Periodical: Good News June 2022

Home >   Periodicals > June 2022

GN062022

JUNE 2022
GOOD NEWS PERIODICAL

ချစ်ခြင်းမေတ္တာ

ကားသည် အစမှအလယ် အဆုံးတိုင်အောင် ဓါတ်ဆီအားဖြင့်မောင်းနှင်ဘို့ဖြစ်သည်။ အစ၌ ဓါတ်ဆီအားဖြင့်သွားသော်လည်း၊ အလယ် လောက် ရောက်သောအခါ၊ ဓါတ်ဆီကုန်သွားသော ကြောင့် လူ အားဖြင့်တွန်းဘို့မဟုတ်။ ထိုသို့လူအားဖြင့်တွန်း၍၊ မတွန်းနိုင်သောအခါလက်မြှောက်အရှုံးပေးကာခြေလျှင် ဖြင့်သွားဘို့မဟုတ်။ အစမှအဆုံးတိုင်အောင်ဓါတ်ဆီအားဖြင့်မောင်းနှင်ရမည်။ ဓါတ်ဆီသည်ကုန်နိုင် သော ကြောင့်ကုန်မကုန်ကိုမီတာ(ဒိုင်ခွက်) ကြည့်ရမည်။ ဓါတ်ဆီလျော့နည်းလာလျှင်ကြိုတင်ဖြည့်ဘို့လိုအပ်သည်။

ခရစ်ယာန်အသက်တာ၊ ခရစ်ယာန်အိမ်ထောင်မိသားစု၊ အသင်းတော်သည်ချစ်ခြင်းမေတ္တာအား ဖြင့် စတင်၍၊ အဆုံးတိုင်အောင်မေတ္တာဖြင့်တည်ဆောက်သွားဘို့ဖြစ်သည်။ ထိုအကြောင်းအရာများကို တခုချင်း ဆင်ခြင်ကြပါစို့။

ခရစ်ယာန်အသက်တာ

ခရစ်ယာန်အသက်တာသည်၊ ခရစ်တော်၏အသက်တာဖြစ်သည်။ လူအားဖြင့်အဘယ်သူမျှခရစ်ယာန် မဖြစ်နိုင်ပါ။ ခရစ်ယာန်အသက်တာသည်၊ ခရစ်တော်ရရှိပြီးမှစတင်၍ခရစ်တော်၏အစွမ်းအစအားဖြင့်ဆက် သွားဘို့ဖြစ်သည်။ နာမည်ခံခရစ်ယာန်များသည်၊ ခရစ်တော်မရရှိဘဲမိမိတို့အစွမ်းအစဖြင့်၊ ခရစ်ယာန်အသက် တာတည်ဆောက်ကြသောကြောင့်လုံး၀မအောင်မြင်ကြခြင်းဖြစ်သည်။ ခရစ်ယာန်ဟုဆိုသော်လည်း၊ ခရစ်တော် လိုချင်သောအသက်တာဖြင့်လုံး၀အသက်မရှင်နိုင်ကြချေ။ ထို့ကြောင့်ခရစ်တော်အလိုလိုက်ဘို့ သည်၊ လုံး၀မဖြစ် နိုင်သောအရာ၊ အလွန်ခက်ခဲပင်ပန်းသောအရာဖြစ်သည်။ ထိုသူများသည်ဓါတ်ဆီမရှိသော ကားနှင့်တူသည်။ ဓါတ် ဆီနှင့်တူသောရေကိုထည့်သော်လည်း၊ ကားသည်လုံး၀မရွေ့နိုင်သကဲ့သို့၊ ခရစ်တော် အစားမိမိဉာဏ်စွမ်း အားဖြင့် ခရစ်ယာန်အသက်တာတည်ဆောက်ကြသည်။ ထို့ကြောင့်စစ်မှန်သောခရစ်ယာန် အသက်တာဖြင့်မရှင်နိုင် ကြခြင်း ဖြစ်သည်။ ထို့ကြောင့်ခရစ်တော်က၊  ငါသည်စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင် သူသည်ငါ၌တည်၍ငါသည်လည်းသူ၌တည်၏၊ ထိုသူသည်များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင်သင်တို့သည်အဘယ်အမှုကိုမျှမတတ်နိုင်ကြ။“(ယောဟန် ၁၅း၅) ဟုဆိုရခြင်းဖြစ်သည်။

စစ်မှန်သောခရစ်ယာန်များသည်ခရစ်တော်ရရှိပြီးသောကြောင့်၊  ဓါတ်ဆီထည့်ထားသောကားနှင့်တူ သည်။ ကားသည်ဓါတ်ဆီအပြည့်ထည့်ထားသော်လည်း၊ စက်မနှိုးပါကဓါတ်ဆီအားဖြင့်မသွားနိုင်ပါ။ သို့သော် ကုန်းဆင်း တွင် ဓါတ်ဆီအားမသုံးသော်လည်း၊ အဆင်းဖြစ်သောကြောင့်အရှိန်နှင့်သွားနိုင်သည်။ ဓါတ်ဆီအား ဖြင့်သွားသော ကား ပင်လျှင်ကျော်သွားနိုင်သည်။ ခရစ်တော်ရရှိပြီးသောခရစ်ယာန်များသည်ခရစ်တော်၏ အားကိုမသုံးဘဲ၊ နာမည်ခံခရစ်ယာန်များကဲ့သို့ပင်မိမိတို့၏ဉာဏ်စွမ်းကိုအသုံးပြုသောကြောင့်ကုန်းဆင်း တည်းဟူသောအစစ အရာရာအဆင်ပြေချိန်၌သာ၊ ဘုရားအတွက်ဆက်ကပ်နိုင်၍ကျန်းမာရေးချို့တဲ့ချိန်၊ ဝင်ငွေမရှိအလုပ်ပြုတ်ချိန်၊ အခက်အခဲတွေ့ချိန်တည်းဟူသော၊ ကုန်းအတက်တွင်ဆက်မသွားနိုင်တော့ချေ။ ကားသည်ကုန်းဆင်၌ဖြစ်စေ၊ ကုန်းတက်၌ဖြစ်စေတွန်းဘို့မဟုတ်၊ ဓါတ်ဆီအားနှင့်သွားဘို့ဖြစ်သည်။ ဓါတ်ဆီ အားနှင့်သွားသောအခါစီးသော သူသည်မပင်ပန်းသည်သာမက၊ ခရီးဝေးဝေးရောက်နိုင်သည်။

