Periodical: Good News, September 2016

Home  >  Periodicals >September 2016

gn092016-cover

SEPTEMBER 2016

GOOD NEWS PERIODICAL

.

မာတိကာ

အမှာစာ

ယုံကြည်သူများချီဆောင်ခြင်း နေ့ရက်နီးလေလေ၊ ဤလောက ဒုက္ခ ဆင်းရဲခြင်း မှလွတ်တော့မှာ ဖြစ်သောကြောင့် ဝမ်းမြောက် လေလေ ဖြစ်သည်။ ဤကမ္ဘာကြီးသည် ပို၍ ပို၍ ပြသနာ များလာသည်။ လူများလည်း ပို၍ ပို၍ ခေါင်းမာလေလေ၊ အပြစ် ဒုစရိုက်များ ပြုလုပ် လေလေ ဖြစ်သည်။ ဘုရားသခင်၏ အခမဲ့ ကယ်တင်ခြင်းကို မလိုချင်၊ မကြားချင် ဖြစ်သောကြောင့် စိတ်ပျက်စရာ ကောင်းသည်။ သို့သော် ကျန်ရစ်မည့် သူများအတွက် ဝမ်းနည်းလေလေ ဖြစ်မိသည်။ အတင်း ယုံကြည်အောင် ပြော၍ လည်း မရ၊ သူတို့ ခံရမည့် အရာကို တွေးမိ သောအခါ အလွန် သနားမိသည်။ ချီဆောင်ခြင်း ပြီးသည်နှင့် တပြိုင်နက်ကမ္ဘာ့ အ​ခြေအနေသည် ချက်ချင်း ပြောင်းလည်းစရာ ရှိသည်။ အကြောင်းမူကား ယုံကြည်သူ အစစ်များ မရှိတော့ သောအခါ၊ စာတန်၏ လှုပ်ရှားမှုသည် အဆီးအတားမရှိတော့သောကြောင့် အလွန်သောင်းကြမ်းမှာ ဖြစ်သည်။ ပေါလုက၊ “ဝှက်ထားလျက် ရှိသော ထိုအဓမ္မ အရာသည် ယခုပင်ပြုပြင်ဆဲရှိ၏။ သို့သော်လည်း ၊ ဆီးတားသောသူ ( သန့်ရှင်းသော ဝိညာဉ်တော်၊ အသင်းတော်၊ ယုံကြည်သူများ)သည် ပယ်ရှင်းခြင်း (ရုပ်သိမ်းခြင်း၊ ချီဆောင်ခြင်း)သို့ မရောက်မှီတိုင်အောင် ဆီးတားလိမ့်မည်။ ၈ ပယ်ရှင်းခြင်းသို့ ရောက် သောအခါ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။” (၂ သက် ၂:ရ- ၈)ဟု ရေးထားသည်။ အဓမ္မလူသည် စာတန် အသုံးပြုသော ကမ္ဘာ့ ခေါင်းဆောင်၊ အန္တီခရစ် ဖြစ်သည်။ ကမ္ဘာကြီးသည် ပြသနာ များလွန်းသောကြောင့် ထိုပြသနာ ​ ဖြေရှင်း ဘို့ရန် အန္တီခရစ်ကို အာဏာပေးကြလိမ့်မည်။ ဗျာ ၆ အရကမ္ဘာ့ ခေါင်းဆောင် အန္တီခရစ်ကို အာဏာပေး သောအခါ၊ ခဏငြိမ်သက်သော်လည်း မကြာမှီစစ်မက် ဖြစ်ပွားမည်။ ထို့နောက်အစာရေစာ ခေါင်းပါးမည်။ ရောဂါကပ်ဆိုက်ရောက်မည်။ ကမ္ဘာ့ လူဦးရေသည် လေးပုံတပုံလျော့သွားမည်။ လူတိုင်းသားရဲ တည်းဟူသောအန္တီခရစ်၏ အမှတ်တံဆိပ်တည်း ဟူသော၊ ၆၆၆ ခတ်ကြမည်။ ထိုအရာမခတ်လျှင် မဝယ်နိင်၊ မရောင်းနိင် ဖြစ်မည်။ ဘုရားသခင်၏ အမျက်ဒေါသလောင်း၍ လူများ ကြောက်လွန်းသောကြောင့် သေခြင်းကို ရှာကြလိမ့်မည်။ ပေါင်တရာလေးသော မိုးသီးများ ကျမည်။ အကြီးမားဆုံး သော ငလျှင်များလှုပ်မည်။ ထိုအရာများ မှလွန်လမ်းသည် ချီဆောင်ခြင်း၌ ပါဘို့ သာလျှင် ဖြစ်သည်။ ချီဆောင်ခြင်း၌ ပါရန် ခရစ်တော်ကို စိတ်နှလုံးထဲ၌ လက်ခံရရှိဘို့ လိုသည်။ အောက်တိုဘလ ၃ ရက်နေ့သည် တံပိုးမှုတ်ပွဲ ဖြစ်သည်။

.

^

အတင်းမခေါ်ပါ

ဘုရားသခင်၏ စိတ်နေစိတ်ထား၊ စီမံလုပ်ကိုင်ပုံကို သိတတ်ဘို့ လိုသည်။ သူသည် လူတိုင်းကို ကောင်းကင်နိင်ငံ ဝင်ခွင့်ပေးသော်လည်း၊ လူ၏ ဆန္ဒမပါဘဲ အတင်း မခေါ်ပါ။ အဘယ်ကြောင့်နည်းဟူမူကား၊ လူကို ခလေး ကဲ့သို့ မဟုတ်ဘဲ လူကြီး ကဲ့သို့ ဆက်ဆံသောကြောင့် ဖြစ်သည်။ မိဘများ ကခလေး လေးများကို ထမင်း အတင်း ​ကျွေးတတ် သော်လည်း၊ အရွယ်ရောက်ပြီးသော သားသမီး များကို မူ အတင်း မ​ကျွေးပါ။ ခလေး များကို သူတို့၏ ဆန္ဒမပါသော်လည်း မိဘများက အတင်း ခေါ်သွားတတ်သည်။ သို့သော် အရွယ်ရောက်ပြီးသော သားသမီးများကို အတင်း မခေါ်တော့ချေ။ ထို့ကြောင့် ဘုရားသခင်သည် လူသားများကို လူကြီး ကဲ့သို့ ဆက်ဆံ ကြောင်း၊ လူ၏ ဆန္ဒမပါဘဲ အတင်း ကောင်းကင်သို့ မခေါ်ကြောင်း သိရသည်။ “ယေရှုသည် ရပ်၍ ​ကြွေးကြော် တော်မူသည်ကား၊ ရေငတ်သော သူရှိလျှင် ငါ့ထံသို့ လာ၍ သောက်လော့။ ငါ့ကို ယုံကြည်သော သူသည် ကျမ်းစာ လာသည် အတိုင်း အသက် ရေထွက်ရာစမ်းရေတွင်း ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသော၊ ယုံကြည်သော သူတို့သည် ခံရလတံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။” (ယောရး၃ရ- ၃၉)။ ဤနေရာ၌ ယေရှု ကရေငတ်သော သူဟုဆိုရာတွင် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူလိုသော သူကို ဆိုလိုခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို လူတိုင်းအား အတင်း မပေးပါ။ လိုချင်သော သူများကို သာလျှင် ပေးသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရား ပင် ဖြစ်သည်။ အကြောင်းမူကား၊ ယေရှုက၊ “ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏” ဟုဆိုသည် (ယော ၄:၂၄)။ ထိုသို့ ဝိညာဉ်တော် ရသော သူသည် ထာဝရ အသက် ရကြောင်း ယောဟန်ကဤသို့ ရေးထားသည်၊ “ဘုရားသခင်သည် ငါတို့အား ထာဝရ အသက်ကို ပေးတော်မူ၍ ၊ ထိုအသက် သည်လည်း သားတော်၌ ပါ၏။ ဘုရားသခင်၏ သားတော်ကို ရသော သူသည် အသက်ကို ရ၏။ ဘုရားသခင်၏ သားတော် မရသော သူမူကား အသက်ကို မရ။” (၁ ယော ၅:၁၁-၁၂)။ ဤနေရာ၌လည်း ဘုရားသခင်က ထာဝရ အသက်ကို ပေးသည်။ သို့သော် အတင်း မပေးပါ။ လိုချင်သော သူတိုင်းကို ပေးသည်။ သားတော် တည်းဟူသောယေရှုကို ရရှိမှသာလျှင် ထာဝရ အသက် ရမှာ ဖြစ်သည်။ ထို့ကြောင့် မည်သူမဆိုထာဝရ အသက် ရရှိဘို့၊ ကောင်းကင်နိင်ငံရောက်ဘို့ရန် မှာလူ၏ ဆန္ဒသည် အလွန် အရေးကြီးသည်။ ထာဝရ အသက် ရဘို့ရန်၊ ကောင်းကင်နိင်ငံရောက်ဘို့ရန် အလိုရှိသလော၊ မရှိသလော ဟူသောအရာသည် အဓိကမေးခွန်း ဖြစ်လာသည်။ အမှန်မှာ ထာဝရ အသက်သည် ဝယ်၍ မရပါ။ ကိုယ်ခန္ဓာအသက် ပင်လျှင် ဝယ်၍ မရပါ။ ရှိပြီးသော အသက်ကို ဆက်ဘို့ရန် ဆေးရုံမှာ သွား၍ ဆရာဝန်များ ထံပိုက်ဆံအမြောက်အများ ကုန်ကျ ခံတတ်ကြသည် မဟုတ်လော။ ကိုယ်ခန္ဓာအသက်သည် အလွန် ပျော်လွန်းသည် မဟုတ်၊ ပြသနာများလှ၍ အလွန် စိတ်ဆင်းရဲ ချိန်လည်းရှိတတ်သည်။ သို့သော် အသက် ရှင်ချင် ကြသေးသည် မဟုတ်လော။ ဆရာဝန်များ ကမတတ်နိင် လက်လျှော့ သောအခါ ဖြစ်စေ၊ ငွေကျေး မလိုက်နိင်တော့ သောအခါ သေရ ကြသည်။ သို့သော် ထာဝရ အသက် မူကား ဘုရားသခင်က အခမဲ့ပေးထားသည်။ သို့သော် စာတန်၏ လှည့်ဖျားမှုကြောင့်၎င်း၊ တန်ဘိုး နားမလည်၊ ထာဝရ မီးအိုင် ထဲ၌ ဒုက္ခ ဆင်းရဲ ခံရမှာကို မသိ၊ သိသော်လည်း ဂရုမစိုက်သောကြောင့် မလိုအပ်ဘဲ အသက် ရှုံးရမှာအလွန် နှမြောစရာ၊ ဝမ်းနည်းစရာ ဖြစ်သည်။ မိတ်ဆွေ၊ စာတန်၏ လှည့်ဖျားမှု မယုံပါနှင့်။ ကိုယ့်ကိုကိုယ်လည်း မလှည့်ဖျားပါနှင့်။ ဘုရား ပေးထားသော အသက်ကို အရယူပါ။ တဖန် ယေရှုက၊ “ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူ ဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် အသက် ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက် ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။ လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။” (မ ၁၆:၂၆) ဟုဆိုသည်။ ဤနေရာ၌လည်း ယေရှု ကသူ့ထံ အတင်း မဆည်းကပ်ခိုင်းပါ။ ဆည်းကပ်လိုလျှင်ဟုဆိုထားသည်။ ထို့အပြင် သူ့ကို မဆည်းကပ်ဘဲ ဤလောကကို ယပိုင်ဆိုင်လိုသောကြောင့် အသက် ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးမျှမရှိကြောင်း ကိုလည်း နှိုင်းယှဉ်ပြသွားသည်။ လူသည်ကိုယ့်အသက်ကို မရွေးနိင်ကြောင်းလည်း ပြောသွားသည်။

.

^

သခင်ယေရှု ထံလာသူတိုင်း

သခင်ယေရှု ထံသို့ လာသော သူတိုင်း အကျိုးမရဘဲ မနေပါ။ သူကို တိုင်ဤသို့ ဆိုခဲ့သည်၊ “ငါ့ထံသို့ လာသော သူကို ငါသည် အလျှင်း မပယ်။” (ယော ၆:၃ရ)။ သင်လည်း အမှန်တကယ် လိုချင် တောင့်တသော စိတ်နှင့် သခင်ယေရှု ထံလာလျှင်၊ အကျိုးမရဘဲ မနေပါ။ ကျမ်းစာ ထဲမှသခင်ယေရှု ထံလာသော သူတို့ကို သခင်ယေရှုက အကျိုးပေးကြောင်း ကြည့်ကြပါစို့။

နူနာစွဲသောသူ
“နူနာစွဲသော သူတယောက်သည် ညွတ်ပြပ်လျက်၊ သခင်အလိုတော် ရှိလျှင် ​ကျွန်တော်ကို သန့်ရှင်းစေနိုင် တော်မူသည်ဟု လျှောက်လေ၏။ ၃ ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူ လျက် လက်တော်ကို ဆန့်၍ ထိုသူကိုတို့ တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ ရောက်လေ၏။” (မ ၈:၂-၃)

ရောမတပ်မှုး
ရောမတပ်မှုးသည် သူ၏ ငယ်သား ​ခြေလက်သေနာအတွက် သခင်ယေရှု ထံသွား၍ အကူအညီတောင်း သောအခါ သခင်ယေရှုက၊ “သင်သွားလော့။ ယုံကြည်သည်နှင့် အညီသင်၌ ဖြစ်စေဟု မိန့်တော်မူ၏။ ထိုခဏခြင်းတွင် သူ၏ ငယ်သားသည် အနာ ရောဂါကင်း၍ သက်သာခြင်းသို့ ရောက်လေ၏။” (မ ၈:၁၃) ​

ခြေလက်သေသူ
ခြေလက်သေသော သူသည် သူကိုယ်တိုင်၏ ယုံကြည်ခြင်းကြောင့် မဟုတ်၊ သူ့ကို ထမ်းသော သူတို့၏ ယုံကြည်ခြင်းဖြင့် သခင်ယေရှု ထံလာသောအခါ၊ “ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်လျှင် လက်​ခြေသေသော သူအား၊ ငါ့သား မစိုးရိမ် နှင့်။ သင်၏ အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။” (မ ၉:၂)

