GOODNEWS
  HOME  GOODNEWS  2023 MAY
 


နိမိတ်လက္ခဏာဖြင့်မယုံကြည်နိုင်

များသောအားဖြင့်ဘုရားသခင်ကိုမယုံကြည်နိုင်ခြင်းသည်၊ သူ၏တန်ခိုးနိမိတ်လက္ခဏာများကိုမမြင်သောကြောင့်၊ ဟုသင်ထင်ပေလိမ့်မည်။ နိမိတ်လက္ခဏာများသည် ယုံကြည်ခြင်းကိုဖြစ်စေနိုင်သော်လည်း၊ နိမိတ်လက္ခဏာမြင်တိုင်း ယုံကြည်ကြသည်မဟုတ်ကြောင်းကို ကျမ်းစာထဲမှကြည့်ရှုလေ့လာကြပါစို့။

ရှင်ပေါလုက၊ “ယုဒလူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ၏။ ဟေလသလူတို့သည် ပညာကိုရှာတတ်ကြ၏။”(၁ ကော ၁း၂၂) ဟုရေးခဲ့သည်။ ယုဒလူများသည်ဘုရားသခင်ကို ယုံကြည်ဘို့ရန်နိမိတ်လက္ခဏာကို တောင်းတတ်ကြသည်။ သို့သော်သူတို့သည် နိမိတ်လက္ခဏာများစွာကိုမြင်ခဲ့ကြသော်လည်း ဘုရားကိုမယုံကြည်နိုင်ကြောင်းတွေ့ရသည်။

ဣသရေလလူများ

ကမ္ဘာပေါ်၌ ဘုရားသခင်ထံမှ နိမိတ်လက္ခဏာ အများဆုံးမြင်တွေ့ခံစားသောလူမျိုးသည် ဣသရေလ လူများဖြစ်သည်။ အဲဂုတ္တုပြည်မှထွက်မည့်အချိန်တွင် နိမိတ်လက္ခဏာဆယ်မျိုးတွေ့မြင်ခဲ့ကြသည်။ ထိုနိမိတ်လက္ခဏာများသည် လမ်းဘေး၌ပြသောမျက်လှည့်မျိုးမဟုတ်။ တကယ့်ကိုသူတို့၏အသက်တာ၌ကောင်းကျိုးခံစားသောအရာများဖြစ်သည်။ ထိုနိမိတ်လက္ခဏာများသည်ဘုရား၏တန်ခိုးအ စွမ်းသတ္တိကိုဖေါ်ပြသောအရာ များဖြစ်သည်။ အဘယ်လူသားကမှဘယ်သောအခါ၌မျှမပြုလုပ်နိုင်သော အရာများဖြစ်သည်။ ပင်လယ်နီကိုတညချင်းတွင်ခွဲပေး၍လူနှင့်များစွာသောတိရစ္ဆာန်များကိုတဖက်ကမ်းသို့ပို့ဆောင်ခြင်းသည် အလွန်အံ့ဩဘွယ်ရာဖြစ်သည် (ထွက်မြောက် ၁၄း၁၉-၃၁) သို့သော်သူတို့သည်သုံးရက်ကြာလာသောအခါ၊ မာရအရပ်၌ရေခါးသော ကြောင့်မြည်တမ်း၍မောရှေကိုအပြစ်တင်ကြပြန်သည် (ထွက် ၁၅း၂၄)။ ဘုရားသခင်ကသူတို့မလုပ်သောမန္နမုန့်နှင့် ကျောက်ထဲမှရေဖြင့်သူတို့ကိုနှစ်ပေါင်းလေးဆယ် ကျွေးမွေးခဲ့သည်။ သူတို့သည်နိမိတ်လက္ခဏာအားဖြင့်အသက်ရှင်ခဲ့ကြသည်။ မောရှေက၊ “အနှစ်လေးဆယ် ပတ်လုံးသင် ဝတ်သောအဝတ်မဟောင်းမနွမ်း၊ သင့်ခြေလည်းမပွန်းမရောင်။” (တရားဟော ၈း၄) ဟုဆိုခဲ့သည်။ ရန်သူများကိုလည်း ဘုရားသခင်ကတိုက်ပေးသောကြောင့်ကြောက်စရာမလို၊ အမြဲလုံခြုံကြသည်။ သို့သော်သူတို့ သည်ထာ၀ရဘုရား ကိုယုံကြည်ကြသလော။ ဆာလံဆရာက၊ “ယနေ့တွင်သင်တို့သည် ဗျာဒိတ်တော်အသံကိုကြား လျက်ခိုင်မာ သော စိတ်နှလုံးမရှိကြနှင့်။  သင်တို့အဘများသည် အနှစ်လေး ဆယ်ပတ်လုံးငါ့ကိုအနည်းနည်းစုံစမ်း၍၊ ငါ၏အမှုတို့ကို မြင်ရသော တောတွင်၊ ငါ့ကိုဆန့်ကျင်ဘက်ပြု၍၊ စုံစမ်းရာကာလ၌ရှိသကဲ့ သို့မရှိစေကြနှင့်။  ထိုလူမျိုးကိုငါရွံသည်ဖြစ်၍၊ ထိုသူတို့ သည်စိတ်သဘောမှားယွင်းတတ်သောလူမျိုးဖြစ်ကြ၏။ ငါ၏အလေ့အလာတို့ကိုနားမလည်ကြဟုငါဆိုရ၏။ ထို့ကြောင့်သူတို့သည်ငါ၏ ချမ်းသာထဲသို့မဝင်ရကြ၊ ဟုအမျက်ထွက်၍ငါကျိန်ဆို၏။”(ဆာလံ ၉၅း၈-၁၁) ဟုရေးသားခဲ့သည်။ ဣသရေလလူများသည် ဘုရား၏အမှုတည်းဟူသော နိမိတ်လက္ခဏာ များကိုမြင် ရသော် လည်း၊ စိတ်နှလုံးခိုင်မာလျက်ဘုရားကိုမယုံကြည်ကြချေ။ ဘုရား၏အလေ့အလာကိုနားမလည်ကြသော ကြောင့်ခါနန် ပြည်သို့ဝင်ခွင့်ဆုံးရှုံးခဲ့ကြသည်။

ထိုအရာကိုကိုးကား၍ဟေဗြဲရေးသောသူက၊ “ယနေ့တွင်သင်တို့သည် ဗျာဒိတ်တော်အသံကိုကြားလျက်ရှိသည်ဖြစ်၍၊ ဆန့်ကျင်ဘက်ပြုရာကာလ၌ရှိသကဲ့သို့၊ ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်၊ ဟုကျမ်းစာလာသည်အရာမှာ၊ ကြားပြီးမှဆန့်ကျင်ဘက်ပြုသောသူတို့ကား၊ အဘယ်သူနည်း။ မောရှေနောက်သို့ လိုက်၍၊ အဲဂုတ္တုပြည်မှထွက်လာသောသူအပေါင်းတို့သည်၊ ထိုသို့ပြုကြသည်မဟုတ်လော။  အနှစ်လေးဆယ်ပတ်လုံး နှစ်သက်တော်မမူသောသူတို့ကား၊ အဘယ်သူနည်း။ ဒုစရိုက်အပြစ်ကိုပြုသောကြောင့်၊ တော၌လဲ၍သေသောသူပင်မဟုတ်လော။ သင်တို့သည်ငါ၏ချမ်းသာထဲသို့မဝင်ရကြဟုကျိန်ဆိုတော်မူသောသူတို့ကား၊ မယုံကြည်သောသူမှတပါးအဘယ်သူနည်း။ သို့ဖြစ်၍၊ သူတို့သည်မယုံကြည်သောကြောင့်သာမဝင်နိုင်သည်ကိုငါတို့သိမြင်ကြ၏။”(ဟေဗြဲ ၃း၁၅-၁၉) ဟုရေးခဲ့သည်။ သူတို့သည် စိတ် နှလုံးခိုင်မာသည်။ ဘုရားကိုယုံကြည်ချင်သောစိတ်မရှိကြချေ။ သူတို့သည် ငါတို့အတွက်သတိထားစရာ၊ ပုံသက်သေများဖြစ်သည်။

