1

Book: Why Jesus Came

Home   >   Bookstore    >   Why Jesus Came to the World

why-jesus-came
အဘယ်ကြောင့်
ခရစ်တော် လောကကြွလာ
Why Jesus Came to the World
Copyright 2020-2024 © Moses R. Cung

ခရစ္စမတ်ပွဲတော်သည် ခရစ်တော် ဘုရား၏ လူဇာတိခံယူခြင်း၊ တနည်းအားဖြင့် လူသား အဖြစ်မွေးဖွားခြင်း၊ မွေးနေ့တော်ကို ကြိုဆိုခြင်း ဖြစ်သည်။ သို့သော် ခရစ္စမတ်ပွဲ၌ ခရစ်တော် မပါတော့ဘဲ ပျော်ပွဲစားသောက်ပွဲ၊ လက်ဆောင် ပေးပွဲသက်သက် ဖြစ်သွားသည်ကို ဝမ်းနည်းဖွယ်ရာတွေ့မြင်နေရသည်။ မွေးနေ့ရှင် ခရစ်တော် အစား စန်တာကလော့ (Santa Clause) သိုးများအစား နှာခေါင်းနီသမင် (Red nose rein deer) ပညာရှိများ အစား စနောမဲန်း (Snow-man)၊ ကောင်းကင်တမန် များ၏ ချီးမွမ်းခြင်း သီချင်းများ အစားဘာမျှမ ဆိုင်သော သီချင်းများကိုသာ ဦးစားပေးသီဆိုတေးမှုတ်ထုတ်ဖေါ်အရေးပေးနေ ကြသည်။ ခရစ်တော်သည် ဤလောကသို့ ကြွရောက် လာသောအခါ ရည်ရွယ်ချက် များစွာရှိသည်။ သို့သော် ထိုရည်ရွယ်ချက်များကို အလေးမပေး၊ မပြောမဟော ကြ။ ထို့ထက် မည်ကဲ့သို့ မွေးဖွားကြောင်းများကို နှစ်စဉ်အလေးပေးဟောပြော ကြသည်။ ခရစ်တော် မည်ကဲ့သို့ မွေးဖွားကြောင်း သိဘို့ရန် လိုအပ်၍ သိရှိရန်လည်း ကျမ်းစာထဲ၌ ရေးသား ထားပါသည်။ သို့သော် မည်ကဲ့သို့ မွေးဖွားသည်ထက် မည်သည့်အတွက် လာကြောင်း သိရန်လိုသည်။ သို့မှသာ သူလာရခြင်း၏ အကျိုးကျေးဇူးများကို ခံစား နိင်မည် ဖြစ်သည်။ ယခုမူမည်သည့်အတွက် ခရစ်တော် လာသနည်းဟု မေးလျှင် အပြစ်သားများကို ကယ်တင်ရန်ဟူ၍သာ အကြမ်းဖျင်းသိ ကြသည်။ ခရစ်တော် လာရခြင်းသည် အကြောင်းရင်း များစွာ ရှိသည်။ ထိုအရာများကို သိရှိ၍ အကျိုးခံစားခြင်းသည် သာလျှင် ခရစ္စမတ်ပွဲ ကျင်းပကျိုးနပ်မည်။ ခရစ်တော်လောကသို့ ကြွရောက် လာရခြင်း၌ ရည်ရွယ်ချက် များစွာ ရှိ၍ အကျိုး များစွာ ခံစား နိင်သည်။ ထိုရည်ရွယ်ချက်များမှာ၊

.

မာတိကာ

.

၁။ ဘုရားသခင်၏ ပုံသဏ္ဍာန်ကို ဖေါ်ပြရန်(ယော ၁:၁၈)
“လူသားများသည် ဘုရားသခင်ကို မမြင်စဖူး။ ခမည်းတော်၏ ရင်ခွင်၌ ရှိသော သားတော်သည် ခမည်းတော်ကို ထင်ရှားစေသည်။ ခရစ်တော်က၊ “ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်ပြီ” ဟုဆိုခဲ့သည် (ယော ၁၄:၈)။ ကမ္ဘာ ဦးကျမ်း၁:၂၆ ၌ ဘုရားသခင်သည် လူကို မိမိပုံသဏ္ဍာန်တော်နှင့် အညီဖန် ဆင်းသည် ဟုဆိုသည်။ ထို့ကြောင့် ဘုရားသခင်သည် မည်ကဲ့သို့သော ပုံပန်း သဏ္ဍာန်ရှိသနည်း၊ လူကဲ့သို့သော ပုံပန်းသဏ္ဍာန်ရှိသလော သို့မဟုတ်မည် ကဲ့သို့သော ပုံသဏ္ဍာန်ရှိသနည်းဟု လူသားများကသိချင် ကြသည်။ ထို့ကြောင့် ဘုရားသခင်သည် လူကဲ့သို့သော ပုံပန်းသဏ္ဍာန်ရှိကြောင်းကိုသားတော် ကထင်ရှားစေသည်။

သို့သော် သားတော်သည် ဘုန်းစည်းစိမ်ကို ထားခဲ့သောကြောင့် လူများက သူ့ကို မကြောက်မရိုသေကြ။ ဘုရားသား ဖြစ်သည်ဟုလည်း မယုံကြည် ကြ။ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် ခရစ်တော်၏ ဘုန်းတော်ကို မော ရှေနှင့် ဧလိယတို့နှင့် တောင်ပေါ်၌ တွေ့မြင်ကြသောအခါ အလွန် ကြောက်ရွံခဲ့ကြသည် (မဿဲ ၁ရ)။ သူ့ရင်ခွင်၌ လျောင်းတတ်သော တမန်တော် ယောဟန်သည် ခရစ်တော်၏ ဘုန်းကို ပြန်တွေ့သောအခါ သေမတတ်ကြောက်သည် ဟုဆိုသည် (ဗျာ ၁:၁ရ)။ ယနေ့ လူများလည်း ဘုရား၏ ဘုန်းတော်ကို မတွေ့ကြသောကြောင့် မကြောက်ကြ၊ ဂရုမစိုက်ကြ။ ဘုရား၏ ဘုန်းတော်ကို ဆင်ချင်၍ ကြောက် ရွံ့ရိုသေကြကုန်အံ့။

.

၂။ လူသားများကို စကားပြောရန်(ဟေ ၁:၁)
ဘုရားသခင်သည် သန့်ရှင်း၍ လူသည် အပြစ်ကြောင့် ညစ်ညူးသည်။ ထို့ကြောင့် ဘုရားနှင့် လူမိသဟာယမပြုနိင်ချေ။ ဘုရားသခင်က လူကို စကားပြောလျှင် မိုးချုန်းသည်ဟု ထင်သည်။ “အိုအဘ၊ ကိုယ်တော်၏ နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွက်တော်မူ၏။ ထိုအခါ ကောင်းကင်မှ စကား သံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန် ချီးမြှောက်ဦးမည်ဟု လာ၏။ ဝန်းရံလျက် ရှိသော လူအစုအဝေးတို့သည် ကြားလျှင် မိုဃ်းချုန်းသည် ဟုဆိုကြ၏။ အချို့ကလည်းကိုယ်တော်အား ကောင်းကင်တမန် မြွက်သည် ဟုဆိုကြ၏။” (ယော ၁၂:၂၈-၂၉)

သိနာတောင်ပေါ်မှ ဘုရား စကားပြောသောအခါ လူများ အလွန် ကြောက်ရွံ့သည်။ ထို့ကြောင့် ဘုရားသခင်သည် လူကို ပရောဖက်အားဖြင့် ၄င်း၊ အိပ်မက်ရူပါရုံအားဖြင့် ၄င်း၊ ကောင်းကင်တမန်အားဖြင့် ၄င်း၊ ပြောရာမှနောက်ဆုံးသော အချိန်တွင် သားတော်ကို ဤလောကသို့ စေလွှတ်၍ လူသားများအား စကားပြောသည် (ဟေဗြဲ ၁:၁)။ ထို့ကြောင့် သူ၏ နာမကို နှုတ်ကပတ်တော်ဟု ခေါ်သည် (ယော ၁:၁)။ ယခုအချိန်တွင် ခရစ်တော်ကို လူကိုယ်တိုင်မတွေ့ နိင်တော့သော်လည်း ကျမ်းစာအားဖြင့် စကားပြောနိင်သည်။ ကျမ်းစာ မဖတ်သောသူသည် ဘုရားသခင်၏ စကားပြောခြင်းကို နားမထောင်ချင် သောသူ ဖြစ်သည်။

.

၃။ အပြစ် စီရင်ခြင်းမှ ကယ်တင်ရန်(ယော ၃:၁ရ- ၁၈)
ဘုရားသခင်သည် တရားသူကြီး ဖြစ်သည် (ဟေရှာယ ၃၃:၂၂)။ သူ၏ တရားရုံးတော် မှစီရင်ချက်မှာ “အပြစ်၏ အခကား သေခြင်း ပေတည်း။” (ရော ၆:၂၃)။ သို့သော် လူသားများသည် အပြစ် အလျောက်စီရင်ခြင်း ခံပါက သေ၍ ငရဲ သွားရန်သာလျှင် ရှိသည်။ ထို့ကြောင့် သားတော် ယေရှုကို ဤလောကသို့ စေလွှတ်၍ သူ့အပေါ်၌ လူသား အားလုံး ၏ ဤပြစ်ကို တင်သည် (ဟေရှာယ ၅၃:၆၊ ယော ၁:၂၉၊ ၂ ကော ၅:၂၁)။

ခရစ်တော် ယေရှုသည် လူသားများအားလုံး ၏ အပြစ်ကို လက်ဝါးကပ်တိုင်၌ အသေခံခြင်းဖြင့် အပြစ် ဒဏ်စီရင်ခြင်းကို ခံခဲ့သည်။ ထိုအရာကို ယုံကြည် လက် ခံလျှင် အပြစ် စီရင်ခြင်းမှ ကင်းလွတ် နိင်သည် (ယော ၃:၁၈)။ မိတ်ဆွေ ယေရှုခရစ် တော်ကို ယုံကြည်လျှင် အပြစ် စီရင်ခြင်းမှ ကင်းလွတ််နိင်သည်။

.

၄။ ထာဝရ အသက် ပေးရန်(ရော ၆:၂၃၊ ၁ ယော ၅:၁၁-၁၂)
လူသည် ဒုက္ခ ဆင်းရဲခြင်း အမျိုးစုံခံစားသော်လည်း မသေချင် ကြ။ အနည်းငယ်နေမကောင်းလျှင် သေမည်စိုးသောကြောင့် ဆေးခန်းသွားရသည်။ ကိုယ်ကာယအသက် ပင်လျှင် ထိုမျှတန်ဘိုး ထားလျှင် ဝိညာဉ် ထာဝရ အသက်ရှင်ရမည့် အရာကိုသာ၍ တန်ဘိုး ထားသင့်သည်။ ဘုရားသခင်သည် မိတ်ဆွေကို ထာဝရ အသက် ပေးသည်။ ထိုအသက်သည် သားတော်၌ ပါသည်။ သားတော်ကို ရသောသူသည် အသက် ရသည်။ သားတော်ကို မရသောသူမူကား အသက် မရ(၁ ယော ၅:၁၁-၁၂)။ မိတ်ဆွေ ထာဝရ အသက် ရရန်သားတော်ကို လက်ခံပါ။ ထာဝရ အသက်ကို ကုသိုလ်ကောင်းမှု၊ ကောင်းသော အကျင့်၊ ဘာသာရေးထုံးတမ်းများ လိုက် နာခြင်းဖြင့် မရနိင်ပါ။ ခရစ်တော် လက်ခံခြင်း အားဖြင့်သာ ရရှိနိင်ပါသည်။

.

၅။ ပျောက်သော သူတို့ကို ရှာရန်(လု ၁၉:၁၀)
ပစ္စည်းပျောက်သောအခါ ပစ္စည်းသည် သူရှိသော နေရာ၌ ရှိနေသည်။ အမှန်မှာပျောက်ခြင်းသည် ပိုင်ရှင်၏ မျှော်လင့်သော နေရာ၊ ထားသော နေရာ၌ မရှိသောအခါ ပျောက်သည် ဟုဆိုသည်။ ထို့နည်းတူ လူသားများသည် ဘုရား အမြင်၌ ပျောက် နေကြသည်။ သို့သော် လူသားများအနေဖြင့် မသိနိင်။ လူသည် အာဒံ၌ ရှိနေသမျှ ဘုရား အမြင်၌ ပျောက်နေသည်။ ထို့ကြောင့် ကောင်းကင် ပြန်လမ်း မသိ။ လောကအရာ တည်းဟူသော ရွှေ၊ ငွေ၊ ဥစ္စာများရှာဖွေ နေကြသည်။ လောက ပျော်ရွှင်မှုများ၌ သာပျော်မွေ့နေသည်။ ထို့ကြောင့် ပျောက်သော လူသားများကို ရှာဘို့ရန် ခရစ်တော် ဘုရား ဤလောကသို့ ကြွရောက် လာသည်။ မိတ်ဆွေ အတွေ့ခံလိုက်ပါ။သို့ပြုလျှင် အသက် ရရှိပါလိမ့်မည်။ ဤလောကသည် ထာဝရ နေရန်ကောင်းသော နေရာ မဟုတ်။ ခရစ်တော်က ဤလောကထက် နှိုင်းဆ၍ မရနိင်သော ကောင်းကင် ရွှေပြည်သို့ ခေါ်သွားဘို့ရန် မိတ်ဆွေကို ရှာဖွေ နေသည်။

.