ခရစ်တော်ရရှိပြီးသောခရစ်ယာန်များ၌ခရစ်တော်၏အုပ်စိုးခြင်းကိုဝန်ခံလျှင်၊ ဓါတ်ဆီအားနှင့်သွား သော ကားကဲ့သို့၊ ဒုက္ခဆင်းရဲတွေ့ချိန်၊ ပြသနာရင်ဆိုင်ချိန်၊ အလုပ်ပြုတ်ငွေပြတ်လပ်ချိန်၊ မိသားစု၌ခေါ်တော် မူခြင်းခံချိန်၊ မည်သည့်အချိန်မျိုးတွင်မဆို၊ ခရစ်ယာန်အသက်တာကိုပြုံးပန်းမပျက်ဆက်သွားနိုင်သည်။ ဘုရား ထံဆက်ကပ်ခြင်း သည်လည်း၊ အခြေအနေကောင်းမှသာမဟုတ်၊ ဆိုးချိန်တွင်လည်းသည်းခံနိုင်၊ စိတ်ရှည်နိုင်၊ နှိမ့်ချနိုင်သည်။ ဆာလံ ဆရာက၊ “ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍၊ တရားတော်ကိုနေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူ သည် မင်္ဂလာရှိ၏၊၊ အကြောင်းမူကား၊ ထိုသူသည်မြစ်နားမှာစိုက်လျက်၊ မိမိအ ချိန်တန်မှအသီးကိုသီး၍၊ အရွက် မညှိုးနွမ်းတတ်သောအပင်နှင့်တူ၏၊၊ ပြုလေသမျှတို့၌အောင်လိမ့်သ တည်၊၊”(ဆာလံ ၁း၂-၃) ဟူသောအရာသည် ထိုသူ ၏အသက်တာ၌တွေ့မြင်နိုင်သည်။

 ကား၌ဓါတ်ဆီကုန်မကုန်ကိုအချက်ပြဒိုင်ခွက်အားဖြင့်သိမြင်နိုင်သည်။ ခရစ်ယာန်အသက်တာ၌ဘုရား အား မသုံးခြင်းကိုမည်ကဲ့သို့သိနိုင်မည်နည်း။ ဘုရားအားမသုံးသောအခါ၊ ကိုယ်ဉာဏ်၊ ကိုယ့်စွမ်းအား၊ သူတ ပါးအားကိုး ခြင်းများသုံးလာတတ်သည်။ ထိုသို့လူကိုကိုးစားသောအခါ၊ စိတ်ဓါတ်ကျခြင်း၊ ကြောက်ခြင်း၊ စိုးရိမ်ခြင်း၊ စကား များ ရန်ဖြစ်ခြင်း၊ ဆုမတောင်းခြင်း၊ ကျမ်းစာမဖတ်ခြင်း၊ သူတပါးကိုလည်းမြင်ပျင်းခြင်း၊ အပြစ်မြင်ခြင်း၊ လူတောမ တိုး ခြင်း၊ အပြစ်လုပ်ခြင်းစသည်ဖြင့်အချက်ပေါင်းများစွာကအချက်ပြလာတတ် သည်။ သို့သော်ထိုအချက်ပြ သော အရာကိုမသိ၊ ဂရုမစိုက်၊ လှစ်လျှိုရှုလျှင်၊ ကားသည်ဓါတ်ဆီကုန်၍ဆက်မ ပြေးနိုင်ဘဲရပ်သွားသကဲ့သို့အသက်တာ၌၊ ဆက်မသွားနိုင်ဘဲရပ်တန့်သွားနိုင်သည်။ အသင်းတော်မှနှုတ်ထွက် ခြင်း၊ အလုပ်ပြောင်း၊ မြို့ရွာပြောင်း၊ ထောင်ကျ၊ အိမ်ထောင်ကွဲ၊ အလုပ်ပြုတ်၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားနိုင်သည်။ ထို့ကြောင့်ဘ၀အသက်တာ၌ဘုရား အား မသုံးဘဲ၊ ဇာတိနှင့်အသက်ရှင်မရှင်ကို၊ ကိုယ့်ကိုကိုယ်အစဉ်သဖြင့်စစ် ဆေးပြီး၊ ဘုရားထံအပြစ်ဝန်ချတောင်းပန်၍၊ နောင်တ ရကာဘုရားကိုသာလျှင်ပြန်လည်အားကိုးသင့်သည်။

ကျမ်းစာက၊  ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြု နှင့်။ သွားလေရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင် တော်မူမည်။ ငါသည် ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကို ရှောင်လော့။ သို့ ပြုလျှင်၊ သင်၏ အကြောတို့သည်အား သန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြ လိမ့်မည်။“ ဟုဆိုထားသည် (သုတ္တံ ၃း၅-၈)