ယနေ့များစွာသောနာမည်ခံခရစ်ယာန်များလည်း ဘုရားသခင်ကိုယုံကြည်ကြသည်မဟုတ်။ နှုတ်အားဖြင့်သာယုံကြည်သည်၊ ဟုဆိုသော်လည်း၊ အသက်တာအားဖြင့် မယုံကြည်ကြောင်း သိသာထင်ရှားနေသည်။ ထို့ကြောင့်ဣသရေလလူများ ခါနန်ပြည်သို့မဝင်နိုင်သကဲ့သို့၊ ယနေ့ခရစ်ယာန်အများစုလည်း ကောင်းကင်နိုင်ငံသို့မဝင်ဘဲ၊ ငရဲမီးအိုင်ထဲသို့ဆင်းသွားကျရမည်ကို ဝမ်းနည်းစွာတွေ့မြင်နေရသည်။ သင်သည်ထိုသို့စိတ်နှလုံးခိုင်မာ သောသူမဖြစ်ပါစေနှင့်။

နိမိတ်လက္ခဏာပြဘို့တောင်း

သခင်ယေရှုဤလောက၌ ရှိစဉ်တွင်လည်းနိမိတ်လက္ခဏာပြဘို့ ဤသို့တောင်းဆိုခဲ့ကြသည်၊” ထိုအခါ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကိုစုံစမ်းနှောင့်ယှက်ခြင်းငှါချဉ်းကပ်၍၊ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို ပြတော်မူမည်အကြောင်းတောင်းပန်ကြ၏။ ကိုယ်တော်ကလည်း၊ သင်တို့သည်ညဦးယံ၌ ပြောဆိုတတ်သည်ကား၊ ယခုမိုးတိမ်နီသည်ဖြစ်၍ မိုးကြည်လင်လိမ့်မည်၊ ဟုဆိုတတ်ကြ၏။ နံနက်ယံ၌ကား၊ ယခုမိုးအုံ့လျက်ရှိ၏။ နီမောင်းသောအဆင်းလည်းရှိ၏။ ယနေ့မိုးသက်မုန်တိုင်းလာလိမ့်မည်၊ ဟုဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့၊ သင်တို့သည်မိုးကောင်းကင် ၏မျက်နှာကိုပိုင်းခြား၍သိနိုင်ကြ၏။ ကပ်ကာလ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍ မသိနိုင်ကြ။ ဆိုးညစ်၍နောက်မီးလင်းသောအမျိုးသည် နိမိတ်လက္ခဏာကိုတောင်းသည်မှာ၊ ပရောဖက်ယောန၏ နိမိလက္ခဏာမှတပါးအဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ၊ ဟုမိန့်တော်မူပြီးလျှင် ထိုသူတို့ရှိရာမှထွက်၍ကြွတော်မူ၏။ (မဿဲ ၁၆း၁-၄)

သခင်ယေရှုက နိမိတ်လက္ခဏာပြဘို့ တောင်းသောဖာရိရှဲနှင့်ဇဒ္ဒုကဲတို့ကို လျှို့ဝှက်သောသူ၊ ဟုအဘယ်ကြောင့်ဆိုသနည်း။ ဤအကြောင်းကို ၂၀၂၂ ခုနှစ်ဩဂုတ်လသတင်းကောင်းစာစောင်တွင်လည်း အနည်းငယ်ဖေါ်ပြခဲ့ပြီးပြီ။ သခင်ယေရှုက၊ သူတို့သည်မိုးကောင်းကင်၏မျက်နှာကိုပိုင်းခြားတတ်သော်လည်း၊ အဘယ်ကြောင့်ကပ်ကာလသို့မဟုတ်ဘုရားသခင်၏ အချိန်ကာလကိုမသိတတ်ကြသနည်းဟုဆိုသည်။

ဖာရိရှဲများသည် ကျမ်းတတ်များဖြစ်သည်။ သူတို့သည်ကျမ်းစာကို တအားလေ့လာသောကြောင့် ဘုရားသခင်၏အချိန်ကာလများကို သိသင့်သည်။ ဘုရား၏အကြံအစီတော်ကိုလည်း လက်ခံသင့်သည်။ ခရစ်တော်၏ပဌမနှင့်ဒုတိယကြွ လာခြင်းများကိုလည်း သိကာသူ့ကိုလက်ခံသင့်သည်။ သို့သော်ဘုရား၏အကြံအစီကို မသိသောကြောင့်သခင်ယေရှုကိုလည်း သူတို့မြော်လင့်တောင့်တ စောင့်ဆိုင်းနေသောမေရှိဖြစ်မှန်းမသိကြခြင်းဖြစ်သည်။ ထို့ကြောင့်သခင်ယေရှုကသူတို့ကိုလျှို့ဝှက်သောသူ (hypocrite ဟီပိုခရစ်) အပြောဘဲရှိပြီးလက်တွေ့မပါဟုဆိုခြင်း ဖြစ် သည်။ ယနေ့များစွာသောကျမ်းစာ ကျောင်းထွက်အမှုတော်ဆောင်အများလည်း ဖာရိရှဲများကဲ့သို့အပြောဘဲရှိ ကြသည်။ ခရစ်တော်ကြွလာမည့်အရာ ကိုပြောသော်လည်း၊ မပြင်မဆင်၊ သူခိုင်းသောအရာကိုမလုပ်ဘဲဖာရိရှဲ များ ကဲ့သို့ လောဘလွန်ကျူးလျက်ဟန်ပြအမှုတော်ဆောင်နေကြသည်။ သင်သည်ထိုသို့သောသူဖြစ်နေပါသလား။

ဖာရိရှဲတယောက်က၊ “အိုဘုရားသခင်၊ သူတပါးတို့သည်အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့် ကျင့် ခြင်း၊ သူ့မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့၊ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ပင်မဟုတ်သော ကြောင့် ကျေးဇူးတော်ကြီးလှပေ၏။ ၁၂ အကျွန်ုပ်သည်ခုနစ်ရက်တွင်နှစ်ရက်အစာရှောင်ပါ၏၊ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ၏၊ ဟုဆုတောင်းပဌနာပြု၏။” (လုကာ ၁၈း၁၁-၁၂)။ ဖာရိရှဲများသည်ဘုရားတရား၌အလွန် ကြိုးစားသော်လည်း၊ ဘုရား၏ အလိုတော်ကိုနားမလည်ချေ။ ယခုခေတ်တွင်ဘုရားဘက်၌ စိတ်အားကြီးသူတိုင်းကို အားကျချီးမွမ်းတတ်ကြသည်။ သို့သော်ဖာရိရှဲများကိုသခင်ယေရှုက၊ “လျှို့ဝှက်သောကျမ်းပြုဆရာဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား ၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်းဆီးတားကြ၏။လျှို့ဝှက်သောကျမ်းပြုဆရာဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုဆိုးမအိမ်ကိုလုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါရှည်စွာသော ပဌနာ စကားကိုရွတ်တတ်ကြ၏။ ထိုကြောင့်သာ၍ ကြီးစွာသောဒဏ်ကိုခံရကြလတံ့။“ (မဿဲ ၂၃း၁၃-၁၄) “မြွေဆိုးအမျိုး တို့၊ သင်တို့သည်အပြစ်ငရဲမှအဘယ်သို့လွတ်နိုင်ကြမည်နည်း။“ (မဿဲ ၂၃း၃၃) ဟုဆိုခဲ့သည်။ ဖာရိရှဲများသည် ကောင်းကင်သို့မဝင်ရုံမျှမက၊ ဝင်လိုသောသူများလည်းဝင်၍မရအောင်ဆီးတားသောသူ များဖြစ်သည်ဟုသခင် ယေရှုကပြောသည်။