၆။ အစေ​ကျွန်ခံရန်(ဖိလိ ၂:၅-၈၊ မ၂၀:၂၈)
မည်သူမဆို​ကျွန်မခံချင် ကြ။ သခင်သာလျှင် ဖြစ်လို ကြသည်။ ​ကျွန် ဖြစ်ရန်မိတ်ဆွေ မွေးဖွားလျှင် အလွန် ဝမ်းနည်းပေလိမ့်မည်။ သို့သော် သခင်ယေရှုသည် ဤလောကသို့ ​ကျွန်ခံဘို့ရန် မွေးဖွားခဲ့သည်။ ခမည်းတော်၏ စကား တသွေမ တိမ်း နားထောင် ဘို့ရန် ဤလောကသို့ ဆင်းကြွလာခဲ့သည်။ ထို့ကြောင့် ခရစ် တော်သည် ဤလောက၌ နေစဉ်ကာလ ၃၃ နှစ်အတွင်း သခင်ကဲ့သို့ မနေ၊ ​ကျွန် ကဲ့သို့ နေသွားခဲ့သည်။ ​ကျွန် မည်သည်ကား သခင်၏ စကားကို ပြန်မပြောဘဲ နားထောင်ရသည်။ ထို့နည်းတူ သခင်ယေရှုလည်း ခမည်းတော်ဘုရား၏ စကားကို မြေဝယ်မခ နားထောင် ခဲ့သို့သည်။ ထိုသို့ နားထောင် သောကြောင့်လည်း လူသားများကို ကယ်တင်နိင်ခဲ့သည် မဟုတ်လော။ ထိုပုံသက်သောကို ကြည့်၍ ယုံ ကြည် သူများလည်း သခင်စိတ်မရှိဘဲ ​ကျွန်စ်တ်ဖြင့် ဘုရားသခင်နှင့် လူသားများကို အစေခံသင့်သည်။

.

ရ။ ခမည်းတော် ခိုင်းသော အမှုကို ဆောင်ရွက်ရန်(ယော ၅:၃၀)
ခရစ်တော်သည်လောက၌ မိမိ အလိုဆန္ဒအတိုင်း အသက်ရှင်ရန်လာသည် မဟုတ်။ ခမည်းတော် ခိုင်းသော အမှုကို ပြီးစီးအောင် ဆောင်ရွက်ရန်လာခဲ့ကြောင်းကို သူကိုယ် တိုင်က ဤသို့ ဆိုခဲ့သည်၊ “ယေရှုက၊ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏။” (ယော ၄:၃၄)။ ခရစ်တော်က ထိုသို့ ပြောသောအခါ ရှမာရိအမျိုးသမီးကို ကယ်တင်ခြင်း အကြောင်း ပြောခြင်းကို ဆိုလိုသည်။ ခရစ်တော်သည် ခမည်းတော်၏ အလိုကို ဆောင်ရွက်ခြင်း၌ အလွန် အားရဝမ်းမြောက်သည်။ ထိုအလိုတော်ကို ဆောင်ရွက်ရာ၌လည်း တဝက်တပြတ် မဟုတ်ဘဲ ပြီးစီးအောင် ဆောင်ရွက်ချင်သည်။ ခရစ်တော် ပင်လျှင် ထိုသို့ ခမည်းတော်၏ အမှုတော် ပြီးစီးအောင် ဆောင်ရွက်လိုလျှင် ယုံကြည်သူများလည်း ဘုရား ပေးသော အမှုတော် မြတ်ကို ပြီးစီးအောင် ဆောင်ရွက်သင့်သည်။ ယခုတွင်မူ ခမည်းတော် အမှုဆောင်ရွက်ခြင်းထက် မိမိတို့ အလိုကို ဆောင်ရွက် နေကြသည် မဟုတ်လော။ ခရစ်တော်သည် ခမည်းတော်၏ အမှုဆောင်ရွက်ရာတွင် အစာစားစရာ ပင်မလိုတော့လောက်အောင် ဝမ်းမြောက်သည်ကိုဤသို့ တွေ့ရသည်၊ “တပည့်တော် တို့က၊ အရှင် ဘုရား၊ အစာကို သုံးဆောင်တော်မူပါဟု တောင်းပန်ကြလျှင်၊ သင်တို့ မသိသော စားစရာသည် ငါ၌ ရှိသည်ဟု မိန့်တော်မူ၏။” (ယော ၄:၃၁-၃၂)။ မိတ်ဆွေ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ဘူးပါသလား။

.

ဂ။ မျက်စိကမ်းသော သူတို့ကို မျက်ရှိမြင်စေရန်(ယော ၉:၃၉)
လူသည်ကိုယ်ကာယမျက်စိသာမြင်၍ ဝိညာဉ် မျက်စိကမ်း ကြသည်။ ထို့ကြောင့် ငရဲကျမည့် အရာကိုလည်း မကြောက်၊ ကောင်းကင်း တက်မည့် အရာကိုလည်း လိုချင် စိတ် မရှိ။ လောကအရာကိုသာ မြင်သောကြောင့် လောကအရာကိုသာ စွဲလန်း၍ တပ် မက်ရှာ ဖွေ ကြသည်။ ထို့ကြောင့် ဝိညာဉ် မျက်စိပြန်မြင်စေခြင်းငှါ ခရစ်တော် ကြွလာသည်။ “ယေရှုက လည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်းငှါ ယင်း၊ မြင်သောသူသည် မျက်စိကန်း စေခြင်းငှါ ယင်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။” (ယော ၉:၃၉)။ သို့သော် မိတ်ဆွေသည် ဝိညာဉ် မျက်စိ ကမ်းနေသေးလျှင် ခရစ်တော် ဤလောကသို့ လာရကျိုးမနပ်။

.

၉။ မျက်စိမြင်သည်ဟု ထင်သော သူတို့ မျက်ကမ်းစေရန်(ယော ၉:၃၉)
“ဖာရိရှဲအချို့တို့သည် ထိုစကားကို ကြားလျှင်၊ ငါတို့သည် မျက်စိ ကန်း သလောဟု မေးကြ၏။ ယေရှုက လည်း၊ သင်တို့သည် မျက်စိကန်းသည် မှန်လျှင် အပြစ် မရှိ။ ငါတို့ မျက်စိမြင်သည်ဟု ယခုဆိုကြ၏။ ထိုကြောင့် သင်တို့၌ အပြစ် တည်သည်ဟု မိန့်တော်မူ၏။” (ယော ၉:၄၀-၄၁) ဖာရိရဲှတို့သည် မျက်စိမြင်သည်ဟု ထင်ကြသည်။ ကိုယ်ကာယ မျက်စိ မြင်ကြပါသည်။ သို့သော် ဝ်ညာဉ်မျက် စိကမ်း ကြသည်။

ဇာတိမျက်စိတည်း ဟူသောလောက ပညာတတ်ခြင်း၊ သိနားလည်ခြင်း၊ ​ကျွမ်းကျင်ခြင်းများကို အားကိုး၍ အဟုတ်ကြီး ထင်နေသောသူများသည် ဝိညာဉ် မျက်ကမ်းများဖြစ်သည်။ ထိုသူများသည် မိမိတို့ ပညာဖြင့် ဘုရား ပေးသောအရာကို မသိကြ။ သို့သော်လည်း မာန်မာနရှိ နေသောကြောင့် ထို သူတို့ကို မျက်စိကမ်းစေဘို့ရန် ခရစ်တော် ကြွလာသည်။ ထိုအုပ်စုထဲ၌ မိတ်ဆွေ မပါဝင်ပါစေနှင့်။

.

၁၀။ စိတ်နှလုံးကြေမွသော သူတို့၏ အနာကို စည်းရန်(လု ၄:၁၈)
အကြောင်း အမျိုးမျိုးကြောင့် အချို့သောသူများသည် စိတ်နှလုံး​ကြေကွဲဝမ်းနည်း ကြသည်။ ထိုသူများ၏ အနာစည်းဘို့ရန် ခရစ်တော် ကြွလာခဲ့သည်။ စိတ်နှလုံး ညီးတွားသော သူတို့သည် မင်္ဂလာရှိ၏။ ထို သူတို့သည် သက်သာလိမ့်မည်။ ဘုရားသခင်သည် ​ကြေမွသော စိတ်နှလုံးရှိသော သူတို့နှင့် နီးတော်မူ၏ (ဆာ ၅၁:၁ရ)။ မိတ်ဆွေ စိတ်ပျက်ဝမ်းနည်း​ကြေကွဲနေလျှင် သေကြောင်း မကြံပါနှင့်။ ခရစ်တော်ထံလာပါ။ သက်သာခွင့်ပေးပါလိမ့်မည်။

.

၁၁။ ထာဝရဘုရား၏ မင်္လာနှစ်များကို ကြားပြောရန်(လု ၄:၁၉)
ခရစ်တော်က ဤလောက၌ စတင်အမှု ဆောင်သောအခါ သူကြီးပွားရာ နာဇရက်မြို့ရှိတရား စရပ်၌ ဤသို့ ကျမ်းစာကို ဖတ်ခဲ့သည်၊ “ထာဝရဘုရား၏ မင်္လာနှစ်ကာလကို ကြား ပြောစေခြင်းငှါ၄င်း၊ ငါ့ကို စေလွှတ်တော်မူပြီ။” (လုကာ ၄:၁၉)။ ထိုမင်္လာနှစ်ကာလသည် အနှစ်တစ်ထောင်ကို ဆိုလိုသည်။ အကြောင်းမှာ အနှစ် တစ်ထောင်ကာလ၌ သူကိုယ်တိုင် ဤလောက၌ အုပ်စိုး၍ မင်္လာရှိသော အချိန်ကာလ ဖြစ်မည်။ ခေတ်ကာလ များနှစ်လရက်များသည် ဘုရားသခင်၏ လက်ထဲ၌ ရှိသည်။ ဘုရားသခင်သည် သူ စီစဉ် ထားပြီးသော ထိုနေ့ရက်ကာလများကို လူသားများအား မသိဘဲ နေစေခြင်းငှါ အလိုမရှိ။ ထို့ကြောင့် ကာလ အချိန်များကို ရွေးနှုတ်စေချင်သည်။ ထို့သို့ အချိန်ကာလများကို ဖေါ်ပြဘို့ရန် သားတော် ယေရှုခရစ် တော်ကို ဤလောကသို့ စေလွှတ်သည်။ သို့သော် ယနေ့ တိုင်အချိန်ကာလများကို မသိ သောကြောင့် လောကအရာသာလျှင် ရှာဖွေ၍ အသင့်မပြင် ဆင်ကြ သေးသော လူ များစွာ ရှိသေးသည်။ ထိုအထဲ၌ မိတ်ဆွေ မပါဝင်စေချင်ပါ။

.

၁၂။ ငြိမ်သက်ခြင်း ပေးရန်(ယော ၁၄:၂ရ)
ခရစ်တော်သည် ငြိမ်သက်ခြင်း၏ အရှင် ဖြစ်သည် (ဟေရှာ ၉:၆)။ ဤလောကသည် ငြိမ်သက်ခြင်း မရှိ။ တိုင်း နိင်ငံအလိုက်သော်၄င်း၊ မိသားစုအတွင်း၌ သော်၄င်း၊ တဦးချင်း၌ သော်၄င်း၊ ငြိမ် သက်မှု မရှိ။ ထို့ကြောင့် ခရစ်တော်က၊ “ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည် မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်း မရှိစေနှင့်။” (ယော ၁၄:၂ရ) ဟုဆိုသည်။ ထိုငြိမ်သက်ခြင်းရှိမှမိတ်ဆွေသည် အသက်ရှင်ရကျိုးနပ်ပေမည်။ ငြိမ်သက်ခြင်း၏ အရှင်ကို လက်ခံကြစို့။

.