အပြစ် သားများခေါ်ရန်လာ
သခင်ယေရှုသည်ကိုယ်ခန္ဓာကျန်းမာစေခြင်း အတွက် သာလာသည် မဟုတ်၊ ဝိညာဉ် ပိုင်း ကယ်တင်ခြင်း အတွက်လည်း လာသည်။ သူကိုယ်တိုင်ဤသို့ ဆိုသည်၊ “​ဖြောင့်မတ်သော သူတို့ကို နောင်တသို့ ခေါ်ခြင်းငှါ၊ ငါလာသည် မဟုတ်။ ဆိုးသော သူတို့ကို ခေါ်ခြင်းငှါ၊ ငါလာသတည်းဟု မိန့်တော်မူ၏။” (မ ၉:၁၃)။ မိတ်ဆွေ သင်လည်း ဝိညာဉ် ကယ်တင်ခြင်းသို့ ရောက်ဘို့ အလိုငှါ ခရစ်တော်ထံသို့ ယခုပင် ဆုတောင်းခြင်းဖြင့် လာပါ။

တရားစရပ်မှုး၏ သမီး
“အရာရှိတယောက်သည် လာ၍ ပြပ်ဝပ်လျက်၊ အ​ကျွန်ုပ်၏ သမီးသည် ယခုပင်သေဆဲရှိပါ၏။ သို့သော်လည်း ၊ ကိုယ်တော်သည် ကြွ၍ သူ့ အပေါ်၌ လက်ကို တင် တော်မူလျှင် အသက် ရှင်ပါလိမ့်မည်ဟု လျှောက်၏။ ယေရှုသည် ထ၍ တပည့်တော် တို့နှင့်အတူ ထိုသူနောက်သို့ လိုက် တော်မူ၏။” (မ ၉:၁၈-၁၉) “အရာရှိအိမ်သို့ ရောက် တော်မူ၍ တီးမှုတ်သော သူတို့နှင့် များစွာသော လူတို့သည် အုန်းအုန်းသဲသဲပြုကြသည်ကို မြင်လျှင်၊ ဖယ်ရှားကြလော့။ မိန်းမငယ်သေသည် မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊ ထိုသူတို့သည် ပြက်ယယ်ပြုကြ၏။ ထိုလူများကို ပြင်သို့ ထွက်စေပြီးမှအတွင်းသို့ ဝင်၍ မိန်းမငယ်၏ လက်ကိုကိုင် တော်မူသည်တွင် သူသည် ထလေ၏။” (မ ၉:၂၃-၂၅)

တဆယ့်နှစ်နှစ်သွေးသွန်အနာစွဲသူ
“ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံးသွေးသွန်အနာစွဲသော မိန်းမတယောက်က၊ ငါသည် အဝတ်တော်ကို သာတို့လျှင် ချမ်းသာ ရမည်ဟု စိတ်ထင်နှင့်၊ နောက်တော်သို့ ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွားကိုတို့ လေ၏။ ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင် တော်မူလျှင်၊ ငါ့သမီး၊ မစိုးရိမ်နှင့် သင်၏ ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီဟု မိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ၏။” (မ ၉:၂၀-၂၂)

မျက်စိကန်းနှစ်ယောက်
“မျက်စိကန်းသော သူနှစ်ယောက်တို့သည် နောက်တော်သို့ လိုက်၍ ဒါဝိဒ်၏ သားတော်၊ ​ကျွန်တော် တို့ကို သနား တော်မူ ပါဟု ဟစ်ကြော်ကြ၏။ အိမ်သို့ ဝင် တော်မူလျှင်၊ မျက်စိကန်းသော သူတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ကိုယ်တော် ကလည်း၊ ဤအမှုကို ငါတတ်နိုင်သည်ကို ယုံသလောဟု မေးတော်မူလျှင်၊ ယုံပါ၏ သခင်ဟု လျှောက်ကြ၏။ ထိုအခါ သူတို့၏ မျက်စိကိုတို့ တော်မူ၍ ၊ သင်တို့ ယုံကြည်ခြင်းရှိသည် အတိုင်း သင်တို့၌ ဖြစ်စေဟု မိန့်တော်မူလျှင်၊ သူတို့သည် မျက်စိပွင့်လင်းလေ၏။” (မ ၉:၂ရ- ၃၀)

နတ်ဆိုးစွဲသော လူကန်း
“ထိုအခါ နတ်ဆိုးစွဲသော လူကန်းလူအတယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြလျှင်၊ ထိုလူကန်းလူအသည် မျက်စိမြင်၍ စကားပြောနိုင်အောင် ကယ်မ တော်မူ၏။” (မ ၁၂:၂၂)

ခါနာန်အမျိုးသမီး
“ယေရှုသည် ထိုအရပ်မှ ထွက်၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ ကြွ တော်မူလျှင်၊ ၂၂ ခါနာန်အမျိုး ဖြစ်သော မိန်းမတယောက်သည် ထိုနယ်စပ်မှ ထွက်လာ၍ ၊ ဒါဝိဒ်၏ သားတော် ရှင်၊ ​ကျွန်မကို သနား တော်မူပါ။ ​ကျွန်မ၏ သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာ ခံရပါသည်ဟု ဟစ်ကြော် သော်လည်း စကား တခွန်းမျှပြန်တော် မမူ။ ၂၃ တပည့်တော် တို့သည် ချဉ်းကပ်၍ ၊ ထိုမိန်းမပြန်သွားရသော အခွင့်ကို ပေးတော်မူပါ။ ငါတို့ နောက်သို့ လိုက်၍ ဟစ်ကြော်လျက် နေပါသည်ဟု တောင်းလျှောက်ကြ၏။ ၂၄ကိုယ်တော် ကလည်း၊ ဣသရေလ အမျိုးအဝင် ပျောက်လွင့်သော သိုးများ မှတပါး အခြားသော အမျိုးရှိရာသို့ ငါ့ကို မစေမလွှတ်ဟု မိန့်တော်မူ၏။ ၂၅ ထိုမိန်းမသည် ချဉ်းကပ်၍ ပြပ်ဝပ်လျက် ​ကျွန်မကို ကယ်မ တော်မူ ပါသခင်ဟု လျှောက်ပြန်လျှင်၊ ၂၆ကိုယ်တော်က၊ သား၏ အစာကို ယူ၍ ခွေးအား မပေးမချအပ်ဟု ပြန်ပြော တော်မူ၏။ ၂၇ မိန်းမကလည်း မှန်ပါ၏ သခင်၊ ခွေးမည်သည်ကား မိမိသခင်၏ စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်၊ ၂၈ အိုမိန်းမ၊ သင်သည် ယုံကြည် အားကြီး လှပြီ။ သင့်အလိုရှိသည် အတိုင်း သင်၌ ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန် မှစ၍ ထိုမိန်းမ၏ သမီးသည် ကျန်းမာပကတိ ဖြစ်လေ၏။” (မ ၁၅:၂၁-၂၈)

ဝက်ရူးနာစွဲသူ
“လူတယောက်သည် အထံတော်သို့ ချဉ်းကပ်၍ ဒူးထောက် လျက်၊ သခင်၊ အ​ကျွန်ုပ်၏ သားကို ကယ်မသနား တော်မူပါ။ ဝက်ရူးနာစွဲ၍ ပြင်းစွာ ခံရပါ၏။ မီး၌၎င်း၊ ရေ၌၎င်း အကြိမ်ကြိမ် လဲတတ်ပါ၏။” ဟု တောင်းလျှောက်သော် “ယေရှုသည် သူ့ကို ဆုံးမ တော်မူလျှင်၊ နတ်ဆိုးသည် သူမှ ထွက်သွားသဖြင့်၊ ထိုခဏမှစ၍ သူငယ်သည် ကျန်းမာပကတိ ဖြစ်လေ၏။” (မ ၁ရး၁၄-၁၅၊ ၁၈)

မျက်စိကန်းနှစ်ယောက်
“ယေရိခေါမြို့မှ ထွက်သွားကြစဉ်တွင် လူများ အပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ကြွသွား တော်မူ ကြောင်းကို လမ်းနားမှာထိုင်နေသော လူကန်းနှစ်ယောက် တို့သည် ကြားရလျှင်၊ ဒါဝိဒ်၏ သားတော် အရှင်၊ အ​ကျွန်ုပ်တို့ကို ကယ်မသနား တော်မူ ပါဟု ဟစ်ကြော်လေ၏။ ထိုသူတို့ကို တိတ်ဆိတ်စွာ နေစေခြင်းငှာ လူအစုအဝေးတို့သည် ​ေငါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော် အရှင်၊ အ​ကျွန်ုပ်တို့ကို ကယ်မသနား တော်မူ ပါဟု သာ၍ ဟစ်ကြော်ကြ၏။ ယေရှု သည်လည်းရပ် တော်မူ လျက် ထိုသူတို့ကို ခေါ်၍ သင်တို့၌ အဘယ်သို့ ပြုစေလို သနည်းဟု မေးတော်မူလျှင်၊ သခင်၊ အ​ကျွန်ုပ်တို့ မျက်စိကို ပွင့်လင်း စေခြင်းငှာ ပြု တော်မူ ပါဟု လျှောက်ကြသော်၊ ယေရှုသည် သနားခြင်း စိတ်တော် ရှိ၍ သူတို့ မျက်စိကို လက်နှင့်တို့ တော်မူ၏၊ ထိုခဏခြင်းတွင် ထိုသူတို့သည် မျက်စိမြင်၍ နောက်တော်သို့ လိုက်ကြ၏။” (မ ၂၀:၂၉-၃၄) ဤလူကန်းနှစ်ယောက်တို့သည် လူများ ကတားဆီးသော်လည်း သခင်ယေရှု ထံမှ အကူအညီ ရရှိရန်မကြောက်မရွံ့အော်ဟစ် ကြသည်။ ထို့ကြောင့် သခင်ယေရှုက သူတို့၏ မျက်စိကို ဖွင့်ပေးနိင်ခဲ့သည်။

ထို့ကြောင့် သင်လည်းကိုယ်ခန္ဓာကျန်းမာခြင်း အတွက် ဖြစ်စေ၊ စိတ်ကျန်းမာရေးအတွက် ဖြစ်စေ၊ ဝိညာဉ် ကယ်တင်ခြင်း အတွက် ဖြစ်စေ၊ သခင်ယေရှု ထံလာလျှင် အကျိုးမပေးဘဲ နေမည် မဟုတ်။ မည်သို့ လာရမည်နည်း။ ယုံကြည်ခြင်းဖြင့် ဆုတောင်း၍ လာနိင်သည်။ အထူး ဆုတောင်း တတ်စရာ မလိုပါ။ သူသည် သင်၏ စိတ်နှလုံးကို ကြည့်ရှုသည်။ သခင်ယေရှု ထံလာသောအခါ ယုံကြည်ခြင်းနှင့် လာရမည်၊ “ယုံကြည်ခြင်း မရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သော သူသည်၊ ဘုရားသခင် ရှိတော်မူသည် ကို၎င်း၊ ကိုယ်တော်ကို ရှာသော သူအား အကျိုး ပေးတော်မူသည် ကို၎င်း၊ ယုံကြည် ရမည်။” (ဟေ ၁၁:၆) “ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်း အကြောင်း ဟူမူကား၊ ငါတို့သည် အလိုတော်နှင့် အညီတစုံ တခုသော ဆုကို တောင်းလျှင်၊ ဘုရားသခင်သည် နားထောင် တော်မူ၏။ ဆုတောင်း သမျှသော စကား တို့ကို နားထောင် တော်မူသည်ကို ငါတို့ သိလျှင်၊ အထံတော်၌ တောင်းသော ဆုတို့ကို ရမည်ဟု သိရကြ၏။” (၁ ယော ၅:၁၄-၁၅)

.

^

အနာဂတ်စစ်ပွဲများ

ရှေ့အနာဂတ်သည် စစ်ပွဲများ တိုက်ဘို့ရန် အသင့် ဖြစ်နေသည်။ ကမ္ဘာ့ တိုင်း နိင်ငံတိုင်းသည် လက်နက်အသစ်အဆန်းများ အပြိုင်ထုတ်လုပ် နေကြသည်။ ကျမ်းစာ၌လည်း အနာဂတ်မှာ ဖြစ်မည့် စစ်ပွဲများ အကြောင်းကို ရေးထားသည်။

ဆာလံ ၈၃ စစ်ပွဲ

“အို ဘုရားသခင်၊ တိတ်ဆိတ်စွာ နေတော် မမူပါနှင့်။ အို ဘုရားသခင်၊ အမိန့်တော် မရှိဘဲ ငြိမ်ဝပ်စွာ နေတော် မမူပါနှင့်။ ကိုယ်တော်၏ ရန်သူတို့သည် ရုန်းရင်းခတ်ပြုကြ၏။ ကိုယ်တော်ကို မုန်းသော သူတို့သည် ထကြပါ၏။ ကိုယ်တော်၏ လူစုတဘက်၌ ပရိယာယ်ကို ကြံ၍ ၊ ကိုယ်တော် ကွယ်ကာ တော်မူသော သူတို့ တဘက်၌ တိုင်ပင်ကြပါ၏။ ဣသရေလ၏ နာမကို နောက်တဖန် အောက်မေ့စရာ မရှိစေခြင်းငှာ လာကြ၊ သူတို့ အမျိုးကို ပယ်ဖြတ်ကြကုန်အံ့ဟုဆိုကြပါ၏။ သဘော တညီတညွတ်တည်း တိုင်ပင်၍ ၊ ကိုယ်တော် တဘက်၌ အချင်းချင်းသင်းဖွဲ့သော သူဟူမူကား။ ဧဒုံပြည်၌ နေသောသူ၊ ဣရှမေလအမျိုးသား၊ မောဘပြည် သား၊ ဟာဂရပြည် သား၊ ဂေဗလပြည် သား၊ အမ္မုန်ပြည် သား၊ အာမလက်ပြည် သား၊ တုရုမြို့သားနှင့် တကွဖိလိလ္လိအမျိုးသား တို့သည် သင်းဖွဲ့ကြပါ၏။ အာရှုရိအမျိုးသား တို့သည် လည်း၊ ဝိုင်း၍ လောတအမျိုးသားတို့ ဘက်သို့ ဝင်ကြပါ၏။” (ဆာ ၈၃:၁ -ရ)

