Book: One
တလုံးတဝတည်း
Moses R. Cung
Copyright 2021-2024 © Moses R. Cung
အဘယ်ကြောင့်လင်မယားချစ်ချစ်ခင်ခင်နှင့်လက်ထပ်ကြသော်လည်း၊ နောက်ပိုင်း၌ရန်သူကဲ့သို့ရန်ဖြစ်ကြကာသေသွားလျှင်လည်းမနှမျော၊ ကွဲလျှင်လည်းစိတ်အေးသည်ဟုဖြစ်လာကြသနည်း။ အဘယ်ကြောင့်မိဘများနှင့်သားသမီးများလည်းလုံးဝအစေးမကပ်၊ ရန်သူကဲ့သို့စကားမပြောနိုင်ဘဲ ဖြစ်တတ်ကြသနည်း။ အဘယ်ကြောင့်အသင်းတော်များလည်းစကားများ၊ အပြစ်တင်၊ ရန်ဖြစ်ပြီး နောက်ဆုံးအသင်းကွဲတတ်ကြသနည်း။ အကြောင်း ရင်းမှာတလုံးတဝတည်းမဖြစ်သောကြောင့်ဖြစ်သည်။
.
မာတိကာ
.
ခမည်းတော်နှင့်ခရစ်တော်
ခရစ်တော်က၊ “ငါသည်ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်ဟုမိန့်တော်မူ၏။” (ယော ၁၀:၃၀)။ ထို့ကြောင့်ခမည်းတော်နှင့်သားတော်သည်၊ လုံးဝကွဲပြားခြင်းမရှိချေ။ တလုံးတဝတည်းဆိုသည်မှာ၊ အမြင်တူ၊ အကြံ တူ၊ စီမံကိန်းတူ၊ လုပ်ဆောင်မှုတူညီခြင်းဖြစ်သည်။ ယေရှုကလည်း၊ “သင်တို့အားငါ့အမှန်အကန်ဆိုသည်ကား၊ ခမည်းတော်ပြုတော်မူသောအမှုကိုသားတော်သည်မြင်၍သာပြု၏။ မိမိအလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြုတော်မူသမျှအတိုင်းသားတော်လည်ပြု၏။” (ယော ၅:၁၉)ဟုဆိုသည်။ ခမည်းတော်၏လုပ်ဆောင်မှုအားလုံးကို၊ သားတော်ကမြင်သည်။ သားတော်သည်ထိုသို့မြင်သည့်အတိုင်းပြုသည်။ ထို့ကြောင့်တ လုံးတဝတည်းဖြစ်ဘို့ရန်၊ ပြုမူခြင်းများကိုတယောက်နှင့်တယောက်မြင်ဘို့ လိုသည်။
တဖန်၊ ယေရှုက၊ “ငါသည်ကိုယ်အလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်။ ငါသည်ကြားသည်အတိုင်းတရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့်ညီညွတ်၏။ အကြောင်းမူကား၊ ငါသည်ကိုယ်အလိုသို့မလိုက်။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏အလိုသို့လိုက်၏။” (ယော ၅:၃၀) ဟုဆိုသည်။ ယေရှုက၊ သူသည်ကိုယ်အလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်ဟုသူ့ကိုယ်သူပြဌါန်းသည်။ ထိုမျှသာမကခမည်းတော်ပြောသောအရာများကိုသားတော်ကကြားသည်။ ထို့ကြောင့်ဘုရား အလိုတော်အတိုင်းလုပ်နိုင်ဘို့ရန်မှာ၊ ဘုရားပြောသောအရာများကိုကြားရမည်။ ကိုယ့်အလိုအလျောက်လည်းအဘယ်အမှုကိုမျှမပြုဘို့ဖြစ်သည်။
.
