရှုခရစ်အားဖြင့် တပါးအမျိုးသားဖြစ်သော သင်နှင့်ကျွန်ုပ်တို့လည်း ခံစားနိုင်ပြီဖြစ်သည်။ ဘုရားသခင်က အာဗြဟံထံ၊ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်၊ (ကမ္ဘာ ၁၂း၃) ဟူသောအရာသည် ယေရှုခရစ်အားဖြင့် လူတိုင်းခံစားနိုင်ပြီဖြစ်သည်။ ထို့အပြင်၊ ဘုရားသခင်ကိုယ်တော်တိုင် ဝိညာဉ်တော်အားဖြင့် ငါတို့ထံ၌နေနိုင်ပြီ။ ဓမ္မဟောင်းခေတ်တွင် ဝိညာဉ်တော်သည် ဘုရင်များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့် ဘုရားအသုံးပြုသောသူများထံ၌ သာပေးလေ့ရှိသည်။ သို့သော် ယခုအခါတွင် ယုံကြည်သောသူတိုင်းရရှိနိုင်ပြီဖြစ်သည်။  

ဓမ္မဟောင်းကာလတွင် ခေါင်းဆောင်များထံ၌သာပေးသော ဝိညာဉ်တော်ကို ဓမ္မသစ်ကာလတွင် ယုံကြည် သူတိုင်းထံပေးဘို့ ဓမ္မဟောင်းပရောဖက်များထံမှ ဤသို့ဟောပြောခဲ့ပြီ၊ ရေငတ်သောသူအပေါ်မှာ ရေကို ငါသွန်းလောင်း၍၊ သွေ့​ခြောက်သောမြေကို ရေလွှမ်းမိုးစေမည်။ သင်၏အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကို၎င်း၊ သင်၏အနွယ်ပေါ်မှာ ငါ့ကောင်းကြီးမင်္ဂလာကို၎င်း၊ ငါသွန်းလောင်းမည်။ (ဟေရှာယ ၄၄း၃) တဖန်၊ ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည်လည်း ဗျာဒိတ်ရူပါရုံတို့ကိုလည်း မြင်ရကြလိမ့်မည်။ (ယောလ ၂း၂၈) သခင်ယေရှုကလည်း လိုချင်သောသူတိုင်းအပေါ် သန့်ရှင်းသောဝိညာဉ်တော် ပေးမည့်အရာကို ဤသို့ပြောခဲ့သည်၊ ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ်သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။ ငါ့ကို ယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း၊ အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည်၊ ဟုမိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည်၊ ခံရလတံ့သော ဝိညာဉ်တော်ကိုရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော် မမူသေးသောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးတော်မမူသေး။(ယောဟန် ၇း၃၇-၃၉) သင်သည်ထိုကဲ့သို့ ဂတိပြု ထားသော သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိပြီးပြီလော။ မရရှိသေးလျှင် ယုံကြည်ခြင်းနှင့်ဆုတောင်းပါ။ 

၁၅။ ညီအစ်ကိုတို့၊ လောကီဝေါဟာရအားဖြင့် ငါပြောမည်။ လူသော်လည်း ဝန်ခံစာကို ချုပ်ပြီးမှ အဘယ်လူမျှ မပယ်ရ၊ ထပ်ဆင့်၍ စကားကိုမသွင်းရ။

လူနှစ်ဦးသဘောတူ စာချုပ်ချုပ်ပြီးသောအခါ နှစ်ဦးသဘောတူခြင်းမရှိဘဲ ထိုစာချုပ်ကိုထပ်၍ ထည့်ခြင်း၊ နှုတ်ခြင်း များကိုမပြုလုပ်နိုင်ချေ။ စာချုပ်ကို တဖက်သပ်တဦးတည်း၊ ထပ်ထည့်ခြင်း၊ နှုတ်ခြင်းကိုပြု လုပ်လျှင် တရားမဝင်တော့ချေ။ ဘုရားသခင်က အာဗြဟံနှင့် ပဋိညာဉ်ပြုသောအရာ (စာချုပ်) ကို ပြန်ပြင်၍ မရတော့ချေ။ 

၁၆။ ဂတိတော်တို့ကို အာဗြဟံနှင့် သူ၏အမျိုးအနွယ်၌၊ ထားတော်မူ၏။ အမျိုးအနွယ်တို့၊ ဟုအများသော သူတို့ကို ရည်မှတ်၍၊ မိန့်တော်မူသည်မဟုတ်။ သင်၏အမျိုးအနွယ်၊ ဟုတယောက်သော သူကို ရည်မှတ်၍ မိန့်တော်မူ၏။ ထိုတယောက်သောသူကား၊ ခရစ်တော်ဖြစ်သတည်း။

ဘုရားသခင်က အာဗြဟံထံ၊ သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည် (ကမ္ဘာ ၂၂း၁၈)၊ ဟုဂတိပြုခဲ့သည်။ ထိုဂတိသည် အမျိုးအနွယ်တို့ ဟူ၍အများသောသူတို့အားဖြင့် မဟုတ်ဘဲ၊ သင်၏အမျိုးအနွယ်ဟူ၍ တယောက်တည်းကို ရည်ညွှန်း၍ ပြုခဲ့သည်။ ထိုတယောက်တည်းသောသူ သည်ခရစ်တော်ဖြစ်သည်၊ ဟုပေါလုက ရှင်းပြသည်။ 

၁၇။ ငါဆိုသည်ကား၊ ခရစ်တော်ကို ရည်မှတ်၍၊ ဘုရားသခင် တည်စေတော်မူနှင့်သော၊ ပဋိညာဉ်တရားကို၊ အနှစ်လေးရာသုံးဆယ် လွန်ပြီးမှ၊ နောင်ဖြစ်သော ပညတ်တရားသည် မပယ်နိုင်။ ဂတိတော်ကို အချည်းနှီးမဖြစ်စေနိုင်။

ဘုရားသခင်က အာဗြဟံထံ သူ၏အမျိုးအနွယ်အားဖြင့် ထားသောဂတိတော်ကို ဤနေရာ၌ ပဋိညာဉ်တရား၊ ဟုပြန်သုံးသည်။ ဘုရားသခင်က ဂတိတော်ကို အာဗြဟံခေါ်ခါစ၌ ပြုခဲ့သည် (ကမ္ဘာဦး ၁၂း၃)။ ထိုအချိန်သည် ဘီစီ ၁၈၀၀ ခန့်တွင်ဖြစ်သည်။ နောက်ထပ် နှစ်ပေါင်းလေးရာသုံးဆယ်လွန် သောအခါ၊ မောရှေအားဖြင့် ဣသရေလလူများကို အဲဂုတ္တုပြည်မှနှုတ်၍ သိနာတောင်ခြေ၌ ပညတ်တော်ပေးခဲ့သည်။ ထိုပညတ်တော်က ဂတိတော်သို့မဟုတ် ပဋိညာဉ်ကို အချည်းနှီးမဖြစ်စေနိုင်၊ ဟုဆိုသည်။ အဘယ်ကြောင့်ပေါလုက ဂတိတော်သို့မဟုတ်ပဋိညာဉ်တော်ကို ပညတ်တော်နှင့်ယှဉ်၍ ပြောသနည်း။ အကြောင်းမှာ ဂတိတော်သည်၊ စကားနားထောင်သောကြောင့် ရမည့်အရာမဟုတ်။ သို့သော် ပညတ်တော်သည် လိုက်လျှောက်နိုင်မှသာလျှင် အကျိုးရရှိမည့်အရာဖြစ်သည်။

၁၈။ ထိုမှတပါး၊ အမွေတော်သည် ပညတ်တရားနှင့်စပ်ဆိုင်လျှင်၊ ဂတိတော်နှင့်မစပ်ဆိုင်။ ဘုရားသခင်သည် ဂတိတော်အားဖြင့်၊ အာဗြဟံအားထို အမွေတော်ကို သနားတော်မူ၏။

ဘုရားသခင်က အာဗြဟံအား ပေးမည့်အမွေတော်သည် အဘယ်အရာနည်း။ ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်း၊ ပေါက်ဖော်များထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့သွားလော့။ ငါသည်သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင်သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည်။ (ကမ္ဘာ ၁၂း၁-၂) ဟူသောအရာသည် အမွေတော်ဖြစ်သည်။ ပေါလုက၊ ဤလောကကို အမွေခံစေမည်၊ ဟုဂတိတော်ကို အာဗြဟံမှစသော သူ၏အမျိုးအနွယ်တို့သည်၊ ပညတ်တရားအားဖြင့် ရကြသည်မဟုတ်။ ယုံကြည်ခြင်း၏ ဖြောင့်မတ်ခြင်းအားဖြင့်၊ ရကြ၏။ (ရော ၄း၁၃) ဟုရေးထားသည်။ 

၁၉။ သို့ဖြစ်၍ ပညတ်တရားသည်၊ အဘယ်အကျိုးရှိသနည်းဟူမူကား၊ ဂတိတော်ကိုခံသော အမျိုးအ နွယ် မဖြစ်မှီ တိုင်အောင်၊ ဒုစရိုက်များကြောင့် ထိုတရားကိုထပ်၍ ပေးတော်မူ၏။ ထိုတရားကို ကောင်းကင်တမန်များအားဖြင့်၊ ကြားဝင်စေ့စပ်ပေးသူ၏လက်၌ထားတော်မူ၏။ 

ဘုရားသခင်က အာဗြဟံအား အမွေတော်ပေးဘို့ ဂတိပြုပြီးမှ အဘယ်ကြောင့် ပညတ်တော် ထပ်၍ပေး သနည်း၊ ဟုမေးခွန်းထုတ်သည်။ ထိုမေးခွန်းကို သူကိုယ်တိုင်ဖြေထားသည်။ ဂတိတော် မပြည်စုံမှီ ဒုစရိုက်အပြစ်များကြောင့် ပညတ်တော်ပေးခြင်းဖြစ်သည်။ မိဘကသားသမီးများကို ချစ်သော်လည်း၊ အရွယ်ရောက်သောအခါ အမွေဥစ္စာပေးမည်ဖြစ်သော်လည်း၊ အရွယ်မရောက်မှီအထိ စည်းကမ်းနှင့်ဆုံးမ ခြင်းအားဖြင့် စောင့်ရှောက်ထိန်းသိမ်းရသည်။ အကြောင်းမှာ လူသည်ငယ်ရွယ်စဉ်တွင် လူကြီးကဲ့သို့မစဉ်း စားတတ်သောကြောင့် လမ်းလွဲခြင်း၊ အပြစ်ကျူးလွန်ခြင်းများပြုလုပ်တတ်သည်။ လူသည်ယုံကြည်ခြင်း အားဖြင့် ဂတိတော်မယူတတ်မှီတွင် ပညတ်တော်အားဖြင့် အကျင့်မပျက်ဘို့ ထိန်းသိမ်းစောင့်ရှောက်ရ သည်။

ထိုတရားကို ကောင်းကင်တမန်များအားဖြင့်၊  ကြားဝင်စေ့စပ်ပေးသူ၏လက်၌ထားတော်မူ၏။ ထိုတရားသည် ပညတ်တော်ကို ဆိုလိုသည်။ ပညတ်တော်ကို ကောင်းကင်တမန်အားဖြင့်  ကြားဝင်စေ့စပ်ပေးသူ၏လက်၌ ထားခြင်းသည် ဘာကိုဆိုလိုသနည်း။ ဘုရားသခင်က မောရှေကို သိနာတောင်ပေါ်၌ ပညတ်တရားတော်ပေးသောအခါ ကောင်းကင်တမန်များ ပါဝင်ကြောင်း ဤကျမ်းပိုဒ်များအားဖြင့်သိရသည်၊ ထာဝရဘုရားသည် သိနာတောင်ပေါ်က ကြွတော်မူ၏။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ၍၊ သန့်ရှင်းသောသူ အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ၍၊ ဓမ္မမီးသည် ဣသရေလလူတို့အဖို့၊ လကျ်ာလက်တော်မှ ထွက်လေ၏။ (တရားဟော ၃၃း၂)။ ဆက်၍၊ သင်တို့သည် ကောင်းကင်တမန်များ ခင်းကျင်းသောအားဖြင့် ပညတ်တရားတော်ကို ခံရသော်လည်း၊ မစောင့်မရှောက်ကြ၊ ဟုသတေဖန်မြွက်ဆို၏။(တမန် ရး၅၃)။ ကောင်းကင်တမန်များအားဖြင့်၊ ထားတော်မူသော ဗျာဒိတ်တော်သည်တည်၍၊ ပြစ်မှားလွန်ကျူးခြင်းအမှု အမျိုးမျိုးတို့သည်၊ ခံထိုက်သော အပြစ်ဒဏ်ကို ခံရသည်မှန်လျှင်၊(ဟေဗြဲ ၂း၂)။ ဟူသောကျမ်းပိုဒ်များအရ ပညတ်တော်ပေးသောအခါ ကောင်းကင်တမန်များပါဝင်ကြောင်း သိရှိရသည်။ 

ကြားဝင်စေ့စပ်ပေးသူ၏လက်၌ထားတော်မူ၏။ ကြားဝင်စေ့စပ်ပေးသောသူသည် မည်သူနည်း။ ဘုရား သခင်က ပညတ်တော်ပေးသောအခါ မောရှေထံ၌ပေးသည်။ လူအပေါင်းတို့သည် မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲက မီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့် ရွေ့၍အဝေး၌ ရပ်နေကြ၏။ မောရှေကိုလည်း၊ အ​ကျွန်ုပ်တို့အား ကိုယ်တော်မိန့် တော်မူပါ၊ အ​ကျွန်ုပ်တို့သည် နားထောင်ပါမည်။ အ​ကျွန်ုပ်တို့အား ဘုရားသခင် မိန့်တော် မမူပါစေနှင့်။ အ​ကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်၊ ဟုလျှောက်ဆိုကြ၏။(ထွက်မြောက် ၂၀း၁၈-၁၉) ထို့ကြောင့်၊ ကြားဝင်စေ့စပ်ပေးသောသူ သည်မောရှေဖြစ်သည်။

၂၀။ ကြားဝင်စေ့စပ်ပေးသောသူမည်သည်ကား၊ တဘက်နှင့်သာဆိုင်သည်မဟုတ်။ ဘုရားသခင်မူကား တဖက်ဖြစ်တော်မူ၏။

ကြားဝင်စေ့စပ်ပေးသူသည် မောရှေဖြစ်ကြောင်း အထက်၌သိရှိရပြီ။ သူသည်ဘုရားနှင့်သာမဆိုင်၊ ထို့နည်းတူ ဣသရေလလူများနှင့်သာမဆိုင်၊ နှစ်ဖက်စလုံးနှင့်ဆိုင်သည်။ ဘုရားမူကားတဖက်ဖြစ် တော်မူ၏၊ ဟုဆိုသည်။

၂၁။ သို့ဖြစ်၍ ပညတ်တရားသည်၊ ဘုရားသခင်၏ ဂတိတော်တို့နှင့် ဆန့်ကျင်ဘက်ဖြစ်သလော။ ထိုသို့မဖြစ်နိုင်ရာ။ ပေးတော်မူသောပညတ်တရားသည် အသက်ရှင်စေနိုင်လျှင်၊ အကယ်စင်စစ် ထိုတရားအားဖြင့် ဖြောင့်မတ်ခြင်းကို ရလိမ့်မည်။

ပညတ်တရားသည် ဂတိတော်နှင့်ဆန့်ကျင်သလော ဟုသူကိုယ်တိုင်မေးသော မေးခွန်းကို သူကိုယ်တိုင် က မဆန့်ကျင်ကြောင်း ရေးသွားသည်။ ပညတ်တရားက အသက်ရှင်စေနိုင်လျှင် ဖြောင့်မတ်ခြင်းကို လည်းပေးနိုင်မည်၊ ဟုဆိုသည်။ ပညတ်တရားသည် လူကိုဖြောင့်မတ်ခြင်းပေးနိုင်သလော။ မပေးနိုင်ပါ။ အသက်လည်းမပေးနိုင်ပါ။ ပညတ်တော်ပေးရခြင်းအကြောင်းကို၊ အောက်တွင်ဆက်လက်ရေး သားသွားသည်။

၂၂။ ယခုမူကား၊ ယုံကြည်သောသူတို့သည်၊ ယေရှုခရစ်ကိုယုံကြည်ခြင်းနှင့် စပ်ဆိုင်သောဂတိတော်ကို ရမည်အကြောင်း၊ ကျမ်းစာသည် လူအပေါင်းတို့ကို အပြစ်၌ချုပ်ထား၏။ 

ပေါလုက ပညတ်တော်ကို ကျမ်းစာဟုသုံးသွားသည်။ လူအပေါင်းကို ကျမ်းစာက အဘယ်ကြောင့် အပြစ်၌ချုပ်ထားသနည်း။ ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ဂတိတော်ကို ရမည့်အကြောင်း၊ ဟုဆိုသည်။ ထိုအရာကိုနားလည်ဘို့ ဥပမာအားဖြင့် ရှင်းပြလိုပါသည်။ မိဘများက သားသမီးများကို အလွန်ချစ်သော်လည်း စာတတ်ပြီးပညာရရှိဘို့အ တွက်၊ နေ့တိုင်း၊ အပတ်တိုင်း၊ နှစ်ပေါင်းများစွာ ကျောင်းတက်ခိုင်း၍ သူတို့လုပ်ချင်သောအရာများကို ခွင့်မပြုဘဲ ကျောင်း၌ချုပ်ထားသည်။ စာမေးပွဲဖြေသောအခါ၌လည်း လုံးဝမဖြေပေး၊ မကူညီဘဲနေကြသည်။ အကြောင်းမှာ စာတတ်လာသောအခါ ပညာရရှိ၍၊ ဝင်ငွေကောင်း၍ အလုပ်သက်သာသောအလုပ်များ လုပ်နိုင်ဘို့ရန်ဖြစ်သည်။ 

ထိုနည်းတူ၊ လူအပေါင်းတို့သည် ဂတိတော်နှင့်စပ်ဆိုင်သော ကောင်းကြီးမင်္ဂလာကို ရရှိနိုင်ဘို့ရန် ကျမ်းစာကအပြစ်၌ချုပ်ထားသည်။ မည်ကဲ့သို့ကျမ်းစာက ချုပ်ထားသနည်း။ လူသည်ကိုယ်ကိုကိုယ် အပြစ်မရှိ၊ ဖြောင့်မတ်သည်၊ ဟုယူဆတတ်ကြသည်။ သို့သော် ကျမ်းစာလာသည်ကား၊ ​ဖြောင့်မတ်သော သူမရှိ၊ တယောက်မျှမရှိ။ နားလည်သောသူ မရှိ။ ဘုရားသခင်ကို ရှာသောသူမရှိ၊ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူ ဖြစ်ကြပြီ။ ကောင်းသောအကျင့်ကို ကျင့်သော သူမရှိ၊ တယောက်မျှမရှိ။ (ဆာလံ ၁၄း၃။  ရောမ ၃း၁၀-၁၂) ဟုဆိုသောအခါ၊ ကိုယ်အခြေအနေကိုသိ၍ ယေရှုခရစ်အားဖြင့် ဘုရားဂတိပေးသောအရာကို လိုချင်လာတတ်သည်။

ကင်ဆာရောဂါအဆင့်တစ်ရှိသောသူသည် ကိုယ်ခန္ဓာ၌ နာခြင်းမခံစားသေးသောကြောင့်၊ ဘာကိုမျှဂရုမစိုက်၊ မာနထောင်လွှားနိုင်သည်။ သို့သော်၊ ဆေးစစ်၍ ကင်ဆာအဆင့်တစ်ရှိနေပြီ၊ ဟုဆရာဝန်က ပြောသောအခါ ကြောက်ရွံ့၍ ဆရာဝန်၏ အကူအညီကိုလုံးဝအားကိုးကာ၊ သူခိုင်းသမျှကိုလုပ်တတ်သည်။ ထို့နည်းတူ၊ ကျမ်းစာက လူသည်အပြစ်ရှိကြောင်းကို ဖေါ်ပြသောအခါ ကြောက်ရွံ့၍ ဘုရားဂတိပေးသောအရာကို ရရှိဘို့ရန် မျှော်လင့် တောင့်တလာတတ်သည်။

၂၃။ ယုံကြည်ခြင်းတရားမရောက်မှီ၊ ပညတ်တရားသည် စောင့်နေသည်ဖြစ်၍၊ ထိုအခါငါတို့သည် နောက်၌ ထင်ရှားလတံ့သော၊ ယုံကြည်ခြင်းတရားကို မြော်လင့်၍၊ ချုပ်ထားလျက်ရှိကြ၏။

ပေါလုက “ဂတိတော်”ဟုမသုံးဘဲ ဂတိတော်ကိုရရှိစေမည် “ယုံကြည်ခြင်းတရား၊” ဟုသုံးပြန်သည်။ များသောအားဖြင့် ကိုယ့်ဆန္ဒလိုချင်တောင့်တသောအရာ မျှော်လင့်ခြင်းကို ယုံကြည်ခြင်း၊ ဟုယူဆမိတတ်ကြသည်။ ပေါလုက၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့်ဖြစ်၏။ (ရောမ ၁၀း၁၇) ဟုရေးထားသည်။ ထို့ကြောင့်၊ ကိုယ်လိုချင်သောဆန္ဒကို မျှော်လင့်ခြင်းသည် ယုံကြည်ခြင်းမဟုတ်ပါ။ ယုံကြည်ခြင်းသည် ဘုရားသခင်၏စကားတော်ကိုကြား၍ သဘောတူညီခြင်းဖြစ်သည်။ 

နောက်၌ထင်ရှားလတံ့သော ယုံကြည်ခြင်းတရား သည်အဘယ်အရာကိုဆိုလိုသနည်း။ သခင်ယေရှုကို ယုံကြည်ခြင်းဖြစ်သည်။ လူတိုင်း သခင်ယေရှုကို မယုံကြည်မှီ ပညတ်တော်အားဖြင့် ဖြောင့်မတ်မည်၊ ဘုရားသခင်ကလက်ခံမည်၊ ကယ်တင်ခြင်းသို့ရောက်မည်၊ ကောင်းကင်နိုင်ငံဝင်စားနိုင်မည်၊ ဟုယူဆကြသည်။ သို့သော်၊ ပညတ်တရားသိလာသောအခါ မစောင့်လျှောက်နိုင်မှန်းကို ကျမ်းစာကသိစေသည်။ ထိုအခါ၊ ထောင်ကျသကဲ့သို့ခံစားသည်။ များစွာသော သူတို့သည် ပညတ်တော်မစောင့်လျှောက်နိုင်မှန်း မသိကြသောကြောင့်၊ ပညတ်တော်လိုက်လျှောက်ရမည်ဟု ကြွေးကြော်နေကြသည်။ ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် မဖြောင့်မတ်နိုင်ဟု ပြောသောအခါ စိတ်ဆိုးကြသည်။ ဆက်၍နားမထောင်ချင်ကြတော့ချေ။ သင်သည်ထိုသို့သောသူဖြစ်ပါသလား။ ပညတ်တော်မလိုက်လျှောက် နိုင်မှန်းအဘယ်ကြောင့်မသိကြသနည်း။ ဖြောင့်မတ်ခြင်းရရှိဘို့၊ ထာဝရအသက်ရရှိဘို့၊ ကောင်းကင်နိုင်ငံဝင်ဘို့များကို လေးနက်စွာမစဉ်းစားမဆင်ခြင်ကြသော ကြောင့်ဖြစ်သည်။ ပညတ်တော်မလိုက်လျှောက်နိုင်မှန်းသိလျှင်လည်း မပူပင်ကြချေ။ ရယ်စရာကဲ့သို့မှတ်တတ်ကြသည်။ ထိုသူများကို သနားရုံမှလွဲ၍ မည်သို့မျှမကူညီနိုင်ချေ။ ဝိညာဉ်တော်က နားလည်စေဘို့ ဆုတောင်းပေးရမည်။

၂၄။ ထိုကြောင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ၊ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကို ပို့ဆောင်၍၊ ငါတို့၏အထိန်းဖြစ်သတည်း။

ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှါ၊ ဟုရေးထားသည်။ မည်ကဲ့သို့ယုံကြည်ရုံဖြင့် ဖြောင့်မတ်နိုင်သနည်း။ လူသားအားလုံးသည် အပြစ်သားဖြစ်၍ ဘုရားသခင်ရှေ့မှောက်၌ လုံးဝဖြောင့်မတ်ခြင်းမရှိကြချေ။ ပေါလုက၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍၊ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။ (ရောမ ၃း၂၃) ဟုဆိုသည်။ အသရေပျက်ခြင်းဆိုသည်မှာ ဘုရား၏သန့်ရှင်း ဖြောင့်မတ်ခြင်း စံချိန်မမှီကြတော့ချေ။ သို့သော်၊ လူသည်မိမိ၏အဖြစ်ကို နားမလည်သောကြောင့်၊ ပူပန်စိုးရိမ်ရမှန်းမသိကြချေ။ ဘုရား၏ဘုန်းတော်ကိုမမြင်ကြဘဲ၊ မိမိကဲ့သို့သော လူသားများကိုသာလျှင် တွေ့မြင်နေကြသောကြောင့် ထိုကဲ့သို့မကြောက်ရွံ့မပူပန်ခြင်းဖြစ်သည်။ ပညတ်တော်လိုက်လျှောက် ရမည်၊ ဟုပြောသောအခါ၌လည်း တကယ်မလိုက်လျှောက်ကြသောကြောင့် မလိုက်လျှောက်နိုင် မှန်းမသိကြ။ 

ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကို ပို့ဆောင်၍၊ ငါတို့၏အထိန်းဖြစ်သတည်း။  လူသည်ပညတ် တော်မသိသောအခါ ကိုယ်ကိုယ်ကိုအပြစ်ရှိမှန်းမသိကြချေ။ ကင်ဆာရောဂါဆိုးအဆင့်တစ်ရှိသော်လည်း နာကျင်ခြင်းမခံစားသေးသောအခါ မကြောက်တတ်ချေ။ သို့သော်၊ ဓါတ်မှန်ရိုက်၍ ကင်ဆာရှိမှန်းသိလာ သောအခါ စိုးရိမ်ပူပန်၍ ဆရာဝန်ကို အလွန်အားကိုးလာတတ်သည်။ ပေါလုက၊ ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည် ဖြစ်သောကြောင့်၊ (ရော ၃း၂၀) ဟူ၍၎င်း၊  ပညတ်တရားအားဖြင့်သာ အပြစ်သဘောကိုငါသိရ၏။ (ရော ၇း၇) ဟူ၍၎င်း၊ ရေးသည်။ ပညတ်တော်က အပြစ်ကိုဖေါ်ပြသောအခါ လူသည်ကြောက်ရွံ့လာ၍ ခရစ်တော်ထံသို့ ချဉ်းကပ်လာတော့သည်။ ထို့ကြောင့် ဓါတ်မှန်စက်က လူနာကို ဆရာဝန်ထံပို့ဆောင်သကဲ့သို့၊ ပညတ်တရားက အပြစ်သားကို ခရစ်တော်ထံသို့ပို့ဆောင်သောကြောင့် ငါတို့၏အထိန်း၊ ဟုဆိုရခြင်းဖြစ်သည်။ 

၂၅။ ယုံကြည်ခြင်းတရားသည် ရောက်လာသောအခါ၊ ငါတို့သည် ထိုအထိန်းလက်မှလွတ်ကြ၏။

ယုံကြည်ခြင်းတရားရောက်လာသောအခါ အဘယ်ကဲ့သို့ ငါတို့သည် အထိန်းလက်မှလွတ်ကြသနည်း။ ခလေးသည် မိဘ၏သားသမီးဖြစ်သောကြောင့် မွေးဖွားချိန်မှစ၍ မိဘ၏အမွေခံစားမည့်သူဖြစ်သည်။ သို့သော်၊ သူရရှိမည့်အမွေကို မစီမံ၊ မခွဲခန့်နိုင်သောကြောင့် အုပ်ထိန်းသူလက်၌ နေရသည်။ သို့သော်၊ ထိုခလေးသည် အရွယ်ရောက်လာသောအခါ အုပ်ထိန်းသူလက်မှလွတ်မြောက်ကာ၊ မိဘ၏မွေများကို စီမံလာသည်သာမက၊ အုပ်ထိန်းသူလက်မှလွတ်မြောက်ကာ၊ သူသဘောနှင့်အသက်ရှင်လာနိုင်သည်။ ထို့နည်းတူ ယုံကြည်ခြင်းတရားမရောက်မှီတွင် ငါတို့ကို ပညတ်တော်က အုပ်ထိန်း၍ ခရစ်တော်ကို ယုံကြည်လာသောအခါ ပညတ်တော်အထိန်းလက်မှ လွတ်မြောက်လာသည်။ အခြားဥပမာပေးရလျှင် အပျိုမသည် ယောက်ျားမယူမှီအထိ မိဘလက်အောက်၌ နေသော်လည်း၊ ယောက်ျားရလာသောအခါ မိဘလက်မှလွတ်မြောက်လာသည်။ မိဘလက်ထက်တွင် မိဘများကအိမ်မှုကိစ္စများကို လုပ်ခိုင်းသောကြောင့် စိတ်မပါသော်လည်း လုပ်နေရသည်။ သို့သော် ယောက်ျားရလာသောအခါ ခင်ပွန်းသည်က မခိုင်းသော်လည်း အိမ်မှုကိစ္စများကို ယောက်ျား ကိုချစ်သောစိတ်နှင့် ဝမ်းမြောက်ဝမ်းသာလုပ်လာသည်။ ထို့ကြောင့် မိဘအောက်၌နေစဉ်တုန်းကထက် ကောင်းစွာ လုပ်ကိုင်ဆောင်ရွက်သည်။ ထိုနည်းတူ၊ ပညတ်လက်ထက်တွင် ဘုရားစကားကို နားမ ထောင်ချင်သော်လည်း၊ နားထောင်ရသည်။ ခရစ်တော်ယုံကြည်လာသောအခါ ဘုရားစကားကို ချစ်ခြင်း နှင့်အလွယ်တကူ စိတ်ပါဝင်စားစွာနားထောင်လာနိုင်သည်။

၂၆။ အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့်၊ ဘုရားသခင်၏ သားဖြစ်ကြ၏။ 

သခင်ယေရှုမရ၊ မယုံကြည်မှီတွင် ဘုရား၏သားများမဟုတ်ခဲ့ကြသော်လည်း၊ ယေရှုခရစ်ကိုယုံကြည် သဖြင့် ဘုရား၏သားဖြစ်ရသောအခွင့်ကိုရရှိကြသည်။ ယောဟန်က၊ ထိုသူကို လက်ခံသမျှသောသူ တည်းဟူသော ကိုယ်တော်ကို ယုံကြည်သော သူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။(ယောဟန် ၁း၁၂) ဟုဟောပြောခဲ့သည်။ ပေါလုကလည်း၊ ငါတို့သည် ဘုရားသခင်၏ သားဖြစ်ကြသည်၊ ဟုဝိညာဉ်တော်သည် ငါတို့၏ ဝိညာဉ်နှင့်အတူ၊ သက်သေခံတော်မူ၏။ (ရောမ ၈း၁၆) ဟုရေးသည်။ သင်၏မိဘများသည် ဆင်းရဲနုန်ချာလျှင်လည်း၊ မိဘမဲ့ဖြစ်လျှင်လည်း၊ လုံးဝအားငယ်စရာ မရှိပါ။ သင်သည် သခင်ယေရှုကို ယုံကြည်လျှင် အမြင့်ဆုံးသောဘုရား၏ သားသမီးဖြစ်ကြောင်း သိစေချင်သည်။ 

၂၇။ ခရစ်တော်၌ ဗတ္တိဇံကိုခံသောသူ ရှိသမျှတို့သည်၊ ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ် ကြ၏။

ဗတ္တိဇံဟူသောစကားလုံးသည် ဂရိတ်စကားဖြစ်၍ နှစ်ခြင်း၊ မြှုပ်ခြင်းကိုဆိုလိုသည်။ ခရစ်တော်၌ ဗတ္တိဇံ ခံခြင်းဆိုသည်မှာ၊ ခရစ်တော်၌ ရေတွက်ခြင်းဖြစ်သည်။ ဘုရားအမြင်၌ ကမ္ဘာပေါ်ရှိလူအားလုံးသည် လူနှစ်ယောက်ထဲ၌ တွေ့မြင်သည်။ ကျမ်းစာက၊ လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ ရောက် သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။ (၁ ကော ၁၅း၂၂)။ လူသည်မွေးလာသည်နှင့် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ အာဒံ၌ရှိသည်။ ဆိုလိုသည်မှာ၊ အာဒံကဲ့သို့အပြစ်ရှိသည်၊ အာဒံကဲ့သို့သေဘို့လိုသည်၊ အာဒံကဲ့သို့ ဘုရားနှင့်ကင်းကွာသောသူဖြစ်သည်။ လူသည်အာဒံ၌ရှိနေသရွေ့ကာလပတ်လုံး ဘုရား၏ရန်သူဖြစ်၍ သူ၏စကားကိုလည်းနားမထောင်နိုင်ချေ။ ထို့ကြောင့်၊ ဘုရားသခင်က လူကိုအာဒံထဲမှယူ၍ ခရစ်တော် အထဲ၌ထည့်လိုက်သည်၊ ရေတွက်သည်။ ပေါလုက၊ ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ ရှိနေကြ၏။ (၁ ကော ၁း၃၀) ဟုရေးသားသည်။ ထိုအရာကို သဘောတူလျှင် သင်သည်သခင်ယေရှု၌ ရှိသည်။ သခင်ယေရှု၌ရှိသောသူသည် သခင်ယေရှုကို ဝတ်ဆင်သောသူဖြစ်သည်။ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ (ရောမ ၁၃း၁၄)

၂၈။ ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ​ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောကျ်ားမရှိ၊ မိန်းမမရှိ၊  ထိုသခင်၌ သင်တို့ အပေါင်းသည် တလုံးတဝတည်းဖြစ်ကြ၏။

ကမ္ဘာပေါ်ရှိ ပြသနာပေါင်းများစွာထဲ၌ လူမျိုးရေးသည်ပြသနာတခုဖြစ်သည်။ လူမျိုးတမျိုးနှင့်တမျိုး ခွဲခြားကာနှိမ်တတ်ကြသည်။ ခရစ်ယာန်များအထဲ၌လည်း လူမျိုးရေးရှိကြသည်။ အသင်းတော်အထဲ၌ လူမျိုးတမျိုးများလွန်းလျှင် အခြားလူမျိုးများကို ဂရုမစိုက်၊ လူမျိုးရေးပြင်းထန်တတ်ကြသည်။ သို့သော် သခင်ယေရှုခရစ်၌ လူမျိုးရေးမရှိတော့ချေ။ လူမျိုးရေးသာမက၊ လူမှုအဆင့်အတန်းလည်း မခွဲခြားတော့ ချေ။ အမှန်တကယ် ယေရှုခရစ်၌ရှိသူများတွင် လူမျိုးရေး၊ အဆင့်အတန်း၊ အသက်အရွယ်လည်း လုံးဝမရှိတော့ချေ။ ပေါလုက၊ ထိုဖန်ဆင်း ပြုပြင်တော်မူရာ၌ ဟေလသလူမရှိ၊ ယုဒလူမရှိ၊ အရေဖျားလှီးခံခြင်းမရှိ၊ မခံခြင်းမရှိ၊ လူရိုင်းမရှိ၊ သကုသိလူမရှိ၊ ​ကျွန်မရှိ၊ လူလွတ်မရှိ၊ ခရစ်တော်သည် အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူ၏။(ကောလောသဲ ၃း၁၁) ဟုရေးထားသည်။ သခင်ယေရှုက ခမည်းတော် ထံဤသို့ဆုတောင်းခဲ့သည်၊ သန့်ရှင်းတော်မူသော အဘ၊ ကိုယ်တော်နှင့် အ​ကျွန်ုပ်သည် တလုံးတဝတည်း ဖြစ်သကဲ့သို့ အ​ကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော် ၏နာမ၌ တည်စေတော်မူပါ။(ယောဟန် ၁၇း၁၁) ကိုယ်တော်သည် အ​ကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို၊ လောကီသားတို့သည် ယုံကြမည်အကြောင်း၊ ထိုသူအပေါင်းတို့သည် တလုံးတဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အ​ကျွန်ုပ်၌ ရှိတော်မူ၍၊ အ​ကျွန်ုပ်သည်လည်း ကိုယ်တော်၌ ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့ သည် ငါတို့၌ တလုံးတဝတည်း ဖြစ်စေခြင်းငှါ ဆုတောင်းပါ၏။ (ယောဟန် ၁၇း၂၁) ထိုဆုတောင်းချက် သည်ခရစ်တော်၌ရှိသောသူများ၏ အသက်တာ၌ အမှန်တကယ်ပြည့်စုံလာသည်။ သင်သည်ထိုအရသာ ကိုခံစားပြီးပြီလော။

၂၉။ ခရစ်တော်နှင့်စပ်ဆိုင်လျှင်၊ အာဗြဟံ၏အမျိုးအနွယ်ပင်ဖြစ်၍၊ ဂတိတော်အတိုင်း အမွေခံ၏ အရာ၌ တည်ကြ၏။

ခရစ်တော်နှင့်စပ်ဆိုင်သောသူတိုင်း၊ အာဗြဟံ၏အမျိုးအနွယ်ဖြစ်၍ ဂတိတော်အတိုင်း ဘုရား၏အမွေခံ များဖြစ်ကြသည်။ မိဘဆင်းရဲသောကြောင့် အမွေခံစရာမရှိသောသူများ၊ ဝမ်းမနည်းကြပါနှင့်။ သင်သည် ခရစ်တော်နှင့်သာဆိုင်လျှင် ဘုရား၏အမွေခံဖြစ်ကြောင်း သိစေလိုသည်။ ချမ်းသာသောမိဘမှပေါက်ဖွား သောသူများလည်း၊ မိဘ၏လောကအမွေများအပေါ် အားရမှီခိုခြင်းမရှိကြပါနှင့်။ ထိုအမွေများကို ထာဝရ ကာလသို့ ယူဆောင်မသွားနိုင်ပါ။ သင်သေသွားသောအခါ ထားခဲ့ရမည်။ သို့မဟုတ်၊ သင်မသေမှီပင်လျှင် ထိုအမွေများသည် ကုန်ခမ်းသွားနိုင်သည်၊ ပျောက်ပျက်သွားနိုင်သည်။ ပေါလုက၊ မိမိစေတနာ၏ အလိုတော်သို့လိုက်၍၊ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ၏ကြံစည်ခြင်း ရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့် မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏။ (ဧဖက် ၁း၁၁) ဟုရေးသည်။ ဘုရားသခင်၏ အမွေသည် ထာဝရကာလတိုင် မကုန်ခမ်းနိုင်သောအရာဖြစ် သောကြောင့် လောကမှာ ဘာမျှမရှိလျှင်လည်း ဝမ်းနည်းအားငယ်စရာ လုံးဝမရှိပါ။ ထိုအမွေခံမည့်သူများ သည် အောင်မြင်ခြင်းအသက်တာဖြင့် အသက်ရှင်နိုင်သည်။ 

ဂလာတိ ဩဝါဒစာ

အခန်းကြီး ၄

၁။ တဖန်တုံ၊ အမွေခံမည်သည်ကား၊ ဥစ္စာရှိသမျှကို ပိုင်ထိုက်သောသူ ဖြစ်သော်လည်း၊ အရွယ်မရောက်မှီ ကာလပတ်လုံး အစေအပါကျွန်နှင့်တူ၏။ ၂။ အဘစီရင်နှင့်သောအချိန် ကာလမရောက်မှီတိုင်အောင် အစောင့်အထိန်းအအုပ်အချုပ်တို့ လက်၌ရှိ၏။

သားသမီးများသည် မိဘ၏အမွေခံမည့်သူများ ဖြစ်ကြသော်လည်း၊ အရွယ်မရောက်မှီသူတို့ပိုင်သော ဥစ္စာများကို ကြိုက်သလိုသုံးစွဲ၍မရ၊ အစေခံများ၊ သူတို့ကို အုပ်ထိန်းသောသူများ၏ စီမံထားသည့်အတိုင်း နေရသည်။ နို့နှင့်မုန့်များကို ခလေးထိန်းထံ၌ မိဘကအပ်နှံထား၍၊ အထိန်းကပေးသမျှသာ ခလေးကစားသောက်ရသည်။

မေးခွန်းများ

၁။ အဘယ်ကြောင့် သားသမီးများသည် အမွေခံမည့်သူဖြစ်သော်လည်း အစေအပါကျွန်ကဲ့သို့ဖြစ်သနည်း။.............................

၃။ ထိုနည်းတူငါတို့သည် အရွယ်မရောက်မှီ လောကီတရားနုလက်၌ ကျွန်ခံရကြ၏။

ထို့နည်းတူယုံကြည်သူများသည် ဘုရား၏အမွေခံများ ဖြစ်ကြသော်လည်း၊ အရွယ်မရောက်သေးခင်အထိ လောကီတရားနုလက်၌ ကျွန်ခံရသည်ဟုဆိုသည်။ လောကီတရားနုဆိုသည်မှာ၊ လောကီစည်းကမ်းသွန်သင်မှုကို ဆိုလိုသည်။ လောကီတရားနုလက်၌ ကျွန်ခံသည် ဆိုသည်မှာ လောကီစည်းကမ်းကို လိုက်နာခြင်းဖြစ်သည်။ အရွယ်ရောက်ခြင်းသည် မည်သည့်အချိန်ဖြစ်မည်နည်း။ အရွယ်ရောက်ခြင်းသည် ဝိညာဉ်၌ဒုတိယအကြိမ် မွေးဖွားသည့်အချိန် ဖြစ်နိုင်သည်။ လူသည်ဝိညာဉ်ပိုင်းဒုတိယအကြိမ် မမွေးမီအထိ လောကီတရားနုတည်းဟူသော ပညတ်တော် သို့မဟုတ် စည်းကမ်းကအုပ်ချုပ်ဘို့လိုသည်။ ဒုတိယအရွယ်ရောက်ခြင်းသည် ဝိညာဉ်ပိုင်း ဒုတိယမွေးဖွားပြီး ကြီးထွားရင့်ကျက်သောအချိန်ကို ဆိုလိုသည်။ ဝိညာဉ်ပိုင်း၌အရွယ်မရောက်လျှင် ဇာတိအလိုအားဖြင့်အသက်ရှင်နေသောကြောင့် လောကီတရားနု သို့မဟုတ်ပညတ်တော်အားဖြင့် ထိန်းကျောင်းဘို့လိုနေသည်။ ဒုတိယမမွေးသောသူနှင့် ဝိညာဉ်ပိုင်း ခလေးများသည် ကယ်တင်ခြင်း၌ ကွာခြားသော်လည်း၊ အလိုဆန္ဒနှင့်အကျင့်၌ အတူတူပင်ဖြစ်သည်။ ဝိညာဉ်ခလေးများအသက်တာကို ‌ပေါလုက၊ ညီအစ်ကိုတို့၊ အထက်က ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့၊ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိလူတို့အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။ ယခုတိုင်အောင် သင်တို့သည် ခဲဘွယ်စားဘွယ်ကို မ​ကြေနိုင်သောကြောင့် ငါမ​ကျွေးရ။ နို့ကိုသာတိုက်ရ၏။ ယခုပင်လည်း၊ သင်တို့သည် မ​ကြေနိုင်သေး။ ယခုပင်လည်း၊ ဇာတိလူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်း ကွဲပြားခြင်း ရှိသည်ဖြစ်၍၊ သင်တို့သည် ဇာတိလူ ဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။(၁ ကော ၃း၁-၃) ဟုကောရိန္သုအသင်းသားများထံ၌ ရေးခဲ့သည်။ သူတို့သည် ဒုတိယမွေးသော်လည်း ခလေးဖြစ်ကြသောကြောင့် ဇာတိအတိုင်းအသက်ရှင်နေကြသည်။ သင်သည်ပညတ်တော်သို့မဟုတ် လောကီတရားနု၏ အုပ်ထိန်းမှုအောက်၌ ရှိသေးပါသလား။

မေးခွန်းများ

၂။ လောကီတရားနုဆိုသည်မှာ အဘယ်အရာနည်း။ .......................

၃။ အဘယ်ကြောင့် ယုံကြည်သူများသည် လောကီတရားနုအောက်၌ ကျွန်ခံရကြသနည်း။...................

၄။ အရွယ်ရောက်ခြင်းသည် ဘာကိုဆိုလိုသနည်း။................................

၅။ ကောရိန္သုအသင်းသားများသည်အရွယ်ရောက်ကြပါသလား။...............................အဘယ်သို့သိနိုင်သနည်း။................................

 

၄။ အချိန်ကာလစေ့သောအခါ၊ ငါတို့သည် သား၏အခွင့်အရာကို ခံရမည်အကြောင်း၊ ၅။ ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနှုတ်စေခြင်းငှါ၊ မိန်းမ၀မ်း၌ပဋိသေန္ဓယူ၍ ပညတ်တရားအောက်၌ ဘွားမြင်ရသောသားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။

လောကီတရားနုကို ဤနေရာ၌ ပညတ်တရားဟုဆိုသည်။ ငါတို့ကို ပညတ်တရား၏ လက်မှရွေးနှုတ်ဘို့ရန် ဘုရားသခင်က ကြိုတင်စီမံထားခဲ့ကြောင်းကို ပေတရုကဤသို့ရေးထားသည်၊ ထိုခရစ်တော်ကား ဤကမ္ဘာမတည်မရှိမှီခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်သောသင်တို့အဘို့၊ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။ (၁ ပေ ၁း၂၀)။ အချိန်စေ့သောအခါ ပညတ်တရားလက်၌ ကျွန်ခံနေသောငါတို့ကို ရွေးနှုတ်ဘို့ရန် ဘုရားသခင်သည် သူ၏သားကို ဤလောကသို့စေလွှတ်သည်။ ထိုသားသည် လူသားများနှင့်တူညီရန် မိန်းမ၀မ်း၌ ပဋိသေန္ဓယူ၍ လူကဲ့သို့ဘွားမြင်သည်။ အဘယ်ကြောင့် ပညတ်တော်အောက်၌ ဘွားမြင်သောသား ဟုဆိုသနည်းဟူမူကား၊ ခရစ်တော်သည် ပညတ်တော်အုပ်စိုးသောကာလ၌ မွေးဖွားသောကြောင့်ဖြစ်သည်။ 

မေးခွန်းများ

၆။ ပေါလုက လောကီတရားနုစကားလုံးအစား မည်သည့်စကားလုံးကိုသုံးသနည်း။...................................

၇။ ဘုရားသခင်က သားတော်ကို မည်သူတို့ကိုရွေးနှုတ်ဘို့ စေလွှတ်သနည်း။........................................

၈။ သားတော်သည် မည်သူတို့ကို မည်သည့်လက်အောက်မှ ရွေးနှုတ်သနည်း။......................................

 

၆။ ထိုသို့သင်တို့သည်သားဖြစ်သောကြောင့် အဗ္ဗအဘဟုခေါ်တတ်သော သားတော်၏ ၀ိညာဥ်တော်ကို သင်တို့ စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ၏။

ဤနေရာ၌ ယုံကြည်သူများကို ဘုရား၏သားဟု ခေါ်လိုက်သည်။ ဘုရား၏သားများက ခမည်းတော်ဘုရားကို အဗ္ဗအဘဟုခေါ်ရသည်။ အဗ္ဗဟူသောစကားလုံးသည် အာရမိတ်စကားဖြစ်၍ အဘ ဟုအဓိပ္ပါယ်ရသည်။ အထူးသဖြင့် ခလေးကသူ၏အဖေကို ခေါ်သောစကားဖြစ်သည်။ ထိုသို့ခေါ်နိုင်ရန် ဘုရားသခင်က သန့်ရှင်းသော၀ိညာဥ်တော်ကို ယုံကြည်သူ၏ စိတ်နှလုံးထဲ၌ စေလွှတ်သည်။ ထို့ကြောင့် သန့်ရှင်းသော၀ိညာဥ်တော် ရရှိသူတိုင်းက ဘုရားသခင်ကို အဘ ဟုခေါ်နိုင်သည်၊ ခေါ်သင့်သည်။

မေးခွန်းများ

၉။ အဗ္ဗဟူသောစကားလုံးသည် မည်သည့်စကားဖြစ်သနည်း။.......................ဘာကိုဆိုလိုသနည်း။........

၁၀။ မည်သူတို့သည် ဘုရား၏သားဖြစ်ကြသနည်း။..........................................

၁၁။ သင်၏အဘသည် မည်သူနည်း။.........................