အထက်ပါ ဆာလံဆရာ၏ ဆုတောင်း ချက်သည်၊ အစ္စရေးနိင်ငံကို အိမ်နီးချင်းနိင်ငံများ ကတိုက်မည့် စစ်ပွဲ ဖြစ်သည်။ သူတို့ ရည်ရွယ်ချက်မှာ၊ “ဣသရေလ၏ နာမကို နောက်တဖန် အောက်မေ့စရာ မရှိစေခြင်းငှာ လာကြ၊ သူတို့ အမျိုးကို ပယ်ဖြတ်ကြကုန်အံ့” ဟူ၍ ဖြစ်သည်။ ထိုကဲ့သို့ အစ္စရေးကို ပယ်ဖြတ်ချင်သော စကားကို အီရန်သမတဟောင်း Mahmoud Ahmadinejad ကပြောခဲ့သည်။ အထက်ပါ စစ်ပွဲ၌ ပါဝင်သော နိင်ငံများသည်၊ ဧဒုံပြည်၌ နေသောသူ (ဂျော်ဒန်)၊ ဣရှမေလအမျိုးသား (ဆော်ဒီအရဗျား)၊ မောဘပြည်သား (ပါလက်စတင်းနှင့် ဂျော်ဒန်)၊ ဟာဂရပြည်သား (အီဂျစ်ပြည်)၊ ဂေဗလပြည်သား (ဟေဇဘောလ၊ လေဗနုန်)၊ အမ္မုန်ပြည်သား (ဂျော်ဒန်)၊ အာမလက်ပြည်သား (သိနာသဲကန္တာရ၌ နေသူများ)၊ တုရုမြို့သား (လေဗနုန်)နှင့် တကွဖိလိလ္လိအမျိုးသား (ဂါဇာ၌ နေသော ပါလက်စတင်းများ)၊ အာရှုရိအမျိုးသား (ဆီးရီးယားနှင့် အီရတ်ပြည်)တို့ ဖြစ်သည်။ အစ္စရေးနိင်ငံသည် အိမ်နီးချင်းနိင်ငံများနှင့် အကြီး အကျယ်လေးကြိမ်စစ်တိုက်ခဲ့ပြီ။

လွတ်လပ်ရေးစစ် (၁၉၄၈-၄၉)
၁၉၄၈-၄၉ ခုနှစ်တွင် အစ္စရေးနိင်ငံ လွတ်လပ်ရေး ကျေညာ သောကြောင့်၊ တနှစ်လုံးအီဂျစ်၊ ဆီးရီးယား၊ ဂျော်ဒန်အီရတ်၊ လေဗနုန်၊ ဆော်ဒီအာရဗျား၊ ယီမင်နိင်ငံများနှင့် တိုက်၍ အစ္စရေးက နိင်သည်။

ဆူအက်တူးမြောင်းစစ် (၁၉၅၆)
၁၉၅၆ ခုနှစ်တွင် ဆူအက်တူးမြောင်း အရေးအခင်းကြောင့် အီဂျစ်နိင်ငံနှင့် စစ်တိုက်၍ အစ္စရေးကနိုင်သည်။ အစ္စရေးနှင့် အတူ ဗြိတိန်နှင့် ပြင်သစ်နိင်ငံများကလည်း တိုက် ကြသည်။

၆ရက်ကြာစစ်ပွဲ (၁၉၆ရ)
၁၉၆ရခုနှစ်တွင် ၆ရက်ကြာစစ်ပွဲကို အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား၊ ဆော်ဒီအာရဗျား၊ ကူဝိဒ်၊ အယ်လဂျီးရီးယားနိင်ငံတို့နှင့် တိုက်သည်။ အစ္စရေးနိင်ငံကနိင်၍ ဂါဇာကမ်းမြောင်ဒေသ၊ ဂုိလန်ကုန်းပြင်မြင့်၊ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း​ခြေ၊ ဆိုင်းနိင်းသဲကန္တာရများကို သိမ်းပိုက် လိုက်သည်။ ယေရုရှလင် မြို့အရှေ့ဘက်ခြမ်းကို သိမ်းပိုက် ကာ ယေရုရှလင် မြို့တမြို့လုံးသည် အစ္စရေးအပိုင် ဖြစ်သွားသည်။ ထိုအချိန် မှစ၍ ဘုရားသခင်က ပရောဖက် ဇာခရိအားဖြင့် ဟောသော ဗျာဒိတ် ပြည့်စုံသည်။ ဘုရားသခင်က၊ “ငါသည် ယေရုရှလင် မြို့ကို ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့အား တုန်လှုပ် (ဒယိမ်းဒယိုင်) စေသော ဖလား ဖြစ်စေမည်။” ဟုဆိုသည် (ဇာ ၁၂:၂)။ မြန်မာကျမ်းစာ၌ တုန်လှုပ်ဟု ရေးထားသည်။ အမှန်မှာ အရက်မူး သောအခါ၊ ကိုယ်မသယ်နိင်ဘဲ ဒယိမ်းဒယိုင်ရှိခြင်း မျိုးကို ဆိုလိုသည်။ ယေရုရှလင် မြို့ကို ပတ်ဝန်းကျင်၍ အာရပ်နိင်ငံများ ကပါလက်စတင်းများ၏ မြို့တော် ပြန် ဖြစ်စေချင် ကြသည်။ အစ္စရေးများ ကပိုင်ခြင်းကို လုံးမနှစ်သက်ကြချေ။ ထို့ကြောင့် ယေရုရှလင် မြို့နှင့် ပတ်သက်၍ မူး နေကြသည်။ ဆက်၍ ဘုရားသခင်က၊ “ယေရုရှလင် မြို့ကို ဝိုင်းထားစဉ်တွင် ယုဒပြည် ကိုလည်း ထိုအတူ ဖြစ်စေမည်။ ထိုကာလ အခါ၌လည်း ထိုမြို့ကို လူမျိုး အပေါင်းတို့အား လေးသော ကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ​ကြေမွကြလိမ့်မည်။” ဟုဆိုသည် (ဇာ ၁၂:၂-၃)။ လေးသော ကျောက်သည် ပြသနာ ​ ဖြေရှင်း၍ မရသောအရာ ကို ဆိုလိုသည်။ ကမ္ဘာ့ ခေါင်းဆောင် များသည် ယေရုရှလင် မြို့အရှေ့ခြမ်းကို ပါလက်စတင်းများ၏ မြို့တော် ဖြစ်စေချင် ကြသည်။ “ထိုကျောက်ကို ချီသောသူ အပေါင်းတို့သည် ကျိုးပဲ​ကြေမွကြလိမ့်မည်” ဟုဆိုသည့်အတိုင်း ထိုမြို့နှင့် နိင်ငံအကြောင်းကို အမေရိကန်သမတများက ဆွေးနွေးတိုင်း၊ အမေရိကန်ပြည် ထောင်စု၌ သဘာဝ ဘေးဒဏ်များ ကြုံတွေ့တတ်သည်။ ဥရောပနိင်ငံများက ဆွေးနွေး သောအခါ၌လည်း ဥရောပ၌ ဘေးဒုက္ခများဖြစ်တတ်သည်။

Yom Kippur(၁၉ရ၃)
အစ္စရေးများ၏ အထူးနေ့မြတ် ဖြစ်သော အပြစ် ​ဖြေရာနေ့ (Yom Kippur)တွင် အစ္စရေးများ ပွဲလုပ်ချိန်တွင် အောက်ပါအာရပ်နိင်ငံများ ကအစ္စရေးနိင်ငံကို စတင် တိုက်ခိုက်သည်။ အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား၊ ဆော်ဒီအာရဗျား၊ ကူဝိဒ်၊ အီရတ်၊ အယ်လဂျီးရီးယား၊ မော်ရကို၊ ကျူးဘားနိင်ငံများ ပါဝင်သည်။ အစ္စရေးကနိင်သည်။ ထို့အပြင် ပါလက်စတင်းများနှင့် စစ်ပွဲငယ်များ အကြိမ်ကြိမ်တိုက်ခဲ့ ကြသည်။ တိုက်ပွဲတိုင်း၌ အစ္စရေးများ ကနိင်၍ နိင်ငံနယ်နိမိတ်ပို၍ ပို၍ ကျယ်ဝန်းလာသည်။ သို့သော် ကမ္ဘာ့ ကုလသမဂ္ဂ၌ သိမ်းပိုက် ထားသော နယ်မြေများကို အမြဲပြန်ပေးဘို့ ဆုံးဖြတ်တတ်သည်။

ဘုရားကကူညီ
ထိုစစ်ပွဲများ၌ အမြဲအစ္စရေးနိင်ငံကနိင်ခြင်းသည် သူတို့တော် လွန်းသောကြောင့် မဟုတ်ချေ။ ဘုရားသခင်က သူတို့ ဘက်မှတိုက်ပေးသောကြောင် ဖြစ်သည်။ စစ်တိုက်တိုင်း အစ္စရေးနိင်ငံနယ်နိမိတ်ကျယ်ဝန်းလာသည်။ ထိုအရာသည် ဘုရားသခင်က သူတို့ကို နယ်မြေချဲ့ပေးခြင်း ဖြစ်သည်။ ထိုအရာများသည်၊ ဆာလံ ၈၃၌ ဣသရေလ များ၏ ဆုတောင်း သံနား​ညောင်းခြင်း ဖြစ်နိင်သည်။ ဇာခရိက၊ “လောကီသား အမျိုးမျိုး တို့သည် ယေရုရှလင် မြို့တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည်။ ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ရှိသမျှသော မင်းတို့ကို မိန်းမောတွေဝေစေခြင်း ငှါ၎င်း၊ မြင်းစီးသူရဲ အပေါင်းတို့ကို အရူး ဖြစ်စေခြင်း ငှါ၎င်းငါသည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍ ၊ တပါးအမျိုးသား၌ ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်မည်။” (ဇာ ၁၂:၃-၄)။ ယခုခေတ် စစ်တိုက်ရာတွင် မြင်းများ မသုံး ကြတော့ချေ။ တိုက်လေယဉ်၊ တင့်ကား၊ သံချပ်ကာကား၊ မောင်းသူမဲ့ယဉ်အမျိုးမျိုး သုံး ကြသည်။ မြင်းစီးသူရဲများသည် ထိုယဉ်အမျိုးမျိုးကို မောင်းနှင်အသုံးပြု သူများကို ဆိုလိုသည်။ အရူး ဖြစ်စေမည်ဟူသောအရာသည် ထိုယဉ်များနှင့် မောင်း သူများကို ကြောင်စေမည်။

ထာဝရဘုရား အားကိုးမည်
ယခုအထိ ဘုရားသခင်သည် ဣသရေလ များသည် ရန် သူများကို တိုက်ခိုက် ပေးသော်လည်း၊ ကမ္ဘာကသိအောင် ဘုရားကို ချီးမွမ်းခြင်း မရှိကြချေ။ ထို့ထက် သူတို့၏ အစွမ်းအစကို ဝါကြွားချင် ကြသည်။ သို့သော် အနာဂတ်မှာတိုက်မည့် စစ်၌ ဘုရားသခင်၏ တိုက်ခိုက် ပေးခြင်းကိုမူ လူသိရှင်ကြား မကျေညာသော်လည်း၊ သူတို့၏ စိတ်ထဲမှဝန်ခံမည့် အကြောင်း ဤသို့ ရေးထားသည်၊ “ယုဒမင်းတို့ ကလည်း၊ ယေရုရှလင် မြို့သား တို့၏ ဘုရားသခင်က ောင်းကင် ဗိုလ်​ခြေအရှင်ထာဝရ ဘုရား ဖြင့်၊ သူတို့သည် ငါ့ခွန်အား ဖြစ်ကြ၏ဟု စိတ်ထဲမှာ ဆိုကြလိမ့်မည်။ ထိုကာလ၌ ငါသည် ယုဒမင်းတို့ကို ထင်းပုံတွင် မီးဖိုကဲ့သို့၎င်း၊ ကောက်လှိုင်းတွင် မီးစကဲ့သို့၎င်း ဖြစ်စေသဖြင့်၊ လက်ျာဘက်၊ လက်ဝဲဘက်၊ ပတ်လည်၌ ရှိသော လူမျိုး အပေါင်းတို့ကို မီးလောင််လိမ့်မည်။” (ဇာ ၁၂:၅-၆) ဤပရောဖက် ပြုချက်သည် အထက်၌ ဖေါ်ပြသော စစ်ပွဲများ၌လည်း ပြည့်စုံသည်ဟု ဆိုနိင်သည်။ သို့သော် အနာဂတ်မှာ ပြည့်စုံဦးမည်ဟု ယူဆရသည်။ အကြောင်းမှာ ဣသရေလ လူအများစုသည်၊ ဘုရားသခင်ကို မယုံကြည်၊ အားမကိုး ကြသေးချေ။ သူတို့သည် ချမ်းသာ သောကြောင့် ဘုရား အလိုမရှိ၊ ဇာတိအတိုင်း အသက် ရှင်ကြသေးသည်။ သို့သော် အနာဂတ်စစ်ပွဲ၌ ထာဝရ ဘုရားကို အားကိုး လာကြလိမ့်မည်။ ထို့ကြောင့် အထက်ပါ စစ်ပွဲများသည် အနာဂတ်မှာ ရှိသေးသည်ဟုဆိုနိင်သည်။