ဘုရားနှင့်ယုံကြည်သူများ
ယနေ့များစွာသောခရစ်ယာန်များသည်၊ ဘုရားသခင်၏ အလိုတော်ကိုလိုက်ချင်ကြသော်လည်း၊ ဘုရားပြောသောအရာကိုမကြားကြချေ။ အဘယ်ကြောင့်မကြားကြသနည်း။ ဘုရားသခင်ကအသံအားဖြင့် မပြောတော့ပါ။ ကျမ်းစာအားဖြင့်သာလျှင်ပြောသည်။ ထို့ကြောင့်ဘုရား ၏အသံကြားနိုင်ရန်ကျမ်းစာဖတ်ရမည်။ ကျမ်းစာဖတ်သောအခါ၌တာဝန် ကျေရုံ၊ ဩတ္တပ္ပစိတ်ကျေရုံမဖတ်ဘဲ၊ ဘုရား၏အလိုတော်ကိုနားလည် သည်အထိဖတ်ရမည်။
မောရှေကဣသရေလလူများထံ၊ “တရားတော်ကိုငါတို့သည် နားထောင်၍စောင့်ရှောက်မည်အကြောင်း၊ ကောင်းကင်သို့အဘယ်သူ တက်၍ငါတို့ထံသို့ဆောင်ခဲ့လိမ့်မည်နည်း၊ ဟုမေးစေခြင်းငှါကောင်း ကင်၌ရှိသည်မဟုတ်။ တရားတော်ကိုငါတို့သည်နားထောင်၍စောင့်ရှောက်မည်အကြောင်း၊ ပင်လယ်ကိုအဘယ်သူကူး၍ငါတို့ထံသို့ဆောင်ခဲ့လိမ့်မည်နည်း၊ ဟုမေးစေခြင်းငှါ၊ ပင်လယ်တဘက်၌ရှိသည်မဟုတ်။ တရားတော်သည်သင်စောင့်ရှောက်ဘို့ရာသင်နှင့်အလွန်နီး၏။ သင်၏နှုတ်၌၎င်း၊ သင်၏နှလုံး၌၎င်းရှိ၏။” ( တရားဟော ၃၀:၁၂-၁၄) ဟုရေးထားသည်။ သူတို့သည်ကျမ်းစာကိုအလွတ်ကျက်ကြသောကြောင့်၊ တရားတော်သည်သင်၏နှုတ်နှင့်နှလုံး၌ရှိသည်ဟုဆိုခြင်းဖြစ်သည်။ ယနေ့ခရစ်ယာန်အချို့လည်းကျမ်းစာကိုဖတ်ကြသော်လည်း၊ ကြားကြသော်လည်းနားမလည်ကြချေ။ ထိုအခါဘုရား၏အလိုတော်ကိုအသံအားဖြင့်၎င်း၊ အိပ်မက်ရူပါရုံအားဖြင့်၎င်း၊ ပရောဖက်အားဖြင့်၎င်း၊ ကြားဘို့မျှော်လင့်ကြသည်။ ထိုသူများကိုစာတန်အသုံးပြုသောဆရာအတု၊ ပရောဖက်အတုများကအလွယ်တကူလိမ်လည်သွားတတ်ကြသည်။ ဘုရားအလိုတော်ကိုသိနားလည်နိုင်ရန်ကျမ်းစာကိုမှန်မှန်အချိန်ယူပြီးဖတ်ပါ။
ဘုရား၏အလိုတော်မသိသောအခါ၊ ကိုယ်အလိုဆန္ဒကိုလိုက်၍လုပ်ဆောင် ကြ၊ စီမံကြ၊ ကိုယ့်စီမံကိန်းကိုအောင်မြင်ဘို့ရန်ဆုတောင်းကြသည်။ ဘုရား၏အလိုတော်သည်
ဤလောကပိုင်ဘို့၊ ဇိမ်ခံဘို့၊ မဟုတ်ပါ။
လူတိုင်းကောင်းကင်နိုင်ငံသွားဘို့ (၁ တိ ၂:၄)၊
ထာဝရအသက်ရရှိဘို့ (၁ ယော ၅:၁၁-၁၂)၊
လောကကိုမချစ်ဘို့ (၁ ယော ၂:၁၅)၊
ဘုရားသခင်ကိုအားကိုးဘို့ (သုတ္တံ ၃:၅-၈)၊
သူ၏ကယ်တင်ခြင်းကိုလူတိုင်းထံဟောပြောသက်သေခံဘို့ (မ ၂၈:၁၉၊ တမန် ၁:၈)၊
၀ိညာဉ်ပိုင်း၌ကြီးထွားရင့်ကျက်ဘို့ (ဟေဗြဲ ၅:၁၂)၊
ခရစ်တော်ကြွလာမှာကိုမြော်လင့်၍သန့်ရှင်းသော အသက်တာနှင့်အသက်ရှင်ဘို့ (တိတု ၂:၁၁-၁၄)တို့ဖြစ်သည်။
သို့သော်ထိုအရာများကိုမလိုချင်ဘဲ၊
ဤလောက၌ကောင်းစားဘို့၊ အောင်မြင်ဘို့၊
လောကပညာရှိဘို့၊ ဘွဲ့ထူးဂုဏ်ထူးများရရှိဘို့၊
နာမည်ကျော်ကြားပြီးလူများ၏ချီးမွမ်းဂုဏ်ပြုခြင်းခံဘို့၊
လူများအပေါ်ဩဇာအာဏာရှိဘို့တို့ကိုသာလျှင်ရှာဖွေကြသည်။
ထို့ကြောင့်ဆုတောင်းနေလျှင်လည်းဘုရားသခင်နားမညောင်းချေ။ ကျမ်းစာဖတ်၍ကျမ်းစာကျောင်းအောင်သော်လည်းဘုရားနှင့်မဆိုင်သောကြောင့် တန်ခိုးမထွက်လာချေ။ လောကသားများကဲ့သို့ရည်ရွယ်၍လုပ်ဆောင်နေကြသည်။