သင်သည်ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည်လူများတို့ ရှေ့မှာထင်ရှားစေခြင်းငှါ၊ တရားစရပ်နှင့်လမ်းဆုံလမ်းဝတို့၌ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ၏။“ (မဿဲ ၆း၅) ဖာရိရှဲများသည်တရားစရပ်နှင့်လမ်းဆုံလမ်းဝတို့၌ရှည်စွာသော ဆုတို့ကိုလည်းတောင်းတတ်ကြသည်။ ထို့ကြောင့်မရှက်မ ကြောက်လူများရှေ့မှာ ဆုတောင်းရဲတိုင်းသည်ဘုရား၏အလိုတော်မဟုတ်ချေ။

လျှို့ဝှက်သောကျမ်းပြုဆရာဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွတ်၊ ဇီယာ၊ အသီးအရွက်တို့ကိုဆယ်ဘို့တဘို့လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ သူတပါးကိုသနားခြင်း၊ သစ္စာစောင့်ခြင်း တည်းဟူသောပညတ်တရားတွင်၊ လေးသောအရာတို့ကိုကားလှပ်၍ထားကြ၏။ အရင်ဆိုသော အရာတို့ကိုမလှပ်မထား၊ နောက်ဆိုသောအရာတို့ကိုကျင့်ရမည်။ ၂၄ လမ်းပြသောလူကန်းတို့၊ သင်တို့သည်ခြင်တကောင်ကိုမျှမပါစေခြင်းငှါ၊ ရေကိုစစ်လျက်နှင့်ကုလားအုပ်ကိုမျိုကြ၏။“ (မဿဲ ၂၃း၂၃-၂၄)

ဖာရိရှဲများသည်အလှူပေးရာတွင်လည်း အသေးအမွှားဖြစ်သော ပင်စိမ်းစမွတ်ဇီယာအသီးအရွက်တို့ကို ဆယ်ဘို့တဘို့ပေးတတ်ကြသည်။ ထို့ကြောင့်အလှူအဒါန်း၌ စိတ်အားထက်သန်တိုင်းလည်း ဘုရား၏စိတ်တော်တွေ့သောသူ၊ ဟုတထစ်ချပြော၍မရချေ။

ဇဒ္ဒုကဲများသည်နိုင်ငံရေးနှင့် ဘာသာရေးရောနှောသော ဣသရေလခေါင်းဆောင်များဖြစ်သည်။ အချို့သောသူ များသည်ယဇ်ပုရောဟိတ်များဖြစ်သည်။ သူတို့သည်၊ “ထမြောက်ခြင်းမရှိ၊ ကောင်းကင် တမန်မရှိ၊ နံဝိညာဉ်မရှိဟု ယူကြ၏။” (တမန် ၂၃း၈) သူတို့ ခံယူချက်သည်ယခုခေတ်ဦး နှောက်သုံးသောလီဘရယ်(Liberal) များနှင့်တူသည်။ ထမြောက်ခြင်းမယုံလျှင်အကျိုးမရှိကြောင်းရှင်ပေါလုကဤသို့ရေးထားသည်၊ ”သေသော သူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည်ထမြောက်တော်မမူ။ ၁၄ ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ဟောပြောခြင်း၌ အကျိုးမရှိ၊ သင်တို့ယုံကြည်ခြင်း၌လည်းအကျိုးမရှိ။ ၁၅ ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာမမှန်သောသက်သေခံ ဖြစ်ကြ၏။ ၁၆ အကြောင်းမူကား၊ သေလွန်သောသူတို့သည်ထ မြောက်ခြင်းမရှိလျှင်၊ ဘုရားသခင်သည်ခရစ်တော်ကိုထမြောက်စေတော်မမူ။ ယခုမှာ၊ ခရစ်တော်ကိုထမြောက်စေ တော်မူပြီ၊ ဟုငါတို့သည်ဘုရားသခင်၏ အကြောင်းကိုသက်သေခံကြ၏။ သေလွန်သောသူတို့ သည်ထမြောက်ခြင်း မရှိလျှင်၊ ခရစ်တော်သည်ထမြောက်တော်မမူ။ ၁၇ ခရစ်တော်သည်ထမြောက်တော်မမူလျှင်၊ သင်တို့သည်ယုံကြည် သော် လည်းအကျိုးမရှိ၊ ဒုစရိုက်အပြစ်အောက်၌ရှိကြသေး၏။ ၁၈ ထိုမှတပါး၊ ခရစ်တော်ကိုယုံကြည်၍အိပ်ပျော် သောသူတို့သည်၊ ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။ ၁၉ ငါတို့သည်ခရစ်တော်ကိုအမှီ ပြု၍ယခုဘဝ၌သာမြော်လင့်စရာ ရှိလျှင်၊ အခြားသောသူအပေါင်းတို့ထက်သာ၍ဆင်းရဲသောသူဖြစ်ကြ၏။” (၁ ကော ၁၅း၁၃-၁၉)

ဇဒ္ဒုကဲများသည်ကောင်းကင်တမန်လည်းမရှိ၊ နံဝိညာဉ်လည်းမရှိဟုယုံကြည်ကြသည်။ သို့ဖြစ်လျှင် ခရစ်တော်က၊ ” ဘုရားသခင်သည်နံဝိညာဉ်ဖြစ်တော်မူ၏။”  (ယောဟန် ၄း၂၄) ဟုဆိုသောကြောင့်ဘုရားသခင် လည်းမရှိဟုဆိုခြင်းဖြစ်သည်။ ဘုရားသခင်မရှိလျှင်ယုံကြည်ခြင်းသည်အကျိုးမရှိတော့ချေ။ ယခုခေတ်တွင်ဇဒ္ဒုကဲ မရှိတော့သော်လည်းသူတို့ကဲ့သို့ခံယူသောသူများစွာခရစ်ယာန်များထဲ၌ရှိသည်။ သင်သည်ထိုသို့သောသူဖြစ်နေပါ သလား။ ဇဒ္ဒုကဲများသည်ဘုရားတရား၌များစွာစိတ်မဝင်စားသောကြောင့်ဖာရိရှဲများလောက်ခရစ်တော်နှင့်ငြင်း ခုံ ခြင်းမပြုလုပ်ခဲ့ကြချေ။ ဇဒ္ဒုကဲများသည်ထိုသို့ဘုရားတရား၌စိတ်မဝင်စားသော်လည်း၊ ဘုရားတရား၌စိတ်မပါဘဲ ပါဝင်နေကြသည်။ ယနေ့ခရစ်ယာန်အများစုနှင့်တူညီနေသည်။ ခရစ်ယာန်အများစုလည်းဘုရားတရား၌စိတ်မဝင် စား၊ ကောင်းကင်တက်ဘို့လည်းမစဉ်းစားကြ၊ ဘုရားအားကိုးခြင်းလည်းမရှိ၊ သဘောတရားအားဖြင့်သာလျှင်ကိုး ကွယ်နေကြသည်။ ထို့ကြောင့်သင်သည်ထိုကဲ့သို့ဖြစ်လျှင် ကိုယ့်ကိုကိုယ်ဇဒ္ဒုကဲဖြစ် ကြောင်းသိစေချင်သည်။