 

ရ။ သို့ဖြစ်၍ သင်တို့သည် နောက်တဖန် အစေအပါကျွန်မဖြစ်၊ သားပင်ဖြစ်ကြ၏။ သားဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင်၏ အမွေခံလည်းဖြစ်ကြ၏။

ယုံကြည်သူများသည် ပညတ်တရား၏ကျွန် မဟုတ်တော့ချေ၊ ဘုရား၏သား အမွေခံများ ဖြစ်ကြပြီ။ ပေါလုက ရောမအသင်းတော်ထံ၌ ဤသို့စာရေးသည်၊ ငါတို့သည် ဘုရားသခင်၏ သားဖြစ်ကြသည်၊ ဟုဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ၊ သက်သေခံတော်မူ၏။ သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ (ရောမ ၈း၁၆-၁၇) ထိုသို့ဘုရား၏သားဖြစ်ရသောကြောင့်၊ ဘုရား၏သားများကဲ့သို့ အသက်ရှင်ရမည်။ ကျွန်စိတ်မထားတော့ဘဲ သားစိတ်ထား၍၊ အဘမျက်နှာ မပျက်ရလေအောင် အသက်ရှင်ရမည်။ ငါတို့၏အမွေလည်း သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်း မဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ သိုထားပေးသည်။ ပေါလုက ဧဖက်အသင်းသားများထံ ထိုအမွေတော်မည်မျှကြီးသည်ကို သိနိုင်မည့်အကြောင်း ဤသို့စာရေးခဲ့သည်၊ ခေါ်တော်မူသောကြောင့် မျှော်လင့်ရသောအရာကား၊ အဘယ်အရာဖြစ်သည်ကို၎င်း၊ သန့်ရှင်းသူတို့သည် ခံရသောအမွေတော်၏ ဘုန်းစည်းစိမ်ကား၊ အဘယ်မျှလောက်ကြီးသည်ကို၎င်း၊ ယုံကြည်သောငါတို့၌ ပြတော်မူသော၊ အလွန်ကြီးလှစွာသော တန်ခိုးတော်ကား၊ အဘယ်မျှလောက် ကြီးသည်ကို၎င်း၊ သင်တို့သည် သိစေခြင်းငှါ၊ သင်တို့၏ ဥာဏ်မျက်စိကို လင်းစေပါမည်အကြောင်း၊ ဆုတောင်းပဌနာပြု၏။(ဧဖက် ၁း၁၈-၁၉) သို့သော်၊ လွဲမှားသောအမှုတော်ဆောင်များက ဘုရားပေးမည့်အမွေကို ဤလောက၌ရရှိဘို့ ဟောပြောသွန်သင်နေကြသည်ကို ဝမ်းနည်းဖွယ် ကြားမြင်နေရသည်။ အမွေသည် မိဘသေမှရမည့်အရာဖြစ် သည်။ မိဘမသေမှီ အမွေလိုချင်သောအရာကို ခရစ်တော်က ပျောက်သောသား ဥပမာအားဖြင့် လုကာ ၁၅း၁၁-၂၄ ၌ဟောပြောခဲ့သည်။ သင်သည်၊ ဘုရား၏သားသမီးဖြစ်ပြီးလား။ သားသမီးဖြစ်လျှင် အမွေခံရမည်ကို သိပါသလား။ ထိုအမွေကိုမြေကြီးပေါ်၌ ရရှိခံစားလိုပါသလား။ မည်သည့်နေရာ၌ ခံစား လိုပါသနည်း။ အဘယ်ကြောင့်နည်း။ 

မေးခွန်းများ

၁၂။ သင်သည်ဘုရားသခင်၏ သားဖြစ်လျှင် ဘာကိုရရှိမည်နည်း။..................................

၁၃။ သင်၏အမွေတော်ကို မြေကြီးပေါ်မှာရရှိလိုပါသလော။....................အဘယ်ကြောင့်နည်း။...............

၁၄။ မည်သူတို့က အမွေကိုမြေကြီးပေါ်မှာ ရရှိဘို့သွန်သင်သနည်း။...................................

 

၈။ သို့သော်လည်း အထက်ကသင်တို့သည် ဘုရားသခင်ကိုမသိသောအခါ၊ ဇာတိအားဖြင့် ဘုရားမဟုတ်သောသူတို့၏ အမှုကိုဆောင်ရွက်ကြ၏။

အထက်ကဟူသောအရာသည် ယခင်ဘုရားမသိခင်ဘ၀ကိုဆိုလိုသည်။ ယုံကြည်သူများသည် ဘုရားမသိသောအခါ၊ ဘုရားမဟုတ်သောသူတို့၏အမှုကို ဆောင်ရွက်သည်ဟု ဆိုခြင်းသည်၊ လောကီအမှုဆောင်ရွက်ခြင်း၊ အခြားဘုရားများ၏ အမှုကို ဆောင်ရွက်ခြင်းဖြစ်သည်။ 

မေးခွန်းများ

၁၅။ ဘုရားမသိသောသူများသည် ဘာအမှုကိုဆောင်ရွက်ကြသနည်း။...............................

 

၉။ ယခုမူကား သင်တို့သည် ဘုရားသခင်ကို သိပြီးမှဟူ၍မဆို၊ ဘုရားသခင်သည် သင်တို့ကို သိတော်မူပြီးမှ၊ အားမရှိ၊ ချမ်းသာမပေးနိုင်သော တရားနုဘက်သို့ အဘယ်ကြောင့် တဖန်ပြောင်းလဲကြသနည်း။ ထိုလောကီတရား၌ တဖန်ကျွန်ခံခြင်းငှါ အလိုရှိကြပြီတကား။

လူကဘုရားကို အရင်သိခြင်း မဟုတ်ဘဲ ဘုရားကလူကိုသိသည်။ အမှန်မှာ ဘုရားသည် လူတိုင်းကိုသိသည်။ သို့သော်ဤသိခြင်းသည် အသိအမှတ်ပြုခြင်းကို ဆိုလိုခြင်းဖြစ်သည်။ တရားနုတည်းဟူသော ပညတ်တရားသည်၊ အားမရှိ၊ ချမ်းသာမပေးနိုင်ဟုဆိုသည်။ ဂလာတိယုံကြည်သူများသည် ပေါလုတို့ဟောသော ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းတရားကို ကြားချိန်မှစ၍ ထိုတရားကို ယုံကြည်ပြီးမှ ပညတ်တရား စောင့်ရှောက်ခြင်းဘက်၌ ပြန်လှည့်သွားကြသောကြောင့် ပေါလုကအပြစ်တင်ခြင်းဖြစ်သည်။ ဤနေရာ၌ ကောင်းကောင်းရှင်းလင်းဘို့လိုသည်။ ပေါလုဆိုလိုသည်မှာ၊ ကယ်တင်ခြင်း၊ ဘုရားသားဖြစ်ခြင်း တို့သည် ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့်မဟုတ်၊ ကျေးဇူးတော်ကို ယုံကြည်ခြင်းအားဖြင့်ဖြစ်သည်။ ထိုသို့ယုံကြည်ပြီးသောသူသည် ပညတ်တရားအတိုင်း အသက်ရှင်ရမှာ ဖြစ်သော်လည်း၊ ထိုတရားလိုက်နာခြင်းအားဖြင့် ကယ်တင်ခြင်း၊ ဘုရားသားဖြစ်ဘို့ ကြိုးစားခြင်းကို မပြုလုပ် သင့်ကြောင်း ရှင်းပြနေခြင်းဖြစ်သည်။

မေးခွန်းများ

၁၆။ ဘုရားကလူကိုသိခြင်းသည် ဘာကိုဆိုလိုသနည်း။.............................................

၁၇။ တရားနုတည်းဟူသော ပညတ်တရားသည် ချမ်းသာပေးနိုင်ပါသလား။.....................................

၁၈။ ဂလာတိအသင်းသားများသည် မည်သည့်နေရာမှမည်သည့်နေရာသို့ ပြောင်းသွားကြသနည်း။......

၁၉။ ကယ်တင်ခြင်းသို့ရောက်ဘို့ရန် ပညတ်တော်လိုက်လျှောက်ရမည်လော။.......................   အဘယ်ကြောင့်နည်း။.......................

၂၀။ ကယ်တင်ခြင်းသို့ရောက်ပြီးသောသူသည် ပညတ်တော်လိုက်လျှောက်ရမည်လော။....................အဘယ်ကြောင့်နည်း။....................................

၁၀။ နှစ်၊ လ၊ နေ့ရက်၊ အချိန် ကာလများကို စောင့်ကြပြီတကား။

ဘုရားသခင်က ဣသရေလလူများကို နှစ်လနေ့ရက်များ စောင့်ဘို့ ပြောထားသည် (၀တ်ပြုရာ ၂၃)။ ဥပုသ်နေ့၊ လဆန်းနေ့၊ ပွဲနေ့များကိုဆိုလိုသည်။ ထိုအရာများသည် အရိပ်များဖြစ်သည်။ ခရစ်တော်ကအသက်တာအားဖြင့် ပြည့်စုံစေခဲ့ပြီဖြစ်ကြောင်း ပေါလုက ဤသို့ရေးထားသည်၊ ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင်သင်တို့ကို အဘယ်သူမျှ မစစ်ကြော မစီရင်စေနှင့်။ ထိုအရာတို့သည် နောက်ဖြစ်လတံ့သောအရာတို့၏ အရိပ်ဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏။ (ကောလောသဲ ၂:၁၆-၁ရ)။ သို့သော်ခရစ်ယာန်များက အရိပ်လည်းမမြင်၊ အကောင်လည်းမမြင် ဖြစ်နေကြသည်ကို ၀မ်းနည်းဖွယ်ဖြစ်သည်။ ခရစ်ယာန်များသည် ဘုရားမခိုင်းသောခရစ္စမတ်ပွဲ၊ နှစ်သစ်ကူးပွဲ၊ ရှင်ပြန်ထမြောက်ခြင်းပွဲ၊ ကျေးဇူးတော် ချီးမွမ်းပွဲများပြုလုပ်နေကြသည်။ ဂလာတိယုံကြည်သူများသည် ယေရှုကိုယုံကြည် လက်ခံပြီးသော်လည်း၊ ဣသရေလလူများကဲ့သို့ နှစ်လနေ့ရက်များ စောင့်ခြင်းဖြင့် ဖြောင့်မတ်မည်၊ ကယ်တင်ခြင်းသို့ရောက်မည်၊ ဘုရားကလက်ခံမည်ဟု ယူဆခြင်းကို ပေါလုကအပြစ်တင်ခြင်းဖြစ်သည်။

မေးခွန်းများ

၂၁။ နှစ်လရက်များစောင့်ခြင်းကို မည်သူကခိုင်းခဲ့သနည်း။………………………………………….

၂၂။ နှစ်လရက်များစောင့်ခြင်းသည် ဘာဖြစ်သနည်း။…………………………….

၂၃။ နှစ်လရက်များကို မည်သူကပြည့်စုံစေခဲ့သနည်း။…………………………

၂၄။ ခရစ်ယာန်များက မည်သည့်ပွဲများကို စောင့်ကြသနည်း။……………………………………………….

၂၅။ ဘုရားသခင်က ခရစ်ယာန်များကို ပွဲများလုပ်ခိုင်းသလော။…………….အဘယ်ကြောင့်လုပ်ကြသနည်း။…………………………………………

 

၁၁။ ငါသည်သင်တို့ဆီမှာ အချည်းနှီးကြိုးစားအားထုတ်သည်ဟု သင်တို့၏အကြောင်းကြောင့် စိုးရိမ်လျက်ရှိ၏။

ပေါလုက ဂလာတိပြည်၌ရှိသောယုံကြည်သူများ၊ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားသိရှိဘို့ရန်၊ သန့်ရှင်းသော၀ိညာဥ်တော်ရရှိဘို့ရန်၊ အလွန်ကြိုးစားသွန်သင်ပေးခဲ့သည်။ သူရှိစဥ်၌ သူတို့သည် ယုံကြည်ကြသော်လည်း၊ သူမရှိသောနောက်ပိုင်း၌ မှားယွင်းသောသွန်သင်မှုများကြောင့်၊ သူ၏ကြိုးစားမှုများသည် အကျိုးမရှိဘဲ အချည်းနှီးဖြစ်မည်၊ ဟုသူစိုးရိမ်ခြင်းကို ရေးခြင်းဖြစ်သည်။ ဝိညာဉ်သားသမီးများသည် မိဘမရှိသောအခါ အမျိုးမျိုးသော သွန်သင်ခြင်းခံကြသဖြင့် မှားယွင်းသော ဩဝါဒများကို လက်ခံတတ်ကြသည်။ ပေါလုအနေဖြင့် ဂလာတိပြည်ရှိ ဝိညာဉ်သားသမီးများထံ အမြဲနေ၍ မသွန်သင်ပေးနိုင်သောကြောင့် စာအားဖြင့် ယခုကဲ့သို့ စိုးရိမ်စာရေးခြင်းဖြစ်သည်။ ဝိညာဉ်မိခင်ဖခင်များသည် ကိုယ့်သားသမီးများကို ပေါလုကဲ့သို့ ဂရုစိုက်ဘို့လိုသည်။

မေးခွန်းများ

၂၆။ ပေါလုသည် သူ၏ဝိညာဉ်သားသမီးများ မှားယွင်းသောဩဝါဒ လိုက်သွားမည့်အရာကို စိုးရိမ်ပါသလော။……………………..

၂၇။ ယနေ့ဝိညာဉ်များအဘယ်ကြောင့် မှားယွင်းသောသွန်သင်မှုများနောက် လိုက်သွားတတ်ကြသနည်း။……………………………….

 

၁၂။ ညီအစ်ကိုတို့၊ သင်တို့ကဲ့သို့ငါဖြစ်၏။ ငါကဲ့သို့ သင်တို့ ဖြစ်ကြလော့ဟု ငါတောင်းပန်၏။ သင်တို့သည် ငါ့ကိုအလျှင်းမပြစ်မှားကြ။

ပေါလုကသူသည် သူတို့ကဲ့သို့ လူသားဖြစ်၍ အခြေအနေတူသည်။ ထို့ကြောင့် သူကဲ့သို့ ဘုရားသခင်ကို ယုံကြည်သောသူဖြစ်ဘို့ ပြောနေခြင်းဖြစ်သည်။ သူတို့သည် ပေါလုအပေါ်မ ဖြစ်မှားသော်လည်း၊ လွဲမှားသောအယူ၀ါဒကို လက်ခံကြသောကြောင့် ပေါလု၏ စိတ်ထိခိုက်ခြင်း ဖြစ်သည်။

မေးခွန်းများ

၂၈။ ပေါလုက အဘယ်ကြောင့် ဂလာတိယုံကြည်သူများထံ ငါကဲ့သို့ဖြစ်ကြလော့၊ ဟုဆိုရာတွင် ဘာကို ဆိုလိုသနည်း။…………………………

 

၁၃။ ငါသည်ကိုယ်နာခြင်း ရောဂါနှင့်တကွ၊ ဧ၀ံဂေလိတရားကို သင်တို့အားအထက် ကဟောပြော ကြောင်းကို သင်တို့သိကြ၏။

ပေါလုသည် ဂလာတိလူတို့ထံ တရားဟောသောအခါ၊ ကိုယ်ခန္ဓာမကျန်းမာခဲ့ကြောင်း သူကိုယ်တိုင်က ရေးသားထားသည်။ ထိုအရာကို ဂလာတိယုံကြည်သူများကသိကြသည်။ မည်ကဲ့သို့ သောရောဂါခံစား သည်ကို မေဖေါ်ပြသောကြောင့်မသိရပါ။ ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန်တရာထူးဆန်း သော တန်ခိုးများကို ပြတော်မူသည်ဖြစ်၍၊ ပေါလုသုံးသော ပုဝါ၊ ခါးပန်းတခုခုကို အနာရောဂါရှိသော သူတို့ဆီသို့၊ ပေးလိုက်၍၊ သူတို့သည် အနာရောဂါနှင့် ကင်းလွတ်ကြ၏။ နတ်ဆိုးတို့လည်း ထွက်သွား ကြ၏။(တမန် ၁၉း၁၁-၁၂) ပေါလုသည် လုတ္တရမြို့၌  အမိဝမ်းတွင်းကပင် ခြေမစွမ်းသဖြင့်၊ တခါမျှ မသွားဘူးသော လူတယောက်ကိုလည်း ကျန်းမာစေခဲ့သည် (တမန် ၁၄း၈-၁၁)။ သို့သော် သူကိုယ်တိုင် ကိုယ်ခန္ဓာ၌ မကျန်းမာကြောင်း တွေ့ရသည်။ အကြောင်းမှာ ဤလောကသည် ကောင်းကင်နိုင်ငံမ ဟုတ်သေး၊ ဒုက္ခဆင်းရဲခံစားရသောနေရာဖြစ်ကြောင်း သိဘို့ရန်ဖြစ်သည်။ 

မေးခွန်းများ

၂၉။ ပေါလုသည် သူတပါးကို သခင်ဘုရားနာမအားဖြင့် ကျန်းမာစေတတ်သော်လည်း သူကိုယ်တိုင် ကျန်းမာပါသလော။…………………အဘယ်ကြောင့်နည်း။……………………………………………………..

၁၄။ ကိုယ်ကာယ၌ ငါခံရသော စုံးစမ်းခြင်းကို သင်တို့သည် မထီမဲ့မြင်မပြု၊ ငါ့ကိုမပယ်၊ ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့၎င်း၊ ယေရှုခရစ်ကဲ့သို့၎င်း၊ လက်ခံကြ၏။

ပေါလုက၊ ကိုယ်ခန္ဓာကျန်းမာခြင်းမရှိဘဲ၊ တရားဟောသော်လည်း ဂလာတိလူများက သူ့ကိုမထီမဲ့မြင် ပြုခြင်းမရှိ၊ သူ့ကိုမပယ်ဘဲ ကောင်းကင်တမန်ကဲ့သို့၎င်း၊ ယေရှုခရစ်ကဲ့သို့၎င်း၊ လက်ခံကြသည်ဟု ဆိုသည်။ စစ်မှန်သော ကယ်တင်ခြင်းသို့ ရောက်သောသူတိုင်းက၊ သူတို့၏ ၀ိညာဥ်ဖခင်များကို အလွန် ချစ်တတ်ကြသည်။ ထို၀ိညာဥ်ပိုင်းမေတ္တာဖြင့် ကိုယ်ကာယပိုင်းချစ်ခြင်း အဖြစ်သို့ လွန်သွားမှာကို သတိထားဘို့လိုသည်။ သို့မဟုတ်၊ ကိုယ်ကာယပိုင်းလွန်ကျူးစွာချစ်ခြင်းဖြင့် အမှားမှားအယွင်းယွင်း ဖြစ်နိုင်သည်။

မေးခွန်းများ

၃၀။ ပေါလုသည် မကျန်းမာသော်လည်း ဂလာတိပြည်ရှိ ယုံကြည်သူများက သူ့ကိုမထီမဲ့မြင်ပြုကြပါ သလား။……………………..

၃၁။ ဂလာတိယုံကြည်သူများက ပေါလုကို မည်ကဲ့သို့ လက်ခံကြသနည်း။…………………………………..

 

၁၅။ သို့ဖြစ်လျှင် သင်တို့ခံရသော မင်္ဂလာကား အဘယ်မင်္ဂလာနည်း။ အထက်ကကိုယ်မျက်စိကို ထုတ်၍ ငါ့အားပေးနိုင်လျှင်၊ ပေးခြင်းငှါ သင်တို့အလိုရှိသည်ဟု ငါသက်သေခံ၏။

ဂလာတိယုံကြည်သူများကပေါလုကို ချစ်ခြင်းသည်၊ မည်မျှကြီးသနည်းဟူမူကား မျက်စိကိုထုတ်၍ သူ့အားပေးနိုင်လျှင် ပေးချင်လောက်အောင်ချစ်ကြသည်။ ထိုအရာသည် ယနေ့ဧ၀ံဂေလိတရားဟော သောသူများထံ တရားနာသောသူများ ကချစ်ခြင်း၌ တွေ့မြင်ရတတ်သည်။ ထိုကဲ့သို့သောမေတ္တာသည် သတိထားဘို့လိုအပ်သည်။ မလိုအပ်သော မှားယွင်းမှုများ ကျူးလွန်တတ်သည်။

မေးခွန်းများ

၃၁။ ဂလာတိအသင်းတော်များက ပေါလုကိုချစ်ကြပါသလား။...................မည်မျှလောက်ချစ်ကြသ နည်း။................................

၃၂။ သင်သည်တရားဟောဆရာများကို ချစ်နိုင်ပါသလား။...................................

၃၃။ တရားဟောဆရာများကို တရားနာသောသူများက ချစ်သောအခါ မည်သည့်အရာကို သတိထားဘို့ လိုသနည်း။......................

၁၆။ ယခုမူကား၊ ငါသည်သမ္မာတရားကို သင်တို့အား ဟောပြောသောကြောင့် သင်တို့၏ရန်သူ ဖြစ်သလော။

ပေါလုက သမ္မာတရားဟောသောအခါ၊ ဂလာတိယုံကြည်သူများ၏ အပြစ်ဖေါ်ပြသကဲ့သို့ဖြစ်သည်။ ထိုသို့သမ္မာတရားဟောခြင်းသည် သူတို့၏ရန်သူဖြစ်ခြင်းကြောင့်လော၊ မဟုတ်ပါ။ သူတို့ကို ချစ်သောကြောင့် သာလျှင်ဖြစ်သည်။ ထိုအရာကို တရားနာသောသူများက နားလည်ဘို့လိုသည်။ ဝိညာဉ်ရေးပိုင်၌ ခလေးဖြစ်လျှင် နားလည်ဘို့ခက်နေပေလိမ့်မည်။

မေးခွန်းများ

၃၄။ သမ္မာတရားဟောသောအခါ မည်ကဲ့သို့ခံစားနိုင်သနည်း။..............................

၃၅။ သင်သည် သမ္မာတရားဟောသောအခါ စိတ်ဆိုးဘူးပါသလား။...............................

၁ရ။ သူတထူးတို့သည် သင်တို့ကို အလွန်ချစ်ကြသည် မှန်စေတော့။ လျောက်ပတ်စွာ ချစ်ကြသည် မဟုတ်။ သင်တို့သည် သူတို့ကို အလွန်ချစ်မည်အကြောင်း၊ သူတို့သည် သင်တို့ကို ပယ်ခြင်းငှါ အလိုရှိကြ၏။

မှားယွင်းသောဆရာ သို့မဟုတ် လူတို့သည် ယုံကြည်သူများကို အမှန်ချစ်ကြသည်မဟုတ်။ သူတို့ကို ဖျက်ဆီးဘို့ ရန်ကြံရွယ်သော သူများရှိကြသည်။ သို့သော် ၀ိညာဥ်ပိုင်းနုနယ်သော သူများအတွက် ထိုအကြံသမားများကိုယုံ၍၊ သူတို့၏၀ိညာဥ်ဖခင်များကို အထင်လွဲတတ်သည်။

မေးခွန်းများ

၃၆။ မှားယွင်းသောဆရာများက ယုံကြည်သူများကို မည်ကဲ့သို့ အထင်လွဲအောင်ပြုလုပ်တတ်သ နည်း။.........................................

၃၇။ သင်သည် မှားယွင်းသောဆရာများကို သိနိုင်ပါသလား။..................................................

၁၈။ သို့သော်လည်း သင်တို့နှင့်အတူ ငါရှိစဥ်တွင်သာ ကောင်းသောအရာကို အလွန်ချစ်အပ်သည် မဟုတ်။ အစဥ်မပြတ် အလွန်ချစ်အပ်၏။

ပေါလုကကောင်းသော အရာဟုဆိုခြင်းသည်၊ သမ္မာတရားကို ဆိုလိုခြင်းဖြစ်မည်။ ထိုအရာကို သူရှိစဥ်သာလျှင် မဟုတ်ဘဲ၊ သူမရှိလျှင်လည်း အစဥ်မပြတ် ချစ်အပ်သည်ဟု ဆိုသည်။ များစွာသော ၀ိညာဥ်ခလေးများသည် တရားဟောဆရာရှိစဥ်တွင်သာလျှင် တက်ကြွ၍၊ ဆရာမရှိလျှင် လျော့ရဲသွားတတ်ကြသည်။

မေးခွန်းများ

၃၈။ တရားဟောဆရာများရှိစဉ်သာ ကောင်းသောအရာကို ချစ်အပ်သလော။.......................................

၃၉။ အဘယ်ကြောင့် တရားဟောဆရာများရှိစဉ်တွင်သာ တက်ကြွတတ်ကြသနည်း။...........................