အမှန်မှာဘုရား၏အလိုတော်လိုက်ဘို့သည်လုံးဝမခဲယဉ်းချေ။ ကုမ္ပဏီ၌ အလုပ်လုပ်သောအခါ၊ မာနေဂျာမှစ၍အလုပ်သမားတိုင်းကပိုင်ရှင် သူဌေး၏အလိုဆန္ဒအတိုင်းသာလျှင်လုပ်တတ်ကြသည်။ ထိုသို့လုပ်သောကြောင့်ငြင်းခုံစရာ၊ တွေးတောစရာ၊ ပူပန်စရာမရှိချေ။ အလုပ်သမားများ အနေဖြင့်အထက်မှခိုင်းသကဲ့သို့သာလုပ်ရသည်။ ထို့နည်းတူ၊ လူသားများကိုဘုရားသခင်ကဖန်ဆင်းသည်။ ကျွေးမွေးပြုစုစောင့်ရှောက်သည်။ သို့သော်ဘုရားသခင်၏အလိုတော်ကိုလုံးဝဂရုမစိုက်ကြချေ။ မိမိတို့ဆန္ဒ၊ အမြင်အတိုင်းသာလုပ်ဆောင်နေကြသည်။ ထိုကြောင့်အစကတည်းကမှား ယွင်းနေကြသည်။ ကျမ်းစာက၊ “ထာဝရဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကိုအမှီမပြုနှင့်။ သွားလေရာ၌ထာဝရဘုရားကို မျက်မှောက်ပြုလော့။သို့ပြုလျှင်သင်၏လမ်းခရီးတို့ကိုပဲ့ပြင်တော်မူမည်။ ငါသည်ပညာရှိ၏ဟုကိုယ်ကိုမထင်နှင့်။ ထာဝရဘုရားကိုကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။” (သုတ္တံ ၃:၅ -ရ) ဟူသောအရာကိုသိနေသော် လည်း၊ လုံးဝနားမထောင်၊ ကိုယ့်ဥာဏ်ကိုသာလျှင်သုံးကြသည်။ ဘုရား သခင်ကိုမျက်မှောက်မပြုကြချေ။ ဘုရားထံဆုတောင်း သူများအနေနှင့်လည်းမိမိတို့၏ ပန်းတိုင်ဆန္ဒဖြည့်ဆည်းပေးဘို့တောင်းရှောက်ကြသည်။ ဘုရားအနေဖြင့်မည်ကဲ့သို့ကောင်းကြီးပေးနိုင်မည်နည်း။
ထို့ကြောင့်ဘုရားသခင်က၊ “သင်တို့ပူဇော်သောယဇ်အများကိုငါသည် အဘယ်သို့ဆိုင်သနည်း၊၊ မီးရှို့၍ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသောတိရိစ္ဆာန်တို့၏ဆီဥနှင့်ငါဝပြီ၊၊ နွားနှင့်သိုးသငယ်၊ ဆိတ်တို့၏အသွေးကိုငါမနှစ်သက်၊၊ သင်တို့သည်ငါရှေ့မှာမျက်နှာပြခြင်းငှါလာကြသောအခါ ငါ့တန်တိုင်းတော်ကိုကျော်နင်းသောသင်တို့၌ထိုသို့သောဝတ်ကိုအဘယ်သူ တောင်းသနည်း၊၊ အချည်းနှီးသောသူပူဇော်သက္ကာကိုနောက်တဖန်မဆောင်ခဲ့ကြနှင့်၊၊ သင်တို့ မီးရှို့သောနံ့သာပေါင်းကိုငါရွံ့ရှာ၏၊၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေးသောနေ့ကိုလည်းရွံ့ရှာ၏၊၊ အဓမ္မအမှုနှင့် ရောနှောသောဓမ္မစည်းဝေးခြင်းတို့ကိုသည်းမခံနိုင်၊၊ ငါ့ဝိညာဉ်သည်သင်တို့ လဆန်းနေ့များနှင့်သင်တို့ပွဲများကိုမုန်း၏၊၊ ငါ့ကိုနှောက်ရှက်စရာဖြစ်၏၊၊ သည်းခံခြင်းအားဖြင့်ငါပင်ပန်း၏၊၊ သင်တို့သည်လက်ဝါးတို့ကိုဖြန့်ကြသောအခါ၊ ငါသည်မျက်စိကိုလွှဲမည်၊၊ များစွာသောပဌနာကိုပြုကြသော အခါငါသည်နားမထောင်။ သင်တို့လက်တို့သည်အသွေးနှင့်ပြည့်ကြ၏။” (ဟေရှာယ ၁:၁၁-၁၅) ဟုဆိုသည်။ ဂုဏ်တော်ချီးမွမ်းနေကြသော်လည်း၊ ဘုရားသခင်ကလက်မခံ၊ မနှစ်သက်ကြောင်းဤသို့ ရေးထားသည်၊ “သင်တို့ စောင့်သောပွဲနေ့တို့ကိုငါမုန်း၏။ စက်ဆုပ်ရွံရှာ၏။ ချိုးခြံစွာကျင့်သောနေ့ရက်တို့၌ငါမမွေ့လျော်၊ မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သက္ကာတို့ကိုဆက် ကပ်သော်လည်းငါလက်မခံ။ ဆူဝသောတိရစ္ဆာန်တို့ကိုမိဿဟာယယဇ်ပူ ဇော်သော်လည်းငါသည်ပမာဏမပြု။ သင်တို့သီချင်းဆိုသံကိုပယ်ရှားကြလော့။ တယောထိုးသံကိုငါနားငြီးလှ၏။” (အာ မုတ် ၅:၂၁-၂၃)။ သို့သော် ဘုရားကျေနပ်ဘို့ရန်မရည်ရွယ်၊ ကိုယ်စိတ်ကျေနပ်ဘို့ရန်ရည်ရွယ်ကြသောကြောင့်၊ ဘုရားမကျေနပ်မှန်းလည်းမသိကြ၊ ပြောလျှင်လည်းဂရုမစိုက်၊ ပြောသောသူကိုမုန်းကြသည်။ တဖန်၊ “ထာဝရဘုရားကလည်းဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏၊၊ စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကိုအမှီပြု၍ငါ့ကို ကြောက်ရွံ့ကြ၏။” (ဟေရှာယ ၂၉:၁၃) ဟုဆိုသည်။ ထိုအရာကိုယေရှုကကိုးကား၍ဤသို့ဆိုသည်၊ “ဟေရှာယသည်သင်တို့ကိုရည်မှတ်လျက်ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင်ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏၊ ဟုနောက်ဖြစ်လတံ့သောအရာကိုလျောက်ပတ်စွာဟောခဲ့ပြီ၊ ဟုပြန်၍မိန့်တော်မူ၏။” (မ ၁၅:ရ-၉)
သင်နှင့်ကျွန်ုပ်သည်ဘုရားသခင်နှင့်တလုံးတဝတည်းဖြစ်ပါသလော။ ဘုရား နှစ်သက်သောအရာ၊ အလိုတော်ကိုရှာကြသလော။ ကိုယ်အလိုဆန္ဒကိုသာလျှင်ဦးစားပေးရှာဖွေနေကြပါသလော။ ဆုတောင်းကျမ်းစာဖတ်လျှင် လည်း၊ ကိုယ်အလိုဆန္ဒဖြည့်ဆည်းဘို့သာလျှင်ကြည့်ကြတောင်းလျှောက် နေကြသလော။
.
ကိုယ်ကိုကိုယ်ငြင်းပယ်
သခင်ယေရှုက၊ “ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင်ကိုယ်ကိုကိုယ်ငြင်း ပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ငါ့နောက်သို့လိုက်ရမည်။” (မ ၁၆:၂၄) ဟုဆိုသည်။ ကိုယ်ကိုကိုယ်ငြင်းပယ်ခြင်းဆိုသည်မှာ၊ ကိုယ်သ ဘော၊ ကိုယ့်အကြိုက်၊ ကိုယ့်အမြင်၊ ကိုယ့်ဝါသနာ၊ ကိုယ့်ဆန္ဒအားလုံးကို ငြင်းပယ်ရမည်။ သို့ ပြီးမှဘုရားသခင်၏အမြင်၊ အလိုတော်ဆန္ဒကိုသာလျှင် လက်ခံရမည်။ ထိုအရာသည်လူတိုင်းအတွက်အခက်ဆုံးဖြစ်သည်။ အဘယ်ကြောင့်ခက်ရသနည်း။ အကြောင်းမှာမွေးကတည်းကငါ့သဘောဟု မွေးလာကြသည်။ ထို့အပြင်တသက်လုံးကိုယ့်အလိုဆန္ဒကိုလိုက်၍အသက်ရှင်ကြ၍အကျင့်ပါသည်။ သို့သော်ဘုရားအလိုတော်အတိုင်းအသက်ရှင်လို လျှင်ကိုယ့်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ့်လက်ဝါးကပ်တိုင်ထမ်း၍ ခရစ်တော်နောက်လိုက်ရမည်။ လက်ဝါးကပ်တိုင်ထမ်းခြင်းဆိုသည်မှာကိုယ့်အလိုဆန္ဒသေခြင်းဖြစ်သည်။ လက်ဝါးကပ်တိုင်ထမ်းသောသူတိုင်းသူထမ်းသောလက်ဝါးကပ်တိုင်မှာရိုက်သတ်ရသည်။
အဘယ်ကြောင့်အရာရှိနောက်သို့ငယ်သားများကလိုက်နိုင်သနည်း။ အရာရှိကိုကြောက်သောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ကိုယ့်ရီးစားအလို လိုက်နိုင်သနည်း။ အလွန်ချစ်သောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်နာမည်ကျော်များအတွက်အလိုလိုက်နိုင်သနည်း။ ကြည်ညိုလေးစားသောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဘုရားအလိုတော်မလိုက်နိုင်ကြ သနည်း၊ ဘုရားကိုမကြောက်၊ မချစ်၊ မကြည်ညိုမလေးစားသောကြောင့် ဖြစ်သည်။
.