ထာဝရဘုရားမိန့်တော်မူသည်ကား၊ လူကိုကိုးစား၍လူသတ္တဝါကိုအမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသောသူသည်ကျိန်အပ်သောသူဖြစ်၏။ ထိုသူသည် လွင်ပြင်၌ရှိ သော သစ်ပင်ခြောက်ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကိုမသိရ။ အဘယ်သူမျှမနေသော ဆား မြေ၊ သွေ့ခြောက်သောလွင်ပြင်၌နေရလိမ့်မည်။ ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုး စားရာအကြောင်းဖြစ်စေသောသူသည်ကောင်းကြီးမင်္ဂလာကိုခံအပ်သောသူဖြစ်၏။ ထိုသူသည် ကား၊ ရေရှိသောအရပ်၌စိုက်၍မြစ်နားမှာအမြစ်ဖြာသဖြင့်၊ ပူသောအရှိန်ရောက်ကြောင်းကိုမသိ၊ အရွက် မညှိုးနွမ်း၊ မိုဃ်းခေါင်သောကာလ၌စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲအသီးကိုသီးတတ်သောအပင်နှင့်တူ “(ယေရမိ ၁ရး၅-၈)

 “အိုယာကုပ်အမျိုး၊ သင်သွားသောလမ်းကို ထာဝရဘုရား သိတော်မမူဟု အဘယ်ကြောင့်ပြော သနည်း။ အိုဣသရေလအမျိုး၊ သင့်အမှုကိုသင်၏ဘုရားသခင်မှတ်တော်မမူဟု၊ အဘယ်ကြောင့် ဆိုရ သနည်း။ ထာဝရဘုရားသည် အစဉ်အမြဲ တည်တော်မူသော ဘုရားသခင် ဖြစ်ကြောင်းကို၎င်း၊ မြေ ကြီးစွန်းတိုင်အောင်ဖန်ဆင်းတော်မူသောအရှင်ဖြစ်ကြောင်းကို၎င်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူ ခြင်းမရှိ၊ စစ်၍မကုန်နိုင်သောဥာဏ်နှင့်ပြည့်စုံတော်မူကြောင်းကို၎င်း၊ သင်သည် မသိမကြားဘူး  လော။ ထိုဘုရားသည် မောသော သူတို့ အား၊ ခွန်အားကို ပေးတော်မူ၏။ နွမ်းနွယ်သော သူတို့ အား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသော အခွင့်ကို ပေးတော်မူ၏။ လူတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြ လိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ထာဝရဘုရားကိုမျှော်လင့်သော သူတို့ မူကား၊ အား ပြည့်ကြလိမ့်မည်။ လင်းယုန်ကဲ့သို့ မိမိတို့ အတောင်ကို အသစ်ပြုပြင် ကြလိမ့်မည်။ ပြေး သောလည်း မပင်ပန်း၊ ခရီး သွားသောအခါ မမောရကြ(ဟေရှာယ ၄၀း၂ရ-၃၁)

လင်မယား

လင်မယားသည်မေတ္တာအားဖြင့်စတင်ကြသည်။ ရည်းစားဘ၀၌အရူးအမူးချစ်ခင်ကြပြီး၊ တခြားစီမ နေချင်ကြသောကြောင့်အတူတကွနေဘို့ရန်အတွက်၊ သဘောတူဆုံးဖြတ်ပြီးလက်ထပ်ကြသည်။ တယောက် နှင့်တယောက်အားနည်းချက်များကိုလည်း၊ နားလည်ပေးကြကာအပြစ်ဟုမမြင်ဘဲ၊ ခွင့်လွှတ်လိုက်လျောနိုင်ခဲ့ ကြသည်။ အိမ်ထောင်သည်စည်းကမ်းများ၊  ပညတ်ချက်များ၊ ဥပဒေ များဆွဲပြီးတည်ထောင်ကြသည်မဟုတ်။ ချစ်ခြင်းမေတ္တာဖြင့်တည်ထောင်ကြသည်။ သို့သော်ကာလကြာလာသောအခါ၊ တဖြည်းဖြည်းချစ်မေတ္တာများ လျော့နည်းလာ၍၊ စည်းကမ်းများ၊ ပညတ်များထားလာကြသည်။ စကားများလာကြရာမှရန်ဖြစ်လာကြသည်။     နောက်ဆုံး၌အလိုဆန္ဒချင်းမဖြေရှင်းနိုင်သောအခါ၊ ကွာရှင်းခြင်းဖြင့်နိဂုံးချုပ်တတ်ကြသည်။ အစ၌တယောက် နှင့်တယောက်တနေ့မမြင်ဘဲမနေနိုင်၊ စကားမပြောဘဲမနေနိုင်၊   အလွန်ချစ်ခဲ့ကြသော်လည်း၊ နောက်ဆုံး၌မ မြင်ချင်၊ အတူတူမနေချင်၊ သေသွားလျှင်လည်းဝမ်းမနည်း၊  အလွန်မုန်းတီးခြင်းနှင့်လက်တွဲဖြုတ်တတ်ကြ ခြင်းသည်၊ မေတ္တာခေါင်းပါးသောကြောင့်ဖြစ်သည်။