၁၉။ ခရစ်တော်သည် သင်တို့အထဲ၌ တည်လျက်ရှိတော်မူသည်တိုင်အောင် သင်တို့အဘို့ သားဘွားခြင်း ဝေဒနာကို ငါခံရသော ငါ့ချစ်သားတို့၊

ပေါလုကဂလာတိယုံကြည်သူများ ခရစ်တော်၌ ဒုတိယမွေးဘွားခြင်းခံရန် ကိုယ်၀န်ဆောင်မိန်းမက သားဘွားခြင်း ဝေဒနာခံသကဲ့သို့ တင်စား၍ ရေးခြင်းဖြစ်သည်။ မှန်ပါသည်၊ ၀ိညာဥ်ဖခင်များသည် ၀ိညာဥ်သားသမီးများမွေးဘွားဘို့ရန်အတွက် ဆုတောင်းပေးခြင်း၊ သင်ပေးခြင်း၊ ပင်ပန်းခံခြင်းများပြု လုပ်ကြသည်။ ထို့ကြောင့်၀ိညာဥ်သားသမီးများကို ချစ်ကြ၍၊ သူတို့လဲမှာဖေါက်ပြန်မှာကို စိုးရိမ်တတ် ကြသည်။ ခရစ်တော်ကဤသို့ဆိုသည်၊ ငါသည် ကောင်းသော သိုးထိန်းလည်းဖြစ်၏။ ကောင်းသော သိုးထိန်းသည်၊ သိုးတို့အဖို့အလိုငှါ မိမိအသက်ကို စွန့်တတ်၏။ သိုးများကို ပိုင်သော သိုးထိန်းမဟုတ်၊ သူငှါးဖြစ်သော သူမူကား၊ တောခွေးလာသည်ကို မြင်လျှင်၊ သိုးတို့ကို ပြစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း သိုးတို့ကို လုယက်၍ ကွဲလွင့်စေ၏။ သူငှါးသည် သူငှါးဖြစ်၍ သိုးတို့၏ အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ်၏။ ငါသည် ကောင်းသော သိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့၊ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည် လည်း ငါ့ကိုသိကြ၏။ ငါသည် ကိုယ်အသက်ကို သိုးတို့အဖို့အလိုငှါ စွန့်၏။ (ယော ၁၀း၁၁-၁၅)

မေးခွန်းများ

၄၀။ ဝိညာဉ်ဖခင်များသည် ဝိညာဉ်သားသမီးများ ကိုချစ်ကြပါသလား။....................................

၄၁။ ဝိညာဉ်ဖခင်များသည် ဝိညာဉ်သားသမီးများ မွေးဘွားဘို့ရန် ခံစားချက်ရှိပါသလား။.......................

၄၂။ ခရစ်တော်သည် မည်ကဲ့သို့သောသိုးထိန်းဖြစ်သနည်း။..............................အဘယ်ကြောင့်နည်း။.......... ... ...... .........................................................

၂၀။ သင်တို့ကို ငါယုံမှားခြင်း ရှိသောကြောင့်၊ ယခုသင်တို့ကို ကိုယ်တိုင်တွေ့၍၊ ထူးခြားသော စကားကို ပြောခြင်းငှါ အလိုရှိ၏။

ပေါလုက ဂလာတိပြည်ရှိ ယုံကြည်သူများကို ယုံမှားကြောင်း သံသယရှိကြောင်းကို စာရေးသည်။ ထို့ ကြောင့် သူကိုယ်တိုင် သူတို့ကိုတွေ့၍ စကားပြောချင်သည်။ တခါတရံ သူများအကြောင်းကို ကြား သောအရာနှင့် တကယ့်ဖြစ်ပျက်သောအရာသည် အလွန်ကွာခြားတတ်သည်။ ထို့ကြောင့် ကြားသမျှမ ယုံသင့်ချေ။ ပြသနာများကိုလည်း အဝေးမှစာအားဖြင့်သော်၎င်း၊ တဆင့်ခံခြင်းအားဖြင့်၎င်း၊ မဖြေရှင်း ဘဲ လူကိုယ်တိုင်တွေ့ဆုံးပြီး ဖြေရှင်းသင့်သည်။ ထူးခြားသောစကား ဆိုသည်မှာ စကားပြောသောလေ သံကို ဆိုလိုခြင်းဖြစ်သည်။ 

မေးခွန်းများ

၄၃။ ပေါလုက ဂလာတိယုံကြည်သူများကို အဘယ်ကြောင့် တွေ့လိုသနည်း။.............................................

၄၄။ ကျွန်ုပ်တို့လည်း ပေါလုစာအားဖြင့် မည်သည့်သင်ခန်းစာ ရနိုင်သနည်း။………………………………….

၂၁။ ပညတ်တရားအောက်၌ နေချင်သောသူတို့၊ သင်တို့သည် ပညတ်တရားကို နားမလည်ကြသလော။

ဂလာတိယုံကြည်သူ များသည် ပညတ်တရားအောက်၌ နေချင်သည်ဟု ပေါလုကဆိုသည်။ ပညတ် တရားအောက်၌ နေခြင်းဆိုသည်မှာ၊ ပညတ်တော်လိုက် ရှောက်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်၊ ဖြောင့်မတ်မည်ဟု ဆိုခြင်းဖြစ်သည်။ သူတို့သည် ပညတ်တော်၏အကြောင်း ပညတ် တော်၏ လုပ်ဆောင်ချက်များကို သိကြပါသလော။ မသိသောကြောင့် ပညတ်တော်အောက်၌ နေချင် ကြခြင်းဖြစ်မည်။

မေးခွန်းများ

၄၅။ ဂလာတိယုံကြည်သူများသည် ပညတ်တော်အကြောင်းကို သိကြသလော။……………………..

၄၆။ အဘယ်ကြောင့် ပညတ်တော်အောက်၌ ပြန်နေချင်ကြသနည်း။….…………………………………

၂၂။ ပညတ္တိကျမ်းစာ၌ လာသည်ကား၊ အာဗြဟံ၌သား နှစ်ယောက်ရှိ၏။ သားတယောက်ကား၊ ကျွန်မ၏သားဖြစ်၏ တယောက်ကား ကျွန်မမဟုတ်သော မိန်းမ၏သား ဖြစ်၏ဟု လာသတည်း။

အာဗြဟံ၏သား နှစ်ယောက်သည်၊ ဣရှမေလနှင့် ဣဇက်ဖြစ်သည်။ ဣရှမေလသည် ကျွန်မ၏သား ဖြစ်၍ ဣဇက်သည် ကျွန်မမဟုတ်သော မိန်းမသားဖြစ်သည်။ ဓမ္မဟောင်း၌ ဖြစ်ပျက်သမျှသည် အရိပ် ဖြစ်၍ ဓမ္မသစ်သည် ပြည့်စုံခြင်း သို့မဟုတ် အကောင်ဖြစ်သည်။ သမ္မာတရားနားလည်နိုင်ရန် အရိပ် ဖြစ်သော ဓမ္မဟောင်းကို ဖတ်ရှုနားလည်၍ ဓမ္မသစ်၌ အဖြေရှာဘို့ဖြစ်သည်။ 

မေးခွန်းများ

၄၇။ အဘယ်ကြောင့် ပေါလုက အာဗြဟံ၏ သားနှစ်ယောက်အကြောင်းကို ပြောရသနည်း။…………….

၄၈။ မည်သည့်ကျမ်းသည် အရိပ်ဖြစ်၍ မည်သည်ကျမ်းသည် အကောင်ဖြစ်သနည်း။……………………

၂၃။ ကျွန်မ၏သားသည် ဇာတိပကတိအားဖြင့် ဘွားသောသားဖြစ်၏။ ကျွန်မ မဟုတ်သော မိန်းမ၏ သားသည် ဂတိတော်အားဖြင့် ဘွားသောသားဖြစ်၏။

ကျွန်မ၏သားဖြစ်သော ဣရှမေလသည် ဘုရား၏ဂတိတော်အားဖြင့် မဟုတ်ဘဲ၊ လူ့အကြံ အစည် အားဖြင့် ဘွားသောသားဖြစ်သည်။ အာဗြဟံနှင့်ဇနီးစာရာတို့သည် အသက်ကြီးပြီ ဖြစ်သောကြောင့် သားဘွားနိုင်တော့မည် မဟုတ်ဟု စိုးရိမ်ပြီး စာရာကအာဗြဟံကို ကျွန်မဟာဂရနှင့် ပေးစားရာမှ မွေးဘွားသောကြောင့် ဇတိပကတိအား ဖြင့် ဘွားသောသားဟု ဆိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့လည်း ဘုရားကို မစောင့်နိုင်သောအခါ ဇာတိအားဖြင့် ကြံစည်ဆုံးဖြတ်ကြသောကြောင့် နောက်ပိုင်း၌ ဒုက္ခပြသနာ ရင်ဆိုင်တတ်ကြသည်။ ဣဇက်သည် ဘုရားဂတိတော်အားဖြင့် ဇနီးစာရာမှ မွေးဘွား သောသားဖြစ်သည်။

မေးခွန်းများ

၄၉။ ဇာတိအားဖြင့်ဘွားသောသား ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။………………………………………..

၅၀။ ဂတိတော်အားဖြင့် ဘွားသောသားဆိုသည်မှာ ဘာကိုဆိုလိုသနည်း။………………………………….

၅၁။ ဇာတိနှင့်ဂတိတော်၌ အဘယ်အရာသည် အရင်ဖြစ်တတ်သနည်း။……………………………..

၂၄။ ထိုအကြောင်းအရာကို ပုံပမာအားဖြင့်ဆိုသော်၊ ထိုမိန်းမနှစ်ယောက်ကား၊ ပဋိညာဥ်တရားနှစ်ပါး ကို ဆိုလိုသတည်း။ ဟာဂရအမည်ရှိသောမိန်းမ တည်းဟူသော ပဋိညာဥ်တရားတပါးသည် သိနာတောင်ပေါ်မှာစီရင်၍၊ ကျွန်များကိုဘွားတတ်သောတရားဖြစ်၏။

ကျွန်မဟာဂရသည် သိနာတောင်ပေါ်မှာ စီရင်သော ပဋိညာဥ်တရားဟောင်းနှင့် နှိုင်းယှဥ်ထားသည်။ ထိုပဋိညာဥ်တရားသည် ပညတ်တော်ဖြစ်၍၊ လူများကို ပညတ်တော်၏ကျွန် ဖြစ်စေသည်။ များစွာ သော ခရစ်ယာန်များနှင့် ဂျူးလူမျိုးများသည် ပညတ်တော်၏ ကျွန်ဖြစ်ကြ၍၊ ကောင်းကင် နိုင်ငံရောက်ဘို့ရန် ပညတ်တော်လိုက်လျှောက်ရမည်၊ ဟုခံယူကြွေးကြော်နေကြသည်။ သို့ သော်သူတို့သည် ကျွန်ဖြစ်မှန်းပင်မသိဘဲ ကျွန်ဖြစ်နေကြသည်။

မေးခွန်းများ

၅၂။ ကျွန်မဟာဂရသည် ဘာနှင့်နှိုင်းယှဉ်ထားသနည်း။…………………………………………….

၅၃။ ပဋိညာဉ်တရားသည် ဘာကိုဆိုလိုသနည်း။…………………………………..

၅၄။ အဘယ်ကြောင့် ဂျူးလူမျိုးများနှင့် ခရစ်ယာန်များသည် ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံရောက်မည်၊ ဟုထင်ကြသနည်း။………………………

၂၅။ အကြောင်းမူကား၊ ဟာဂရသည် အာရပ်ပြည်၌ရှိသော သိနာတောင်ဖြစ်၏။ ယခုရှိသော ယေရုရှလင်မြို့ နှင့်တူ၏၊ မိမိသားများနှင့် တကွကျွန်ခံရ၏။

ဟာဂရသည် အဲဂုတ္တုပြည်မှခေါ်လာသော၊ အာဗြဟံနှင့်စာရာတို့၏ ကျွန်ဖြစ်သည်။ စာရာသည် သားမရနိုင်သောအခါ သူ၏ယောက်ျားကို ကျွန်မဟာဂရနှင့်ယူခိုင်း၍ ဣရှမေလကိုရရှိခဲ့သည်။ စာရာ၏အကြံသည် ဇာတိကိုပုံဆောင်သည်။ ဣရှမေလသည် အာဗြဟံ၏သားဖြစ်သော်လည်း၊ အငယ် ၃၀ ၌ အမေနှင့် အတူနှင်ထုတ်ခြင်းခံရ သည်။ ဟာဂရသည် ပညတ်တော် ပေးသော သိနာတောင်နှင့်၎င်း၊ မြေကြီးပေါ်၌ရှိသော ယေရုရှလင်မြို့နှင့်၎င်း၊ ခိုင်းနှိုင်းထားသည်။ ယေရုရှလင်မြို့သားများသည်၊ ဇာတိအားဖြင့် အာဗြဟံ၏သားများ ဖြစ်ကြသော်လည်း၊ ဘုရား၏ ဂတိတော်ကို လက်မခံကြသောကြောင့်၊ ပညတ်တော်၏ ကျွန်များဖြစ်ကြသည်။

မေးခွန်းများ

၅၅။ ဟာဂရသည် မည်သူနည်း။………………………………………………….

၅၆။ အဘယ်ကြောင့်စာရာက သူ့ယောက်ျားကို ကျွန်မနှင့်ယူခိုင်းသနည်း။……………………………….

၅၇။ စာရာ၏အကြံသည် ဘယ်အရာကိုပုံဆောင်သနည်း။…………………………….

၅၈။ ဟာဂရသည် ဘယ်အရာများကိုပုံဆောင်သနည်း။…………………………………………

၅၉။ ယေရုရှလင်မြို့သားများသည် အဘယ်ကြောင့် ပညတ်တော်၏ကျွန်ဖြစ်ကြသနည်း။………………...

 

၂၆။ အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသောငါတို့၏ အမိတည်းဟူသော ကျွန်မ မဟုတ်သော မိန်းမဖြစ်သတည်း။

ကောင်းကင်၌ရှိသော ယေရုရှလင်မြို့သည်၊ ကျွန်မမဟုတ်သောစာရာနှင့် ခိုင်းနှိုင်းထားသည်။ အဓိကဆိုလိုရင်းမှာ ကျွန်မဟုတ်ကြောင်းကို ဖေါ်ပြလိုခြင်းဖြစ်သည်။ ကောင်းကင်ယေရုရှလင်မြို့ နှင့်ပတ်သက်၍ ဤသို့ရေးထားသည်၊ "သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ်သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ " (ဗျာ ၂၁:၂) ကောင်းကင် ယေရုရှလင်မြို့သည် ကျွန်မဟုတ်သည်သာမက ခင်ပွန်းသည် သို့မဟုတ် မင်္ဂလာဆောင်သတို့သမီး နှင့်ခိုင်းနှိုင်းထားသည်။ ကောင်းကင်၌ ကျွန်မရှိတော့ချေ။ 

မေးခွန်းများ

၆၀။ ကောင်းကင်ယေရုရှလင်မြို့ကို မည်သူနှင့်ခိုင်းနှိုင်းသနည်း။…………………………………………

၆၁။ ကောင်းကင်ယေရုရှလင်မြို့၏ အဓိကဆိုလိုရင်သည် အဘယ်အရာနည်း။……………………………

၆၂။ မြေကြီးနှင့်ကောင်းကင်ယေရုရှလင်မြို့၏ အဓိက ကွာခြားချက်ဖေါ်ပြပါ။……………………………..

၂ရ။ ကျမ်းစာလာသည်ကား၊ သားမဘွားသောအမြုံမ၊ ၀မ်းမြောက်လော့။ သားဘွားခြင်း ဝေဒနာကိုမခံသေးသောမိန်းမ၊ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသော မိန်းမသည် လင်ရှိသော မိန်းမထက်သာ၍များသောသားတို့ကို ဘွားမြင်ပြီဟု လာသတည်း။ (ဟေရှာ ၅၄:၁)

စာရာသည် အာဗြဟံ၏မိန်းမဖြစ်သော်လည်း နှစ်ပေါင်းများစွာမြုံခဲ့သည်။ ကျွန်မဟာဂရမူကား ချက်ချင်းသားဘွားသောကြောင့်၊ သူ၏သခင်မကို မထီမဲ့မြင်ပြုခဲ့သည် (ကမ္ဘာ ၁၆:၄)။ ဇာတိအားဖြင့် လုပ်သောအရာများသည် ချက်ချင်းအကောင်အထည်ဖေါ်တတ်သည်။ ဝိညာဉ်အားဖြင့်လုပ်သောအ ရာများသည် နှေးကွေး၍ စောင့်ရခက်သည်။ လူတိုင်းအာဗြဟံတို့လင်မယားကဲ့သို့ ဘုရားကိုမစောင့် နိုင်ဘဲ ဇာတိအားဖြင့်ဆုံးဖြတ်လုပ်ဆောင်တတ်ကြသည်။ သို့သော်ဘုရား၏ တန်ခိုးတော်အားဖြင့်၊ စာရာသည်သားပြန်ရကာ များစွာသောဇာသားစဥ်မြေးဆက်များ ပွားများခဲ့သည်။ ဇာတိအားဖြင့် ဣသရေလများ၊ ဝိညာဉ်အားဖြင့် ခရစ်ယာန်များသည် စာရာ၏သားများဖြစ်သည်။ ယုံကြည်ခြင်း ရှိသောသူသည် အာဗြဟံ၏သားဖြစ်သည်၊ ဟုအမှန်သိမှတ်ကြလော့။ (ဂလာ ၃း၇) ဟုရေးခဲ့သည် မဟုတ်လော။

မေးခွန်းများ

၆၃။ အမြုံမသည် မည်သူကိုဆိုလိုသနည်း။…………………………

၆၄။ ဇာတိနှင့်ဝိညာဉ်၌မည်သည့်အရာသည် ပို၍မြန်တတ်သနည်း။………………………….

၆၅။ စာရာသည် ပို၍များသောသားများမွေးဘွားသလော။………………မည်သူတို့နည်း။……………………

၆၆။ သင်သည် ဘုရားကိုစောင့်နိုင်သလော။………………ဇာတိအားဖြင့်လုပ်တတ်ပါသလော။…………

 

၂၈။ ညီအစ်ကိုတို့၊ ငါတို့သည် ဣဇာက်ကဲ့သို့ ဂတိတော်နှင့်စပ်ဆိုင်သောသား ဖြစ်ကြ၏။

ယုံကြည်သူ များသည် ဇာတိအားဖြင့် မွေးဘွားသော ဣရှမေလကဲ့သို့မဟုတ်၊ ဂတိတော်အားဖြင့် မွေးဘွားသော ဣဇက်ကဲ့သို့ ဖြစ်ကြသည်၊ ဟုဆိုသည်။ ဂတိတော်နှင့်စပ်ဆိုင်သောသားများဖြစ်လျှင်၊ ဘုရား၏စိတ်တော်တွေ့သောသူ၊ ကောင်းကြီးခံစားသောသူ၊ အမွေခံစားမည့်သူများဖြစ်ကြသည်။ 

မေးခွန်းများ

၆၇။ ယုံကြည်သူများသည် မည်သူကဲ့သို့ မွေးဘွားသောသူများဖြစ်ကြသနည်း။………………………..

၆၈။ ဂတိတော်နှင့်မွေးသောသူများ၏အကျိုးသည်အဘယ်အရာနည်း။……………………………………….

၂၉။ ထိုအခါ ဇာတိပကတိအားဖြင့် ဘွားသောသားသည် ၀ိညာဥ်တော်အားဖြင့် ဘွားသောသားကို ညှဥ်းဆဲကဲ့သို့၊ ထိုနည်းတူယခုပင်ဖြစ်၏။

ဣရှမေလကဣဇက်ကို ဆဲခဲ့ကြောင်း ဤသို့တွေ့ရသည်၊ "အဲဂုတ္တု အမျိုးသား ဟာဂရတွင် အာဗြဟံရသောသားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင်၊ ဤကျွန်မနှင့်သူ၏သားကို နှင်ထုတ် ပါလော့။ ဤကျွန်မသားသည် အကျွန်ုပ်၏သားဣဇက်နှင့်အတူ အမွေမခံရဟု၊ အာဗြဟံအား ဆိုလေ၏။ " (ကမ္ဘာ ၂၁:၉-၁၀)။ ယုံကြည်သူများ၌ လူဟောင်းကလူသစ်ကို ညှဥ်းဆဲတတ်သည်။ ဆိုလိုသည်မှာ လူသစ်ကြိုက်သောအရာကို မလိုက်ဘို့ရန် လူဟောင်းကကန့်ကွက်တတ်သည်။ လူသစ်ကဘုရား အလိုတော်ကိုလိုက်ချင်သော်လည်း လူဟောင်းကမလိုက်ချင်၊ ဇာတိအလို လိုက်ချင် သည်။ ထို့ကြောင့် ယုံကြည်သူများသည် ဆုတောင်းချင်တိုင်းတောင်း၍မရ၊ ကျမ်းစာဖတ်ချင်တိုင်း ဖတ်၍မရ၊ ဘုရားအလိုတော်အတိုင်း အသက်ရှင်သော်လည်း ဇာတိကတားမြစ်နေတတ်သည်။ 

မေးခွန်းများ

၆၉။ ဣရှမေလကဣဇက်ကို မည်ကဲ့သို့ဆက်ဆံသနည်း။…………………………………

၇၀။ လူဟောင်းက လူသစ်ကိုမည်ကဲ့သို့ နှောင့်ယှက်သနည်း။……………………………………..

၃၀။ သို့သော်လည်း အဘယ်သို့ကျမ်းစာလာသနည်းဟူမူကား၊ ကျွန်မနှင့်သူ၏သားကို နှင်ထုတ်လော့။ ကျွန်မ၏သားသည် ကျွန်မမဟုတ်သော မိန်းမ၏သားနှင့်အတူ အမွေမခံရဟု လာသတည်း။

အာဗြဟံသည် မိမိသားဖြစ်သောကြောင့်၊ ဣရှမေလနှင်ထုတ်ဘို့သည် သူ့အတွက်အလွန်ခက်သည်။ သို့သော် ဘုရားသခင်က နှင်ထုတ်ခိုင်းသည်။ အကြောင်းမှာ ဣဇက်၌သာ အမျိုးတည်မည်ဟု ဆိုသည်။ (ကမ္ဘာ ၂၁:၁၁-၁၂)။ ယုံကြည်သူလည်း လူဟောင်းကိုနှင်ထုတ်၍ လူသစ်သာလျှင် ဘုရား၏ အမွေခံဖြစ်မည်ကို ပုံဆောင်ခြင်းဖြစ်သည်။ အာဗြဟံကသား ဣရှမေလနှင်ထုတ် ဘို့ ခက်ခဲ သကဲ့သို့၊ ယုံကြည်သူများလည်း၊ ဇာတိ၏အလိုဆန္ဒများငြင်းဘို့သည် အလွန်ခက်ခဲတတ်သည်။

မေးခွန်းများ

၇၁။ အဘယ်ကြောင့် အာဗြဟံသည် ကျွန်မသားကို နှင်ထုတ်ဘို့ခက်ခဲနေသနည်း။………………………

၇၂။ အဘယ်ကြောင့် ကျွန်မ၏သားသည် နှင်ထုတ်ဘို့လိုသနည်း။……………………………………….

၇၃။ ဇာတိ၏အလိုဆန္ဒများကို ငြင်းဘို့ခက်ခဲပါသလား။……………………………

 

၃၁။ ယခုတွင်ညီအစ်ကိုတို့၊ ငါတို့သည်ကျွန်မ၏သားမဟုတ်၊ ကျွန်မမဟုတ်သောမိန်းမ၏သား ဖြစ်ကြ၏။

ယုံကြည်သူများသည် အာဗြဟံသားများ ဖြစ်ကြသော်လည်း၊ ကျွန်မ၏သား ဣရှမေလကဲ့သို့မဟုတ်၊ ကျွန်မမဟုတ်သော စာရာ၏သား ဣဇက်ကဲ့သို့ ဖြစ်ကြသည်။ ထို့ကြောင့် အမွေးစားအမွေခံများ ဖြစ်ကြ၍ နှင်ထုတ်ခြင်း ခံမည့်သူများ မဟုတ်ချေ။

မေးခွန်းများ

၇၄။ ယုံကြည်သူများသည် ကျွန်မ၏သားကဲ့သို့လော၊ ကျွန်မမဟုတ်သောမိန်းမ၏သားကဲ့သို့လော။….............................................