ယုံကြည်သူအချင်းချင်း
ခရစ်တော်ကသူနှင့်ခမည်းတော်တလုံးတဝတည်းဖြစ်သကဲ့သို့၊ ယုံကြည်သူများလည်းတလုံးတဝတည်းဖြစ်စေချင်ကြောင်းဤသို့ဆုတောင်းသည်၊ “သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့်အကျွန်ုပ်သည်တလုံးတဝတည်း ဖြစ်သကဲ့သို့အကျွန်ုပ်အားပေးတော်မူသောဤသူတို့သည်တလုံးတဝတည်း ဖြစ်ရပါမည်အကြောင်း၊ သူတို့ကိုကိုယ်တော်၏နာမ၌တည်စေတော်မူပါ။” (ယော ၁ရး၁၁) ဆက်၍၊ “ကိုယ်တော်သည်အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကိုလောကီသားတို့သည်ယုံကြမည်အကြောင်း၊ ထိုသူအပေါင်းတို့ သည်တလုံးတဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည်အကျွန်ုပ်၌ရှိတော်မူ၍အကျွန်ုပ်သည်လည်းကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည်ငါတို့၌တလုံးတဝတည်းဖြစ်စေခြင်းငှါဆုတောင်းပါ၏။ ငါတို့သည် တလုံးတဝတည်းဖြစ်သကဲ့သို့အကျွန်ုပ်သည်သူတို့၌ ရှိ၍၊ ကိုယ်တော်သည်လည်းအကျွန်ုပ်၌ရှိတော်မူသောအားဖြင့်သူတို့သည်တလုံးတဝတည်းဖြစ် ၍၊ တလုံးတဝတည်း၌စုံလင်စေခြင်းငှါ၎င်း၊ ကိုယ်တော်သည်အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းနှင့်အကျွန်ုပ်ကိုချစ်တော်မူသကဲ့သို့သူတို့ကိုလည်း ချစ်တော်မူကြောင်းကိုလောကီသားတို့သည်သိစေခြင်းငှါ၎င်း၊ ကိုယ်တော်သည်အကျွန်ုပ်အားပေးတော်မူသောဘုန်းအသရေကိုအကျွန်ုပ်သည်သူတို့ အားပေးပါပြီ။” (ယော ၁ရး၂၁-၂၃)
အဘယ်ကြောင့်လူများသည် တလုံးတဝတည်းမဖြစ်နိုင်ကြသနည်း။ အမြင်ခြင်းအကြိုက်ခြင်းမတူညီကြသောကြောင့်ဖြစ်သည်။ အမြင်ခြင်းမတူညီလျှင်မည်သို့မျှအကြိုက်ခြင်းမတူညီနိုင်ပါ။ အမြင်အကြိုက်မတူညီသူနှစ်ယောက်သည်အတူသွားလာ၍မရကြောင်းကျမ်းစာကဤသို့ဆိုထားသည်၊ “လူနှစ်ဦးသည်သဘောမတူလျှင်ပေါင်းဘော်၍ခရီးသွားနိုင်သလော” (အာမုတ် ၃:၃)။ အဘယ်ကြောင့်အမြင်မတူကြသနည်း။ လူသည်အမြင်မတူညီဘဲမွေးလာကြသည်။ သားအမိသားအဖ၊ လင်မယားမတူညီသောအမြင် အကြိုက်များနှင့်မွေးဘွားလာကြသည်။ စိတ်မြန်သောသူနှင့်နှေးသောသူ၊ သည်းခံနိုင်သောသောနှင့်နှိမ့်မချနိုင်သောသူ၊ အစပ်စားနိုင်သောသူနှင့်မစားနိုင်သောသူ၊ အပူကြိုက်သောသူနှင့်အအေးကြိုက်သောသူ၊ အစဉ်ပြောင်း လဲခြင်းကြိုက်သောသူနှင့်အပြောင်းအလဲမကြိုက်သောသူစသည်ဖြင့်၊ လူသည်အမျိုးမျိုးနှင့်မွေးဖွားကြသည်။ အသုံးအဖြုန်းကြီးသောသူနှင့်ကပ်ဆည်းနည်း၊ ချွေတာစုဆောင်းသူစသည်ဖြင့်၊ ကိုယ့်အမြင်နှင့်သွားလာလုပ်ဆောင်သောသူများဖြစ်ကြသည်။
.