၁၃။ ထား (ဓါး) ပေးရန်(မ ၁၀:၃၄)
ခရစ်တော်သည် ငြိမ်သက်ခြင်း ပေးဘို့ရန် ကြွလာသော်လည်း စာတန်နှင့် သူ၏ အပေါင်း ပါများသည် သူ့ကို လက်မခံကြ။ ထိုသူများသည် ခရစ်တော် လက်ခံသောသူများကို ရန်ပြု၍ နှောက်ယှက်ပေးနေမည် ဖြစ်သည်။ ထို့ကြောင့် မိသားစုအတွင်း၌၄င်း၊ အသင်းတော် အတွင်း၌၄င်း၊ အဖွဲ့အစည်းအသိုင်းအဝိုင်း၌ ခရစ်တော် လက်ခံသောသူနှင့် လက်မခံသော သူတို့သည် ပြသနာ ရှိနေမည် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်က၊ “မြေပေါ်သို့ ငြိမ် သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟု မထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်သောငှါ ငါလာသည် မဟုတ်။ ထားကို စေလွှတ်အံ့သောငှါ ငါလာသတည်း။ အဘနှင့်သား၊ အမိနှင့် သမီး၊ ယောက္ခမနှင့် ချွေးမ အချင်း ချင်း ကွဲပြား စေခြင်းငှာ ငါလာသတည်း။ ကိုယ်အိမ်သူ အိမ်သားတို့သည်လည်း ကိုယ်ရန်သူ ဖြစ်ကြလိမ့်မည်။” ဟုဆိုခဲ့သည် (မ ၁၀:၃၄-၃၆)။ အဘယ်ကြောင့် ခရစ်တော် ကထားပေးဘို့ရန် ကြွလာသနည်း။ အမှန်မှာ လူတိုင်း ခရစ်တော်ကို လက်ခံလျှင် ငြိမ်သက်ခြင်းရှိမည် ဖြစ်သော်လည်း ခရစ်တော်ကို အမှန်တကယ် လက်မခံဘဲ အပေါ်ရံသာ လက်ခံသောသူများကြောင့် ခရစ်တော်သည် ထားပေးဘို့ရန် လာသလို ဖြစ်လာသည်။

.

၁၄။ အလင်း ဖြစ်ရန်(ယော ၉:၅)
ဤလောကသည် စာတန် အုပ်စိုးသောကြောင့် ဝိညာဉ်ပိုင်း၌ မှောင်မိုက်အတိ ဖြစ်သည်။ မှောင်မိုက်သည် အပြစ်လုပ်ဘို့ရန် မှတပါး အဘယ်အရာအတွက် မျှမကောင်းချေ။ လူများသည် မှောင်မိုက်၌ စမ်းတဝါးဝါးသွားလာ ကြသောကြောင့် ခလုပ်တိုက် ကြသည်။ အချင်းချင်း တိုက်ခိုက် ကြသည်။ ထို့ကြောင့် အလင်းပေးဘို့ရန် ခရစ်တော်သည် ဤလောကသို့ ကြွလာကြောင်း သူကိုယ်တိုင် ဤသို့ ပြောခဲ့သည်၊ “ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလော က၏ အလင်း ဖြစ်၏။” (ယော ၉:၅)။ သို့သော် မိတ်ဆွေသည် အမှောင်ထဲ၌ ရှိနေသေးလျှင် ဝမ်းနည်းစရာ ဖြစ်သည်။ ခရစ်တော် လာရကျိုးနပ်အောင် အလင်းထဲသို့ ဝင်လာပါ။ မည်ကဲ့အ လင်းရမည်နည်းဟူမူကား အလင်း တည်းဟူသော ခရစ်တော်ကို မိမိ၏ ကယ်တင်ရှင်အရှင်သခင် အဖြစ် လက်ခံရမည်။

.

၁၅။ စာတန် မာရ်နတ်၏ အမှုကို ဖျက်ရန်(၁ ယော ၃:၈)
စာတန် မာရ်နတ်သည် တန်ခိုးရှိသည်။ လူသားများကိုလည်း နှိပ်စက်ညှင်းဆဲလျက် ​ကျွန်ခံစေသည်။ လူသားများသည် စာတန် ​ကျွန်ခံရသောကြောင့် ဘုရား အလိုတော် မသိနိင်မလိုက်နိင်ကြ။ ထို့ကြောင့် မာရ်နတ််၏ အမှုများကို တိုက်ဖျက်ဘို့ရန် သခင်ယေရှုလောကသို့ ကြွလာခဲ့သည်။ ကျမ်းစာက၊ “မာရ်နတ်သည် ရှေ့ဦးစွာ မှစ၍ ဒုစရိုက်ကို ပြုသောသူ ဖြစ်သောကြောင့်၊ အကြင်သူသည် ဒုစရိုက်ကို ပြု၏။ ထိုသူသည် မာရ်နတ်နှင့် ဆိုင်၏။ မာရ်နတ်အမှု တို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။” ဟု ရေးထားသည်။ ထိုအမှု ကိုလည်း ပြီးစီးပြီ ဖြစ်သော်လည်း မြောက် များစွာသော လူသားများသည် မလိုအပ်ဘဲ စာတန်၏ ​ကျွန်ခံ နေကြဆဲ ဖြစ်သည်။ မိတ်ဆွေလည်း စာတန် ​ကျွန်မခံတော့ဘဲ ဘုရားသခင်၏ ​ကျွန်ခံဘို့ရန် တိုက်တွန်း လိုပါသည်။ မည်ကဲ့ စာတန် ​ကျွန် မှလွတ်နိင်မည်နည်း။ ခရစ်တော်၏ စာတန် အပေါ်အောင် နိင်ခြင်းကို ယုံကြည်၍ ခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင်အရှင်သခင်ဖြင့် လက်ခံလိုက်လျှင် စာတန် ​ကျွန်မှလွတ် နိင်သည်။ မိတ်ဆွေ လက်ခံ မည်လော။

.

၁၆။ ပညတ်တော်ကို ပြည့်စုံစေရန်(မ ၅:၁ရ)
လူသားများသည် အပြစ်သား ဖြစ်ပြီး နောက် ဘုရားသခင် ထံပြန်လည်ရောက်ရှိဘို့ရန် ကိုယ့်နည်းကိုယ့်ဟန်နှင့် ကြိုးစား ကြသည်။ သို့သော် ဘုရားသခင်၏ စံနှုန်းကို လူ့အစွမ်း အစအားဖြင့် မမှီနိင်ပါ။ သို့သော် လူအနေဖြင့် လက်မမြှောက်သောအခါ ဘုရားသခင်သည် သူ၏ စံချိန်ကို ပညတ်တော်အားဖြင့် ဖေါ်ပြပါသည်။ ပညတ်တရားသည် လူ၏ အပြစ်ကို ဖေါ်ပြဘို့ရန် ဖြစ်သည် (ရော ၃:၂၀)။ လူသည် ဘုရား ပေးသော ပညတ်များကို နားမလည်ဘဲ ဇာတိအားဖြင့် လိုက်လျှောက်ဘို့ရန် ကြိုးစား ကြသည်။ သို့သော် မည်သူမျှမလိုက်လျှောက်နိင်ချေ။ ပို၍ ဆိုးသည် မှာလူသည် ပညတ်တော်များကို မလိုက်လျှောက်နိင်ကြောင်းကို မသိ။ ထိုကြောင့် ပြသနာ မရှိဟု ထင် နေသည်။ ခရစ်တော်သည် ထိုပညတ်များကို ပြည့်စုံစေဘို့ရန် ကြွ လာသည်။ မည်သို့ ပြည့်စုံစေသနည်းဟူမူကား ဝတ်ပြုခြင်း ဆိုင်ပညတ် ဖြစ်သော ယဇ်ပူဇော်ခြင်းများဖြစ်သည့် ပသခါပွဲ၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မိဿဟာယယဇ်၊ အပြစ် ​ဖြေရာယဇ်၊ ဒုစရိုက် ​ဖြေရာယဇ်များ အားလုံး ကို ခရစ်တော် လက်ဝါးကပ်တိုင်ပေါ်၌ ပူဇော်ခံခြင်း အားဖြင့်ပြီး ပြည့် စုံစေသည်။ ထိုအရာများကို သိရှိ နားလည်ရန်လိုသည်။ ထိုမျှမက လူသည် ခရစ်တော်ကို လက်ခံ၍ မိမိအသက်တာကို အုပ်စိုးစေသောအခါ ခရစ်တော်သည် ထိုသူ အထဲမှကိုယ်ကျင့်တရား ပိုင်း ဆိုင်ရာ ပညတ်တော်များကို ပြည့်စုံ စေသည်။ ထို့ကြောင့် ခရစ်တော်က ပညတ်တော်များပြည့်စုံစေဘို့ရန် လာသည် ဟုဆို ရခြင်း ဖြစ်သည်။

.

၁ရ။ ပညတ်တရား၏ ကျိန်ခြင်း ခံရန်(ဂလာ ၃:၁၃)
လူသည် ပညတ်တရား၏ အကျင့်ကို အားကို တတ်သည်။ ထို သူတို့သည် ကျိန်ခြင်းကို ခံရသည်။ အကြောင်းမှာ ပညတ်တရားကို လိုက်လျှောက်သည်တွင် ပညတ္တိကျမ်းစာ၌ ပါသ မျှသောစကား အားလုံး ကို အစဉ် မပျက် လိုက် လျှောက်ရမည်။ ထိုသို့ မလိုက်နိင်ပါက ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာ လာသတည်း (ဂလာ ၂:၁၀)။ လူသား တိုင်း ပညတ် အားလုံး ကို မလိုက်နိင်သောကြောင့် ကျိန်ခြင်း ခံကြသည်။ ပြသနာ မှာကျိန်ခြင်း ခံသည်သာမက ကျိန်ခြင်း ခံမှန်းလည်း မသိကြခြင်း ဖြစ်သည်။ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကျိန်ခြင်း ခံသော သူတို့သည် သစ် တိုင်၌ ဆွဲထားခြင်းကို ခံရမည်။ သို့သော် သခင်ယေရှုခရစ်သည် လက်ဝါး ကပ်တိုင်၌ အသေခံခြင်းဖြင့် ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှ ကယ်တင်ပြီး ဖြစ်သည်။ သို့သော် ခရစ်ယာန် အများစုသည် ပညတ်တရား လိုက် လျှောက်မှကောင်း ကင်တက်နိင် မည်ဟု ထင် နေကြသေးသည်။ ခရစ်တော်သည် သစ်တိုင်ပေါ်၌ အသေ ခံခြင်းဖြင့် ကျိန်ခြင်းနှင့် သေခြင်းမှ ငါတို့ကို ကယ်နှုတ်ပြီ ဖြစ်သည် (ဂလာ ၃:၁၃)။

.

၁၈။ အသက် လွတ်ရုံမျှမကအသက်နှင့် ပြည့် စုံစေရန်(ယော ၁၀:၁၀)
ခရစ်တော်သည် လူသားများကို အသက် ဘေးမှကယ်လွှတ်ရုံသာမက အသက်နှင့် ပြည့်စုံစေခြင်းငှါ ကြွလာသည်။ သို့သော် ထိုအရာကို အဓိပ္ပါယ်ကောက်မှားကြပြန်သည်။ ဇာတိသ ဘောအားဖြင့် ယူလျက် အသက်နှင့် ပြည့်စုံခြင်းသည် လောကီစည်းစိမ်ဟု ယူဆကြသည်။ အမှန် မှာအသက်နှင့် ပြည် စုံခြင်းသည် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ခြင်းကို ဆိုလိုသည်။ ဘုရား အလိုတော်အတိုင်း အသက်ရှင်ပါက ပျော်ရွှင် ဝမ်းမြောက်မည်၊ အကျိုးရှိမည်၊ အဓိပ္ပါယ် ရှိသော အသက်တာရှိမည်။ မိတ်ဆွေ၏ အသက်တာသည် အသက်နှင့် ပြည့်စုံပါသလား။ မပြည့်စုံ ရစ်တော်ကို လက်ခံ၍ အုပ်စိုးခွင့် ပေးပါ။

.

၁၉။ လမ်းခရီး ဖြစ်ရန်(ယော ၁၄:၆)
လမ်းပျောက်လျှင် လိုရာခရီး မရောက်နိင်။ လူသားများသည်လောက ခရီးသည်များဖြစ်ကြသည် (၁ ပေ ၁:၁ရ)။ ဤလောက၌ ထာဝရ နေရကြမည် မဟုတ်။ ထာဝရလောကသို့ သွားနေသော ခရီးသည်များဖြစ် ကြသည်။ သို့သော် လမ်း မသိကြ။ ထိုလမ်းသည် ခရစ်တော် ပင် ဖြစ်သည်။ ခရစ်တော်က၊ “ငါသည် လမ်း ခရီး ဖြစ်သည်။” ဟုကျေညာခဲ့သည်။ သူသည် ကောင်းကင်နိင်ငံသွားသောလမ်း ဖြစ်သည်။ ထိုလမ်းကို လိုက်မှသာ ကောင်းကင်နိင်ငံသို့ ရောက်နိင်မည် ဖြစ်သည်။ မိတ်ဆွေသည် ထိုကောင်းကင် လမ်းခရီး ဖြစ်သော ခရစ်တော်ကို လက်ခံပြီး ပြီလော။

.