ကား၌ဓါတ်ဆီမကုန်မှီပြန်ထည့်ဘို့လိုသည်။ ထို့နည်းတူလင်မယားကြား၌လည်း၊ ချစ်ခြင်းမေတ္တာ မ ကုန်မှီမေတ္တာပြန်ဖြည့်ဘို့လိုသည်။ ကား၌ဓါတ်ဆီကုန်မကုန်ကိုဓါတ်ဆီပြမီတာ၌တွေ့မြင်နိုင်သည်။ လင် မယားကြား၌မေတ္တာကုန်မကုန်ကိုအသက်တာအားဖြင့်တွေ့မြင်နိုင်သည်။ လင်မယားကြား၌စကားခဏခဏ များလာ၊ ရန်ဖြစ်လာလျှင်မေတ္တာလျော့နည်းလာသည်။ လင်မယားအတူတူမသွားနိုင်၊ တယောက်နှင့်တ ယောက်ရှောင်လာလျှင်မေတ္တာလျော့နည်းလာပြီ။ ခင်ပွန်းသည်ကိုမမြင်ချင်၊ ဘာမျှမလုပ်ပေးချင်၊ ခွင့်မလွှတ် နိုင်၊ အပြစ်သာလျှင်မြင်နေလျှင်မေတ္တာလျော့နည်းလာပြီ။

မေတ္တာလျော့နည်းလာရခြင်းအကြောင်းသည်အချက်မျိုးစုံရှိသည်။ ထိုအထဲမှအဓိကအချက်များဖေါ် ပြလိုပါသည်။ အလုပ်လုပ်ချိန်များလွန်းခြင်းသည်မေတ္တာလျော့နည်းစေသည်။ အလုပ်ပင်ပန်းသောအခါလင် မယားကြား၌တွေ့ဆုံခြင်းနည်းလာသည်။ အလုပ်ကိုသာအာရုံစိုက်လုပ်သောအခါခင်ပွန်းသည်ကိုဂရုမစိုက်နိုင် တော့ချေ။ အလုပ်များလွန်းခြင်းလည်းငွေလိုချင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်ကျမ်းစာက၊ ထာဝရ ဘုရားသည် အိမ်ကို ဆောက်တော်မမူလျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ် ဆောင်ကြ၏။ ထာဝရဘုရားသည် မြို့ကိုစောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည်အချည်းနှီးစောင့်ကြ၏။  စောစော ထလျက်၊ ညဉ့်နက်သည့်တိုင်အောင်မအိပ်ဘဲနေလျက်၊ ပင်ပန်းစွာအစာစားလျက်နေသော်လည်း အကျိုး မရှိ” (ဆာလံ ၁၂ရး၁-၂) ဤနေရာ၌ စောစောထလျက်ညဥ့်နက်သည့်တိုင်အောင်မအိပ်ဘဲနေလျက်၊ ပင်ပန်း စွာအစာစား လျက်နေသော်လည်းဟူသောအရာကိုအထူးဂရုစိုက်ရှင်းပြလိုသည်။ အဘယ်ကြောင့်စောစောထရသနည်း၊ အလုပ် လုပ်ဘို့ရန်ဖြစ်သည်။ အလုပ်လုပ်ခြင်းဖြင့်ငွေရရှိ၍၊ ငွေအားဖြင့်အိမ်ထောင်ဆောက်ဘို့ဖြစ်သည်။ သို့သော်ငွေရှာ ရင်းဖြင့်မေတ္တာခေါင်းပါးလာနိုင်သည်။ ငွေကျေးချမ်းသာလာသောအခါ၊ သုံးချင်ပုံခြင်းမတူညီသောကြောင့်အငြင်း အပွားဖြစ်ရာမှစကားများကာရန်ဖြစ်လာနိုင်သည်။ ထို့အပြင်လုပ်ငန်းခွင်၌အထိအတွေ့များသောသူများနှင့်သံ ယောဇဉ်တွယ်လာရာမှခင်ပွန်းသည်ကိုအချစ်လျော့နည်းလာနိုင်သည်။ ထိုအခါအိမ်မှာမပျော်တော့ဘဲအကြောင်းအ မျိုးမျိုးပြပြီးအိမ်ပြန်နောက်ကျဘို့ကြံစည်လာတတ်သည်။

မေတ္တာလျော့နည်းစေသောအခြားအရာများမှာဝါသနာကိုသာလိုက်စားခြင်း၊ ခင်ပွန်းသည်၏ကျန်းမာ ရေးချို့ တဲ့ခြင်း၊ ခလေးများကြောင့်အနှောင့်အရှက်များခြင်း၊ ခင်ပွန်းသည်ထက်မိဘမောင်နှမများကိုဦးစားပေးခြင်း၊ ခင်ပွန်း သည်၏အလုပ်ကိုမကူညီဘဲအပြစ်သာတင်နေခြင်း၊ စသည်ဖြင့်အချက်ပေါင်းများစွာရှိသည်။ အချို့ယောက်ျားများ သည်၊ ထမင်းချက်ခြင်း၊ ခလေးကြည့်ရှုခြင်း၊ အိမ်မှုကိစ္စအလုပ်များကိုလုံး၀မကူညီဘဲ၊ မိန်းမကိုသာအားကိုးလုပ် ကိုင်စေတတ်သည်။ အိမ်မှုကိစ္စလုပ်ဆောင်ခြင်းများသည်ပိုက် ဆံမရသော်လည်း၊ အချိန်ကုန်လူပင်ပန်းစေသောအ ရာများဖြစ်သည်။ ထိုအရာကိုယောက်ျားများကမသိတတ်ကြချေ။ သင်သည်ထိုသို့သောယောက်ျားဖြစ်ပါက၊ ကိုယ့် ကိုကိုယ်စစ်ဆေး၍တာဝန်ကျေပြွန်ပါ။ ယောက်ျားသည်ရှင်ဘုရင်မဟုတ်ပါ။ မိန်းမကိုကျွန်ကဲ့သို့စေခိုင်းဘို့မဟုတ် ပါ။