၇၅။ ဣဇက်ကဲ့သို့သောသားဖြစ်ခြင်းသည် ဘာအကျိုးရှိသနည်း။……………………………

ဂလာတိ ဩဝါဒစာ

အခန်းကြီး ၅

၁။ ထိုကြောင့် ခရစ်တော်သည် ငါတို့ကို လွှတ်တော်မူသောလွှတ်ခြင်း အခွင့်၌တည်နေသဖြင့်၊ ကျွန်ခံရာထမ်းပိုးကိုထမ်း၍ ချည်နှောင်ခြင်းကို တဖန်မခံကြနှင့်။

ဤကျမ်းသည် အခန်း ၏ အဆက်ဖြစ်သည်။ အခန်း ၌ ယုံကြည်သူများသည် ကျွန်မဟာဂရ၏သား ဣရှမေလကဲ့သို့မဟုတ်၊ ကျွန်မ မဟုတ်သော စာရာ၏သား ဣဇက်ကဲ့သို့ လူလွတ်များ ဖြစ်သည်ဟု ဆိုခဲ့သည်။ ထိုသို့ဖြစ်ခြင်းသည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်ဖြစ်သည်။ ထိုသို့လူလွတ် ဖြစ်သောကြောင့် ကျွန်ခံရာထမ်းပိုးကိုထမ်း၍ ချည်နှောင်ခြင်းမခံဘို့ ပြောထားသည်။ ထမ်းပိုးသည် ဘာကိုဆိုလိုသနည်း။ ဖြောင့်မတ်ခြင်းသို့ ရောက်ဘို့ရန်ပညတ်တော် လိုက်လျှောက်ခြင်းကို ဆိုလိုသည်။ ချည်နှောင်ခြင်းသည်လည်း ထိုပညတ်တော် လိုက်လျှောက်ခြင်းကို ဆိုလိုသည်။ ပညတ်တော် လိုက်လျှောက်ခြင်းအားဖြင့် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်ဘို့ ကြိုးစားခြင်း သည် ချည်နှောင်ခြင်း ခံသောသူဖြစ်သည်။

မေးခွန်းများ

၁။ ယုံကြည်သူများသည် အာဗြဟံ၏သားနှစ်ယောက်ထဲက မည်သူနှင့်တူသနည်း။............................

၂။ ပေါလုက ကျွန်ခံရာထမ်းပိုးသည် မည်သည့်အရာကို ဆိုလိုသနည်း။........................................

၃။ ချည်နှောင်ခြင်းသည် ဘာကိုဆိုလိုသနည်း။......................................

၂။ ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင်၊ ခရစ်တော်အားဖြင့် အဘယ်အကျိုးကိုမျှမရနိုင်ကြ

ဣသရေလ ယောက်ျားတိုင်းသည် ယောက်ျားအင်္ဂါ၏ အရေဖျားကိုလှီးရသည်။ ထိုသို့လှီးခြင်းသည် ဘုရားသခင်က အာဗြဟံထံပညတ်ထားခြင်းဖြစ်၍၊ ဘုရားသခင်၏လူ၊ ဘုရားနှင့်ပဋိညာဥ်ပြုခြင်း၏ အမှတ်အသားဖြစ်သည် (ကမ္ဘာ ၁ရ:၁၀-၁၄)။    (အရေဖျားလှီးခြင်းနှင့်ပတ်သက်၍   ၂၀၂၄ နိုဝင်ဘာလထုတ် သတင်းကောင်းစာစောင်ကိုဖတ်ပါ) ဘုရားသခင်က ကိုယ်ခန္ဓာအရေဖျားလှီးခြင်းကို ခိုင်းသော်လည်း၊ ထိုအရာသည် အရိပ်ဖြစ်၍ စိတ်နှလုံးအရေဖျားလှီးကြဘို့ ဤသို့ခိုင်းထားသည်၊ "သင်၏နှလုံးအရေဖျားကို လှီးဖြတ်လော့။ နောက်တဖန် ခိုင်မာသော လည်ပင်းမရှိစေနှင့်။" (တရားဟော ၃၀:၆)။ စိတ်နှလုံးခိုင်မာခြင်းသည် အရေဖျားမလှီးခြင်း၏ လက္ခဏာဖြစ်သည်။ ယုံကြည်သူများ၊ ဒုတိယမွေးဘွားပြီးသောသူများသည် အရေဖျားလှီးပြီးဖြစ်ကြောင်း ပေါလုကဤသို့ ရေးထားသည်၊ "ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိအပြစ်၏ကိုယ်ကို ပယ်ရှင်း၍၊ လက်ဖြင့် မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊ ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကိုခံကြ၏။" (ကော ၂:၁၁-၁၂)။ သို့သော်စိတ်နှလုံးခိုင်မာ၍ ဘုရား စကားနားမထောင်လျှင်၊ အရေဖျားမလှီးသောသူနှင့်တူသည်။ ခရစ်တော်အသေခံပြီးနောက်ပိုင်းတွင် ခန္ဓာအရေဖျားလှီးခြင်းသည် အကျိုးမရှိတော့ပါ။ စိတ်နှလုံးအရေဖျားလှီးခြင်းသာလျှင် အကျိုးရှိသည်။

မေးခွန်းများ

၄။ အရေဖျားလှီးခြင်းသည် ဘာကိုဆိုလိုသနည်း။........................................

၅။ ကိုယ်ခန္ဓာအရေဖျားလှီးသည်သာမက ဘာအရေဖျားလှီးဘို့လိုသေးသနည်း။........................................

၆။ အရေဖျားမလှီးခြင်းသည် ဘာကိုဖေါ်ပြသနည်း။ ....................................................

၇။ ယခုခန္ဓာကိုယ်၌ အရေဖျားလှီးဘို့လိုသေးသလော။ .....................အဘယ်ကြောင့်နည်း။........................

၈။ ယခုအရေဖျားလှီးလျှင် အကျိုးရှိသေးသလော။.........................................

၃။ အရေဖျားလှီးခြင်းကို ခံသောသူအပေါင်းတို့အား ငါတဖန်သက်သေခံသည်ကား၊ ထိုသို့သော သူသည် ပညတ်တရားကို အကြွင်းမဲ့ကျင့်အံ့သောငှါ ကြွေးတင်သောသူဖြစ်၏။

ကိုယ်ခန္ဓာအရေဖျားလှီးသောသူတို့သည် အဘယ်ကြောင့်ပညတ်တရားကို အကြွင်းမဲ့ကျင့်ဘို့ရန် ကြွေးတင်သောသူဖြစ်သည်ဟုဆိုသနည်း။ အရေဖျားလှီးသောသူသည် အာဗြဟံသားဖြစ်၍ ပဋိညာဥ်တရားနှင့်ဆိုင်ကာ ပညတ်တော်လိုက်လျှောက်ဘို့ဖြစ်သည်။ ဂလာတိယုံကြည်သူများသည် အရေဖျားပြန်လှီးလျှင် ပညတ်တော်ကို အကုန်အစင်ပြန်လိုက်ဘို့ဖြစ်သည်။ ခရစ်တော်ကို ယုံကြည် သောသူသည် ပညတ်တရားလက်မှလွတ်သောသူဖြစ်သည်။ ပေါလုက၊ "သင်သည် ပညတ်တရားကို ကျင့်လျှင်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ၏။ ပညတ်တရားကိုလွန်ကျူးလျှင်၊ သင်၏ အရေဖျားလှီးခြင်းသည် အရေဖျားမလှီးဘဲဖြစ်ပြန်၏။" (ရော ၂:၂၅) ဟုရောမအသင်းတော်ထံ၌ စာရေးခဲ့သည်။

မေးခွန်းများ

၉။ အရေးဖျားလှီးသောသူတို့သည် ဘာအကြွေးတင်ကြသနည်း။.............................................

၁၀။ ပညတ်တရားလွန်ကျူးလျှင် အရေဖျားလှီးခြင်းသည် ဘာကဲ့သို့ဖြစ်သနည်း။.............................

၄။ ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သမျှသောသင်တို့သည် ခရစ်တော်နှင့်ကွာ၍ ကျေးဇူးတရား၌မတည်၊ ရွေ့လျော့ကြပြီ။

အဘယ်ကြောင့်ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သောသူတို့သည် ခရစ်တော်နှင့်ကွာ၍ ကျေးဇူးတရား၌ မတည်ရွေ့လျော့ပြီဟုဆိုသနည်း။ အမှန်မှာ ပညတ်တရားလိုက်လျှောက်ခြင်းအား ဖြင့် မည်သူမျှ ဘုရားသခင်ရှေ့၌ မဖြောင့်မတ်နိုင်ချေ (ရော ၃:၂၀)။ ဣသရေလလူများသည် ပညတ်တရားအားဖြင့် ဖြောင့်မတ်ဘို့ ကြိုးစားခဲ့သောကြောင့် ဖြောင့်မတ်ခြင်းမရနိုင်ဟုပေါလုက ဆိုခဲ့သည် (ရော ၉:၃၁-၃၂)။ ထို့ကြောင့်သင်သည်လည်း ပညတ်တရားလိုက်လျှောက်ခြင်းဖြင့် ဖြောင့်မတ်ဘို့ ကြိုးစားသေးလျှင် ခရစ်တော်နှင့်ကွာ၍ ကျေးဇူးတရား၌မတည် ရွေ့လျော့ပြီ။

မေးခွန်းများ

၁၁။ ပညတ်တရားလိုက်လျှောက်လျှင် ဘာနှင့်ကွာသနည်း။.....................

၁၂။ အဘယ်ကြောင့်နည်း။......................................

၅။ ငါတို့မူကား၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်မည်ဟုမြော်လင့်သော ကျေးဇူးတော်ကို ၀ိညာဥ်တော်အားဖြင့် ငံ့လင့်၍နေကြ၏။

ဣသရေလလူများက ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့်၊ ဖြောင့်မတ်ဘို့ ကြိုးစားကြသည်။ သို့  သော်ငါတို့မူကား လူ့အပိုင်းမှယုံကြည်ခြင်း၊ ဘုရားအပိုင်းမှကျေးဇူးတော်အားဖြင့် ဖြောင့်တ်ခြင်းကို ရမည်ဟု မြော်လင့်သည်ဟုဆိုသည်။ ထိုကျေးဇူးတော်သည် ၀ိညာဥ်တော်အားဖြင့်ဖြစ်သည်။

မေးခွန်းများ

၁၃။ သင်သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်မည်ဟုမြော်လင့်သောသူဖြစ်ပါသလော။...........................

၆။ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်း အကျိုးမရှိ။ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။

အဘယ်ကြောင့် ယေရှုခရစ်၌ အရေဖျားလှီးခြင်း အကျိုးမရှိသနည်း။ အရေဖျားလှီးခြင်းဖြင့် ဖြောင့်မတ်ခြင်း မရနိုင်သောကြောင့်ဖြစ်သည်။ အရေဖျားလှီးခြင်းသည် ဣသရေလလူများ နှင့်သာဆိုင်၍၊ ဘုရားနှင့်ပတ်သက်သောသူ ဖြစ်ကြောင်း အမှတ်အသားဖြစ်သည်။ ယေရှုကို ယုံကြည်သူများသည် စိတ်နှလုံးအရေဖျားလှီးပြီးသောကြောင့် ထိုအမှတ်အသား မလိုတော့ချေ။ ဘုရားနှင့်ဆိုင်သောသူ ဖြစ်ကြပြီ။


မေးခွန်းများ

၁၄။ အဘယ်ကြောင့် ယေရှုခရစ်၌ အရေဖျားလှီးခြင်း အကျိုးမရှိသနည်း။........................

၁၅။ ယေရှုကို ယုံကြည်သူများသည် ဘာအရေဖျားလှီးပြီးသူများဖြစ်သနည်း။.............................

 

ရ။ အထက်ကသင်တို့သည် ကောင်းမွန်စွာပြေးကြ၏။ သို့ဖြစ်၍ သမ္မာတရားကို နားမထောင်စေခြင်းငှါ အဘယ်သူ ဆီးတားသနည်း။

ယုံကြည်သူများကို အပြေးသမားနှင့်နှိုင်းယှဥ်ထားသည်။ ဂလာတိယုံကြည်သူများသည် အစ၌ ယုံကြည်ခြင်းအားဖြင့် သွားကြသည်။ သို့သော်ဤစာရေးချိန်တွင် ယုံကြည်ခြင်းအားဖြင့် မဟုတ်တော့ဘဲ ပညတ်တော်လိုက်လျှောက်ခြင်းအားဖြင့် ဘုရားရှေ့၌ ဖြောင့်မတ်ဘို့ ကြိုးစား လာသောကြောင့် သမ္မာတရားကို နားမထောင်ဘဲ လမ်းလွဲခြင်းဖြစ်သည်။ ပေါလုကဂလာတိလူများ ထံ သမ္မာတရားကို နားမထောင်ခြင်းငှါ မည်သူကတားဆီးသနည်းဟုမေးခွန်းထုတ်သည်။

မေးခွန်းများ

၁၆။ ဂလာတိယုံကြည်သူများသည် အစ၌ ဘာအားဖြင့် သွားခဲ့ကြသနည်း............................................

၁၇။ ဂလာတိယုံကြည်သူများသည် ဘာအားဖြင့် ဖြောင့်မတ်ခြင်းရဘို့ ကြိုးစားလာကြသနည်း။.........

၈။ ယခုယူသောအယူကား၊ သင်တို့ကိုခေါ်တော်မူသောသူ၏ ဩ၀ါဒကိုအမှီပြု၍ ယူသောအယူ မဟုတ်။

အယူဆိုသည်မှာ အယူ၀ါဒ သို့မဟုတ် ခံယူချက်၊ ယုံကြည်ခြင်းကို ဆိုလိုသည်။ သူတို့သည် ပေါလုတို့ အစပြောခဲ့သည့်အတိုင်း မဟုတ်တော့ဘဲ၊ ပညတ်တရားလိုက်လျှောက်ဘို့ ပြောသောသူတို့၏ ဩ၀ါဒကို ခံယူကြသောကြောင့်၊ သူတို့ကို ခေါ်တော်မူသောဘုရား၏ ဩ၀ါဒမဟုတ်ဟုပေါလုက ဆိုခြင်းဖြစ်သည်။

မေးခွန်းများ

၁၈။ ဂလာတိယုံကြည်သူများသည် ပေါလုတို့သွန်သင်သကဲ့သို့ လိုက်လျှောက်ကြသေးသလား။...............

၁၉။ မည်သူတို့၏ သွန်သင်ခြင်းကိုလိုက်လျှောက်လာကြသနည်း။..........................................

၉။ အနည်းငယ်သော တဆေးသည် မုန့်စိမ်းတပုံလုံးကို ဖောင်းကြွစေတတ်၏။

တဆေးသည် မုန့်စိမ်းကိုဖောင်းကြွစေတတ်သကဲ့သို့ အယူ၀ါဒသည်လည်း လမ်းလွဲစေတတ်သည်။ ထို့ကြောင့် သမ္မာတရားနှင့်ဆန့်ကျင်သော ဩ၀ါဒများကို ရှောင်ဘို့လိုသည်။ ဩ၀ါဒမှားယွင်းခြင်းသည် အလွန်ကြောက်စရာကောင်းသည်။ လင်မယား၊ သားအမိ သားအဖလည်းကွဲစေနိုင်သည်။ အသင်းတော်လည်း ကွဲစေနိုင်သည်။

မေးခွန်းများ

၂၀။ တဆေးသည် ဘာကဲ့သို့ဖြစ်သနည်း။...........................................

၂၁။ ဩဝါဒမှားခြင်းသည် ကြောက်စရာကောင်းပါသလား။..................အဘယ်ကြောင့်နည်း။.....................

၁၀။ သင်တို့သည် ကွဲပြားသော အယူရှိသမျှကို ပယ်လိမ့်မည်ဟု သခင်ဘုရားကို ငါအမှီပြု၍ စိတ်စွဲလမ်းခြင်းရှိ၏။ သင်တို့ကို နှောင့်ရှက်သောသူမည်သည်ကား၊ မိမိအပြစ်ဒဏ်ကို ခံရလိမ့်မည်။

ပေါလုကဂလာတိပြည် ရှိယုံကြည်သူများအယူ၀ါဒလွဲရာမှအမှန်သို့ ပြန်လာလိမ့်မည်ဟု ယုံကြည် မျှော်လင့်သည်။ ၀ိညာဥ်ဖခင်များ အတွက် သားသမီး များအယူ၀ါဒလွဲမှားလျှင် အလွန် ၀မ်းနည်းရသည်။ အယူ၀ါဒလွဲမှားလျှင် ၀ိညာဥ်ဖခင်များ ကိုလည်း အထင်လွဲကာပေါင်း၍ မရတော့ချေ။ ထို့ကြောင့်ပေါလုကသူတို့ကို လွဲမှားစေသော သူများသည် အပြစ် ဒဏ်ခံမည့် အကြောင်း ပြောခြင်း ဖြစ်သည်။

မေးခွန်းများ

၂၂။ ယုံကြည်သူများ အယူဝါးလွဲမှားလျှင် မည်သူတို့ဝမ်းနည်းရသနည်း။.........................

၂၃။ အယူဝါဒလွဲခြင်းဖြင့် ဘာဖြစ်နိုင်သနည်း။....................................

၁၁။ တဖန်တုံ၊ ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်း တရားကို ဟောပြောသေးသည်မှန်လျှင်၊ အဘယ်ကြောင့်ညှဥ်းဆဲခြင်းကို ခံရသေးသနည်း။ ထိုသို့ ဟောပြောလျှင်၊ လက်၀ါးကပ်တိုင်တော်ကို ထိမိ၍ လဲစရာ အကြောင်း ပယ်ရှင်းလျက်ရှိ၏။

ပေါလုသည် အရေဖျားလှီးမည့်တရားကို မဟောတော့ချေ။ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်မည့်အကြောင်း၊ ကျေးဇူးတော်တရားကိုသာလျှင် ဟောတော့သည်။ အကယ်၍ အရေဖျားလှီးခြင်း တရားဟောသေးလျှင် ယုဒလူများထံမှ ညှဥ်းဆဲခြင်းခံစရာမလိုချေ။ ထိုမျှသာမကအရေဖျားလှီးဘို့ ဟောပြောသေးလျှင် လက်၀ါးကပ်တိုင်တော် တရားဟောသောအခါ ထိမိ၍ လဲစရာ အကြောင်း မရှိချေ။ ယုဒလူများ ကလက်၀ါးကပ်တိုင်တော် အကြောင်းကို ကြားသောအခါ၊ ထိမိ၍လဲကြသည်။ ဆိုလိုသည် မှာစိတ်ဆိုးကြသည်။ အကြောင်းမှာ ခရစ်တော်ကို လက်၀ါးကပ်တိုင်၌ သူတို့ ရိုက်သတ်ကြောင်း အပြစ်တင်ခြင်းဖြစ်သည်။

မေးခွန်းများ

၂၄။ ပေါလုသည် ဘာတရားဟောသနည်း။...............................................

၂၅။ ဘာတရားဟောလျှင် ညှဉ်းဆဲခြင်းခံရမည်နည်း။..................................

၂၆။ ယုဒလူများက လက်ဝါးကပ်တိုင်တော် တရားကို အဘယ်ကြောင့် စိတ်ဆိုးကြသနည်း။................

၁၂။ သင်တို့ကို မှောက်မှားစေသော သူတို့ကို ပယ်ရှားနှင်ထုတ် စေခြင်းငှါ ငါအလိုရှိ၏။

ဂလာတိပြည်၍ အသင်းတော်များ၌ မှားယွင်းသော ဆရာများကအရေဖျားလှီးခြင်း ခံဘို့အကြောင်း ပြောကြသည်။ ထိုသူများသည် သူတို့ကို မှောက်မှားစေသောသူများ ဟုပေါလုကဆိုသည်။ ထိုဆရာများကို ပေါလုကပယ်ရှားနှင့် ထုတ်ဘို့အလိုရှိသည်။

မေးခွန်းများ

၂၇။ ပေါလုက မှားယွင်းစေသော ဆရာများကို မည်ကဲ့သို့လုပ်ချင်သနည်း။..........................................

၁၃။ ညီအစ်ကိုတို့၊ သင်တို့သည် လွတ်ခြင်းသို့ ခေါ်တော်မူခြင်းခံရကြ၏။ သို့ သော်လည်း ဇာတိပကတိအား အခွင့်ကို ပေး၍၊ ထိုလွတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့။

ခရစ်တော်ကိုရရှိသောသူ၊ ယုံကြည်သောသူသည် ပညတ်တရားလက်မှ၎င်း၊ အပြစ်ကျွန်မှ၎င်း၊ လွတ်သော သူများဖြစ်သည်။ သို့သော်ထိုသို့လွတ်ခြင်းသည် ကိုယ်နှစ်သက်သလိုကျင့်ဘို့ မဟုတ်ချေ။ ယုံကြည်သူသည် လွတ်ခြင်းကို ရသော်လည်း ဇာတိရှိသေးသည်။ ထိုဇာတိအလိုကို မလိုက်ဘဲ ဘုရား အလိုတော်ကို သာလျှင် လိုက်ဘို့ ဖြစ်သည်။ ယုံကြည်သူ အချင်းချင်း၏ အမှုကို ဆောင်ရွက်ခြင်း ဖြင့် ချစ်ခြင်း မေတ္တာကို အသုံးပြုဘို့ ဖြစ်သည်။

မေးခွန်းများ

၂၈။ ယုံကြည်သူများသည် လွတ်ခြင်းခံရကြပြီလော။……………………………………………..

၂၉။ ယုံကြည်သူများလွတ်ခြင်းသည် ကိုယ်ကြိုက်နှစ်သက်သကဲ့သို့ ကျင့်ဘို့ဟုတ်ပါသလော။……………………

၃၀။ ယုံကြည်သူများ လွတ်ခြင်းကို မည်ကဲ့သို့အသုံးပြုဘို့ဖြစ်သနည်း။……………………………………….

 

၁၄။ အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ပညတ်တပါးကိုကျင့်လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာရောက်၏။

ကိုယ်နှင့်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ခြင်းနှင့် ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်ခြင်းသည် အကြီးမား ဆုံးပညတ်ပြစ်၍၊ ပညတ်အားလုံး၏ အချုပ်ဖြစ်သည်ဟု သခင်ယေရှုကဆိုခဲ့ပြီ(မဿဲ ၂၂:၃ရ-၃၉)။ အကြောင်းမှာ သူတပါးကိုကိုယ်နှင့်အမျှချစ်လျှင် သူ့ကိုမပြစ်မှားသည်သာမက၊ သနားမည်၊ ကူညီမစမည်။ သို့သော်သူတပါးကို မချစ်နိုင်ခြင်းသည် ပြသနာဖြစ်သည်။ သူတပါးကိုချစ်နိုင်ဘို့ရန်မှာ သခင်ယေရှုကို အုပ်စိုးခိုင်းဘို့လိုသည်။ သူသည် ချစ်ခြင်းမေတ္တာဖြစ်သည် (၁ ယော ၄:၈)။ ဘုရားသခင်က ၀ိညာဥ်တော်အားဖြင့် ယုံကြည်သူများထံ သူ၏ချစ်ခြင်း မေတ္တာကိုပေးပြီ (ရော ၅း၅။ ၂ တိ ၁း၇)။ အသုံးပြုဘို့သာလျှင်လိုအပ်တော့သည်။ အသက်တာကို ဘုရား အုပ်စိုးစေလျှင်၊ သူမြင်သကဲ့သို့မြင်၍၊ သူကြိုက်နှစ်သကဲ့သို့ ကြိုက်နှစ်သက်မည်။ လူများကိုလည်း သူကသနား သကဲ့သို့ သနားလာမှာဖြစ်သည်။

မေးခွန်းများ

၃၁။ ပညတ်တော်ထဲ၌ အဘယ်ပညတ်သည် အကြီးဆုံးဖြစ်သနည်း။……………………………………….

၃၂။ ဘုရားသခင်က ယုံကြည်သူများထံ ဘာပေးသနည်း။……………………………………………

၃၃။ သူတပါးကိုချစ်နိုင်ဘို့ ဘာလုပ်ရမည်နည်း။………………………………………

၃၄။ သူတပါးကို ချစ်လျှင် မည်ကဲ့သို့ခံစားချက်ရှိမည်နည်း။…………………………….