၂၀။ ယဇ်ကောင် အဖြစ်ပူဇော်ခြင်း ခံရန်(ဟေ ၁၀:၅)
လူသည် ဘုရားသခင် ထံအပြစ် အတွက် ယဇ်ပူဇော်ရသည်။ ဣသရေလ လူများသည် တိရစ္ဆာန်အားဖြင့် ပူဇော်တတ်ကြသည်။ သို့သော် တိရစ္ဆာန်များကို ဘုရားသခင် အားရနှစ်သက်တော်မမူသောအခါ သားတော် အား ကိုယ်ခန္ဓာကို ပြင်ဆင် ပေးတော်မူသည်။ ဘုရားသခင် ထံ၌ ယဇ် အမျိုးမျိုး ပူဇော်ရသည်။ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှာ မီးရှို့ရာယဇ်နှင့် ဘော ဇဉ်ပူဇော်သက္ကာ၊ ရန်ငြိမ်းစေခြင်းငှာ မိဿဟာယယဇ်၊ အပြစ် ​ဖြေစေခြင်းငှာ အပြစ် ​ဖြေရာယဇ်၊ စသော ယဇ်များကို ဣသရေလ များသည် ပူဇော်တတ်ကြသော်လည်း ထိုအရာ များသည် အရိပ်များသာလျှင် ဖြစ်သည်။ (ကော ၂:၁၆)။

နောက်ဆုံး၌ ထိုယဇ်များကို ပြည့်စုံစေခြင်းငှာ ခရစ်တော်သည် ဤလောကသို့ ကြွရောက် လာသည်။ မိမိ ကိုယ်ခန္ဓာကို ယဇ်ကောင် အဖြစ်ပူဇော်ခြင်းအားဖြင့် ယဇ်ပူဇော်ခြင်း အားလုံး ကိုပြီး ပြည့်စုံစေပြီ ဖြစ်သည်။ ထို့ကြောင့် ယေရုရှလင် မြို့ဗိမာန်တော် အထဲမှကုလားကာသည် ကွဲသွားသည် (မ ၂ရး၅၁)။ သို့သော် ဣသရေလ လူမျိုးများက သဘော မပေါက်သောကြောင့် ဘုရားသခင်က ဗိမာန်တော်ကို အေဒီ ရဝ၌ အပြီး ဖျက်စီးခွင့်ပေး လိုက်သည်။ ထိုအချိန် မှစ၍ ယဇ်ပူဇော်ခြင်း မရှိတော့ချေ။ ဣသရေလ လူများ ယနေ့ တိုင်အောင် ယဇ်ပူဇော်ချင်သော်လည်း ဗိမာန်တော် မရှိသောကြောင့် ပူဇော်၍ မရချေ။ ဘုရားသခင်က ထိုဗိမာန်တော် နေရာတွင် မူစလင်များကို ဗလီဆောက်ခွင့်ပေးခြင်းအားဖြင့် အကောင်းဆုံး အစောင့်များ ချထားသည်။ မူစလင်များ ကသာလျှင် ထိုဗိမာန်နေရာကို မစောင့်ပါက ဣသရေလ လူများက ထိုနေရာကို အကြမ်းနည်းဖြင့် ဖြစ်စေ၊ ငွေအားဖြင့်ဖြစ်စေ ဝယ်၍ ဗိမာန်တော် ဆောက်ကာယဇ်များပြန်လည်ပူဇော်လောက််ပြီ။ ယဇ်မပူဇော်နိင်သောကြောင့် ယနေ့ တိုင် ဣသရေလ လူများသည် ငိုယို၍ ဆုတောင်း နေကြသည်။ သို့သော်လည်း မည်မျှပင်ဆုတောင်း စေကာမူ ဘုရားသခင်ကနားမ​ညောင်းချေ။ အကြောင်းမှာ ခရစ်တော်၏ ကိုယ်ခန္ဓာတော်ကို ယဇ်ကောင် အဖြစ်ပူဇော်ပြီး နောက် ယဇ်ပူဇော်စရာ မလိုတော့ချေ။

.

၂၁။ လူနှင့် ဘုရားရန်ငြိမ်းစေရန်(ရော ၅:၉-၁၀၊ ၂ ကော ၅:၁၉)
လူနှင့် ဘုရားသခင်သည် ရန်သူများ ဖြစ်ကြသည်။ ထို့ကြောင့် လူသည် ဘုရားသခင်၏ အလိုတော်များကို အမြဲဆန့်ကျင်သည်။ ဘုရား ထံ၌ အကူအညီလည်း မယူချင်၊ ဆုမတောင်း ချင်၊ ကျမ်းစာလည်း မဖတ်ချင် ကြ။ ဘုရား ခိုင်းသမျှ မလုပ်ဘဲ ဘုရား အလိုတော် မရှိသော အရာများကိုသာ လုပ်လို ကြသည်။ ဘုရား မုန်းသမျှကို နှစ်သက်မြတ် နိုး ကြသည်။

သို့သော် ဘုရားသခင်သည် လူကို တဖက်သပ်မေတ္တာဖြင့် ချစ်သောကြောင့် လူနှင့် ရန်ငြိမ်းနိင်ရန်သားတော်ကို အသေခံ စေခဲ့သည်။ ကျမ်းစာက၊ “ဘုရားသခင်သည် ယေရှု ခရစ်အားဖြင့် ငါတို့၏ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကို ဟောရသော အခွင့်အရာကို ငါတို့၌ အပ်ပေးတော်မူ၏။” ဟုဆိုထားသည် (၂ ကော ၅:၁၉)။ ယေရှုခရစ်အားဖြင့် မည်ကဲ့သို့ ရန်ငြိမ်း စေသနည်း။ ကျမ်းစာက၊ “အကြောင်းမူကားရန်သူ ဖြစ်လျက် ပင် ဘုရားသခင်၏ သားတော် အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည် မှန်လျှင်၊ မိဿဟာယဖွဲ့ပြီးမှ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟု သာ၍ မျှော်လင့်စရာ ရှိ၏။” ဟု ရေးထားသည် (ရော ၅:၁၀)။ ခရစ်တော်၏ အသေခံခြင်းအားဖြင့် ရန်ငြိမ်းခြင်း အမှုကို ဘုရား ဖက်က ဆောင်ရွက်ပြီး ဖြစ်သည်။ သို့သော် လူသည် ထိုရန်ငြိမ်းခြင်း အခွင့်ကို မသိသောကြောင့် မလိုချင် ကြ။ ဘုရားသခင်နှင့် ရန်ငြိမ်း မှသာလျှင်စစ်မှန်သော ငြိမ်သက်ခြင်း ခံစား နိင်မည် ဖြစ်သည်။

.

၂၂။ လူလူချင်းရန် ငြိမ်းစေရန်(ဧဖက် ၂:၁၄-၁၈)
လူသည် ဘုရားသခင်နှင့်သာမက လူလူချင်းလည်းရန် ဖြစ်နေကြသည်။ လူမျိုးတမျိုးနှင့် တမျိုး၊ တနိင်ငံနှင့် တနိင်ငံ၊ တဦးနှင့် တဦးရန် ဖြစ်နေကြသည်။ ထိုအရာအားလုံး သည် အပြစ်ကြောင့် ဖြစ်သည် တကိုယ်ကောင်းဆန် သောကြောင့် ဖြစ်သည်။ မည်မျှပင်ငြိမ်းချမ်းရေး ပြုစေကာ မူတနည်းမဟုတ်တနည်း ရန် ဖြစ်နေကြသည်။ သို့သော် ခရစ်တော် အသေခံခြင်းဖြင့် လူမျိုးတမျိုးနှင့် တမျိုး အကြား အုတ်တံတိုင်း နံရံများ ဖြိုခွင်းလျက် ရန်ငြိမ်းရသော အခွင့်ကို ရရှိစေကြောင်းကို ရှင်ပေါလုက ဤသို့ ရေးသား ခဲ့သည်၊ “ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်း အကြောင်း ဖြစ်တော်မူ၏။ ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရား တည်းဟူသော ရန်ငြိုး ဖွဲ့ခြင်း၏ အကြောင်းကို ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်းတော်မူ သဖြင့်၊ ပိုင်းခြားလျက် ရှိသော စပ်ကြား အုတ်တန်တိုင်း နံရံကို ​ဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကို တစုတည်း ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်းစေပြီးလျှင်၊ ကိုယ်တော်၌ ထိုလူနှစ်စုတို့ကို လူသစ်တဦးတကိုယ်တည်း ဖြစ်စေခြင်းငှါ ပြင်ဆင်၍၊ တလုံးတဝတည်း ဖြစ်ပြီးသော ထိုလူနှစ် စုတို့ကို လက်ဝါးကပ် တိုင်တော်အားဖြင့် ရန်ကို သတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေမည်အကြောင်း တည်း။ ထိုခရစ်တော်သည်လည်း ကြွလာ၍၊ ဝေးလျက် ရှိသော သင်တို့အား ယင်း၊ နီးလျက် ရှိသော ငါတို့အား ယင်း၊ ရန်ငြိမ်းခြင်း တရား တည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ၏။ ထိုသို့ ခရစ်တော်အားဖြင့် ငါတို့ နှစ်ဦးသည် စိတ်ဝိညာဉ် တ လုံးတဝတည်း ဖြစ်၍၊ ခမည်းတော်ထံသို့ တိုးဝင်ရမည့် အခွင့်ကို ရကြ ပြီ။” (ဧဖက် ၂:၁၄-၁၈)

အထက်ပါ ကျမ်းပိုဒ်၌ ရှင်ပေါလုပြောသော လူနှစ်မျိုးသည် ဣသရေလ လူမျိုးနှင့် တပါးအမျိုးသားတို့ ဖြစ်သည်။ ဣသရေလ လူများက တပါးအမျိုးသားများကို အထင်သေး၍ ခွေးကဲ့သို့ ၄င်း၊ အပြစ်သား ဟူ၍၄င်း မြင်သည်။ တပါးအမျိုးသားများကလည်း ဣသရေလ လူမျိုးများကို ဂရုမစိုက်ချေ။ ထိုလူနှစ်မျိုးသည် ပေါင်းဖေါ်၍ မရခဲ့သော်လည်း ခရစ်တော် အသေ ခံခြင်းအားဖြင့် တလုံးတဝတည်း ဖြစ်စေသည်။ ထိုနည်းတူ ယနေ့ ခရစ်တော်၌ သေ၍ ရှင်ပြန် ထမြောက်သောသူတိုင်းသည် လူမျိုးခွဲခြားခြင်း၊ အဆင့်အတန်းခွဲခြားခြင်း မရှိဘဲ ရန်ငြိမ်းရသော အခွင့်ရ ကြသည်။ ထိုအရာကို လက်ခံသောသူများ၌ လူမျိုးရေး မရှိ၊ အဆင့်အတန်းမရှိ၊ အထက် တန်းစားအောက်တန်းစားမရှိ၊ အားလုံး ညီအကိုများကဲ့သို့ ပေါင်းဖေါ်နိင်သည်။ ထိုသို့ဖြစ်စေခြင်း ငါခရစ်တော်သည် အသေခံရန်ကြွလာခဲ့သည်။ မိတ်ဆွေ၊ အခြားသူများနှင့် ရန်ငြိမ်းခြင်းရရှိပြီလား။ လူမျိုးရေးပြင်းထန်နေသေးသ လား။ ခရစ်တော်ကို လက်ခံပါ။ ထိုအရာများပျောက်ကွယ်သွား ပါလိမ့်မည်။

.

၂၃။ လူသားများနှင့်အတူ နေရန် (ဧမာနွေလ) (မ ၁:၂၃)
ဘုရားသခင်သည် လူများနှင့် ပေါင်းဖေါ်ချင် သောကြောင့် လူကို ဖန်ဆင်းခဲ့သည်။ သို့သော် အပြစ်ကြောင့် ဘုရားနှင့် လူမပေါင်းဖေါ်နိင်ခဲ့ကြ။ မောရှေလက်ထက်၌ တဲတော် ထဲ၌ မိုးတိမ်အားဖြင့် ဘုရားသခင်က ကျိန်းဝပ်ခဲ့သည်။ ဗိမာန်တော် ဆောက်သောအခါ ဗိမာန်တော် ထဲ၌ ကျိန်းဝပ်ခဲ့သည်။ သို့သော် နောက်ဆုံးသော အချိန်၌ ဘုရားသခင်သည် လူဇာတိခံယူကာအပြစ် သားများ၌ သူကိုယ်တိုင် သွား လာလှုပ်ရှားခဲ့သည်။ “ဗျာဒိတ်တော် အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီး ကညာသည် ပဠိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့် ရကြလတံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား၊ ငါတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင် ဟုဆိုလိုသတည်း။” (မ ၁:၂၃)။
“သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မ ခံဘဲ နေကြ၏။ ထိုသူကို လက်ခံသမျှသောသူတည်း ဟူသောကိုယ်တော်ကို ယုံကြည်သော သူတို့ အား၊ ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။” (ယော ၁:၁၂)။

.