အချို့မိန်းမများသည်၊ မိခင်အလုပ်၊ မိန်းမအလုပ်တာဝန်ကိုမကျေပြွန်၊ မိတ်ဆွေများနှင့်သာအချိန်ကုန်၊ ဖုန်း၊ အင်တာနက်နှင့်သာအချိန်ကုန်နေတတ်ကြသည်။ ထိုအခါယောက်ျား၏ငြိုဆူခြင်း၊ အပြစ်တင်ခြင်းများရှိလာတတ် သည်။ ခလေးများကြည့်ရှုသွန်သင်ခြင်းလည်းမရှိ၊ အပျိုကဲ့သို့အလှပြင်ဘို့သာလုပ်လျှင်ခင်ပွန်းသည်နှင့်ပြသနာရှိ လာမှာဖြစ်သည်။ သင်သည်ထိုသို့သောသူဖြစ်ပါက၊ အမြန်ဆုံးကိုယ့်အကျင့်ကိုပြုပြင်ပါ။

အထက်ပါကဲ့သို့မေတ္တာလျော့နည်းလာလျှင်၊ မေတ္တာဓါတ်ဆီအပြည့်ပြန်ထည့်ဘို့လိုသည်။ ကား၌ဓါတ် ဆီလျော့နည်းလာလျှင်၊ ဓါတ်ဆီမှလွဲ၍အခြားအရေများကိုအစားထိုးထည့်၍မရပါ။ ထို့နည်းတူ၊ လင်မယားအ ကြား၌မေတ္တာလျော့နည်းလာလျှင်အခြားအရာတည်းဟူသော၊ ငွေကျေး၊ ဝါသနာလိုက်ခြင်း၊ စည်းကမ်း၊ ဥပဒေ ဖြင့်ခြိန်းခြောက်ခြင်း၊ ရိုက်ပုတ်ခြင်း၊ များဖြင့်အစားထိုးထည့်၍မရပါ၊ မေတ္တာသာလျှင်ပြန်ထည့်ဘို့လို သည်။

မည်ကဲ့သို့မေတ္တာဓါတ်ဆီထည့်ရမည်နည်း။ ပဌမဦးဆုံးချစ်ကြခဲ့စဉ်ကခံစားချက်များ၊ လုပ်ဆောင်မှုများ ပြန်လည်စဉ်းစားပါ။ ခင်ပွန်းသည်၏အလိုဆန္ဒများကိုလိုက်လျောပါ။ အမှန်မှာမေတ္တာသည်သွေးသားတောင့် တမှုဖြည့်ဆည်းခြင်းတခုတည်းမဟုတ်ပါ။ မေတ္တာသည်ဂရုစိုက်ခြင်း၊ သနားခြင်း၊ အဝေးရောက်လျှင်သတိရ ခြင်း၊ ကူညီမစခြင်းများဖြစ်သည်။ ရှင်ပေါလုက၊ မေတ္တာသည်စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည်ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။  မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အ ကျိုးကိုမရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟုမထင်တတ်၊ မတရားသောအမှု၌ ဝမ်း မြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။ ခပ်သိမ်းသောအရာကိုဖုံးအုပ်တတ်၏။ ခပ်သိမ်း သောအရာကိုယုံတတ်၏။ ခပ်သိမ်းသောအရာကိုမြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကိုသည်းခံ တတ် ၏။ မေတ္တာသည်ဖောက်ပြန်ခြင်းသဘောနှင့်အစဉ်ကင်းလွတ်၏။ ဟုဆိုသည် (၁ ကော ၁၃း၄-၈)။

မေတ္တာခေါင်းပါးခြင်းသည်၊ ခန္ဓာကိုယ်ဖျားနာခြင်းနှင့်တူသည်။ ခန္ဓာကိုယ်ဖျားသောအခါစားနေကျအစာ များကိုမစားနိုင်ချေ။ အန်ချင်တတ်သည်၊ မျို၍မရချေ။ သို့သော်ဆေးသောက်ရင်းဖြင့်ပျော့သောအစာများကို တဖြည်းဖြည်းချင်းစားသောက်ဘို့လိုသည်။ သို့မဟုတ်ဘဲဖျားသည်ဟုဘာမျှမစားလျှင်အားပျက်ပြီးသေသွား နိုင်သည်။ ကျန်းမာလာဘို့ရန်အချိန်လည်းစောင့်ဘို့လိုသည်။ ကျန်းမာလာသောအခါနဂိုလ်အတိုင်းစားသောက် နိုင်သည်၊ သွားလာလှုပ်ရှားလုပ်ကိုင်နိုင်သည်။