၁၅။ သို့မဟုတ် အချင်းချင်းကိုက်စားလျှင် အချင်းချင်းဖျက်ဆီးမည်ဟု စိုးရိမ်၍ သတိရှိကြလော့။

အသက်တာကို ဇာတိတည်းဟူသော ကိုယ့်စိတ်ကအုပ်စိုးလျှင် အချင်းချင်းပင်လျှင် မချစ်နိုင်ပါ။ ကိုက်စား၍ ဖျက်ဆီးမှာသေချာသည်။ ထို့ကြောင့်အသက်တာ၌ ဘုရားကိုအစဥ်သဖြင့် အုပ်စိုးစေကြစို့။

မေးခွန်းများ

၃၅။ အချင်းချင်းကိုက်စားလျှင် ဘာဖြစ်မည်နည်း။………………………………………………

၁၆။ ငါပညတ်သည်ကား၊ ၀ိညာဥ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏ အလိုသို့ မလိုက်ဘဲ နေကြလိမ့်မည်။

လူသည် အလိုလိုဇာတိကအုပ်စိုးသည်။ ၀ိညာဥ်တော်ကို အုပ်စိုးစေမှသာလျှင် ၀ိညာဥ်တော်က အုပ်စိုးမှာဖြစ်သည်။ ၀ိညာဥ်တော်အုပ်စိုးခိုင်းလျှင် ဇာတိအလိုမလိုက်ဘဲနေနိုင်မည်။ စားပင်များသည် မကြည့်ရှုဘဲ မကောင်းနိုင်သော် လည်း၊ မြက်ပင်များမူကား မကြည့်ရှုသော်လည်း အလိုလိုကောင်းနေတတ်ကြသည်။ ထို့နည်းတူဇာတိသည် ကြိုးစားစရာမလိုဘဲ အလိုလိုဖြစ်လာတတ်သော်လည်း၊ ၀ိညာဥ်မူကားသတိမထား၊ ဂရုမစိုက်၊ အခွင့်မပေးလျှင် အလိုလိုမအုပ်စိုးတတ်ချေ။ ထို့ကြောင့်ဇာတိနှင့်မကျင့်ဘဲ ၀ိညာဥ်အားဖြင့် ကျင့်ဘို့သည်ကိုယ့်တာ၀န်ဖြစ်သည်။

မေးခွန်းများ

၃၆။ စားပင်များသည် အလိုလိုကောင်းတတ်ပါသလား။……………………မြက်ပင်များသည်အလိုလိုကောင်းတတ် ပါသလား။…………………………….

၃၇။ ဇာတိသည်ဘာနှင့်တူသနည်း။…………………………ဇာတိအလိုသည် ကြိုးစားစရာလိုပါသလော။……………….

၃၈။ ဝိညာဉ်အားဖြင့် အသက်ရှင်ဘို့သည် မည်သူ၏တာဝန်ဖြစ်သနည်း။…………………………………..

၁ရ။ အကြောင်းမူကား၊ ဇာတိပကတိနှင့် ၀ိညာဥ်ပကတိသည် တပါးနှင့်တပါးဆန့်ကျင်သော အလိုရှိကြ၏။ တပါးနှင့်တပါး ဆန့်ကျင့်ဘက်ဖြစ်၍၊ သင်တို့သည် ကျင့်ချင်သောအကျင့်ကို မကျင့်နိုင်ကြ။

ဇာတိအလိုနှင့်၀ိညာဥ်အလိုသည် ဆန့်ကျင်ဘက်ဖြစ်သည်။ ဇာတိကလောကကိုချစ်၍ အပြစ်ကိုကျူးလွန်ချင်သည်။ ၀ိညာဥ်ကဘုရားကိုချစ်၍ ဘုရားအလိုတော်ကိုသာလျှင် လုပ်ချင်သည်။ ထိုကြောင့်ဇာတိအလိုကို မလိုက်ဘဲ ၀ိညာဥ်အလိုကို လိုက်ဘို့သည်၊ ယုံကြည်သူ၏ တာ၀န်နှင့်ရွေးချယ်မှုဖြစ်သည်။ ဘုရားကယုံကြည်သူကို အတင်း အုပ်စိုးမည်မဟုတ်၊ ကိုယ်ကအုပ်စိုးခွင့်ပေးမှသာလျှင် အုပ်စိုးမှာဖြစ်သည်။

မေးခွန်းများ

၃၉။ ဇာတိအလိုနှင့် ဝိညာဉ်အလိုသည် မည်ကဲ့သို့ရှိသနည်း။……………………………………………….

၄၀။ ဇာတိကမည်သည့်အရာကိုချစ်သနည်း။………………….ဝိညာဉ်ကမည်သည့်အရာကိုချစ်သနည်း။…………………..

၄၁။ ဝိညာဉ်အလိုနှင့်လိုက်ဘို့သည် အလိုလိုဖြစ်ပါသလား။…………….မည်သူ၏တာဝန်ဖြစ်သနည်း။………………….

၁၈။သို့သော်လည်း ၀ိညာဥ်ပကတိအလိုသို့လိုက်လျှင် ပညတ်တရားနှင့်လွတ်ကြ၏။

၀ိညာဥ်အလိုလိုက်လျှင် ပညတ်တရားနှင့် လွတ်သည်ဟု ဆိုခြင်းသည် နားလည်လွဲနိုင်သည်။ ၀ိညာဥ်အလိုလိုက်လျှင် ဇာတိအလိုမလိုက်တော့သောကြောင့် ပညတ်နေစရာမလို၊ အလိုလိုဘုရား အလိုတော်ကို လိုက်သဖြင့် လွတ်လပ်သည်။ အပျိုမသည် သူ့ဟာသူထမင်းမချက်သောကြောင့် ခိုင်းဘို့၊ ပညတ်ဘို့လိုသည်။ အိမ်ထောင်ရှင်မသည် အလိုလိုထမင်းချက်သောကြောင့် ခိုင်းစရာမလို၊ အလိုလိုအသိစိတ်နှင့်ချက်သောကြောင့် ခိုင်းခြင်း မှလွတ်သည်။


မေးခွန်းများ

၄၂။ အပျိုမသည် အလိုလိုနှင့် ထမင်းချက်တတ်ပါသလား။……………………..

၄၃။ အိမ်ရှင်မသည် အလုပ်ခိုင်းစရာလိုပါသလား။………………………

၄၄။ အိမ်ရှင်မသည် မည်သည့်အရာမှလွတ်သနည်း။…………………………….

၁၉။ ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ၂၀ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကို ပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ ၂၁သူ့ အကျိုးကို ငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊၊ ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်း မှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သောအကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြဟု အထက်က ငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။

အထက် ပါဇာတိပကတိအကျင့်များသည် မကောင်းသော အကျင့်များဖြစ်သည်။ ထိုအရာများ သင်၌ကျင့်နေလျှင်၊ သို့မဟုတ် ကျင့်ချင်နေလျှင်ကိုယ့်ကိုယ်ကို သိ၍ဆုတောင်းပါ။ ထိုအကျင့်များသည် စိတ်နှလုံးမှထွက်လာ၍ (မဿဲ ၁၂:၃၄) ကောင်းကျိုးမပေးသောကြောင့် စွန့်ရမည်။ ထိုသို့စွန့်နိုင်ဘို့ရန်၊ ၀ိညာဥ်တော်အုပ်စိုးခိုင်းပါ။ ကျမ်းစာ မှန်မှန်ဖတ်ပါ။ ၀ိညာဥ်လူများနှင့်ပေါင်းသင်းပါ။ ကျမ်းစာသင်တန်းများ၌ မဖြစ်ဖြစ်အောင် ပါ၀င်ပါ။ ဇာတိလူများကို ရှောင်ပါ။ မကောင်းသော အတွေးများကို ဦးနှောက်ထဲမှဖယ်ရှားပါ။ လူများကို ကယ်တင်ခြင်းနှင့် သမ္မာတရားများကို ဝေငှပါ။ ဘုရားစကားနားထောင်ပါ။

မေးခွန်းများ

၄၅။ ဇာတိအကျင့်များသည် ကောင်းပါသလား။………………………….

၄၆။ ဇာတိအကျင့်များသည် ကြိုးစားစရာလိုပါသလား။………………

၄၇။ ဇာတိအကျင့်များသည် မည်သည့်နေရာမှထွက်လာကြသနည်း။……………………………………

၄၈။ ဇာတိအကျင့်မကျင့်ဘို့ အသက်တာကို ဘာကအုပ်စိုးခိုင်းမည်နည်း။……………………………….

၄၉။ ဝိညာဉ်လိုဖြစ်ဘို့ ဘာများလုပ်ရမည်နည်း။………………………

 

၂၂။ ၀ိညာဥ်တော်၏အသီးမူကား၊ ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ ၂၃နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ် တည်းခြင်းပေတည်း။ ထိုသို့သော အကျင့်ကို အဘယ်တရားမျှမမြစ်တား။

ဂရိတ်မူရင်းကျမ်း၌ ၀ိညာဥ်တော်၏ အသီးဟုဆိုသည်။ ၀ိညာဥ်တော်၏ အသီးများသည် သန့်ရှင်းသော ၀ိညာဥ်တော်အားဖြင့်ဖြစ်သည်။ ဇာတိအသီးနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ ၀ိညာဥ်အသီးများသီးဘို့ရန် တောင်း၍မရပါ။ ထိုအသီးသီးနိုင်ရန် ကိုယ်ကိုကိုယ်ငြင်းပယ်၍၊ သန့်ရှင်းသော၀ိညာဥ်တော်ကို အုပ်စိုးခိုင်းရမည်။ သန့်ရှင်းသောဝိညာဉ်တော်က အသက်တာကိုအုပ်စိုးလျှင် သူခိုင်းသောအရာကို ပြုလုပ်ရမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က အသက်တာကို အုပ်စိုးသောအခါ ကိုယ်ကိုယ်ကိုမအုပ်စိုးတော့ပါ။ ဝိညာဉ်တော်၏ အသီးထဲမှ ပဌမဆုံးသည် ချစ်ခြင်း၊ ဟုရေးထားသည်။ ချစ်ခြင်းသည် နှစ်မျိုးရှိသည်။ ဇာတိချစ်ခြင်းနှင့်ဝိညာဉ်ချစ် ခြင်းတို့ဖြစ်သည်။ ထိုနှစ်မျိုးစလုံးသည် မွေးရာပါဖြစ်သည်။ ခန္ဓာမွေးသောအခါ ဇာတိမေတ္တာပါပြီးသားဖြစ်သည်။ ဝိညာဉ်ပိုင်းမွေးသောအခါ ဝိညာဉ်ပိုင်းမေတ္တာပါလာသည်။ ဝိညာဉ်တော်ကအုပ်စိုးသောအခါ ဘုရား၏မေတ္တာအလိုလို သီးလာလိမ့်မည်။ ထို့နည်းတူ၊ ဝိညာဉ်တော်က အုပ်စိုးသောအခါ ဝမ်းမြောက်မှု၊ ငြိမ်သက်ခြင်းများလည်း ရှိလာပေ မည်။ ထို့ကြောင့် အသက်တာ၌ ဝိညာဉ်အသီးသီးဘို့ရန် သန့်ရှင်းသောဝိညာဉ်တော်ကို အုပ်စိုးစေဘို့ဖြစ်သည်။ ပေါလုက၊ လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍၊ ဝိညာဉ်တော်နှင့် ပြည့်၀လျက်ရှိကြလော့၊ (ဧဖက် ၅း၁၈)။ ဟုရေးထားသည်။


မေးခွန်းများ

၅၀။ ဝိညာဉ်အသီးများသီးဘို့ရန် ဆုတောင်းခြင်းဖြင့်ရသလား။……………………………………….

၅၁။ ဝိညာဉ်အသီးများသီးဘို့ရန် ဘာလုပ်ရမည်နည်း။………………………………………………..

 

၂၄။ ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို၎င်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကို၎င်း၊ လက်၀ါးကပ်တိုင်မှာရိုက်ထားထားကြပြီ။

ဇာတိစိတ်နှင့်အလိုဆန္ဒများသည် သေဘို့လိုသည်။ ထိုသို့သေနိုင်ရန်သခင်ယေရှု အသေခံခြင်း၌ ပါ၀င်ဘို့လိုသည်။ သခင်ယေရှုအသေခံသောအခါ၊ ကျွန်ုပ်တို့၏ဇာတိလည်း သေပြီဟုခံယူရသည်။ လက်ထပ်သောအခါ အပျိုဘ၀သေသောကြောင့် အပျိုကဲ့သို့မနေရတော့ပါ။ အအိုကဲ့သို့နေရသည်။ အကျင့်မပါသောကြောင့် အစပိုင်း၌ မနေတတ်သော်လည်း ကြာလာသောအခါ နေသားကျလာတတ်သည်။ ထို့နည်းတူယေရှုနှင့်အတူ ဇာတိသေခြင်းကို အသိဥာဏ်အားဖြင့်၀န်ခံ၍ ကြာလာသောအခါ အသက်တာဖြစ်လာပါလိမ့်မည်။

မေးခွန်းများ

၅၂။ ဇာတိစိတ်နှင့်အလိုဆန္ဒများသည် ဘာဖြစ်ဘို့လိုသနည်း။……………………………………………

၅၃။ ဇာတိစိတ်ကို မည်ကဲ့သို့ သေစေနိုင်မည်နည်း။…………………………………………………


၂၅။ သို့ဖြစ်၍ ငါတို့သည် ၀ိညာဥ်ပကတိကြောင့်အသက်ရှင်လျှင်၊ ၀ိညာဥ်ပကတိအတိုင်း ကျင့်ကြကုန်အံ့။ ၂၆။ အချည်းနှီးသော ကျော်စောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်းချုပ်ချယ် နှောင့်ရှက်ခြင်း၊ အချင်းချင်းငြူစူခြင်း တို့ကိုရှောင်၍ နေကြကုန်အံ့။

၀ိညာဥ်ပကတိတိုင်း အသက်ရှင်ခြင်းနှင့် ဇာတိပကတိတိုင်း အသက်ရှင်ခြင်းသည် ယုံကြည်သူ၏ ရွေးချယ်မှု အပေါ်မူတည်ကြောင်း ထင်ရှားသည်။ ဇာတိအတိုင်းအသက်ရှင်ခြင်းသည် ဆုတောင်းစရာမလို၊ မည်သူကိုမျှအားကိုး စရာမလို၊ ကိုယ်သဘောနှင့်အသက်ရှင်လိုက်ရုံသာဖြစ်သည်။ သို့သော်၀ိညာဥ်ပကတိအတိုင်း အသက်ရှင်ဘို့ရန်မူ ဘုရားအားကိုးဘို့လိုသည်။ ဆုတောင်းကျမ်းစာဖတ်ဘို့လိုသည်။ ဘုရား အားကိုးခြင်းသည် အမှန်မှာပို၍ လွယ်ကူသော အရာဖြစ်သည်။ ထို့ကြောင့်ပေါလုက ၀ိညာဥ်ပကတိအတိုင်း အသက်ရှင်ဘို့ တိုက်တွန်းနိုးဆော်ခြင်း ဖြစ်သည်။

မေးခွန်းများ

၅၄။ ဇာတိနှင့်အသက်ရှင်ခြင်း၊ ဝိညာဉ်နှင့်အသက်ရှင်ခြင်းသည် ကိုယ့်သဘောဟုတ်ပါသလား။……………………..

၅၅။ သင်သည် ဘာနှင့်အသက်ရှင်ခြင်းကို ရွေးချယ်ပါသနည်း။………………………………………

၅၆။ ဇာတိနှင့်အသက်ရှင်ဘို့ ကြိုးစားစရာလိုပါသလား။…………………….

၅၇။ ဝိညာဉ်နှင့်အသက်ရှင်ဘို့ ဘာလိုသနည်း။………………………………………….

၅၈။ ယခုမှစ၍ သင်သည် ဘာနှင့်အသက်ရှင်မည်နည်း။……………………………..


ဂလာတိ ဩဝါဒစာ

အခန်းကြီး ၆

ညီအစ်ကိုတို့၊ လူသည်သတိလစ်၍၊ တစုံတခုသော ဒုစရိုက်ကို ပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသော သင်တို့သည်၊ အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက်၊ သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍၊ သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့။ 

ယုံကြည်သူများသည် သတိလစ်၍ အပြစ်ဒုစရိုက်ကို ပြုမိတတ်ကြသည်။ Good News အသင်းတော်ကမူ ယုံကြည်သူသည် အမှန်တကယ်ပြောင်းလဲလျှင် လုံးဝအပြစ်မလုပ်တိုင်တော့ချေ။ အပြစ်ပြန်လုပ်နိုင်သေးလျှင် အစကတည်းက စစ်မှန်သောပြောင်းလဲခြင်းမရှိသောကြောင့်ဖြစ်သည်၊ ဟုခံယူကြသည်။ ထိုအရာသည်မမှန်ကြောင်း ပေါလုက အထက်ပါကဲ့သို့ ရေးသားခြင်းဖြစ်သည်။ တမန်တော်ယောဟန်ကလည်း၊ ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏ (၁ ယော ၁းရ) ဟုရေးထားပြီးမှတဆက်တည်း၊ ကိုယ်၌ အပြစ်မရှိ၊ ဟုငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌သမ္မာတရားမရှိ။ ကိုယ်အပြစ် တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ​ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ ပြည့်စုံတော်မူ၏။ ဒုစရိုက်ကို မပြုပြီ၊ ဟုငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌မရှိ (၁ ယော ၁း၈-၁၀)။ ရေးထားပြန်သည်။ ငါတို့ဟုဆိုရာတွင် ယောဟန်အပါအဝင် ယုံကြည်သူအားလုံးကိုဆိုလိုသည်။ လူသည် ခရစ်တော်၏ကယ်တင်ခြင်း၊ အပြစ်လွှတ်ခြင်း၊ ဖြောင့်မတ်ခြင်းရပြီးသော်လည်း အပြစ်လုပ်နိုင်သေးသည်။ ခလေးမွေးသောအခါ ရေချိုးပြီးသန့်ရှင်းရေးလုပ်ပေးရသည်။ သို့သော်ခလေးသည်တခါတည်း ရေချိုးပြီးရုံနှင့် တသက်လုံးမသန့်ရှင်းပါ။ နေ့တိုင်းသန့်ရှင်းရေးလုပ်ပေးဘို့လိုသည်။ ယေရှုကလည်း၊ ရေချိုးပြီးသောသူ မည်သည်ကား၊ ​ခြေဆေးခြင်းမှတပါး ဆေးရသောအကြောင်းမရှိ။ တကိုယ်လုံးစင်ကြယ်၏(ယော ၁၃း၁၀) ဟုဆိုခဲ့သည်။  ရေချိုးခြင်းသည် သခင်ယေရှုအားဖြင့် ဖြောင့်မတ်ခြင်းရရှိခြင်းဖြစ်၍၊ ခြေဆေးခြင်းသည် နေ့စဉ်ယုံကြည်သူအသက်တာ၌ အပြစ်ဝန်ချတောင်းပန်ခြင်းကိုဆိုလိုသည်။ 

လူသည်အနည်းငယ်နာသောအခါ ကိုယ်တိုင်ဂရုစိုက်ကုသနိုင်သည်။ အကြီးအကျယ်နာသောအခါတွင်၊ သူကိုယ်တိုင် ဂရုမစိုက်နိုင်တော့ချေ။ နေကောင်းသောသူများက သူ့ကိုကူညီမစရသည်။ အစားအသောက်များချက်ပြုတ်ပေးခြင်း၊ ဆေးရုံသို့ပို့ဆောင်ခြင်းများပြုလုပ်ရသည်။ ကူးဆက်တတ်သောရောဂါဖြစ်လျှင် ရောဂါမကူးမိဘို့ရန် အကာအကွယ်များဝတ်ဆင်၍ ကူညီမစရသည်။ ဝိညာဉ်ပိုင်းတွင်လည်း ယုံကြည်သူတယောက် အပြစ်၌လဲသောအခါ လက်ပိုက် ကြည့်နေခြင်း၊ အပြစ်တင်ခြင်းများလုပ်မည့်အစား၊ သူ့ကိုသတိထား၍ ပြန်လည်နလံထူပေးရမည်။ သို့သော်ကိုယ်တိုင် မလဲမည့်အကြောင်း သတိထားဘို့လိုသည်။

သခင်ယေရှုကိုယ်တိုင်ဤသို့ဆိုခဲ့သည်၊  ထိုကြောင့် သင်၏ ညီအစ်ကိုသည် သင့်ကို ပြစ်မှားလျှင်၊ သူ့ဆီသို့ သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကိုပြ၍ဆုံးမလော့။ သူသည်သင်၏စကားကို နားထောင်လျှင် ညီအစ်ကိုကိုရပြီ။ သို့မဟုတ်သင်၏စကားကို နားမထောင်လျှင်၊ လူနှစ်ဦးသုံးဦး သက်သေခံ၍ စကားရှိသမျှတို့ကို တည်စေခြင်းငှါ ကိုယ်နှင့်အတူ လူတဦး၊ နှစ်ဦးကိုခေါ်ဦးလော့။ ထိုသူတို့၏ စကားကိုနားမထောင်လျှင် အသင်းတော်အား ကြားပြောလော့။ အသင်းတော်၏ စကားကို နားမထောင်လျှင်၊ သာသနာပလူကဲ့သို့၎င်း၊ အခွန်ခံကဲ့သို့၎င်း ထိုသူကိုမှတ်လော့ (မဿဲ ၁၈း၁၅-၁၇) ဟုဟောပြောခဲ့သည်။ သခင်ဘုရား၏အထက်ပါစကားအရ ယုံကြည်သူသည် အပြစ်လုပ်နိုင်သေးကြောင်း၊ ထိုသူကိုဆုံးမဘို့ လိုကြောင်းများရှင်းပြသွားသည်။

သခင်ယေရှု၏ညီယာကုပ်ကလည်း၊ ညီအစ်ကိုတို့၊ သင်တို့တွင် တစုံတယောက်သောသူသည် သမ္မာတရားလမ်းမှလွဲသွား၍ သူတပါးသည် ထိုသူကိုပြန်စေလျှင်မူကား၊ အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်စေသောသူသည်၊ ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာသော အပြစ်တို့ကို ဖုန်းအုပ်တတ်သည်၊ ဟုထိုသူသည်သိမှတ်စေ (ယာကုပ် ၅း၁၉-၂၀) ဟုရေးခဲ့သည်။ ပေါလုကသက်သာလောနိတ်အသင်းတော်ထံ ဤသို့စာရေးခဲ့သည်၊ ဤစာ၌ ငါတို့ရေးထားသော ပညတ်စကားကို၊ တစုံတယောက်သောသူသည်၊ နားမထောင်ဘဲနေလျှင်၊ ထိုသူကိုမှတ်ကြလော့။ ရှက်ကြောက်စေခြင်းငှါ၊ အပေါင်းအဖေါ် မလုပ်ကြနှင့်။ သို့သော်လည်း၊ ရန်သူကဲ့သို့မမှတ်၊ ညီအစ်ကိုကဲ့သို့မှတ်၍ သတိပေးကြလော့။ (၂ သက် ၃း၁၄-၁၅) 

ထမ်းရွက်စရာဝန်ချင်းတို့ကို၊ အချင်းချင်းကူညီ၍၊ ထမ်းရွက်သောအားဖြင့်၊ ခရစ်တော်၏တရားကို ကျင့်ကြလော့။

ထမ်းရွက်စရာဝန်များသည် ကိုယ်ခန္ဓာပိုင်းရှိသကဲ့သို့၊ စိတ်ပိုင်း၊ ဝိညာဉ်ပိုင်းလည်းရှိသည်။ ထမ်းရွက်ရသောဝန် ထမ်းပေးခြင်းသည် သခင်ဘုရား၏အကျင့်ဖြစ်သည်။ ဘုရားသခင်က လူများ၏ဝန် ကိုအလွန်ထမ်းပေးချင်ကြောင်း ဤသို့ရေးထားသည်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကိုကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူ ဖြစ်၏။ ထိုသူသည် သဲကန္တာရ၌ ရှိသောချုံပင် ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှ မနေသောဆားမြေ၊ သွေ့​ခြောက်သောလွင်ပြင်၌ နေရလိမ့်မည်။ (ယေရမိ ၁၇း၅-၆) သူ့ကိုအားမကိုးခြင်းသည် ရိုးရိုးအပြစ်မဟုတ်၊ ကျိန်ခြင်းခံသင့် ကြောင်း၊ ဆားမြေ၊ သွေ့ခြောက်သောကန္တာရ၌ပေါက်သော ချုံပင်နှင့်ခိုင်းနှိုင်းသွားသည်။ သို့သော်၊ ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာအကြောင်း ဖြစ်စေသောသူသည် ကောင်းကြီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏။ ထိုသူသည်ကား၊ ရေရှိသောအရပ်၌ စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန်ရောက်ကြောင်းကိုမသိ၊ အရွက်မညှိုးနွမ်း၊ မိုးခေါင်သောကာလ၌ စိုးရိမ်စရာ မရှိဘဲ၊ အစဉ်အမြဲအသီးကို သီးတတ်သော အပင်နှင့်တူ၏။ (ယေရမိ ၁၇း၅-၈) ဟုရေးထားသည်။ ထိုမျှလောက်လူများ၏ ဝန်ကိုထမ်းချင်သော ဘုရားကို အားကိုကြဘို့ဖြစ်သည်။ သားတော်ယေရှုကလည်း၊ လူများ၏ဝန်ကို ထမ်းပေးချင်ကြောင်း ဤသို့ပြောခဲ့သည်၊ ၀န်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်နားရသောအခွင့်ကိုပေးမည်။ (မဿဲ ၁၁း၂၈)။ လူများ၏ဝန်ကိုထမ်းပေးခြင်းသည် ဘုရား၏အကျင့်၊ အလိုတော်ဖြစ်သည်။ ထို့ကြောင့် သူ၏သားသမီးများလည်း၊ ဘုရားသခင်ကဲ့သို့ သူတပါး၏ဝန်ကို တတ်နိုင်သမျှ ထမ်းပေးဘို့ဖြစ်သည်။ ထိုသို့သောအကျင့်သည် ဘုရား၏အကျင့်ဖြစ်သည်၊ ဟုပေါလုကဆိုသည်။ 