ယေရုရှလင်မြို့
“ယေရုရှလင်မြို့ သည်လည်း မြို့ရာဟောင်း၌ တည်မြဲတည် လိမ့်မည်။” (ဇာ ၁၂:၆) ယေရုရှလင် မြို့သည် ဇာခရိကခေတ်၌ ဗာဗုလုန်သုံ့ပန်းမှပြန်လာ၍ တည်ဆောက် ခဲ့သည်။ ထိုမြို့သည် အေဒီရဝ၌ ရောမ စစ်သားများက ဖျက်စီးခဲ့သည်။ ထိုအချိန် မှစ၍ တပါးအမျိုးသားများ၊ အာရပ်မူစလင်များ လက်၌ ရှိခဲ့သည်။ သို့သော် မြို့အနောက်ခြမ်းသည် ၁၉၄၈ ခုနှစ်လွတ်လပ်ရေး ကျေညာချိန်မှစ၍ အစ္စရေးများ၏ မြို့တော် ဖြစ်ခဲ့သည်။ သို့သော် ကမ္ဘာ့ နိင်ငံများ ကအသိအမှတ် မပြုကြချေ။ သူတို့၏ သံရုံးများကို တယ်လဗစ်မြို့၌ ထားရှိ ကြသည်။ ၁၉၆ရခုနှစ်မှစ၍ မြို့၏ အရှေ့ခြမ်း သည်လည်း အစ္စရေးများ ကဂျော်ဒန်ထံမှ သိမ်းပိုက် လိုက်သည်။ ယခုအခါ ယေရုရှလင် မြို့သည် မြို့ဟောင်းထက် များစွာ ကျယ်လာသည်။ ထိုမြို့သည် အထက်ပါ ပရောဖက် ဇာခရိဟောသော စစ်ပွဲ၌ ရန် သူများ ကတိုက်သော်လည်း အားလုံးမပျက်စီးဘဲ တည်မြဲတည်လိမ့်မည်ဟုဆိုသည်။

လူအား မဟုတ်ဘုရားအား
“ထာဝရ ဘုရားသည် ယုဒတဲတို့ကို ရှေ့ဦးစွာ ကယ်တင် တော်မူမည်။ ထိုကြောင့်ဒါဝိဒ်မင်းမျိုး၏ ဘုန်းနှင့် ယေရုရှလင် မြို့သား တို့၏ ဘုန်းသည် ယုဒပြည် တဘက်၌ မဝါကြွားရ။ ထိုကာလ၌ ထာဝရ ဘုရားသည် ယေရုရှလင် မြို့သား တို့ကို ကွယ်ကာစောင့်မ တော်မူ သဖြင့်၊ အား နည်းသော သူသည် ထိုကာလ၌ ဒါဝိဒ်မင်းကဲ့သို့၎င်း၊ ဒါဝိဒ်မင်းမျိုးသည် ဘုရားသခင်က ဲ့သို့၎င်း၊ သူတို့ ရှေ့မှာ ထာဝရ ဘုရား၏ ကောင်းကင်တမန် ကဲ့သို့၎င်း ဖြစ်လိမ့်မည်။” (ဇာ ၁၂:ရ- ၈)

ငိုကြွေးမြည်တမ်းရကြလိမ့်မည်
“ထိုကာလ၌ ယေရုရှလင် မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့ကို ဖျက်ဆီးခြင်းငှါ ငါသည်အား ထုတ်မည်။ ကျေးဇူးတော်ကို ခံသော သဘော၊ ဆုတောင်း ပဌနာ ပြုသော သဘောကို ဒါဝိဒ်မင်းမျိုး၊ ယေရုရှလင် မြို့သားတို့ အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိတို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။ တယောက် တည်းသောသား အတွက် အဘသည် ငိုကြွေးမြည်တမ်း သကဲ့သို့၊ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။သား ဦးအတွက် အဘသည် နာကြဉ်း သကဲ့သို့ နာကြဉ်းရကြလိမ့်မည်။” (ဇာ ၁၂:၉-၁၀) အထက်ပါ ပရောဖက် ပြုချက်သည် ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်းနှင့် ပတ်သက်သည်။ သူကြွလာသောအခါ သူ့ကို ထိုးဖောက်သော ဣသရေလ လူများ ကမြင်ကြ သောအခါ အလွန် နာကြဉ်းစွာဖြင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ အကြောင်းမှာ သူတို့၏ ဘိုးဘေးများ ကသူ့ကို မသိသောကြောင့် သတ်မိခြင်း အတွက် နာကြဉ်းခြင်း ဖြစ်သည်။ သူတို့ကိုယ်တိုင်လည်း ခေါင်းမာခဲ့သောကြောင့် နောင်တ ရ၍ စိတ်နာခြင်း ဖြစ်သည်။ အထက်ပါ ကဲ့သို့ ဘုရားသခင်က ဣသရေလ လူများကို ကူညီဘို့ ဟောပြောခြင်းသည် ယခင်၌ မဖြစ်စဘူးချေ။ ယခုအချိန်တွင် နိင်ငံတည်ထောင်ချိိိန် ၁၉၄၈ ခုနှစ်မှစ၍ ယခုတိုင်အောင် ကူညီနေပြီ။ ထို့ကြောင့် ခရစ်တော် ကြွလာမည့် အချိန်သည် အလွန် နီးပြီ ဖြစ်ကြောင်း ထင်ရှားသည်။ ထို့ကြောင့် အသင့် ပြင်ဆင် ကြပါစို့။

.

^

ကျမ်းစာဖတ်ကြစို့

ဟေဗြဲ ၁၀

၁။ တနည်းကား၊ ပညတ်တရားသည် နောက် ဖြစ်လတံ့သော မင်္လာ အကျိုးတို့၏ သေချာသော ပုံသဏ္ဍာန်ကို မပြ၊ အရိပ်ကို သာပြသည် ဖြစ်၍ ၊ နှစ်စဉ်မပြတ် ပူဇော်သော ယဇ်အားဖြင့် အထံတော်သို့ ချဉ်းကပ်သော သူတို့ကို စုံလင်ခြင်း အဖြစ်၌ မတည်စေနိုင်ရာ။
ပညတ်တရားဟုဆိုရာတွင် လူတိုင်း၏ စိတ်ထဲ၌ ကိုယ်ကျင့် ပိုင်းဆိုင်ရာပညတ်ကို ထင်မှတ်ကြလိမ့်မည်။ သို့သော် အထက်ပါ ကျမ်းပိုဒ်၌ ဖေါ်ပြသော ပညတ်သည်၊ ဝတ်ပြုခြင်း ဆိုင်ရာ ပညတ်ကို ဆိုလိုခြင်း ဖြစ်သည်။ ဣသရေလ များသည် သူတို့ စိတ်ကူးယဉ်အကြံ အစည်အားဖြင့် ဘုရားကို ယဇ်ပူဇော် ကြသည် မဟုတ်၊ ဘုရား၏ ပညတ်တော် အတိုင်း၊ ဘုရား၏ ညွှန်ကြားချက်အတိုင်းသာပြု ကြသည်။ သို့သော် ထိုပူူဇော်ခြင်း များသည် အရိပ်မျှသာ ဖြစ်သောကြောင့် ပူဇော်သော သူသည် စုံလင်ခြင်းသို့ မရောက်နိင်ဟုဆိုရခြင်း ဖြစ်သည်။

၂။ တည်စေနိုင်လျှင်၊ ဝတ်ပြုသော သူတို့သည် တခါတည်းနှင့် စင်ကြယ်ခြင်းသို့ ရောက်ပြီးမှ၊ နောက်တဖန် သံဝေဂတရားရစရာ အကြောင်း အလျှင်း မရှိသည် ဖြစ်သောကြောင့်၊ ထိုယဇ်တို့ကို တခါတည်း သာပူဇော်၍ ၊ နောက်တဖန် မပူဇော်ဘဲ နေရကြမည် မဟုတ်လော။ ၃။ ယခုမူကား၊ ယဇ်ပူဇော်သည်တွင် အပြစ်များကို နှစ်တိုင်း အောက်မေ့ခြင်းရှိ၏။
သံဝေဂတရားဆိုသည်မှာ သတိရခြင်း၊ မှတ်မိခြင်း (consciousness)ကို ဆိုလိုသည်။ ပညတ်တရားအတိုင်း ပူဇော်သော ယဇ်သည် ပူဇော်သော သူကို စုံလင်ခြင်းသို့ ရောက်နိင်လျှင်၊ ပူဇော်ပြီးသည့်နောက်၌ သူ၏ အပြစ်များကို မှတ်မိတော့မည် မဟုတ်ချေ။ သို့သော် ယဇ်ပူဇော်ပြီးသော်လည်း အပြစ်များကို မမေ့နိင်ဘဲ မှတ်မိနေသည်။

၄။ အကြောင်းမူကား၊ နွား၊ ဆိတ်၏ အသွေးသည် အပြစ်ကို မပယ်နိုင်ရာ။
အပြစ်များကို မှတ်မိနေခြင်းသည် နွားနှင့် ဆိတ်၏ အသွေးသည် အပြစ်ကို မပယ်နိင်သောကြောင့် ဖြစ်သည်။ တိရစ္ဆာန်သည် လူထက် အဆင့်နိမ့်သောကြောင့် လူကိုကိုယ်စားမပြုနိင်ခြင်း ဖြစ်သည်။

၅။ ထိုကြောင့်၊ ခရစ်တော်သည် ဤလောက ကသို့ ကြလာသောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍ ၊ အ​ကျွန်ုပ်အဘို့ကိုယ်ခန္ဓာကို ပြင်ဆင် တော်မူပြီ။
အထက်ပါ ကျမ်းပိုဒ်၌ ခရစ်တော်သည် ကောင်းကင်မှ မြေကြီး ပေါ်သို့ ဆင်းကာလ ူ့ဇာတိခံမည့် အချိန်၌ ခမည်းတော်ကို နှုတ်ဆက်သော စကား ဖြစ်သည်။ ခရစ်တော် ဤလောကသို့ ဆင်းကြွခြင်းသည် ယဇ်ကောင် ဖြစ်ဘို့ရန် ဖြစ်သည်။ ကောင်းကင်၌ သူသည် ဝိညာဉ်အားဖြင့် ရှိ၍ ၊ ကိုယ်ခန္ဓာ မရှိခဲ့ချေ။ ထိုသို့ကိုယ်ခန္ဓာမရှိသောကြောင့်၊ အသွေးမသွန်းနိင်၊ အသက် မသေနိင်ချေ။ ထို့ကြောင့် ခမည်းတော် ကသေနိင်သော အသွေးအသားကိုယ်ခန္ဓာကို ပေးခြင်း ဖြစ်သည်။ အဘယ်ကြောင့်နည်းဟူမူကား၊ တိရစ္ဆာန်များ၏ အသွေးအသား ပူဇော်ခြင်းကို ခမည်းတော် ဘုရား ကလက်မခံနိင်သောကြောင့် ဖြစ်သည်။

၆။ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကိုအားရနှစ်သက်တော် မမူ သောအခါ၊ ရ။ ကျမ်းစာ လိပ်၌ အ​ကျွန်ုပ်အမှတ​ြ်ပု၍ ရေးထားသည်နှင့် အညီ၊ အ​ကျွန်ုပ်သည်ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အ​ကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။
ယဇ်နာမည်အမျိုးမျိုးရှိသည်။ ဤနေရာ၌ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကို သာ ဖေါ်ပြသည်။ ဣသရေလ လူများ ပူဇော်သော ယဇ်များကို ဘုရားသခင်ကအားရနှစ်သက်တော် မမူသောကြောင့် သားတော်သည် လူဇာတိခံ၍ ယဇ်ကောင် အဖြစ်ပူဇော်ရမည်ဟုဆိုသည်။ “ကျမ်းစာ လိပ်၌ အ​ကျွန်ုပ်အမှတ​ြ်ပု၍ ရေးထားသည်နှင့် အညီ၊ ” ဟူသော အရာသည် ဆာလံကျမ်းကိုကိုးကားခြင်း ဖြစ်သည်။ “ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍ အ​ကျွန်ုပ်နားကို ဖွင့် တော်မူပြီ၊ မီးရှို့ရာယဇ်နှင့် အပြစ် ​ဖြေရာယဇ်များကို တောင်းတော် မမူ သောအခါ၊ ကျမ်းစာ လိပ်၌ အ​ကျွန်ုပ်ကို အမှတ်ပြု၍ ရေးထားသည်နှင့် အညီအ​ကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံပါ၏။” (ဆာ ၄၀:၆ -ရ) ဤဆာလံသည် ဒါဝိဒ်ကရေးခြင်း ဖြစ်လျှင် သူကိုယ်တိုင်အတွက် ရေးဟန်မရှိ။ အကြောင်းမှာ ယဇ်နှင့် ပူဇော်သက္ကာကို ဘုရား ကတောင်းတော် မမူလျှင် ဒါဝိဒ်သည် မည်သည့်နေရာသို့ သွားမည်နည်း။ ထို့ကြောင့် ဒါဝိဒ်သည် ခရစ်တော် အတွက် ကြိုရေးထားခြင်း ဖြစ်မည်။ “ကျမ်းစာ လိပ်၌ အ​ကျွန်ုပ်ကို အမှတ်ပြု၍ ရေးထားသည်နှင့် အညီ” ဟုဆိုရာတွင် မည်သည့်ကျမ်းစာ လိပ်ကို ဆိုလိုသနည်း။ ဒါဝိဒ်ခေတ်၌ ကျမ်းစာသည် ပညတ္တိငါးကျမ်း၊ ယောရှုမှတ်စာ၊ တရားသူကြီး မှတ်စာ၊ နှင့် ယောဘဝတ္ထ္ဂုများ သာလျှင် ရှိမည်။ ထိုကျမ်းများ၌ ခရစ်တော် ကြွလာမည့် အရာကို အနည်းငယ်တွေ့ရသော်လည်း ထင်ထင်ရှားရှား၊ ယဇ်ကောင် အဖြစ်လာဘို့ ရေးထားခြင်း မတွေ့ရချေ။ သို့မဟုတ် ကောင်းကင်၌ ရေးထားခြင်း ဖြစ်မည်လော။ အကြောင်းမှာ ကောင်းကင်၌ စာလိပ်များ တွေ့ရသည် (ဗျာ ၆)။ “အ​ကျွန်ုပ်သည်ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အ​ကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။” ခရစ်တော်သည် မိမိ အလိုဆန္ဒကို ဦးစားမပေး၊ ခမည်းတော်၏ အလိုဆန္ဒကို ဆောင်ရွက်ခြင်းသည် သူ၏ စားစရာ ဖြစ်သည် (ယော ၄:၃၄) ဟုဆိုခဲ့သည်။ ​ကျွန်ပ်တို့လည်းကိုယ် အလိုဆန္ဒကို ဦးစားမပေးဘဲ၊ ဘုရား၏ အလိုတော်ကို ဆောင်ဘို့ အမြဲတန်းရွေးချယ်သင့်သည်။ ခရစ်တော်သည် ခမည်းတော်၏ အလိုတော် ဆောင်ဘို့ သွားရာတွင်၊ အလုပ်လုပ်ဘို့ မဟုတ်၊ ယဇ်ကောင် အဖြစ်အသေခံ ဘို့ကို ဆိုလိုခြင်း ဖြစ်သည်။ ခရစ်တော်သည် အသေခံသည့်တိုင်အောင် ခမည်းတော်၏ အလိုတော်ကို ဆောင်ခဲ့သည်။ ​ကျွန်ပ်တို့လည်း သူ့နည်းတူ ဖြစ်သင့်သည်။ သို့သော် ကိုယ် အလိုဆန္ဒကို သာလျှင် လုပ်ဆောင် နေကြသည် မဟုတ်လော။