၂၄။ ပုံသက်သေ ဖြစ်ရန်(ဟေ ၁၂:၂၊ ဖိလိ ၂:၅)
ခရစ်တော်ကို လက်ခံသောသူများသည် ဘုရား သားများဖြစ် ကြသည်။ သို့သော် ဘုရားသား များသည် မည်ကဲ့သို့ အသက်ရှင်မည်ကို မသိကြသောကြောင့် ဘုရားသား များ၏ နေပုံထိုင်ပုံများကို ပုံသက်သက်ပြဘို့ရန် ခရစ်တော်သည် ဤလောကသို့ ကြွရောက်ကာ လူသားများကဲ့သို့ လောက ဒါဏ် ဘဝဒါဏ်များကို ခံခဲ့သည်။ ခရစ်တော်သည် ဤလောက၌ နေစဉ်တွင် အဘ ဘုရားသခင်၏ စကားကို တသဝေမတိမ်းနာခံခဲ့သည်။ ဤလောက၌ အစေ ​ကျွန်ခံခဲ့သည်။ ဘုရားသား ဟူ၍ ဇိမ်မခံခဲ့။ ဘုန်းတန်ခိုးနှင့် မနေခဲ့။ ထိုကြောင့် ယုံကြည်သူ ဘုရားသား များလည်း ခရစ်တော် ကဲ့သို့ နှိမ့်ချသော စိတ်၊ နာခံသော စိတ်၊ တင်းတိမ်ရောင့်ရဲသော စိတ် ရှိရမည်။ “ယေရှု ခရစ်၌ ရှိသော ထိုစိတ် သဘောကို သင်တို့၌လည်းရှိစေကြလော့။” (ဖိလိ ၂:၅)။

.

၂၅။ ထိမိ၍ လဲစရာ ကျောက် ဖြစ်ရန်(ရော ၉:၃၃)
ခရစ်တော်သည် မိမိလူတို့ကို ကယ်တင်ရန်ကြွလာခဲ့သော်လည်း သူ့ကို မသိသောအခါ ထိမိ၍ လဲစရာ ကျောက် ဖြစ်လာသည်။ ကျမ်းစာ၌ လာသည်ကား၊ “ထိမိ၍ လဲစရာ ကျောက်မှားယွင်းစရာ ကျောက်ကို ဇိအုန် တောင်ပေါ်မှာ ငါချ ထား၏။ ထိုကျောက်ကို အမှီပြုသောသူ မည်သည်ကား၊ ရှက်ကြောက်ခြင်း မရှိနိုင်ရာဟု လာသည်နှင့် အညီ၊ ထိုကျောက်ကို ဣသရေလ လူတို့သည် ထိမိ၍ လဲကြ၏။” (ရော ၉:၃၃) ဘုရားသခင်က ဇိအုန် တောင်ပေါ်မှာ ထားသော ကျောက်သည် ခရစ်တော်ကို ဆိုလိုသည်။ ထိုကျောက် တည်းဟူသော ခရစ်တော်ကို မသိသောကြောင့် ဣသရေလ လူများ ကထိမိ၍ လဲကြ၏။ မည်ကဲ့သို့ လဲကြသနည်း။ လူသည် ကျောက်ကို မမြင်သောအခါ တိုက်မ၍ လဲ တတ်သည်။ မြင်လျှင် တိုက်စရာ အကြောင်း မရှိ။ ထိုနည်းတူ ဣသရေလ ူများသည် ခရစ်တော်ကို ကယ်တင်ရှင်သခင်ဘုရား အဖြစ် မသိကြသောကြောင့် အပြစ် မြင်ကာခလုပ်တိုက်ကြ၍ နောက်ဆုံး၌ လက်ဝါးကပ် တိုင်၌ အသေသတ်ခဲ့ ကြသည်။ မိတ်ဆွေ အတွက် ခရစ်တော်သည် ထိမိ၍ လဲစရာ ကျောက် ဖြစ်နေပါသလား။ ထိုကျောက်ကို မိတ်ဆွေ အမှီပြုပါက ရှက်ကြောက်ခြင်း မရှိနိင်ရာ။

.

၂၆။ ဤလောက၏ အပြစ်များကို ယူတင်ဆောင်ရွက်ရန်
ဣသရေလ လူမျိုးများသည် ဘုရားသခင် စီရင်တော်မူသည့်အတိုင်း တနှစ်တခါသတင်း ​ကျွတ်လတွင် အပြစ် ​ဖြေရာနေ့ ပြုလုပ် တတ်ကြသည်။ ထိုနေ့၌ အသက်ရှင်သော ဆိတ်ကို ယူ၍ ယဇ်ပုရောဟိတ် အာရုန်သည် ဣသရေလ လူမျိုးများ၏ အပြစ်ကို ဆိတ်ခေါင်းပေါ်သို့ တင်ကာတောသို့ စေလွှတ်လေ့ရှိသည် (ဝတ်ပြု ၁၆:၂၀-၂၁)။ ထိုအရာသည် အရိပ် ဖြစ်သည်။ ပရောဖက် ဟေရှာယကလည်း ဤသို့ ဗျာဒိတ်ပြုခဲ့သည်၊ “ငါတို့သည် သိုးကဲ့သို့ လမ်းလွှဲလျက်ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြသည် ဖြစ်၍ ဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။” (ဟေရှာယ ၅၃:၆)။ ထိုအရာ ပြည့်စုံခြင်းကို ဗတ္တိဇံယောဟန်က ဤသို့ ဆိုခဲ့သည်၊ “နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည် မြင်လျှင် ဤလောက၏ အပြစ်များကိုယူ ဆောင်သွားသော ဘုရားသခင်၏ သိုးသူငယ်ကို ကြည့်ရှုလော့။” (ယော ၁:၂၉)။ ရှင်ပေါလုကလည်း ဤသို့ ရေးသား ခဲ့သည်၊ “ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက် ကြောင့် အပြစ်ရှိစေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ ​ဖြောင့်မတ် သောသူ ဖြစ်မည့် အကြောင်း တည်း။” (၂ ကော ၅:၂၁)။ ထို့ကြောင့် ခရစ်တော်သည် ဤလောက (မိတ်ဆွေ အပါအဝင်)၏ အပြစ်ကို ယူတင် ဆောင်ရွက်ဘို့ရန် ကြွ ရောက်လာခြင်း ဖြစ်သည်။ ထိုအရာကို မိတ်ဆွေ လက်ခံရန်သာလျှင် ရှိသည်။

.

၂ရ။ ပသခါသိုးသူငယ်အဖြစ် အသေခံရန်(၁ ကော ၅:ရ)
ဣသရေလ လူများသည် အဲဂုတ္တု ပြည် ​ကျွန်မှ လွတ်မြောက် နိင်ရန်ပသခါသိုးသူငယ်ကို သတ်၍ အသွေးကို တံခါးထုတ်နှင့် တံခါးတိုင်၌ သုတ်၍ အသားကို ကင်စား ကြသည်။ ထိုသိုး သူငယ်၏ အသွေးကြောင့် သူတို့သည် သေခြင်းမှ ၄င်း၊ ​ကျွန်မှ၄င်း၊ လွတ်မြောက်ကြသည် (ထွက် ၁၂)။ ဣသရေလ လူများ ကျင်းပတတ်သော ပသခါပွဲသည် ခရစ်တော်ကို ပသာခါသိုးသူငယ်အဖြစ် အသေခံသောအခါ ပြည့်စုံပြီ ဖြစ်သည်။ ရှင်ပေါလုက၊ “ခရစ်တော် တည်းဟူသော ငါတို့ ပသခါသိုးငယ်သည် ငါတို့အဖို့ရန်ယဇ်ပူဇော်ရာ ဖြစ်၏။” ဟု ရေးခဲ့ပြီ (၁ ကော ၅:ရ)။ ထိုခရစ်တော်ကြောင့် ငါတို့လည်း အပြစ် စီရင်ခြင်းမှ၄င်း၊ စာတန်နှင့် အပြစ် ​ကျွန်မှ၄င်း၊ လွတ်မြောက်နိင်ပြီ။

.

၂၈။ အသက် မုန့် ဖြစ်ရန်(ယော ၆:၄၈-၅၂)
လူသည်ကိုယ်ခန္နာ၊ စိတ်ဝိညာဉ် ဟူ၍ သုံးပိုင်းရှိသည်။ ကိုယ်ခန္ဓာ၏ အစာသည် ထမင်းဟင်း ဖြစ်သည်။ စိတ်၏ အစာသည် သီချင်းရုပ်ရှင်၊နှင့် အလှအပများ ဖြစ်သည်။ ဝိညာဉ်၏ အစာမူကား ခရစ်တော် ဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်က၊ “ငါသည် အသက် မုန့် ဖြစ်သည်။” ဟုဆိုခဲ့သည် (ယော ၆:၄၈)။ ခရစ်တော် မစားလျှင် ငါတို့၌ အသက် မရှိ။ ခရစ်တော်ကို မည်သို့ စားရမည်နည်း။ ခရစ်တော်က၊ “ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက် နေ၏။ အကြင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို ငါဝင်မည်။” ဟုဆိုသည် (ဗျာ ၃:၂၀)။ မိတ်ဆွေ ခရစ်တော်ကို မိမိစိတ်နှလုံး တံခါးဖွင့်ပေး၍ ဝင်ခွင့်ပြုလျှင် သူသည် မိတ်ဆွေ အထဲ၌ ဝင်၍ မိတ်ဆွေ၏ ဝိညာဉ်က သူ့ကို စားခြင်းဖြင့် အသက် ရရှိမည် ဖြစ်သည်။ ထိုသို့ အသက် မုန့် ဖြစ်ရန်အလိုငှါ ခရစ်တော်သည် ကြွလာခဲ့ပြီ။ မိတ်ဆွေ ဝိညာဉ် အသက် မုန့် တည်းဟူသော ခရစ်တော်ကို စားမလော။

.

၂၉။ အဦးသီးသော အသီး ဖြစ်ရန်(၁ ကော ၁၅:၂၀)
ဣသရေလ လူမျိုးများသည် ဘုရားသခင် စေခိုင်းသည့်အတိုင်း နှစ်စဉ်အဦးသီးသော အသီးကို ဘုရားသခင် ထံပူဇော်လေ့ရှိသည် (ဝတ်ပြုရာ ၂)။ ထိုအရာသည် အရိပ် ဖြစ်၍ သခင် ခရစ်တော်၌ ပြည့်စုံခဲ့ပြီ။ အဦးသီးသော အသီးသည် မြေကြီး အထဲမှ ပဌမဦးဆုံး ထွက် လာသောအရာ ဖြစ်သည့်။ ထို့နည်းတူ သခင် ခရစ်တော်သည် သေခြင်း သင်္ချိုင်းထဲမှ မပျက်စီး နိင်သော ကိုယ်ခန္ဓာဖြင့် ပဌမဦးဆုံး ထမြောက် လာသောသူ ဖြစ်သည်။ ထို့ကြောင့် ရှင်ပေါလုက၊ “ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သော သူတို့တွင် အဦးသီးသော အသီး ဖြစ်တော်မူပြီ။” ဟုဆိုသည် ( ၁ ကော ၁၅:၂၀)။ ထိုသို့ ခရစ်တော်သည် ဘုရားသခင်အတွက် အဦးသီးသော အသီး ဖြစ်ရန်ဤလောကသို့ ဆင်းကြွ လာခဲ့သည်။

.

၃၀။ သေခြင်းကို အောင်မြင်ရန်(ဟေ ၂:၁၄-၁၅)
လူတိုင်း၏ ရန်သူနှင့် အကြောက်ရဆုံးရန်သူသည် သေခြင်း ဖြစ်သည်။ ထိုသေခြင်းကို ကြောက်သောကြောင့် လူများသည် တသက်လုံး​ကျွန်ခံရ ကြသည်။ ကျမ်းစာ၌၊ “ထိုသူ ငယ်တို့သည် အသွေးအသားနှင့် ဆက် ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခ ံတော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှါ ငှင်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှါ ငှင်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။” ဟု ရေး ထားသည် (ဟေဗြဲ ၂:၁၄-၁၅)။
ခရစ်တော်သည် အသေခံ၍ ရှင်ပြန် ထမြောက် ပြီ။ ထို့ကြောင့် ငါသည် အသက်ရှင်ခြင်း အကြောင်းနှင့် ရှင်ပြန်ထမြောက်ခြင်း အကြောင်း ဖြစ်သည် ဟူသောသူ၏ စကား မှန်ကန်ကြောင်း သက်သေထူနိင်ခဲ့သည်။ သူ့ကို ယုံကြည်သူ တိုင်းလည်း သူကဲ့သို့ သေလွန်လျှင်လည်းရှင်ပြန်ထ မြောက်မည်ကိုမျှ မျှော်လင့်နိုင်သည်။ ထို့ကြောင့် ယုံကြည်သူများအနေဖြင့် သေရမှာကို ကြောက်စရာ မလိုတော့ချေ။

.