အကြင်သူသည်၊ ဘာမျှမဟုတ်ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်၊ ဟုစိတ်ထင်လျှင်၊ ထိုသူသည် ကိုယ်ကို လှည့်ဖြားသောသူဖြစ်၏။

လူသည်ကိုယ်ကိုယ်ကို အဟုတ်ကြီးထင်တတ်သည်။ ထို့ကြောင့်၊ ငါ့ကိုဘာမှတ်သလဲ၊ ဟုမကျေနပ်သော အခါပြောတတ်ကြသည် မဟုတ်ပါလော။ သခင်ယေရှုက၊ အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ ရောက်လတံ့။ အကြင်သူသည် မိမိကိုနှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတံ့ (မဿဲ ၂၃း၁၂။ လုကာ ၁၄း၁၁) ဟုမိန့်တော်မူ၏။ သခင်ယေရှု၏ညီ ယာကုပ်ကလည်း၊  ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။ သို့ပြုလျှင်၊ သင်တို့ကို ချီးမြှောက်တော်မူလိမ့် မည် (ယာကုပ် ၄း၁၀) ဟုဆိုသည်။ ပေါလုက ကိုယ့်ကိုယ်ကို အထင်ကြီးသောသူသည် ကိုယ်ကိုယ်ကို လှည့်ဖြားသည်၊ ဟုဆိုသည်။ ထိုသို့ဖြစ်ရခြင်းသည် ကိုယ်ကိုယ်ကို လူများနှင့်နှိုင်းသောကြောင့်ဖြစ် သည်။ ဘုရားသခင်ရှေ့မှာဖြစ်သည်ကိုသိလျှင် ဘာမျှပြောရဲမည်မဟုတ်ချေ။

 လူတိုင်းကိုယ်ပြုသောအမှုကိုစစ်ကြောစေ သို့ပြုလျှင်သူတပါး၌မဆိုဘဲ၊ ကိုယ်၌သာဝါးကြွား ဝမ်းမြောက်စရာအကြောင်းရှိလိမ့်မည်။

လူအများစုသည် ကိုယ်ကိုယ်ကိုမစစ်ဆေးဘဲ သူတပါးကိုအတင်းပြောတတ်ကြသည်။ သခင်ယေရှုက၊ ကိုယ်မျက်စိ၌ရှိသောတံကျင်ကို မအောက်မေ့ဘဲ၊ ညီအစ်ကိုမျက်စိ၌ရှိသောငြောင့်ငယ်ကို အဘယ် ကြောင့်ကြည့်ရှုသနည်း (မဿဲ ၇း၃)၊ ဟုဆိုခဲ့သည်။ ပရောဖက်ယေရမိကလည်း ယုဒပြည်ကိုဗာဗုလုန် များက သိမ်းပိုက်ပြီးသောအခါ၊ ငါတို့သည် ကိုယ်လိုက်သောလမ်းတို့ကိုစစ်ကြောစုံစမ်း၍၊ ထာဝရ ဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့ (ယေရမိမြည် ၃း၄၀)၊ ဟုကြေကွဲဝမ်းနည်းခြင်းနှင့်ဆိုခဲ့သည်။ ပေါလုက၊ ငါတို့သည် ကိုယ်ကိုယ်ကို စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်တော်မူခြင်းနှင့် ကင်းလွတ် ကြလိမ့်မည် (၁ ကော ၁၁း၃၁)၊ ဟုရေးခဲ့သည်။ ထို့ကြောင့် ခရစ်ယာန်အသက်တာ၌ အလိုအပ်ဆုံးသော အရာတခုသည်၊ ကိုယ့်ကိုယ်ကိုစစ်ဆေးခြင်းဖြစ်သည်။ ထိုသို့စစ်ဆေးလျှင် အမှားတွေ့ပြီးပြုပြင်နိုင်ပေ မည်။ သူတပါးကိုလည်း အပြစ်တင်ခြင်းကင်းလွတ်လိမ့်မည်။ ထို့အပြင်၊ ကိုယ်၌အောင်မြင်မှုရှိလျှင် အားရဝမ်းမြောက်ခြင်းရှိနိုင်မည်။ 

အဘယ်ကြောင့်နည်းဟူမူကား၊ လူအသီးအသီးတို့သည် မိမိတို့ဝန်ကိုဆောင်ရွက်ရကြမည်။

လူ့လောက၏ပြသနာသည် ကိုယ်ဝန်ကိုမဆောင်ရွက်ဘဲ ပျင်းရိသောကြောင့် သူတပါးဆောင်ရွက်သော အရာကို အချောင်နှင့်ရဘို့ကြိုးစားခြင်းဖြစ်သည်။ ထိုသူတို့သည် ခေါင်းပုံဖျက် အမြတ်ကြီးစား၊ ဟုဆို တတ်ကြသည်။ သခင်ယေရှုက ဖာရိရှဲများထံ၊ အလွန်လေး၍ ထမ်းခဲသောဝန်တို့ကို ပြင်ဆင်၍ သူတပါးပခုံးပေါ်မှာတင်တတ်ကြ၏၊ မိမိတို့မူကား လက်ဖျားနှင့်မျှမရွှေ့လိုကြ (မဿဲ ၂၃း၄။ လုကာ ၁၁း၄၆-၄၇) ဟုအပြစ်တင်ခဲ့သည်။ ပျင်းရိသောသူများသည် ဉာဏ်သွားတတ်သည်၊ အပြောလည်း ကောင်းတတ်သည်။ အကြောင်းရင်းမှာ၊ အလုပ်မလုပ်သောကြောင့် သူတပါးထံမှအချောင်မည်ကဲ့သို့ ရမည်ကိုသာ စဉ်းစားသောကြောင့်ဖြစ်သည်။ အလုပ်ကြိုးစားလုပ်နေသောသူများသည် သူတပါးထံမှ အချောင်ရမည့်အရာကို မစဉ်းစားသောကြောင့် မပြောတတ်၊ မစဉ်းစားတတ်ကြချေ။ သင်သည် မိမိဝန်ကိုထမ်းရွက်သောသူလော၊ အချောင်ရဘို့သာလျှင် ကြိုးစားသောသူလော။ 

နှုတ်ကပတ်တရားကိုသင်သောသူသည်၊ သင်ပေးသောသူအား၊ ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။

ဘုရားသခင်ကမာလခိအားဖြင့်၊ ဆယ်ဘို့တဘို့ ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ၊ ပြုကြလော့ (မာလခိ ၃း၁၀) ဟုဆိုခဲ့သည်။ ဘုရား၏အိမ်တော်၌ ဘုရား၏အမှု တော်ဆောင်များဖြစ်သော ယဇ်ပုရောဟိတ်များရှိသည်။ သူတို့စားစရာရှိဘို့ ဣသရေလလူများကို လှူခိုင်းသည်။ ခရစ်တော်ကလည်း တပည့်တော်များကိုစေလွှတ်သောအခါ၊  လမ်းခရီးဖို့လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ​ခြေနင်း၊ တောင်ဝှေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကိုခံထိုက်ပေ၏။(မဿဲ ၁၀း၁၀) ဟုမှာခဲ့သည်။ ပေါလုကကောရိန္သုအသင်းသားများ ထံ၊ ငါတို့သည်သင်တို့၌ ဓမ္မမျိုးစေ့ကိုစိုက်ပြီးမှ၊ သင်တို့၏လောကီအသီးကို သုံးဆောင်လျှင် ကျေးဇူးကြီးမည်လော (၁ ကော ၉း၁၁) ဟူ၍၎င်း၊ ဧဝံဂေလိတရားကို ဟောသောသူတို့သည်၊ ဧဝံဂေလိတရားကို အမှီပြု၍ အသက်မွေးရမည်အကြောင်း၊ သခင်ဘုရား၏ ပညတ်တော်မူချက်ရှိ၏ (၁ ကော ၉း၁၄)၊ ဟုစာရေးခဲ့သည်။ သူ၏လုပ်ဖေါ်ဆောင်ဖက် ဝိညာဉ်သားတိမောသေထံ၌လည်း၊  ကောင်းမွန်စွာအုပ်သော အသင်းအုပ်တို့သည်၊ အလှူနှစ်ဆကို ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း၊ တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်းအမှုကို ကြိုးစားအားထုတ်သောသူတို့သည်၊ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း မှတ်ရမည်။(၁ တိ ၅း၁၇) ဟုစာရေးခဲ့သည်။ ကျွန်ုပ်တို့ လည်း ဝိညာဉ်ရေးရာ၌ ဝိညာဉ်အစာကို ကျွေးမွေးသောသူတို့ကို တတ်နိုင်သမျှ ကူညီထောက်ပံ့သင့် သည်။

အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည် အတိုင်း၊ အသီးအနှံကိုရိတ်ရလိမ့်မည်။ 

လူအများစုသည် ဘုရားကိုမသိသောကြောင့် အလွဲလွဲယူဆတတ်ကြသည်။ ထိုမျှသာမက ဘုရားသခင် ကိုလည်း မထီမဲ့မြင်ပြုတတ်သည်။ သို့သော်၊ ဘုရားသခင်သည် လူတိုင်း၏စိတ်နှလုံးကိုသိသည်။ ဘုရား သခင်က လူတိုင်းကိုချစ်သော်လည်း၊ သူ့ကိုမထီမဲ့မြင်ပြုသောသူများကို သူတို့စိုက်သည့်အတိုင်း အကျိုး အပြစ်များကို ရိတ်သိမ်းစေတတ်သည်။ ထိုမျှသာမက စိုက်သောအရာထက် ရိတ်သိမ်းသောအရာသည် အဆပေါင်းများစွာပိုတတ်သည်။ အောက်ပါကျမ်းပိုဒ်များ၌ လူသည်စိုက်သည့်အတိုင်း ရိတ်ရမည့်အရာ ကိုတွေ့နိုင်သည်။ ဒုစရိုက်မျိုးစေ့ကို ကြဲသောသူသည် ဒုက္ခစပါးကို ရိတ်ရမည်။ (သု ၂၂း၈) ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ်ကို ပေးခြင်းငှါ၊ စိတ်နှလုံးကို စေ့စေ့စစ်ကြောတတ်၏။ (ယေရမိ ၁၇း၁၀)သို့ဖြစ်၍ အိုဣသရေလအမျိုး၊ သင်တို့ အသီးအသီး ကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကို ငါစီရင်မည်။ သင်တို့သည် အဓမ္မအမှု ရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ ဆုံးခြင်းသို့ မရောက်ကြနှင့် (ယေဇ ၁၈း၃၀)လေမျိုးစေ့ကို ကြဲ၍ လေဘွေစပါးကို ရိတ်ရကြလိမ့်မည်။ စပါးပင်မရှိရ။ အနှံထဲက မုန့်ညက်မထွက်ရ။ ထွက်သော်လည်း တ​ကျွန်း၊ တနိုင်ငံသားတို့သည် စားကြလိမ့်မည် (ဟောရှေ ၈း၇)သင်တို့သည်ဒုစရိုက်မျိုးစေ့ကို ကြဲလို၍ လယ်ထွန်သောကြောင့်၊ အပြစ်စပါးကို ရိတ်ရကြ၏။ မုသာအသီးအနှံကို စားရကြ၏။ အကြောင်းမူ ကား၊ ကိုယ်ကြံစည် ပြုမူခြင်းကို၎င်း၊ ကိုယ်၌ များစွာသောသူရဲတို့ကို၎င်း၊ ကိုးစားတတ်၏ (ဟောရှေ ၁၀း၁၃)သခင်ယေရှုက၊ သင်တို့သည် အကြင်တရားအတိုင်း သူတပါးကို စီရင်ကြ၏၊ ထိုတရားအတိုင်း စီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည် (မဿဲ ၇း၂) ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ်၏။ ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင် (မဿဲ ၇း၁၇-၁၈)၊ ဟုဆိုခဲ့သည်။ ဆက်လက်၍၊ ထိုမှတပါး သင်တို့သည် အဘယ်သို့ ကြားနာရသည်ကို သတိပြုကြလော့။ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်တိုင် ခံရကြမည် (မာကု ၄း၂၄) ဟူ၍၎င်း၊ သူတပါးအား ပေးကြလော့။ ပေးလျှင် သူတပါးသည် သင်တို့အား ပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအား ပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည် (လု ၆း၃၈)၊ ဟူ၍၎င်း၊ ဆိုခဲ့သည်။ ပေါလုကလည်း၊  ဘုရားသခင်သည် လူအသီးသီးတို့အား၊ မိမိတို့အကျင့် နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတံ့ (ရော ၂း၆) ဟူ၍၎င်း၊ အနည်းငယ်သော မျိုးစေ့ကို ကြဲသောသူသည်၊ စပါးအနည်းငယ်သာ ရိတ်ရမည်။ များစွာကြဲသောသူသည်၊ များစွာရိတ်ရမည်၊ (၂ ကော ၉း၆)  ဟူ၍၎င်း၊ မတရားသော အမှုကို ပြုသောသူ မည်သည်ကား၊ မိမိပြုသောအမှု၏ အကျိုးအပြစ်ကို ခံရလိမ့်မည်။ အဘယ်သူ၏ မျက်နှာကို မှတ်တော်မမူ (ကောလော ၃း၂၅)ဟူ၍၎င်း၊ ရေးခဲ့သည်။  ကိုယ်စိုက်သည့်အတိုင်း ရိတ်ရမည်ဖြစ်သောကြောင့် ကောင်းသောအရာကို ရိတ်သိမ်းလိုလျှင် ကောင်းသောအရာကိုစိုက်ကြစို့။ 

မိမိဇာတိ၌မျိုးစေ့ကြဲသောသူသည်၊ ဇာတိအားဖြင့်ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည်၊ ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း၊ အသီးအနှံ ကို ရိတ်ရလိမ့်မည်။

လူ၌နေ့တိုင်းပြုမူကျင့်ကြံပြောဆိုသမျှသည် မျိုးစေ့ကြဲနေကြခြင်းဖြစ်သည်။ ဇာတိမျိုးစေ့ကြဲလျှင် မလိုချင်သောအသီးအနှံများကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်ပိုင်းမျိုးစေ့ကြဲလျှင် ဝမ်းမြောက်စရာ ကောင်းသော ဝိညာဉ်ပိုင်းအသီးအနှံရိတ်ရလိမ့်မည်။ ထို့ကြောင့်၊ လူတိုင်း မိမိကျင့်ကြံပြုမူပြောဆိုသမျှ တို့ကို အမြဲသတိထားဘို့လိုသည်။ ပေါလုကရောမအသင်းတော်ထံ၊ သင်တို့သည် ဇာတိအတိုင်း အသက်ရှင်လျှင် သေရကြမည်။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ၏ အကျင့်တို့ကိုသေစေလျှင်၊ အသက်ရှင်ကြလိမ့်မည် (ရော ၈း၁၃)၊ ဟုရေးသောအရာသည် အလွန်ကြောက်စရာကောင်းသည်။ နေ့တိုင်းယုံကြည်သူများ တွေ့ကြုံရသောအရာ အကောင်းအဆိုးများသည် အရင်မျိုးစေ့ကြဲခဲ့သောအရာ များရိတ်သိမ်းနေကြခြင်းဖြစ်သည်။ သို့သော်၊ ထိုအရာကိုမသိ၊ သတိမထားမိတတ်ကြချေ။ ထိုအခါ ကံဆိုးသည်၊ ကံကောင်းသည်ဟူ၍၎င်း၊ သူတပါးထံ၌စိတ်ဆိုးခြင်းသော်၎င်း၊ စိတ်ဓါတ်ကျပြီးမလိုလား အပ်သောအရာများကို ကျူးလွန်မိတတ်ကြသည်။

ဝိညာဉ်ပိုင်းစိုက်ပျိုးခြင်းသည် ပျောက်ဆုံးဝိညာဉ်များတည်းဟူသော ကယ်တင်ခြင်းအကြောင်းမသိ၊ စိတ်ချမှုမရှိသောသူများကို ကယ်တင်ခြင်းအကြောင်းပြောပြခြင်းဖြစ်သည်။ များသောအားဖြင့်ထိုအရာ ကိုဆုတောင်းပေးခြင်း၊ အလှူငွေပေးခြင်းဖြင့် လုပ်ဆောင်ပြီ၊ ဟုခံယူတတ်ကြသည်။ ထိုအရာများလုပ် သည်သာမက၊ ကိုယ်တိုင်ကယ်တင်ခြင်းအကြောင်းကို ပြောပြဘို့လိုသည်။ မပြောပြတတ်သောသူများ အနေဖြင့် ကယ်တင်ခြင်းသင်ခန်းစာများကို ဖတ်ပြပေးနိုင်သည်။ သို့သော် ဝမ်းနည်းစရာကောင်းသည် မှာ၊ ကယ်တင်ခြင်းအကြောင်းပြောပြဘို့ရန် အကြောင်းအမျိုးမျိုးပြတတ်ကြသည်။ မပြောတတ်ဘူး၊ နားမထောင်ချင်ဘူး၊ မအားဘူး၊ နေမကောင်းဘူး၊ စသည်ဖြင့်အမျိုးမျိုးအကြောင်းပြတတ်ကြသည်။ ထိုသို့အကြောင်းပြခြင်းသည် ဆန္ဒမရှိသောကြောင့်၎င်း၊ အကျိုးကြီးကြောင်းကိုမသိသောကြောင့်၎င်း၊ ဝမ်းမြောက်စရာအကောင်းဆုံးဖြစ်ကြောင်းတို့ကိုမသိ၊ မခံစားဘူးသောကြောင့်ဖြစ်သည်။ ယခုမှစ၍ လူတိုင်းကို ကယ်တင်ခြင်းအကြောင်း ပြောကြပါစို့။   

ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့ တည်ကြည်၍ကျင့်လျှင်၊ အချိန်တန်သောကာလ၌၊ အသီးအနှံကိုရိတ်ရကြလိမ့်မည်။

ပေါလုက အသင်းတော်အသီးသီးထံ ဤသို့စာရေးခဲ့သည်၊ ထိုကြောင့် ငါချစ်သော ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်၍၊ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ ဘုရားသခင်၏ အမှုတော်ကို ကြိုးစား အားထုတ်ကြလော့ (၁ ကော ၁၅း၅၈) ကောင်းသောအကျင့်ကို ဇွဲလုံ့လဖြင့် ဘုန်းအသရေ၊ ဂုဏ်အသရေနှင့် မသေနိုင်သောဘဝကို ရှာဖွေသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလတံ့ (ရော ၂း၇) ညီအစ်ကိုတို့၊ အားလျော့ စိတ်ပျက်ခြင်းမရှိဘဲ၊ ကောင်းသောအကျင့်ကို ကျင့်ကြလော့။ (၂ သက် ၃း၁၃) ဟေဗြဲရေးသောသူကလည်း ဤသို့ရေးခဲ့သည်၊ အပြစ်ရှိသော သူတို့လက်တွင်၊ ထိုမျှလောက်ကြီးသော ဆီးတားနှောင့်ယှက်ခြင်းကို၊ ခံတော်မူသောသခင်ကို ထောက်ရှု ဆင်ခြင်သောအားဖြင့်၊ အားလျော့ စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှါ ကြိုးစားကြလော့ (ဟေဗြဲ ၁၂း၃) 

၁၀ထိုကြောင့် ငါတို့သည် အဆင်သင့်သည်အတိုင်း၊ ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။

 သခင်ယေရှုက လူသားများ၏ အနာဝေဒနာများကို လက်ပိုက်ကြည့်မနေဘဲ သူတို့ကျန်းမာဘို့အတွက် သူ့ကိုယ်ခန္ဓာ၌ အနာရောဂါများကို ယူတင်ဆောင်ရွက်မည့်အကြောင်းကို ပရောဖက်ဟေရှာယက ဤကဲ့သို့ကြိုတင် ဟောပြောခဲ့သည်၊ ထိုသူသည် ငါတို့ အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက် လေ၏။ (ဟေရှာယ ၅၃း၄)။ သခင်ယေရှုကိုယ်တိုင်က ဤသို့ဆိုခဲ့သည်၊ လူသားသည် သူတပါးကို စေစားခြင်းငှါမလာ၊ သူတပါး အစေကိုခံခြင်းငှါ၎င်း၊ မိမိအသက်ကို စွန့်၍ လူများကို ရွေးခြင်းငှါ၎င်း၊ ကြွလာသတည်း၊ ဟုမိန့်တော်မူ၏။ (မာကု ၁၀း၄၅) သခင်ယေရှုသည် ဘုရားဖြစ်သော်လည်း ဇိမ်မခံဘဲ လူသားများကို အစေခံခြင်းငှါ မိမိကိုယ်ကိုပေးဆပ်ခဲ့လျှင် အဘယ်ကြောင့် ကျွန်ုပ်သည်ဇိမ်ခံပြီး သူတပါးကို မကူညီဘဲနေရမည်နည်း။ ပေါလုက၊ ထမ်းရွက်စရာ ဝန်ချင်းတို့ကို၊ အချင်းချင်းကူညီ၍၊ ထမ်းရွက်သောအားဖြင့်၊ ခရစ်တော်၏ တရားကို ကျင့်ကြလော့ (ဂလာ ၆း၂) ဟူ၍၎င်း၊ စိတ်ငယ်သော သူတို့ကို အားပေးကြလော့။ အားနည်း သော သူတို့ကို ထောက်မကြလော့။(၁ သက် ၅း၁၄) ဟူ၍၎င်း၊ စာရေးခဲ့သည်။ သခင်ဘုရား၏ညီ ယာကုပ်ကလည်း၊ ညီအစ်ကို နှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစား ရသော အစာမရှိသောအခါ၊ သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာသွားကြလော့၊ နွေးကြလော့။ ဝကြလော့ဟုပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင်၊ အဘယ်အကျိုးရှိသနည်း (ယာကုပ် ၂း၁၅-၁၆) ဟူ၍ရေးခဲ့သည်။

တမန်တော်ယောဟန်ကလည်း၊ အကြင်သူသည် လောကီစည်းစိမ်ဥစ္စာရှိလျက်ပင်၊ မိမိညီအစ်ကို ဆင်းရဲခြင်းကိုမြင်၍၊ သနားခြင်းကရုဏာစိတ်ကိုချုပ်တည်း၏၊ ထိုသူ၌ ဘုရားသခင်၏မေတ္တာတော် သည်၊ အဘယ်သို့တည်မည်နည်း (၁ ယော ၃း၁၇) ဟုရေးခဲ့သည်။ ထို့ကြောင့် သူတပါးကူညီခြင်း၊ ကျေးဇူးပြုခြင်းသည် ခရစ်ယာန်အသက်တာ၏ အဓိကလိုအပ်ချက်ဖြစ်သည်။

၁၁အဘယ်မျှလောက်ကြီးသောစာကို၊ ကိုယ်လက်နှင့်သင်တို့အား၊ ငါရေးလိုက်သည်ကို သင်တို့ မြင်ကြ၏။

အဘယ်မျှလောက်ကြီးသောစာ ဟူသောအရာသည် အဘယ်အရာကိုဆိုလိုသနည်း။ လက်ရေးကြီးကြီး ရေးခြင်းလော၊ သို့မဟုတ်အလွန်အရေးကြီးသော အကြောင်းအရာကိုဆိုလိုခြင်းလော၊ သို့မဟုတ်အခြား သောအရာကိုဆိုလိုခြင်းလော။ သက်သာလောနိတ်အသင်းတော်ထံ၊ ငါပေါလုသည် သင်တို့ကို နှုတ်ဆက်ခြင်းအချက်ကို၊ ကိုယ်လက်နှင့်ရေးထား၏။ ဤသို့ရေးထားလေ့ရှိ၍၊ ငါရေးသမျှသော ဩဝါဒစာ၏ လက္ခဏာဖြစ်၏ (၂ သက် ၃း၁၇) ဟုရေးခဲ့သည်။ ပေါလုသည် စာရေးသောကြောင့် သူ၏သွန်သင်မှုများသည် သူအသက်ရှင်စဉ်၌သာ အကျိုးရှိသည်မဟုတ်။ ခေတ်အဆက်ဆက်၌ လူများစွာတို့အတွက်အကျိုးများစွာ ခံစားရကြသည်။