သခင်ယေရှုကနိမိတ်လက္ခဏာတောင်းသောဖာရိရှဲနှင်ဇဒ္ဒုကဲများကို၊ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုးကောင်း ကင်၏မျက်နှာကိုပိုင်းခြား ၍သိနိုင်ကြ၏။ ကပ်ကာလ၏နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍မသိနိုင်ကြ။ ဟုအဘယ် ကြောင့်ဆိုသနည်း။ “လျှို့ဝှက်သောသူ” ဟူသောစကားလုံးသည် အင်္ဂလိပ်လို “hypocrite” ဖြစ်သည်။ ဆိုလိုသည်မှာပြောသည့်အတိုင်းမလုပ်တတ်သူ၊ “ပါးစပ်ဘဲ” ဟုအဓိပ္ပါယ်ရသည်။ ဖာရိရှဲနှင့်ဇဒ္ဒုကဲများသည်အဘယ့်ကြောင့်ပါးစပ်ဘဲဖြစ်သနည်း။ အကြောင်းမှာ၊ ဘုရားသခင်ကိုယုံကြည်သည်ဟုဆို သော် လည်း၊ ဘုရားကိုမသိ၊ သူ၏အချိန်ဇယားကိုလည်းနားမလည်၊ ခရစ်တော်ကိုလည်းမသိသဖြင့်ကြိုဆိုခြင်းလည်းမရှိသောကြောင့် ဖြစ်သည်။ ယောက်ျားခရီးဝေးမှလာမည့်အချိန်ကိုမသိ၊ ကြိုလည်းမကြိုဆိုသောမိန်းမသည်၊ သူ့ယောက်ျားကိုချစ်သည်၊ ဟုဆိုခြင်းသည်ပါးစပ်ဘဲဖြစ်သည်။ ထိုကဲ့သို့ပင်ယနေ့ယုံကြည်သူဟုကိုယ်ကိုကိုယ်ထင်မှတ်သောသူများလည်း၊ သခင်ယေရှုကိုကိုးကွယ်နေကြသော်လည်း၊ သူ၏ကယ်တင်ခြင်း လည်းနားမလည်၊ သူ၏ အချိန်ဇယားလည်းမသိ၊ သူကြွလာမည့်အရာကိုလည်း ဂရုမစိုက်သောကြောင့်ပါးစပ်ဘဲဖြစ်သည်။

ထိုအခါအချို့ သော ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ အရှင်ဘုရားအကျွန်ုပ်တို့သည် ကိုယ်တော်ပြတော်မူသော နိမိတ်လက္ခဏာ တစုံတခုကိုမြင်ချင်ပါသည်၊ ဟုလျှောက်ကြလျှင်၊ ကိုယ်တော်က၊ ဆိုးညစ်၍မျောက်မထားသောအမျိုး သည်နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတပါးအဘယ် လက္ခဏာကိုမျှသူတို့အားမပြရာ။” (မဿဲ ၁၂း၃၈-၃၉)

အဘယ်ကြောင့်သခင်ယေရှုက သူတို့ကိုဆိုးညစ်သောသူဟုဆိုသနည်း။ မဿဲ ၂၅း၁၄-၃၀ တွင်သခင်ယေရှုက လူတဦးကငယ်သား သုံးယောက်ထံငွေအခွက်များအပ်နှံကာကုန်သွယ်၍ အမြတ်ရှာခိုင်းသည်။ ထိုသူတို့အထဲ၌၊ အခွက်တဆယ်ကိုခံသောသူသည်လည်း ချဉ်းကပ်၍သခင်၊ ကိုယ်တော်သည်ခဲယဉ်းသောသူဖြစ်သည် နှင့်ကိုယ်မစိုက်မပျိုးသောအရပ်၌ရိတ်၍၊ ကိုယ်မဖြန့်မကြဲသောအရပ်၌ စုသိမ်းတတ်သည်ကိုအကျွန်ုပ်သိ၍၊  ကြောက်သောကြောင့်၊ အခြားသို့သွား၍ကိုယ်တော်၏ ငွေအခွက်တဆယ်ကိုမြေ၌ဝှက်ထားပါပြီ၊ ယခုကိုယ်တော်၏ဥစ္စာရှိပါသည်၊ ဟုလျှောက်၏။ အရှင်ကလည်း၊ ဆိုးညစ်ပျင်းရိသောငယ်သား၊ ငါသည်ကိုယ်မစိုက်မပျိုးသောအရပ်၌ရိတ်၍၊ ကိုယ်မဖြန့်မကြဲသောအရပ်၌ စုသိမ်းသည်ကိုသင်သိသည်မှန်လျှင်၊ ငါ့ငွေကိုပွဲစားလက်သို့အပ်ရမည်။ ထိုသို့အပ်လျှင်၊ ငါပြန်လာသောအခါ ငွေရင်းနှင့်အတိုးကိုရနိုင်၏။(မဿဲ ၂၅း၂၄-၂ရ) ဟုတွေ့ရသည်။ ထိုငယ်သားသည်သူ့သခင်ကို အပြစ်တင်ရဲသည်။ သူ့သခင်ကသူ့ကို ဆိုးညစ်ပျင်းရိသောငယ်သားဟုဆိုသည်။ ထို့ ကြောင့်သခင်ယေရှုစေခိုင်းသောအလုပ်ကို မလုပ်သောသူတို့သည်ဆိုးညစ်သောသူဖြစ်သည်။ ဖာရိရှဲများလည်းသခင်ယေရှုကို အမျိုးစုံအပြစ်တင်ရဲကြသည်။ ထို့ကြောင့်သခင်ယေရှုကလည်း သူတို့ကိုဆိုးညစ်သောသူ၊ ဟုဆိုရခြင်းဖြစ်သည်။

အဘယ်ကြောင့်နောက်မီးလင်းသောသူဟုဆိုသနည်း။ ခေတ်ကာလနှင့်ဘုရားသခင်၏အချိန်ဇယားကိုမသိသောသူသည်နောက်မီးလင်း သောသူဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်၊ မိန်းမတယောက်သည်မိမိလင်၏အစီအစဉ်ကိုနားမလည်၊ ခရီးဝေးမှပြန်လာမည့်အချိန်ကိုမသိဘဲ ကြိုဆိုခြင်းလည်းမရှိ၊ ဂရုလည်းမဆိုက်လျှင်သူ့လင်ကိုမချစ်၊ အခြားသောသူကိုချစ်သောကြောင့်နောက်မီးလင်းသောသူဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုထက်အခြားသောအရာကိုချစ်သောသူ၊ အလေးထားသောသူသည်နောက်မီးလင်းသောသူဖြစ်သည်။ သင်သည်ထိုသို့နောက်မီးလင်း သောသူဖြစ်နေပါသလား။                             

လူများကယုံကြည်ဘို့နိမိတ်တောင်း

သခင်ယေရှုကလူငါးထောင်မကကိုမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ဖြင့်အစာကြွေး၍အကြွင်းအကျန် ဆယ့် နှစ်တောင်းရှိကြောင်းယောဟန် ၆း၁-၁၄ ၌တွေ့ရသည်။ ထိုသူများကိုမဝမလင်မဟုတ်၊ ဝကြပြီးမှ ဆယ့်နှစ်တောင်း အပြည့်ရကြသည်။ နောက်တနေ့၌သူတို့ကယေရှုကိုရှာကြသည်။ “ အိုင်တဘက်၌ တွေ့လျှင်အရှင်ဘုရား၊ အဘယ် သောအခါဤ အရပ်သို့ကြွလာတော်မူသနည်း၊ ဟုမေးလျှောက်ကြ၏။ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည်နိမိတ်လက္ခဏာတို့ကိုမြင်သောကြောင့်၊ ငါ့ကိုရှာသည်မဟုတ်။ မုန့်ကိုစား၍ဝသောကြောင့် သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကိုရခြင်းငှါမကြိုးစားကြနှင့်။ လူသားသည်သင်တို့အားပေး၍၊ ထာဝရအသက် နှင့်အမျှတည်တတ်သောအစာကို၊ ရခြင်းငှါကြိုးစားကြလော့။ ထိုသားသည်ခမည်းတော်ဘုရား ၏တံဆိပ်ခတ်ခြင်း ကို၊ ခံသောသူဖြစ်သည်ဟုမိန့်တော်မူ၏။ ထိုသူတို့ကလည်း၊ ဘုရားသခင်၏ အလိုတော်နှင့်ညီသော အကျင့်ကို၊ ကျင့်ခြင်းငှါအဘယ်သို့ပြုရပါမည်နည်း၊ ဟုမေးလျှောက်ကြ၏။ ယေရှုကလည်း၊ ဘုရားသခင်စေလွှတ် တော် မူ သော သူကိုယုံခြင်းအကျင့်ကား၊ အလိုတော်နှင့်ညီသောအကျင့်တည်း၊ ဟုမိန့်တော်မူ၏။ ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည်ကိုယ်မျက်စိနှင့်မြင်၍၊ ကိုယ်တော်ကိုယုံကြည်မည်အ ကြောင်းအဘယ်နိမိတ်လက္ခဏာကို ပြတော်မူသနည်း။ အဘယ်အမှုကိုပြုတော်မူသနည်း။ (ယောဟန် ၆း၂၅-၃၀)