၃၁။ လူများကို ​ဖြောင့်မတ်ခြင်း ပေးရန်(ရော ၃:၂၀၊ ဂလာ ၃:၂၄)
ဖြောင့်မတ်ခြင်းသည် အပြစ် မရှိခြင်းကို ဆိုလိုသည်။ လူသည် မိမိအစွမ်းအစအားဖြင့် မ​ဖြောင့်မတ်နိင်။ လူထင်မှတ်တတ်သည် မှာပညတ်တော် လိုက်လျှောက်နိင်လျှင် ​ဖြောင့်မတ်မည် ဟူ၍ ဖြစ်သည်။ သို့သော်မည်သူမျှပညတ်တော်ကို မလိုက်လျှောက် နိင်ကြ။
ထို့ကြောင့် ဘုရားသခင်သည် ခရစ်တော်ကို လူသားများအတွက်​ဖြောင့်မတ်ခြင်း ဖြစ်ရန်ဤလောကသို့ စေလွှတ်ခဲ့သည်။ ရှင်ပေါလုက၊ “ထိုကြောင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ​ဖြောင့် မတ်ရာသို့ ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကို ပို့ ဆောင်၍ ငါတို့၏ အထိန်း ဖြစ်သတည်း။” ဟုဆိုသည်။ (ဂလာတိ ၃:၂၄)။
တဖန်၊ “ထို ဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေက၏ ထိုသခင်မူကား ဘုရားသခင် စီရင်တော်မူသည် အတိုင်း၊ ငါတို့၌ ပညာမှစ၍ ​ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏။” (၁ ကော ၁:၃၀)။

.

၃၂။ သိုးထိန်း ဖြစ်ရန်(ယော ၁၀:၁၁)
ပရောဖက် ဟေရှာယက၊ “ငါတို့သည် သိုးကဲ့သို့ လမ်းလွှဲလျက်ကိုယ့်လမ်းသို့ အသီးသီးလိုက် ကြသည်။” ဟုဆိုခဲ့သည် (ဟေရှာယ ၅၃:၆)။ သိုးသည် သိုးထိန်းကို အမှီပြု၍ အသက်ရှင်ရသည်။ ဒါဝိဒ်မင်းက “ထာဝရဘုရားသည် ငါ၏ သိုးထိန်း ဖြစ်တော်မူ၏၊၊ ငါသည် ဆင်းရဲ မခံရ၊ စိမ်းလန်းသော ကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူ၏၊၊ သာယာသော မြစ် နားသို့ လမ်းပြတော်မူ၏။” ဟုဆိုခဲ့သည် (ဆာ ၂၃:၁-၂)။ သိုးထိန်း ကစိမ်းလန်းသော စားကျက်ကို ၄င်း၊ ရေရှိသော နေရာကို ၄င်း၊ သိသည်။ ထို့ကြောင့် လူသားများ၏ သိုးထိန်း ဖြစ်ဘို့ရန် ဘုရားသခင်က သားတော်ကို ဤလောကသို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ခရစ်တော်က၊ “ငါသည် ကောင်းသော သိုး ထိန်း ဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏ သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကို သိကြ၏။” ဟုဆိုသည် (ယော ၁၀:၁၄)။ ခရစ်တော်သည် မိတ်ဆွေ၏ သိုးထိန်း ဖြစ်ရန်လာသည်။၊ ခရစ်တော်ကို မိမိ၏ သိုးထိန်းအဖြစ် လက်ခံပါသလား။ ပါးစပ်ဖြင့် လက် ခံရုံမျှသာ ဖြစ်လျှင် အကျိုးမရှိ။ အသက်တာဖြင့် လက်ခံရန်လိုသည်။ ခရစ်တော်သည် မိတ်၏ သိုးထိန်း ဖြစ်လျှင် သူ့ခွင့်ပြုချက်မ ရဘဲ အဘယ်အရာကိုမျှ မလုပ်ရ၊ မသွားမရ။

.

၃၃။ ဘုရားသခင်၏ မေတ္တာကို ဖေါ် ပြရန်(ယော ၃:၁၆)
ဘုရားသခင်သည် သူဖန်ဆင်းထားသော လူသားများကို အလွန် ချစ်သည်။ ချစ်ခြင်းမေတ္တာသည် ပေးဆပ်ခြင်း ကုန်ဆုံးခြင်း အနစ်နာခံခြင်း ဖြစ်သည်။ ကိုယ်ချစ်သောသူအတွက် ငွေကုန်ကျေးကျခံနိင်သည်၊ အချိန်လည်း ပေးနိင်သည်၊ စွမ်းအားလည်း ပေးနိင်သည်။ ဘုရားသခင်လည်း လူသားများကို ချစ်ကြောင်း ကျမ်းစာ၌ ဿ ဤသို့ ရေး ထားသည်၊ “ဘုရားသခင်၏ သားတော်ကို ယုံကြည် သောသူ အပေါင်း တို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင််အောင်လောကီသား တို့ကို ချစ်တော်မူ၏။” (ယော ၃:၁၆)။ ခရစ်တော် ဤလောကသို့ ရောက် ရှိလာခြင်းအားဖြင့် ဘုရားသခင်သည် လူသားများကို မည်မျှချစ်ကြောင်း သိနိင်သည်။ ထိုမျှလောက်မိတ်ဆွေကို ချစ်တော်မူသော ဘုရားရှင်ကို မိတ်ဆွေ မည်ကဲ့သို့ တုန့် ပြန်မည်နည်း။ ဂရုမစိုက်ဘဲ နေမည်လော၊ သို့မဟုတ် သူ့ကိုကိုးကွယ်မည်လော။

.

၃၄။ ကျမ်းစာ ပြည့်စုံစေရန်(လု ၄:၂၁)
ဓမ္မဟောင်းကျမ်း၌ ခရစ်တော် ဤလောက ကြွလာမည့် အရာများကို မြောက် များစွာ ကြိုတင် ဟောထား ခဲ့သည်။ “ထိုကယ် တင်ခြင်း အကြောင်း အရာကို ပရောဖက် တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော် အကြောင်းကို ဟောပြောကြပြီ။ ခရစ်တော် ခံတော်မူ ရသော ဆင်းရဲကို ယင်း၊ ဆင်းရဲ ခံပြီးမှဝင် စားတော်မူ ရသော ဘုန်းစည်းစိမ်ကို ယင်း သူတို့ အထဲ၌ ရှိသော ခရစ်တော်၏ ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သောသူကို ယင်း အဘယ်သို့သောအချိန် ကာလကို ယင်း ဆိုလိုတော်မူသည်ဟု မေးမြန်ရှာဖွေ ကြ၏။” (၁ ပေ ၁:၁၀-၁၁)။
တဖန်၊ “ထိုကြောင့်၊ ခရစ်တော်သည် ဤလောက ကသို့ ကြွ လာသောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော််သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍၊ အ​ကျွန်ုပ်အရန်ကိုယ်ခန္ဓာကို ပြင်ဆင်တော် မ​ြပြီ။ မီးရှုိ့ ရာယဇ်နှင့် အပြစ်​ဖြေရာယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ကျမ်းစာ လိပ်၌ အ​ကျွန်ုပ် အမှတ​ြ်ပု၍ ရေးထားသည်နှင့် အညီ၊ အ​ကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင် အံ့သောငှါ သွားပါမည်ဟု အ​ကျွန်ုပ်ဝန်ခံ ပါသည်ဟု လျှောက်ဆို၏။” (ဟေ ၁၀:၅ -ရ)။ ခရစ်တော်က ရှင်ပြန်ထ မြောက်အပြီးတွင် ဧမြောက်မြို့ဘက်သို့ သွားသော တပည့်တော် နှစ်ယောက်ထံ ဤသို့ ပြောခဲ့သည်။ “ကိုယ်တော်ကလည်း၊ ပရောဖက် ဟောပြောသော စကားများကို ယုံနိုင်အောင် ဥာဏ်မရှိ၊ စိတ်ခိုင်မာသော သူတို့၊ ခရစ်တော်သည် ဤသို့ ပင်အသေခံ၍ မိမိဘုန်း စည်းစိမ်တော်ကို ဝင်စားရမည် မဟုတ်လောဟု မိန့်တော်မူ၏။ ထိုအခါ မောရှေ၏ ကျမ်းစာ မှစ၍ ပရောဖက် တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကို ရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာ ချက် အနက်ကို ရှင်းလင်းစွာ ဘော်ပြတော်မူ၏။” (လု ၂၄:၂၅-၂ရ)။ ခရစ်တော်သည် ဤလောကသို့ ကြွလာခြင်းအားဖြင့် ကျမ်းစာ၌ သူနှင့် ပတ်သက်သော ကြုိတင် ဟောထားချက်များကို ပြည့်စုံစေပြီ။

.

၃၅။ အနာရောဂါများကို ယူတင်ဆောင်ရွက်ရန်(ဟေရှာ ၅၃:၅)
ခရစ်တော်သည် လူသားများ၏ အပြစ်များသာမက ကိုယ်ခန္ဓာအနာ ရောဂါများကို ပါယူတင်ဆောင် ရွက်ရန်ဆင်းသက်ခဲ့သည်။ ကျမ်းစာ၌၊ “ထိုသူသည် ငါတို့ လွန်ကျူးသော အပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏၊၊ ငါတို့၏ ငြိမ်သက်ခြင်း၊ ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏၊ ” (ဟေရှာ ၅၃:၅)ဟု ပါရှိသည်။
ထိုကျမ်းစာ ပြည့်စုံခြင်း အကြောင်းကို ရှင်မဿဲထဲ၌ ဤသို့ တွေ့ရသည်၊ “ညဦးယံ၌ နတ်ဆိုးစွဲသောသူ အများ တို့ကို အထံတော်သို့ ဆောင်ခဲ့၍ နှုတ်တော် မြွက်ကာမျှနှင့် ထိုနတ်တို့ကို နှင်ထုတ်တော်မူ၏။ နာသောသူရှိ သမျှ တို့ကို သက်သာစေတော်မူ၏။ ထိုအကြောင်း အရာမူကား၊ သူသည် အ​ကျွန်ုပ်တို့ အနာရောဂါ ဝေဒနာများကို ယူတင် ဆောင် ရွက်လေသည်ဟု ပရောဖက် ဟေရှာယဟောဘူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သ တည်း။” (မ ၈:၁၆-၁ရ)။ သင်၏ အနာရောဂါများကို ခရစ်တော် ကယူတင်ဆောင် ရွက်သွား ကြောင်းကို ယုံကြည်ခြင်းအားဖြင့် ထောက်ခံပါ။

.

၃၆။ နိင်ငံတော် တည်ထောင်ရန်(မ ၄:၁ရ)
ခရစ်တော်သည် ရှင်ဘုရင်အဖြစ် မွေး၍ နိင်ငံတော် တည်ထောင်ရန်ကြွလာခဲ့သည်။ “ထိုကာလ အခါဗတ္တိဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင် နိုင်ငံတော်သည် တည်လုနီးပြီ။ ထိုကြောင့် နောင်တရကြလော့ဟု ယုဒတော၌ ဟောလေ၏၊ ” (မ ၃:၁-၂)။ “ထိုအခါ မှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင် နိုင်ငံတော်သည် တည် လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏၊ ” (မ ၄:၁ရ)။ သို့သော် သူ့လူမျိုးခေါင်းဆောင်များက လက်မခံသောကြောင့် နိင်ငံတော် မတည်ထောင်နိင်ခဲ့ချေ။ ဣသရေလများကနိင်ငံတော်ကို ငြင်းပယ်သောကြောင့် သူ့တို့လည်း တိုင်း ပြည် မှ နှင်ထုတ်ခြင်းကို ခံ၍ ကမ္ဘာအရပ်ရပ်၌ ကွဲပြား ကြသည်။ သူတို့ ရောက်သော တိုင်း နိင်ငံတိုင်း၌လည်း အတည်တကျမနေနိင်ဘဲ သတ်ဖျက်ခြင်း၊ ညှင်း ဆဲနှိပ်စက်ခြင်း၊ လုယက်ခြင်းများကို အမြဲခံစား ကာယနေ့ တိုင်အောင် ကျီးလန့်စာစား နေကြသည်။

.