လင်မယား
လင်မယားကြား၌အဘယ်ကြောင့်ပြသနာရှိကြသနည်း။ အိမ်ထောင်ကို ဘုရားမတည်ဆောက်ခိုင်းဘဲ၊ ကိုယ့်အလိုဆန္ဒအတိုင်းတည်ဆောက်ကြသောကြောင့်ဖြစ်သည်။ ကျမ်းစာက၊ “ထာဝရဘုရားသည်အိမ်ကိုဆောက်တော်မမူလျှင်၊ ဆောက်သောသူတို့သည်အချည်းနှီးလုပ်ဆောင်ကြ၏။” (ဆာလံ ၁၂ရး၁) ဟုရေးထားသော်လည်း၊ ထာဝရဘုရားကိုမဆောက်ခိုင်း၊ ကိုယ်တိုင်ဆောက်နေကြသည်။ အစပိုင်း၌ချစ်အားကြီးသောကြောင့် အဆင်ပြေခဲ့သော်လည်း၊ နောက်ပိုင်း၌ပြသနာဖြစ်လာကြသည်။ ပြသနာများလာ၍လင်မယားခဏခဏရန်ဖြစ်ကာကွဲချင်လာကြသည်။ အဘယ်ကြောင့်ထိုသို့ဖြစ်သည်ကိုနားမလည်နိုင်ကြ၊ ဘုရားထံသို့မလာ တတ်၊ ငါ့သဘောကပို၍ပို၍များလာကာနောက်ဆုံး၌၊ ရိုက်ပုတ်ခြင်း၊ တရားစွဲခြင်း၊ ကွာရှင်းခြင်းအထိဖြစ်တတ်ကြသည်။ သမီးရီးစားဘဝ၌ချစ်ခြင်းမေတ္တာကြောင့်ကိုယ့်အမြင်ကိုချုပ်တည်းနိုင်ခဲ့သော်လည်း၊ လင်မယား ဖြစ်လာကြသောအခါမိမိဆန္ဒအတိုင်းအသက်ရှင်လာကြ၍၊ လင်မယား ကြားပြသနာရှိလာကြခြင်းဖြစ်သည်။ ထိုအခါကိုယ့်ခင်ပွန်းသည်ကိုနားမလည်နိုင်တော့ဘဲ၊ ဘယ်လိုယောက်ျား၊ မိန်းမယူမိသလဲဟုအံ့ဩလာတတ်ကြသည်။ ထိုပြသ နာကိုမဖြေရှင်း နိုင်၊ မဖြေရှင်းတတ်သောအခါနောက် ဆုံး၌လမ်းခွဲတတ်ကြသည်။ ထိုသို့လမ်းခွဲခြင်းဖြင့်ဘဝပျက်၊ စိတ်ဓါတ်ကျ၊ ဝမ်းနည်းကျေကွဲရသည်။ လင်မယားကွဲသွားသောအခါ၊ စိတ်ဆိုးသောကြောင့်၊ စိတ်နာသောကြောင့်ကျေနပ်အားရသော်လည်း၊ သားသမီးများ အလွန်ခံရသည်။
ဘုရားသခင်တည်ဆောက်လိုသောအိမ်ထောင်ကိုကျမ်းစာထဲ၌ဤသို့ရေး ထားသည်၊ “ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည်တယောက်တည်းမနေကောင်း၊ သူနှင့်တော်သောအထောက်အမကိုသူ့ဘို့ ငါလုပ်ဦးမည်ဟုအကြံရှိတော်မူ၏။” (ကမ္ဘာ ၂:၁၈) ဘုရားကမိန်းမကိုယောက်ျား၏အထောက်အမနှင့်ဖန်ဆင်းထားသည်။ ထို့ကြောင့်မိန်းမသည်ယောက်ျားကိုအုပ်စိုးခြင်းမပြုဘဲအထောက်အမဖြစ်ရမည်။ ပေါလုက၊ “ခရစ်တော်သည်အသင်းတော်၏အပေါ်မှာခေါင်းဖြစ်တော်မူသကဲ့သို့၊ယောက်ျားသည်မိမိခင်ပွန်း၏အပေါ်မှာခေါင်းဖြစ်၏။” (ဧဖက် ၅:၂၃)ဟု ရေးထားသည်။ သို့သော်မိန်းမသည်ယောက်ျားထက်တော်နေလျှင်မည်ကဲ့သို့လုပ်ရမည်နည်း။ သို့မဟုတ်ယောက်ျားသည်ဘာမျှမလုပ်ချင်၊ မလုပ်တတ်လျှင်မည်ကဲ့သို့ ဖြေရှင်းရမည်နည်း။ မိန်းမကကိုယ့်ယောက်ျားကို အကြံပေးရမည်။ သူ့ကိုဆုံးဖြတ်ခိုင်းရမည်။ ကိုယ်ထက်အားနည်းသောယောက်ျားကိုနှိမ်ခြင်း၊ အပြစ်တင်ခြင်းမပြုဘဲသူသဘောပေါက်အောင်ရှင်း ပြပြီး၊ သဘောတူညီမှအရာရာကိုလုပ်သင့်သည်။ ထို့ကြောင့်အစကတည်း က၊ ကိုယ့်ထက်ညံ့သောယောက်ျားကိုမယူသင့်ချေ။ သို့သော်ယူပြီးသောသူများအနေဖြင့်၊ ဆုတောင်းခြင်း၊ သည်းခံခြင်းဖြင့်ယောက်ျားကိုစောင့်ဘို့ လိုသည်။ ထိုသို့သည်းခံခြင်း၊ စိတ်ရှည်ခြင်းတို့သည်မလွယ်ကူပါ။ သန့်ရှင်းသောဝိညာဉ်တော်ကအုပ်စိုးမှသာလျှင်တတ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မိန်းမများအနေဖြင့်ဘုရားကိုအားကိုးဘို့လိုသည်။ ထိုသို့မိမိယောက်ျားကို ဦးခေါင်းနေရာ၌ထားတတ်လျှင်ဘုရားသခင်၏အလိုတော်ဖြစ်၍၊ ဘုရားနှင့် တလုံးတဝတည်းဖြစ်သည်။
ယောက်ျားများအနေဖြင့်ဦးခေါင်းဖြစ်သည်ဟူ၍မိန်းမကိုအနိုင်ကျင့်ဘို့ မဟုတ်ပါ။ ကျမ်းစာက၊ “ယောက်ျားသည်ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည်တသားတကိုယ်တည်းဖြစ်ရလိမ့်မည်။” (ကမ္ဘာ ၂:၂ရ) ဟုဆိုသည်။ ပေါလုကလည်း၊ “ယောက်ျားတို့သည်မိမိကိုယ်ကိုချစ်သကဲ့သို့မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။ ခင်ပွန်းကိုချစ်သောသူသည်ကိုယ်ကိုချစ်သောသူဖြစ်၏။ ကိုယ်အသားကိုမုန်းသောသူတယောက်မျှမရှိ။ ခရစ်တော်သည်အသင်းတော်ကိုကျွေးမွေးပြုစုတော်မူသကဲ့သို့၊ ခပ်သိမ်း သောသူတို့သည်မိမိတို့အသားကိုကျွေးမွေးပြုစုတတ်ကြ၏။” (ဧဖက် ၅:၂၈-၂၉)ဟုရေးထားသည်။ ယောက်ျားကမိန်းမကိုချစ်လျှင်မနှိပ်စက်၊ ဗိုလ်မကျဘဲ၊ ကျွေးမွေးပြုစုရမည်။ ထိုသို့မိမိခင်ပွန်းအပေါ် ဘုရားအလိုတော်အတိုင်းပြုလျှင်ဘုရားသခင်နှင့်တလုံးတဝတည်းဖြစ်သည်။
.