၈။ ပညတ်တရားအတိုင်း ပြုရသော ဝတ်ကို ရည်ဆောင်လျက် ခရစ်တော်က၊ မီးရှို့ရာယဇ်၊ အပြစ် ​ဖြေရာယဇ်အစရှိသော ယဇ်များနှင့် ပူဇော်သက္ကာများ တို့ကို ကိုယ်တော်သည် အလိုတော် မရှိ၊ အားရနှစ်သက်တော် မမူဟု အထတ်ကဆိုနှင့် ပြီးမှ၊ ၉။ တဖန်တုံ၊ အို ဘုရားသခင်၊ အ​ကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟုဆိုသည် တွင်၊ ဒုတိယဝတ်ကို တည်စေခြင်းငှါ ပဌမ ဝတ်ကို ပယ်၏။
ပဌမ ဝတ်သည် ပညတ်တရားအရ၊ ဣသရေလ လူများ၏ ယဇ်ပူဇော်ခြင်းကို ဆိုလိုသည်။ ဒုတိယဝတ်သည် ခရစ်တော်၏ကိုယ်ခန္ဓာကို ယဇ်ကောင် အဖြစ်ပူဇော်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ခရစ်တော်၏ကိုယ်ကို ပူဇော်ခြင်းအားဖြင့် ဣသရေလ လူများ၏ ယဇ်ပူဇော်ခြင်းကို ပယ်သည်။

၁၀။ ထိုအလိုတော်နှင့် အညီ ယေရှုခရစ်၏ကိုယ်တော်ကို တခါတည်း ပူဇော်သော အားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။
ယေရှုခရစ်၏ကိုယ်တော်ကို တခါတည်း ပူဇော်ခြင်းအားဖြင့် ငါတို့သည် စင်ကြယ်သည်ဟုဆိုသည်။ အကျင့်ကောင်း ကျင့်နိင်သောကြောင့်၊ အပြစ် ကျူးလွန် မည့် အရာကို ချုပ်တည်း နိင်သောကြောင့် စင်ကြယ်ကြသည် မဟုတ်။ ကျမ်းစာ ကစင်ကြယ်သည်ဟုဆိုလျှင် စင်ကြယ်သည်ဟု လက်ခံယုံကြည် ဘို့ရန် သာရှိသည်။ ၁၁။ ယဇ်ပုရောဟိတ် မည်သည်ကား၊ နေ့တိုင်း ဝတ်ပြုလျက်၊ အပြစ်ကို မ​ဖြေနိုင်သော ယဇ်ကို အထပ်ထပ် အဖန်ဖန် ပူဇော်လျက် ရပ်နေရ၏။ ယဇ်ပုရောဟိတ် များသည် အပြစ်ကို မ​ဖြေနိင်သော ယဇ်ကို နေ့တိုင်း အထပ်ထပ် အဖန်ဖန် ပူဇော်သည် ဟုဆိုသည်။ အကြောင်းမှာ သူတို့ လုပ်သော အရာသည် အရိပ်မျှသာ ဖြစ်သောကြောင့် ဖြစ်သည်။ တဲတော်၌ ထိုင်ခုံမရှိသောကြောင့် ယဇ်ပုရောဟိတ် များသည် မတ်တပ်ရပ်နေရသည်။ ဆိုလိုသည် မှာ သူတို့၏ ပူဇော်ခြင်းသည် မပြီး သေးကြောင်း ထင်ရှားစေသည်။

၁၂။ ထိုသခင်မူကား၊ အပြစ်ကို ​ဖြေခြင်းငှါ ယဇ် တခုတည်းကို ပူဇော်ပြီးမှစ၍ ၊ ဘုရားသခင်၏ လကျ်ာတော် ဘက်၌ အစဉ်အမြဲထိုင်၍ ၊ ၁၃။ မိမိရန်သူတို့ကို မိမိ​ခြေတင်ရာမချမထားမှီတိုင်အောင် မြော်လင့်လျက် နေတော်မူ၏။
ခရစ်တော်သည် မိမိကိုယ်ခန္ဓာကို ပူဇော်ပြီးသည့်နောက်၊ ဘုရားသခင်၏ လက်ျာတော် ဘက်၌ အစဉ်အမြဲထိုင်နေ တော်မူသည်။ ယဇ်ပုရောဟိတ် များသည် တဲတော်၌ မထိုင်တတ်ကြချေ။ အကြောင်းမှာ ယဇ်ပူဇော်ခြင်း မပြီး စီး သေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် တဲတော်၌ ထိုင်ခုံလည်း ချမထားချေ။ သို့သော် ခရစ်တော်သည် ခမည်းတော် အနား၌ ထိုင်တော်မူခြင်းသည် နောက်ထပ် ယဇ်ပူဇော်စရာ မရှိတော့ကြောင်း၊ ယဇ်ပူဇော်ခြင်း အားလုံး၏ အဆုံးသည် သူ၏ကိုယ်ခန္ဓာပူဇော်ခြင်းဖြင့်ပြီး စီးပြီး ဖြစ်ကြောင်းကို ဖေါ်ပြသည်။ ခရစ်တော်သည် မိမိရန်သူ တည်းဟူသောစာတန်ကို မိမိ​ခြေတင်ရာမချမထားမှီတိုင်အောင် မြော်လင့်သည် ဟူဆိုသည်။ ရန်သူ အပေါ်​ခြေတင်ခြင်းသည် ရန်သူကိုအောင် နိင်ခြင်းကို ဆိုလိုသည်။ ဒါဝိဒ်သည် ကောလျက်ကိုအောင် နိင် သောအခါ၊ “ထားမပါသောကြောင့် ပြေး၍ ဖိလိတ္တိလူကို နင်းလျက်၊ သူ၏ ထားကို ထားအိမ်မှာနှုတ်ဆွဲပြီးလျှင် လည်ပင်းကို ဖြတ်၍ အပြီး သတ်လေ၏။” (၁ရာ ၁ရး၅၁)။ ရန်သူသည် အသက် ရှင်သေးလျှင်၊ အားရှိသေးလျှင် အနင်းခံမည် မဟုတ်။ သေသွားသောသူ အပေါ်၌ သာ​ခြေနင်းနိင်သည်။ ခရစ်တော်လည်း စာတန် အပေါ်​ခြေနင်းဦးမည်။ ထိုအချိန်သည် မဝေးတော့ပါ။ ဒုတိယကြွလာသောအခါ ပြည့်စုံမှာ ဖြစ်သည်။ ၁၄။ အကြောင်းမူကား၊ စင်ကြယ်သော သူတို့သည် ထာဝရ စုံလင်ခြင်း အကျိုးကို ရစေခြင်းငှါ၊ တခါတည်း ပူဇော်ခြင်း အားဖြင့် ပြု တော်မူ၏။ စင်ကြယ်သော သူတို့သည် ယုံကြည်သူများကို ဆိုလိုသည်။ ခရစ်တော်၏ ပူဇော်ခြင်းကြောင့် ယုံကြည်သူများသည် ထာဝရ စုံလင်ခြင်း အကျိုးကို ရစေသည်။

၁၅။ ထိုသို့နှင့် အညီ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါတို့အား သက်သေ ပေးတော်မူ သည်မှာ၊ ၁၆။ နောင်ကာလ အခါသူတို့၌ ငါပေးသော ပဋ္ဋိညာဉ််တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ့ပညတ်တို့ကို သူတို့ နှလုံးထဲမှာပေးသွင်းမည်။ သူတို့ စိတ် ဝိညာဉ်၏ အပေါ်မှာ ရေးထားမည်ဟု အထက် ကမိန့် တော်မူပြီးမှ ၊ ၁ရ။ တဖန်တုံ၊ သူတို့ ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း။ ၁၈။ ထိုအပြစ် တို့ကို လွှတ်ပြီးလျှင် နောက်တဖန် အပြစ် ​ဖြေသော ပူဇော်သက္ကာကို ပြုစရာ အကြောင်း မရှိ။
အထက်ပါ ကျမ်းပိုဒ်သည် ယေရမိ ၃၁:၃၁-၃၄၌ ရေးထားသော နောင်ကာလ၌ ပေးမည့် ပဋ္ဋိညာဉ််တရားသစ် ဖြစ်သည်။ ထိုပဋ္ဋိညာဉ််တရားသစ်သည် ဘုရားသခင်နှင့် ဣသရေလ လူများ အကြား ပြုလုပ် မည့် အရာ ဖြစ်သည်။ ထိုပဋ္ဋိညာဉ််တရားသစ် ပြုလုပ် ဘို့ရန် သခင်ယေရှု ဤလောကသို့ ကြွလာခဲ့သော်လည်း မလုပ် ဖြစ်ခဲ့ပါ။ အကြောင်းမှာ သူ၏ လူမျိုးများ က လက်မခံ သောကြောင့် ဖြစ်သည်။ သို့သော် ပဋ္ဋိညာဉ်တရားသစ်ကို တည်စေဘို့ရန် သူ၏ အသွေးသွန်းခဲ့ပြီ။ သူကိုယ်တိုင်က ၊ “ဤခွက်ကား ပဋ္ဋိညာဉ်တရားသစ်နှင့် ဆိုင်၍ လူများ တို့၏ အပြစ်ကို လွှတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေး ဖြစ်၏။” (မ ၂၆:၂၈) ဟုဆိုခဲ့သည်။ သူတို့သည် ခရစ်တော် ဒုတိယအကြိမ် ကြွလာမှသာပဋ္ဋိညာဉ်တရားသစ် ပြုလုပ် မှာ ဖြစ်သည်။ ပဋ္ဋိညာဉ်တရားသစ်၏ ထူးခြားချက်များမှာ၊ (၁) ပညတ်တို့ကို သူတို့ နှလုံးထဲမှာပေးသွင်းမည်။ သူတို့ စိတ် ဝိညာဉ်၏ အပေါ်မှာ ရေးထားမည် (၂) သူတို့ ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို ဘုရားသခင်က မအောက်မေ့ဘဲ နေမည်။

၁၉-၂၀။ ထိုကြောင့်ညီအစ်ကိုတို့၊ ယေရှု၏ကိုယ်ခန္ဓာ တည်းဟူသောကုလားကာအားဖြင့် ထိုသခင် ပြင်ဆင် တော်မူသော အသက် လမ်းသစ်တွင်၊ ငါတို့သည် သန့်ရှင်းရာ ဌာနထဲသို့၊ အသွေးတော်ကို အမှီပြု၍ အဆီးအတားမရှိ၊ ဝင်ရသော အခွင့်ရှိသဖြင့်၎င်း၊ ၂၁။ ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်းရှိသဖြင့်၎င်း၊ ၂၂။ ငါတို့သည် သစ္စာနှင့် ပြည့်စုံသော သဘော ရှိ၍ ဝိစိကိစ္ဆာနှင့် ကင်းသော ယုံကြည်ခြင်း၌ တည်လျှက်၊ စိတ်နှလုံးကို သံဝေဂတရားနှင့် လွတ်အောင် ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။
“ယေရှု၏ကိုယ်ခန္ဓာ တည်းဟူသောကုလားကာ” ယေရှု၏ကိုယ်ခန္ဓာသည် ကုလားကာဟု ခေါ်သည်။ အဘယ်အရာကို ဆိုလိုသနည်း။ လူသည် ဝိညာဉ် ဖြစ်သည်။ ဝိညာဉ်သည် ကောင်းကင် တက်ဘို့ရန် သော်၎င်း၊ ငရဲဆင်းဘို့ရန် သော်၎င်း၊ ကိုယ်ခန္ဓာကကာစီးနေသည်။ ကိုယ်ခန္ဓာပျက်စီး သောအခါ၊ သို့မဟုတ် ကိုယ်ခန္ဓာအထဲမှ ဝိညာဉ် ထွက်သွား သောအခါ၊ ကယ်တင်ခြင်းသို့ ရောက်သော သူများသည်၊ သူတို့၏ ဝိညာဉ် ကောင်းကင်သို့ တက်သွား၍ ၊ ကယ်တင်ခြင်းသို့ မရောက်သော သူများသည်၊ ငရဲထဲသို့ ဆင်းသွားသည်။ ထို့ကြောင့် ကိုယ်ခန္ဓာသည် ကုလားကာဟု ခေါ်ရခြင်း ဖြစ်သည်။

“ထိုသခင် ပြင်ဆင် တော်မူသော အသက် လမ်းသစ်တွင်၊ ငါတို့သည် သန့်ရှင်းရာ ဌာနထဲသို့၊ အသွေးတော်ကို အမှီပြု၍ အဆီးအတားမရှိ၊ ဝင်ရသော အခွင့်ရှိသဖြင့်၎င်း” ခရစ်ယာန်များအနေဖြင့် ခရစ်တော် ပြင်ဆင်သော အသက် လမ်းသစ် တည်းဟူသောသန့်ရှင်းရာဌါနသို့ ဝင်ခွင့်သည် အဓိပ္ပါယ် နားမလည် သောကြောင့်၊ တန်ဘိုး ထားမည် မဟုတ်။ ပညတ်တော် အတိုင်း မြေကြီး ပေါ်၌ လူဆောက်သော တဲတော် အထဲရှိ သန့်ရှင်းရာဌါနသို့ ပင်လူတိုင်း ဝင်ခွင့်မရှိ။ ယဇ်ပုရောဟိတ် မင်းသာလျှင် အသွေးနှင့် ဝင်ခွင့်ရှိသည်။ ယခု ဘုရားသခင် ဆောက်သော ကောင်းကင် တဲတော် ရှိသန့်ရှင်းရာ ဌါနသို့ ဝင်ခွင့်ရရှိခြင်းသည် မည်မျှတန်ဘိုးရှိ၍ ဝမ်းမြောက်စရာ ရှိသနည်း။ ဝါရှင်တန်မြို့ရှိသမတအိမ်ဖြူတော် အတွင်း ၌ လူတိုင်း ဝင်ခွင့်မရှိချေ။ ဝင်ခွင့်ရရှိသော သူများသည် ဂုဏ်ယူ၍ တန်ဘိုး ထား ကြသည်။ ထိုထက် မက၊ ဘုရားသခင်ကိုယ်တော်တိုင် ကျိန်းဝပ်သော သန့်ရှင်းရာဌါနထဲသို့ ဝင််၍ ဘုရားသခင်ကို ဖူးမျှော်ကိုးကွယ်ခွင့်ရရှိခြင်းသည် တန်ဘိုး မဖြတ်နိင်သော အခွင့်အရေး ဖြစ်သည်။ “ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်းရှိသဖြင့်၎င်း၊ ” ဘုရား၏ အိမ်တော်သည်လောက၌ တဲတော်၊ ဗိမာန်တော်ဟု ခေါ်သည်။ ထိုအထဲ၌ ယဇ်ပုရောဟိတ်မင်းသည် အုပ်စိုးသောသူ ဖြစ်သည်။ ထို့ကြောင့် လူများ ကသူ့ကို အလွန် ရိုသေ၍ အားကိုး ကြသည်။ ယခုကောင်းကင် အိမ်တော်၌ အုပ်စိုးသော သူသည် ယဇ်ပုရောဟိတ်မင်းယေရှု ပင် ဖြစ်သည်။