လင်မယားကြားထဲမေတ္တာကျန်းမာဘို့ရန်အမြဲဂရုစိုက်ဘို့လိုသည်။ လင်မယားသည်အစမှအလယ်အဆုံးတိုင်အောင်မေတ္တာအားဖြင့်တည်ဆောက်ဘို့ဖြစ်သည်။ ရှင်ပေါလုက၊ "အချင်းယောက်ျားတို့၊ ခရစ်တော်သည်အသင်းတော်ကိုချစ်တော်မူသကဲ့သို့၊ သင်တို့လည်းကိုယ်ခင်ပွန်းကိုချစ်ကြလော့။" (ဧဖက် ၅း၂၅) ဟုရေးထားသည်။ ယောက်ျားကသာလျှင်မဟုတ်၊ မိန်းမကလည်းကိုယ့်ခင်ပွန်းကိုချစ်ဘို့ ဖြစ်သည်။ လင်မယားသည်ချစ်သောကြောင့်ယူကြသည်မဟုတ်လော၊ အဘယ်ကြောင့်ပေါလုကချစ်ဘို့ရေးသနည်းဟူမူကား၊ ချစ်ခြင်းမေတ္တာသည်လျော့နည်းလာနိုင်သော ကြောင့်ဖြစ်သည်။ ကားထဲ၌ဓါတ်ဆီလျော့နည်းလာသောအခါ၊ ကုန်ခါနီးလျှင်အခြားအရာများမစဉ်းစားနိုင်တော့ချေ။ ဓါတ်ဆီထည့်ဘို့သာလျှင်စဉ်းစား၍၊ အပြည့်ထည့်ထားလျှင် စိတ်ပျော်ရွှင်ငြိမ်သက်သွားတတ်သည်။ ထို့နည်းတူခင်ပွန်းသည်နှင့်ချစ်ခြင်းအပြည့်ရှိသော အခါ၊ ဝမ်းမြောက်ခြင်း၊ လုံခြုံခြင်း၊ ငြိမ်သက်ခြင်း၊ မျှော်လင့်ခြင်း၊ လန်းဆန်းခြင်းများရှိလာနိုင်သည်။ သင်သည်ခင်ပွန်းသည်နှင့်ချစ်ခြင်းမေတ္တာလျော့နည်းလာလျှင်လှစ်လျိူမရှုပါနှင့်။ အမြန်ဆုံးမေတ္တာပြန်ဖြည့်ပါ။ အလွန်ဝမ်းမြောက်လာပါလိမ့်မည်။

မိဘနှင့်သားသမီး

မိဘများကသားသမီးများမွေးဘွားသောအခါ၊ သားသမီးများကိုစည်းကမ်းစည်းမျဉ်းအရင်ချမှတ်တတ်ကြသည်မဟုတ်။ မွေးလာသောသားသမီးများကိုအရူးအမူးချစ်ပြီး၊ မည်မျှပင်အိပ်ရေးပျက်၊ ပင်ပန်းသော်လည်း သားသမီးများကိုကျွေးမွေးပြုစုကာ၊ မိသားစုတည် ထောင်ကြသည်။ သို့သော်သားသမီးများကြီးပြင်းလာပြီး၊ စကားနားမထောင်၊ ပြသနာလုပ်လာသောအခါ၊ မွေးစတုန်းကချစ်မေတ္တာများပျောက်၍ အပြစ်တင်လာ၊ အိမ်မှထွက်သွား လျှင် လည်းပိုကောင်းသည်ဟုကျိန်ဆဲလာတတ်ကြသည်။ အမှန်မှာသားအမိသားအဖများသည်မေတ္တာနှင့်ဘ၀စခဲ့ကြသော်လည်း၊ နောက်ပိုင်း၌ရန်ဖြစ်ခြင်း၊ တရားစွဲဆိုခြင်းများဖြင့်ဝေးရာသို့ခွဲခွါသွားတတ်ကြသည်။

အဘယ်ကြောင့်မိဘများကသားသမီးများကိုမချစ်နိုင်ဖြစ်ကြသနည်း။ အကြောင်းအမျိုးမျိုးရှိသည်။ သားသမီးများငယ်ရွယ်စဉ်တွင်မိဘကချစ်လွန်၍သော်၎င်း၊ ဘာမျှအကြံမရှိသောကြောင့်သော်၎င်း၊ အလိုလိုက်၍မသွန်သင်ခဲ့၊ မဆုံးမခဲ့သောကြောင့်သားသမီးများသည်ပျင်းရိ၍၊ ပျက်စီးရသည်။ သားသမီးများကိုချစ်တတ်ဘို့လိုသည်။ မိဘတာဝန်သည် သားသမီးများကိုချစ်ရမည်၊ ကျွေးမွေးရမည်၊ ပြုစုရမည်၊ ဘေးအန္တရာယ်မှကာကွယ်ရမည်၊ သွန်သင်ရမည်၊ ဆုံးမရမည်။ သို့သော်များစွာသောမိဘများသည်၊ သားသမီးများအပေါ်ချစ်ခြင်း၊ ကျွေးမွေးခြင်း၊ ပြုစုခြင်းသာလျှင်ပြုလုပ်၍၊ သွန်သင်ခြင်းမရှိ၊ အပြစ်လုပ်လျှင်လည်းဆုံးမခြင်းမရှိကြချေ။ သားသမီးများကိုငယ်ရွယ်စဉ်မှစ၍သူတို့လုပ်နိုင် သောအလုပ်များကိုသွန်သင်၍လုပ်ခိုင်းရမည်။ စကားနားမထောင်၊ အပြစ်လုပ်လျှင်လည်းဆုံးမရမည်။ ထိုသို့သွန်သင်ခြင်းနှင့်ဆုံးမခြင်းမပြုလုပ်သောအခါ၊ သားသမီးများသည်အသုံးမရ၊ ပြသနာလုပ်သောသူများဖြစ်လာသည်။ ထိုအချိန်မှပြန်လည်ပြောဆိုဆုံးမသော်လည်း၊ ဘာမျှအကျိုးမရှိတော့ပါ။ သားသမီးများအနေဖြင့်၊ မိဘကသူတို့ကိုမချစ်ဘူး၊ တချိန်လုံးဆူ သည်ဟုမြင်လာသည်။ အလုပ်မလုပ်ဘူးလျှင်ပျင်းရိလာပြီးအမြင်ကပ်စရာကောင်းလာသည်။ ထိုသို့ဖြင့်မိဘနှင့်သားသမီးများသည်၊ မေတ္တာခေါင်းပါးလာရသည်။ မိဘများအနေ ဖြင့်သားသမီးများကိုမသွန်သင်မဆုံးမခြင်းသည်၊ အလုပ်သာလျှင်နင်းကန်လုပ်၍သားသမီးများနှင့်အတူနေချိန်အလွန်နည်းသည်။ ချစ်ခြင်းမေတ္တာသည်သွေးသားတော်စပ်မှုထက်၊ အတူတကွနေထိုင်ပေါင်းသင်းခြင်းအားဖြင့်ဖြစ်သည်။ မိဘများသားသမီးများနှင့်များများ ပေါင်းသင်းနေထိုင်ကြပါ။ အလုပ်နှင့်ဝါသနာနောက်သာမလိုက်ပါနှင့်။