ယုဒလူများသည်သခင်ယေရှုကိုရှာကြခြင်းသည်မုန့်ကိုစာ၍ဝသောကြောင့်ဟုဆိုသည်။ သခင်ယေရှုက ပျက်စီးတတ်သောမုန့်ထက်ထာ၀ရအသက်နှင့်အမျှတည်တတ်သောမုန့်ကိုရခြင်းငှါကြိုးစားဘို့ပြောသည်။ ယနေ့ များစွာသောခရစ်ယာန်များလည်း၊ ဘုရားကိုရှာခြင်းသည်ဝမ်းစာရရှိဘို့၊ သို့မဟုတ်လောကအရာကိုရရှိဘို့ဖြစ်နေ ကြသည်ကိုဝမ်းနည်းစွာတွေ့မြင်နေရသည်။ သခင်ယေရှုကယုဒလူများကိုအကြံပေးသကဲ့သို့ထာ၀ရအသက်နှင့် အမျှတည်တတ်သောမုန့်တည်းဟူသောဝိညာဉ်ပိုင်းအစာကိုရခြင်းငှါရှာကြစို့။

ယုဒလူတို့ကမုန့်ကိုဝလင်စွာစားပြီးနောက်တနေ့တွင်၊ ကျွန်ုပ်တို့သည်ကိုယ်မျက်စိနှင့်မြင်၍၊ ကိုယ်တော်ကို ယုံကြည်မည်အကြောင်းအဘယ်နိမိတ်လက္ခဏာကိုပြတော်မူသနည်း၊ ဟုမေးခြင်းသည်အလွန်အံ့ဩစရာဖြစ် သည်။ ငါးနှစ်ကောင်နှင့်မုန့်ငါးလုံးဖြင့်လူငါးထောင်မကဝလင်စွာစားပြီးဆယ့်နှစ်တောင်းကျန်ကြွင်းခြင်းသည်ကြီး စွာသောနိမိတ်လက္ခဏာပင်မဟုတ်လော။ အဘယ်သို့သောနိမိတ်လက္ခဏာကိုမြင်ဘို့လိုသေးသနည်း။ ယနေ့ကျွန်ုပ် တို့အနေဖြင့်မယုံကြည်သူများထက်ဘုရား၏ကျေးဇူးတော်သို့မဟုတ်နိမိတ်လက္ခဏာများကိုမမြင်ကြပါ။ အကြောင်းမှာသခင်ယေရှုက၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည်၊ ကောင်းသောသူမကောင်းသော သူတို့အပေါ်၌ ကိုယ်တော်၏ နေကိုထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူမဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကို ရွာစေတော်မူ၏။ (မဿဲ ၅း၄၅) ဟုဆိုထားသည်။ နေထွက်ခြင်းမိုးရွာခြင်းတို့သည်ဘုရားသခင်၏ ကျေးဇူးတော်နှင့် နိမိတ်လက္ခဏာများဖြစ်သည်။ သို့သော်လူသားများကထိုအရာကိုသဘာဝဟုယူဆကြသည်။ ထိုအရာများသည် ဘုရားသခင်၏ကျေးဇူးတော်နှင့်နိမိတ်လက္ခဏာများဖြစ်သည်။ ယုဒလူများကဲ့သို့အထူးတောင်းစရာမလိုတော့ချေ။

လာဇရုနှင့်သူဌေးကြီး

၁၉ ယဖန်တုံ၊ သူဌေးတယောက်သည်နီမောင်းသောကမ္ဗလာနှင့်ပိတ်ချောကိုဝတ်ဆင်၍၊ ကာမဂုဏ် စည်းစိမ်၌နေ့တိုင်း ပျော်မွေ့လျက် နေ၏။ ၂၀ လာဇရုအမည်ရှိသောသူဆင်းရဲတယောက်သည်၊ တကိုယ်လုံး၌အနာစိမ်းပေါက်၍၊ ၂၁ သူဌေး၏ စားပွဲမှကျသော စားနုပ်စားပေါက် ကိုစားပါရစေ၊ ဟု တောင့်တသောစိတ်နှင့်သူဌေးအိမ်တံခါးနားမှာတုံးလုံး နေ၏။ ခွေးတို့သည်လာ၍အနာစိမ်းများကိုလျက်ကြ၏။ ၂၂ တနေ့သ၌ထို ဆင်းရဲသားသည်သေလွန်၍၊ ကောင်းကင် တမန်တို့သည် အာဗြဟံ၏ရင်ခွင်သို့ပို့ဆောင်ကြ၏။ သူဌေးသည်လည်းသေလွန်၍၊ သင်္ဂြိုလ်ခြင်းကိုခံရ လေ ၏။ ၂၃ မရဏာနိုင်ငံ၌ပြင်းပြစွာသောဝေဒနာကိုခံရလျက်မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ရင် ခွင်၌လာဇရုကို၎င်း၊ အဝေးကမြင် လျှင်၊ ၂၄ အိုအဘအာဗြဟံ၊ အကျွန်ုပ်ကိုကယ်မသနားတော်မူပါ။ အကျွန်ုပ်သည်ဤမီးလျှံ၌ပြင်းစွာခံရသောကြောင့်၊ လာဇရုသည်မိမိလက်ဖျားကို ရေ၌နှစ်၍အကျွန်ုပ်လျှာကိုအေးစေခြင်းငှါသူ့ကိုအကျွန်ုပ်ရှိရာသို့စေလွှတ်တော်မူပါဟုဟစ်ကြော်လေ၏။ ၂၅ အာဗြဟံကလည်း၊ ငါ့သား၊ သင် သည် အသက်ရှင်စဉ်အခါချမ်းသာရသည်ကို၎င်း၊ လာဇရုသည်ဆင်းရဲစွာနေရသည်ကို၎င်းအောက်မေ့လော့။ ယခုမူကား၊ သူသည်သက်သာ ခြင်းရှိ၏။ သင်သည်ဒုက္ခဝေဒနာကိုခံရ၏။ ၂၆ ထိုမှတပါး၊ ငါတို့နှင့်သင်တို့စပ်ကြား၌ အလွန်နက်လှသောချောက်ကြီးတည်လျက် ရှိ၏။ ထိုကြောင့် ဤအရပ်မှသင်တို့ရှိရာသို့ကူးချင်သောသူမကူးနိုင်။ ထိုအရပ်မှငါတို့ ရှိရာသို့ကူးချင်သောသူလည်းမကူးနိုင်ဟုဆို၏။ ၂၇ သူဌေးကလည်၊ အိုအဘ၊ ထိုသို့မှန်လျှင်၊ ၂၈ အကျွန်ုပ်၌ညီငါးယောက်ရှိပါသည်ဖြစ်၍သူတို့သည်ဤပြင်းပြစွာခံရာအရပ်သို့မရောက်မည်အကြောင်း၊ သူတို့အားသက်သေခံ စေခြင်းငှါ၊ လာဇရုကိုအကျွန်ုပ်အဘ၏အိမ်သို့စေလွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟုပြောဆိုလျှင်၊ ၂၉ အာဗြဟံက၊ သင်၏ညီတို့၌ မောရှေမှစ၍ပရောဖက်များရှိကြ၏။ ပရောဖက်တို့၏စကားကိုနားထောင်ကြစေဟုဆို၏။ ၃၀ သူဌေးကလည်း၊ မဟုတ်ပါအဘအာဗြဟံ၊ သေသောလူစုထဲကတယောက်သောသူသည်ထမြောက်၍ သူတို့ရှိရာသို့သွားလျှင်၊ သူတို့သည်နောင်တရကြပါလိမ့်မည် ဟုဆိုသော်၊ ၃၁ အာ ဗြဟံက၊ သူတို့သည်မောရှေ၏စကား၊ ပရောဖက်တို့၏စကားကိုနားမထောင်လျှင်၊ တယောက်သောသူသည်သေခြင်းမှထမြောက်သော် လည်း မယုံကြည်နိုင်ကြ၊ ဟု အာဗြဟံဆိုသည်ဟုမိန့်တော်မူ၏။(လုကာ ၁၆း၁၉-၃၁)