ဣဇက်မိသားစု (ကမ္ဘာဦး ၂ရ)
ဣဇက်မိသားစု၌ဘုရားသခင်နှင့်တလုံးတဝတည်းမရှိကြောင်းတွေ့ရသည်။ ဘုရားသခင်ကအမိဝမ်းထဲမှယာကုပ်ကိုရွေးကောက်ခဲ့သည်။ သို့သော်ဖခင်ကသားကြီးဧသောကိုကောင်းကြီးပေးဘို့ကြံစည်ခြင်းသည်ဘုရားသခင်၏ ရည်ရွယ်ချက်ကိုဂရုမစိုက်ခြင်းဖြစ်သည်။ ထိုနည်းတူမိန်းမရေဗက္ကလည်း သူ၏ယောက်ျားဣဇက်ကိုဘုရားသခင်၏အကြံအစည်ကိုပြောလိုက်ဘို့ ဖြစ်သော်လည်းမပြောဘဲ၊ သားငယ်ယာကုပ်ကိုလိမ်ခိုင်းပြီးဖခင်၏ကောင်းကြီးကိုယူခိုင်းခြင်းသည်၊ လင်မယားကြားဆက်ဆံမှုလိုကြောင်းထင်ရှားသည်။ ထို့ကြောင့်သားကြီးဧသောကသူ့ညီယာကုပ်ကိုသတ်ဘို့ကြံစည်သည် အထိဖြစ်လာသည်။ ယာကုပ်ကလည်းဘုရား၏ရွေးချယ်ခြင်းခံပြီးသားဖြစ်သော်လည်း၊ သူ့အကို၏သားဦးအရိုက်အရာကိုအစာနှင့်ဝယ်ခြင်းသည် ဘုရားသခင်နှင့်တလုံးတဝတည်းမဖြစ်ကြောင်းထင်ရှားသည်။ အမှန်မှာသားဦးကိုမလိုချင်ရမည်ဖြစ်သည်။ အကြောင်းမှာသားဦးဖြစ်လျှင် ဘုရား၏ကောင်းကြီးကိုရရှိမှာမဟုတ်ချေ။ သူ့အဖေကိုလိမ်သောကြောင့်လည်းမိဘအိမ်မှာမနေနိုင်ဘဲ၊ ဦးလေးလာဗန်ထံ၌ထွက်ပြေးဖို့လိုသည်။ ရေဗက္ကအသေစောခြင်းသည်လည်း၊ ဝမ်းနည်းခြင်းကြောင့်ဖြစ်နိုင်သည်။ ဧသောလည်းသားဦးဖြစ်သောကြောင့်ဘုရားကမရွေးချယ်ကြောင်းသိသော် လည်း၊ ဖခင်ထံမှကောင်းကြီးမရသောအခါသူ့ညီအရင်းကိုပင်သတ်ဖို့ ကြံစည်သည်။ ဤမိသားစုသည်အားလုံးသူတို့သဘောနှင့်အသက်ရှင်ကြသည်။ ဘုရားသခင်နှင့်တလုံးတဝတည်းမဖြစ်ကြသောကြောင့်မလိုအပ်ဘဲ ကွဲပြားကြသည်။ ကျွန်ုပ်တို့လည်းဘုရားသခင်နှင့်တလုံးတဝတည်းမဖြစ်လျှင်၊ ပြသနာများနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့ကြောင့်ကျမ်းစာဖတ်၊ ဆုတောင်း၊ ဆင်ခြင်ခြင်းအားဖြင့်ဘုရားနှင့်တလုံးတဝတည်းဖြစ်ဘို့ ကြိုးစားကြပါစို့်။
.