“ငါတို့သည် သစ္စာနှင့် ပြည့်စုံသော သဘော ရှိ၍ ၊ ဝိစိကိစ္ဆာနှင့် ကင်းသော ယုံကြည်ခြင်း၌ တည်လျှက်၊ ” ဟူသောအရာ ကို အင်္လိပ်လိုဤသို့ ရေးထားသည်၊ “a sincere heart in full assurance of faith” ။ ထို့ကြောင့် “ငါတို့သည် ရိုးသား၍ ယုံကြည်ခြင်းခြင်း အပြည့်ရှိလျှက်၊ ” ဟု ဘာသာပြန်လျှင် ပို၍ နားလည်လွယ်မည်။ “စိတ်နှလုံးကို သံဝေဂတရားနှင့် လွတ်အောင် ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ ” ဟူသောအရာ ကို အင်္လိပ်လိုဤသို့ ရေးထားသည်၊ “having our hearts sprinkled clean from an evil conscience and our bodies washed with pure water” ။ ထို့ကြောင့် “စိတ်နှလုံးကို ညစ်ညူးသော ဩတ္တပ္ပစိတ်မှလွတ်အောင် ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း သန့်ရှင်းသော ရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ ” ဟု ဘာသာပြန်လျှင် ပို၍ နားလည်လွယ်မည်။

ထို့ကြောင့် အထက်ပါ အချက်များကို ချုပ်ပါက ၊ ခရစ်တော်၏ကိုယ်ခန္ဓာကုလားကာအားဖြင့် အသက် လမ်းသစ်သို့ အသွေးတော်အားဖြင့် သန့်ရှင်းရာဌါနသို့ အတားအဆီးမရှိ ဝင်ခွင့်ရရှိသောကြောင့်၎င်း၊ ဘုရား၏ အိမ်တော် အုပ်စိုးသော ယဇ်ပုရောဟိတ်မင်းယေရှု ရှိသောကြောင့်၎င်း၊ ငါတို့သည် ရိုးသား၍ ယုံကြည်ခြင်းခြင်း အပြည့်ရှိလျှက်၊ စိတ်နှလုံးကို ညစ်ညူးသော ဩတ္တပ္ပစိတ်မှ လွတ်အောင် ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း သန့်ရှင်းသော ရေဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။

မိဖုရားဧသတာသည် သူ၏ လင်ယောက်ျား ဖြစ်သော ရှင်ဘုရင်အာရွှေရုထံသို့ တိုးဝင်ချဉ်းကပ်နိင်ဘို့ရန် သုံးရက် အစာရှောင်ခဲ့သည်။ အကြောင်းမှာ ရှင်ဘုရင်ကမခေါ်ဘဲ သူ့ထံသို့ ဝင်လျှင် အသေသတ်ခြင်း ခံနိင်သည်။ (ဧသတာ ၄:၁၁)။ ထိုသို့ ဧသတာသည် သုံးရက်အစာရှောင်ပြီးမှအသက် စွန့်၍ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ရှင်ဘုရင်ထံသို့ ဝင်ခဲ့သည်။ လောက လူသား အချင်းချင်းပင်လျှင် ထိုမျှလောက်ကြောက်ရလျှင်၊ ထာဝရ ဘုရား ထံသို့ တိုးဝင်ခွင့်သည် မည်မျှကြောက်စရာ ကောင်းမည်နည်း။ ခရစ်တော် ကသာ လမ်းမဖွင့်ပေး၊ သန့်ရှင်းရေးမလုပ်ပေးလျှင်၊ ထာဝရ ဘုရား ထံတော်သို့ တိုးဝင်ဘို့သည် လုံးဝ အခွင့်အလမ်းမရှိချေ။ ထိုအရာကို သိလျှင် ထာဝရ ဘုရား ထံတော်သို့ တိုးဝင်ခွင့်ရခြင်းကို အလွန် ဂုဏ်ယူ၍ တန်ဘိုး ထားမှာ ဖြစ်သည်။ ထိုအခွင့်အရေးကို အလေးထား၍ ၊ ဝမ်းမြောက် ဝမ်းသာဖြင့် တိုးဝင်ချဉ်းကပ်ကြကုန်အံ့။

၂၃။ မြော်လင့်ခြင်း အကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား၊ ဂတိထား တော်မူသော သူသည် သစ္စာနှင့် ပြည့်စုံ တော်မူ၏။
“မြော်လင့်ခြင်း အကြောင်းကို ဝန်ခံ၍ ” ယုံကြည်သူများ ဝန်ခံသော မြော်လင့်ခြင်းသည် အဘယ်အရာ ဖြစ်မည်နည်း။ ခရစ်တော် ခင်းပေးသော လမ်းဖြင့် သန့်ရှင်းရာဌါနတော် ထဲသို့ ဝင်၍ ဘုရားသခင်ကို တိုးဝင်ချဉ်းကပ်ကိုးကွယ်ဘို့ ဖြစ်ပေလိမ့်မည်။

“မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့။” ယုံကြည်သူများသည် တိမ်းယိမ်းရွေ့လျော့နိင်သောကြောင့် ထိုသို့ မဖြစ်ဘို့ အားပေး၊ သတိပေးခြင်း ဖြစ်သည်။ အောင်မြင်ခြင်းသည် မရွေ့လျော့ဘဲ တည်ကြည်ခြင်းအားဖြင့် ရရှိနိင်သည်။ များစွာသော သူများသည် အစပြုတာ ထွက်ကောင်းသော်လည်း၊ ပန်းတုန်းတိုင်အထိ မပြေး၊ ရွေ့လျော့ခြင်းအားဖြင့် ဆုံးရှုံးတတ် ကြသည်။ “အကြောင်းမူကား၊ ဂတိထား တော်မူသော သူသည် သစ္စာနှင့် ပြည့်စုံ တော်မူ၏။” မတိမ်းမယိမ်း၊ မရွေ့လျော့ဘဲ တည်ကြည်သင့်ခြင်းသည်၊ ဂတိထား တော်မူသော ဘုရားသခင်သည် သစ္စာရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူကဲ့သို့ မဟုတ်၊ သစ္စာ တည်သောကြောင့် သူ့ထံသို့ လာလျှင် ငြင်းပယ်မည် မဟုတ်ချေ။

၂၄။ ထိုမှတပါး၊ မေတ္တာစိတ်ရှိစေခြင်း ငှါ၎င်း၊ ကောင်းသော အကျင့်ကို ကျင့်စေခြင်း ငှါ၎င်း၊ တိုက်တွန်းနိုးဆော်ရသော အခွင့်ကို ရှာ၍ ၊ အချင်းချင်းတယောက်ကို တယောက် ထောက်စာကြည့်ရှုကြကုန်အံ့။
မေတ္တာစိတ်ရှိဘို့နှင့် ကောင်းသော အကျင့်ကို ကျင့်ဘို့ တိုက်တွန်းနိုးဆော်ခိုင်းသည်။ လူသည် အချင်းချင်းနှုှုိးဆော် ခြင်းအားဖြင့် အား တက်နိင်သည်။ တယောက် တည်း နေလျှင် စိတ်ဓါတ်ကျကဆုံးရှုံးခြင်းသို့ ရောက်နိင်သည်။ စာတန်သည် တယောက် တည်း နေစေချင်သည်။ ဘုရားသခင်က မူ တယောက် တည်း မနေစေချင်ပေ။ ကိုယ့်မှု အရာကို သာလျှင် ဂရုစိုက်၍ သူတပါးကို ဂရုမစိုက်ခြင်းသည် ယုံကြည်သူများ၏ အသက်တာမ ဖြစ်သင့်ချေ။

၂၅။ လူအချို့တို့၏ ထုံးစံရှိသည် အတိုင်း၊ အချင်းချင်းစည်းဝေးခြင်း အမှုကို မရှောင်လွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့။
ယုံကြည်သူ အချို့သည် အစည်းအဝေးပြုခြင်းကို ရှောင်တတ် ကြသည်။ အထူးသဖြင့် ယခုခေတ် တွင် တီဗီနှင့် အင်တာနက်မှ တရားဟောချက်များ အိမ်မှ နားထောင် နိင် သောအခါ၊ ဘုရားကျောင်းနှင့် စုပေါင်းဝတ်ပြုကိုးကွယ်သော နေရာကို မလာချင် ကြတော့ချေ။ သူတို့၏ အကြောင်း ပြချက်မှာ၊ အသင်းတော်၌ ပြသနာ များသည်၊ တယောက် တည်း နေလျှင် ပြသနာ အေးသည် ဟူ၍ ဖြစ်သည်။ သို့သော် ထိုသို့ တယောက် တည်း နေခြင်းသည် စာတန်၏ လှည့်ဖျားမှု ဖြစ်သည်။ လူသည် ပြည့်စုံခြင်း မရှိပါ။ ခလေး များလျှင် ပြသနာ များသည်။ သို့သော် မိဘများက သူတို့၏ ခလေး များကို ပစ်မထားပါ။ ပြုစုပျိုးထောင်၍ ကြီး ပြင်းလာသောအခါ မိဘများကို ပြန်လည်ကူညီ​ကျွေးမွေးသော သူများ ဖြစ်လာ ကြသည်။ ထို့ကြောင့် ဝိညာဉ် ရေးရာ၌ ကြီး ထွားရင့်ကျက်လာသောအခါ အသင်းတော်၌ ဝမ်းမြောက် စရာ၊ ခွန်အားရစရာ ဖြစ်လာသည်။

“ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့” ကာလအချိန် ရောက်လုနီးသည် ဟုဆိုခြင်းသည် သခင်ဘုရား ကြွလာ၍ ချီဆောင်မည့် အချိန်ကို ဆိုလိုသည်။ လောက မှာကြာကြာနေရတော့မှာ မဟုတ်သောကြောင့် သာ၍ ကြိုးစားဘို့ ပြောခြင်း ဖြစ်သည်။ ခရစ်တော် ကြွလာမည့် အရာသည် ပေါလုတို့ လက်ထက် မှာလည်း မြော်လင့်ခဲ့ပြီ။ သို့သော် သူတို့ ခေတ်မှာကြွမလာခဲ့ပါ။ ထိုအရာသည် သူတို့ မှားယွင်းခြင်း မဟုတ်ပါ။ ပရောဖက် များသည် ဘုရား ခိုင်း၍ သာဟောပြောကြသည်၊ သူတို့ ဟောပြောသောအရာ များကို သူတို့ကိုယ်တိုင်အကုန်အစင် မသိကြောင်း ပေတရုကဤသို့ ရေးထားသည်၊ “ထို ကယ်တင်ခြင်း အကြောင်း အရာကို ပရောဖက် တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍ ၊ သင်တို့ ခံရသော ကျေးဇူးတော် အကြောင်းကို ဟောပြောကြပြီ။ ခရစ်တော် ခံတော်မူ ရသော ဆင်းရဲကို၎င်း၊ ဆင်းရဲ ခံပြီးမှဝင်စား တော်မူ ရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့ အထဲ၌ ရှိသော ခရစ်တော်၏ ဝိညာဉ်သည် သက်သေခံနှင့် သောအခါ၊ အဘယ်မည်သော သူကို၎င်း၊ အဘယ်သို့သောအချိန် ကာလကို၎င်းဆိုလို တော်မူသည်ဟု မေးမြန်ရှာဖွေ ကြ၏။” (၁ ပေ ၁:၁၀-၁၁)