အထက်ပါအဖြစ်အပျက်၌သူဌေး၏စိတ်ထဲ၌သူ၏ညီများသည်လာဇရုရှင်ပြန်ထမြောက်၍ပြောလျှင်ယုံကြည်ကြမည်ဟုယူဆသည်။ သို့ သော်အာဗြဟံကမောရှေနှင့်ပရောဖက်များ၏စကားကိုနားမထောင်လျှင်သေူသောသူရှင်ပြန်ထမြောက်ပြီးပြော သော် လည်းယုံကြည်မည်မဟုတ်၊ ဟုဆိုသည်။

သခင်ယေရှုသေခြင်း

မွန်းတည့်အချိန်မှစ၍သုံးချက်တီးအချိန်တိုင်အောင်မြေတပြင်လုံး၌မှောင်မိုက်အတိဖြစ်လေ၏။ ၄၆ သုံးချက်တီးအချိန်၌ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိ၊ ဟုကြီးသောအသံနှင့်ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ် ကိုစွန့်ပစ်တော်မူသနည်း၊ ဟုဆိုလိုသတည်း။ ၄၇ ထိုအရပ်၌ရပ်နေသောသူ အချို့ တို့သည်ကြားလျှင်၊ သူသည်ဧလိယကိုခေါ်သည်၊ ဟုဆိုကြ ၏။ ၄၈ လူတယောက်သည်ချက်ခြင်းပြေး၍၊ ရေမှိုတထွေးကို ပုံးရည်နှင့်ပြည့်စေပြီးလျှင်၊ ကျူလုံးဖျား၌တပ်၍ကိုယ်တော်အားသောက် စိမ့်သော ငှါပေးလေ ၏။ ၄၉ ကြွင်းသော သူတို့က၊ ရှိစေတော့။ ဧလိယသည်သူ့ကိုကယ်တင်ခြင်းငှါလာမည်မလာမည်ကိုကြည့်ကြ ကုန်အံ့၊ ဟုဆိုကြ ၏။ ၅၀ ယေရှု သည်ကြီး သောအသံနှင့်တဖန်ကြွေးကြော်ပြီးလျှင်၊ အသက်တော်ကိုလွှတ် တော်မူ၏။ ၅၁ ထိုအခါဗိမာန်တော်၏ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင်စုတ်ကွဲလေ၏။ မြေကြီးလှုပ်လေ၏။ ကျောက်များတို့သည်ကွဲပြားကြ၏။ ၅၂ သင်္ချိုင်းတွင်းတို့ သည်ပွင့် လစ်သဖြင့်၊ ကျိန်းစက် လျက် ရှိသောသန့်ရှင်းသူတို့၏အလောင်းများစွာတို့သည်ထကြ၍၊ ၅၃ ကိုယ် တော်ထမြောက်တော်မူသည်နောက်၊ ထိုသူတို့ သည်သင်္ချိုင်းတွင်းမှထွက်၍သန့်ရှင်းသောမြို့ထဲသို့ဝင်ပြီးလျှင်၊ လူများစွာတို့အား ထင်ရှားကြ၏။ ၅၄   ယေရှု ကိုစောင့်သောတပ်မှူး မှစ၍စစ်သူရဲ များတို့သည်၊ မြေကြီးလှုပ်ခြင်းစသည်တို့ကိုမြင်လျှင်အလွန်ထိတ်လန့် ၍၊ စင်စစ်ဤသူသည်ဘုရားသခင်၏သားတော်မှန်ပေ၏၊ ဟုဆိုကြ၏။(မဿဲ ၂ရး၄၅-၅၄)

သခင်ယေရှုအသေခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းသည်ကမ္ဘာပေါ်၌အံ့ဩဘွယ်ရာအကြီးဆုံးပိုင်း၌ ပါဝင်သည်။ သူအသက်ဆုံးသောအခါမွန်းတည့်အချိန်မှသုံးနာရီလုံးလုံးမြေတပြင်လုံး၌မှောင် မိုက်သွားသည်။ ထိုအရာတခုတည်း ပင်လျှင်အံ့ဩစရာ၊ ကြောက်ရွံ့တုန်လှုပ်စရာဖြစ်သည်။ မြေငလျှင်လှုပ်သောကြောင့်ကျောက်များပင် လျှင်ကွဲပြီး သင်္ချိုင်း တွင်းများပွင့်ကုန်သည်။ ထိုမျှသာမကရှေးသန့်ရှင်းသူများထမြောက်ကာမြို့ထဲသို့ ဝင်ပြီးလျှင်လူများစွာ တို့အားထင်ရှားကြသည်။ မြေငလျှင်ကြောင့်ဗိမာန်တော်အထဲမှကုလားကာသည်ကွဲသွားသော်လည်းဗိမာန် တော် မပြိုမလဲ ခြင်းလည်းအံ့ဩဘွယ်ရာဖြစ်သည်။ သို့သော်ယေရုရှလင်မြို့သားများအံ့ဩပြီးသခင်ယေရှုကို ယုံကြည် ကြပါသလား။ လုံးဝမယုံကြည်ကြချေ။ ရောမတပ်မှူးနှင့်စစ်သူရဲများကသာယုံကြည်ကြသည်။