၃ရ။ ရှင်ဘုရင် ဖြစ်ရန်(မ ၂:၁-၂၊ ယော ၁၈:၃ရ)
ခရစ်တော်သည် ရှင်ဘုရင်အဖြစ် မွေးဘွားကြောင်း ဤသို့ တွေ့ရသည်၊ “ယုဒပြည် ဗက်လင်မြို့၌ ဟေရုဒ် မင်းကြီး လက်ထက်၊ ယေရှုသည် ဘွားမြင်ခြင်းကို ခံတော်မူ +ပြီးမှ၊ မာဂု ပညာရှိတို့့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်၊ ယခုဘွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူ သနည်း။ အရှေ့ပြည်၌ သူ၏ ကြယ်ကို ငါတို့ မြင်ရသည် ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟု မေးမြန်း ပြောဆို ကြ၏။” (မ ၂:၁-၂)။ “ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည် ရှင်ဘုရင် မှန်သလောဟု မေးသော်၊ ယေရှုက၊ မင်းကြီး မေးသည် အတိုင်း ငါသည် ရှင်ဘုရင်မှန်၏၊ ” ဟု ​ဖြေခဲ့သည် (ယော ၁၈:၃ရ)။ ယုဒလူများက ခရစ်တော်ကို ရှင်ဘုရင်အဖြစ် လက်မခံခဲ့ သကဲ့သို့ ယနေ့ လူများကလည်း သူ့ကို လက်မခံခဲ့ကြ။ ရှင်ဘုရင် ဖြစ်လျှင် မိမိအသက်တာကို ခရစ်တော် ကအုပ် စိုးရမည် ဖြစ်သည်။

.

၃ဂ။ သမ္မာတရားကို ဖေါ်ပြရန်(ယော ၁၈:၃ရ)
ခရစ်တော်သည် သမ္မာတရား ပြောရန်ကြွလာကြောင်းသူကိုယ်တိုင် ဤကဲ့သို့ ပြောခဲ့သည်၊ “သမ္မာတရား ဘက်၌ သက်သေခံခြင်းငှါ ငါသည် မွေးဘွားခြင်းကို ခံ၍ ဤလောကသို့ ကြွလာပြီ။ သမ္မာတရားနှင့် စပ်ဆိုင် သမျှသော သူတို့သည် ငါ့စကားကို နားထောင်ကြသည်ဟု မိန့်တော်မူ၏။” (ယော ၁၈:၃ရ)။ သူကိုယ်တိုင်သည် သမ္မာတရား ဖြစ်ကြောင်း ဤသို့ ဟောပြောခဲ့သည်၊ “ယေရှုက၊ ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။” (ယော ၁၄:၆)။ ထို သမ္မာတရား သိမှ လွတ်ခြင်း အခွင့်ရနိင်ကြောင်း ဤသို့ ဟောပြောခဲ့သည်၊ “သမ္မာတရား ကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။” (ယော ၈:၃၂)။ ထို့ကြောင့် လွတ်ခြင်း အခွင့်မရ ရှိသေးသောသူများသည် ခရစ်တော် လာရခြင်း၏ အကျိုးကို မခံ စားရသေးချေ။

.

၃၉။ လူဟောင်းကို သေစေရန်(ရော ၆:၆)
လူဟောင်းဆိုသည်မှာ မိခင် ဝမ်းမှ မွေးဘွားလာသောသူတိုင်းသည် လူဟောင်း အဖြစ် မွေးဘွား ကြသည်။ ထိုလူဟောင်းသည် အာဒံနှင့် ဆက်စပ်၍ အပြစ်၏ ​ကျွန်ခံနေရသည်။ ထို့ကြောင့် ဘုရား စကား နားမထောင်နိင်ဘဲ အပြစ်လုပ်ရခြင်း ဖြစ်သည်။ ထိုလူဟောင်း ပြသနာကို ​ ဖြေရှင်း ဘို့ရန် ခရစ်တော် ဤလောကသို့ ကြွ ရောက်လာကြောင်း ဤသို့ တွေ့ရသည်၊ “ထိုမှတပါး၊ ငါတို့၏ လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာအသေ သတ်ခြင်းကို ခံပြီဟု ငါတို့ သိကြ၏။ ဤကြောင်း မူကား၊ ငါတို့သည် နောက်မှ အပြစ် တရား၏ အစေကို မခံစေခြင်းငှါ၊ အပြစ် တရား၏ကိုယ်ကို ဖျက်ဆီးမည်အကြောင်း တည်း။ သေသောသူသည် အပြစ် တရား၏ လက်မှလွတ်လျက် ရှိ၏။” (ရော ၆:၆ -ရ)။ ဘုရားသခင်သည် လူတိုင်းကို ခရစ်တော် အထဲ၌ ထည့်လျက် (၁ ကော ၁:၂၀) ခရစ်တော် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေသတ်ခဲ့သည်။ ထိုအရာကို ယုံကြည်ခြင်းအားဖြင့် လက်ခံရန်လိုသည်။

.

၄၀။ ဇာတိကို သေစေရန်(ဂလာ ၅:၂၄)
လူတိုင်း၌ ဇာတိရှိ ကြသည်။ ဇာတိဆိုသည်မှာ မိမိအသက်တာကို မိမိကိုယ်တိုင်အုပ်စိုးခြင်းကို ဆိုလိုသည်။ ဇာတိအသက်တာသည် မည်မျှပင်ကောင်းပါစေ ဘုရားသခင်၏ အလိုတော်ကို မပြည့်စုံ စေနိင်ချေ။ ကျမ်းစာက “ဇာတိပကတိ ရှိသော သူတို့သည် ဇာတိပကတိနှင့် စပ်ဆိုင်သောအရာ တို့ကို စွဲလမ်းသောစိတ်သဘော ရှိကြ၏။ ဇာတိပကတိစိတ်သဘောသည် သေခြင်း အကြောင်း ဖြစ်၏။ ဝိညာဉ်ပကတိစိတ် သဘောသည် အသက်ရှင်ခြင်း အကြောင်းနှင့် ငြိမ်သက်ခြင်း အကြောင်း ဖြစ်၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ ဘုရားသခင်၏ တရားတော် အလိုသို့ မလိုက်တတ်။ ထိုမျှမက မလိုက်နိုင်။” (ရော ၈:၅ -ရ)။
ထိုဇာတိကို ပညတ်တော်အားဖြင့် မ​ဖြေရှင်း နိင်။ လူအားဖြင့် မတတ်နိင်သောကြောင့် ခရစ်တော်သည် ဤလောကသို့ ဆင်း၍ မိမိအသက်တာအားဖြင့် ​ ဖြေရှင်းကြောင်း ဤသို့ တွေ့ရသည်၊ “ခရစ်တော်နှင့် စပ်ဆိုင်သော သူတို့သည် ဇာတိပကတိကို ယင်း၊ ဇာတိပကတိ စိတ် များနှင့် အလိုဆန္ဒများကို ယင်း၊ လက်ဝါးကပ်တိုင်မှာရိုက်ထားထားကြပြီ။” (ဂလာ ၅:၂၄)။ ဇာတိသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ ရိုက်သတ်ထားခဲ့ပြီ။

.

၄၁။ လောကကို သေစေရန်(ဂလာ ၆:၁၄)
လောကသည် နိင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ လူမျိုးရေး၊ အပြစ် ဒုစရိုက်၊ ယဉ်ကျေးမှု မှစ၍ အားလုံး ပါဝင်သည်။ ဤလောကသည် ဘုရားသခင်က ဖန် ဆင်း၍ အာဒံ လက်သို့ အပ်နှံခဲ့သည်။ သို့သော် အာဒံသည် စာတန်၏ စကားကို နားထောင် သောကြောင့် ဤလောကသည် စာတန် လက်သို့ ရောက် သွားသည်။ ထို့ကြောင့် စာတန်က ဤလောကကို ခရစ်တော်ထံ ဤသို့ ပြန်လည်ရောင်းခဲ့သည်၊ “တဖန် မာရ်နတ်သည် ယေရှုကို မြင့်လှစွာ သောတော် ပေါ်သို့ ဆောင် သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို တခဏခြင်းတွင် ပြညွှန်၍၊ ဤဘုန်းတန်ခိုး အာနုဘော် ရှိသမျှကို ငါ၌ အပ်ခဲ့ပြီ။ ငါသည် ပေးလိုသောသူ အားပေးရသည် ဖြစ်၍ ကိုယ်တော် အားပေးပါမည်။ ငါ့ကိုကိုးကွယ်လျှင် ဤအလုံးစုံတို့သည် ကိုယ်တော်၏ ဥစ္စာ ဖြစ်လိမ့်မည်ဟု လျှောက် လေ၏။ ယေရှုကလည်း၊ အချင်း စာတန်၊ ငါ့နောက်သို့ ဆုတ်လော့။ သင်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်ကျမ်းစာ လာသည်ဟု ပြန်ပြောတော်မူ၏။” (လု ၄:၅ -ရ)။
စာတန်သည် သူပိုင်သော ဤလောကကို အသုံးပြု၍ လူများကို ဘုရားသခင်ထံမှ ဝေးနိင်သမျှ ဝေးအောင် သွေးဆောင်နေသည်။ ထိုကြောင့် ဘုရားသခင်က၊ “လောကကို ယင်း၊ လော က၌ ရှိသောအရာ တို့ကို ယင်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူ မည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာ တည်းဟူသောကိုယ်ကာ ယတပ်မက်ခြင်း၊ မျက်စိတပ် မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်း တို့သည် ခမည်း တော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။” ဟု သတိပေးသည် (၁ ယော ၂:၁၄-၁၅)။ သို့သော် လူသည် မည်မျှပင် သတိပေးသော်လည်း လောကကို ချစ်နေသောကြောင့် လောကနှင့် လူကို သေခြင်းဖြင့် ခွဲပေး လိုက်သည်။ ရှင်ပေါလုက၊ “ငါ ဖြစ်လျှင်၊ ငါတို့ သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော် မှတပါး အဘယ်အရာ၌ မျှဝါကြွားခြင်း မရှိပါစေနှင့်။ ထိုလက်ဝါး ကပ်တိုင်တော်မှာ ဤလောကသည် ငါ့အရန်ရိုက်ထားခြင်းကို ခံလျက် ရှိ၏။ ငါသည်လည်း ဤလောက အရန်ရိုက်ထားခြင်းကို ခံလျက် ရှိ၏။” ဟုဆိုသည် (ဂလာ ၆:၁၄)။
မည်ကဲ့သို့ ရိုက်ထားသနည်းဟူမူကား လက်ဝါးကပ်တိုင် သုံးတိုင်ရှိသည်တွင် အလယ်တိုင်၌ ယုံကြည်သူကို ခရစ်တော် အထဲ၌ ရိုက်ထား၍ ဘေးနှစ်ဘက်၌ လောကကို ပုံဆောင်သော လူဆိုးနှစ်ယေက်ကို ရိုက်ထားသည်။ ထို့ကြောင့် တယေက်နှင့် တယောက််မချဉ်းကပ်နိင်ကြချေ။ မည်မျှပင်လောကသားများကသရော်သော်လည်း ကိုယ်တိုင်ရိုက်သတ်ခြင်း ခံသောကြောင့် ဝါကြွား စရာနှင့် ပြန်လည်ချေပစရာ မရှိ။

.

၄၂။ အသင်းတော် တည်ထောင်ရန်(မ ၁၆:၁၈)
ခရစ်တော်သည် ဤလောက၌ အသင်းတော် တည်ထောင်ရန်ဆင်းသက်လာခဲ့သည်။ ဣသရေလ လူများက ဘုရားသခင်၏ အလိုတော်ကို မပြည့်စုံစေသောအခါ လူမျိုး တမျိုးတည်းကိုသာ မရွေးကောက်တော့ဘဲ လူမျိုးတိုင်း မှ သူ့ကို ယုံကြည်သောသူများအားဖြင့် အသင်းတော်ကို တည်ဆောက် ကာသူ၏ အလိုတော်ကို ဆောင်ရွက်ရန်စီစဉ်ခဲ့သည်။ ခရစ်တော်ကိုယ်တိုင်က၊ “ငါဆိုသည်ကား၊ သင်သည် ပေတရု ဖြစ်၏။ ဤကျောက် ပေါ်မှာ ငါ့အသင်းကို ငါတည် ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။” (မ ၁၆:၁၈)။

စာတန်ကလည်း ခရစ်တော်ကို အတုယူကာ အသင်းတော် များစွာ တည်ဆောက်နေသည်။ စာတန် တည် ဆောက်သော အသင်းတော်များကို မည်ကဲ့သို့ သိနိင်မည်နည်းဟူမူကား၊ ကယ် တင်ခြင်း အကြောင်း မပြော၊ ပြောသောသူကိုလည်း မုန်း၍ တားဆီးလျှင် စာတန်၏ အသင်းတော် ဖြစ်သည်။ ထိုသို့သော အသင်းတော်များ၌ ကျမ်းစာကို အဓိကမထား၊ လူ့ပညာ အတွေးအခေါ်များကို ဦးစားပေးကာ ဟောပြော ကြသည်။ ဘုရား၏ အလိုတော် ဆောင်ဘို့ထက် လူမှုရေး၊ ပညာရေး၊ နိင်ငံရေး၊ လူမျိုးရေးများကို ဦးစားပေး ကြသည်။ ဝိညာဉ်ရေးရာထက်ကိုယ်ကာယပိုင်း၊နှင့် စိတ်ပျော်ရွင်ရန်ဦးစားပေးသည်။ သမ္မာတရား ဟောပြောသောသူများကို မုန်းသည်။ ထိုသို့သော အသင်းတော် များသည် ဟန်ရှိသော်လည်း ဘုရားသခင်၏ အသိအမှတ်ပြုသော အသင်းတော်များမဟုတ်ချေ။

.