၂၆။ အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှကိုယ်အလိုသို့ လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ် ​ဖြေသော ယဇ်ကို ပူဇော်ရာအခွင့်မရှိဘဲ၊ ၂ရ။ ဒဏ်စီရင်ခြင်းကို ခံရမည်ဟု ကြောက်မက်ဘွယ်သော မြော်လင့်ရသော အကြောင်း၊ ငြင်းဆန်သော သူတို့ကို ဖျက်ဆီးဘို့ ရာအမျက်တော် မီးလောင်ခြင်းကို ခံရသော အကြောင်းရှိ၏။
အထက်ပါ ကျမ်းပိုဒ်ကို ကြည့်၍ ကယ်တင်ခြင်း ဆုံးရှုံး နိင်သည်ဟု ယူဆနိင်သည်။ ထိုသို့မဟုတ်ပါ။ သမ္မာတရား တည်းဟူသောဘုရားသခင်၏ ကယ်တင်ခြင်းနှင့် အကြံတော် များကို သိသော်လည်း၊ သိရုံသာသိ၍ ယုံကြည်ခြင်း မရှိသော သူကို ဆိုလိုသည်။ ဤစာကို ရေးသော သူက၊ “ဘုရားသခင်၏ ချမ်းသာ ထဲသို့ ဝင်ရသော အခွင့်ကို ပေးသော ဂတိတော်သည် ငါတို့၌ ရှိရစ်လျက် နှင့်၊ သင်တို့တွင် အချို့တို့သည် မမှီဘဲ နေမည်ကို စိုးရိမ် ကြကုန်အံ့။ ငါတို့သည် ဝမ်းမြောက်စရာ သိတင်းကို ထိုသူတို့ ကဲ့သို့ ကြားရကြပြီ။သို့ ရာတွင် သူတို့ ကြားရသော တရားစကားသည်၊ ကြားရသော သူတို့ အထဲ၌ ယုံကြည်ခြင်း နှင့် မရောနှောသောကြောင့် အကျိုးကို မပေး။” (ဟေ ၄:၁-၂)ဟု ရေးခဲ့ပြီ။ ခရစ်တော်၏ကိုယ်ခန္ဓာနှင့် အသွေးကို ပူဇော်ခြင်းသည် အရိပ် မဟုတ်၊ အစစ်နှင့် နောက်ဆုံးသော ယဇ် ဖြစ်သည်။ ထိုအရာကို သိသော်လည်း မယုံကြည်သော သူသည် နောက်ထပ် ယဇ်ပူဇော်စရာ မရှိတော့သောကြောင့်၊ ကယ်တင်ခြင်းသို့ မရောက်ဘဲ မီးအိုင် ထဲဆင်းဘို့ သာလျှင် ရှိသည်။ ဓမ္မဟောင်းကာလ၌ မယုံကြည် ပြစ်မှားသော သူများသည် ခရစ်တော်၏ ပူဇော်ခြင်းကို လက်ခံခြင်းအားဖြင့် အပြစ် ပြေနိင်သည်။ ခရစ်တော် ပူဇော်ပြီး နောက်မှမယုံကြည်၊ ပြစ်မှားသူအတွက် နောက်ထပ်ပူဇော်စရာ ယဇ်မရှိတော့သောကြောင့် ပျက်စီးခြင်းသို့ သာသွားရမည်။

၂၈။ မောရှေ၏ တရားကို ပယ်သော သူမည်သည်ကား၊ သက်သေခံနှစ်ဦးသုံးဦးရှိလျှင်၊ သနားခြင်းကို မခံရဘဲ သေရ၏။
အထက်ပါ ကျမ်းပိုဒ်သည်၊ “ သက်သေခံ နှစ်ယောက်သုံးယောက် ရှိလျှင် သေထိုက်သော သူသည် အသေခံ ရမည်။” (တရားဟော ၁ရး၆) ကိုကိုးကားခြင်း ဖြစ်သည်။

၂၉။ ထိုမျှမက ဘုရားသခင်၏ သားတော်ကို ​ခြေနှင့် ကျော်နင်းလျက်၊ မိမိကို စင်ကြယ်စေသော ပဋ္ဋိညာဉ်တရား၏ အသွေးကို အပြစ် တင်လျှက်ဆုကျေးဇူးကို ပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင် ပြုလျက် ရှိသော သူသည်၊ အဘယ်မျှလောက်ကြီးစွာသော ဒဏ်ဖြင့် ခံထိုက်သည်ကို သင်တို့ ထင်ကြသနည်း။
“ဘုရားသခင်၏ သားတော်ကို ​ခြေနှင့် ကျော်နင်းခြင်း” သည် သခင်ယေရှုကို မယုံကြည်၊ ကယ်တင်ရှင်နှင့် ဘုရား အဖြစ်လက်မခံခြင်း ဖြစ်သည်။ “မိမိကို စင်ကြယ်စေသော ပဋ္ဋိညာဉ်တရား၏ အသွေးကို အပြစ် တင်လျှက်” လူ၏ အပြစ်ကို ပဋ္ဋိညာဉ်တရား၏ အသွေးအားဖြင့် ခွင့်လွှတ်သည် (ယေရမိ ၃၁:၃၄)။ ထိုသို့ အပြစ် ​ဖြေစေသော ပဋ္ဋိညာဉ်တရား၏ အသွေးကို လက်မခံဘဲ အပြစ် တင်လျှင် မည်သို့ မျှအပြစ် လွှတ်ခြင်းရစရာ အကြောင်း မရှိတော့ချေ။

“ဆုကျေးဇူးကို ပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင် ပြုလျက် ရှိသော သူ” ယုံကြည်သူများသည် ဝိညာဉ်အားဖြင့် ဒုတိယမွေး သောအခါ ဝိညာဉ်တော် ကဆုကျေးဇူးများကို အသီးသီး ပေးသည် (၁ ကော ၁၂)။ သို့သော် ထို ဝိညာဉ်တော်ကို မထီမဲ့မြင် ပြုလျှင်ဟုဆိုခြင်းသည် မယုံကြည်ခြင်း၊ ဂရုမစိုက်ခြင်း ဖြစ်သည်။

“အဘယ်မျှလောက်ကြီးစွာသော ဒဏ်ဖြင့် ခံထိုက်သည်ကို သင်တို့ ထင်ကြသနည်း။” အထက်ပါ ပုဂ္ဂိုလ်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မသိသည် မဟုတ်၊ ဝိညာဉ်တော်၏ အလုပ်ကိုလည်း သိိသောသူ ဖြစ်သည်။ သို့သော် မယုံကြည် မလက်ခံ၊ မာနကြီး သောသူ ဖြစ်သည်။ ထိုသူသည် ကြီးစွာသော ပြစ်ဒဏ်ကို ခံထိုက်သည်။ ခရစ်တော်က၊ “များစွာသော တန်ခိုးတော်ကို ပြတော်မူသော မြို့ရွာတို့သည် နောင်တ မရသောကြောင့်၊ ထိုမြို့တို့ကို ဤသို့ ကဲ့ရဲ့ပြစ်တင် တော်မူ၏။ အိုခေါရာဇိန်မြို့၊ သင်သည် အမင်္လာရှိ၏။ အိုဗက်ဇ​ဲဒမြို့၊ သင်သည် အမင်္လာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင် ပြသော တန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင် ပြဘူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကို ဝတ်၍ ၊ ပြာနှင့် လူးလျက် နောင်တ ရကြလိမ့်မည်။ ငါဆိုသည်ကား၊ တရားဆုံးဖြတ်သော နေ့၌ သင်တို့သည် တုရုမြို့နှင့် ဇိဒုန်မြို့ထက် သာ၍ ခံရကြလတံ့။ အိုကပေရနောင်မြို့၊ သင်သည် မိုဃ်းကောင်းကင် တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတံ့၊ အကြောင်းမူကား၊ သင်၌ ပြသော တန်ခိုးကိုသော ဒုံမြို့၌ ပြဘူးလျှင်၊ ထိုမြို့သည် ယခုတိုင်အောင် တည်ရာ၏။ ငါဆိုသည်ကား၊ တရားဆုံးဖြတ်သော နေ့၌ သင်သည်သော ဒုံမြို့ထက် သာ၍ ခံရလတ့ံဟု မိန့်တော်မူ၏။” (မ ၁၁:၂၀-၂၄) ထို့ကြောင့် အခြားဘုရားကိုးကွယ်သော သူများထက် ခရစ်ယာန် များသည်၊ တရားဆုံးဖြတ်သော နေ့၌ သာ၍ ခံရမည်ဟု သိရသည်။

၃၀။ ငါသည် အပြစ် တရားကို စီရင်ပိုင်၏။ အပြစ်နှင့် အလျောက်ငါဆပ်ပေးမည်ဟူ၍ ၎င်း၊ ထာဝရ ဘုရားသည် မိမိလူတို့ အဘို့ တရားစီရင်မည်ဟူ၍ ၎င်း၊ မိန့်တော်မူသော သူကို ငါတို့သည် အမှန်သိကြ၏။
အထက်ပါ ကျမ်းပိုဒ်သည်၊ တရားဟော ၃၂:၃၄-၃၅ကို ကိုးကားခြင်း ဖြစ်သည်။ အပြစ် ပေးပိုင်သော သူသည် လူလူချင်း မဟုတ် ဘုရားသခင် ဖြစ်သည်။ လူလူချင်းအပြစ် မပေးပိုင်သောကြောင့် တရားသူကြီး ထံ၌ တရားစွဲတတ်သည်။ ဘုရားသခင်သည် တရားသူကြီး ဖြစ်သောကြောင့် အပြစ် စီရင်ပိုင်သည် (ဟေရှာယ ၃၃:၂၂)။ ထိုဘုရားကို ငါတို့ သိသည်ဟုဆိုသည်။ ၃၁။ အသက် ရှင် တော်မူသော ဘုရားသခင်၏ လက်တော်သို့ ကျရောက်ခြင်း အမှုသည် ကြောက်မက်ဘွယ်သောအမှု ဖြစ်သတည်း။

ဘုရားသခင်၏ လက်တော်သို့ ကျရောက်ခြင်း အမှု ဆိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းကို ဆိုလိုသည်။ ယဇ်ပုရောဟိတ် ဧလိကဆိုးသွမ်းသော သူ့သားများထံဤသို့ ဆိုခဲ့ဘူးသည်၊ “ဧလိသည် အသက် အရွယ်လွန် သောအခါ သူ၏သား တို့သည် ဣသရေလ လူအပေါင်းတို့၌ ပြုသမျှကို ၄င်း၊ ပရိတ်သတ် စည်းဝေးရာတဲတော် တံခါးနားမှာစည်းဝေးသော မိန်းမနှင့် မှားယွင်းကြောင်းကို ၄င်းကြားသိလျှင်၊ ၂၃ သင်တို့သည် အဘယ်ကြောင့်ဤသို့ ပြုကြသနည်း၊ သင်တို့ ပြုသော ဒုစရိုက်တို့ကို လူအပေါင်းတို့သည် ပြော၍ ငါကြားရ၏။ ၂၄ မကောင်းဘူးငါ့သားတို့၊ ငါကြားသော သိတင်းသည် ကောင်းသော သိတင်း မဟုတ်၊ ထာဝရ ဘုရား၏ လူတို့သည် ပြစ်မှားရမည်အကြောင်း၊ သင်တို့ ပြုကြသည် တကား၊ ၂၅ လူချင်းတယောက်ကို တယောက် ပြစ်မှားလျှင်၊ တရားသူကြီး စစ်ကြောစီရင်ရ၏။ လူသည် ထာဝရ ဘုရားကို ပြစ်မှားလျှင်၊ သူ့အတွက် အဘယ်သူ တောင်းပန်လိမ့်မည်နည်းဟု ဆုံးမသော်လည်း၊ သူတို့သည် အဘ၏ စကားကို နားမထောင်ကြ။” (၁ရာ ၂:၂၂-၂၅)။

၃၂-၃၃။ သင်တို့သည် အလင်းသို့ ရောက်ပြီးသည် နောက်၊ လူများရှေ့မှာ ကဲ့ရဲ့ညှဉ်းဆဲခြင်းကို ခံရသဖြင့်၎င်း၊ ထိုသို့ ခံရသော သူတို့နှင့် ဆက်ဆံသော အပေါင်းအဘော် ဖြစ်သဖြင့်၎င်း၊ ကြီးစွာသော ဆင်းရဲ ဒုက္ခ ဝေဒနာ များကို ဆိုင်ဗြုင်တိုက်လှန်ခြင်းနှင့် တွေ့ကြုံသော အထက် ကာလ အချိန်ကို အောက်မေ့ကြလော့။
ရှေး ယုံကြည်သူများသည် သူတို့၏ ယုံကြည်ခြင်းကြောင့် လူများ၏ ကဲ့ရဲ့ညှဉ်းဆဲခြင်းကို ခံခဲ့ ကြသည်။ ထိုမျှသာမက ကြီးစွာသော ဆင်းရဲ ဒုက္ခ ဝေဒနာ များကို ဆိုင်ဗြုင်တိုက်လှန်ခဲ့ ကြသည်။ ထိုအရာကို အောက်မေ့သတိရစေသည်။ အကြောင်းမှာ လူသည် အဆင်ပြေလာသောအခါ၊ ယုံကြည်ခြင်းအား လျော့၍ အပြစ် သွေးဆောင်ရာသို့ ပါသွားတတ်သည်။

၃၄။ ထိုအခါ သင်တို့သည် အကျဉ်းခံရသော သူတို့အတွက် ကြောင့် ကြင်နာသော စိတ်ရှိရသည် သာမက၊ ကိုယ်ပစ္စည်း ဥစ္စာများကို သူတပါးလုယူဖျက်ဆီးသော်လည်း၊ ကိုယ်သုံးစရာ ဘို့ ကောင်းကင်ဘုံ၌ သာ၍ မြတ်သော အမြဲတည်သော ဘဏ္ဍာရှိသည်ကို သိ၍ ၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သော စိတ်နှင့် ဝန်ခံကြ၏။
ဤစာကို လက်ခံသော သူများသည် ယုံကြည်ခြင်းကြောင့် ဆင်းရဲ ဒုက္ခ ခံခဲ့စဉ်တုန်းကအကျဉ်းခံရသော သူများကို ကြင်နာသော စိတ်ရှိခဲ့သည်။ သို့သော် ဤစာကို လက်ခံ ရရှိချိန်တွင်၊ ထိုသို့သော စိတ်ထားမျိုးမရှိတော့ကြောင်း ထင်ရှားသည်။ လူသည်ကိုယ်တိုင်ဒုက္ခ ခံရလျှင် သူတပါးကို စာနာတတ်သည်။ ကောင်းစား သောအခါ ထိုစိတ် ကုန်တတ်သည်။ သူတို့သည် ဥစ္စာပစ္စည်းများ လုယူဖျက်ဆီးခြင်း ခံရသော်လည်း ဝမ်းမြောက် ကြသည်။ အကြောင်းမှာ သူတို့၏ ဘဏ္ဍာသည် ဤလောက၌ မဟုတ်၊ ကောင်းကင်၌ သိုထား သောကြောင့် ဖြစ်သည်။ လောက ဘဏ္ဍာများသည် ကုန်ခန်းခြင်း၊ ပျက်စီးခြင်း၊ ခိုးယူခြင်း ခံနိင်သော်လည်း ကောင်းကင် ဘဏ္ဍာသည် ထာဝရ တည်တန့်သည်။ ထို့ကြောင့် သခင်ယေရှုက ဘဏ္ဍာများကို ကောင်းကင်၌ သိုထားဘို့ ပြောခြင်း ဖြစ်သည် (မ ၆:၁၉-၂၀)။