သခင်ယေရှုထမြောက်ခြင်း

၁။ ဥပုသ်နေ့လွန်၍ခုနစ်ရက်တွင်ပဌမနေ့ရက်မိုးလင်းအံ့ဆဲဆဲအချိန်၌၊ မာဂဒလမာရိနှင့်အခြားသောမာရိသည် သင်္ချိုင်းတော်ကို အကြည့်အရှုသွား ကြ၏။ ၂။ ထိုအခါမြေကြီးသည်ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ ထာဝရ ဘုရား၏ ကောင်းကင် တမန်သည်ကောင်းကင်ဘုံမှဆင်းလာ၍၊ တွင်းဝ၌ပိတ်သောကျောက် ကိုလှိမ့်လှန် ပြီးလျှင်၊ ထိုကျောက်ပေါ်မှာထိုင်နေ၏။ ၃။ သူ၏မျက်နှာသည်လျှပ်စစ်ကဲ့သို့ထင်၏။ အဝတ်သည် လည်း မိုးပွင့်ကဲ့ သို့ဖြူ ၏။ ၄။ လူစောင့်တို့သည်ကောင်းကင် တမန်ကိုကြောက်ရွံ့သဖြင့်တုန်လှုပ်၍၊သေမတတ်ဖြစ်ကြ၏။ ၅။ ကောင်း ကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိ ကြနှင့်။ လက်ဝါး ကပ်တိုင်မှာသတ်သောယေရှုကိုသင်တို့ရှာကြ သည်ကိုငါ သိ၏။ ၆။ ဤအရပ်၌မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြသခင်လျောင်းတော် မူရာအရပ်ကို ကြည့်ကြလော့။ ရ။ အလျှင်အမြန်ပြန်သွား၍သေခြင်းမှထမြောက်တော်မူကြောင်းကို၊ တပည့်တော်တို့အားပြောကြ လော့။ သင်တို့ရှေ့ဂါလိလဲပြည်သို့ကြွတော်မူမည်။ ထိုပြည်၌သင်တို့သည်ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်ငါ ပြောပြီ၊ ဟုထိုမိန်းမတို့အားကောင်းကင်တမန်ဆို၏။ ၈။ ထိုမိန်းမတို့သည်လည်းကြောက်ရွံ့သဖြင့်၎င်း၊ အလွန်ဝမ်း မြောက်သဖြင့်၎င်း၊ သင်္ချိုင်းတော်မှအလျှင်အမြန်သွား၍၊ တပည့်တော်တို့အားထိုသိတင်းစကားကိုကြားပြောခြင်း ငှါပြေးကြ၏။ ၉။ လမ်းမှာသွားကြစဉ်ယေရှုသည်ကြိုဆိုတော်မူ၍၊ သင်တို့အားမင်္ဂလာဖြစ်စေသတည်း၊ ဟုမိန့် တော်မူ၏။ ထိုမိန်းမတို့သည်ချဉ်းကပ်၍၊ ခြေတော်ကိုဘက်ယမ်းလျက်ပြပ်ဝပ်ကိုးကွယ်ကြ၏။  ၁၀။ ယေရှုက လည်းကြောက်ရွံ့ခြင်းမရှိကြနှင့်၊ သွားကြလော့။ ငါ့ညီတို့သည်ဂါလိလဲပြည်သို့သွားစေခြင်းငှါ ဤသိတင်းစကား ကိုကြား ပြောကြလော့။ ထိုပြည်၌သူတို့သည် ငါ့ကိုတွေ့မြင်ရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၁၁။ ထိုမိန်းမတို့ သည်သွားကြ စဉ်အခါ၊ လူစောင့်အ ချို့တို့သည်မြို့ထဲသို့ဝင်၍ဖြစ်လေသမျှ သောအခြင်းအရာတို့ကို ယဇ်ပုရောဟိတ်အကြီးတို့အား ပြန်ကြားကြ၏။ ၁၂။ ယဇ်ပုရော ဟိတ်အကြီးတို့နှင့်လူအကြီးအကဲတို့သည်စုဝေး၍ တိုင်ပင်ပြီးမှ၊ စစ်သူရဲတို့ အားငွေအများကိုပေး၍၊ ၁၃။ ညအခါငါတို့အိပ်ပျော်စဉ်တွင်၊ ထိုသူ၏တပည့်တို့ သည်လာ၍ အလောင်းကိုခိုးသွား ကြသည်ဟုသင်တို့ပြောကြလော့။ ၁၄။ ထိုအကြောင်းကိုမြို့ဝန်မင်းကြားပြန်လျှင်၊ ငါတို့သည် သူ့ကိုဖျောင်းဖျ ၍ သင်တို့၌အမှုမရှိစေခြင်းငှါပြုမည်၊ ဟု ၁၅။ သွန်သင်သည်နှင့်အညီ၊ စစ်သူရဲတို့သည် ငွေကိုယူ၍ပြုကြ၏။ ထိုစကား ကိုယခုတိုင်အောင်ယုဒလူတို့ သည်အနှံ့အပြားပြောဆိုကြ၏။(မဿဲ ၂၈း၁-၁၅)

သခင်ယေရှုသည်သေသောအခါ၌သာမကရှင်ပြန်ထမြောက်သောအခါ၌လည်းမြေကြီးပြင်းစွာလှုပ်သည်။ သို့သော်ထိုအရာကိုသတိမထားကြချေ။ လူစောင့်တို့သည်သူတို့ကိုယ်တိုင်ကောင်းကင်တမန်ကိုမြင်သောကြောင့် တုန်လှုပ်၍သေမတတ်ကြောက်ခဲ့ကြသော်လည်း၊ ယဇ်ပုရောဟိတ်အကြီးအကဲတို့ကငွေအများကိုပေးပြီးလိမ်ပြော ခိုင်းသောအခါ၊ ငါတို့အိပ်ပျော်စဉ်တွင်သူ၏တပည့်တို့သည်လာသည်လာ၍ အလောင်းကိုခိုးသွား ကြသည်ဟုလိမ် ပြောကြသည်။ ယဇ်ပုရောဟိတ်များလည်းမည်မျှပင်နိမိတ်လက္ခဏာကိုမြင်တွေ့ကြားသိရသော်လည်း၊ သခင်ယေရှုကိုယုံကြည်လက်ခံခြင်းမရှိ၊ မုသာကိုထွင်ပြောခိုင်းကြသည်။ အမှန်မှာလူစောင့်များကိုသင်ပေးသကဲ့သို့ သူတို့အိပ်ပျော်စဉ်ယေရှုအလောင်းကိုသူ့တပည့်များကခိုးယူသွားလျှင်၊ လူစောင့်များကိုသတ်ရမှာဖြစ်သည်။ မြို့ဝန် မင်းကိုလည်းဖျောင်းဖျဘို့အထိကြံရွယ်ကြသည်။ အလွန်အံ့ဩစရာဖြစ်သည်။ အမှန်မှာယေရှုတပည့်များသည်လူ နည်းသည်သာမကအားမရှိသောသူများဖြစ်သည်။ လုံးဝမဖြစ်နိုင်သောအရာကိုမုသာပြောကြ၍၊ ယုဒလူများက လည်းထိုမုသာစကားကိုယုံကြသည်။ ထိုကြောင့်ယုဒလူများသည်နိမိတ်လက္ခဏာအားဖြင့်မည်သို့မျှမယုံကြည်စေ နိုင်ကြောင်းအလွန်ထင်ရှားသည်။ သင်လည်းမယုံကြည်နိုင်လျှင်ယုဒသွေးပါသည်ကိုသိစေချင်သည်။

ခြေမစွမ်းသောသူကျန်းမာ

ထိုအခါပဌနာပြုရသောသုံးချက်တီးအချိန်၌၊ ပေတရုနှင့်ယောဟန်တို့သည်ဗိမာန်တော်သို့တက်ကြသည် ရှိ သော်၊ ၂ အမိဝမ်းတွင်းက ပင်ခြေ မစွမ်းသောသူတယောက်ကို၊ သူတပါးတို့သည်ထမ်းလျက်လာကြ၏။ ဗိမာန် တော်သို့ဝင်သောသူတို့မှာ၊ စွန့်ကြဲခြင်းကိုခံစေခြင်းငှါ၊ တင့်တယ် အမည်ရှိသောတံခါးနားမှာ၊ ထိုသူကိုထား လေ့ ရှိ၏။ ၃ ပေတရုနှင့်ယောဟန်တို့သည်၊ဗိမာန်တော်သို့ဝင်လာကြသည်ကို၊ ထိုသူသည်မြင်လျှင်စွန့်ကြဲ ပါဟုတောင်း လေ ၏။ ၄ ထိုအခါပေတရုနှင့်ယောဟန်တို့သည်ထိုသူကိုစေ့စေ့ကြည့်ရှု၍၊ ငါတို့အားမျှော်ကြည့်လော့ဟုဆို လျှင်၊ ၅ ထို သူ သည်တစုံ တခုကို ရမည်ဟုစိတ်ထင်နှင့်၊တမန်တော်တို့ကိုမျှော်ကြည့်လျက်နေ ၏။ ၆ ပေတရုက လည်း၊ ငါ၌ရွှေငွေမရှိ၊ ရှိသည်အရာကိုသင့်အားပေးမည်။ နာဇရက်မြို့သားယေရှုခရစ်၏နာမတော်အားဖြင့်၊ ထ၍လှမ်းသွားလော့ဟုဆိုလျက်၊ ၇ သူ၏လက်ျာလက်ကိုကိုင်ဆွဲချီကြွလေသောခဏချင်းတွင်၊ ခြေနှစ်ဘက်ဖ မျက်စိ တို့သည်စွမ်းအားကိုရသဖြင့်၊ ၈ ရုတ်တရက်ထ၍၊ မတ်တပ်ရပ်ပြီးလျှင်၊ လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက်ဘုရား သခင် ကိုချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူဗိမာန်တော်သို့ဝင်လေ၏။ (တမန် ၃း၁-၈)

၁ ထိုသို့တမန်တော်တို့သည်လူများတို့အားဟောပြောစဉ်တွင်၊ ဗိမာန်တော်မှူးမှစသောယဇ်ပုရောဟိတ်တို့နှင့်၊ ဇဒ္ဒုကဲများတို့သည်လာကြသဖြင့်၊ ၂ တမန်တော်တို့သည်လူများတို့အားဆုံးမဩဝါဒပေး၍၊ ယေရှုကိုအကြောင်း ပြုလျက်သေခြင်းမှထ မြောက်ခြင်းတရားကိုဟောသောကြောင့်၊ ထိုမင်းများတို့သည်စိတ်ပူပန်ခြင်းရှိသည် နှင့်၊ 