 ၁၂မိမိတို့အသွေးအဆင်း တင့်တယ်စေချင်သောသူရှိသမျှတို့သည်၊ ခရစ်တော်၏ လက်ဝါးကပ်တိုင် ကြောင့်ခံရသော ညှဉ်းဆဲခြင်းနှင့်မိမိတို့ကင်းလွတ်လို၍၊ သင်တို့ကို အရေဖျားလှီးခြင်း ကိုခံစေခြင်းငှါ၊ အနိုင်အထက်သွေးဆောင်တတ်ကြ၏။ ၁၃အရေဖျားလှီးခြင်းကို ခံသောသူတို့သည်၊ ပညတ်တရားကို ကိုယ်တိုင်မကျင့်သည်ဖြစ်၍၊ သင်တို့၏အသွေးအဆင်းကို အမှီပြုလျက် ဝါကြွားလို၍၊ သင်တို့ကို အရေဖျားလှီးခြင်းကို ခံစေခြင်းငှါ အလိုရှိကြ၏။ 

မိမိတို့အသွေးအဆင်းတင့်တယ်စေချင်ခြင်း နှင့်ပတ်သက်၍ ခရစ်တော်ကဤသို့ဆိုသည်၊ သင်သည် ဆုတောင်း ပဌနာပြုသောအခါ ဟန်ဆောင်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှါ၊ တရားစရပ်နှင့်လမ်းဆုံလမ်းဝတို့၌ရပ်လျက် ဆုတောင်းခြင်းငှါအလိုရှိကြ၏။       

(မဿဲ ၆း၅) တဖန်၊ သူတို့သည် ပြုသမျှသော အကျင့်အမှုတို့ကို လူများရှေ့မှာင်ရှားစေခြင်းငှါပြုကြ ၏။ ကျယ်သောလက်ဖွဲ့တို့ကို၎င်း၊ ကြီးသောပန်းပွားတို့ကို၎င်း၊ ဝတ်လေ့ရှိကြ၏။ ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ်သောနေရာ ထိုင်ရာကို၎င်း၊ စျေး၌ ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း၊ ဆရာဟုလူများခေါ်ဝေါ်ခြင်းကို၎င်း၊ နှစ်သက်ကြ၏ (မဿဲ ၂၃း၅-၇) ဆက်လက်၍၊ ကိုယ်အလိုအ လျောက် ဟောပြောသောသူသည်၊ မိမိဘုန်းအသရေကိုရှာတတ်၏။ မိမိကိုစေလွှတ်တော်မူသောသူ၏ ဘုန်းအသရေကိုရှာသောသူမူကား၊ ယုံလောက်သောသူဖြစ်၏။ ထိုသူ၌မုသာမရှိ။ (ယော ၇း၁၈)၊ ဟူ၍ ဟောပြောခဲ့သည်။ အရာရှိအများတို့သည် ကိုယ်တော်ကို ယုံကြည်ကြ၏။ တရားစရပ်မှ ဖာရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာ ဝန်မခံကြ။ အကြောင်းမူကား၊ ဘုရားသခင် ပေးတော်မူသော ဘုန်းအသရေထက်၊ လူတို့ပေးသော ဘုန်းအသရေကို သာ၍နှစ်သက်ကြ၏(ယော ၁၂း၄၂-၄၃)။ အဘယ်ကြောင့်အရာရှိများသည် ကိုယ်တော်ကို ယုံကြည်သော်လည်း ထင်ရှားစွာမဝန်ခံ ကြသနည်း။ အသားရေပျက်မည်၊ တရားစရပ်မှ နှင်ထုတ်ခံရမည်ကို စိုးရိမ်သောကြောင့်၊ ဟုကျမ်းစာက ထင်ရှားစွာဖေါ်ပြသည်။ သင်သည် အသားရေပျက်မည်ကို စိုးရိမ်ပါသလား။

သင်တို့ကို အရေဖျားလှီးခြင်း ကိုခံစေခြင်းငှါ၊ အနိုင်အထက်သွေးဆောင်တတ်ကြ၏။

လုကာက၊ ယုဒပြည်မှအန္တိအုတ်မြို့သို့ ရောက်လာသော သူအချို့တို့က၊ သင်တို့သည် မောရှေ၏ တရားအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်၊ ဟုညီအစ်ကိုတို့အား ဆုံးမဩဝါဒ ပေးကြ၏။ (တမန် ၁၅း၁) ဟုရေးသားခဲ့သည်။ ပေါလုက၊ အကြောင်းမူကား၊ အပြင်အားဖြင့်သာ ယုဒလူဖြစ်သော သူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား၌ အရေဖျားလှီးခြင်းသည်၊ အရေဖျားလှီးခြင်း အမှန်မဟုတ်။ အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီးခြင်းလည်း ကျမ်းဟောင်းတရားအားဖြင့် မဟုတ်ဘဲ၊ ဝိညာဉ်တော် တရားအားဖြင့် စိတ်နှလုံးနှင့် စပ်ဆိုင်၏။ ထိုသို့ အရေဖျားလှီးခြင်းကို ခံသောသူ၏ အချီးအမွမ်းသည် လူအလိုနှင့်မဆိုင်၊ ဘုရားသခင့် အလိုတော်နှင့် ဆိုင်သတည်း။ (ရော ၂း၂၈-၂၉) ဟူ၍၎င်း၊ ခွေးတို့ကိုရှောင်ကြလော့။ မကောင်းသောအကျင့်ကို၊ ကျင့်သောသူတို့ကို ရှောင်ကြလော့။ အရေဖျားလှီးခြင်းကို ခံယောင်ဆောင်သောသူတို့ကို ရှောင်ကြလော့။ ငါတို့သည် ဝိညာဉ်အားဖြင့်၊ ဘုရားသခင်ကိုကိုးကွယ်၍၊ ဇာတိ၌ကိုးစားခြင်းမရှိဘဲ၊ ယေရှုခရစ်၌သာဝါကြွား ဝမ်းမြောက်သောသူဖြစ်၍၊ မှန်သော အရေဖျားလှီးခြင်းကို ခံသောသူ ဖြစ်ကြ၏ (ဖိလိ ၃း၂-၃) ဟူ၍၎င်း၊ ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိ အပြစ်၏ ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့် မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည် (ကောလောသဲ ၂း၁၁) ဟူ၍၎င်း၊

အရေဖျားလှီးခြင်းအားဖြင့် အကျိုးမရှိ၊ မခံဘဲနေခြင်းအားဖြင့်လည်း အကျိုးမရှိ၊ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့်သာ အကျိုးရှိ၏ (၁ ကော ၇း၁၉) 

ခရစ်တော်၏ လက်ဝါးကပ်တိုင် ကြောင့်ခံရသော ညှဉ်းဆဲခြင်းနှင့်မိမိတို့ကင်းလွတ်လို၍၊ သင်တို့ကို အရေဖျားလှီးခြင်း ကိုခံစေခြင်းငှါ၊ အနိုင်အထက်သွေးဆောင်တတ်ကြ၏။

ခရစ်တော်ကြောင့် ညှဉ်းဆဲခြင်းခံရမည့် အရာကို ရှောင်ချင်သောများသည် မည်သူတို့ဖြစ်မည်နည်း။ ထိုသူများသည် ခရစ်တော်ကိုယုံကြည်သည်၊ ဟုဝန်ခံကြသော်လည်း၊ ယုဒလူများနှင့်ပဋိပက္ခမဖြစ်လို သောသူများဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ သခင်ယေရှုက ဤသို့သတိပေးခဲ့ပြီ၊ သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့် ဆက်ဆံသောသင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏ (ယော ၁၅း၁၉)။ ယနေ့ခရစ်ယာန်များအကြား၌ ထိုသို့သော သူများရှိနေကြသည်။ ကယ်တင်ခြင်းသဘောပေါက်ရုံဖြင့်ကျေနပ်သူများ၊ ကယ်တင်ခြင်းစိတ်ချသော် လည်း၊ သခင်ယေရှု၏အုပ်စိုးခြင်းကိုမခံလို၊ နာမည်ခံခရစ်ယာန်များနှင့်လောကီသားများကဲ့သို့ အသက်ရှင် လိုသောသူများရှိကြသည်။ ထိုသူများက၊ အမှန်တကယ်ယုံကြည်၍ သခင်ယေရှုအလိုတော်အတိုင်း အသက်ရှင်သူများကို ပြင်းထန်လွန်းသည်၊ တဖက်စွန်းရောက်လွန်းသည်၊ လောကီရေးရာများလည်း လိုအပ်သည်၊ ဟုဆိုတတ်ကြသည်။ သင်သည်ထိုသို့သောသူဖြစ်နေပါသလား။ သင်သည်ထိုသို့သောသူ ဖြစ်နေလျှင် သခင်ယေရှု၏သတိပေးခြင်းကို သိစေချင်သည်။ သခင်ယေရှုက၊ အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏၊ ထိုသူသည် ငါနှင့်မထိုက်တန်။ အကြင်သူသည် ငါ့ကိုချစ်သည်ထက် သားသမီးကိုသာ၍ချစ်၏၊ ထိုသူသည် ငါနှင့်မထိုက်တန်။ အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့်မထိုက်မတန်။ မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကိုတွေ့လိမ့်မည် (မဿဲ ၁၀း၃၇-၃၉)၊ ဟုဆိုသည်။ 

၁၄ငါဖြစ်လျှင်၊ ငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတပါး၊ အဘယ်အရာ၌မျှ ဝါကြွားခြင်း မရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ၊ ဤလောကသည် ငါ့အဘို့ရိုက်ထားခြင်းကို ခံလျက်ရှိ၏။ ငါသည်လည်း ဤလောကအဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။

ပေါလုက သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်ကို အဘယ်ကြောင့် ဝါကြွားသနည်း။  ကောရိန္သု အသင်းတော်ထံ၊ ဆုံးရှုံးခြင်းသို့ ရောက်သောသူတို့၌ လက်ဝါးကပ်တိုင်တော် တရားသည်၊ မိုက်သောတရားဖြစ်၏။ ကယ်တင်ခြင်းသို့ ရောက်သောငါတို့၌၊ ထိုတရားသည် ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏ (၁ ကော ၁း၁၈) ဟုစာရေးခဲ့သည်။ လူဟောင်းပြသနာကိုလည်း လက်ဝါးကပ်တိုင်အားဖြင့် ဖြေရှင်းပေးလိုက်ကြောင်း ဤသို့ရေးထားသည်၊ ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီ၊ ဟုငါတို့သိကြ၏။ အကြောင်းမူကား ငါတို့သည်နောက်မှ အပြစ်တရား၏ အစေကို မခံစေခြင်းငှါ အပြစ်တရား၏ကိုယ်ကို ဖျက်ဆီးမည် အကြောင်းတည်း (ရော ၆း၆) တဖန်၊ ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင် သော လက်မှတ်ကိုချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူ ပြီ။ (ကောလောသဲ ၂း၁၄) ဟုဆိုသည်။ ထို့ကြောင့် လက်ဝါးကပ်တိုင်တော်သည် သူ၏ဝါကြွားခြင်း ဖြစ်သည်။ 

ထိုလက်ဝါးကပ်တိုင်တော်မှာ၊ ဤလောကသည် ငါ့အဘို့ရိုက်ထားခြင်းကို ခံလျက်ရှိ၏။ ငါသည်လည်း ဤလောကအဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။

ခရစ်တော်လက်ဝါးကပ်တိုင်တော်၌ အသေခံသောအခါ ဘေးနား၌လူဆိုးနှစ်ယောက်တို့လည်း ရိုက်ထား ခြင်းခံခဲ့ကြသည်။ ပေါလုက သူသည် လောကအဘို့ရိုက်ထားခြင်းခံသည်၊ ဟုဆိုသောကြောင့် မည်သည့် လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်းခံသနည်း။ လောကသည်လည်း မည်သည့်လက်ဝါးကပ်တိုင်၌ရိုက် ထားသနည်း။ ပေါလုက ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီ၊ (ရော ၆း၆) ဟုဆိုသောကြောင့် သူသည်ခရစ်တော်အထဲမှ အလယ်လက်ဝါး ကပ်တိုင်၌ ရိုက်ထားခြင်းခံရသည်။ ဘေးတဖက်တချပ်မှ လူဆိုးနှစ်ယောက်သည် လောကကိုပုံဆောင် သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်လောကသားများ၏ အကျင့်အကြံအတိုင်းအသက်ရှင်ခဲ့ကြ သည်။ သို့သော် လူဆိုးတယောက်သည် သေခါနီး၌ သခင်ယေရှုကို ယုံကြည်အားကိုးသောကြောင့် ကယ်တင်ခြင်းသို့ရောက်သွား၍၊ အခြားတယောက်မူကား သေသည်အထိ သခင်ယေရှုကိုမယုံကြည် သောကြောင့် ကယ်တင်ခြင်းသို့မရောက်ခဲ့ချေ။ သင်သည်ယုံကြည်လာသောလူဆိုးနှင့်တူပါသလား၊ သို့မဟုတ် ယနေ့တိုင် သခင်ယေရှုကို သရော်ပြီးမယုံကြည်သူဖြစ်ပါသလား။ 

၁၅အကြောင်းမူကား၊ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ သတ္တဝါသစ် ဖြစ်ခြင်းသာအကျိုးရှိ၏။

အရေဖျားလှီးခြင်းသည် ဘုရားသခင်ကအာဗြဟံထံပေးထားသော ပညတ်ဖြစ်သည်။ ဘုရားသခင်က၊

သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုးအနွယ်သည်၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ပဋိညာဉ် ဟူမူကား၊ သင်တို့တွင် ယောကျ်ားတိုင်း အရေဖျားလှီးခြင်းကို ခံရမည်။ အရေဖျားလှီးခြင်းသည်၊ ငါနှင့် သင်တို့ပြုသောပဋိညာဉ်၏ လက္ခဏာသက်သေ ဖြစ်ရလိမ့်မည်။(ကမ္ဘာဦး ၁၇း၁၀-၁၁) ဟုဆိုခဲ့သည်။ အရေဖျားလှီးသော သူသည် ဘုရားသခင်နှင့်ပဋိညာဉ်ပြု၍ ဘုရားနှင့်ဆိုင်သောသူ၊ ပိုင်သောသူဖြစ်ကြောင်း သက်သေဖြစ်သည်။ လင်မယားသည် လက်ထပ်သောအခါ ပဋိညာဉ်ပြုကြသောကြောင့် တယောက်နှင့်တယောက် ပိုင်ကြသည်၊ ဆိုင်ကြသည်။ အဘယ်ကြောင့် ယောက်ျား၏အရေဖျားကိုလှီးရသနည်း။ ယောက်ျားအင်္ဂါသည်၊ လူတိုင်းအတွက်မဟုတ်၊ လက်ထပ်သောမိန်းမအတွက်သာလျှင်ဖြစ်သည်။ လူတိုင်းနှင့်လက်ဆွဲ နှုတ်ဆက်နိုင်သော်လည်း လင်နှင့်မယားသာလျှင် အင်္ဂါချင်းမိဿဟာယဖွဲ့နိုင်သည်။ လင်မယားသည် ထိုအရာအားဖြင့်ပတ်သက်မှု၊ ပိုင်ဆိုင်မှုကို အခြားသူများထက်ပိုသည်။ 

ဘုရားသခင်လည်း၊ အာဗြဟံနှင့်သားစဉ်မြေးဆက်များနှင့် သက်ဆိုင်ကြောင်း၊ လင်မယားကဲ့သို့ဖြစ် ကြောင်းကိုထင်ရှားစေသည်။ သို့သော်၊ ဝမ်းနည်းစရာကောင်းသည်မှာ၊ ဣသရေလလူမျိုးများက အရေ ဖျားလှီးခြင်းကို တန်ဘိုးမထား၊ ဂရုမစိုက်သောကြောင့် အခြားဘုရားများနှင့်မှားယွင်းကြသည်။ သို့သော် ပေါလုက၊ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ၊ ဟုအဘယ် ကြောင့်ဆိုသနည်း။ အကြောင်းမှာ၊ ခရစ်တော်ကိုယုံကြည်သူများသည် ခရစ်တော်အားဖြင့်အရေဖျား လှီးပြီးကြောင်း ဤသို့ရေးထားသည်၊ ခရစ်တော်၏အရေဖျားလှီးခြင်းအားဖြင့် ဇာတိအပြစ်၏ ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့်မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည်ခံကြသည် (ကောလောသဲ ၂း၁၁)။ ထို့ကြောင့်ယုံကြည်သူများသည် ကိုယ်ခန္ဓာ၌၊ အရေဖျားလှီးခြင်းကိုခံလျှင်၊ ခရစ်တော်အားဖြင့် အဘယ်အကျိုးကိုမျှ မရနိုင်ကြ (ဂလာတိ ၅း၂) ဟုရေးခဲ့သည်။ တဖန်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးမရှိ၊ မခံဘဲနေခြင်းအားဖြင့်လည်း အကျိုးမရှိ၊  ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့်သာ အကျိုးရှိ၏ (၁ ကော ၁၇း၁၉) ဟုဆိုသည်။ အရေဖျားလှီးခြင်းဖြင့် အာဗြဟံနှင့်သားစဉ်မြေးဆက်များသည် ဘုရားသခင်နှင့်သက်ဆိုင်သောသူ များဖြစ်ကြပြီ။ လူသည် သခင်ယေရှု၌ရှိလျှင် လူသစ်ဖြစ်၍ ကိုယ်ခန္ဓာ၌မဟုတ်၊ ဝိညာဉ်ပိုင်း၌ အရေဖျားလှီးပြီးသောသူများ ဖြစ်ကြသည်။ ဆိုလိုသည်မှာ၊ ယေရှုခရစ်ကြောင့် ဘုရားနှင့်ဆိုင် သောသူများဖြစ်ကြပြီ။ ထို့ကြောင့် ကိုယ်ကာယ၌ အရေဖျားလှီးဘို့မလိုတော့ခြင်းဖြစ်သည်။ ထို့ကြောင့် အရေဖျားလှီးလျှင်လည်း အကျိုး မထူးခြား၊ မလှီးလျှင်လည်းမထူးခြားတော့ချေ။ (အရေဖျားလှီး ခြင်းနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်နိုဝင်္ဘာလထုတ် သတင်းကောင်းစာစောင်ကိုဖတ်ပါ) 

၁၆ဤနည်းဥပဒေသအတိုင်း ကျင့်သောသူရှိသမျှတို့အပေါ်၌၎င်း၊ ဘုရားသခင်၏ ဣသရေလ အမျိုးအပေါ်၌၎င်း၊ ငြိမ်သက်ခြင်းနှင့် သနားတော်မူခြင်း သက်ရောက်ပါစေသော်။

ဤနည်းဥပဒေသဆိုသည်မှာ ယေရှုခရစ်တော်၌ လူသစ်ဖြစ်ခြင်း၊ သတ္တဝါသစ်ဖြစ်ခြင်းကိုဆိုလိုသည်။ ထိုသူများအပေါ်၌ ငြိမ်သက်ခြင်းနှင့်သနားတော်မူခြင်း ရောက်ဘို့ပေါလုက စိတ်ဆန္ဒရှိပေးသည်။ 

၁၇ယခုမှစ၍ အဘယ်သူမျှ ငါ့ကိုမနှောင့်ယှက်စေနှင့်။ ငါကိုယ်၌ သခင်ယေရှု၏ ဒဏ်ချက်ရာကို ငါဆောင်၏။

ပေါလုက သူ့ကိုအဘယ်သူမျှ မနှောင့်ယှက်တော့ဘို့ရန် ပြောသည်။ အဘယ်ကြောင့်ဆိုသော် သူအသက် တာတလျှောက်လုံး မိဘက သားသမီးများမွေးဖွားပြီး ကျွေးမွေးစောင့်ရှောက်သကဲ့သို့ ဝိညာဉ်သားသမီး များကို ဒုက္ခမျိုးစုံခံစားရင်း ကျွေးမွေးစောင့်ရှောက်သောကြောင့် ပင်ပန်းလှပြီ။ သားသမီးများစွာမွေးပြီး ကျွေးမွေးပြုစုစောင့်ရှောက်သော မိခင်သည် ပင်ပန်းလှသောကြောင့် တော်ပြီ၊ အဘယ်သူကမျှ ငါ့ကိုမနှောင့်ယှက်နဲ့တော၊ ဟုပြောခြင်းကဲ့သို့ပြောရခြင်းခြင်းဖြစ်သည်။ သက်သာလောနိတ်အ သင်းတော်ထံ၊ သင်တို့ကို ချစ်သောကြောင့် နို့ထိန်း(မိခင်)သည် မိမိသူငယ်ကို​ ကျွေးမွေးပြုစုသကဲ့သို့၊ 

ငါတို့သည် သင်တို့ကို နှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကိုမျှမက၊ ကိုယ်အသက်ကိုပင် ပေးချင်သော စေတနာစိတ်ရှိကြ၏ (၁ သက် ၂း၇-၈) ဟူ၍၎င်း၊ အဘသည် မိမိသားတို့ကို ပြုသကဲ့သို့၊ ငါတို့သည် သင်တို့ရှိသမျှကို၊ အဘယ်သို့တိုက်တွန်းသွေးဆောင်၍ မှာထားသည်ကို၊ သင်တို့သိကြသည်(၁ သက် ၂း၁၁) ဟူ၍၎င်း၊ စာရေးခဲ့သည်။ ‌ကောရိန္သုအသင်း တော်ထံ၌လည်း၊ သခင်ယေရှုသည် အသက်ရှင်တော်မူကြောင်းကို၊ ငါတို့ကိုယ်ခန္ဓာ၌ ထင်ရှားစေခြင်း ငှါ၊ ယေရှု၏ သေတော်မူခြင်းကို အစဉ်မပြတ်၊ ငါတို့၏ ကိုယ်ခန္ဓာ၌ ဆောင်ရကြ၏။(၂ ကော ၄း၁၀) ဟူ၍၎င်း၊ ပင်ပန်းစွာအမှုကို အထူးသဖြင့် ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌ လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေဘေးနှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူဖြစ်၏။ (၂ ကော ၁၁း၂၃) ဟူ၍၎င်း၊ စာရေးခဲ့သည်။ ထို့ကြောင့်စစ်မှန်သော ဝိညာဉ်မိဘများသည် ဝိညာဉ်သားသမီး များတွက် များစွာခံစားတတ်ကြသည်ကို သိနားလည်ဘို့လိုသည်။ သားသမီးများသည် မိဘများပေါ် မကျေမနပ်ဖြစ်တတ်ကြသကဲ့သို့ ဝိညာဉ်သားသမီးများလည်း ဦးဆောင်သူများပေါ် အထင်လွဲအမြင် မှားတတ်ကြောင်း သတိထားဘို့လိုသည်။ 

၁၈ညီအစ်ကိုတို့၊ ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည်၊ သင်တို့၏ ဝိညာဉ်၌ရှိပါစေ။ အာမင်။ ပေါလုက သူ၏စာနောက်ဆုံးတိုင်း၌ အထက်ပါကဲ့သို့ သခင်ယေရှု၏ ကျေးဇူးတော် သူတို့အပေါ် ရှိဘို့ ရေးတတ်သည်။ (ရော ၁၆း၂၀။ ၁ ကော ၁၆း၂၃။ ၂ ကော ၁၃း၁၄။ ဂလာ ၆း၁၈။ ဧဖက် ၆း၂၄။ ဖိလိ ၄း၂၃။ ၁ သက် ၅း၂၈။ ၂ သက် ၃း၁၈။ ၂ တိ ၄း၂၂။ ဖိလေ ၁း၂၅)။ မြန်မာကျမ်းစာအုပ်၌ သင်တို့၏စိတ်နှလုံး၌ ဟုရေးထားသည်။ အမှန်မှာ သင်တို့၏ဝိညာဉ်၌ ဟူ၍ဖြစ်သည်။ အဘယ်ကြောင့် သင်တို့၏ဝိညာဉ်၌ ဟုဆိုသနည်း။ လူသည်ဝိညာဉ်ဖြစ်သည်။ ကိုယ်ခန္ဓာသည်အခွန်ဖြစ်၍ စိတ် သည်ဝိညာဉ်နောက်လိုက်ဖြစ်သည်။ ထို့ကြောင့်ဝိညာဉ်၌ ကျေးဇူးရှိဘို့ပြောခြင်းဖြစ်သည်။ စာဖတ်သူ သင်၏ဝိညာဉ်၌လည်း သခင်ယေရှုခရစ်၏ ကျေးဇူးတော်ရှိပါစေသော်။

78 0
Share this article


SHARE YOUR THOUGHTS ON THIS ARTICLE


COMMENTARY GALATIANS

GBC Logo
Gospel Baptist Church
of Indianapolis
631 N. Meridian St
Greenwood, IN 46143
Email:gbcusa7@gmail.com © 2020 -