မိဘနှင့်သားသမီးအကြားချစ်ခြင်းလျော့နည်းခြင်းသည်၊ အချက်ပေါင်းများစွာရှိ၍တခါတည်းအကုန်ဖေါ်ပြ၍မရပါ။ မိဘနှင့်သားသမီးများအကြားမေတ္တာခေါင်းပါးလာလျှင်၊ အဘယ်ကြောင့်ဖြစ်သည်ကိုအဖြေရှာဘို့လိုသည်။ မိဘနှင့်သားသမီးအကြားတွင်ရှိသောမေတ္တာကိုအခြားသောအရာများအားဖြင့်ဖြည့်၍မရပါ။ မေတ္တာပြန်ရှိဘို့ရန်လိုအပ်သည်။ အထက်၌ဖေါ်ပြသောအရာများလိုအပ်လျှင်ပြန်လည်ပြုပြင်ဘို့လိုအပ်သည်။ သားသမီးများကိုအလွန် ချစ်ပြီးမွေးဘွားခဲ့သော်လည်း၊ မပြုစုမသွန်သင်တတ်သောအခါမုန်းတီးခြင်း၊ ရန်ဖြစ်ခြင်းဖြင့်ခွဲခွါတတ်ကြသည်။

ယခုသင်နှင့်သားသမီးများသည်၊ ပြသနာရှိနေလျှင်ပြန်လည်ပြီးမေတ္တာဖြင့်ပြသနာများကိုဖြေရှင်းပါ။ ဆုတောင်းခြင်းဖြင့်ဘုရားသခင်၏ကူညီမစမှုကိုခံယူပါ။ ပြသနာအများစုသည်ချက်ချင်းဖြေရှင်း၍မရပါ။ အချိန်ယူရပါသည်။ မေတ္တာဖြင့်စခဲ့သောအရာကိုမေတ္တာဖြင့်အဆုံးသတ်ကြရအောင်။

အသင်းတော်

စစ်မှန်သောအသင်းတော်သည်၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာအားဖြင့်စတင်‌သောအရာဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်ဤသို့ဆိုခဲ့သည်၊  “ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်ဆီးခြင်းသို့မရောက်၊  ထာဝရအသက်ကိုရစေခြင်းငှါ၊ ဘုရားခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည်၊ တိုင်အောင်လော ကီသားတို့ကိုချစ်တော်မူ၏“ (ယော ၃း၁၆)။ သားတော်ကလည်းလူသားများကိုမိမိအသက်စွန့် သည်တိုင်အောင်ချစ်ကြောင်းယောဟန်ကဤသို့ရေးထားသည်၊ “ခရစ်တော်သည်ငါတို့အဘို့အလိုငှါ၊ အသက်တော်ကိုစွန့်တော်မူသည်အရာကိုငါတို့သည်ထောက်၍၊ မေတ္တာတော်ကိုသိရကြပြီ“ (၁ ယော ၃း၁၆)

အသင်းတော်သည်ခရစ်တော်ကအသွေးတော်နှင့်ဝယ်ယူကြောင်းပေါလုကဤသို့ပြော သည်၊ “ဘုရားသခင်သည် မိမိအသွေးနှင့်ဝယ်တော်မူသောအသင်းတော်ကိုလုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည်သင်တို့ကိုအအုပ်အချုပ်ခန့်ထားတော်မူသော၊ သိုးစုတစုလုံးကိုလည်းသတိနှင့်ကြည့်ရှုကြလော့“ (တမန် ၂၀း၂၈)

အသင်းတော်အတုများသည်၊ သာရေးနာရေးအတွက်ရည်ရွယ်၍သော်၎င်း၊ အစဉ်အလာရှိသောကြောင့်သော်၎င်း၊ လူမျိုးနှင့်စကားထိန်းသိမ်းရေးအတွက်သော်၎င်း၊ အကြောင်းအမျိုးမျိုးကြောင့်တည်ထောင်ကြသည်။ ထို့ကြောင့်ထိုအသင်းတော်အတုများသည်၊ ဘုရား၏ရည်ရွယ်ချက်လည်းအလေးမထား၊ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးလည်းမသုံး၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လူ၏ပညာအတွေးအခေါ်များ၊ လူအင်အားများနှင့်ငွေကြေးအားဖြင့်တည်ဆောက်ကြသည်။ ထိုအသင်းတော်အတုများ၌ချစ်ခြင်းမေတ္တာသည်အဓိကမဟုတ်ချေ။