အသင်းတော်
အသင်းတော်တိုင်း၌လည်း၊ ပြသနာရှိခြင်းသည်အမြင်ချင်းအလိုဆန္ဒချင်းမ တူညီသောသူများစုစည်းသောကြောင့်ဖြစ်သည်။ မိမိအလိုဆန္ဒကိုဦးစားပေးသောအခါအခြားသူများ၏ဆန္ဒနှင့်မတူညီသောကြောင့်ငြင်းခုံကြရာမှ အသင်းတော်များကွဲတတ်သည်။ အသင်းတော်၏ပိုင်ရှင်နှင့်ဦးခေါင်းသည် ခရစ်တော်ဖြစ်သည် (မဿဲ ၁၆:၁၈၊ ကောလောသဲ ၁:၁၈)။ ထို့ကြောင့် အသင်းတော်သည်ခရစ်တော်နှင့်တလုံးတဝတည်းဖြစ်ရမည်။ သို့သော် အသင်းတော်တိုင်းသည်ခရစ်တော်နှင့်တလုံးတဝတည်းမဖြစ်ဘဲ၊ သင်းအုပ်ဆရာအလိုဆန္ဒ၊ အသင်းတော်လူကြီးများ၏အလိုဆန္ဒ၊ အသင်းသူအသင်း သားများ၏ဆန္ဒနှင့်သွားသောအခါ၊ ပြသနာရှိကြခြင်းဖြစ်သည်။ အသင်းတော်ပိုင်ရှင်ခရစ်တော်က၊ အသင်းတော်တည်ထောင်ခြင်း၏ရည်ရွယ်ချက်ကိုဤကဲ့သို့ပြောထားခဲ့ပါသည်၊ “ဤကျောက်ပေါ်မှာငါ့အသင်းကိုငါတည် ဆောက်မည်။ ထိုအသင်းကိုမရဏာနိုင်ငံ၏တံခါးတို့သည်မနိုင်ရာ။ ကောင်း ကင်နိုင်ငံတော်၏သော့တို့ကိုလည်းသင့်အားငါပေးမည်။ သင်သည်မြေကြီးပေါ်မှာချည်နှောင်သမျှသည်ကောင်းကင်ဘုံ၌ချည်နှောင်လျှက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာဖြည်လွှတ်သမျှသည်ကောင်းကင်ဘုံ၌ဖြေလွှတ်လျက်ရှိလိမ့်မည်။” (မဿဲ ၁၆:၁၈-၁၉)။ ထို့ကြောင့်အသင်းတော်၏အလုပ်သည်၊ လူများကောင်းကင်တံခါးသောဖွင့်ပေး၍၊ ငရဲတံခါးပိတ်ပေးဘို့ဖြစ်သည်။
အသင်းတော်အများစုသည်ခရစ်တော်နှင့်တလုံးတဝမရှိဘဲ၊ မိမိတို့အမျိုး စုစည်းဘို့၊ စကားထိန်းသိမ်းဘို့၊ ကောင်းကြီးခံစားဘို့၊ လူ့အကြိုက်လွတ် လပ်စွာပြုလုပ်ဘို့အနေဖြင့်ဖွဲ့ စည်းတည်ထောင်ကြသည်။ အသင်းတော် သည်မျိုးချစ်စိတ်ကြီးသောအခါ၊ လုပ်ချင်သောအရာတူညီသောအခါ စည်းလုံးနိုင်သည်။ သို့သော်စည်းလုံးခြင်းတခုတည်းဖြင့်အမှားအမှန်ကို ဆုံးဖြတ်၍မရပါ။ နောဧခေတ်ကလူများသည်ဘုရားတဖက်၌စည်းလုံးကြသော်လည်း၊ အားလုံးရေနစ်သေဆုံးကြသည်။ ဣသရေလလူများလည်း ခရစ်တော်ကိုသတ်ဘို့ရန်စည်းလုံးကြသော်လည်း၊ ဘုရားသခင်ကိုဆန့်ကျင်၍အပြစ်သို့ရောက်ကြသည်။ စည်းစည်းလုံးလုံးနှင့်ငရဲလားရကြသည်။ သင်၏အသင်းတော်သည်ခရစ်တော်ကပိုင်ဆိုင်ပါသလော။ ခရစ်တော်က ယပိုင်ဆိုင်လျှင်သူ့အလိုဆန္ဒဖြစ်သောလူများကယ်တင်ခြင်းသို့ရောက်အောင်အဓိကထားဟောပြောပါသလော။ ခရစ်တော်က၊ “အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ဤသူတို့သည်မဆက်ဆံသောကြောင့် လောကီသားတို့သည်ဤသူတို့ကိုမုန်းကြပါ၏။” (ယော ၁ရး၁၄) ဟူ၍၎င်း “အကျွန်ုပ်သည်ဤလောကနှင့်မဆက်ဆံသကဲ့သို့ဤသူတို့သည်မဆက်ဆံကြပါ။” (ယော ၁ရး၁၆) ဟုဆုတောင်းခဲ့သည်။ ငါတို့၏အသင်းတော်သည် ခရစ်တော်ကဆုတောင်းပေးသကဲ့သို့ဖြစ်ပါသလော။ မဖြစ်လျှင်ခရစ်တော်နှင့်တလုံးတဝတည်းမဖြစ်သောကြောင့်ပျက်စီးခြင်းသို့လမ်းဆုံးမည်ဖြစ် သည်။