၃၅။ ထိုကြောင့်၊ ကြီးစွာသော အကျိုးနှင့် ယှဉ်သော သင်တို့၏ ရဲရင့်ခြင်း စိတ်ကို မစွန့်ကြနှင့်။ ၃၆။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ပြီးမှ၊ ဂတိတော် အတိုင်း အကျိုးကို ရမည်အကြောင်းသည်း ခံခြင်း စိတ်ရှိရမည်။
ဤစာရေးသူက ယုံကြည်သူများသည် ယုံကြည်ခြင်းနှင့် ယှဉ်သော ရဲရင့်ခြင်း စိတ်ကို မစွန့်ကြဘို့ အားပေးသည်။ သူတို့သည် ယုံကြည်ခြင်း၌ အား လျော့လာသောကြောင့် ထိုသို့ ရေးခြင်း ဖြစ်မည်။ ဘုရား၏ အလိုတော် ဆောင်ခြင်းသည် အကျိုးရရှိဘို့ ဂတိရှိသည့်အတိုင်း အမှန်ရရှိမှာ ဖြစ်သည်။ လူသည် အစကောင်းတတ်သော်လည်း အနှောင်းပိုင်း၌ ပျက်ချော်သွားတတ်သည်။

၃ရ။ အဘယ်ကြောင့်နည်းဟူမူကား၊ ကြွလာလတံ့သော သူသည် မဆိုင်းမလင့်ဘဲ၊ မကြာမမြင့်မှီရောက် တော်မူ လိမ့်မည်။
ကြွလာလတံ့သော သူသည် သခင်ယေရှု ပင် ဖြစ်သည်။ ရှေး ယုံကြည်သူများ၏ တခုတည်းသော မြော်လင့်ရာသည် သခင်ယေရှု ကြွလာမည့် အရာ ဖြစ်သည်။ သို့သော် ယနေ့ ယုံကြည်သူများ၏ မျှော်လင့်ချက်သည်၊ ဤလောက ယပိုင်ဆိုင်ရေး ဖြစ်သည်။ သင်သည် မည်သည့်အရာကို မျှော်လင့်သနည်း။ ကြွလာမည့် သခင်ယေရှုကို မျှော်လင့်ပါသလော။

၃၈။ ​ဖြောင့်မတ်သော သူသည် ယုံကြည်ခြင်း အားဖြင့် အသက် ရှင်လိမ့်မည်။ သို့သော်လည်း ၊ ရွေ့လျော့လျှင်၊ ငါ့စိတ် ဝိညာဉ်သည် ထိုသူကိုအားရနှစ်သက်ခြင်း မရှိဟု ဘုရားသခင် အမိန့်တော် ရှိ၏။
ဤကျမ်းပိုဒ်သည် ဟဗက္ကုတ် ၂:၄ ထဲမှ ဖြစ်၍ ဓမ္မသစ်ကျမ်းတွင် ပေါလုကရော ၁:၁ရနှင့် ဂလာ ၃:၁ရ၌ကိုးကား ထားသည်။ ဤကျမ်းပိုဒ်သည် ရိုမင်ကက်သလိပ်သွန်သင်ချက်ကိုတော် လှန်သူ၊ မာတင်လူသာကို ပြောင်းလဲစေသော ကျမ်းပိုဒ် ဖြစ်သည်။ ဤကျမ်းပိုဒ်အားဖြင့် မာတင်လူသာသည် ကယ်တင်ခြင်း တရားကို သိခွင့်ရခဲ့သည်။ ​ဖြောင့်မတ်သော သူသည် ဘုရား ပေးသော ​ဖြောင့်မတ်ခြင်းကို ဆိုလိုသည်။ လူလူချင်း အပေါ်မှာ ​ဖြောင့်မတ်ခြင်း မဟုတ်။ ကျမ်းစာက၊ “ယေရှုခရစ်ကို ယုံကြည်ခြင်း အားဖြင့်၊ ယုံကြည် သောသူ အပေါင်းတို့ အဘို့ ဖြစ်၍ ၊ ထိုသူ အပေါင်းတို့ အပေါ်သို့ ရောက်သော ဘုရားသခင်၏ ​ဖြောင့်မတ်ခြင်း တရားသည် ထင်ရှားခဲ့ပြီ။ ယေရှုခရစ် ရွေးနှုတ် တော်မူသော အားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ​ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။” (ရော ၃:၂၂၊ ၂၄)။ ၃၉။ ငါတို့ မူကား ပျက်ဆီးခြင်းသို့ ရောက်အံ့သောငှါ ရွေ့လျော့သောသူ မဟုတ်။ စိတ် ဝိညာဉ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ ယုံကြည် သောသူ ဖြစ်ကြ၏။ သင်နှင့် ​ကျွန်ပ်လည်း ဤစာရေးသူနှင့်အတူ ရွေ့လျော့သော သမဟုတ်ဘဲ ကယ်တင်ခြင်းသို့ ရောက်အံံ့သောငှါ ယုံကြည် သောသူ ဖြစ်ကြသည်။

.

^

ကျမ်းမာရေးကဏ္ဍ

အိပ်ရေးပျက်ခြင်း

ယခုခေတ် တွင် အိပ်ရေးမဝသောကြောင့် ပြသနာ များစွာ တွေ့ကြုံ နေကြရသည်။ သို့သော် အကြောင်းရင်း မသိသောကြောင့် မည်သို့ မျှ​ ဖြေရှင်းခြင်း မရှိဘဲ ပို၍ ပို၍ ပြသနာများလာ ကြသည်။ လူတိုင်း အနည်းဆုံး၈ နာရီ အိပ်ဘို့ လိုသည်။

ကိုယ်ခန္ဓာအိပ်ရေးပျက်စေသောအရာ များ

၁။ တိုးတက်သော နိင်ငံများတွင် ၂၄ နာရီ လျှပ်စစ်မီးရရှိသောကြောင့်၎င်း၊ အင်တာနက်နှင့် ဖုန်းအသုံးပြုခြင်းကြောင့်၎င်း၊ ညဉ့်နက်သည် အထိ မအိပ်ကြဘဲ နေကြသည်။

၂။ ညအချိန်တွင် အလုပ်လုပ်သောကြောင့်။ ဒုတိယဆိုင်း၊ တတိယဆိုင်းတွင်း အလုပ်လုပ်သော သူများသည်၊ ညအိပ်မည့် အချိန်တွင် အလုပ်လုပ်ကြရာ၊ နံနက်ပိုင်း၊ နေ့ခင်းပိုင်း၌ အိပ်ဘို့ လိုလာသည်။ ထိုအချိန်တွင် ခလေးများကြောင့် ၎င်း၊ အခြားလုပ်စရာများရှိခြင်းကြောင့်၊ နေ့အလင်းကြောင့်၎င်း၊ ဆူညံမှုကြောင့်၎င်းမအိပ်နိင်ကြချေ။

၃။ စိတ်ဓါတ်ကျ ရောဂါ (Depression) ကြောင့်မအိပ်နိင်ချေ။ ရှေးဟောင်းနှောင်း ဖြစ်များ တွေးခြင်းသည် စိတ်ဓါတ် ကျဝမ်းနည်း ကျေကွဲ စေသည်။ ထို့ကြောင့် ရှေးဟောင်းနှောင်း ဖြစ်များ မတွေးပါနှင့်။ အကျိုးမများပါ။ ထို့ထက် ရှေ့ အနာဂတ်မှာ ပြုလုပ် မည့် အရာများကို စဉ်းစားပါ။ ကျမ်းစာ ဖတ်ပါ။ ဝိညာဉ် ရေးရာစာပေများ ဖတ်ပါ။ နားထောင်ပါ။

၄။ လင်မယား အစဉ် မပြေသောကြောင့်လည်း အိပ်ရေးပျက်နိင်သည်။

၅။ ကျန်းမာရေးချို့တဲ့သောကြောင့်လည်း အိပ်၍ မရဖြစ်နိင်သည်။

၆။ ညအိပ်ခါနီးအစာစားခြင်းကြောင့်လည်း မအိပ်နိင်ဘဲ ဖြစ်နိင်သည်။ ဖြစ်နိင်လျှင် ည ၆ နာရီ နောက်ပိုင်း အစာစားခြင်းကို ရှောင်သင့်သည်။ နံနက်နှင့် နေ့လည်စာကို အဝစား၍ ညစာကို နည်းနည်းစားသင့်သည်။ ညပိုင်း အစာစားခြင်းသည်ကိုယ်ခန္ဓာလှုပ်ရှားခြင်း မရှိတော့ သောကြောင့် စားသမျှသည် အဆီ ဖြစ်စေ၍ လူကို ဝစေကာ၊ သွေးကြော၌လည်း အညစ်အ​ကြေး (Cholesterol) များ စေသည်။

ရ။ Caffeine ပါသော အရည်များ သောက်ခြင်းကြောင့် မအိပ်နိင်ချေ။ Caffeine ပါသော အရည်များ မှာကော်ဖီ၊ လဘက်၊ Soda များ၊ အား တိုးဆေးဟု ခေါ်သော Energy drink (Monster, Red bull) များ ဖြစ်သည်။

၈။ ဝမ်းနည်းကျေကဲွသောကြောင့်၊ မိသားစုထဲ၌ သေဆုံးမှုကြောင့်လည်း အိပ်၍ မရဘဲ ဖြစ်နိင်သည်။

၉။ အလုပ်လုပ်စရာ ရှိနေ သေးသောကြောင့်၊ ထိုအရာကို သာစဉ်းစား၍ မအိပ်နိင်ဘဲ ဖြစ်နိင်သည်။

၁၀။ ပူပန်သော ကရောက်သောကြောင့်လည်း အိပ်မရဘဲ ဖြစ်နိင်သည်။

အိပ်ရေးပျက်ခြင်း၏ ဆိုးကျိုးများ

၁။ အိပ်ရေးမဝလျှင် စိတ်ထုံထိုင်း၍ စဉ်းစားဥာဏ် လျော့စေသည်။ စာသင် သောအခါ ဖြစ်စေ၊ တရားနာ သောအခါ ဖြစ်စေအာရုံမစိုက်နိင်သောကြောင့် ဘာမျှ မသိနိင်ချေ။

၂။ ကား မောင်း သောအခါ အလွန် အန္တရာယ် ရှိသည်။ ယဉ်တိုက်ဘို့ အလွန် လွယ်၍ ၊ အသက် အန္တရာယ် ရှိသည်။

၃။ ဝလာခြင်း၊ ဆီးချို ရောဂါရရှိခြင်း၊ နှလုံးရောဂါရရှိခြင်း၊ အသက် တိုတောင်းခြင်းများဖြစ်နိင်သည်။

၄။ လုပ်ငန်းခွင်၌လည်း အိပ်ရေးမဝခြင်းဖြင့် လုပ်ရည် ကိုင်ရည်ကျဆင်းနိင်သည်။ အန္တရာယ်လည်းရှိသည်။

မည်ကဲ့သို့ အိပ်ရေးဝအောင် အိပ်ရမည်နည်း

၁။ စည်းကမ်းရှိပါ။ ညဉ့်နက်သည့်တိုင်အောင် အီလက်ထောနစ် ပစ္စည်းများ မကိုင်၊ မကစားပါနှင့်။ ရုပ်ရှင်များ မကြည့်ပါနှင့်။

၂။ ညအိပ်ရာဝင်ခါနီးအစာမစားပါနှင့်။ ညစာကို နောက်ဆုံးရနာရီ ခန့်တွင် စားသင့်သည်။ အိပ်ခါနီးစားသော အစာသည် ဝစေသည်။

၃။ အိပ်၍ မရအောင် ဖြစ်စေသော အတွေးများ မတွေးပါနှင့်။ ရှေးဟောင်းနှောင်း ဖြစ်များ မစဉ်းစားပါနှင့်။ အကျိုးမရှိပါ။

၄။ အိပ်ခါနီးပူပင်သော ကရောက်စရာများမတွေးတောပါနှင့်။

၅။ ဆုတောင်းပါ၊ ကျမ်းစာ ဖတ်၍ ဘုရား၌ အရာ ခပ်သိမ်း အပ်ထားပါ။

၆။ အဓိကအချက်သည် ဆုံးဖြတ်ချက် ဆန္ဒ ဖြစ်သည်။ ည စောစော အိပ်ဘို့ ရည်ရွယ်ပါ။ ကြိုးစားပါ။

ရ။ မိသားစုအားလုံး စောစော အိပ်၊ စောစော ထနိင်ဘို့ ပညာပေး၊ အားပေးပါ။ အကျိုးအကြောင်း ပြောပါ။ မိသားစု၌ အချို့ စောစော မအိပ်ခြင်းအားဖြင့် အခြား သူများကို အနှောင့်အရှက် ဖြစ်စေသည်။

၈။ မအိပ်ခင်၊ ညနေပိုင်း၌ ခယ်ဖင်း (Caffeine) ပါသော ကော်ဖီ၊ လဖက်ရည်၊ ဆိုဒါများ မသောက်ပါနှင့်။

.

^

အသင်းတော်လှုပ်ရှားမှု

အမှုတော်ဆောင်ခြင်း

အောက်တိုဘာလနောက်ဆုံးပတ် ၂၄-၂၈ တွင် အမှုတော်ဆောင်များ မွမ်းမံသင်တန်းကို၊ Indianapolis Southside GBC ၌ ပြုလုပ် မှာ ဖြစ်သည်။ ထိုသင်တန်း၌ အသစ်အဖြစ် စတင်တက်ရောက်လိုပါက ဆရာမောဇက်ထံ ဆက်သွယ်နိင်သည်။ မပျင်းရိသောသူ၊ စိတ်နှချ၍ နာခံ တတ် သောသူ၊ ပျောက်ဆုံး ဝိညာဉ်များသနားတတ်သော သူတိုင်း တက်ရောက်နိင်သည်။ လောက အရာများ မျှော်ကူး သူများ အတွက် မသင့်တော်ချေ။ ဒုတိယအကြိမ် ဝိညာဉ်အားဖြင့် မွေးဘွားသော သူများ တက်ရောက်နိင်သည်။ ဘုရားသခင်၏ အမှုတော်ဆောင်ခြင်းသည် လူတိုင်း၏ တာဝန် ဖြစ်သည်။ သို့သော် ဘုရားသခင်သည် အတင်း အဓဝမဖြင့် မခေါ်ပါ။ ပါဝင်လိုသူတိုင်း မငြင်းပယ်ပါ။

^