စစ်မှန်သောအသင်းတော်သည်၊ မေတ္တာနှင့်တည်ဆောက်ရမှာဖြစ်သည်။ ဝိညာဉ်လူများက၊ ပျောက်ဆုံးသောဝိညာဉ်များကိုချစ်ခြင်း၊ သနားခြင်းအားဖြင့်အမျိုးစုံသောခက်ခဲပြသနာများကြားထဲမှ၊ ကယ်တင်ခြင်းအကြောင်းကိုပြောပြ၍၊ အသင်းတော်အဖြစ်တည်ဆောက် သည်။ ထို့ကြောင့်အသင်းတော်တည်ထောင်ခါစ၌၊ ဝိညာဉ်မိဘများကဝိညာဉ်သားသမီးများအတွက်၊ အစစအရာရာသည်းခံနိုင်သည်၊ ပေးဆပ်နိုင်သည်။ ဇာတိသားသမီးများမွေးဘွားသောအခါ၊ မိဘများကဝမ်းမြောက်စွာဖြင့်ပြုစုယုယကျွေးမွေးသကဲ့သို့မေတ္တာဖြင့် နွေးထွေးစွာကြည့်ရှုနိုင်သည်။ စစ်မှန်သောဝိညာဉ်မိဘများကဝိညာဉ်သားသမီးများကိုချစ်ကြောင်းပေါလု၏စာထဲ၌ဤသို့တွေ့ ရသည်၊ ထိုမှတပါး၊ ခရစ်တော်၏တမန်တော်ဖြစ် ၍၊ လေးသောဝန်ကိုတင်ပိုင်သော်လည်း၊ လူပေးသောဘုန်းအသရေကိုသင်တို့တွင်မရှာ၊ အခြားသူတို့တွင်လည်းမရှာဘဲ၊ သင်တို့တွင်ဖြည်းညှင်းစွာပြုကြ၏။ သင်တို့ကိုချစ်သောကြောင့်နို့ထိန်းသည်မိမိသူငယ်ကိုကျွေးမွေးပြုစုသကဲ့သို့၊ ငါတို့သည်သင်တို့ကိုနှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ဧဝံဂေလိတရားကိုမျှမက၊ ကိုယ်အသက်ကိုပင်ပေးချင်သောစေတနာစိတ်ရှိကြ၏။(၁ သက် ၂း၆-၈)

တဖန်၊ ယခုမူကား၊ တိမောသေသည်သင်တို့ထံကပြန်လာ၍၊ သင်တို့၏ယုံကြည်ခြင်းနှင့်ချစ်ခြင်းတည်သည်ဟူ၍၎င်း၊ ငါတို့သည်သင်တို့ကိုလွမ်းသကဲ့သို့သင်တို့သည်ငါတို့ကိုလွမ်း၍၊ အစဉ်မပြတ်ကောင်းမွန်စွာ အောက်မေ့ကြသည်ဟူ၍၎င်း၊ ဝမ်းမြောက်စရာသိတင်းကိုကြားပြောသည်ရှိသော်၊ ညီအစ်ကိုတို့၊ ငါတို့သည်အရာရာ၌ဆင်းရဲ၍ခက်ခဲစွာခံရသည်တွင်၊ သင်တို့၏ယုံကြည်ခြင်းအားဖြင့်သက်သာခြင်းသို့ရောက်ကြ၏ (၁ သက် ၃း၆-ရ) ပေါလုနှင့်သက်သာလောနိတ်အသင်းသားများသည်အပြန်အလှန်အလွန်ချစ်ကြကြောင်းတွေ့ရသည်။ စစ်မှန်သောအသင်းတော်များသည်ထိုသို့ဖြစ်ရမည်ဖြစ်သည်။ သို့သော်ယနေ့အသင်းတော်အများစုသည်ထိုသို့သင်းအုပ်ဆရာနှင့်အသင်းသူအသင်းသားများချစ်ခင်ကြသည်မဟုတ်။ အပြစ်ရှာနေတတ်ကြသည်။

အသင်းသားအချင်းချင်းလည်းချစ်ချစ်ခင်ခင်နှင့်ပေါင်းသင်းဆက်ဆံဘို့ဖြစ်သည်။  ကောရိန္သုအသင်းတော် သည်ချစ်ခြင်းမေတ္တာမရှိကြောင်းဤသို့တွေ့ရသည်၊ ယခုပင်လည်း၊ ဇာတိပကတိလူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်းရှိသည်ဖြစ်၍၊ သင်တို့သည်ဇာတိပကတိလူဖြစ်ကြသည်မဟုတ်လော။ လောကီထုံးစံအ တိုင်းကျင့်ဆောင်ကြသည်မဟုတ်လော။ (၁ ကော ၃း၃) သင်၏အသင်းတော်သည်ကောရိန္သုအသင်း တော်ကဲ့သို့ဖြစ်နေပါသလား။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ ကွဲပြားခြင်းရှိနေပါသလား။ ထိုသို့ဖြစ်လျှင်ဥပဒေ၊ စည်းမျဉ်းများနှင့်မဖြေရှင်းဘဲမေတ္တာဖြင့်ဖြေရှင်းဘို့ဖြစ်ပါသည်။ မေတ္တာမရှိသောအသင်းတော်သည်၊ မတိုးတက်နိုင်ချေ။ ထိုမျှသာမကအသင်းတော်မကျန်းမာသောကြောင့်အကျိုးမရှိချေ။ အသင်းတော်၌မေတ္တာဖြင့်ပြန်လည်လည်ပတ်ဘို့ ရန်သင်မှအစပြုပါ။ ဆုတောင်းပါ။ အခြားသူများကိုဂရုစိုက်ပါ။ နှိမ့်ချပါ။ ဘုရား၏တန်ခိုးကိုအားကိုးပါ။