၃ တမန်တော်တို့ကိုဖမ်းဆီးပြီးမှ၊ ညအချိန်ဖြစ်သောကြောင့်၊ နက်ဖြန်နေ့တိုင်အောင်နှောင်အိမ်၌ချုပ်ထား ကြ၏။ 

၄ တရားနာသောသူများတို့သည်၊ ယုံကြည်ခြင်းသို့ရောက်၍၊ အရေအတွက်အားဖြင့်လူငါးထောင်မျှလောက် ရှိကြ ၏။ ၅ နက်ဖြန်နေ့ရောက်သော်မင်းအရာရှိ၊ လူအကြီး အကဲ၊ ကျမ်းပြုဆရာတို့နှင့်၊ ၆ ယဇ်ပုရောဟိတ်မင်းအန္နတ်၊ ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြုမှစ၍ယဇ်ပုရောဟိတ်မင်းမျိုးရှိသမျှတို့သည်၊ ယေရုရှလင်မြို့၌စုဝေးကြပြီး လျှင်၊ ၇ တမန်တော်တို့ကိုအလယ်၌ထား၍၊ သင်တို့သည်အဘယ်သို့သောတန်ခိုး၊ အဘယ်သူ၏နာမအားဖြင့်ဤ အမှုကိုပြုသနည်းဟုမေးမြန်းကြ၏။ ပေတရုကရဲဝင့်စွာသခင်ယေရှုနာမပြော ၈ ထိုအခါပေတရုသည်သန့်ရှင်း သောဝိညာဉ်တော်နှင့်ပြည့်လျက်၊ လူများကိုအစိုးရသောမင်းတို့နှင့်ဣသရေလအမျိုးအကြီး အကဲတို့၊ ၉ အင်္ဂါ ချို့တဲ့သောသူကိုကျေးဇူးပြု၍၊ သူသည်အနာရောဂါနှင့်အဘယ်သို့ကင်းလွတ်သနည်း၊ ဟု ငါတို့သည်ယနေ့ အစစ်ခံရလျှင်၊ ၁၀ သင်တို့သည်လက်ဝါးကပ်တိုင်မှာကွပ်မျက်၍၊ ဘုရားသခင်သည်သေခြင်းမှထမြောက် စေ တော်မူသော၊ နာဇရက်မြို့သားယေရှုခရစ်၏နာမတော်အားဖြင့်၊ ဤသူသည်သင်တို့မျက်မှောက်၌ကျန်းမာလျက်ရှိ သည်ကိုသင်တို့မှစ၍၊ ဣသ ရေလလူအပေါင်းတို့သိမှတ်ကြလော့။ ၁၁ ထိုသခင်ကား၊ သင်တို့သည်တိုက်ကို တည် လုပ်သောအခါပယ်ထား၍၊ နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ရောက်ပြန်သော၊ ကျောက်ဖြစ်တော်မူ၏။ ထို သခင် မှတပါးအဘယ်သူမျှကယ်တင်ခြင်းအမှုကိုမတတ်နိုင်။ ၁၂ ထိုသခင်၏နာမတော်မှတပါး၊ ငါတို့ကိုကယ်တင် နိုင်သောနာမတစုံတခုမျှကောင်းကင်အောက်လူတို့တွင်၊ မပေါ်မရှိဟုပေတရုသည်ထိုသူတို့အားမြွက်ဆို၏။

ယေရှုနာမဖြင့်မဟောပြောဘို့မြစ်တား၁၃ ထိုသူတို့သည်ပေတရုနှင့်ယောဟန်တို့၏ရဲရင့် သတ္တိကိုမြင်၍၊ လူတတ် မဟုတ်၊ လူသာမညသာ (စာမသင်သောသူ၊ ကျောင်းမတက်ဘူးသောသူ) ဖြစ်သည်ကိုသိမှတ်သဖြင့်အံ့ဩ၍နေ ကြ၏။ ထိုသူနှစ်ယောက်တို့သည်အထက်ကယေရှုနှင့်အတူရှိသည်ကို သတိရ၍၎င်း၊ ၁၄ အနာကင်းလွတ်သော  သူသည်ထိုသူတို့နှင့်အတူရှိနေသည်ကိုမြင်၍၎င်း၊ ငြင်းခုံဆိုဘွယ်ရာမရှိမတွေ့ကြ။ ၁၅ တမန်တော်တို့ကိုလွှတ် တော်မှထွက်သွားစေပြီးလျှင်၊ ဤသူတို့ကိုအဘယ်သို့ပြုရမည်နည်း။ ၁၆ သူတို့သည်ထင်ရှားစွာ သောနိမိတ် လက္ခဏာကိုပြပြီးသည်ကို၊ ယေရုရှလင်မြို့၌နေသောသူအပေါင်းတို့သည်သိမြင်ကြ၏။ ငါတို့သည်လည်း ငြင်းခုံ ခြင်းငှါမတတ်နိုင်ပြီ။ ၁၇ သို့သော်လည်းလူများထဲ၌သာ၍မနှံ့မပြားစေခြင်းငှါ၊ နောက်တဖန်ထိုနာမကိုအမှီပြုလျက် အဘယ်သူကိုမျှမဟောမပြောနှင့်ဟူ၍၊ သူတို့ကိုကျပ်တည်းစွာခြိမ်းချောက်ကြကုန်အံ့ဟုအချင်းချင်း တိုင်ပင်ပြီး မှ၊ ၁၈ တမန်တော်တို့ကိုခေါ်၍၊ ယေရှု၏နာမကိုအမှီပြုလျက်ဟောပြောသွန်သင်ခြင်းကိုအလျှင်းမပြုနှင့်ဟု အမိန့်ရှိ ကြ၏။(တမန်တော် ၄း၁-၁၈)

သခင်ယေရှုကိုသာမက၊ သူ၏တပည့်များကမွေးကတည်းကခြေမစွမ်းသောသူကိုကျန်းမာစေသောအခါ၊ ယဇ်ပုရောဟိတ်မင်းတို့မှစ၍မင်းအရာရှိတို့သည်မငြင်းနိုင်သော်လည်း၊ လုံးဝနောင်တရခြင်းယုံကြည်ခြင်းမရှိကြ ချေ။ ထို့ထက်တပည့်တော်များကိုခြိမ်းချောက်ခြင်း၊ ယေရှုနာမဖြင့်ဟောပြောခြင်းများကိုပိတ်ပင်ကြသည်။ ထို့ ကြောင့်ယုဒလူများသည်နိမိတ်လက္ခဏာများကိုတောင်းကြသော်လည်း၊ ယုံကြည်ခြင်းမရှိကြချေ။ ထို့ကြောင့်ထိုသို့ မယုံကြည်မည့်လူများကိုသခင်ယေရှုကမပြလိုခြင်းဖြစ်သည်။ သင်သည်ယုဒလူကဲ့သို့မယုံကြည်နိုင်သောသူဖြစ်ပါ သလော။ ရှင်ပေါလုက၊ ယုံကြည်ခြင်းသည်ကြားနာခြင်းအားဖြင့်ဖြစ်၏ ဟုဆိုသည် (ရောမ ၁၀း၁ရ)။ သူကယုံ ကြည်ခြင်းသည်၊ နိမိတ်လက္ခဏာအားဖြင့်ဖြစ်သည်ဟုမဆိုချေ။ ထို့ကြောင့်ယခုမှစ၍ယုံကြည်ဘို့ရန်ကြား နာဖတ်ရှုကြပါစို့။

MORE GOODNEWS

2024 2023 2022 2021 2020 2019 2018 2017 2016 2015 2014 2013 2012 2011 2010 2009

YOU MAY ALSO LIKE

 





© 2023 GBCUSA.ORG