၄၃။ ကျေးဇူးတပါးပြီး တပါးထပ်ဆင့်၍ ပေးရန်(ယော ၁:၁၆)
ကျမ်းစာ၌၊ “ထိုသူ၏ ပြည့်စုံခြင်းမှလည်း ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကို ငါတို့ ရှိသမျှသည် ခံရကြပြီ။” ဟု ပါရှိသည် (ယော ၁:၁၆)။ ခရစ်တော် ကြွလာခြင်းသည် ကျေးဇူးတပါးပြီး တပါးထပ်ဆင့်၍ ပေးဘို့ရန် ဖြစ်သည်။ ဝိညာဉ်ပိုင်းဆိုင်ရာ ကျေးဇူးမှစ၍ စိတ်ပိုင်းဆိုင်ရာ နှင့်ကိုယ်ကာယပိုင်းဆိုင်ရာ ကျေးဇူး များစွာကို ပေးဘို့ရန် ကြွလာသည်။ ထိုကျေးဇူးများကို ယုံကြည်ခြင်း အားဖြင့်သာလျှင်ရယူနိင်သည်။ ကျမ်းစာက၊ “ယုံကြည်ခြင်း မရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေွွ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင် ရှိတော်မူသည်ကို ယင်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုး ပေးတော်မူ သည်ကို ယင်း၊ ယုံ ကြည်ရမည်။” (ဟေဗြဲ ၁၁:၆) ဟုဆိုသည်။ ထိုကျေးဇူးများကို မိတ်ဆွေ ရရှိပြီ လား။

.

၄၄။ ဆင်းရဲသားတို့အား သတင်းကောင်း ကြားပြောရန်
ခရစ်တော် ကြွလာတော်မမူမှီ နှစ်ပေါင်းခုနှစ်ရာခန့်က ပရောဖက် ဟေရှယက ဤသို့ ဗျာဒိတ်ပြုခဲ့သည်၊ “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏၊၊ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သိတင်းကို ကြား ပြောစေခြင်းငှါ၊ ငါ့ကို ဘိသိက် ပေးတော်မူ ပြီ၊၊ နှလုံးကြေကွဲသော သူတို့၏ အနာကို စည်းစေခြင်းငှါ ယင်း၊ ဘမ်းသွား ချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်း အကြောင်း နှင့်၊ အကျဉ်းခံလျက် ရှိသော သူတို့အား ထောင်တံခါးဖွင့်ခြင်း အကြောင်းကို ပြစေခြင်းငှါ ယင်း၊ ထာဝရဘုရား၏ မင်္လာနှစ်နှင့်၊ ငါတို့ ဘုရားသခင် အပြစ် ပေးတော်မူ ရာနေ့ရက်ကာလကို ကြား ပြောစေခြင်းငှါ ယင်း၊ စိတ်မသာညည်းတွားသော သူတို့အား နှစ်သိမ့်စေခြင်းငှါ ယင်း၊ စိတ်မသာ ညည်းတွားသော ဇိအုန်မြို့သားတို့ အဘို့၊ စီရင်၍ ပြာအရာ၌ ပေါင်းသရဖူ၊ ဝမ်းနည်းခြင်း အရာ၌ ဝမ်းမြောက်ခြင်း ဆီ၊ ညှိုးငယ်သောစိတ်သဘော အရာ၌ ချီးမွမ်းခြင်း အဝတ်တန် ဆာကို သူတို့ အားပေးစေခြင်းငှါ ယင်း၊ ငါ့ကို စေလွှတ်တော်မူပြီ။” (ဟေရှာယ ၆၁:၁-၃)။
ထိုကျမ်းပိုဒ်ကို ခရစ်တော် ကနာဇရက်မြို့တရားဇရပ်၌ ဖတ်ခဲ့သည်၊ “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့ အပေါ်၌ တော်မူ၏။ ဤကြောင်း မူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သိတင်းကို ကြား ပြောစေခြင်းငှါ ငါ့ကို ဘိသိက် ပေးတော်မူ ပြီ။ ကြေ မွသော သူတို့၏ အနာကို ပျောက်စေခြင်းငှါ ယင်း၊ ဘမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်း အကြောင်းနှင့် မျက်စိကန်းသော သူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှါ ယင်း၊ ညှင်းဆဲခံရသော သူတို့ကို ကယ်မစေခြင်းငှါ ယင်း၊ ထာဝရဘုရား၏ မင်္လာနှစ်ကာလကို ကြားပြော စေခြင်းငှါ ယင်း၊ ငါ့ကို စေလွှတ်တော်မူပြီ။” ဟု လာတည်း (လု ၄:၁၈-၂၀)။
ယေရှုကလည်း၊ “ယနေ့ ပင် ဤကျမ်းစာ ချက်သည် သင်တို့ ကြားသည် အတိုင်း ပြည့်စုံလေပြီဟု မိန့်တော်မူ၏။” (လု ၄:၂၁)။

.

၄၅။ မိသားစုအတွင်း ကွဲပြားရန်(မ ၁၀:၃၅)
ခရစ်တော်ကိုယ်တိုင်က သူသည်၊ “အဘနှင့်သား၊ အမိနှင့်် သမီး၊ ယောက္ခမနှင့် ချွေးမ အချင်းချင်း ကွဲပြား စေခြင်းငှာ ငါလာသတည်း။ ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူ ဖြစ်ကြလိမ့်မည်။ အကြင်သူသည် ငါ့ကို ချစ်သည်ထက် မိဘကိုသာ၍ ချစ်၏၊ ထိုသူသည် ငါနှင့် မထိုက်မတန်။ အကြင်သူသည် ငါ့ကို ချစ်သည်ထက် သားသမီးကိုသာ၍ ချစ်၏၊ ထိုသူသည် ငါနှင့် မထိုက်မတန်။ အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်၊ ထိုသူသည် ငါနှင့် မထိုက်မတန်။ မိမိအသက်ကို တွေ့သောသူသည် အသက် ရှုံးလိမ့်မည်။၍ ါ့ကြောင့် မိမိအသက် ရှုံးသောသူမူကား အသက်ကို တွေ့ရလိမ့်မည်။” (မ ၁၀:၃၅-၃၉) ဟုဆိုခဲ့သည်။

အဘယ်ကြောင့် ခရစ်တော်သည် မိသားစုအတွင်း ကွဲပြားရန်ကြွလာ သနည်း။ အမှန် မှာသူသည် မိသားစုအတွင်း ညီညွတ်စေရန်ဖြစ်သော်လည်း မိသားစု အတွင်း၌ သူ့ကို လက်ခံသောသူနှင့် လက်မခံသောသူရှိသောကြောင့် ကွဲပြားကြမည့် အရာကို ဆိုလိုခြင်း ဖြစ်သည်။ ထိုကြောင့် သူက ငါ့ထက် မိဘ ညီအစ်ကို မောင်နှမများကို ချစ်သောသူသည် ငါနှင့် မထိုက် တန် ဟုဆိုသည်။ ခရစ်တော်က သူ့ကို မိသားစုထက် ချစ်ဘို့ရန် တောင်း ဆိုသည်။ ထိုအရာသည် အလွန် ခက်ခဲသည်။ ထို့ကြောင့် ခက်ခဲသောအရာ တည်းဟူသော ခရစ်တော်ကို မိသားစုထက် ချစ်ခြင်းသည် လက်ဝါးကပ်တိုင်ကို ထမ်းခြင်း ဖြစ်သည်။ ထိုလက်ဝါးကပ်တိုင်မထမ်းသောသူသည် ခရစ်တော်နှင့် မထိုက်တန်။

.

၄၆။ ဣသရေလ လူအများ လဲဘို့ရန်နှင့် ထဘို့ရန်(လု ၂:၃၄)
သခင်ယေရှုသည် ၈ ရက်မြောက်နေ့တွင် မိဘများက ပညတ်တော် အတိုင်း ယေရုရှလင်မြို့ဗိမာန်တော်သို့ ဆောင်ယူ၍ ဘုရားသခင်ထံသို့ ဆက်ကပ် ကြသည်။ ဌုိအခါ ယဇ်ပုယောဟိတ်၊ “ရှုမောင်သည်လည်း သူတို့ကို ကောင်းကြီး ပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလ လူအများ လဲမည်အကြောင်း၊ အများ ထမည်အကြောင်း၊ လူအများတို့၏ အကြံအစည်ကို ထင်ရှားစေခြင်းငှါ ငြင်းခုံစရာ ဖြစ်မည်အကြောင်း ခန့်ထား သောသူ ဖြစ်၏။” (လုကာ ၂:၃၄) ဟုဆိုသည်။ အဘယ့်ကြောင့်ရှုမောင်က ထိုကဲ့သို့ ဆိုသနည်း ဟူမူကား ဣသရေလ လူများ အထဲ၌ ခရစ်တော်ကို လက်ခံယုံကြည်သောသူများသည် လဲနေရာ မှထ ကြ လိမ့်မည်။ သို့သော် မိမိကိုယ်ကို ထသည်ဟု ထင်သောသူများက ခရစ်တော်ကို လက်မခံ သောကြောင့် လဲကြလိမ့်မည်။ ခရစ်တော်ကြောင့်လည်း တယောက်နှင့် တယောက် ငြင်းခုံကြ မည့်အကြောင်းကို ကြိုတင် ဟောထားခြင်း ဖြစ်သည်။

.

၄ရ။ မယ်တော်မာရိ၏ စိတ်နာစေရန်(လု ၂:၃၅)
ရှုမောင်ကမယ်တော်မာရိထံ၊ “သန်လျက်သည် သင်၏ စိတ်နှလုံးကို ခွင်းလိမ့် မည်ဟု မြွက်ဆို၏။” (လု ၂:၃၅)။ ခရစ်တော်သည် မယ်တော်မာရိ၏ စိတ်နှလုံးကို သန်လျက်နှင့် ခွင်းရန်ကြွလာခဲ့သည်။ အဘယ်သို့ နည်းဟူမူကား ခရစ်တော် အသတ်ခံသောအခါ မယ်တော်သည် အလွန် ဝမ်းနည်း၍ နှလုံး​ကြေကွဲခဲ့ရသည်။ မိခင် အနေဖြင့် မည်မျှ​ကြေကွဲ ဝမ်းနည်း မည့် အရာကိုကိုယ်ချင်းစာနိင်သည်။ ထိုသို့ဖြစ်ရန်အလိုငှါ ခရစ်တော်သည် ကြွလာသည်ဟု ယဇ်ပုရောဟိတ် ရှုမောင် ကဟောခဲ့သည်။

.

၄၈။ လူအများ၏ အကြံထင်ရှားစေရန်(လု ၂:၂၅)
“ရှုမောင်သည်လည်း သူတို့ကို ကောင်းကြီး ပေး၍ မယ်တော်မာရိအား၊ ဤသူ ငယ်ကား ဣသရေလ လူအများလဲမည်အကြောင်း၊ အများ ထမည်အကြောင်း၊ လူအများ တို့၏ အကြံအစည်ကို ထင်ရှားစေခြင်းငှါ ငြင်းခုံစရာ ဖြစ်မည်အကြောင်း ခန့်ထားသောသူ ဖြစ်၏။” ဟု ဟောခဲ့သည်။ ထိုသို့နှင့် အညီ ခရစ်တော်သည် လူများကို အကြံကို အမြဲသိရှိ နားလည် တတ်သည်။

ယခု ခရစ်တော် လာရခြင်း၏ အကြောင်းရင်း၄၈ကိုသာ ဖေါ်ပြထားသည်။ အမှန်မှာ ထိုထက် များသည်။ ယခု ဖေါ်ပြသော အချက်များ ထဲမှမိတ်ဆွေ မည်မျှ အကျိုးခံစား သနည်း။ ထိုအရာများကို ခရစ္စမတ် အချိန်၌ ထုတ် ဖေါ်ပြောပြသင့်သည်။ သို့မှသာ သိရှိ နားလည်၍ အကျိုးဃ့ စားနိင်ပေမည်။ ယခုနှစ်ခရစ္စမတ်အချိန်တွင် ဘုရားသခင်က မိတ်ဆွေ၏ ဝိညာဉ် မျက်စိကို ဖွင့်ပေး၍ အကျိုး များစွာ ခံစား နိင်ပါစေသော်။ ဘုရားရှင်ကောင်းကြီး ပေးပါစေသော်။ မရာနသာ။